yangonchronicle2011 Op-Ed |
၁၇.၃.၂၀၁၂
ဆောင်းပါးကဏ္ဍ
- နှလုံးသားနှင့်ခံစားသည့် အမူအကျင့်များမှ ဦးနှောက်ဖြင့်ချင့်ချိန်သည့် အမူအကျင့်များသို့
****************************************
ဆောင်းပါးကဏ္ဍ
နှလုံးသားနှင့်ခံစားသည့် အမူအကျင့်များမှ ဦးနှောက်ဖြင့်ချင့်ချိန်သည့် အမူအကျင့်များသို့
ယခုလ (၁၄)ရက်နေ့က ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြို့တွင် အခြေစိုက်သည့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းခုံရုံးတွင် (ITLOS) မြန်မာ နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ ရေပြင်ပိုင်နက် အငြင်းပွားမှုကို အပြီးသတ်အမိန့်ချမှတ်ခဲ့သည်။ ဆုံးဖြတ်ချက်ချမှတ်အပြီး မကြာမီပင် အင်တာနက် စာမျာက်နှာများပေါ်၌ “ရေပြင်ပိုင်နက် အငြင်းပွားမှု ဘင်္ဂလားဒေ့ရှ် အနိုင်ရ”ဟူသော သတင်းများတက်လာခဲ့ပြီး နိုင်ငံတကာ တရားရုံးက မူလသတ်မှတ် ထားသည့် မိုင် ၁၀၇၀၀ထက် ပို၍ မိုင် ၁၁၀၀၀ ရရှိခဲ့သည်ဟူသည့် မှတ်ချက်ပေးထားမှုများလည်း ပါဝင်သည်။
မည်သို့ပင်ဆိုစေကာမူ အဆိုပါ သတင်းများမှာ မြန်မာနိုင်ငံသားအားလုံးအတွက် ခံပြင်းဒေါသထွက်စရာ ဖြစ်ခဲ့ပါသည်။ ချက်ချင်းဆိုသလို အဆိုပါ သတင်းများ၏ အောက်တွင် နာကြည်းမှု၊ ခံပြင်းမှု၊ ဒေါသထွက်မှုများဖြင့် ရေးသားထားသည့် မှတ်ချက်များလည်း တက်လာခဲ့သည်။ ထိုမှတ်ချက်များတွင် လက်ရှိအစိုးရကို ပြစ်တင်ဝေဖန်မှုများ၊ မြန်မာ့တပ်မတော်ကို သရော်ထားမှုများ၊ ဘင်္ဂလားလူမျိုးများကို ဆဲဆိုထားမှုများသာမက ဝါးလုံးရှည်နှင့် သိမ်းကျုံး ရမ်း၍ ပြည်တွင်းမှ အင်ဒီးယားနွယ်ဖွားများကိုပါ ရော၍ဆဲဆိုထားသော မှတ်ချက်များလည်း ပါဝင်ပေသည်။ အမျိုးသားရေး စိတ်ဓာတ်ဆိုသည်မှာ ဆတ်ဆတ်ထိမခံသည့် ကိစ္စဖြစ်သလို မိမိတို့၏မြေယာကို ချစ်မြတ်နိုးလွန်း၍ အရှေ့တိုင်း၏အိုင်းရစ်များဟု ကင်ပွန်းတပ်ခံရသော မြန်မာတို့အနေဖြင့် ထိုမျှသော ပေါက်ကွဲမှုများသည် ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စသာဖြစ်သည်ဟု ဆိုရမည်ဖြစ်ပါသည်။ သို့ရာတွင် အခြားရှုထောင့်မှ ကြည့်ပါက မြန်မာတို့မှာ စိတ်ခံစားမှု(Emotion) လွန်ကဲသောအခံရှိပေရာ အချို့အချို့သော ကိစ္စရပ်များတွင် ကျိုးကြောင်းဆီလျော်စွာ စဉ်းစားနိုင်မှုလည်း ပျောက်ကွယ်သွားတတ် သည့် သဘောလည်းရှိ ပေသည်။ ချစ်ခြင်းမုန်းခြင်း ပြင်းထန်သည့်အတွက် အရာရာကို နှလုံးသားနှင့် ခံစားတတ်သော အကျင့်စရိုက်တို့က အမှားအမှန်၊ လက်တွေ့ဖြစ်ရပ်ဆိုသည်ထက် မိမိတို့ဟာဒယနှင့် ထိသည့်ဘက်ကိုသာ လိုက်ပါဆုံးဖြတ်စေသည်။ မိမိတို့ မြန်မာလူမျိုးများ၏ အကျင့်တစ်ခုကို ဖော်ပြ ရလျှင် မိမိလိုလားသူ တစ်ဦးတစ်ယောက်က ဤကိစ္စသည် ကောင်းသည်ဟုဆိုလျှင် အပြောခံရသူကပါလိုက်၍ ကောင်းကြောင်းထောက်ခံသည်။ အခြားသူ တစ်ဦးတစ်ယောက်ကလည်း ဤကိစ္စ မကောင်းဟုဆိုလျှင် အပြောခံရသူကလည်း လိုက်၍မကောင်းဟု ထောက်ခံပြန်သည်။ ဤသည်မှာ အကောင်း အဆိုးကို ဝေဖန်ပိုင်းခြားရန်ထက် အယုံလွယ်တတ်သော၊ လက်တွေ့ကျကျ သုံးသပ်ရန် ဝန်လေးသော မိမိတို့၏ စရိုက်ပင်ဖြစ်တော့သည်။
ယခု ပင်လယ်ရေပြင်ပိုင်နက် အငြင်းပွားမှုတွင်လည်း ထိုနည်းနှင်နှင်သာ ဖြစ်ပါသည်။ အင်တာနက်ပေါ်တက်လာသည့် သတင်းကို လိုက်၍ စိတ် ခံစားမှုနှင့် ဆုံးဖြတ်လိုက်ကြခြင်းပင်ဖြစ်သည်။ မည်သည့်ကိုးကားချက်၊ ရည်ညွှန်းချက်မျှမပါသော သတင်းတစ်ပုဒ်အပေါ်တွင် အမျိုးသားရေး ခံစားမှုနှင့် ပေါက်ကွဲလိုက်ခြင်းပင် ဖြစ်သည်။ လူ့ဓမ္မတာအရ မိမိတို့၏ပစ္စည်းကို အပ်တိုတစ်ချောင်းမျှပင် အဆုံးအရှုံးမခံနိုင်သည့် သဘောရှိရာ ယခုကဲ့သို့ ရေပိုင်နက်နှင့် ကျွန်းများ ဆုံးရှုံးရပြီဆိုသောသတင်းက ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို ဖုံးကွယ်သွားစေလိုက်ခြင်းပင်ဖြစ်သည်။
စာရေးသူအနေဖြင့် နိုင်ငံတကာ ဥပဒေများကို နားလည်ခြင်းမရှိ၍ အသေးစိတ် ဖော်ပြနိုင်ခြင်းမရှိသည်ကိုမူ စာရှုသူ ပရိတ်သတ်အား တောင်းပန် လိုပါသည်။ သို့ရာတွင် ထိုရေပြင်ပိုင်နက် ပြဿနာကို ဥပဒေရေးရာအရ ထောက်ပြရှင်း လင်းထားပြီး မည်သည့်ဘက်ကမှ အနိုင်ရရှိခြင်းမရှိဟု ရေးသား ထားသည့် ဆောင်းပါးများလည်း ထွက်ပေါ်လာပြီဖြစ်ပါသည်။ စာရေးသူ နားလည်သမျှ အကျဉ်းရုံးတင်ပြရလျှင် မြန်မာတို့ တောင်းဆိုသော နယ်နိမိတ်နှင့် ဘင်္ဂလားဒေ့ရှ် တောင်းဆိုသော နယ်နိမိတ်အတွင်း မျဉ်းနှစ်ခုကြားတွင် ITLOS က မျဉ်းအသစ်ရေးဆွဲပေးလိုက်ခြင်းသာဖြစ်ပါသည်။ ထိုမျဉ်းနှစ်ကြောင်း ကြားတွင် နယ်နမိတ်သတ်မှတ်ပေးလိုက်မှုမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ပိုမို၍ကျယ်ဝန်းနေသဖြင့်သာ ဘင်္ဂလားဒေ့ရှ်က ပိုရသည်ဟု၍ ဖြစ်ပါသည်။
bdnews.24.com မှာ ဘင်္ဂလားဒေ့ရှ်၏ အွန်လိုင်းသတင်းစာ ဝဘ်ဆိုဒ်ဖြစ်ပြီး ထိုအထဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ပြောကြားခဲ့သည် များမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် လိုအပ်ချက်အတိုင်း ရရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် နှစ်နိုင်ငံလုံးက မဟာဗျူဟာကျသည့် ကိစ္စတစ်ရပ်ကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း တို့ပါဝင်သည်။ မြန်မာနိုင်ငံဘက်မှလည်း အိမ်နီးချင်းမိတ်ဝတ်မပျက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟူသည့် ကြေညာချက်များလည်း ထုတ်ပြန်ခဲ့ပါသည်။ နောက်တစ်နေ့ထုတ် မြန်မာ့အလင်းသတင်းစာများတွင် ITLOS၏ ဆုံးဖြတ်ချက်မှာ နှစ်ဦးနှစ်ဖက်အတွက် မျှတကြောင်းနှင့် မိမိတို့ မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်နေသည့် ကမ်းလွန်လုပ်ကွက်များကို ထိခိုက်ခြင်း မရှိဟူ၍ ဖော်ပြသွားသည်ကို တွေ့ရသည်။ မြန်မာအစိုးရအနေဖြင့် အာဏာတည်မြဲရေးမှာ အဓိကဖြစ်ပြီး ပိုင်နက်ဆုံးရှုံးခြင်းမှာ အဓိက မဟုတ်ဟုဆိုလျှင် တရားသည့်မှတ်ချက်မျိုးမဟုတ်ဟု ဆိုရမည် ဖြစ်ပါသည်။ အစိုးရကောင်းဖြစ်စေ၊ ဆိုးသွမ်းသော အစိုးရဖြစ်စေ မိမိပိုင်နက်အတွက် အစွမ်းကုန်ကာကွယ်လေ့ရှိပါသည်။ ဤနေရာတွင် အကြောင်းသင့်၍ ရေးသားရလျှင် တရုတ်ပြည်နှင့် မြန်မာနိုင်ငံ နယ်နိမိတ်သတ်မှတ်ချက် စာချုပ်ရေးဆွဲစဉ်က မြန်မာပိုင်ရွာသုံးရွာကို တရုတ်ထံ ပေးအပ်လိုက်ရပြီး တရုတ် နိုင်ငံမှလည်း မြေအစားပြန်ပေးခဲ့ရာ မြန်မာဘက်က မြေအကျယ်အဝန်း ပို၍ရခဲ့ပါသည်။ နိုင်ငံတကာ ဆက်ဆံရေးပညာရပ်တွင် နယ်မြေလဲလှယ်ခြင်း များကို တွေ့ရမည်ဖြစ်ပြီး နယ်နိမိတ်အကျယ်အဝန်း ပိုမိုရရှိမှု မရရှိမှုထက် ဗျူဟာကျမှုနှင့် အကျိုးအမြတ်ဖြစ်ထွန်းမှုတို့အပါ် မူတည်၍ နယ်မြေ လဲလှယ် ကြခြင်းပင် ဖြစ်သည်။ ယခုကိစ္စရပ်တွင်လည်း ထိုနည်းနှင်နှင်ပင် ဖြစ်ပါသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်ဖက်လုံးက တင်ပြသော နယ်နိမိတ် တောင်း ဆိုမှုကို ITLOS မှ တရားသူကြီး ၂၁ ဦးအနက် ၂၀ ဦးက နှစ်နိုင်ငံလုံး၏ တောင်းဆိုမှုကို ပယ်ချ၍ ဖြစ်သင့်ဖြစ်ထိုက်သည့် နယ်နိမိတ်ကို သတ်မှတ်ပေး လိုက်ခြင်း ဖြစ်ပါသည်။ နိုင်ငံတကာ အင်စတီကျူးရှင်းတစ်ခုအနေဖြင့် ဘက်လိုက်ခြင်းထက် တရားဥပဒေအရ လျှောက်လဲချက်များကို ကြားနာ၍ ဆုံးဖြတ် သွားခြင်းသာဖြစ်ပါသည်။ ထို့ကြောင့်သာလျှင် နှစ်နိုင်ငံလုံးက ကျေကျေနပ်နပ်ဖြင့် လက်ခံသွားခဲ့ခြင်းသာ ဖြစ်သည်။
ယခုကိစ္စသည် တင်စား၍ ဆိုရပါက မိုးမီးလောင်နိုင်သည့် ကိစ္စရပ်ဟု ဆိုရမည်သာဖြစ်သည်။ အခန့်မသင့်လျှင် လူထုဆန္ဒပြပွဲများ မှ တဆင့် တိုင်းပြည်ဆူပူသည် အထိဖြစ်နိုင်သည်။ ထို့ကြောင့် ယခုကိစ္စ၏ နောက်ကွယ်တွင် ရည်ရွယ်ချက်ရှိရှိ ဆွပေးသော သတင်းများကို တင်ပေးခြင်းလောဟူ၍ စဉ်းစားနိုင်သည်။ သတင်းများတွင် ရေးသားဖော်ပြသကဲ့သို့ မြန်မာအစိုးရအနေဖြင့် ယခုကိစ္စတွင် ရှေ့နေချုပ်အဆင့်လောက်ကိုသာ စေလွှတ်ခဲ့၍ ပေါ့တန်စွာ သဘောထားခဲ့သည်ဟူ သည်မှာလည်း မဟုတ်မှန်ပေ။ မြန်မာနိုင်ငံဘက်မှ ငှားရမ်းထားသည့် ရှေ့နေများမှာလည်း ကမ္ဘာကျော် တက္ကသိုလ် ကြီးများမှ နိုင်ငံတကာရေကြောင်းဥပဒေဆိုင်ရာ ပါမောက္ခကြီးများ ဖြစ်ကြပါသည်။ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်ထက် ရှေ့နေချုပ် ဒေါက်တာထွန်းရှင်က ပို၍ နားလည်တတ်သိလိမ့်မည်ဟု ယူဆပါသည်။ အကယ်၍ ITLOS ၏ ဆုံးဖြတ်ချက်မှာ တရားမျှတမှုမရှိခဲ့လျှင်ပင် မိမိတို့အနေဖြင့် ဥပဒေကြောင်းအရ အချက်အလက်များ စုဆောင်း၍ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သော ဥပဒေအကြံပေးများ ငှားရမ်း အယူခံတက်နိုင်ပါသေးသည်။ တရားရင်ဆိုင်ရာတွင် ရာထူး အဆင့်အတန်းထက် လျှောက်လဲကြားနာချက်ကသာ အဆုံးအဖြတ်ပေးမည်ဖြစ်ပါသည်။
ဒီမိုကရေစီဆိုသည်မှာ မင်းမဲ့စရိုက်မဟုတ်ပေ။ ဒီမိုကရေစီနည်းအရ ပြည်သူတို့မှာ မိမိတို့လိုလားချက်များကို ဖော်ထုတ်တောင်းဆိုနိုင် သော် လည်း အမှားတစ်ခုကို အမှန်ဖြစ်ရန် တောင်းဆို၍ မရနိုင်ပေ။ ထို့ပြင် ဒီမိုကရေစီသည် အကြမ်းဖက် ဆူပူရန်မဟုတ်၊ ပွင့်လင်းမြင်သာ၍ လွတ်လပ်မှု ရှိပြီး အများလက်ခံနိုင်မည့် အခြေအနေတစ်ရပ်ကို ဖန်တီးရယူရခြင်းပင် ဖြစ်သည်။
ဤဖြစ်ရပ်က မိမိတို့ ပြည်သူများနှလုံးသားနှင့်ခံစားသည့် အကျင့်များကို လျော့ချ၍ ဦးနှောက်ဖြင့် ပိုမိုသုံးသပ်နိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း သတိပေးနေသကဲ့သို့ရှိသည်။ ဒီမိုကရေစီကို လိုလားသည့် လူ့အဖွဲ့အစည်းတွင် တရားဥပဒေကို လေးစားလိုက်နာမှု၊ အများသဘောတူညီမှုကို လက်ခံ နိုင်မှုတို့ ရှိရန် လိုအပ်မည် မဟုတ်ပါလော။
********************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.