Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၈.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ရာစုနှစ်တစ်ဝက်ကျော်အကြာမှာ ပြန်ရတဲ့ခေါင်းဆောင်ကောင်း

****************************************

ဆောင်းပါးကဏ္ဍ

ရာစုနှစ်တစ်ဝက်ကျော်အကြာမှာ ပြန်ရတဲ့ခေါင်းဆောင်ကောင်း

အောင်မောင်း

အိန္ဒိယဝန်ကြီးချုပ်ဟောင်း နေရူးက မှတ်ချက်ပြုခဲ့ဖူးသည်မှာ မြန်မာနိုင်ငံတွင် နောက်လိုက်ကောင်းများ ပေါများပြီး ခေါင်းဆောင်ကောင်းတွေ ရှားပါးလွန်းသည်၊ အိန္ဒိယတွင်မူ ခေါင်းဆောင်ကောင်းတွေ ပေါများပြီး နောက်လိုက်ကောင်းတွေ ရှားပါးလွန်းသည်ဟူ၍ ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံဆိုသည်မှာ အသင်းအဖွဲ့သဘောကိုဆောင်ရာ အသင်းလိုက် စုစည်းညီညွတ်ပါမှ အောင်မြင်မှုကို ရရှိနိုင်မည်ဖြစ်သည်။ ဆရာများ သားသေဆိုသကဲ့သို့ ခေါင်းဆောင် တွေသာများပြီး နေရာလုနေပါက နောက်လိုက်ပြည်သူမှာ မည်သည့်ဘက်က လိုက်ရမှန်းမသိဘဲ နိုင်ငံမှာလည်း အောင်မြင်မှုရရှိလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ခေါင်းဆောင်ကောင်းတွေပေါများသော အိန္ဒိယနှင့် ခေါင်းဆောင်ကောင်းနည်းသော်လည်း ပင်ကိုယဉ်ကျေးမှုအရပင် ညီညွတ်မှုရှိပြီး နောက် လိုက်ကောင်းများဖြစ်ကြသည့် တရုတ်တွေယှဉ်လျှင် တရုတ်ပြည်မှာ ဒီမိုကရေစီ မဟုတ်သော်ငြား အိန္ဒိယထက် ပိုမိုတိုးတက်သည်ကို တွေ့မြင်ရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း မည်သည့် ဝဋ်ကြွေးဟု ဆိုရမည်မသိ။ ခေါင်းဆောင်ကောင်းတစ်ယောက် ပေါ်လာလျှင် ကြာကြာ အဖတ်မတင်တတ်သည့် ကြမ္မာဆိုးက ယနေ့တိုင် ရိုက်ခတ်နေဆဲဖြစ်သည်။ အနော်ရထာ၊ ဘုရင့်နောင်၊ ဦးအောင်ဇေယျတို့မှာ ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံကြီးများကို ထူထောင်ခဲ့ကြသည့် ခေါင်းဆောင်ကြီးများဖြစ်သည်။ သို့ရာတွင် အသက်မရှည်ကြ။ အရှေ့တောင်အာရှ တလွှားခံ့ညားရသည့် လက်နက်နိုင်ငံတော်ကြီးများ တည်ထောင်ခဲ့ရသော်ငြား ၎င်းတို့၏ ဘဝများမှာ စစ်တိုက်နေခဲ့ရသည့်အချိန်က ပို၍များသည်ဟုဆိုရမည်ဖြစ်သည်။ အင်္ဂလိပ်ကိုလိုနီဘဝမကျ ရောက်မီ ကနောင်မင်းသားကြီးကဲ့သို့ အိမ်ရှေ့မင်းသားတစ်ပါးကို ရရှိခဲ့သော်ငြား ကံတရားက မြန်မာနိုင်ငံကို မျက်နှာသာ မပေးခဲ့။ အချိန်မတန်မီ အကြွေစောခဲ့ရပြီး အာဏာမက်မောမှုများကြောင့် ရရှိလိုက်သည့် သင်ခန်းစာမှာ နှစ်ပေါင်းတစ်ရာ ကျော်မျှ တိုင်းတပါးကိုလိုနီအဖြစ် နေခဲ့ရခြင်းပင်ဖြစ်တော့သည်။

နှစ်ပေါင်းတစ်ရာနီးပါး ပျောက်ဆုံးခဲ့ရသည့် ခေါင်းဆောင်မျိုးကို  ဒုတိယကမ္ဘာစစ်ကျမှ ပြန်လည်ရရှိတော့သည်။ ထိုခေါင်းဆောင်မှာကား အထူးခြား ဆုံးဟု ဆိုရမည်ဖြစ်သည်။ မြန်မာအမျိုးသားတို့အား လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံတော်ကြီးအဖြစ် ရရှိရန် အသက်စွန့်၍ ဆောင်ရွက်ခဲ့ရ သော်ငြား သူ၏ဘဝမှာ သမိုင်းအစဉ်အဆက်က မြန်မာဘုရင်တွေလိုမဟုတ်။ ထိုခေတ်က အိုင်စီအက်စ်ဖြစ်ရုံမျှဖြင့် တခမ်းတနားဖြစ်ရုံမျှဖြင့် ဟိတ်ဟန်တကြီး ဖြစ်နေသည့်အချိန်တွင် ထိုနိုင်ငံ့ခေါင်းဆောင်မှာ ဖာထေးရာဗလပွနှင့် စစ်ဘောင်းဘီကို ဝတ်ဆင်ခဲ့သည်။ လဘက်ရည်ဆိုင်တွင် အကြွေး သောက်ခဲ့ရသည်။ ပဲပြုတ်နှင့် နံပြားကို မနက်စာအဖြစ် မက်မက်မောမော စားခဲ့ရသည်။ နိုင်ငံ့ခေါင်းဆောင်မဖြစ်မီ ကျောင်းသားဘဝ နိုင်ငံရေးလှုပ်ရှားစဉ်က ဘယာကြော် သုတ်စား၍ ရေအဝသောက်ရင်း ကြမ်းပိုးထူထူ ကုလားထိုင်ပေါ်တွင် အိပ်စက်ခဲ့ရသည်။ မြန်မာတစ်မျိုးသားလုံးကို ကိုယ်စားပြု၍ မြန်မာ့လွတ်လပ်ရေး အတွက် အင်္ဂလန်သို့ သွားရောက် ဆွေးနွေးရာတွင် အဝတ်အစားပါမသွား၍ အိန္ဒိယဝန်ကြီးချုပ် နေရူးက လက်ဆောင်ပေးသည့် ကုတ်အင်္ကျီအကောင်းစား ကို စိတ်မသက်မသာဖြင့် ဝတ်ဆင်ခဲ့ရသည်။ လွတ်လပ်ရေးအတွက်လည်း တိုင်းရင်းသားပြည်သူအားလုံး၏ ထောက်ခံယုံ ကြည်မှုကို ရရှိရန် စည်းရုံးနိုင်ခဲ့သူ ဖြစ်သည်။ သူသည် ဘဝကို ရိုးရှင်းစွာဖြင့် သာမန်ပြည်သူသို့သော် ကံမကောင်း အကြောင်းမလှစွာပင် အာဏာမက်မောလှသူတစ်စု၏ လက်ချက်ဖြင့် ၎င်းကိုယ်တိုင် ရယူပေးခဲ့သည့် လွတ်လပ်ရေးကိုပင် မြင်မသွားရဘဲ ကျဆုံးခဲ့ရပြန်သည်။ ကနောင်မင်းသားကြီးအပြီး သမိုင်းဆိုး တစ်ပတ်လည်လာခြင်း ဟုပင် ဆိုရပေတော့မည်။ ထိုခေါင်းဆောင်၏ အနောက်တွင် ပေါ်ထွက်ခဲ့သမျှ ခေါင်းဆောင်တို့မှာကား အာဏာရူးသူများနှင့် ကိုယ် ကျိုးကြည့်သူများသာ ဖြစ်ခဲ့ရာ သဘာဝတရားကြီးက လိုလေးသေးမရှိ ဖြည့်ဆည်းပေးထားသည့် တိုင်းပြည်မှာ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ကျရောက်ခဲ့ရသလို ပြည်သူတွေ မှာလည်း ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ပျောက်ဆုံး၍ နောက်တစ်နေ့ ရှင်သန်ရပ်တည်နိုင်ရေးအတွက် စိုးရိမ်ပူပန်နေရသည့် အလွန်အမင်းဆင်းရဲခြင်း ဟူသော ဒုက္ခများမှ ရုန်းထွက်နိုင်စွမ်း မရှိတော့သည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။ သားသမီးသဖွယ် ဆက်ဆံရမည့် ပြည်သူကို ရန်သူသဖွယ် ဆက်ဆံခဲ့သော ခေါင်းဆောင်နှစ်ဦးကြောင့် ပြည်သူတွေမှာ မျှော်လင့်ချက်ကင်းမဲ့၍ အကြောက်တရားကင်းသော ဘဝများတွင် ခေါင်းမဖော်နိုင် အောင်ပင် ဖြစ်နေခဲ့ရတော့သည်။

ထိုသို့သော အခြေအနေမျိုးတွင် ပြည်သူတို့၏ အားငယ်စိတ်များ၊ သိမ်ငယ်စိတ်များ၊ အကြောက်တရားများကို ဖြေဖျောက်၍ စိတ်ဓာတ်ခွန်အားများ ပြန်လည်မွေးဖွားပေးပြီး နိုင်ငံတကာက လေးစားခံ့ညားရသော နိုင်ငံတော်ကြီးအဖြစ် ပြန်လည် ထူထောင်ပေးမည့် ခေါင်းဆောင်ကောင်းတစ်ဦး ပေါ်ထွက် လာခဲ့ပြီဖြစ်သည်။ မည်းညစ်ပုပ်ဟောင်လှသော ရွှံ့နွံအတွင်းမှ ဖြူစင်သန့်ရှင်းစွာ ထွက်ပေါ်လာခဲ့သည့် ကြာပန်းအလားထင်မှတ်ရလောက်အောင်ပင် ထိုခေါင်းဆောင်မှာ ပြည်သူတွေရွံ့ကြောက်ဖြစ်ခဲ့ရသော အစိုးရဟောင်းမှ ပေါ်ထွက်လာခဲ့သည်မှာလည်း ထူးခြားချက်တစ်ရပ်ပင်ဖြစ်ပါသည်။ သူသည် အာဏာယစ်မူးသော ခေါင်းဆောင်၏ အောက်တွင်နေခဲ့ရသော်ငြား သူ၏စိတ်ဓာတ်ကို ရိုးသားနှိမ့်ချစွာနေခဲ့ပြီး ကိုယ်ကျင့်တရားကို စောင့်ထိန်းခဲ့သူ ဖြစ်သည်။ တြိဂံဒေသတိုင်းကဲ့သို့သော ဝင်ငွေလမ်းဖြောင့်ဖြူးသည့် ဒေသကြီးကို တာဝန်ယူခဲ့ရသော်ငြား အဂတိလိုက်စားမှု ကင်းရှင်းစွာနေထိုင်ခဲ့သည့် သူသည် နိုင်ငံတော် ဝန်ကြီးချုပ်၊ ယခု နိုင်ငံ့အကြီးအကဲဖြစ်နေပြီ ဖြစ်သည့်တိုင် သူ့ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းဟူ၍ တစ်ခုတစ်လေမျှမရှိဘဲ သူ၏ ဝင်ငွေမှာ နိုင်ငံတော်အကြီးအကဲအတွက် သတ်မှတ်ထားသော လစာသာဖြစ်သည်။ သို့ရာတွင် သူသည် ပြည်သူအများစု ဆင်းရဲဒုက္ခရောက်နေချိန်တွင် ထို နိုင်ငံ့အကြီးလစာမှာ များပြားလွန်းသည်ဟုဆိုကာ အပြည့်အဝ ခံစားခြင်းမပြုသူ ဖြစ်သည်။

သူသည် နိုင်ငံ့အကြီးအကဲ တာဝန်စတင်ထမ်းဆောင်ချိန်၌ပင် ထူးခြားသည့် ကိစ္စရပ်များကို ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ နှလုံးသားချင်း ဝေးကွာနေ သော အစိုးရနှင့်ပြည်သူ၏ အကွဲအပြဲကို ပြန်လည်စေ့စပ်ရန် သမိုင်းဝင်မိန့်ခွန်းရှည်ကြီးကို ပြောကြားခဲ့သူဖြစ်သည်။ ပြည်သူနှင့် တိုက်ရိုက်စကား ပြောသော ခေါင်းဆောင်ကို ဆယ်စုနှစ်များစွာအတွင်း ပြန်လည်တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။ သူနိုင်ငံ့အကြီးအကဲ တာဝန်ယူယူခြင်းပင်လျှင် ပြည်သူတွေ၏ ဆန္ဒကို အလေးထားသောအားဖြင့် မြစ်ဆုံရေကာတာစီမံကိန်းကို ရပ်တန့်ခဲ့သူဖြစ်သည်။ အစိုးရအဆက်ဆက်၏ အကြီးမားဆုံးရန်သူဖြစ်ခဲ့သည့် လူထုခေါင်းဆောင် ကို နိုင်ငံရေးတွင် ပါဝင်လာနိုင်ရန် လက်တွဲခေါ်ဆောင်ခဲ့သူ ဖြစ်သည်။ အခြားသော နိုင်ငံရေး အင်အားစုများအားလုံးကို နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွင် ပါဝင်လာစေရန်အတွက်လည်း လမ်းဖွင့်ပေးခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကိုလည်း ထို့အတွက်ရည်ရွယ်၍ ပြစ်ဒဏ်များမှလွတ်မြောက် စေခဲ့သူဖြစ်သည်။ အစိုးရသက်တမ်းတစ်နှစ်အတွင်း သူလုပ်နိုင်သည်ထက်ပို၍ ဆောင်ရွက်ခဲ့ပြီးနောက် သူ၏ဇာတိချက်ကြွေသို့ ခေတ္တပြန်သွားချိန်တွင် သူမွေးဖွားခဲ့ရာနေရာဒေသမှ ပြည်သူတွေကို မိန့်ခွန်းပြောကြားခဲ့ရာ ရိုးသားသော၊ မာန်မာနကင်း၍ ဘဝမမေ့တတ်သော၊  အနေအေးသော်လည်း သတ္တိရှိရှိ ဖြင့် ပြည်သူတွေကို စိတ်ဓာတ်ခွန်အားပေးဦးဆောင်နိုင်သော ခေါင်းဆောင်တစ်ဦးဖြစ်သည်ကို ထိုမိန့်ခွန်းအရ ထင်ရှားစွာပေါ်လွင်စေခဲ့ပြီဖြစ်သည်။

သူသည် သာမန်ဆင်းရဲသား မိသားစုမှ ပေါက်ဖွားလာကြောင်းဝန်ခံခဲ့ပြီး သူမွေးဖွားခဲ့ရာဒေသမှ ပြည်သူများ၏ ခံစားချက်ကို ကိုယ်ချင်းစာကြောင်း ပြသခဲ့သူ ဖြစ်သည်။ ယခင်နိုင်ငံ့ခေါင်းဆောင်ဟောင်းက ပြည်သူတွေ၏ဒုက္ခကို လှည့်မကြည့်ခဲ့သော်ငြား ယခုခေါင်းဆောင်ကတော့ နိုင်ငံတွင်ဖြစ်ပျက်ခဲ့ သည့် အဖြစ်ဆိုးများနှင့်စာလျှင် မပြောပလောက်သည့် ပုသိမ်သူရေယာဉ်တိမ်းမှောက်မှုကို သတိတရဖြင့် ဝမ်းနည်းကြေကွဲကြာင်း မိန့်ခွန်းအစတွင် ပြော ကြားခဲ့ခြင်းဖြင့် ပြည်သူကို ဂရုတစိုက်ရှိမှုကို ပြသခဲ့သည်။ မထင်မရှား ရွာကလေးတစ်ရွာတွင် သာမန်ဆင်းရဲသား လယ်သမားမိသားစုမှ ပေါက်ဖွားခဲ့သည့် ဧရာဝတီတိုင်း သားဖြစ်ကြောင်းကို ဂုဏ်ယူဝံ့ကြွားစွာ ထုတ်ဖော်ပြောကြားခဲ့သူဖြစ်သည်။ နာဂစ်ကဲ့သို့ကပ်ဆိုးကြီးကို ရင်ဆိုင်ခဲ့ရသော်ငြား မူလအခြေအနေ များထက် ပိုမို ကောင်းမွန်သောဘဝများသို့  တက်လှမ်းနိုင်ရန် အချိန်တိုအတွင်း ကြိုးပမ်းနိုင်ခဲ့သည့် ဧရာဝတီတိုင်းသားတို့၏ သတ္တိကို ဖော်ထုတ်ချီးကျူးရင်း ပြည်သူကို စိတ်ဓာတ်ခွန်အားများ တက်ကြွလာအောင် စည်းရုံးလှုံ့ဆော်ရင်း ပို၍ကောင်းမွန်သာလွန်သောဘဝများသို့ တက်လှမ်းနိုင်ရေးအတွက် ကြိုးစား အားထုတ်လိုစိတ်များ ဖြစ်ပေါ်စေခဲ့သည်။ သူ့အနေဖြင့် နာဂစ်ကယ်ဆယ်ရေးအတွင် ခေါက်တုံ့ခေါက်ပြန် သွားလာစစ်ဆေးခဲ့ရသော်လည်း ထိုသို့ ကယ်ဆယ် ရေးတွင် တစ်တပ်တအား ပါဝင်ခဲ့ကြသည့် ပြည်သူများ၊ အလှူရှင်နိုင်ငံများ၊ NGOများ အပါအဝင် ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေ ကြသည့် မြန်မာနိုင်ငံသား အလှူရှင်များကိုလည်း သတိတရဖြင့် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အားလုံး၏ကြိုးစားမှုဖြင့်ဖြစ်ပေါ်ခဲ့သည့် ရလဒ်များဟု အသိအမှတ် ပြုပြောကြားခဲ့သည်။ သူ့အနေဖြင့် နိုင်ငံတော်သမ္မတကြီး ဖြစ်နေခဲ့ပြီဖြစ်သည့်တိုင် သူမွေးဖွားရာရွာကလေးမှာ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေ သေးကြောင်း၊ သူ့တွင် တာဝန်များစွာ ရှိသေးကြောင်း ဝန်ခံပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၏ အရေးပါမှုနှင့် ထိုဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံများကိုလည်း ချပြခဲ့သည်။သို့ရာတွင် သူသည် ပြည်ထောင်စုကြီးတစ်ခုလုံးကို ဦးဆောင်နေရသည့်အတွက် သူ၏ဇာတိမှသူများကိစ္စထက် ပြည် ထောင်စုကြီး တစ်ခုလုံး အတွက် စဉ်းစားဆောင်ရွက်ရကြောင်း၊ ပြည်ထောင်စုကြီးတစ်ခုလုံးရှိ ပြည်သူများ၏ဘဝများ တိုးတက်သာယာရေးအတွက် အဖက် ဖက်မှ မျှတစွာ စဉ်းစား ဆောင်ရွက်ရကြာင်းပြောကြားခြင်းဖြင့် နိုင်ငံသားအားလုံးအပေါ်တွင် ကျောသားရင်သားမခွဲခြားသော သူ၏စိတ်ဓာတ်ကို ပြသခဲ့ သည်။

လူငယ်များသည် တိုင်းပြည်၏ အနာဂတ်ဖြစ်သည့် အားလျော်စွာ ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်ကြီးဖြစ်ရန် အတွက် လူငယ်များ၏ အနာဂတ်ကိုပါ တိုင်းပြည်တည်ဆောက်ရေးအတွက် အရေးကြီးသည့်အချက်အဖြစ် ခံယူထားကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် ကြိုးစားကြရန်လိုကြောင်း၊ လူငယ် များအတွက်  နိုင်ငံတကာ တက္ကသိုလ်ကြီးများတွင် ခေတ်မီပညာရပ်များ ဆည်းပူးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပြီး နိုင်ငံတကာတွင် အာကာသ သိပ္ပံပညာ ရပ်များအထိ ပေါက်မြောက်အောင်မြင်နေသည့် မြန်မာနိုင်ငံသား ပညာရှင်များကိုလည်း တိုင်းပြည်တည်ဆောက်ရေးအတွက် တတ်အားသမျှ စွမ်းဆောင် သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

မိန့်ခွန်း၏ နိဂုံးချုပ်တွင် လာမည့်ကြားဖြတ်ရွေးကောက်ပွဲများအကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါ ရွေကောက်ပွဲများသည် မည်သူ နိုင်သည် ရှုံးသည်ထက် နိုင်ငံတကာမှစောင့်ကြည့်နေသည့် ရွေးကောက်ပွဲများဖြစ်ခြင်းကြောင့် တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း၊ သန့်ရှင်းတရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ပြီး ဒီမိုကရေစီစနစ်နှင့် ထိုက်တန်သော နိုင်ငံကြီးသားများဖြစ်ကြောင်း ပြသကြရန်နှင့် နိုင်ငံ့ဂုဏ် သိက္ခာကို မြှင့်တင်ကြရန် ပါတီများ၊ ကော်မရှင်များ၊ သက်ဆိုင်ရာပြည်သူများကို တိုက်တွန်းပန်ကြားခဲ့ရာ သူသည် နိုင်ငံတကာအမြင်လည်းရှိသည့် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အမြော်အမြင်ကြီးမားသူဖြစ်ကြောင်း ပြသခဲ့သည်။

ထိုကဲ့သို့ ရိုးသားဖြူစင်သော၊ အမြော်အမြင်ကြီးသော၊ စိတ်စေတနာထက်သန်သော၊ ပြည်သူနှင့် တသားတည်းရှိပြီး ကျောသားရင်သား မခွဲခြား တတ်သော၊ ပြည်သူကို လေးစားသမှု အပြည့်ရှိသော နိုင်ငံ့ခေါင်းဆောင်ကောင်းမျိုးရရန် ရာစုနှစ်တစ်ဝက်ကျော်ခန့် စောင့်စားခဲ့ရသည်။ အများတကာထက် အခွင့်အရေး ပိုမယူသော၊ ဘုရားထူးမခံဘဲ ပြည်သူအတွက် ပေးဆပ်ရန်သာ ခေါင်းဆောင်မျိုးကို ဗိုလ်ချုပ်အောင်ဆန်း နောက်ပိုင်းတွင် ရှားရှားပါးပါး ပြန် လည်ရရှိခဲ့သည်ဖြစ်ရာ နောက်လိုက်ဖြစ်သော အစိုးရအဖွဲ့နှင့် ပြည်သူလူထုသည်လည်း နောက်လိုက်ကောင်းများ ပီသစွာဖြင့် ခေါင်းဆောင်ကို ဝန်းရံကြရန် လိုအပ်ပေလိမ့်မည်။ ယခုကဲ့သို့ ခေါင်းဆောင်မျိုးကို ရရှိနေချိန်တွင် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်စွမ်းမရှိခဲ့ပါက နောက်ထပ်ခေါင်းဆောင် ကောင်းတစ်ယောက် ရရှိရန်မှာ နှစ်ပေါင်းမည်မျှ စောင့်ရမည်ကို ……………………..

********************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment