yangonchronicle2011 Op-Ed |
၇.၅.၂၀၁၂
ဆောင်းပါးကဏ္ဍ
- နိုင်ငံ၏ စွမ်းရည်အသာစီးရမှု
*****************************************
ဆောင်းပါးကဏ္ဍ
နိုင်ငံ၏ စွမ်းရည်အသာစီးရမှု
မိုးမြင့်ငြိမ်း
ပြည်သူအများအားရလောက်သည့် နိုင်ငံရေးအပြောင်းအလဲများအပြီး ယင်းနှင့်လိုက်ပါပြောင်းလဲရမည့် စီးပွားရေးအပြောင်းအလဲများမှာပင် တစ် နှစ်ကျော်အတွင်းများစွာ ဖြစ်ထွန်းမှုမရှိသေးသည်ကို တွေ့မြင်ရသည်။ နိုင်ငံရေးအပြောင်းအလဲများတွင် ပါဝင်ပတ်သက်နေသည့် stake holder များ နည်း ပါးသည့်အားလျှော်စွာ တွေ့ဆုံညှိနှိုင်းခြင်းဖြင့်လည်းကောင်း၊ ဥပဒေတစ်ရပ်ကို ပြင်ဆင်ခြင်းဖြင့်လည်းကောင်း အားလုံးပါဝင်သည့် နိုင်ငံရေးဖြစ်ထွန်း အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ သို့သော် စီးပွားရေးတွင် အားလုံးပါဝင်သည့်စီးပွားရေး ဖြစ်ထွန်းဖို့ အတော်ပင်လုပ်ယူရမည်ဟု သုံးသပ်မိပါသည်။ ယေဘု ယျအားဖြင့်လည်း စီးပွားရေးအပြောင်းအလဲများသည် နိုင်ငံရေးအပြောင်းအလဲထက် ပိုမိုခက်ခဲသည့် သဘောလည်းရှိပါသည်။ မြန်မာနိုင်ငံမှာ ဈေးကွက် စီးပွားရေးစနစ်ကို နှစ်ပေါင်း ၂၀ ခန့် ကျင့်သုံးခဲ့ပြီဖြစ်သော်လည်း ပီပြင်ဈေးကွက်စီးပွားရေးစနစ်သို့ မရောက်ရှိသေးပါဟု ဆို၍ရနိုင်သည်။ တကယ် ဈေး ကွက်စီးပွားရေးမှာ ယှဉ်ပြိုင်မှုပေါ်တွင် အခြေတည်သည်။ ယှဉ်ပြိုင်နိုင်မှုရှိအောင် ကြိုးစားခြင်းဖြင့် ရှင်သန်မှုလည်းရှိမည်ဖြစ်သလို ဖွံ့ဖြိုးတိုးတက်မှုလည်း ဖြစ်ထွန်းလာမည် ဖြစ်သည်။
အားလုံးပါဝင်သည့် စီးပွားရေးအပြောင်းအလဲများကို အကောင်အထည်ဖော်ရာတွင် ထိန်းချုပ်ရသည့် ကိန်းရှင်များ (variable) များ အလွန်များ ပြားသည့်သဘောတွင် ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းသည် ထိုကိန်းရှင်များကိုထိန်းချုပ်နိုင်ခြင်းနှင့် ထိရောက်မှုရှိအောင် အသုံးချနိုင်ခြင်း ပေါ်တွင် များစွာ မူတည်သည်။ ယခင်ရာစုတုန်းကဘောဂဗေဒပညာရှင်များသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုကို နှိုင်းရအသာစီးရမှု (comparative advant -age) ဖြင့်သာ တိုင်းတာကြသော်လည်း ယခုအခါတွင် စွမ်းရည်အသာစီးရမှု (competitive advantage) ပိုမို အလေးထားလာကြသည်။ သဘာဝသံယံဇာ တနှင့် ကျွမ်းကျင်လုပ်သား ပြတ်တောက်မှုကို အမြဲဖြည့်တင်းနေရသည့် စင်ကာပူနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ဥပမာကို ကြည့်ခြင်းအားဖြင့် စွမ်းရည်အသာ စီးရမှုမှာ ၂၁ ရာစု ကမ္ဘာ့စီးပွားရေးကဏ္ဍတွင် ပိုမိုအရေးပါလာပြီဖြစ်သည်။
ကမ္ဘာ့စီးပွားရေးဖိုရိမ်၏ ၂၀၁၀-၁၁ ခုနှစ် နိုင်ငံများ၏ ယှဉ်ပြိုင်မှုစွမ်းရည်အသာစီးရမှု စစ်တမ်းများပြုလုပ်လေရာ ကျွမ်းကျင်သူများက နိုင်ငံတစ် ခုစီအတွင်းယှဉ်ပြိုင်မှု အသာစီးရစေသည့် ထောင့်တိုင် ၁၂ ခု အားကောင်းမှု ရှိ၊ မရှိဖြင့် တိုင်းတာ၍ အဆင့်သတ်မှတ်ကြသည်။ အဆိုပါ ထောင်တိုင် ၁၂ ခု မှာ
(၁) စီးပွားရေးအဖွဲ့အစည်း (Institution)
(၂) အခြေခံအဆောက်အအုံ (Infrastructure)
(၃) အမျိုးသားအဆင့် စီးပွားရေးပတ်ဝန်းကျင် (Macroeconomic environment)
(၄) ကျန်းမာရေးနှင့် အခြေခံပညာရေး (Health and Primary Education)
(၅) အဆင့်မြင့်ပညာရေးနှင့် သင်တန်းပေးမှု (Higher education and Training)
(၆) ကုန်စည်ဈေးကွက်စွမ်းဆောင်ရည်ရှိမှု (Goods market efficiency)
(၇) အလုပ်သမားဈေးကွက်စွမ်းဆောင်ရည်ရှိမှု (Labor market efficiency)
(၈) ဘဏ္ဍရေးဈေးကွက်ဖွံ့ဖြိုးရေး (Financial market development)
(၉) နည်းပညာကိုအသုံးပြုနိုင်မှု (Technological readiness)
(၁၀) ဈေးကွက် အရွယ်အစား (Market Size)
(၁၁) စီးပွားရေးလုပ်ငန်းများ၏ ခေတ်မီမှု (Business Sophistication)
(၁၂) တီတွင်ဆန်းသစ်မှု (Innovation) တို့ဖြစ်သည်။
ထိုထောင့်တိုင် ၁၂ ခုအားကောင်းမှု အနည်းအများပေါ်မူတည်၍ နိုင်ငံများ၏ စီးပွားရေးကိုလည်း သုံးမျိုးသုံးစား ခွဲခြားထားသည်။ စီးပွားရေး အဖွဲ့အစည်း (Institution)၊ အခြေခံအဆောက်အအုံ (Infrastructure) ၊ အမျိုးသားအဆင့် စီးပွားရေးပတ်ဝန်းကျင် (Macro economic environment)၊ ကျန်းမာရေးနှင့် အခြေခံပညာရေး (Health and Primary Education) အစရှိသည့် ဈေးကွက်စီးပွားရေး အနိမ်ဆုံး အခြေခံလိုအပ်ချက်များဖြင့် မောင်း သည့် စီးပွားရေးကို factor-driven economies ဟုသတ်မှတ်သည်။အဆင့်မြင့်ပညာရေးနှင့် သင်တန်းပေးမှု (Higher education and Training)၊ ကုန် စည်ဈေးကွက်စွမ်းဆောင်ရည်ရှိမှု (Goods market efficiency)၊ အလုပ်သမားဈေးကွက်စွမ်းဆောင်ရည်ရှိမှု (Labor market efficiency)၊ ဘဏ္ဍရေး ဈေးကွက်ဖွံ့ဖြိုးရေး (Financial market development)၊ နည်းပညာကိုအသုံးပြုနိုင်မှု (Technological readiness)၊ ဈေးကွက်အရွယ်အစား (Market Size) အစရှိသည့် ထောင့်တိုင်များကို နိုင်ငံ၏စီးပွားရေးကို မြှင့်တင်ပေးသည့်အရာများ (efficiency enhancers) ဖြစ်သည်။ ယင်းအရာများဖြင့် အဓိက မောင်းသည့် စီးပွားရေးများကို efficiency driven economies ဟု သတ်မှတ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စီးပွားရေးများမှာတော့ စီးပွားရေးလုပ်ငန်းများ၏ ခေတ်မီမှု (Business Sophistication) ၊ တီတွင်ဆန်းသစ်မှု (Innovation)တို့ကိုအဓိကထားသော Innovation driven economies များဖြစ်သည်။ မြန်မာ နိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေး၏ အခြေခံ လိုအပ်ချက်ထောင့်တိုင်များဖြင့် မောင်းသော factor-driven economy အခြေအနေမျိုးသာဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေးအသိုက်အဝန်း ဖြစ်ထွန်းပေါ်ပေါက်လာသည့်အခါတွင် မြန်မာနိုင်ငံအနေဖြင့် factor-driven economy မှ efficiency driven economy သို့ရောက်အောင် မြှင့်တင်ထားနိုင်မှ အခြားသောဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ အခြားနိုင်ငံများသည် လည်း ဤအဆင့်မျိုးရောက်အောင် အားယူကြိုးစားနေကြသည်။ ဥပမာအားဖြင့် ဘဏ္ဍရေးဈေးကွက်ဖွံ့ဖြိုးတိုးတက်မှု တစ်ခုဖြစ်သော စတော့ရှယ်ယာ အရောင်းအဝယ်စင်တာများမှာ မြန်မာနိုင်ငံမှလွဲလျှင် အခြားသောအာဆီယံဒေသတွင်းနိုင်ငံများတွင် ရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံ တစ် နိုင်ငံအဖို့ အရင်းအနှီးစုဆောင်းမှုမှာ စီးပွားရေးဖွံ့ဖြိုးမှုအတွက် များစွာအရေးကြီးသည်။ အရင်းအနှီးစုဆောင်းနိုင်ဖို့ရာမှာလည်း အရင်းအနှီးဈေးကွက်တ နည်း ဘဏ္ဍရေးဈေးကွက် ဖွံ့ဖြိုးမှသာဖြစ်မည်။ ၂၀၁၅ အာဆီယံစီးပွားရေးအသိုက်အဝန်းတွင် ယှဉ်ပြိုင်နိုင်လျှင် ယှဉ်ပြိုင် မယှဉ်ပြိုင်နိုင်လျှင် ရှုံးမည်သာ ဖြစ်သည်။ သီအိုရီအရထိုသို့ ဒေသတွင်းလွတ်လပ်သည့် ဈေးကွက်ကိုဖော်ဆောင်သည့်အခါ စီးပွားရေးမဖွံ့ဖြိုးဆုံးနိုင်ငံက အကျိုးအမြတ်အများဆုံး ရတတ် သည့်သဘောမှာ ရှိပါသည်။ သို့သော် ဆောက်ဖြစ်မှကျောင်းဒကာဆိုသော မြန်မာစကာပုံအတိုင်း၂၀၁၅ မတိုင်ခင် ပြုပြင်ပြောင်းလဲသည်များကိုအချိန်ကိုက် ဆောင်ရွက်နိုင်မှ အကျိုးအမြတ်ရနိုင်မည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးရေးမှာ နိုင်ငံသားတိုင်းလိုလားတောင့်တသည့် အရာဖြစ်သည့် သန်း ၆၀ အရေးအတွက် ပါဝင်သည့် stakeholders အားလုံး ဘုံအမျိုးသားအကျိုးစီးပွားကို အားသွန်ခွန်စိုက် လုပ်ဆောင်စေချင်ပါကြောင်း။
*****************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.