Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၇.၅.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာ့သယံဇာတများ ရှိရာ အပြေးအလွှား သွားကြခြင်း

(Washington Post မှ 5 April 2012 ရက်စွဲပါ Gold rush to Burma ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့ပြုပြင်ပြောင်းလဲမှုများ ကြွေးမြီကိစ္စအတွက် အပြုသဘောဆောင်

(FT မှ 30 April 2012 ရက်စွဲပါ Myanmar’s reforms hailed as credit positives ကို ဘာသာ ပြန်ဆိုသည်)

******************************

မြန်မာ့သယံဇာတများ ရှိရာ အပြေးအလွှား သွားကြခြင်း

(Washington Post မှ 5 April 2012 ရက်စွဲပါ Gold rush to Burma ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

မကြာသေးခင် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိခဲ့သော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လုပ်ကိုင်သွားရန် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ တိုက်တွန်း ပြောကြားခဲ့သည်။ ထို့နောက် မကြာမီအချိန်အတွင်း ပြည်ပြေး မီဒီယာ တစ်ခုဖြစ်သည့် ဧရာဝတီမဂ္ဂဇင်းတွင် ကြေးနီသတ္တုတူးဖော်ရေး လုပ်ငန်း လုပ်ကိုင်ရန် မြန်မာအစိုးရက လယ်ယာမြေ ၇၈၀၀ ဟက်တာခန့်ကို သိမ်းယူခဲ့သည့် သတင်းတစ်ပုဒ် ပါရှိလာသည်။

"လယ်သမားများ၏ ပြောကြားချက်အရ ၎င်းတို့ပိုင်ဆိုင်သော လယ်မြေများကို သိမ်းပိုက်သည့်အတွက် လျော်ကြေးငွေ အနည်းငယ်သာ ရရှိသည်။ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဒေသခံအရာရှိကြီးများအဆိုအရ အဆိုပါ လယ်မြေများကို နိုင်ငံတော်က ပိုင်ဆိုင်ပြီး သိမ်းယူသည့် ကိစ္စကို သမ္မတ၏ အမိန့် ညွှန်ကြားချက်ဖြင့် လုပ်ကိုင်ခြင်း ဖြစ်သည်" ဟု ဧရာဝတီမီဒီယာက ဖော်ပြသည်။ အဆိုပါ လယ်မြေဒေသများတွင် ကြေးနီတူးဖော်ရေး လုပ်ငန်း လုပ်ကိုင်မည့် ကုမ္ပဏီများမှာ တရုတ်၊ ကနေဒါ နှင့် မြန်မာနိုင်ငံပိုင် ကုမ္ပဏီကြီးများ ဖြစ်ကြသည်။ လုပ်ငန်း လုပ်ကိုင်မည့်နေရာမှာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ဖြစ်သည်။

ကုလအကြီးအကဲ ဘန်ကီမွန်း စိုးရိမ်တကြီး ပြောဆိုသွားသည့် အရေးကိစ္စများတွင် အဆိုပါ ဆားလင်းကြီး မြို့နယ်မှ လယ်သမားများနှင့် ၎င်းတို့၏ သိမ်းပိုက်ခံလယ်မြေများ ပါဝင်ပုံမရပေ။ သို့သော် အမေရိကန်ပြည်ထောင်စု၊ ဥရောပ၊ ဂျပန်နှင့် ကိုရီးယားတို့က မြန်မာနှင့်စီးပွားရေး လုပ်ကိုင်ရန် ကန့်သတ် ပိတ်ပင်ထားမှုများကို ဖယ်ရှားနေချိန်တွင် ဧရာဝတီမဂ္ဂဇင်းမှ အဆိုပါသတင်းမှာ လွန်စွာ ဖတ်သင့်ဖတ်ထိုက်သည့် သတင်းဟုပင် ယူဆမိသည်။

မြန်မာနိုင်ငံသည် နှစ်ကာလကြာမြင့်စွာ ရက်စက် ကြမ်းတမ်းသော စစ်အာဏာရှင်စနစ် အောက်သို့ ရောက်ရှိခဲ့ပြီး မြန်မာ့စီးပွားရေးမှာလည်း ဆိုးဆိုးရွားရွားပင် ကန့်သတ်ပိတ်ပင်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ သို့သော် သမ္မတ ဦးသိန်းစိန်က အာဏာရရှိလာပြီးနောက် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကာလကြာရှည်စွာ ဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရအောင် လမ်းဖွင့်ပေးခြင်း အပါအဝင် အပြောင်းအလဲများစွာကို ဆောင်ကြဉ်းပေးခဲ့သည်။ လက်ရှိ အနေအထားအထိလည်း ပြောင်းလဲမှုများကို လုပ်ဆောင်လျက် ရှိသလို နောက်ထပ်များစွာသော အပြောင်းအလဲများလည်း ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ရသည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့တွင် ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တို့ အပြတ်အသတ် အနိုင်ရရှိခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ ပြည်သူများအတွက် ငြင်း၍ မရနိုင်သော ပြောရေးဆိုခွင့် ရှိသူ တစ်ဦး ဖြစ်သည်ဟူသော အချက်ကို ယင်းကြားဖြတ် ရွေးကောက်ပွဲက သက်သေ ထူလိုက်ခြင်း ဖြစ်သည်။ သို့သော် သူမ၏ အောင်မြင်မှုက လက်ရှိ စစ်ဗိုလ်ချုပ်ကြီးများနှင့် ယခင် စစ်ဗိုလ်ချုပ်ကြီးများ၏ အာဏာကို အပြောင်းအလဲဖြစ်အောင် လုပ်ဆောင်နိုင်ခြင်း မရှိပေ။ NLD သည် ပါလီမန် လွှတ်တော် ကိုယ်စားလှယ် နေရာများတွင် ၇ ရာခိုင်နှုန်းသာ ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအစိုးရ၏ မီဒီယာဆင်ဆာ တည်းဖြတ်မှုမှာလည်း ကမ္ဘာပေါ်တွင် အဆိုးဆုံး ၁၀ နိုင်ငံအဆင့်၌ ပါဝင်နေဆဲဖြစ်ကြောင်း သတင်းစာဆရာများ ကာကွယ်ရေး ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။ ရာနှင့် ချီသော နိုင်ငံရေးအကျဉ်းသားများလည်း ဖမ်းဆီး ထိန်းသိမ်းခံထားရဆဲပင် ဖြစ်၏။ ယခု စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမှ လယ်သမားများကိစ္စကို ကြည့်မည်ဆိုလျှင်လည်း တရားဥပဒေနှင့် လွတ်လပ်သော တရားစီရင်ရေးစနစ် မြန်မာနိုင်ငံတွင် မရှိသေးသည်မှာ ထင်ရှားလွန်းလှသည်။

ဤသို့သော အချိန်တွင် ပိတ်ဆို့အရေးယူမှုများကို ဘယ်လောက် အတိုင်းအတာအထိ လျင်မြန်စွာ ဖယ်ရှားပေးမည်နည်း ဟူသောမေးခွန်းကို ဖြေရန် လွန်စွာ ဘေးကျပ်နံကျပ် ဖြစ်နေပေလိမ့်မည်။ ပိတ်ဆို့မှုများကို တအိအိနှင့် ဖယ်ရှားနေမည်ဆိုပါက ဒီမိုကရေစီအသွင် ကူးပြောင်းရေးဖြစ်စဉ်တွင် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ အကျိုးအမြတ် ဖြစ်ထွန်းမည် မဟုတ်ပေ။ ခပ်မြန်မြန် ဖယ်ရှားမည်ဆိုလျှင်လည်း အခြားသော နိုင်ငံများအနေဖြင့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဖြစ်စဉ်ကို မြှင့်တင်ပေးရာတွင် သြဇာလွှမ်းမိုးမှု လျော့ကျရပေလိမ့်မည်။ ဥရောပမသဂ္ဂကမူ ပိတ်ဆို့မှုများကို ဖယ်ရှားရေးထက် ဆိုင်းငံ့မှုမျှသာ ပြုလုပ်ပေးရန် ဆုံးဖြတ်ခဲ့သည်။ ချိန်ခွင်လျှာမျှရန် လိုအပ်သောကြောင့် ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ဟန်ရှိသည်။ သို့သော် မြန်မာ့ ပြုပြင်ပြောင်းလဲမှုမှာ ဥရောပကုမ္ပဏီများ မြန်မာ့ စီးပွားရေး ကွင်းပြင်ပေါ်၌ တစ်ကြိမ်တစ်ခါခြေချလိုက်သည်နှင့် နောက်ကြောင်း ပြန်လှည့်နိုင်သည့် အနေအထားမျိုး ဖြစ်လာဖွယ်ရှိသည် ဟူသောအချက်ကို သဘောပေါက်သင့်ပါသည်။

ရွှေလို တန်ဖိုးကြီးနေသည့် မြန်မာနိုင်ငံမှ သဘာဝရင်းမြစ်များနှင့် သယံဇာတများ ရယူလိုသော ဖွံဖြိုးပြီးနိုင်ငံများက လွှတ်တော်၌ NLD ၇ ရာခိုင်နှုန်း မျှသော နေရာရရှိသည့် ကိစ္စကို ရလဒ်ကောင်းတစ်ခုအဖြစ် ထင်မှတ် ပြောဆိုနေကြသည်မှာ လေးလေးနက်နက် စဉ်းစားကြည့်စရာ ကောင်းသည်။ တကယ်ဆိုလျှင် မြန်မာပြည်သူများသာ အဆိုပါ သယံဇာတများနှင့် ပိုမို ထိုက်တန်သည်ဟု ဆိုချင်သည်။

*****************************

မြန်မာ့ပြုပြင်ပြောင်းလဲမှုများ ကြွေးမြီကိစ္စအတွက် အပြုသဘောဆောင်

(FT မှ 30 April 2012 ရက်စွဲပါ Myanmar’s reforms hailed as credit positives ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံအပေါ် သတ်မှတ်ပြဋ္ဌာန်းထားသည့် ပိတ်ဆို့အရေးယူမှု အများစုကို ဆိုင်းငံ့ရန် ဥရောပသမဂ္ဂ(အီးယူ)၏ ဆုံးဖြတ်ချက်၊ ဂျပန်နိုင်ငံက ရရန်ရှိသည့်ကြွေးမြီများ လျှော်ပေးပြီး အကူအညီ အထောက်အပံ့များ အပြည့်အဝ ပြန်ပေးမည်ဟူသော ကြေညာချက် အစရှိသည်တို့က မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို မြင့်တက်စေမည်ဖြစ်ကြောင်း စီးပွားရေးအဆင့်အတန်း သတ်မှတ်ရေးအေဂျင်စီ Moody က သုံးသပ်ချက် ထုတ်ပြန်သည်။

သို့သော် ကြွေးမြီ ပြန်ဆပ်နိုင်မည်ဟု ယုံကြည်စိတ်ချရသည့် အဆင့်မျိုးရောက်ရှိရန် မြန်မာအနေဖြင့် စီးပွားရေး ဖြေလျှော့ပေးမှုများနှင့် လွတ်လပ်ခွင့် ပေးမှုများ ပြုလုပ်ရန် ဆိုးဆိုးရွားရွား လိုအပ်လျက်ရှိကြောင်း Moddy က ထောက်ပြပြောဆိုပြီး မြန်မာ့ဘဏ္ဍာရေးစနစ်ကို “ယိုင်နဲ့နေသည့် ဖွံ့ဖြိုးဆဲ ဘဏ္ဍာရေးစနစ်” ဟု သတ်မှတ်ဖော်ပြသည်။

မေလ ၁ ရက်နေ့တွင် Moody ကထုတ်ပြန်သော ကြွေးမြီအဆင့်အတန်းသတ်မှတ်ချက်တွင် “မြန်မာနိုင်ငံ အနေဖြင့် ကာလကြာရှည်စွာ စီးပွားရေး ပိတ်ဆို့မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်းက ပေးရန် ရှိသောကြွေးမြီများကို ဆိုင်းငံ့ထားမှုကြောင့် ကြွေးမြီအဆင့်သတ်မှတ်၍ မရနိုင်ကြောင်း” ဖော်ပြထားသည်။

သို့သော် မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် လုပ်ဆောင်လာခြင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရေး တိုးချဲ့လာခြင်း၊ ပိတ်ဆို့အရေးယူမှုများ လျော့နည်းလာခြင်း၊ ကြွေးမြီလျှော်ပေးမှုတို့ ရရှိလာခြင်း အစရှိသည်တို့ကြောင့် စီးပွားရေးတိုးတက်မှုဆိုင်ရာ အခွင့်အလမ်းများ ပိုမို ရရှိလာမည်ဖြစ်ကာ ဒေသတွင်း နိုင်ငံများနှင့် စီးပွားရေး၊ ဘဏ္ဍာရေး နှင့် သံတမန်ရေးရာ ပူးပေါင်း ဆောင်ရွက်မှုများလည်း အားကောင်း လာမည် ဖြစ်ကြောင်း မှတ်ချက်ပေးထားသည်။

အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့မှုများ လျှော့ချလာခြင်းကြောင့် မြန်မာနိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံစုံပါဝင်သည့် ဘဏ္ဍာရေးအသင်းအဖွဲ့များနှင့် ပြန်လည် ချိတ်ဆက်လုပ်ကိုင်ခွင့်များ ရရှိလာမည် ဖြစ်ကြောင်း Moody က ဆိုသည်။ သို့သော် စီးပွားရေးတံခါး ဖွင့်ပေးမှုနှင့် လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့် မပြုသေးသရွေ့ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုမှာ ရေရှည် တည်တံ့နိုင်မည် မဟုတ်ကြောင်း သတိပေးပြောဆိုသည်။

မြန်မာ့စီးပွားရေးမှာ ယနေ့အချိန်အထိ နိမ့်ကျနေဆဲ ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း တစ်ဦးချင်းဂျီဒီပီမှာ ၈၃၂ ဒေါ်လာရှိသည်။ ဆယ်စုနှစ်များစွာ အထီးကျန်နိုင်ငံအဖြစ် ရပ်တည်ခဲ့ရခြင်း၊ ကုန်သွယ်ရေးနှင့် အခြား စီးပွားရေး လုပ်ငန်းများကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် လုပ်ကိုင်ခွင့် မရရှိခဲ့ခြင်း အစရှိသည်တို့ကြောင့် စီးပွားရေး နိမ့်ကျနေခြင်း ဖြစ်သည်ဟု ဆိုသည်။

Moody ၏ မှတ်ချက်အရ မြန်မာနိုင်ငံတွင် အခြေခံအဆောက်အဦများနှင့် ဘဏ်လုပ်ငန်းများ၏ အရည်အသွေး ညံ့ဖျင်းခြင်း တရားဥပဒေများ အားနည်းချက်ရှိခြင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းထားများ ကာလကြာရှည်စွာ မြင့်မားခဲ့ခြင်းတို့ကြောင့် ကုန်ထုတ်လုပ်မှုစွမ်းအားများ ကန့်သတ်ချက် ရှိခဲ့ခြင်း ဖြစ်သည်။ “အစိုးရ၏ အခွန်စနစ်မှာလည်း အဂတိလိုက်စားမှုများ၊ မှောင်ခိုဈေးကွက်များ အစရှိသည်တို့ကြောင့် ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းမရှိ” ဟု မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်မဖြစ်မနေ လိုအပ်လျက်ရှိသလို ကြွေးပြန်ဆပ်နိုင်မည်ဟု ယုံကြည်စိတ်ချရသည့် အဆင့် သတ်မှတ်ခံရရေး အတွက် စီးပွားရေး အခွင့်အလမ်းများကို ဖော်ဆောင်ရန် လိုအပ်ကြောင်း Moody က ဆိုသည်။

*******************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment