yangonchronicle2011 Op-Ed |
၁၆.၅.၂၀၁၂
ဆောင်းပါးကဏ္ဍ
- လွတ်လပ်စွာထုတ်ဖော်ရေးသား ပြောဆိုခွင့် မီဒီယာလွတ်လပ်ခွင့်နှင့် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့အစည်းများ
*****************************************
ဆောင်းပါးကဏ္ဍ
လွတ်လပ်စွာထုတ်ဖော်ရေးသား ပြောဆိုခွင့် မီဒီယာလွတ်လပ်ခွင့်နှင့် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့အစည်းများ
အောင်မောင်း
မီဒီယာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်တွင် မည်သည်ပုံနှိပ်ပစ္စည်းကိုမဆို အသုံးပြု၍လည်းကောင်း၊ အီလက်ထရောနစ်ကို အသုံးပြု၍လည်းကောင်း ဆက်သွယ်ရေးနှင့် လူတို့၏ အတွေးများ စိတ်ခံစားချက်များကို လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ရှိခြင်း ဖြစ်သည်။ လိုအပ်သည်ထက် ပိုမိုတင်းကျပ်ထားသော အစိုးရတစ်ရပ်ကို စောင်းပါးရိပ်ခြည် တိုက်ခိုက်နေလင့်ကစား မီဒီယာကို ကာကွယ်ပေးသာ ဥပဒေများကို ထိုနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်သော်လည်းကောင်း၊ ပြဌာန်းထားသော ဥပဒေကြောင်းအရသော်လည်းကောင်း ကာကွယ်ပေးထားပြီး မီဒီယာကလည်း အခက်အခဲအမျိုးမျိုး ရှိသည့် တိုင် ယင်း၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရမြဲဖြစ်သည်။ ဤသည်မှာပင် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်နှင့် ပတ်သတ်သော အလှတရားဟုပင် ဆိုရမည်ဖြစ်သည်။
မျိုးသားအကျိုးစီးပွားကို ထိခိုက်နိုင်သော ကိစ္စရပ်များမှအပ မည်သည့်သတင်းကို အများပြည်သူသို့ ထုတ်ဖော်ရေးသားခွင့် ရှိသည်၊ လျှို့ဝှက်ထားခွင့် ရှိသည်တို့ကို သတင်းအမျိုးအစားအပေါ် မူတည်၍၊ နိုင်ငံတော် လျှို့ဝှက်ချက်အပေါ် မူတည်၍၊ အကဲဆတ်ခံနိုင်မှုအပေါ် မူတည်၍ ဆုံးဖြတ်ပေးရသည်။ ထို့ကြောင့် နိုင်ငံအစိုးရများအနေဖြင့် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ကာကွယ်ရန်အတွက် မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ သီးခြားဥပဒေများ ပြဋ္ဌာန်းပေးလေ့ ရှိ သည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင်မူ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်နှင့် ပတ်သက်၍ “တစ်ဦးတစ်ယောက်သည် တစ်ဦးတစ် ယောက်၏ လွှမ်းမိုးမှု၊ ခြိမ်းခြောက်မှု၊ နှပ်ကြောင်းပေးမှုမပါဘဲ မိမိ၏ယုံကြည်ချက်နှင့် သဘောထားအမြင်ကို လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။ လွတ်လပ်စွာ ရေးသားခွင့်နှင့် ပတ်သက်၍ သိပ္ပံနည်းကျ သုတေသနရလဒ်များ ပြုလုပ်ပြီး လွတ်လပ်စွာ ရေးသားခွင့်ကို ကာကွယ်ပေးမည့် ဥပဒေများ၏ အတိမ်အနက်ကို သတ်မှတ်ပေးရလေ့ရှိသည်။ လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်၏ ဥပဒေသများမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်ကိုလည်း သက်ရောက်အကာအကွယ် ပေးလေ့ရှိသည်။ ကမ္ဘာ့စံနှုန်းအရမူ အစိုးရမဟုတ်သော အဖွဲ့အစည်းများက လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့်နှင့် ပတ်သက်၍ အခြေခံအခွင့် အရေးများ သတ်မှတ်ပေးလေ့ ရှိပါသည်။
နယ်စည်းမခြား သတင်းသမားများအဖွဲ့၏ ထုတ်ပြန်ချက်အရ နိုင်ငံတကာမှ ဂျာနယ်လစ် အမြောက်အများမှာ လုပ်ကြံခံရခြင်း၊ ပိတ်ပင်ခံရခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခံရခြင်းတို့အပြင် အစိုးရမီဒီယာ၏ လက်ဝါးကြီးအုပ်မှုကိုလည်း ခံစားနေရသည်ဟု ဆိုသည်။ ပြည်တွင်းမှ လွတ်လပ်သော မီဒီယာသမား အများစုသည် နိုင်ငံခြားသား ဂျာနယ်လစ်များနည်းတူ အခက်အခဲများ ကြုံတွေ့ရသည်ဟုလည်း သိရသည်။
သတင်းသမားများ ကာကွယ် စောင့်ရှောက်ရေးကော်မတီ( The Committee to Protect Journalist CPJ) သည် မီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်၍ နိုင်ငံတကာရှိ ဂျာနယ်လစ်များနှင့် ဆက်သွယ်ပြီး မူရင်း သတင်း အချက်အလက်များ ကောက်ယူခြင်း၊ တိကျသော သုတေသနပြုမှုများ ပြုလုပ်ခြင်းဖြင့် သတင်း သမားများကို ကူညီကာကွယ်ပေးလျှက်ရှိသည်။ CPJ အနေဖြင့် International Freedom of Expression Exchange ဟုခေါ်သည့် ကမ္ဘာသုံးနက်ဝပ်တစ်ခု တည်ဆောက်ထားပြီး ဂျာနယ်လစ်များ တရားမဲ့ပြုကျင့်ခံရမှုမှ ကာကွယ်စောင့်ရှောက်ရန်အတွက် နောက်ဆုံးရသတင်းများ မျှဝေခြင်း၊ ဂျာနယ်လစ်များ အနိုင် အထက်ပြုကျင့်ခံရခြင်း၊ လုပ်ကြံခံရခြင်းတို့မှ ကာကွယ်ပေးလျှက်ရှိသည်။ CPJ ဝန်ထမ်းများသည် ဂျာနယ်လစ်များ အနိုင်အထက်ပြုကျင့် ခံရခြင်း၏ နောက်ကွယ်မှု ကိစ္စရပ်များကို ခိုင်မာသော၊ အမှီအခိုကင်းသော သုတေသနပြုမှုများမှတဆင့် သတင်းအချက်အလက် ရရှိနိုင်ရန် သတိကြီးစွာ ထား၍ ဆောင်ရွက်ပါသည်။ အမေရိကန်တွင် အခြေစိုက်သည့် Freedom House ကမူ နိုင်ငံတစ်နိုင်ငံ၏ ယေဘုယျ နိုင်ငံရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် အခြေ အနေတို့ကို ပို၍ ဇောင်းပေးလေ့လာပြီး ယင်းနိုင်ငံ၏ မီဒီယာလွတ်လပ်ခွင့်မှာ အကန့်အသတ်နှင့်ရှိခြင်းလော၊ ဥပဒေ များအတိုင်း လွတ်လပ်ခွင့်ရှိခြင်းလောဟု ဆုံးဖြတ်သည်။ ထို့ကြောင့် လွတ်လပ်စွာ ရေးသားခွင့်၊ ပြောဆိုခွင့်တို့အတွက် ရေးသားခွင့် ပြောဆိုခွင့်တို့အတွက် ရေခံမြေခံ အခြေအနေ မည်မျှပေးထားသနည်းဆိုသည့် အချက် ပေါ်တွင် တိုင်းတာ သည်ဟု ဆိုရမည်ဖြစ်သည်။
လွတ်လပ်စွာရေးသားခွင့်၊ ပြောဆိုခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်တို့အတွက် အမေရိကန်အခြေစိုက် Freedom House အဖွဲ့မှ ကမ္ဘာတစ်လွှားရှိ နိုင်ငံများ၊ အငြင်းပွားနေသော နယ်နိမိတ်များ၏ လွတ်လပ်စွာရေးသား၊ ပြောဆိုပိုင်ခွင့် အတိုင်းအတာနှင့် အစိုးရက ခွင့်ပြုထားသည့် ခေါင်းကြီးပိုင်း အယ်ဒီတာ့အာဘော်တို့ အပေါ်တွင် တစ်မှတ်မှ အမှတ်တစ်ရာအထိပေး၍ ကမ္ဘာ့နိုင်ငံများ၏ လွတ်လပ်စွာရေးသားပြောဆိုပိုင်ခွင့် အဆင့်အတန်း သတ်မှတ်ချက်ကို နှစ်စဉ်ထုတ်ပြန်ပေး သည်။
၂၀၁၀ခုနှစ် ထုတ်ပြန်ချက်အရ ဖင်လန်၊ အိုက်စလန်၊ နယ်သာလန်၊ နော်ဝေနှင့်  ဆွီဒင်တို့က အစဉ်အလိုက် မီဒီယာ လွတ်လပ်ခွင့်အရှိဆုံး နိုင်ငံများအဖြစ် သတ်မှတ်ခြင်းခံရပြီး မြောက်ကိုရီးယား၊ တာခ့်မင်းနစ္စတန်၊ အီရန်နှင့် မြန်မာ နိုင်ငံတို့က လွတ်လပ်စွာ ထုတ်ဖော်ရေးသား ပြောဆိုခွင့်နှင့် မီဒီယာလွတ်လပ်ခွင့် အတင်းကျပ်ဆုံး နိုင်ငံများအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
*****************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.