Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၇.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လူမျိုးရေး၊ ဘာသာရေးလှုံ့ဆော်မှုများ၏ နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားမှုများ

*****************************************

ဆောင်းပါးကဏ္ဍ

လူမျိုးရေး၊ ဘာသာရေးလှုံ့ဆော်မှုများ၏ နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားမှုများ

အောင်မောင်း

တိုင်းပြည်အကျပ်အတည်းတစ်ခုခု ဆိုက်ရောက်တိုင်း လူထုကို အာရုံလွှဲရန် အဓိကရုဏ်းများ၊ နယ်စပ်တိုက်ပွဲများကို အစိုးရများက ဖန်တီးလေ့ရှိ သည်။ ကုလား-ဗမာ အဓိကရုဏ်းဟု ခေါ်ကြသည့် အစ္စလာမ်ဘာသာဝင်တို့နှင့် ဗုဒ္ဓဘာသာဝင်တို့အကြား ဖြစ်ပွားသည့် အငြင်းပွားမှု၊ တင်းမာမှုများသည် ကိုလိုနီခေတ်က စတင်သန္ဓေတည်လာခဲ့ပြီး ယနေ့တိုင်မရိုးနိုင်သည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေဆဲဖြစ်သည်။ စင်စစ်အားဖြင့် လူမျိုးရေး၊ ဘာသာရေးကို အ ကြောင်းပြု၍ သတ်ဖြတ်မှုများသည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လုံးဝမရှိခဲ့ဘဲ ကိုလိုနီခေတ်ရောက်မှသာ ဦးနှောက်ပြေးလွန်းသော သခင်ကြီးများ၏ ခွဲခြားအုပ်ချုပ်မှုအရ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ အနော်ရထာမင်းလက်ထက်မှစ၍ သီပေါမင်းအထိ လူမျိုး တစ်မျိုးနှင့်တစ်မျိုး အကြီးအကျယ် မုန်းတီး တိုက်ခိုက်သည့်ဖြစ်ရပ်မျိုး မရှိခဲ့ပေ။ ယဉ်ကျေးမှုအရပင်လျှင် ခင်မင်ရင်းနှီးလွယ်သော မြန်မာတို့အနေဖြင့် အိန္ဒိယနွယ်ဖွားများ၊ တရုတ်နွယ်ဖွားများကို ပျူပျူငှာငှာ ရှိခဲ့ကြပြီး ဗမာအပါအဝင် တိုင်းရင်းသားအားလုံး၊ တရုတ်နွယ်ဖွားများနှင့် အိန္ဒိနွယ်ဖွားတို့မှာ မြန်မာ့အသိုက်အဝန်းဆိုသည့်ပုံစံတွင် ဘောင်ဝင် အောင် နေခဲ့ကြသည်သာ ဖြစ်ပါသည်။

သို့ရာတွင် ကိုလိုနီခေတ်မှစ၍ ဘာသာရေးနှင့် အမျိုးသားရေးဆိုသည်မှာ အကဲဆတ်မခံ၊ ထိလွယ်ရှလွယ်ရှိသည့် သဘာဝကို နိုင်ငံရေးသမား တို့က အကျိုးရှိရှိအသုံးချလာသည်ကို တွေ့ရသည်။ အင်္ဂလိပ်ခေတ် တက္ကသိုလ်ကျောင်းသား သပိတ်မှ အစပြုသည့် လူထုလှုပ်ရှားမှုကြီးကို ကုလား-ဗမာ အဓိကရုဏ်း စတင်လိုက်ခြင်းဖြင့် အာရုံလွှဲခဲ့သည်။ ထိုအချိန်မှစ၍ နိုင်ငံရေးအကျပ်အတည်းပေါ်တိုင်း လူမျိုးရေး ဘာသာရေး အဓိကရုဏ်းဖန်တီးတတ် သည့် ဓလေ့ကို နိုင်ငံရေးဆရာ အဆက်ဆက်တို့က အမွေဆက်ခံခဲ့ကြသည်။ ချစ်လျှင် တဆုံး၊ မုန်းလျှင် တဆုံး စိတ်ကိုအလိုလိုက်လွန်းသည့် မြန်မာတို့ အနေဖြင့် ထိုသို့သော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများဖြစ်လျှင် ဒေါသကိုသာ ရှေ့တန်းတင်၍ လက်ပါခြေပါ ဖြေရှင်းလိုက်ကြသည်သာ များပါ သည်။ သို့ရာတွင် ပင်ကိုယ်စိတ်ရင်းက ရိုးသားသော ကြောင့်လည်းကောင်း၊ ဒေါသပြေလျှင် အငြိုးမထားတတ်သည့် အမူအကျင့်တို့ကြောင့်လည်းကောင်း ဥဒါန်းမကျေသော ရန်ငြိုးဖွဲ့မှုများ မြန်မာနိုင်ငံတွင်မရှိခဲ့။ ကြီးကြီးကျယ်ကျယ်ဖြစ်သည့်တိုင် လပိုင်းထက်ပိုမကြာ၊ နှစ်မကူးဘဲ  အဓိကရုဏ်းဖြစ်စဉ်က အ သေအလဲတိုက်ခိုက်ခဲ့ကြသော ကုလားနှင့် ဗမာ၊ တရုတ်နှင့် ဗမာတို့မှာ ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိသွားသည်သာဖြစ်ပါသည်။ သို့သော်လည်း စိတ်ခံ စားမှု ပြင်းထန်လွန်းသော မြန်မာတို့အနေဖြင့် နောင်ခါလာနောင်ဈေး ရန်ဖြစ်လိုက် ပြန်ချစ်လိုက်၊ ပြန်ချစ်လိုက် ရန်ဖြစ်လိုက်ဖြင့် လူမျိုးရေးဘာသာရေး အဓိကရုဏ်းတို့မှာ ကြိုကြားကြိုကြားဆို သလိုရှိနေခဲ့သည်သာဖြစ်သည်။

မြန်မာပြည်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတို့အနက် အစ္စလာမ်ဘာသာဝင်တို့နှင့် ဖြစ်ပွားသော အဓိကရုဏ်းက အများဆုံးဖြစ်ပြီး တရုတ်နှင့် ဖြစ်ပွားသည့် အဓိကရုဏ်းဟူ၍ တော်လှန်ရေးကောင် စီလက်ထက်က ကြီးကြီးမားမားတစ်ကြိမ်သာ ဖြစ်ပွားခဲ့သည်။ ဤ သည်မှာလည်း ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်ဈေးကျ၍ တိုင်းပြည်အကျပ်အတည်း ဆိုက်ရောက်တော့မည့်အချိန်တွင် စနစ်တကျဖန်တီးခဲ့သော အဓိက ရုဏ်းဖြစ်မှန်း နောင်တစ်ချိန်တွင် ကောင်းစွာ သင်ခန်းစာရခဲ့ကြသည်။ တပ်မတော်အစိုးရလက်ထက်တွင်လည်း တိုင်းပြည်အကျပ်အတည်း ကြုံတွေ့ရ တိုင်း ထိုသို့သော လူမျိုးရေး ဘာသာရေး အဓိကရုဏ်းကို တမင်ဖန်တီးခဲ့သည့် သာဓကများ ဘူးပေါ်သလို ပေါ်ထွက်ခဲ့ဖူးပါ သည်။ မန္တလေး၊ ကူမဲ၊ တောင်ငူ၊ ကန့်ဘလူ၊ ကျောက်ဆည် စသည့်နေရာများတွင် ဖြစ်ပွားခဲ့သည့် ဘာသာရေး အဓိကရုဏ်းများမှာ ထိုစဉ်က အမျိုးသားထောက်လှမ်းရေးအဖွဲ့ ၏ လက်ချက်ဖြစ်ကြောင်း သက်သေများပေါ်ထွက်ခဲ့ဖူးပါသည်။ ၁၉၉၅ အမျိုးသားညီလာခံမှ NLD နှုတ်ထွက်သွားပြီးနောက် မန္တလေးမြို့တွင် ဘာသာရေး အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး ၂၀၀၃ ခုနှစ် ဒီပဲယင်းကိစ္စအပြီးတွင် တောင်ငူနှင့်ကျောက်ဆည်တို့၌ ဘာသာရေး အဓိကရုဏ်းများ ဆက်လက်ဖြစ်ပွားခဲ့သည်။ ထိုစဉ်က ပြည်ပသတင်းဌာနများက ဗလီများကိုဖြိုဖျက်သော သံဃာများမှ ထောက်လှမ်းရေးမှအရာရှိများဖြစ်ကြောင်းကို အမည်၊ ရာထူးနှင့်တကွ ဖော်ပြ ခဲ့သော်လည်း စစ်အစိုးရကမူ သံဃာအတုများမဟုတ်ကြောင်း ၊ သံဃာအတုများမရှိကြောင်း ငြင်းဆိုခဲ့သည်။ (၂၀၀၇ သံဃာ့အရေးအခင်း ဖြစ်ပွားသည့် အချိန်တွင် သံဃာအတုအယောင်များဟု အစိုးရက ကြေငြာခဲ့သည်။)

ဖွဲ့စည်းပုံပါ အခြေခံဥပဒေအရ  ဗုဒ္ဓဘာသာကို လူအများစု ကိုးကွယ်သည့်ဘာသာအဖြစ် အသိအမှတ်ပြု၍ အခြားဘာသာများကိုလည်း ကာ ကွယ်စောင့်ရှောက်မည်ဟူသည့်အချက်ကြောင့် အစိုးရသစ်လက်ထက်တွင် လူမျိုးရေး ဘာသာရေး အဓိကရုဏ်းများ ဆက်လက်ဖြစ်ပွားရန်မရှိတော့ဟု ယူဆရသော်လည်း ယခု ရခိုင်အမျိုးသမီးကိစ္စနှင့် ပတ်သက်၍ ပေါ်ပေါက်လာခဲ့ပါသည်။ ယခုတစ်ကြိမ်တွင်မူ အစိုးရ၏ စနက်မဟုတ်ဟု ယူဆရသော် လည်း အစိုးရအဖွဲ့တွင်းမှ ပုဂ္ဂိုလ်အချို့လည်း ပါနိုင်ပါသည်။ သို့ရာတွင် ယခု ရခိုင်ကိစ္စကိုအကြောင်းပြု၍ လူမျိုးရေး ဘာသာရေး ဖန်တီးရန် ကြိုးပမ်း သူတို့မှာ အစိုးရပြုတ်ကျရေးအတွက် လှုပ်ရှားနေသည့် အတိုက်အခံများသာဖြစ်သည်။ အထူးသဖြင့် ပြည်တွင်းပြည်ပမှ တက်ကြွလှုပ်ရှားသူများက ပြည် သူလူထုကို လမ်းပေါ်တင်ရန် ကြိုးပမ်းသည့် အကြောင်းအရင်းတစ်ခုသာ ဖြစ်သည်။ အစိုးရသစ် စတင်တာဝန်ယူချိန်မှစ၍ ၂၀၁၀ ရွေးကောက်ပွဲ သပိတ် မှောက်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ မြစ်ဆုံကိစ္စ၊ ငါးထောင်တန်ဖုန်းကိစ္စ၊ လျှပ်စစ်မီးကိစ္စ၊ အလုပ်သမားကိစ္စ စသည်ဖြင့် လူထုကို လမ်းပေါ်တင်ရန် ကြိုးပမ်းသည့်ဖြစ်စဉ်များ တောက်လျှောက် ကြိုးပမ်းနေခဲ့သည် ဖြစ်ပါသည်။ အထူးသဖြင့် ယနေ့ဖွံ့ဖြိုးတိုးတက်လာ သည့် Social Media များမှတဆင့် ပြဿနာကို အစပျိုးယူ၍ လူထုကို လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် တောင်းဆိုသမျှ ကိစ္စရပ်များကို အစိုးရဘက်မှ လိုက်လျောသည့်အချိန်တွင်မူ အစိုးရလည်း ဖြေရှင်းမပေးနိုင်သည့် အကဲဆတ်မခံ သည့် လူမျိုးရေး ဘာသာရေးဘက်သို့ ဇောင်းပေးပြောဆိုလာခဲ့ခြင်း ဖြစ်သည်။ ဆူပူမှုများကို ဖန်တီး၍ အစိုးရကို ဖိအားပေးလိုသူတို့၏ ရည်ရွယ်ချက်မှာ ဤတကြိမ်တွင် အထိုက်အလျောက် အောင်မြင်ခဲ့ပါသည်။ ရိုဟင်ဂျာဆိုသည့် ကိစ္စကို ဇောင်းပေး၍ ရိုဟင်ဂျာအရေးမှ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှု များကို ဆော်သြသူများမှာ ပြည်တွင်းနှင့် ပြည်ပ ချိတ်ဆက်ပြီး တမင်တကာ ဖန်တီးကြခြင်းဖြစ်သည်။ အထူးသဖြင့် Facebook စာမျက်နှာများတွင် ထိုသို့ လှုံဆော်သည့် ရခိုင်အကောင့်ရော၊ ဗမာအကောင့်ရော၊ မွတ်စလင်အကောင့်ရော အားလုံးမှာ တစ်ဦးတည်းကလည်းကောင်း၊ တစ်ဖွဲ့တည်းကလည်း ကောင်း ထိုင်ရာမထ ကွန်ပျူတာကလစ်တစ်ချက်နှိပ်ရုံဖြင့် လှုံ့ဆော်နေကြခြင်းဖြစ်ကြောင်း တွေ့လာရခြင်းဖြစ်သည်။ ထိုအကောင့်များကို ခြေရာခံလိုက် လျှင် သုံးသည့်အသုံးအနှုန်းများ၊ IP Adress များ စသည်တို့အားလုံး တူညီနေသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ဤသည်မှာ အတိုက်အခံဘက်က စနစ်တကျ ပြင်ဆင်ထားသည့် တိုက်ကွက်တစ်ခုဖြစ်ကြောင်း တွေ့ရသည့် အချက်များပင်ဖြစ်သည်။ ဤအဖွဲ့အစည်းများတွင် လူမျိုးစုံ ဘာသာစုံပါဝင်နေ ပြီး ရခိုင်လူထုကို တာဝန်ယူလှုံ့ဆော်မည့်သူ၊ ဗမာလူထုကို တာဝန်ယူလှုံ့ဆော်မည်သူနှင့် မွတ်စလင်လူထုကို လှုံ့ဆော်မည့်သူ စသည်ဖြင့် တာဝန်အ သီးသီး ယူထားကြသည်။ မွတ်စလင်တစ်ဦးအနေဖြင့် မွတ်စလင်အချင်းချင်း ဒုက္ခရောက်အောင်မလုပ်ဆိုသည့် ယုံတမ်းစကားမျိုးကို မယုံစားသင့်တော့ပါ။ ညစ်ပတ်သော ကိုယ်ကျိုးရှာ နိုင်ငံရေးသမားမွတ်စလင်သည် မွတ်စလင်လူထုကိုလည်း စတေးရန် ဝန်လေးလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အဓိကရုဏ်း များကို ဖန်တီးနေသူများမှာ ဗုဒ္ဓဘာသာများချည်းမဟုတ်ကြောင်း မြင်နိုင်ပါသည်။  ပြည်ပနေ နိုင်ငံရေးလှုပ်ရှားသူ ဗုဒ္ဓဘာသာဝင်အချို့ကပင်လျှင် ထိုသို့ သော အကွက်ဆင်လှုပ်ရှားမှုများကို သတိပေးခဲ့ကြပြီး ပြည်သူလူထုကို ထောင်ချောက်ထဲ မဝင်မိစေရန် တိုက်တွန်းခဲ့ကြသည်။

ယခုကိစ္စတွင် တက်ကြွလှုပ်ရှားသူများသာမက အစိုးရအဖွဲ့အတွင်းမှ သဘောထားတင်းမာသူများလည်း ပါဝင်လိမ့်မည်ဟု ယူဆနိုင်သည်။ အထူးသဖြင့် အစိုးရ သတင်းစာပါ မွတ်စလင်ကုလားဆိုသည့် အသုံးအနှုန်းဖြစ်သည်။ ဤကိစ္စကြောင့် ရန်ကုန်မြို့နေ အစ္စလာမ်ဘာသာဝင်များက ဆန္ဒပြ ကြသည်။ ဤသည်မှာလည်း လုပ်ပွဲတစ်ခုဖြစ်ကြောင်း တဖြည်းဖြည်း ပေါ်လာသည်။  မြန်မာမွတ်စလင်ဟုသာ တသက်လုံး သုံးစွဲလာခဲ့သည့် အစိုးရ သတင်းစာက မွတ်စလင်ကုလားဟု သုံးနှုန်းခြင်း၊ ပြန်လည်ပြင်ဆင်သည့် အသုံးအနှုန်းတွင်ပင်လျှင် ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်များဟု သုံးနှုန်း ခြင်းတို့မှာ မွတ်စလင်များကို နိုင်ငံသားမဟုတ်ဟု ပုံဖော်ပေးနေသကဲ့သို့ ရှိသည်။ ထိုကိစ္စမှာ လူမျိုးရေး၊ ဘာသာရေးကို မီးလောင်ရာလေပင့် လုပ်သကဲ့ သို့ ဖြစ်သည်။ ခေါင်းမာဂိုဏ်းသားဟု ရှုမြင်ခံရသည့် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏လက်ချက်ဟု အချို့ စွပ်စွဲကြသည်။ ရခိုင်ကိစ္စမဖြစ်ပွားမီ ရက် အနည်းငယ်အလိုက ခေါင်းမာဂိုဏ်းသားဟု ယူဆရသူ ဦးအောင်သောင်းက မန္တလေးမှ မွတ်စလင်ဆန့်ကျင်ရေးဟောပြောလေ့ရှိသည့် ဘုန်းတော်ကြီး တစ်ပါးထံ သွားရောက်ခဲ့သည်ဟူသည့် သတင်းများလည်း ထွက်ပေါ်နေသည်။ နောက်ကြောင်းပြန်လှည့်ပြီး အာဏာသိမ်းလိုသော အစိုးရအဖွဲ့ဝင် ခေါင်းမာဂိုဏ်းသားများက တက်ကြွလှုပ်ရှားသူများ၏ လမ်းကြောင်းတင်မှုကို လှေကြုံစီးခြင်းဟု ယူဆလျှင် ရနိုင်သည်။

အဓမ္မပြုကျင့် လူသတ်မှုဆိုသည်မှာ ရခိုင်ပြည်နယ်တွင် ဘင်္ဂလီနှင့် ရခိုင်တို့အကြား အပြန်အလှန်ဖြစ်ပွားနေခဲ့သည်မှာ  နှစ်ပေါင်းများစွာရှိနေခဲ့ သည်သာဖြစ်သည်။ မြန်မာစစ်တပ်များမှ အစ္စလာမ်ဘာသာဝင်အမျိုးသမီးများကို အဓမ္မပြုကျင့် သတ်ဖြတ်သည့် ဖြစ်ရပ်များမှာလည်း ယုံတမ်းပုံပြင်များ မဟုတ်ပါ။ သို့ရာတွင် ယခုအမှုကျမှ အချိန်ကိုက်ပေါ်လာခြင်းကတော့ တိုက်ဆိုင်လွန်းသည်ဟုဆိုရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ယခုကိစ္စမှာ ကြီးကြီးကျယ်ကျယ် မဖြစ်လိုက်သော်လည်း တက်ကြွလှုပ်ရှားလိုသူတို့၏ဆန္ဒ အနည်းအကျဉ်းတော့ ပြည့်ဝသွားခဲ့ပါသည်။ ပြည်သူလူထု၏ စဉ်းစားတွေး ခေါ်နိုင်မှု မြင့်တက်လာခြင်း၊ သတင်းစီးဆင်းမှုမြန်ဆန်ခြင်း၊ နိုင်ငံရေးအဖွဲ့အစည်းများမှ အချိန်မီထိန်းသိမ်းနိုင်ခြင်းတို့ကြောင့် ယခုကိစ္စတွင် အသိဉာဏ်နည်းပါး၍ ပညာနည်းသည့်လူတစ်စု သူများယောင်၍လိုက်ယောင်ပြီး လမ်းပေါ်ထွက်ခဲ့ခြင်းမှလွဲ၍ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းဖြစ်ပွား မှု မရှိခဲ့ပေ။ နိုင်ငံရေးပွင့်လင်းမှုနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများတွင် လူမျိုးမရွေး၊ ဘာသာမရွေး ပူးပေါင်းပါဝင်နေမှုများကြောင့်လည်း ထိုသို့ ကြီးကြီးကျယ်ကျယ် မဖြစ်ပွားခဲ့ရခြင်းလည်း ဖြစ်သည်။ သို့ရာတွင် နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့် ပညာရေး၊ စီးပွားရေး၊ လူမှုရေး နာကျင်မှုများနှင့် နိုင်ငံရေးအပြောင်းအလဲတွင် လယ်ယာအသိမ်းခံရခြင်း၊ အိုးအိမ်အဖျက်ခံရခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံ နေရမှုများကြောင့် ပစ္စည်းမဲ့ဒေါသများနှင့် ပြည့်နှက်နေသည့် ပြည်သူလူထုအများစု ကျန်ရှိနေသေးသည်ဖြစ်ရာ အချိန်မရွေး ပြန်၍ မီးတောက်လာနိုင် သည့် အခြေအနေ၌ပင် ရှိနေပါသေးသည်။

 ဒီမိုကရေစီ လျှောက်လှမ်းစ နိုင်ငံတစ်နိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေးတို့ကို အကြောင်းပြု၍ တမင်တကာ ဖန်တီးသည့် ပဋိပက္ခများကြောင့် ဒီမို ကရေစီအရေး နောက်ပြန်လှည့်သွားနိုင်မည့်အခြေအနေကို အစိုးရနှင့် နိုင်ငံရေးပါတီများ၊ သြဇာရှိသော နိုင်ငံရေးအင်အားစုများ၊ အုပ်ချုပ်ရေးများ၊ တရား စီရင်ရေးများ၊ လူမှုအသင်းအဖွဲ့များနှင့် မီဒီယာများက ထိန်းကျောင်းတည့်မတ်ပေး၍ အရေးတကြီး ထိန်းကျောင်းပေးကြရန် လိုအပ်နေပြီဖြစ်ပါသည်။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment