yangonchronicle2011 Op-Ed |
၂၇.၁၀.၂၀၁၂
ဆောင်းပါးကဏ္ဍ
- အာဏာရှင်စနစ် ဇာတ်သိမ်းပြီလော။
*****************************************
ဆောင်းပါးကဏ္ဍ
အာဏာရှင်စနစ် ဇာတ်သိမ်းပြီလော။
နိုင်မော်
ကျွန်တော်တို့ နိုင်ငံရေးအကြောင်း လေ့လာကြသောအခါ အာဏာရှင်စနစ်ဟူသော စနစ်တနည်း (Authoritarian) အကြောင်း ကြားဖူးကြပေ လိမ့်မည်။ အဆိုပါစနစ်အရ အာဏာရှင် လူတစ်စု၊ အဖွဲ့အစည်း တစ်ရပ်က တိုင်းပြည်၏ အုပ်ချုပ်ရေး၊ဥပဒေပြုရေး၊ တရားစီရင်ရေးတို့ကို မိမိတို့လိုသလို ကိုင်တွယ်အုပ်ချုပ်သောစနစ်မျိုး ဖြစ်ပေရာ တိုင်းသူပြည်သားတို့မှာ အာဏာရှင်တို့၏ သဘောဆောင်ရာ မူဝါဒများအတိုင်း လိုက်ပါလုပ်ဆောင် နေရပေ သည်။ ကျွန်တော်တို့ နိုင်ငံတွင်လည်း အာဏာရှင်ဟုခေါ်နိုင်သည့် လူတစ်စုတ်ဖွဲ့က အုပ်ချုပ်သော ခေတ်ကာလမျိုး ရှိခဲ့ပေသည်။ အချိန်ကာလအားဖြင့် ၁၉၆၂နောက်ပိုင်းကာလမှ ၂၀၁၀ မတိုင်ခင်အထိ ကာလဖြစ်ပေသည်။ (အဆိုပါကာလအတွင်းဖြစ်ခဲ့သည့် အခြေအနေများကိုမူ အက်ကြောင်းထပ်နေပြီဖြစ် သော အကြောင်းအရာများဖြစ်သဖြင့် ပြန်မပြောလိုတော့ပေ။)
ထိုကာလများအတွင်းက တိုင်းပြည်၏ ရေးရာကိစ္စများကို ဆုံးဖြတ်သည့်နေရာတွင် လူထု၏ သဘောဆန္ဒများကို ထည့်သွင်းစဉ်းစားခြင်းမပြုပေ။ “ငါနှင့်မတူ ငါ့ရန်သူ”ဟု သဘောထားမျိုးရှိခဲ့သည်။ မူဝါဒများသည် ပြည်သူ့ရေးရာ မူဝါဒအသွင်ဖြင့် ပြည်သူကို ကိုယ်စားမပြုဘဲ အစိုးရအာဏာပိုင်ရပ်ဝန်းရှိ လူတစ်စု၏ အကျိုးကိုသာဆောင်သည့် မူဝါဒမျိုး ဖြစ်ခဲ့သည်။ ဥပဒေစည်းမျဉ်းစည်းကမ်းများသည် လူထုကို အကာအကွယ်ပေးသည်မဟုတ် ၎င်းတို့လူတစ်စု ၏ စည်းစိမ်၊ တန်ခိုး သြဇာကိုသာ ကာကွယ်ပေးသည့် ငြိမ်ဝပ်ပိပြားရေးကို ဦးဆောင်သော ဥပဒေမျိုးသာ ဖြစ်ခဲ့သည်။ ဥပဒေ၏အထက်တွင် လူရှိနေခဲ့ပြီး မိမိတို့စိတ်တိုင်းကျ ပြစ်ဒဏ်ချမှတ်မှုမျိုးရှိသည်။ အဆိုပါဖြစ်ရပ်မျိုးကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ရင်ဆိုင်ရသည့် ပြစ်မှုမျိုးတွင် အတွေ့ရများသည်။ အမျိုးသားစီမံကိန်းများ ဆောင်ရွက်ရာတွင်သော်လည်းကောင်း၊ နိုင်ငံခြားတိုင်းပြည်များနှင့် ဖက်စပ်လုပ်ကိုင်သော ကိစ္စရပ်များတွင် လူထု၏ အကျိုးစီးပွားကို အလေးမထားဘဲ ဆောင်ရွက်ခဲ့သည်များ ရှိခဲ့သည်။
အဆိုပါကိစ္စများသည် သူတို့အုပ်ချုပ်စဉ် ကာလတွင် တစ်ဖက်မှ မည်သို့မျှ တုန့်ပြန်ရန် မစွမ်းနိုင်သောကြောင့် ခေါင်းငုတ်နှုတ်ဆိတ်နေကြသည်။ သို့ရာတွင် အဆိုပါကိစ္စသည် အပြောင်းအလဲနှင့် ကြုံတွေ့ရသော ၂၀၁၀ခုနှစ်နှောင်းပိုင်း တွင်တက်လာသော ဒီမိုကရေစီအစိုးရလက်ထက်တွင် များစွာ အခက်တွေ့လာစေခဲ့သည်။ ဒီမိုကရေစီစနစ်အရ ပြည်သူသည်သာ အာဏာပိုင်ဖြစ်သောကြောင့် အာဏာရှင်တို့လုပ်ခဲ့သည့် ကိစ္စသည် အစိုးရသစ်တို့ ကိုင် တွယ်ရာတွင် ခက်ခဲရလေတော့သည်။
မြစ်ဆုံကိစ္စဆိုလျှင် အာဏာရှင်တို့လက်ထက်က စခဲ့သောစီမံကိန်းဖြစ်ရာ အစိုးရသစ်တက်လာသောအခါ ကန့်ကွက်မှုများ ဖြစ်လာရသည်။ အစိုးရ အနေဖြင့်လည်း အင်အားကြီးသည့် ပြည်သူ့ဆန္ဒသဘောထားကို လိုက်နာရသောကြောင့် ရပ်ဆိုင်းလိုက်ရသည်။ အကျိုးဆက်အနေဖြင့် စာချုပ်ချုပ်ဆိုထား သည့်တရုတ်နှင့် မျက်နှာပျက်ရသည်။
လယ်ယာမြေနှင့်ပတ်သတ်၍ အစိုးရ ခရိုနီကုမ္ပဏီများအား ရောင်းချလုပ်ကိုင်ရန် လယ်သမားများပိုင်မြေယာများကို ရောင်းစားသည်။ အကျိုးဆက် အနေဖြင့် လယ်သမားများ လယ်မြေများ ဆုံးရှုံးရသည်။ လယ်သမားနှင့် ပုဂ္ဂလိကအကြား ပဋိပက္ခ ဖြစ်ရသည်။ အကျိုးဆက် အနေဖြင့် လယ်ယာမြေ အငြင်း ပွားမှုများ ဖြစ်ရသည်။ နောက်ဆုံး လွှတ်တော်မှ လယ်ယာမြေကိစ္စစုံစမ်းရေး ကော်မရှင်ဖွဲ့၍ပင် ပြည်သူများ၏ လယ်မြေများအတွက် ဆောင်ရွက်လာရသည် ကို တွေ့ ရသည်။
ထို့ပြင် လွှတ်တော်မှလည်း “လွှတ်တော်အသံ၊ ပြည်သူ့အသံ၊ ပြည်သူရဲ့လိုလားချက် လွှတ်တော်မှ ဖော်ဆောင် ရွက်”ဟူသော ကြွေးကြော်သံဖြင့် လွှတ်တော်အမတ်များ၊ ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူ့အကျိုးအတွက် ဥပဒေများ ပြဋ္ဌာန်းနေကြပြီ။ အဆိုများ အပြိုင်အဆိုင် တင်သွင်းနေကြပြီ။
အစိုးရမှလည်း ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ ဖြစ်စေရေး ဆောင်ရွက်နေပြီ။ လာဘ်ပေး လာဘ်ယူ ကိစ္စများကို အထူးတ စိုက် ကြပ်မတ်ဆောင်ရွက်လာသည်။ ပြည်သူ့အကျိုးပြုရေးအတွက် ခေတ်ဟောင်းက နောက်ပြန်လှည့်လိုသည့် အတွေးအခေါ်ရှိသူများကို ချန်ထားခဲ့ပြီး တကယ်လက်တွေ့ စွမ်းရည်ရှိသည့် ဝန်ကြီးများဖြင့် အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နေပေပြီ။ လူဖြင့်အုပ်ချုပ်ရေးစနစ်မှ မူဖြင့်စည်းမျဉ်းစည်းကမ်း ပြဋ္ဌာန်း ပြီး အုပ်ချုပ်သည့်စနစ်ကို အသက်သွင်းလာပြီ။
တစ်ဖက်က ပြည်သူများကို ကိုယ်စားပြုသည့် အရပ်ဖက်အဖွဲ့စည်းများကလည်း လူထုမနစ်နာစေရေးအတွက် တောင်းဆိုမှုများကို ပံ့ပိုးအားပေး ဆောင်ရွက်လာသည်။ လွှတ်တော်ပြင်ပ နိုင်ငံရေးသမားများကလည်း ပြည်သူများ တန်းတူမျှရေးနှင့် ပွင့်လင်းသောလူ့အဖွဲ့အစည်း ဖြစ်လာရေးကို ဆောင် ရွက်နေကြပေပြီ။ အတိုက်အခံပါတီကလည်း ပြည်သူ့အခွင့်အရေးအတွက် လုပ်ဆောင်လာပြီ။ ပြည်သူကိုစော်ကားသောစကား မဟမိလေနှင့် ဟမိလျှင် ထိုသူနာဖို့အထိရှိသည့် အနေအထားမျိုး၊ ပြည်သူကိုမလေးစားလျှင် နေရာမရှိနိုင်တော့၊ အစိုးရကလည်း ပြည်သူ့အတွက်၊ ရဲကလည်း ပြည်သူ့အတွက်၊ တပ် မတော်ကလည်း ပြည်သူ့အတွက်ဟူသော ခံယူချက်ဖြင့် ဦးတည်ဆောင်ရွက်လာပေပြီ။ အမှန်စင်စစ် ခေတ်ပြောင်းသွားလေပြီတကား၊ ၂၀၁၀အကျော် ၂၀၁၂ မြန်မာပြည်သည် ပြည်သူလူထုအခြေပြုသည့် နိုင်ငံတစ်ခုဖြစလာပေပြီ။ ပြည်သူမလိုလားလျှင် OICပင် မြန်မာနိုင်ငံတွင် ရုံးစိုက်၍မရနိုင်ပေ။ ပြည် သူ့ဆန္ဒနှင့် အရာရာကိုချိန်ညှိနေရသည့်အချိန် ရောက်နေလေပြီ။
နိုင်ငံတော်သမ္မတကြီးကလည်း ပြည်သူ့အတွက်၊ လွှတ်တော်ဥက္ကဋ္ဌကြီးကလည်း ပြည်သူ့အတွက်၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူ့အ တွက်ဟူ၍ ဦးတည်ဆောင်ရွက်နေလေပြီ။ ထို့ပြင် ၎င်းတို့အချင်းချင်းလည်း ပူးပေါင်းဆောင်ရွက်နေလေပြီ၊ တရားရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးတို့သည် လည်း အပြန်အလှန် ထိန်းကျောင်းနေပေပြီ၊ တစ်ဘက်အမှားကို တစ်ဘက်မှ ပြင်ပေတော့မည်၊ စွပ်စွဲပြစ်တင် ဖြုတ်ချပေ တော့မည်။ သို့ဖြစ်ရာ ငါတကော ကော အာဏာရှင်အငွေ့အသက်ရှိသူများ ဟောက်စားလုပ်၍မရတော့။ သူတို့အတွက်နေရာမရှိဖြစ်ရပေပြီ။ အာဏာရှင်တို့ သားစဉ်မြေးဆက် ကောင်းစားရေး ဝါဒမှသည် ပြည်သူ့လူထုကောင်းစားရေးဝါဒသို့ ချဉ်းကပ်လာပေပြီ။ အာဏာရှင်မှ အရပ်ဘက်သို့ ပြောင်းလာသူတို့ ဒီမိုကရေစီနီတိများ သင်ကြားလာကြပြီ၊ နှုတ်ကနေလည်း ဒီမိုကရေစီကို ဆိုလာကြပြီ၊ ပြည်သူ့ဆန္ဒဟု ဆိုလာကြပေပြီ။
သို့ဖြစ်ရာ အာဏာရှင်စနစ်ကား တဖြည်းဖြည်းချင်း ဇာတ်သိမ်းခန်းနေဝင်ချိန်သို့ပင် ရောက်လာပြီ။ မြန်မာပြည်၏ အာဏာရှင်ဇာတ်သိမ်းခန်းကား သိမ်းမွေ့လှသည်တကား။ အာဏာရှင်တို့သည်ကား ကျွန်တော်တို့ မြန်မာပြည်အား ဖြေရှင်းရာ ပြဿနာတစ်ပုံတစ်ပင်နှင့် ထားခဲ့ပြီဖြစ်သည်။
***************************************