Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၈.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၆၀၀၀ နီးပါး ထိုင်းရေပြင်သို့ ဝင်ရောက်ခဲ့

(AFP News မှ 7 feb 2013 ရက်စွဲပါ “Nearly 6000 Rohingya refugees enter Thai waters” သတင်းကို ဘာသာပြန်ပါသည်)

  1. မြန်မာနိုင်ငံတွင် စစ်တပ်မှအမွေဆက်ခံနေသည့် နေရာအဖြစ်မှ ပြင်ဆင်နေသည့်ဗဟိုဘဏ်

(8 February 2013 ရက်စွဲပါ Bloomberg Ten Kate Kyaw Thu တို့ ရေးသားသည့် Myanmar Central Bank overhaul to end army legacy: Southeast Asia ကိုဘာသာပြန်ပါသည်)

***************************************************************

ဘာသာပြန်သတင်းများ

ရိုဟင်ဂျာ လှေစီးဒုက္ခသည် ၆၀၀၀ နီးပါး ထိုင်းရေပြင်သို့ ဝင်ရောက်ခဲ့

(AFP News မှ 7 feb 2013 ရက်စွဲပါ “Nearly 6000 Rohingya refugees enter Thai waters” သတင်းကို ဘာသာပြန်ပါသည်)

Photo Credit - AFP

အောက်တိုဘာလနောက်ပိုင်းတွင် ရခိုင်ပြည်နယ် ပဋိပက္ခမှရှောင်ပြေးလာကြသော ရိုဟင်ဂျာစက်လှေစီးသူ ၆၀၀၀ နီးပါးခန့် ထိုင်းရေပြင်ပိုင်နက်သို့ တရားမဝင် ဝင်ရောက်လာခဲ့သည်ဟု ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ကြာသာပတေးနေ့က ပြောကြားလိုက်သည်။

ထိုင်းပိုင်နက်အတွင်းသို့ ဝင်ရောက်လာသော ရိုဟင်ဂျာ ၅၈၉၉ ဦးအနက်မှ ၁၇၅၂ ဦးမှာ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာန၏ စင်တာများ၊ ရဲစခန်းများ၊ ယာယီဒုက္ခသည်စခန်းများတွင် ရှိနေကြသည်ဟု ထိုင်းစစ်ဖက်၏ ပြည်တွင်းလုံခြုံမှုဆိုင်ရာ စစ်ဆင်ရေးဌာနက (ISOC) က ဆိုပါသည်။

အချို့စက်လှေများကို ပင်လယ်ပြင်သို့ ပြန်လွှတ်ခဲ့သည်ဟု ISOC ပြောရေးဆိုခွင့်ရှိသူ ဒီသာပွန်ဆာဆစ်စမစ်က ပြောကြားသော်လည်း အရေအတွက် မည်၍မည်မျှဟု ပြောကြားနိုင်ခြင်းမရှိပါ။

စစ်ဖက်အရာရှိများ ပတ်သက်နေသော လူကုန်ကူးသူများ၏လက်သို့ ထိုင်းနိုင်ငံရောက် ရိုဟင်ဂျာအချို့ရောက်ရှိသွားသည်ဟူသော သတင်းများကို စုံစမ်းစစ်ဆေးနေကြောင်း ထိုင်းအာဏာပိုင်များက ယခင်လကထုတ်ဖော်ပြောဆိုထားပါသည်။

လူကုန်ကူးသူများက ယင်းရိုဟင်ဂျာများကို မလေးရှားသို့ တရားမဝင်ပို့ရန်အတွက် ငွေအမြောက်အများ တောင်းခံခဲ့ပြီး ပိုက်ဆံမပေးနိုင်သူများမှာ အဓမ္မအခိုင်းခံလုပ်သားအဖြစ် ပေးဆပ်ကြရသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြားသည်။

လက်ရှိထိုင်းနိုင်ငံရောက် ရိုဟင်ဂျာများအနေဖြင့် ၎င်းတို့ကိုလက်သင့်ခံမည့် တတိယနိုင်ငံများကို ထိုင်းအစိုးရနှင့် UNHCR တို့က ပူးပေါင်းရှာဖွေပေးနေချိန်တွင် ယာယီစခန်း၌ ၆ လအထိ နေခွင့်ရမည်ဟု ထိုင်းအစိုးရ တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။

သို့သော်လည်း ရောက်လာသမျှရိုဟင်ဂျာများကို ပြန်မောင်းထုတ်မည်ဟု ထိုင်းအာဏာပိုင်များက ခြိမ်းခြောက်လျှက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာဖက်ခြမ်းတွင်နေထိုင်ကြသော ရိုဟင်ဂျာ ၈၀၀၀၀၀ ခန့်ကို ဘင်္ဂလားဒေ့ရှ်ဖက်မှ တရားမဝင်ရွှေ့ပြောင်း ဝင်ရောက်လာသူများဟု မြန်မာအစိုးရက သတ်မှတ်ထားပြီး၊ နိုင်ငံသားအဖြစ် အသိအမှတ်မပြုပေ။

ရိုဟင်ဂျာ အမည်ခံထားသော ဘင်္ဂလားဒေ့ရှ်မျိုးရင်း ဘင်္ဂါလီများကို လူဦးရေပေါက်ကွဲမှုရင်ဆိုင်နေရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း လက်သင့်ခံလိုခြင်းမရှိပေ။

၂၀၁၂ ခုနှစ်အတွင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ စွန့်ခွာထွက်ပြေးလာသော ရိုဟင်ဂျာလှေစီး ဒုက္ခသည် ၁၃,၀၀၀ ခန့်ရှိသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားပြီး၊ အချို့မှာ ပင်လယ်ပြင် စွန့်စားခန်းခရီးတွင် အသက်ဆုံးရှုံးသွားခဲ့ကြသည်ဟု သိရှိရသည်။

မြန်မာအစိုးရ အနေဖြင့် ၎င်းတို့၏ ပြည်တွင်းရေးကိစ္စဟုဆိုသော ရိုဟင်ဂျာ ပြဿနာကို ဂရုတစိုက်ဖြေရှင်းခြင်းမရှိပါက အာဆီယံဒေသအတွင်း ပြဿနာအဖြစ် ကြီးထွားလာနိုင်ပြီး၊ မလက္ကာရေလက်ကြား လုံခြုံမှုကိုပင် ထိခိုက်လာနိုင်သည်ဟု အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ် က သတိပေးပြောဆို ထားသည်။

-------------------------------------------------------------------------------------------------

မြန်မာနိုင်ငံတွင် စစ်တပ်မှအမွေဆက်ခံနေသည့် နေရာအဖြစ်မှ ပြင်ဆင်နေသည့်ဗဟိုဘဏ်

(8 February 2013 ရက်စွဲပါ Bloomberg Ten Kate Kyaw Thu တို့ ရေးသားသည့် Myanmar Central Bank overhaul to end army legacy: Southeast Asia ကိုဘာသာပြန်ပါသည်)

မြန်မာနိုင်ငံမှ ဗဟိုဘဏ်သည် အကြီးစားပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး၊ လွှတ်တော်ကလည်း ဗဟိုဘဏ်အနေဖြင့် ငွေကြေးမူဝါဒများကို လွတ်လပ်စွာချမှတ်ခွင့်ရမည့် အဖွဲ့ဖြစ်လာရေး ဥပဒေကို ပြင်ဆင်ရေးဆွဲလျက်ရှိပါသည်။

လက်ရှိ အဆိုပြုထားသောဥပဒေကို ဂျပန်၊ထိုင်း၊ IMF၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ အကူအညီဖြင့်ရေးဆွဲထားပြီး လွှတ်တော်က အပေါ်ယံပြင်ဆင်မှုမျှသာ ပြုလုပ်ပြီး သမ္မတထံပေးပို့ခဲ့ရာ၊ ဦးသိန်းစိန်သည် လာမည့်လတွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း လွှတ်တော်တွင် ဘဏ်များ၏ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင် ဦးဝင်းမြင့်က ပြောပါသည်။

ယခင်က ဗဟိုဘဏ်တွင် စစ်တပ်မှအရာရှိများကိုသာ ခန့်အပ်ကြောင်း ဦးဝင်းမြင့်က နေပြည်တော်တွင် ဖေဖော်ဝါရီလ (၅) ရက်က ကျင်းပသော အင်တာဗျူး၌ ပြောကြားခဲ့ပါသည်။ “သူတို့က စစ်တပ်ကလာတော့ စစ်တပ်နဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုနဲ့ဆိုင်တဲ့ လေ့ကျင့်သင်ကြားမှုဘဲရှိတာပေါ့။ အခုတော့ ငွေကြေးမူဝါဒ၊ ဘဏ်ကဏ္ဍနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေမှာ ပညာရှင်တွေရှာနေပါတယ်” ဟု ၎င်းကပြောပါသည်။

ဗဟိုဘဏ်သည် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ငွေရိုက်ထုတ်သောဌာနတစ်ခုအဖြစ်မှ မက်ခရိုစီးပွားရေး တည်ငြိမ်မှုအတွက်တာဝန်ရှိသော လွတ်လပ်သည့် အာဏာပိုင်အဖွဲ့အဖြစ် အသွင်ပြောင်းရာတွင် မှန်ကန်ပြီးထူးချွန်သော ပညာရှင်များရှာဖွေရေးမှာ အကြီးဆုံးစိန်ခေါ်မှုပင်ဖြစ်ပါသည်။ ဦးသိန်းစိန်သည် ပြီးခဲ့သည့်နှစ်က ငွေလဲလှယ်မှုနှုန်း အသေထားရှိမှုကို ပယ်ဖျက်ပြီး၊ ကမ္ဘာ့ငွေကြေးစနစ်ဖြင့် ပြန်လည်ချိတ်ဆက်ရန် ကြိုးပမ်းလာကာ ဒေါ်လာ ၁၁ ဘီလျံရှိ ဆိုးဝါးသော ကြွေးမြီများရှင်းပစ်နိုင်ရေးကိုလည်း လုပ်ဆောင်လာပါသည်။

“ကျွန်တော်တို့က ဥပဒေအသစ်၊ အဖွဲ့အသစ်ကို စောင့်ကြည့်နေပါတယ်။” ဟု IMF ၏ အာရှနှင့် ပစိဖိတ်ဌာန အကြီးအကဲ Anoop Singh က ဖေဖော်ဝါရီလ (၅) ရက်နေ့က နေပြည်တော်တွင် ပြောကြားခဲ့ပါသည်။ “ကျွန်တော်တို့အနေနဲ့ကတော့ ပိုမိုလွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်ရပြီး ဝန်ထမ်းအသစ်တွေနဲ့ တွေ့ရဖို့မျှော်လင့်ပါတယ်။ ဒါဟာတိုင်းပြည်တိုင်းအတွက် ကြီးမားတဲ့အပြောင်းအလဲပါ။ မြန်မာနိုင်ငံလို တံခါးပိတ်စီးပွားရေးကို နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့တဲ့တိုင်းပြည်မှာ ပိုမိုကြီးမားလှပါတယ်” ဟု၎င်းကပြောပါသည်။

IMF သည်မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရန် စီစဉ်နေပြီး၊ နည်းပညာကျွမ်းကျင်သူ လေးဦးအထိထားရှိပြီး ဗဟိုဘဏ်၏ အသွင်ကူးပြောင်းရေးကာလကို ကူညီမည်ဖြစ်သည်ဟု Singh က ပြောပါသည်။ ကမ္ဘာ့ဘဏ်နှင့် ADB တို့သည် ပြီးခဲ့သည့်နှစ်က ရန်ကုန်တွင် ရုံးများဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံဗဟိုဘဏ်၏ လက်ရှိဥပဒေကို ၁၉၉၀ ခုနှစ်က ဗိုလ်ချုပ်မှူးကြီးစောမောင် လက်မှတ်ရေးထိုး ထားခဲ့ခြင်ဖြစ်ပါသည်။

ယခု မြန်မာနိုင်ငံတော်၌ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေခြင်းကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က မြန်မာနိုင်ငံအပေါ် အရေးယူထားမှုများအား ဖြေလျှော့ပေးခဲ့ပြီး၊ ဖွံ့ဖြိုးရေးဘဏ်များကို ပြန်လည်ဆက်ဆံရန်ခွင့်ပြုခဲ့ပါသည်။ ဗဟိုဘဏ်သည် မကြာမီတွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားဘဏ်များနှင့် ဖက်စပ် ထူထောင်ခွင့်ပြုတော့မည်ဖြစ်ရာ Standard Chartered Ple နှင့် ဂျပန်၏ Mizuho Corporate Bank Ltd တို့ကို ဆွဲဆောင်လျက်ရှိပါသည်။

ဘဏ်ကျွမ်းကျင်သူများ မဟုတ်ခြင်း

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက အလုံးအရင်းဝင်ရောက်ရင်းနှီးမြှုပ်နှံရန် စဉ်းစားလျက်ရှိရာ ဗဟိုဘဏ်သည် ငွေကြေးမူဝါဒကို ထိရောက်စွာ အကောင်အထည်ဖော်မည့် ကျွမ်းကျင်သူပညာရှင်များ ပိုမိုလိုအပ်ကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌဟောင်းနှင့် အကြီးဆုံးပုဂ္ဂလိကဘဏ် ဖြစ်သော ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင် ကပြောပါသည်။

“ဗဟိုဘဏ်က တာဝန်ရှိသူအများစုဟာ ဘဏ်လုပ်ငန်းက လာတဲ့သူတွေမဟုတ်ပါဘူး။ ဒါတွေကို လဲလှယ်ပစ်ရပါမယ်။ ဘဏ်လုပ်ငန်းက မဟုတ်သူတွေ ဝင်မလာသင့်ပါဘူး” ဟု ၎င်းက အင်တာဗျူးတွင် ပြောပါသည်။

ဥပဒေသစ် အသက်ဝင်လာပါက ဗဟိုဘဏ်သည်ဝန်ထမ်းဦးရေနှစ်တိုး၍ ဌာနခွဲသစ်များဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိကြောင်း ငွေကြေး အဖွဲ့များကြီးကြပ်ရေး နှင့် ငွေမည်းခဝါချမှု တိုက်ဖျက်ရေးဌာန အကြီးအကဲ ဒေါ်ခင်စောဦး၏ အဆိုအရသိရှိရပါသည်။ သူက လက်ရှိဗဟိုဘဏ် တာဝန်ရှိသူ အတော်များများသည် စစ်တပ်မှလာသူများ ဖြစ်ကြောင်းဆိုပါသည်။

စီးပွားရေးပညာရှင်များလိုအပ်

ဥပဒေတွင် ဗဟိုဘဏ်ဘုတ်အဖွဲ့ဝင်အားလုံးသည် ဗဟိုဘဏ်လုပ်ငန်းများနှင့် ဆက်စပ်သည့် နယ်ပယ်များတွင် ကျွမ်းကျင်သူများဖြစ်ရန် လိုအပ်ကြောင်း သူကဆိုပါသည်။ ဗဟိုဘဏ်တွင် ဥပဒေ၊ စာရင်းကိုင်၊ စာရင်းစစ် နှင့် စီးပွားရေးနှင့် ပတ်သက်သော မဟာဘွဲ့ရများရှာဖွေနေကြောင်း ဒေါ်ခင်စောဦး ကဆိုပါသည်။ ၎င်းသည် နယူးယောက်ရှိ ကိုလံဘီယာတက္ကသိုလ်မှ မဟာဘွဲ့ရကတည်းက ဗဟိုဘဏ်တွင်အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်ပါသည်။

“မကြာတော့တဲ့ ကာလမှာကျွန်မတို့ ဝန်ထမ်းတွေဟာ ဒီတာဝန်ကိုထိရောက်စွာ လုပ်ကိုင်နိုင်တော့မှာပါ”ဟု ဒေါ်ခင်စောဦးက နေပြည်တော်ရှိ ရုံးချုပ်၌ ဖေဖော်ဝါရီလ (၅) ရက်နေ့က ပြောကြားခဲ့ပါသည်။

“ကျွန်မတို့ဟာ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ကနေ သီးခြားခွဲထွက်ပြီး၊ လွတ်လပ်တဲ့အဖွဲ့ ဖြစ်လာမှာပါ။ ကျွန်မတို့ဟာ တိုက်ရိုက် လိုငွေပြတဲ့ငွေကြေးစနစ်ကို ရပ်ပစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် တံခါးဖွင့်ဈေးကွက် လုပ်ဆောင်မှုတွေကို အကောင်အထည်ဖော်သွားမှာပါ” ဟုဒေါ်ခင်စောဦးက ပြောပါသည်။

ယခုအခါ ဗဟိုဘဏ်သည် အစိုးရ၏ ဘဏ္ဍာနှစ်လိုငွေ၏ ၄၀% ခန့်ကို ငွေကြေးဖြည့်တင်းပေးနေရကြောင်း ၎င်းကပြောပါသည်။ ယခု မတ်လ (၃၁) ရက်ကုန်ဆုံးမည့် ဘဏ္ဍာနှစ်တွင် လိုငွေပြမှု ၅.၂၅% သို့ကျဆင်းသွားမည်ဖြစ်ပြီး၊ လွန်ခဲ့သောနှစ်က ၆% ထိရှိခဲ့ပါသည်။ ဈေးကွက်အခြေခံသော ငွေလဲလှယ်မှုစနစ်ကြောင့် နိုင်ငံပိုင်လုပ်ငန်းများ ဝင်ငွေမြင့်လာခြင်းကြောင့် ကျန်းမာရေး၊ ပညာရေးနှင့် အခြေခံအဆောင်အဦတို့တွင် ပိုမိုသုံးစွဲ လာနိုင်ကြောင်း IMF ၏ အဆိုအရ သိရှိရပါသည်။

စွမ်းအင်၊ အခြေခံအဆောက်အဦး

မြန်မာနိုင်ငံ၏ စီးပွါးရေးသည် ယခု မတ်လ (၃၁) ရက်နေ့ကုန်ဆုံးမည့် ဘဏ္ဍာနှစ်တွင် ၆.၃% တိုးတက် ဖွယ်ရှိပြီး  လွန်ခဲ့သောနှစ်က ၅.၅% ထိရှိခဲ့ပါသည်။ အကယ်၍ ပြုပြင်ပြောင်းလဲရေးများ ဆက်လက်လုပ်ကိုင်ပါက လာမည့် ငါးနှစ်အတွင်း ၇% ထိတိုးတက်နိုင်ကြောင်း ပြီးခဲ့သည့်လက ထုတ်ပြန်သော IMF အစီရင်ခံစာက ပြောပါသည်။ IMF က မြန်မာနိုင်ငံအား စွမ်းအင်နှင့်အခြေခံအဆောက်အဦး စီမံကိန်းများအတွက် ပြင်ပမှ non-concessional ချေးငွေများကို ကန့်သတ်ရန်၊ ၂၀၁၃ တွင် ဒေါ်လာ ၂ ဘီလျံထိသာ ကန့်သတ်ရန်တောင်းဆိုခဲ့ပါသည်။

ကျပ်ငွေသည် ဖေဖော်ဝါရီလ (၆) ရက်နေ့က တစ်ဒေါ်လာလျှင် (၈၅၆) ကျပ်ရှိရာ ဧပြီလက အရှင်မျောပြီးသည့်နောက်ပိုင်း ၄.၈% ကျဆင်းသွားခဲ့ပါသည်။ လာမည့်နှစ်များတွင် ရင်းနှီးမြှုပ်နှံသူများကြောင့် ငွေအရင်းအနှီးများ မြန်မာနိုင်ငံတွင်းသို့ စီးဝင်လာတော့မည်ဖြစ်ရာ ဗဟိုဘဏ် အနေဖြင့် ငွေကြေးနှင့် ငွေလဲလှယ်မှု လုပ်ငန်းများလုပ်ဆောင်နိုင်ရန် အားကောင်းဖို့လိုအပ်လာသည်ဟု မြန်မာနိုင်ငံ IMF မစ်ရှင်အကြီးအကဲ Matt Davies ၏ အဆိုအရသိရှိရပါသည်။

“အာဏာပိုင်တွေက သူတို့မှာပညာရှင်တွေလိုအပ်နေတယ်ဆိုတာ သိပါတယ်။ တိုင်းပြည်ထဲကရော၊ အပြင်ကရော ရသမျှလိုချင်နေပါတယ်။ သူတို့ အကြံဥာဏ်ပေးမှုကို စိတ်အားထက်သန်စွာ လက်ခံချင်နေပါတယ်” ဟု Davies က ဖေဖော်ဝါရီလ (၅) ရက်နေ့က ပြောပါသည်။

*********************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment