Quote & Comment and News in brief |
သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ
မေး။ စောင့်ကြည့်အဖွဲ့တွေ ဖြစ်လာဖို့ နိုင်ငံတော်အဆင့် ဖြစ်အောင် ဘယ်လို့ဆက်လက် လုပ်သွား မလဲသိချင် ပါတယ်။
ဖြေ။ ကျွန်မတို့က တောင်းလဲတောင်းဆိုပါတယ်။ သဘောတူညီချက်တိုင်းမှာလဲ သူတို့ဆွေးနွေးတိုင်းပါပါ တယ်။ စောင့် ကြည့်အဖွဲ့တွေ စနစ်တကျဖွဲ့ပေးဖို့ကတော့ လက်နက်ကိုင်အားလုံးရဲ့ဆန္ဒဖြစ်ပါတယ်။ ဖွဲ့စည်းဖြစ်ဖို့ ကတော့ တစ်ဆင့် တစ် ဆင့် သွားရမယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီကနေ တစ်ဆင့်ပြီးတစ်ဆင့် သွားရပါမယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အစိုးရစစ်တပ်ကြားမှာ ဂျူရီလိုအဖွဲ့မျိုး ရှိသင့်ပါတယ်”
၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် နေ့စဉ်ထုတ်သတင်းစာ အတွဲ (၁ ) အမှတ် ( ၁၀၁) တွင်ပါရှိသော “ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဆိုင်ရာ စောင့်ကြည့် အဖွဲ့ ထားရှိရန် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF)တောင်းဆို” သတင်းမှ ညီနောင်တိုင်းရင်း သားပါတီများ ဖက်ဒရေးရှင်းမှ ဒါရိုက်တာ ဒေါ်ချင်းချင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“နယ်ခြားစောင့် ထိန်းသိမ်းရေး တပ်တစ်ခုဖွဲ့ ပြီးတော့ အဖွဲ့တစ်ဖွဲ့က ကွန်မန်ဒါတစ်ယောက်ပဲ ထားပြီးလုပ်စေချင်တယ်။ ဖြစ်နိုင်ရင်တော့ နိုင်ငံတော်သမ္မတကြီးက တိုတ်ရိုတ်ကွပ်ကဲတဲ့ ကွန်မန်ဒါဖြစ်အောင် ထားပေးသင့်တယ်”
၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ထုတ် The Yangon Times နေ့စဉ်ထုတ်သတင်းစာ အတွဲ ( ၁ ) အမှတ် ( ၆၆ ) တွင် ပါရှိသော “ နစက နေရာတွင် သမ္မတတိုတ်ရိုက်ကွပ်ကွဲသည့် ညွှန်ကြားသူထားသင့် ဟု ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ပြော”သတင်းမှ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“ကာချုပ်ကိုယ်တိုင် ဆွေးနွေးရင်လည်း ကောင်းတယ်။ ကျန်တဲ့လူတွေလည်း အလေးထားတာပေါ့နော်။ သူကိုယ်တိုင်ပါဝင် မဆွေးနွေးနိုင်ရင်လည်း သွားတဲ့လူကို လုပ်ကိုင်ခွင့် အပြည့်ပေးဖို့ လိုတယ်။ ပြောရေးဆိုခွင့် လုပ်ပိုင်ခွင့် အပြည့်အဝ ရရှိဖို့အ ရေးကြီးတယ်။ ဆုံးဖြတ်ပိုင်ခွင့်တွေကို သွားတဲ့သူကို အပြည့်အဝမပေးတော့ အထက်ကို ပြန်မေးရဦးမယ်ဆိုပြီးပဲ ပြောနေ တော့ အချိန်လည်းကြာတယ်။ အဲဒီတော့ ပြည်သူတွေလည်း နစ်နာတယ်။ တိုင်းပြည်လည်း နစ်နာတယ်”
၂၀၁၃ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာ အတွဲ(၁) အမှတ် (၉၄) တွင် ပါရှိသော “ တပ်မတော်ကိုယ်စားလှယ် ဆုံးဖြတ်ပိုင်ခွင့် ပေးရန် လို” သတင်းမှ ပြည်သူလွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီမှ အတွင်းရေးမှူး ဒေါ်ဒွဲဘူ၏ ပြောကြားချက်အား ကောက်နှုတ် ချက်။
“လွှတ်တော်နိုင်ငံရေးသမားပဲ ဖြစ်ဖြစ်၊ လွှတ်တော်ပြင်ပနိုင်ငံရေးသမားပဲ ဖြစ်ဖြစ် နိုင်ငံရေးပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ အချိန်မှာ စီးပွားရေးကို ဘယ်လောက်ထိ နားလည်ထားသင့်သလဲ ခင်ဗျာ။
အခုလို အသွင်းကူးပြောင်းရေး သွားတဲ့နိုင်ငံမျိုးမှာ အရေးကြီးဆုံးပဲ။ ဘာဖြစ်လဲဆိုတော့ အရင်တစ်လျှောက်လုံးမှာ ဗဟိုချုပ် ကိုင်တဲ့ စီးပွားရေးကနေ ဈေးကွက်စီးပွားရေးကို ပြောင်းပြီဆိုရင် ဈေးကွက်စီးပွားရေး ပီပီပြင်ပြင်ပေါ်လာအောင် ဆိုတာက လွှတ်တော်နိုင်ငံရေးသမားက ဈေးကွက်စီးပွားရေးကို ပီပီပြင်ပြင်ဖော်ဆောင်နိုင်ဖို့အတွက် ဥပဒေတွေကို ခိုင်ခိုင်မာမာ ချမှတ်နိုင်ရမယ်။ နောက်နိုင်ငံရေးသမားက ကျွန်တော်အမြင်ပြောပြရင်တော့ အနိမ့်အဆင့် နိုင်ငံရေးသမားဟာ ဘာသာရပ် သုံးခုလောက်ကို ဘွဲ့ရအဆင့်၊ ဘွဲ့ရအဆင့်ဆိုတာ စာရွက်တစ်ရွက်ရတဲ့ ဘွဲ့ရအဆင့်ကို ပြောတာ မဟုတ်ဘူး။ အဲသလောက် အခြေခံလောက်တော့ တီးမိခေါက်မိ ရှိသင့်တယ်လို့ ကျွန်တော်က မြင်တယ်။ ဥပဒေဆိုလည်း သာမန်ဥပဒေဘွဲ့ရတဲ့ လူလောက်ကိုလေ့လာထားသင့်တယ်။ သမိုင်းနဲ့ ပတ်သက်လို့ ကိုယ့်နိုင်ငံရဲ့သမိုင်း နိုင်ငံတကာ ဖြစ်စဉ်တွေ ပတ်သက်လို့ ခေတ်ပြိုင်သမိုင်း ဒါတွေကို တီးမိခေါက်မိရှိရမယ်။ စီးပွားရေးနဲ့ ပတ်သက်လို့ အခြေခံအဆင့်ဘွဲ့ရတယ်ဆိုတာ ပညာရပ် တစ်ခုမှာ အခြေခံဗဟုသုတရှိမှ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ဥပဒေကြမ်းတွေကို ဆွေးနွေးနိုင်တဲ့ အခြေအနေဖြစ်မယ်။ နိုင်ငံရေး၊ စီးပွားရေးဆိုတာ သိပ်အရေးကြီးတယ်။ နိုင်ငံရေးနဲ့ စီးပွားရေးကို ခွဲလို့ကို မရဘူး။ စီးပွားရေးမူဝါဒညံ ရင်၊ မှားရင် နိုင်ငံရေးက ကျတာပဲ။ နိုင်ငံရေးသမားဟာ စီးပွားရေးနဲ့ ပတ်သက်လို့ အကြံပေးပုဂ္ဂိုလ် ခေါ်တယ်ဆိုရင်တောင်မှ အကြံပေး ပြောပြတာကို နားထောင်နိုင်တဲ့ စဉ်းစားဆုံးဖြတ်နိုင်တဲ့ အရည်အသွေးလောက်တော့ ရှိရမယ်။ စီးပွားရေးပါရဂူလောက်တော့ တက်စရာမလိုပါဘူး။ ယေဘူယျအခြေခံတွေတော့ ရှိဖို့လိုတယ်။ နိုင်ငံရေးရှုထောင့်ကနေ စီးပွားရေးပေါ်လစီတွေကို သုံးသပ် နိုင်ရမယ့် ချမှတ်နိုင်ဖို့ လိုတယ်။ အဲဒါမှာ နိုင်ငံရေးခေါင်းဆောင်အဆင့် ရှိလာမှာ။”
၂၀၁၃ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့ထုတ် Venus News ဂျာနယ် အတွဲ(၄) အမှတ် (၅၁ ) တွင် ပါရှိသော “ ၈၈ မျိုး ဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနှင့် တွေ့ဆုံခြင်း” သတင်းမှ ၈၈ မျိုးဆက်ကျောင်း သားခေါင်း ဆောင်ဦးကိုကိုကြီး ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“ပြည်သူများထံမှ အခွန်အကောက်သကဲ့သို့ ရယူနေသည့် လုပ်ထုံးလုပ်နည်းများ ညွှန်းကြားချက်များသည် ဒီမိုကရေစီနိုင်ငံ တော်တွင် ပြည်ထောင်စုလွှတ်တော်မှသာ ဆုံးဖြတ်သင့်သည့်အချက်များ ဖြစ်သင့်ပြီး ဝန်ကြီးဌာနများအနေဖြင့် ၄င်းတို့စိတ် ကြိုက်နှုန်းထားဖြင့် ကြိုက်သလိုပုံစံဖြင့် ကောက်ခံနေခြင်းများကို ခွင့်မပြုသင့်ကြောင်း၊ အခွန်ဥပဒေများ ပြင်ဆင်ရေးအတွက် ဆောင်ရွက်သင့်ကြောင်း သုံးသပ်ရပါတယ်”
၂၀၁၃ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ် အတွဲ(၃)အမှတ်(၁၅)တွင် ပါရှိသော “ ရင်းနှီးငွေမထည့် ဘဲရတဲ့ အမြက်ငွေတွေကို အစိုးရအဖွဲ့ သုံးသပ်ဖို့ လို” သတင်းမှ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသူရိန်ဇော်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
သတင်းတို
အုပ်ချုပ်ရေး
အစိုးရ၀န်ကြီးဌာနများ၏ ငွေကြေးအလွဲသုံးစားပြုလုပ်မှုများကို တိုက်ရိုက်စစ်ဆေးနိုင်ရန်အတွက် အစိုးရမှ အတွင်း စာရင်းစစ်အဖွဲ့ကို ဖွဲ့စည်းပြီး လစဉ်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၁၅ ရက်နေ့ ရန်ကုန်မြို့အာမခံရုံး၌ အမှုထမ်းအရာရှိများနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒေါက်တာမောင်မောင်သိမ်းတို့တွေ့ဆုံပွဲ တွင် ဒေါက်တာမောင်မောင်သိမ်းက ပြောကြားခဲ့သည်။ အဆိုပါအတွင်းစာရင်းစစ်အဖွဲ့ကို ဒေါက်တာမောင်မောင် သိမ်းမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင် ရွက်မည် ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ အထွေထွေမန်နေဂျာ ၁၁ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ အဆိုပါအဖွဲ့ဖွဲ့ရခြင်း ရည်ရွယ်ချက်မှာ လက်ရှိအချိန်တွင် ၀န်ကြီးဌာန အချို့အတွင်း ပွင့်လင်းမြင်သာမှုမရှိခြင်း၊ အလွဲသုံးစားမှုများရှိနေခြင်း၊ ၀န်ကြီးဌာန၏ သတ်မှတ်ထားသည့် လုပ် ပိုင်ခွင့်ထက်ကျော်လွန်ပြီးလုပ်ဆောင်မှုများရှိနေခြင်းတို့ကို အရေးယူဆောင်ရွက်နိုင် ရန် ဖြစ်သည်။
ဒေသခံများ၏ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့သော လက်ပံတောင်းတောင်စီမံကိန်းမှာ ယခုအခါတွင် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှု ကော်မရှင်မှ ခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါ စာချုပ်သစ်တွင် ပါဝင်သော ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားမှုမှာ နိုင်ငံတော်အစိုးရမှ ၅၁ ရာခိုင်နှုန်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ၁၉ ရာခိုင်နှုန်းနှင့် တရုတ်ကုမ္ပဏီ Wanbao Mining လီမိတက်မှ ၃၀ ရာခိုင်နှုန်းရရှိမည်ဖြစ်ကြောင်း ရင်းနှီးမြှပ်နှံမှု ကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ ပြောကြားသည်။ ထိုအသစ်ချုပ်ဆိုမည့် စာချုပ်တွင် ဒေသခံပြည်သူတို့၏ အကျိုးစီးပွား များ မနစ်နာစေရန် စီးပွားရေးအဖွဲ့အစည်း များ၏ လူမှုရေးတာဝန်ယူမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွင် လူမှုပတ်ဝန်းကျင် ပျက်ဆီးမှု စစ်တမ်း CSR,EIA နှင့် SIA တို့ကိုပါထည့်သွင်းထားကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနသည် ဂျပန်နိုင်ငံတွင် ပညာသင်ယူနေသော ကျောင်းသားများအတွက် ထောက်ပံ့ကြေး ငွေအသုံးစရိတ်ကို ငွေလဲလှယ်နှုန်းမှားယွင်းတွက်ချက်မိသဖြင့် လိုငွေပေါ်ပေါက်ခဲ့ကြောင်း ပြည်ထောင်စုလွှတ် တော် နာယက ထံသို့ ပေးပို့သည့် နိုင်ငံတော် သမ္မတ၏ သ၀ဏ်လွှာတွင် ပါရှိသည်။ ပညာသင်ထောက်ပံ့ငွေ အသုံးစရိတ်အဖြစ် ပြည်ပအကူ အညီရရှိငွေ ၂၄၈.၉၀ သန်းနှင့်ညီမျှသော အမေရိကန်ဒေါ်လာ ၃.၁၂၇ သန်းကို ငွေလဲလှယ်နှုန်း ယန်း ၁၀၀ လျှင်ကျပ် ၁၁၃၀ အစား ၆.၆၅ ကျပ်ဖြင့်မှားယွင်းတွက်ချက်ပြီး တောင်းခံခဲ့ခြင်း ကြောင့် လိုငွေကျပ် ၅၁၇.၅၂၃ သန်းကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ရန်ပုံငွေမှ သုံးစွဲရခြင်းဖြစ်ကြောင်း အဆိုပါ သ၀ဏ်လွှာတွင် ရှင်းလင်းဖော်ပြထားသည်။
ပြည်ထောင်စု အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို နိုင်ငံ တော်အစိုးရမှ စီးပွားရေးလုပ်ငန်းများကို တရားဝင်လုပ်ကိုင်ခွင့်များ ချပေးနေကြောင်း သိရသည်။ အစိုးရမှ လက်ရှိအပစ် ရပ်ထားသော SSPP/SSA အား ကျောက်မီးသွေးနှင့် သစ်လုပ်ငန်းများကို ကျေးသီမြို့နယ်နှင့် ကျိုင်းတောင်းမြို့နယ်တို့တွင် လုပ်ကိုင်ခွင့်ချပေးထားကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းဖုန်က ဇူလိုင်လ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။ ထိုပြင်အပစ်ရပ်တိုင်ရင်းသားလက်နက်ကိုင်များဖြစ်
သော SSPP နှင့် KNU တို့မှ တိုင်းရင်းသားများအား စီးပွားရေးအသိအမြင် ရရှိစေရန်အတွက်လည်း နေပြည်တော် တွင် စီးပွားကုန်သွယ်မှု ဆိုင်ရာသင်တန်းများကို ပို့ချပေးသွားရန်အစီအစဉ်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
ဆက်သွယ်ရေး
ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ကော်မတီက အများပြည်သူ ပါဝင် ဆွေးနွေး နိုင်ရန် ဖိတ်ခေါ်ထားသည့် ဆက်သွယ်ရေး ဥပဒေကြမ်းကို ပြင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် (MCF) နှင့် မြန်မာ့ အိုင်စီတီ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (MIDO) တို့ ဇူလိုင်လ ၁၄ ရက်နေ့က ပြည်သူ့ လွှတ်တော်သို့ သွားရောက် ဆွေးနွေးခဲ့ ကြောင်း အဆိုပါ အဖွဲ့အစည်းများ ထံမှ သိရသည်။ အမျိုးသား လွှတ်တော်တွင် အတည်ပြုပြီးဖြစ်သည့် ဆက်သွယ်ရေးဥပ ဒေကြမ်းတွင် ပြစ်မှုပြစ်ဒဏ်များ လျှော့ပေါ့ရေးနှင့် အစိုးရက ကြားဖြတ် ဖမ်းယူ စုံစမ်းမှုများ ပြုလုပ်ရာတွင် တရားရုံး၊ သီးခြား လွတ်လပ်သည့် ကော်မရှင် စသည်တို့၏ ခွင့်ပြုချက်များ ရယူရေး အပါအဝင် ပြင်ဆင်အကြံပြုချက် အချို့ကို သွားရောက် ဆွေးနွေးခဲ့ ကြောင်း MIDO အဖွဲ့မှ ဦးနေဘုန်းလတ်က ပြောကြားသည်။ ၎င်းတို့ အဖွဲ့၏ ဆွေးနွေး အကြံပြုချက်များကို သက်ဆိုင်ရာ လွှတ်တော်ကော်မတီ အပါအဝင် ဆက်သွယ်ရေးဝန်ကြီးဌာနက လက်ခံထားသော်လည်း ယင်းအကြံပြုချက် များအတိုင်း ပြင်ဆင် အတည်ပြုခြင်း ရှိ မရှိ ကိုမူ စောင့်ကြည့်ရမည်ဖြစ်ကြောင်း ၎င်းထပ်မံ ကောက်ချက်ချသည်။
နိုင်ငံရေး
ရှမ်းပြည်မြောက်ပိုင်း SSPP/SSA နှင့်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ ဇူလိုင်လ ၁၃ ရက်နေ့ ကျိုင်းတုံမြိ့ဆွေးနွေးပွဲတွင် နှစ်ဖက်တပ်များ ဆုတ်ခွာရန်ကိစ္စရပ်များ အဓိကဆွေးနွေးညှိနှိုင်း ဆောင်ရွက်နိုင် ခဲ့ကြောင်း သိရသည်။ ယခုလ ၁၀ ရက်နေ့က ရှမ်းပြည်မြောက်အလယ်ပိုင်း မိုင်းနောင်မြို့နယ်၊ ကောင်းခါးအုပ်စုတွင် မြန်မာ တပ်မတော် ခမရ ၅၀၂ နှင့် SSPP/SSA တပ်မဟာ ၂၇ လက်အောက်ခံတပ်ဖွဲ့ ၇၂၅ တို့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ နှစ်ဖက်စလုံး အထိနာခဲ့ရာမှ ထိုသို့နှစ်ဘက်တပ်များ ဆုတ်ခွာရေး ညှိနှိုင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဇူလိုင် ၁၃ ကျိုင်းတုံဆွေးနွေးပွဲကို ပြည်ထောင်စုအစိုးရဘက်မှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ဦး ဆောင်ပြီး SSPP/SSA ဘက်မှအထွေထွေအတွင်းရေးမှူး ဦးစ၀်ခွန်ဆိုင်က ခေါင်းဆောင်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။