Transparency Myanmar

transparency.myanmar@gmail.com

Op-Ed

Snapshot of the item below:
Op-Ed

လက်ရှိပညာရေးအခြေအနေနှင့် ပညာရေးပြုပြင်ပြောင်းလဲမှု အကြံပြုချက်များ  

            လက်ရှိအခြေခံပညာရေးစနစ်အပေါ် ဆရာ၊ ဆရာမများ၏ သဘောထား အမြင်နှင့် အကြံဉာဏ်ပြုချက် နှင့်ပတ်သက်သည့် သုတေသနကို EU ၏ ပံ့ပိုးမှုဖြင့် Myanmar Egress မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြုလုပ်ခဲ့သည်။ အဆိုပါ သုတေသနစာတမ်းတွင် မြန်မာ့ပညာရေး၌ တွေ့ကြုံနေရသောအခက်အခဲများ၊ စိန်ခေါ်မှုများကို အသေးစိတ် ရှင်းလင်းထားပြီးဆရာ၊ ဆရာမများ၏ အကြံပြုချက်များ၊ သုတေသနအဖွဲ့၏ အကြံပြုချက်များဖြင့် ပြည့်ပြည့် စုံစုံရေးသားရှင်းလင်း ထားသည်ကိုတွေ့ရသည်။ ယင်းစာတမ်းကို ဖတ်ရှုသည့်အခါ  မြန်မာ့ပညာရေး အင်စတီကျူးရှင်း များ၏ သမိုင်းနောက်ခံအခြေအနေ၊ လက်ရှိပညာရေးအခြေအနေနှင့် သုတေသနအဖွဲ့၏ အကြံပြုချက်များဟူ၍ အပိုင်း သုံးပိုင်းပါဝင်သည်။

မြန်မာ့ပညာရေးအင်စတီကျူးရှင်များ၏ သမိုင်းနောက်ခံအခြေအနေ

            မြန်မာ့ပညာရေးအင်စတီကျူးရှင်းကြီးများတွင် အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီး ကျောင်းဟူ၍ သုံးမျိုးသုံးစားရှိသည့်အနက် အစိုးရကျောင်းများမှာ အခိုင်အခံ့ဆုံး ဖြစ်ခဲ့သည်ကိုတွေ့ရှိရသည်။ ၁၉၆၂ မတိုင်ခင်ထိ မြန်မာ့ပညာရေးစနစ်တွင် အထက်ဖော်ပြပါ ပညာရေး အင်စတီကျူးရှင်းကြီးသုံးခုလုံးရှိခဲ့ သော်ငြားလည်း ၁၉၆၂ နောက်ပိုင်းတွင် အစိုးရကျောင်းများကိုသာ နိုင်ငံတော်ကခွင့်ပြုခဲ့ရာမှ ၁၉၉၃ စတင်၍  ပိတ်ပင်ခဲ့သည့် ပုဂ္ဂလိကကျောင်း များနှင့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့်ရခဲ့သည်။ ယနေ့ခေတ်တွင် ကိုယ်ပိုင်ကျောင်း ဥပဒေထုတ်ပြန်ပြီး နောက်ပိုင်း နာမည်ကြီးပုဂ္ဂလိက ကျူရှင်ကြီးများမှာ ပုဂ္ဂလိကကျောင်းများ ဖြစ်လာကာ အဆိုပါ ပုဂ္ဂလိကကျောင်း များအားငွေကြေးတက်နိုင်သည့်သူများသာတက်ရောက်နိုင် ကြောင်းတွေ့ရသည်။

လက်ရှိပညာရေးအခြေအနေ

            မြန်မာ့ပညာရေးစနစ်ကို လေ့လာပါက ဆရာများ၏ အခန်းကဏ္ဍမှာ အရေးအကြီးဆုံးဖြစ်ရာ ဆရာများ၏ အရည်အချင်းပိုင်းများကိုသာမက လက်ရှိပညာရေးစနစ်အပေါ် သူတို့၏ အမြင်များ၊ အကြံပေးချက်များကိုလည်း ရန်ကုန်တိုင်းဒေသကြီးရှိ ဆရာ ၄၀၇ ဦးအား စစ်တမ်းကောက်ယူခဲ့သည်။ အစိုးရမှ မြန်မာ့ပညာရေး မြှင့်တင်နိုင်ရန် အလို့ငှာ ပညာရေးဘွဲ့များကို ၂၀၀၂ ခုနှစ်မှ စတင်၍ ပေးအပ်လာခဲ့ရာ တနှစ်ကို ပညာရေးဘွဲ့ ရ ၄၀၀ ဦးထွက်ရှိခဲ့သည်။ သို့သော် ယင်းဘွဲ့ရများအနက် ၁၄ ရာခိုင်နှုန်းကသာ ဆရာအဖြစ် အသက်မွေးဝမ်းကျောင်း ပြုကြသည်ကိုတွေ့ရှိရသည်။ နောက်ထပ် တွေ့ရှိချက်တခုမှာ INGO မှ ဆရာအဖြစ် အသက်မွေးဝမ်း ကျောင်းပြုလိုသူများအတွက် လုပ်ငန်းခွင် အကြိုသင်တန်း ဖွင့်လှစ်ပြီး ယင်းသင်တန်းဆင်းများမှ ဆရာအင်အား စု၏ ၄၀ ရာခိုင်နှုန်းတွင် ဝင်ရောက်လု လုပ်ကိုင် လျက်ရှိနေခြင်းဖြစ်သည်။ ကျန်သည့် ၄၆ ရာခိုင်နှုန်းမှာ ဘုန်းတော်ကြီးသင် ပညာရေးေ ကျောင်းများမှ ဖြစ်သည်ကို တွေ့ရသည်။

            မြန်မာ့ပညာရေးစနစ်မှာ နိုင်ငံတကာအဆင့်အတန်းမီရန် များစွာလိုအပ်သည်ဖြစ်ရာ အဆင့်မီရေး အတွက် အခက်အခဲများစွာ တွေ့ကြုံရမည်ကို ဆရာများ၏ ပြောဆိုချက်များအရသိရသည်။ အထူးသဖြင့် ပုဂ္ဂလိက ကျောင်းများတွင် သင်ထောက်ကူမရှိသည့်အတွက် ဆရာတဦး အနေဖြင့် သင်ကြားရေး၊ စီမံခန့်ခွဲမှု အရေးများကိုတစ်ပြိုင် နက်တည်း လုပ်ဆောင်နေရသည်။ ထို့အပြင် ဆရာ၊ ကျောင်းသာအချိုးမှာလည်း မညီမမျှဖြစ်နေသည်။ ယင်းသို့ ဆရာ-ကျောင်းသား အချိုး မညီမျှခြင်းသည် ဘကကျောင်းများက ပုဂ္ဂလိက ကျောင်းများထက် ပိုသည်ကိုတွေ့ရသည်။ ထို့အပြင် ပညာရေးဘွဲ့ရများသည် ဆရာအဖြစ် အသက်မွေးဝမ်း ကျောင်းပြုမည်ဟု ဆုံးဖြတ်သည့်အခါ လိုအပ်သည့် လုပ်ငန်းခွင်အတွေ့အကြုံကိုအစိုးရမှ ဖန်တီးမပေးနိုင်သည့် အတွက် ဘကကျောင်းများတွင် သွားရောက်လုပ်ကိုင်ပြီး အထိုက်အသင့်အတွေ့အကြုံရပြီးတော့မှ ပုဂ္ဂလိက ကျောင်းများသို့ ကူးပြောင်းသွား နေသည်ကို တွေ့ရသည်။

            လက်ရှိသင်ရိုးညွှန်းတန်းနှင့်ပတ်သက်ပြီးဆရာ ၉၃ ရာခိုင်နှုန်းက ပြင်ဖို့မလိုဘူးဟုသုံးသပ်ကြသည့် အပြင် ဆရာ၊ ကျောင်းသားအချိုးနှင့် ပတ်သက်ပြီးတော့ လည်းဆရာ ၉၀ ရာခိုင်နှုန်းကဆရာတယောက်လျှင် ကျောင်းသား ၃၀နှင့် ၄၀ ကြားထဲတွင်သာ ရှိသင့်သည်ဟုဆိုသည်။ ထို့အပြင် ကျောင်းသားဗဟိုပြု သင်ကြားရေးမှာလည်း လက်ရှိ အစိုးရမှ ချမှတ်ထားသည့် စာမေးပွဲစနစ်နှင့် မည်သို့မျှ မကိုက်ညီသည့်အတွက် အသုံး မပြုနိုင်ကြောင်းရှာဖွေတွေ့ရှိသည်။ ဆရာ-ကျောင်းသားအချိုးမညီမျှမှု၊ ဆရာများ၏ ဝန်ထုတ်ဝန်ပိုးများ ပိုမိုမှုများကြောင့် ကျောင်းသားတဦးချင်းစီ၏ တိုးတက်မှုကို အသေးစိတ်စောင့်မကြည့်နိုင်သည့်အတွက် ကျောင်းသားဗဟိုပြုသင်ကြားရေးကို အကောင်အထည် မဖော်နိုင်ဖြစ်နေသည်။   ထို့အပြင်အစိုးရမှ ချမှတ်ထားသည့် ၈တန်း အထိမအောင်မနေရစနစ်ကြောင့် ကျောင်းသားများ ၏ အရည်အသွေး တိုးတက်ဖို့ထက်၊ သင်ရိုးညွှန်းတန်း ပြီးဆုံးရေးသာ အားစိုက်လုပ်ဆောင်နေရသဖြင့် ကျောင်းသား ဗဟိုပြုစနစ်ကို အကောင်အထည်ဖော်မဆောင်ရွက်နိုင် ဖြင်းဖြစ်သည်။ ထို့အပြင် စနစ်၏ ဘေးထွက်ဆိုးကျိုးတခုမှာ ကျောင်းသူ၊ ကျောင်းသားများက ဆရာများ၏ ကျူရှင်များကို ယူရခြင်းပင်ဖြစ်သည်။

သုတေသနအဖွဲ့၏ အကြံပြုချက်များ

            သုတေသနစာတမ်း၏ နောက်ဆုံးပိုင်းတွင် သုတေသနအဖွဲ့ မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်း မြင့်မားရေး အတွက် နည်းဗျူဟာပိုင်း၊ မဟာဗျူဟာပိုင်း အကြံပြုတင်ပြထားသည်။ နည်းဗျူဟာပိုင်းတွင်း သင်ထောက်ကူပစ္စည်းများ လုံလုံ လောက်လောက် ဖြည့်ဆည်းပေးဖို့နှင့် အခန်းဆုံးစစ်ဆေးခြင်းနှင့်၊ တနှစ် တတန်း တင်ပေးသည့် စာမေးပွဲစနစ်ကို ပြန်လည်သုံးသပ်ဖို့ အကြံပြုထားသည်။ မဟာ ဗျူဟာပိုင်းအရ အကြံပြုတင်ပြထားသည့်အချက်မှာ သင်ရိုးညွန်းတန်း အဆင့်မြင့်တင် ရေးနှင့် ကျောင်းအုပ်များ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု စွမ်းရည်တို့ကို မြှင့်တင်ပေးမှုဖြစ်သည်။ ယခုကာလတွင် မီဒီယာများ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ကျောင်းအုပ်များ၏ လာဘ်ပေးလာဘ်ယူမှုများ နည်းပါးသွား သည့်တိုင် စီမံခန့်ခွဲမှုများ ယခင်အတိုင်း လိုအပ်ချက်များ ရှိဆဲပင်ဖြစ်သည်။ ထို့အပြင် ဆရာများ၏ အရည်အသွေး မြင့်မားလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်ရေးနှင့် လုပ်ခလစာ တိုးမြှင့်ရေးအတွက် အစိုးရမှ မှန်ကန် သည့် မူဝါဒများဖြင့် အကောင်အထည် ဖော်ဆောင်ရွက် ဖို့လိုအပ်သည်ကိုလည်း စာတမ်းတွင် အကြုံပြုတင်ပြထားသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment