သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ
“အရေးယူချင်တဲ့ ဥပဒေကျတော့ ချက်ချင်းအရေးယူလို့ ရနေတာပဲ။ တကယ်တော့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ အားလုံးက ကိုယ့်တာဝန်ကိုယ်ယူပြီး ရဲရဲတင်းတင်း လုပ်ကိုင်ကြဖို့ လိုပါတယ်။ ဒါတွေ မလုပ်ဘူးဆိုရင် တိုင်းပြည်ဟာ နောက်ဆက်တွဲ လူထုပြဿနာတွေ ဖြစ်လာနိုင်ပါတယ်”
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထုတ် မြန်မာပို့စ် အတွဲ(၆) အမှတ်(၇) ဂျာနယ်တွင် ပါရှိသော “အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် လုပ်ငန်းရှင်းများအတွက် ပြစ်ဒဏ်ပြင်ဆင်မှု ကြန့်ကြာနေခြင်းကြောင့် အလုပ်သမားများ နစ်နာမှုကြုံတွေ့” သတင်းတွင် အလုပ်သမားရေးရာ အငြင်းပွားဖြေရှင်းရေး ခုံသမာဓိ ကိုယ်စားလှယ် ဦးရဲနိုင်ဝင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မတရားမှုတွေနဲ့ ရေးဆွဲထားတယ်ဆိုတာ အားလုံးသိတယ်။ အမှန် တရားဟာ အဆုံးမှာ အောင်ပွဲခံမှာပါ။ အချိန်တစ်ခုတော့ စောင့်ရမယ်။ ထိုင်စောင့်လို့တော့ မရဘူး။ ဖန်တီးနိုင်မှု ပေါ်မှုတည်တယ်။ တရားမျှတမှုက မုချအောင်နိုင်မယ်။ ဒါပေမယ့် မတရားမှုက အမြဲတမ်းရှိနေတယ်။ အားပြည့်တဲ့သူက နိုင်မယ်။ ကျွန်တော်ပြောလိုတာက တရားမျှတမှုဘက်ကို ဘယ်လောက်အားသန်သလဲ ပူးပေါင်း ဆောင်ရွက်မှု ဘယ်လောက်ရှိလဲ။ အဲဒါအရေးကြီးတယ်။ အဲဒါမတရားဘူး၊ မမျှတဘူးဆိုတာ အားလုံး သဘောတူရမယ်။ တရားမျှတတဲ့ ဘက်တော်သား တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုလိုတယ်။ ပူးပေါင်း ဆောင်ရွက်မှုမှာ သတ္တိရှိဖို့လိုတယ်။ နောက်တစ်ခုက ဥာဏ်ပညာ လိုတယ်။ လူငယ်တွေ ဥာဏ်ပညာရှိအောင် ဖြည့်ဆည်းထားကြပါ။ တရားမျှတမှု အားကောင်းတဲ့တစ်နေ့ အဲဒီဖွဲ့စည်းပုံ ပြင်နိုင်မယ်”
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် Flower News အတွဲ(၁၀)၊ အမှတ် (၇) ဂျာနယ်တွင် ပါရှိသော “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် တရားမျှတမှု အားကောင်းရန်လိုကြောင်း ဦးမင်းကိုနိုင်ပြော” သတင်းတွင် ၈၈မျိုးဆက်မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၏ ပြောကြားချက်အာ ကောက်နှုတ်ချက်။
“သိသိသာသာ ကွဲလွဲချက်ကတော့ NEER က ဒီမိုကရေစီ နည်းလမ်းတကျ ပညာရေးပြုပြင်ပြောင်းလဲမှုကို လုပ်ချင်ပါ တယ်။ လူထုရဲ့သဘောဆန္ဒနဲ့ ဒီပညာရေးနဲ့ ဆိုင်တဲ့ဆရာတွေ၊ ကျောင်းသားတွေ၊ မိဘတွေ၊ တိုင်းရင်းသားတွေ ပညာရှင် တွေရဲ့ သဘောဆန္ဒနဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု ဖြစ်ချင်တယ်။ ပညာရေး လွတ်လပ်ခွင့်ရှိချင်တယ်။ ဒီအစိုးရ ဘက်တော့ သူတို့နဂိုချုပ်ကိုင်မယ့်ဘက်မှာ အစိုးရရဲ့ချုပ်ကိုင်မှုအောက်မှာ နည်းနည်းပါးပါး ပြောင်းလဲတဲ့ အဆင့်ပဲရှိတယ်။ အခုကျွန်တော် တွေ့ရသလောက်ကတော့ အခြေခံအားဖြင့် ကွာခြားချက်ရှိတယ်။ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုက ဗဟို ချုပ်ကိုင်တဲ့အောက်မှာ ပြုပြင်ပြောင်းလဲရေးကို လုပ်ချင်တယ်။ ကျွန်တော်တို့က ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲမှု လုပ်ချင်တယ်။ အဲဒီအခြေခံ ကွာခြားချက်ရှိတယ်”
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထုတ် Envoy အတွဲ(၄) အမှတ်(၃၇) ဂျာနယ်တွင် ပါရှိသော “ပညာရေးဥပဒေတစ်ရပ် ခိုင်မာစွာ ပေါ်ပေါက်လာနိုင်ရေး မူဝါဒကောင်းများကို အခြေခံရန် လိုအပ်ဟု တိုက်တွန်း”သတင်းတွင် ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNER အဖွဲ့ ဒေါက်တာသိန်းလွင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။
“သံလွင်မြစ်ပေါ်မှာဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုကိုလုပ်ရင် အများစုက ကမ္ဘာ့ဘဏ်လို ဘဏ်မျိုးတွေက ငွေချေးပြီး လုပ်ရမှာပဲ။ ဒီလိုလုပ်တဲ့အခါ သူတို့က ဒေသခံတွေ မထိခိုက်အောင် သဘာဝပတ်ဝန်းကျင်၊ လူမှု ပတ်ဝန်းကျင်တွေ လုပ်ထားပါတယ်ဆိုပြီး ပြောကြမှာပဲ။ သူတို့အနေနဲ့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ စနစ်တကျ လုပ်မထားဘူးဆိုတာသိအောင် သက်သေပြရပါမယ်။ မွန်ပြည်နယ်မှာဆိုရင် သံလွင်မြစ်ရဲ့အဆုံး ဖြစ်နေတယ်။ သူနေရာမှာ ရေကာတာ မဆောက်ပေမယ့် သူ့အပေါ်မှာရှိတဲ့ ပြည်နယ်သုံးခုမှာဆောက်တဲ့ ရေကာတာတွေကြောင့် ဘယ်လောက်ထိခိုက်နိုင်လဲ။ သူတို့ဘာတစ်ခုမှ သိမထားပါဘူး။ ဒီစီမံကိန်းက ဒေသခံအားလုံး သဘောမတူဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကန့်ကွက်တယ်ဆိုတာမျိုး ဖြစ်လာရင် ချေးငွေပေးတဲ့ အဖွဲ့အစည်းတွေ အနေနဲ့လည်း လက်တွန့်သွားနိုင်ပါတယ်။ ဒီစီမံကိန်းတွေကို ကန့်ကွက်နေတာ မဟုတ်ပါဘူး။ ဆက်လုပ်မယ်ဆိုရင် လွှတ်တော်အတွင်းမှာ ပြန်ပြီးတော့ အကျေအလည် ဆွေးနွေးပေးပါ။ ဒီစီမံကိန်းကြောင့် ဒေသခံတွေ ဘယ်လိုထိခိုက်နိုင်လဲ။ အသေအချာ ထုတ်ပြန်ပြီးမှ လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ပေးပါ”
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ထုတ် Weekely Eleven အတွဲ (၉)၊ အမှတ် (၁၈) တွင်ပါရှိသော “တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အတွက် အဓိကအကျိုးရှိပြီး မြန်မာနိုင်ငံရှိ ရှမ်း၊ ကယား၊ ကရင်၊ မွန် စသည့်ပြည်နယ်လေးခုကို အဓိက ထိခိုက်လာ နိုင်ဖွယ်ရှိသည့် သံလွင်မြစ်ပေါ်ရှိ ရေအားလျှပ်စစ် ထုတ်လုပ်မည့် စီမံကိန်းများအား လွှတ်တော်အတွင်း ပြန်လည်ဆွေးနွေး သုံးသပ်သင့်” သတင်းမှ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အဆိုပါ စီမံကိန်းများ ပြန်လည်သုံးသပ်ရေးအတွက် လုပ်ဆောင်နေသည့် Karen Rivers Watch အဖွဲ့မှ စောသာဘိုး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။