Transparency Myanmar

transparency.myanmar@gmail.com


yangonchronicle2010.googlegroups.com


မွတ်စလင်လူဦးရေ ကမ္ဘာ့လူဦးရေ၏ ၄ပုံ ၁ပုံရှိလာ

(AFP)

 

          Pew Research Centre ၏ သုတေသနပြုချက်အရ ကမ္ဘာပေါ်ရှိမွတ်စလင်လူဦးရေ သည် ၁.၅၇ ဘီလီယံရှိပြီး ကမ္ဘာ့လူဦးရေ၏ ၄ ပုံ ၁ပုံ ရှိလာပြီဖြစ်ကြောင်း သိရသည်။

          သုံးပုံနှစ်ပုံသော မွတ်စလင်တို့သည် အာရှတွင်နေထိုင်ကြပြီး အင်ဒိုနီးရှားတွင် ၂၀၃ သန်း၊ပါကစ္စတန်တွင် ၁၇၄ သန်းနှင့် အိန္ဒိယတွင် သန်း၁၆၀ နေထိုင်ကြသည်ဟု ဆိုသည်။

          အင်ဒိုနီးရှားတွင် အများဆုံးနေထိုင်ကြပြီး ဥရောပတွင်မူ မွတ်စလင်အများဆုံးနေထိုင်သည့် နိုင်ငံမှာ ပြင်သစ်နှင့် ဂျာမဏီမဟုတ်ဘဲ ရုရှားတွင်ဖြစ်ကြောင်း ထူးခြားစွာတွေ့ရှိ ရသည်ဟုဆိုသည်။

          ရုရှားတွင် မွတ်စလင်ဦးရေ စုစုပေါင်း ၁၆.၅ သန်းရှိပြီး နိုင်ငံတစ်ခုလုံးလူဦးရေ၏ ၁၂ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

          အခြားသောသုတေသနပြုချက်များနှင့် နှိုင်းယှဉ်ကြည့်ပါက အဆိုပါအစီရင်ခံစာ သည် အနိမ့်ဆုံးခန့်မှန်းချက်ကိုပေးထားခြင်းဖြစ်ပြီး ပြင်သစ်တွင် ၃.၆ သန်း၊နှင့် အမေရိကန်တွင် ၂.၅ သန်းနေထိုင်ကြပါသည်။

          အဆိုပါနှစ်နိုင်ငံလုံးတွင် လောကီလုပ်ထုံးလုပ်နည်းများက လူဦးရေအပေါ် ဘာသာ ရေးဆိုင်ရာမေးခွန်းများမေးရန် ခက်ခဲမှုများရှိစေသည်ဟု ဆိုပါသည်။

(economic.com မှ ကောက်ယူဖော်ပြသည်)




yangonchronicle2010.googlegroups.com


မြန်မာနိုင်ငံ၏ သကြားဈေးနှုန်း ကမ္ဘာ့ဈေးနှုန်းအောက်ရောက်ရှိ

Oct 8,09(Bernama)

 

          နိုင်ငံတကာ သကြားဈေးကွက်တွင် နှစ်ပေါင်းနှစ်ဆယ်အတွင်း ဈေးနှုန်းများ အမြင့် ဆုံးသို့ရောက်ရှိသွားချိန်တွင် မြန်မာနိုင်ငံရှိ သကြားဈေးနှုန်းများ ကျဆင်းခဲ့ပြီး ဈေးကွက်ငြိမ် နေသည်ဟု သကြားထုတ်လုပ်သူများက အင်္ဂါနေ့က ပြောကြားခဲ့သည်။

          ကမ္ဘာ့ဈေးကွက်ရှိ သကြားဈေးနှုန်းများမှာ ပြီးခဲ့သော လကုန်ပိုင်းမှစ၍ တက်လာခဲ့ပြီး လက်ရှိအချိန်တွင် မက်ထရစ်တစ်တန်လျှင် ၆၁၈ ဒေါ်လာသို့ ခုန်တက်သွားခဲ့ခြင်းဖြစ် သည်။

          ပြည်တွင်းဈေးကွက်ရှိသကြားရောင်းဝယ်ရေးလုပ်ငန်းများမှာ သကြားဖြူတစ်ပိဿာ လျှင် ၁၀၀၀ ကျပ်နှင့် သကြားညို တစ်ပိဿာလျှင် ၉၀၀ ကျပ်သို့ အသီးသီး ဈေးနှုန်းကျ ဆင်းခဲ့ခြင်းကြောင့် စိတ်ပျက်အားလျော့မှုများနှင့် ကြုံတွေ့နေရကြောင်း ဆင်ဟွာသတင်း ဌာန သတင်းများအရ သိရသည်။

          ၂၀၀၆ နှစ်ကုန်ပိုင်းက သကြားအသစ်များ ဈေးကွက်အတွင်း ဝင်ရောက်လာမှုကြောင့် အလားတူအဖြစ်မျိုးဖြစ်ပွားခဲ့ပြီး ထိုစဉ်က သကြားတစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၇၀၀ ကျပ်သို့ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

          မြန်မာနိုင်ငံသည် ပြီးခဲ့သောမတ်လက ကုန်ဆုံးခဲ့သည့်၂၀၀၈-၂၀၀၀၉ ရာသီအ တွင်း သကြားမက်ထရစ်တန် သုံးသောင်းနီးပါးထုတ်လုပ်ခဲ့ပြီး ၎င်းအနက် မက်ထရစ်တန် ၈၇၀၀ ကို ပြည်ပသို့တင်ပို့ရောင်းချကာ အမေရိကန်ဒေါ်လာ ၃သန်းနီးပါးရရှိခဲ့ကြောင်း အစိုးရမှ တရားဝင်ထုတ်ပြန်သည့် စာရင်းဇယား များအရသိရသည်။

         



yangonchronicle2010.googlegroups.com

မွန်ပြည်သစ်ပါတီတွင်း ခွဲထွက်မှုများရှိ

Oct 7,09(By the ayeyarwaddy)

          မွန်ပြည်သစ်ပါတီ NMSP ၏ စစ်တပ်ဖြစ်သော Mon National Liberation Army (MNLA) မှ အဖွဲ့ဝင်၅၀ ခန့်သည် ပါတီမှ ပြီးခဲ့သည့် လများအတွင်းက ခွဲထွက်သွားခဲ့ကြောင်း ပါတီနှင့် နီးစပ်သော အသိုင်းအဝိုင်းမှ လာသောသတင်းများအရ သိရသည်။
          အဆိုပါ ခွဲထွက်သွားသော မွန်စစ်သားများကို စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ပါတီ ခေါင်းဆောင်အချို့က ပံ့ပိုးကူညီလိမ့်မည်ဟု ယုံကြည်ရကြောင်း ပြောသည်။
          မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီမှ အဖွဲ့ဝင် ၅ဦးခန့်သည် ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ ပါတီတွင်း ခေါင်းဆောင်များအကြား သဘောထား ကွဲလွဲမှုကြောင့် ပြီးခဲ့သည့်လ များအတွင်းက နှုတ်ထွက် သွားခဲ့ကြောင်း အဆိုပါသတင်းက ဆိုပါသည်။
          မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်က မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းရေး စာချုပ် လက်မှတ် ရေးထိုးခဲ့ပါသည်။ ထိုစဉ်ကတည်းကစပြီး စစ်သားအရေအတွက် လျော့နည်းလာခဲ့သည်။ယခင်က ပါတီတွင် စစ်သားအင်အား ၇၀၀ ခန့်ရှိပါသည်။
          စစ်အစိုးရက ၎င်းတို့လက်အောက်တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အတွက် ဖိအားပေးနေသော ငြိမ်းချမ်းရေး ယူထားသည့်အဖွဲ့ ၁၇ ဖွဲ့တွင် မွန်ပြည်သစ်ပါတီ သည် တစ်ခု အပါအဝင် ဖြစ်သည်။
          သြဂုတ်လ ၂၈ ရက်နေ့က မော်လမြိုင်မြို့တွင် ပြုလုပ်သည့် မွန်ပြည်နယ်တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းနှင့် နယ်ခြားစောင့် တပ်ကိစ္စ ဆွေးနွေးစဉ်က တိုင်းမှူးက မွန်ခေါင်းဆောင်များကို ၎င်းတို့၏ အဖွဲ့ဝင်များအား သထုံနယ်ရှိ နိုင်ငံရေး လှုပ်ရှားမှုများတွင် မပါဝင်  ကြရန် အမိန့်ပေးခဲ့သည်။
          စစ်အစိုးရ၏ ၂၀၀၈ အခြေခံဥပဒေအရ ငြိမ်းချမ်းရေး ယူထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် မြန်မာအစိုးရ၏ ထိန်းချုပ်မှု အောက်တွင် ရှိရမည်ဖြစ်သည်။

yangonchronicle2010.googlegroups.com



Oct 8,09(AP)

မြန်မာအစိုးရ၏ ကိုးကန့်ဒေသ ထိုးစစ်အပြီး၌ ရွှေတြိဂံ အပါအဝင် ၎င်းဒေသများရှိ မူးယစ် ဆေးဝါးများမှာ "ဆိုင်ခါ" သည့် အခြေအနေသို့ ရောက်ရှိ သွားသည်။ ထိုင်း၊ လာအို၊ တရုတ် နယ်ခြား ဒေသရှိ လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့များနှင့် မြန်မာ့တပ်မတော် အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာနိုင်ဖွယ် ရှိသည့် စိုးရိမ်ဖွယ်ရာ အခြေအနေများကြောင့် ဟုဆိုသည်။

မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်သူများသည် လက်နက်များဝယ်ယူရန်အတွက် ၎င်းတို့ သိုလှောင်ထားသည့် မူးယစ်ဆေးဝါး ဂိုထောင်များကို "ရုံခါ" ၍ ထိတ်လန့်စိုးရိမ်စွာ ရောင်းချငွေဖော်လျက် ရှိကြရာ ဈေးကွက်အတွင်း၌ ဟီးရိုးအင်းနှင့် မီသိုင်း အင်ဖက်တာမင်း ဆေးဝါးများ "လျှံ" တက်လာသည်ကို ထိုင်းမူးယစ်ဆေးနှိမ်နင်းရေး အရာရှိများက သတိထားမိကြခြင်း ဖြစ်ပါသည်။
ယခုအခါ အချို့မူးယစ်ဆေး ကုန်သည်များသည် နယ်ခြားဒေသ၌ အကြွေးဖြင့် ဝယ်ယူနေကြပြီး ငွေသားဖြင့် ပေးချေရန် မလိုအပ်ကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ မြောက်ပိုင်းဌာနခွဲမှ ညွှန်ကြားရေးမှူး Pornthep Eamprapai က ပြောကြားခဲ့သည်။
လက်ရှိ ဖြစ်ပေါ်ပြောင်းလဲမှုများကြောင့် ယမန်နှစ် အောက်တိုဘာလမှ ဩဂုတ်လအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသော ၅၇ ကီလိုနှင့် နှိုင်းယှဉ်ပါက အဆ ၂၀ ကျော် မြင့်တက်လာကြောင်း၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာန၏ သတင်းများအရ သိရှိရပါသည်။
နယ်စပ်အခြားတစ်ဖက်ရှိ မြန်မာနိုင်ငံအတွင်းက ဖမ်းဆီးရမိသော ဟီးရိုးအင်း ၇၂၅ ကီလို အပါအဝင် မူးယစ်ဆေးဝါးအများအပြား ယခု လကုန်ပိုင်းများအတွင်း ဖမ်းဆီးရမိကြောင်း မူးယစ်နှိမ်နင်းရေး အရာရှိများက ပြောကြားခဲ့ပါသည်။ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်တွင် သန်းပေါင်းများစွာသော မီသိုင်းအင်ဖက်တာမင်း ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရှိရပါသည်။
ယမန်နှစ်က ပြောပလောက်အောင် ဖမ်းဆီးရမိမှုများ မရှိပါဟု လာအိုအခြေစိုက် United Nations Office on Drugs and Crime ဌာနေကိုယ်စားလှယ် Leik Boonwaat က ပြောကြားခဲ့သည်။ "ဒီနှစ်ကတော့ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပါဘူးဗျာ။ လုံးဝပါပဲ" ဟု ၎င်းက သုံးသပ်လိုက်ပါသည်။

yangonchronicle2010.googlegroups.com

အရေးယူ ပိတ်ဆို့မှုများသည် စေ့စပ် ဆွေးနွေးရေးတွင် အရေးကြီးသည့် ကဏ္ဍအဖြစ် ပါဝင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ရြှုမင်

Times Oct 10th, 2009

Richard Lloyd Parry: Analysis

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဆယ်စုနှစ် ၂ စု အတွင်း တည်ငြိမ်အေးဆေးမှု၊ တရားမျှတမှုနှင့် အလျှော့မပေးသော စိတ်ဓာတ်ခိုင်မာမှုတို့၏ ပြယုဂ်အဖြစ် ထင်ရှားလာခဲ့ပါသည်။ တပ်မတော်အစိုးရအပေါ် ဆန့်ကျင်ရပ်တည်မှုကြောင့် သူမ၏ လွတ်လပ်ခွင့်၊ သူမ၏ သားများ၊ ခင်ပွန်းကွယ်လွန်ခဲ့မှု စသော ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။ သို့ဖြစ်၍ နိုင်ငံတကာအရေးယူမှုများနှင့် ပတ်သက်၍ ဆွေးနွေးရန် လက်ရှိအစိုးရနှင့် ကမ်းလှမ်းခဲ့ခြင်းသည် မည်သည့် ဝိသေသ အဓိပ္ပါယ်ကို ဆောင်ပါသနည်းဟု မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။

ယခုကိစ္စ၏ နောက်ကွယ်တွင် အကြောင်းရင်းများစွာ ရှိနေပါသည်။ မြန်မာအာဏာရှင်များနှင့် ဆက်ဆံဆွေးနွေးမှု မပြုရန် ဦးတည်ချမှတ်ထားခဲ့သော ဘွတ် ရှ် အစိုးရ၏ မူဝါဒများကို သမ္မတသစ် အိုဘားမားက ပြောင်းလဲလိုက်ခြင်းသည် အရေးကြီးဆုံးအချက်ပင် ဖြစ်သည်။

သမ္မတ အိုဘားမားသည် ကောင်းမွန်သော အနာဂတ်ကို လိုလားသူတိုင်းအား လက်ကမ်းကြိုမည့် ၎င်း၏ စိတ်ရင်းဆန္ဒကို အစောပိုင်းကပင် ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။ အကျိုးရလဒ်အဖြစ် မြန်မာနိုင်ငံအပေါ် ပြန်လည် သုံးသပ်ရေး အမေရိကန်မူဝါဒသစ် ထွက်ပေါ်လာခဲ့ပြီး မြန်မာအစိုးရနှင့် တိုက်ရိုက်ဆွေးနွေးရန်နှင့် အရေးယူမှုများ အဆုံးသတ်ရန် တိုက်တွန်းမှုများ ပါဝင်သော ကမ်းလှမ်းချက်ကို ယခင်လက ကြေညာခဲ့သည်။

စည်းကမ်းသတ်မှတ်ချက်မရှိဘဲ အရေးယူမှုများ ဖယ်ရှားရေးမှာမူ ယခုအချိန်တွင် မဖြစ်နိုင်သေးပါ။ မြန်မာနိုင်ငံနှင့် အပြည့်အဝ တွေ့ဆုံဆွေးနွေးမှု မပြုလုပ်သေးရန် တောင်းဆို အငြင်းပွားမှုများ ရှိနေဆဲဖြစ်ပြီး၊ အနောက်နိုင်ငံများက မြန်မာနိုင်ငံကို စိတ်ပျက်ဖွယ် အမည်းစက်များ စွန်းထင်းနေသော နိုင်ငံအဆင့်မှ စတင် ရုန်းထွက်ရန် ရိုးစင်းစွာပင် လမ်းကြောင်းပေးထားပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာ အရေးယူမှုများ ရပ်ဆိုင်းရေးနှင့် ပတ်သက်၍ ကူညီရန် ကမ်းလှမ်းမှုသည် သူမ၏ တောင်းဆိုချဉ်းကပ်မှု တစ်ခု မဟုတ်ပါ။ သို့ရာတွင် အရေးယူပိတ်ဆို့မှုများသည် စေ့စပ် ဆွေးနွေးရာတွင် လက်ကိုင်ပြုရမည့် အချက်ဖြစ်ကြောင်း သူမ ရှုမြင် လက်ခံထားပုံရပါသည်။

ဆန္ဒပြသူများကို "ကြိတ်ခြေ" နှိမ်နင်းခဲ့စဉ်က စောင့်ကြည့်လေ့လာသူများစွာ ပေါ်ထွန်းလာခဲ့သည်ကို သတိတရ ထင်ဟပ်စေပြီး စစ်အစိုးရ၏ အပြုသဘောဆောင်သည့် တုန့်ပြန်မှုများ ပျောက်ဆုံးနေသော လက်ရှိ အချိန်မျိုးတွင် သစ်လွင် လတ်ဆတ်သော ခြေလှမ်းတိုင်းသည် ဘာမှမရှိသော သုညအခြေအနေထက် နှိုင်းစာလျှင် လက်ကမ်းကြိုဆိုဖွယ် ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။

 




yangonchronicle2010.googlegroups.com


NLD ထိပ်ပိုင်းခေါင်းဆောင်များ နိုင်ငံခြား သံတမန်များနှင့် တွေ့ဆုံမည်

Fri 09th Oct, 2009

Mizzima News

သောကြာနေ့ နံနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်နိုင်ငံ သံတမန်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ၎င်းဆွေးနွေးမှု၏ ရလဒ်သဘောထားများကို မိမိတို့လေ့လာစီစစ်လျက် ရှိကြောင်း အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီက ပြောကြားခဲ့သည်။

NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအုံးကြိုင်က အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ဩစတြေးလျနိုင်ငံများမှ သံတမန်များသည် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စီစဉ်ခဲ့ကြသည်ဟု ဆိုသည်။

ယနေ့မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သော သံတမန်များသည် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီ အဖွဲ့ဝင်များနှင့် လာရောက်တွေ့ဆုံရန် ဆန္ဒရှိကြောင်း ဦးအုံးကြိုင်က ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ NLD အလုပ်အမှုဆောင် ကော်မတီဝင်များနှင့် တွေ့ဆုံလိုခြင်း၏ အကြောင်းရင်းကို သံတမန်များက ဖော်ပြထားခြင်း မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့သော အကြောင်းအရာများနှင့် ပတ်သက်လိမ့်မည်ဟု ၎င်းက ပြောဆိုလိုက်သည်။

အထိန်းသိမ်းခံ ဒီမိုကရေစီခေါင်းဆောင်နှင့် အနောက်နိုင်ငံ သံတမန်များ ဆွေးနွေးခဲ့သော အကြောင်းအရာ အသေးစိတ်ကိုမူ ယခုအချိန်ထိ မသိရှိနိုင်သေးပါ။

ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များကို ဆက်သွယ်အကြောင်းကြားနေဆဲ ဖြစ်ပြီး ဦးဝင်းတင်မှာမူ ကျန်းမာရေးအခြေအနေကြောင့် တက်ရောက်နိုင်မည် မဟုတ်ကြောင်း ဦးအုံးကြိုင်က ဆက်လက်ပြောကြားခဲ့သည်။

NLD ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် အတွင်းရေးမှူး ဦးလွင် အပါအဝင် ကော်မတီဝင်အချို့ မရောက်ရှိသေးသော်လည်း ဦးညွန့်ဝေ၊ ဦးလှဖေ၊ ဦးသန်းထွန်း၊ ဦးလွန်းတင်နှင့် ဦးခင်မောင်ဆွေ စသော ကျန်ကော်မတီဝင်များ ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်ရှိ ဌာနချုပ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

စက်တင်ဘာလကုန်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ ပြေလျော့သွားစေရန် အတူတကွ ပူးပေါင်းဆောင်ရွက်လိုကြောင်း ကမ်းလှမ်းခဲ့ပြီး ၎င်းကိစ္စနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စု ဥရောပသမဂ္ဂနှင့် ဩစတြေးလျနိုင်ငံများမှ သံတမန်များနှင့် တွေ့ဆုံလိုကြောင်း တောင်းဆိုခဲ့သည်ဟု သိရှိရသည်။

အထက်ပါ ကမ်းလှမ်းမှု၏ နောက်ဆက်တွဲ အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်တို့ ပြီးခဲ့သည့် သီတင်းပတ်က ၂ ကြိမ် တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

 




yangonchronicle2010.googlegroups.com

မြန်မာနိုင်ငံ၏ ပြည်တွင်းရေးပြဿနာများ ထိုင်းနိုင်ငံကို ထိခိုက်

Editorial from The Nation

9th Oct, 2009

      ချူလာလောင်ကွန်းတက္ကသိုလ်တွင် လတ်တလောပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် ပညာရှင်များ၊ သံတမန်များနှင့် အစိုးရတာဝန်ရှိသူများသည် ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် စိတ်ဝင်စားဖွယ် တိုးတက်မှုများကို မီးမောင်းထိုး၍ ဆွေးနွေးသွားသည်။ အမေရိကန်က ကမ္ဘာ့ အရက်စက်ဆုံးအစိုးရ ဖြစ်သော မြန်မာအစိုးရအပေါ် ၎င်း၏ ရပ်တည်ချက်ကို ပျော့ပျောင်းလာစေခြင်းကြောင့် ထိုင်း၊ အာဆီယံနှင့် ကုလသမဂ္ဂကပါ ၎င်းတို့၏ မူဝါဒများကို ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း သုံးသပ် အကြံပြု ဆွေးနွေးကြပါသည်။

      မမျှော်လင့်ဘဲ နာရီအနည်းငယ် အတွင်းမှာပင် တူညီသော အမြင်များ၊ ရည်ရွယ်ချက်များဖြင့် ဆွေးနွေးကြရာမှ မှန်ကန်တိကျသော လုပ်ဆောင်စရာ ရှိသည့် အချက်များ ထွက်ပေါ်လာခဲ့သည်။ သို့သော် သူတို့၏ ရည်ရွယ်ချက်များ မည်မျှ အောင်မြင်နိုင်မည်ကိုမူ မည်သူမျှ မသိနိုင်ပေ။

      မြန်မာနိုင်ငံအတွင်းမှ ပဋိပက္ခများသည် ၎င်း၏ ပြည်တွင်းရေးပြဿနာ ဖြစ်သောကြောင့် အာဆီယံ၏ သူတပါးနိုင်ငံ၏ ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရေး မူဝါဒကို လေးစားလိုက်နာရန် လိုအပ်ကြောင်း အချို့က ဝေဖန်ပါသည်။ အချို့က ထောက်ပြရာတွင် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော ပြဿနာများ၊ဥပမာ မူးယစ်ဆေးဝါး ထုတ်လုပ်နေမှုများ၊ ပြည်တွင်း သူပုန်ထမှုများ၊ ဒုက္ခသည်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဆင်းရဲမှုကြောင့် ထွက်ပြေးလာသော ရွှေ့ပြောင်းလုပ်သားကိစ္စများနှင့် အခြားအကြောင်းအရာများသည် ထိုင်းနိုင်ငံကို သက်ရောက်မှု များစွာ ရှိစေသည်။

      သို့သော် ထိုင်းနိုင်ငံတွင် အစိုးရ တစ်ခုပြီး တစ်ခု ပြောင်းသွားခဲ့သော်လည်း မြန်မာနှင့် ဆက်ဆံရေးတွင် မည်သည်က အရေးကြီး၍ ဦးစားပေးရမည့် အချက်ကို သဘောပေါက်ခဲ့ကြပုံ မရချေ။ ယခုလက်ရှိ ထိုင်းအစိုးရသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနှင့် လူ့အခွင့်အရေးကိစ္စကို ဦးစားပေး လုပ်ဆောင်ရန် အချက်အဖြစ် ထားရှိပါသည်။ ယခင် သက်ဆင် လက်ထက်က မူးယစ်ဆေးဝါးကိစ္စမျိုးတွင် ပါးစပ်ပြောသာလျှင် ရှိပြီး လက်တွေ့ဘာမျှ မရှိခဲ့ပါ။ ၎င်းက ထိုင်းနိုင်ငံ နယ်စပ်တွင် မူးယစ်ဆေးဝါးသူပုန်တပ်များ လွတ်လပ်စွာ လှုပ်ရှားနေမှုအတွက် မြန်မာအစိုးရအား ကိုင်တွယ်ပေးရေးကိစ္စနှင့် ပတ်သက်၍ မလုပ်ဆောင်နိုင်ခဲ့ပေ။

      ၎င်းအစိုးရများသည် အထက်ပါ ကိစ္စကို လုပ်ရမည့်အစား မူးယစ်ဆေးဝါးစစ်ပွဲ အမည်တပ်၍ ထိုင်းနိုင်ငံသား ၃၀၀၀ ခန့်ကို ပစ်သတ်ခဲ့ပြီး မြန်မာစစ်အစိုးရနှင့်မူ စီးပွားရေးကိစ္စများသာ ဆွေးနွေးခဲ့ပါသည်။

      မြန်မာဗိုလ်ချုပ်များ အနေနှင့်လည်း ထိုင်းနိုင်ငံအား အလေးအနက်ထားပုံ မရချေ။

      ထိုင်းလူမျိုးများ မမြင်နိုင်သော အချက်မှာ ကျွန်ုပ်တို့၏ ဈေးပေါသော ကျောက်မျက်များနှင့် လုပ်အားများအပေါ် လိုချင်မှု (သစ်နှင့် ငါးဖမ်းခြင်း ကဏ္ဍမပါဝင်ပါ) သည် မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် လမ်းခင်းပေးသလို ဖြစ်နေသည့် အချက်ဖြစ်သည်။ အခြားထောက်ပြစရာ အချက်တစ်ခုမှာ ထိုင်းတို့လိုချင်သော မြန်မာနိုင်ငံမှ သဘာဝအရင်းအမြစ်များသည် စစ်အစိုးရ လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်နေသော ဒေသများတွင် ရှိနေခြင်း ဖြစ်သည်။ တိုင်းရင်းသားများကို အတင်းအကျပ် ရွှေ့ပြောင်းခိုင်းခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်မှုများကို စစ်ပွဲ လက်နက်သဖွယ် အသုံးပြုမှု စသည့် ပြစ်မှုများအတွက် တာဝန်အရှိဆုံးသူမှာ မြန်မာစစ်တပ်ပင် ဖြစ်သည်။

      အမေရိကန်က အထီးကျန်ဖြစ်နေသော စစ်အစိုးရအပေါ် သူ၏ မူဝါဒကို ပြောင်းလဲ၍ ဆက်ဆံမည်ဟု  ဆိုချိန်တွင် တစ်ဖက်၌ မြန်မာနိုင်ငံအတွင်းတွင် အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်မှုများမှာ ရှိနေဆဲပင် ဖြစ်သည်။ အမေရိကန်၏ ဆက်ဆံရေးမူဝါဒသည် ဘာကို ဆိုလိုသည်ဟု မည်သူမျှ တိတိကျကျ မသိနိုင်သေးပေ။ အစိုးရ ကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုများမှာ လမ်းကြောင်းမှန်ပေါ်မှာ ရောက်နေပြီလားဟု မေးခွန်းထုတ်စရာ  ရှိပါသည်။ ကြက်ဥမဥဖူးသေးသော ကြက်မကို ကြက်ဥ ဘယ်နှစ်လုံးဥမလဲဟု ခန့်မှန်းခိုင်းသလို ဖြစ်နေပါသည်။

      အမေရိကန်က ဗိုလ်ချုပ်များနှင့် တွေ့ဆုံဆွေးနွေးမှုကိုမူ ကြိုဆိုရမည် ဖြစ်သည်။ သို့သော် အဆိုပါ မူဝါဒမှာ ဗိုလ်ချုပ်များကို လမ်းဖွင့်ပေးရုံသက်သက် မဖြစ်သင့်ပေ။ အကယ်၍ ဝါရှင်တန်အနေဖြင့် မုန့်ဝေရေးရော၊ တုတ်ဝေရေးရော အစီအစဉ်များဖြင့် ချဉ်းကပ်မည်ဆိုပါက စစ်အစိုးရကို အမေရိကန်တို့၏ မျှော်လင့်ချက် ဥပမာအားဖြင့်- လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲလား၊ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရေးလားကို အတိအကျ ပြောပြဖို့ လိုပါမည်။ အဆိုပါ အချက်များအပေါ် ဗိုလ်ချုပ်များ ပြန်လည်ရရှိမည်ဆိုသည့် မုန့်ဝေရေး အစီအစဉ်ကိုပါ ရှင်းရှင်းလင်းလင်းပြောရန် လိုအပ်မည် ဖြစ်ပါသည်။

      မြန်မာပြည်၏ တည်ငြိမ်မှုသည် ထိုင်းနိုင်ငံအတွက် ကောင်းပါသည်။ သို့သော် မြန်မာအစိုးရ၏ ပြည်သူများအပေါ် ဖိနှိပ်မှုများ၊ တိုင်းရင်းသားသူပုန်များနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ၊ အုပ်ချုပ်မှုစနစ် မကောင်းမှုများ၊ဒုက္ခသည်များနှင့် တရားမဝင်လုပ်သားများ ထွက်ပြေးမှု တို့ကဲ့သို့သော မြန်မာပြည်တွင်းရေးပြဿနာများအပေါ် နောက်ဆုံးခါးစည်း၍ သက်ရောက်မှုများကို ခံစားရသော နိုင်ငံမှာ ထိုင်းနိုင်ငံပင် ဖြစ်နေပေသည်။

 



yangonchronicle2010.googlegroups.com



Bangladesh to take maritime dispute to UN tribunal

South Asia News

Oct 8th, 2009

ဘင်္ဂလားဒေ(့ရှ်) က ရေပြင်ပိုင်နက် အငြင်းပွားမှုကို ကုလသမဂ္ဂသို့ တင်ပြမည်

ဘင်္ဂလားဒေ့ရှ် အစိုးရသည် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံတို့နှင့် ဖြစ်ပွားနေသော ရေပြင်ပိုင်နက်အငြင်းပွားမှုနှင့် ပတ်သက်၍ သမာသမတ်ကျသော ဆုံးဖြတ်ချက်ရရှိရေးအတွက် ကုလသမဂ္ဂ တရားစီရင်ရေးခုံရုံး (UN Tribunal) သို့ တင်ပြရန် ကြာသပတေးနေ့က ဆုံးဖြတ်လိုက်ကြောင်း ဝန်ကြီးက ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီး Dipu Moni က သတင်းထောက်များအား ပြောကြားရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် ၁၉၈၂ ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာ ဥပဒေညီလာခံမှ ချမှတ်ခဲ့သော စည်းကမ်းဥပဒေများကို လိုက်နာသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဘင်္ဂဘားပင်လယ်အော်ရှိ ရေပြင်ပိုင်နက် အငြင်းပွားမှုကို ဖြေရှင်းရန် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်နေစေကာမူ တရားမျှတသော သဘောတူညီမှု ရရှိရေးအတွက် ဆက်လက်ကြိုးစားသွားမည်ဟု ဝန်ကြီးက ပြောကြားသည်။

အကယ်၍ ယခုစေ့စပ်ဆွေးနွေးမှုများ မအောင်မြင်ပါက ၎င်းတို့၏ ရေပြင်ပိုင်နက်ကို ခွဲခြားသတ်မှတ်ပေးမည့် တရားဝင် နောက်ဆုံးသဘောတူ ဆုံးဖြတ်ချက်အား လာမည့် လေးနှစ်မှ ငါးနှစ်အတွင်း ရရှိရေးကို စဉ်းစားရွေးချယ်သွားမည်ဟု ဆိုသည်။ "ဒက်ကား" အနေဖြင့် အထက်ပါ နည်းလမ်းကို ရွေးချယ်ရမည်ဆိုပါက ၃၅ နှစ်ခန့် အဖြေမပေါ်ဘဲ စခန်းသွားခဲ့ရသော ယခု စေ့စပ်အဆိုပြုမှုများပေါ်တွင် ရပ်တည်မှုကို ငြင်းဆန်မည်ဟုလည်း ဖော်ပြထားသည်။

ဘင်္ဂလားပင်လယ်အော်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးအတွက် ကမ်းလွန်ရေနံ လုပ်ကွက် ၃ ခု ၎င်းရေပြင်ပိုင်နက်တွင် သတ်မှတ်ရေးနှင့် ပတ်သက်ပြီး အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၏ စောဒကတက်မှုနှင့်အတူ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina Wazed က ပင်လယ်အော်တွင် ရေနံနှင့် ဟိုက်ဒရိုကာဗွန်များ ရှာဖွေရေး ဆက်လက်ကြိုးပမ်းသွားရန် အခိုင်အမာ ဆုံးဖြတ်လိုက်ပြီးနောက် ယင်းကဲ့သို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယခုဆုံးဖြတ်ချက်သည် အိမ်နီးချင်းနိုင်ငံများနှင့် အငြင်းပွားမှု အပါအဝင် အခြေအနေများကို ချက်ချင်းတည်ငြိမ် အေးချမ်းသွားစေမည် ဖြစ်ပြီး ပင်လယ်ပြင်ရှိ သဘာဝသယံဇာတများ အပေါ်တွင် မိမိတို့၏ အချုပ်အခြာပိုင် ရပိုင်ခွင့် အခွင့်အရေးများမှာ မျှော်လင့်ချက်များဖြင့် ပြည့်လျှမ်းနေကာ ကြွယ်ဝချမ်းသာသော သမိုင်းတခေတ်ဆီသို့ လှမ်းတက်ရှေ့ဆက်သွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုများကို ဘင်္ဂလားဒေ့ရှ် ပြည်သူများ၏ ကောင်းကျိုးများ အလို့ငှာ သုံးစွဲသွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

အထက်ပါ ၃ နိုင်ငံစလုံးသည် ရေပင်လယ်ပြင်ဆိုင်ရာ ဥပဒေညီလာခံ၏ အဖွဲ့ဝင်များဖြစ်ပြီး ခုံသမာဓိအဖွဲ့၏ နောက်ဆုံးသတ်မှတ်ချက်ကို လက်ခံသဘောတူရန် တာဝန်ရှိပါသည်။

ပင်လယ်အော်ရေပိုင်နက်ရှိ ကမ်းလွန်ရေနံ လုပ်ကွက် ၃ ခုနှင့် ပတ်သက်ပြီး မိမိတို့ ၃ နိုင်ငံအကြား သဘောကွဲလွဲမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဌာန အတွင်းဝန် Mohamed Mijarul Quayes က စောစောပိုင်းက ပြောကြားခဲ့ပါသည်။

အငြင်းပွားမှုများ ဆက်လက်ရှိနေစေကာမူ ၎င်းရေနံလုပ်ကွက် ၃ ခုတွင် ဟိုက်ဒရိုကာဗွန် ရှာဖွေလုပ်ကိုင်ခွင့်ကို အမေရိကန်အင်အားကြီး Conoco Phillips ရေနံကုမ္ပဏီနှင့် အိုင်ယာလန် Tallow Oil ရေနံကုမ္ပဏီတို့အား ပေးအပ်ရန် ဘင်္ဂလားဒေ့ရှ် အစိုးရက ဆုံးဖြတ်ထားပြီး ၎င်းကုမ္ပဏီများနှင့် နောက်ဆုံးသဘောတူညီချက်များ ရရှိရန် ဆွေးနွေးလျက် ရှိကြောင်း သိရှိရပါသည်။

 




yangonchronicle2010

North Korea to send Nuclear Envoy to US

အမေရိကန်နိုင်ငံသို့ နျူဆိုင်ရာအထူးသံတမန် မြောက်ကိုရီးယား စေလွှတ်မည်

8th Oct, 09 (Reuters)

မြောက်ကိုရီးယား နျူကလီယာဆိုင်ရာ အဆင့်မြင့် အထူးသံတမန်တစ်ဦးသည် ယခုလတွင်း အမေရိကန်သို့ နှစ်နိုင်ငံ စေ့စပ်ဆွေးနွေးမှု ပြန်လည်စတင်ရန်အတွက် သွားရောက်ရန်ရှိကြောင်း တောင်ကိုရီးယား အသံလွှင့်ဌာနက သောကြာနေ့တွင် ပြောကြား ခဲ့ပါသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီး(Kim Jong-il) က ၎င်းတို့သည် အချက် (၆) ချက်ပါ နျူကလီယာလက်နက် ဖျက်သိမ်းရေး ဆွေးနွေးပွဲတွင် ပြန်လည်တက်ရောက်ရန် ဆန္ဒရှိကြောင်း၊ သို့သော် အမေရိကန်နိုင်ငံနှင့် အရင်ဆွေးနွေးလိုကြောင်း ပြောပါသည်။ ယခင်ဆွေးနွေးပွဲ ရပ်ဆိုင်းသွားပြီးနောက် (၆) လအကြာတွင် ယခုကဲ့သို့ပြောကြားလာခြင်း ဖြစ်ပါသည်။

မြောက်ကိုရီးယားမှ ၎င်းတို့၏ ဒုတိယညှိနှိုင်းသူ Ri Gun ကို ရပ်ဆိုင်းခဲ့သော အချက်(၆) ချက်ပါ နျူကလီယာ ဆွေးနွေးပွဲကိစ္စအတွက် စေလွှတ်မည် ဖြစ်ပြီး၊ အမေရိကန်တို့ကလည်း အပြန်အလှန်အားဖြင့် ပြုံးယမ်းသို့ အထူးသံတမန်စေလွှတ်မည်ဟု မျှော်လင့်ကြောင်း သံတမန်အသိုင်းအဝန်း၏ ပြောကြားချက်ကို YTN ရုပ်မြင်သံကြားမှ ကိုးကားပြောကြားသွားပါသည်။

ညွှန်ကြားရေးမှူးချုပ် Ri Gun ၏ အမေရိကန်နိုင်ငံ ခရီးစဉ်မှာ စာတမ်းဖတ်ပွဲတက်ရောက်မည့် အသွင်ယူထားကြောင်း ပြောပါသည်။ Ri သည် အမေရိကန်နိုင်ငံသို့ ကိုရီးယားနှစ်နိုင်ငံ၊ တရုတ်၊ ဂျပန်၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့၏ ရပ်ဆိုင်းသွားသော ဆွေးနွေးပွဲ ပြန်လည်ပြုလုပ်အောင် တွန်းအားပေးရန် ကိစ္စအတွက် ယခင်က သွားရောက်ခဲ့ဖူးပြီး ဖြစ်ပါသည်။

အမေရိကန်နိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် သံတမန်အဆက်အသွယ် မရှိသောကြောင့် အလားတူ ခရီးစဉ်မျိုးမှာ မရှိသလောက်ပင် ဖြစ်သည်။

ကုလသမဂ္ဂက မြောက်ကိုရီးယားကို နျူကလီးယားအစီအစဉ်နှင့် ဒုံးကျည်စမ်းသပ်မှုအပေါ် အရေးယူခြင်းကို မကျေနပ်သောကြောင့် သူ၏ အသုံးပြုပြီးသော နျူကလီးယားလောင်စာဆီမှ ပလူတိုနီယံ ထုတ်လုပ်မှုကို ပြန်လည်လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့ပါသည်။

 

 



yangonchronicle2010@googlegroups.com


အမေရိကန်နှင့်တွေ့ဆုံပွဲ မြန်မာတက်မည်
Myanmar at US meeting

(The Straits Times)

Oct 9 ,Washington

AFP -   လာမည့်လ သမ္မတ Barack Obama နှင့် အရှေ့တောင်အာရှနိုင်ငံများ တွေ့ဆုံပွဲတွင် အဆင့်မြင့် မြန်မာအစိုးရ တာဝန်ခံလည်း တက်ရောက်လိမ့်မည် ဖြစ်သည်။ဝန်ကြီးချုပ်တက်ရောက်ဖွယ်ရှိသည်ဟု ခန့်မှန်းကြသည်။ အစောပိုင်းက စစ်အစိုးရတက်ရောက်လိမ့်မည် မဟုတ်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

အမေရိကန်သမ္မတနှင့် မြန်မာနိုင်ငံမှ အဆင့်မြင့် အစိုးရတာဝန်ရှိသူတို့ တွေ့ဆုံမှုမှာ ရှားရှားပါးပါး အလားအလာကောင်းများကို ဖော်ဆောင်ကြောင်း ကြာသပတေးနေ့က အာဆီယံနှင့် တွေ့ဆုံပွဲအတွက် အသေးစိတ်ထုတ်ပြန်ရာတွင် ထည့်သွင်းခဲ့ပါသည်။ ဝါရှင်တန်သည် စစ်အစိုးရ၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုများအပေါ် ဖိနှိပ်မှုကြောင့် စစ်အစိုးရကိုရှုံ့ချမှုများ ပြုလုပ်ခဲ့သည်။

အမေရိကန် အစိုးရတာဝန်ရှိပုဂ္ဂိုလ်က ပြောကြားရာတွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်မည် သို့မဟုတ် အခြားမည်သူ တက်ရောက်မည်ကိုမူ မသိရှိရသေးကြောင်း ထည့်သွင်းပြောကြား သွားပါသည်။

အမေရိကန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကမူ တက်ရောက်လိမ့်မည်မဟုတ်ဟု ဆိုပါသည်။ အမေရိကန် သမ္မတအနေဖြင့် အာဆီယံနိုင်ငံများနှင့်  အစည်းအဝေးတွင် မိန့်ခွန်းပြောကြားလိမ့်မည်ဟု မျှော်လင့်ရကြောင်းနှင့် တစ်ဦးချင်း တွေ့ဆုံမှု အစီအစဉ်မူ ပါဝင်လိမ့်မည် မဟုတ်ဟု ဆိုပါသည်။

အစောပိုင်းက အိမ်ဖြူတော် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Robert Gibbs က မြန်မာအစိုးရခေါင်းဆောင်များ တက်ရောက်လိမ့်မည်ဟု မထင်ကြောင်း ပြောကြားခဲ့ပါသည်။