Transparency Myanmar

transparency.myanmar@gmail.com

monstersandcritics.com, 11th February 2010

          မြန်မာ အစိုးရက နိုင်ငံကာ ရုပ်သံလိုင်းသစ် တစ်ခုကို လာမည့်လတွင် လွှင့်ထုတ်ရန် စီစဉ်နေသည်ဟု ကြာသပတေးနေ့ သတင်းများအရ သိရသည်။

          အင်္ဂလိပ်ဘာသာ ရုပ်သံလိုင်းသစ် Myanmar International ကို လာမည့် တပ်မတော်နေ့ မတ်လ ၂၇ ရက်တွင် စတင် ထုတ်လွှင့်ရန် စီစဉ်နေသည်ဟု အမည်မဖော်လိုသူ ပြန်ကြားရေး ဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားသည်။

          ရုပ်သံ လိုင်းသစ်၏ ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ စစ်မှန်သော ဖွံ့ဖြိုးမှုများ၊ တိုးတက်မှု၊ အလှအပ၊ သဘာဝနှင့် မြန်မာနိုင်ငံ၏ လက်ရှိ အောင်မြင်နေသော အခြေအနေများကို နိုင်ငံတကာ အသိုင်းအဝန်းက သိရှိစေရန် ဖြစ်ပြီး ပြည်ပရောက် မြန်မာများ အိမ်လွမ်းစိတ် ပြေစေရန် ဖြစ်သည်ဟု နိုင်ငံပိုင် သတင်းစာ New light of Myanmar က ဆိုသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ပြည်တွင်း မီဒီယာများကို အချုပ်ချယ်ဆုံး နိုင်ငံတစ်ခု ဖြစ်သည်။ နိုင်ငံခြားသားများကို သတင်းထောက် ဗီဇာ ထုတ်ပေးခြင်းမှာလည်း ရှားပါးလှသည်။

          ပြည်တွင်း သတင်းစာများမှာ နိုင်ငံပိုင် လုပ်ငန်းများသာ ဖြစ်ပြီး ကျန်သတင်း ဂျာနယ်များ မှာလည်း အစိုးရ၏ တင်းကျပ်လွန်းသော စာပေစိစစ်ရေး မူဝါဒအောက်တွင် ပိပြားလျက် ရှိပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Eubusiness.com, 11th February 2010

          တရုတ်၊ အိန္ဒိယ နှင့် ရုရှား နိုင်ငံတို့ အနေဖြင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေများ တိုးတက်လာရေး အတွက် ဖိအားပေးကြရန်နှင့် မြန်မာ အစိုးရကို လက်နက်များ ရောင်းချ ပေးနေခြင်းကို ရပ်ဆိုင်းကြရန် ဥရောပ သမဂ္ဂ (အီးယူ) အမတ်များက ကြာသပတေးနေ့က တိုက်တွန်း လိုက်သည်။

          အဆိုပါ ဆုံးဖြတ်ချက်တွင် အီးယူ အမတ်များက "မြန်မာနိုင်ငံတွင် ထိရောက်သော တိုးတက်မှုများ ရရှိရေး အတွက် တရုတ်၊ အိန္ဒိယ နှင့် ရုရှား နိုင်ငံတို့သည် ၎င်းတို့၏ စီးပွားရေး နှင့် နိုင်ငံရေး ပါဝါများကို အသုံးပြုကြရန်" တိုက်တွန်း နှိုးဆော် ထားသည်။

          မြန်မာ အစိုးရသို့ လက်နက်များ ရောင်းချနေခြင်းကိုလည်း ရပ်ဆိုင်းပေးရန် အီးယူ အမတ်များက တောင်းဆိုလိုက်သည်။

          စထရာဘတ်မြို့တွင် မဲခွဲ ဆုံးဖြတ်ခဲ့သော အထက်ပါ ဆုံးဖြတ်ချက်တွင် မြန်မာ ပြည်သူများ၏ လူ့အခွင့်အရေးများ၊ အခြေခံ လွတ်လပ်ခွင့်များနှင့် ဒီမိုကရေစီ အခွင့်အရေးများကို စစ်အစိုးရက စနစ်တကျ ချိုးဖောက် ပိတ်ပင်နေမှုကိုလည်း ပြစ်တင် ရှုတ်ချလိုက်သည်။

          အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် စစ်ဆေး ပြစ်ဒဏ် ချမှတ်ခြင်းနှင့် ပတ်သက်၍လည်း စိုးရိမ် ပူပန်ကြောင်း ဖော်ပြခဲ့ကြပြီး သူမအား အမြန်ဆုံး လွှတ်ပေး၍ လာမည့် ရွေးကောက်ပွဲတွင် ပါဝင် ခွင့်ပြုရန် တောင်းဆို ထားသည်။

          ဥရောပ သမဂ္ဂသည် မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှု အစီအစဉ် ပထမ အသုတ်ကို ၁၉၉၆ တွင် ချမှတ်ခဲ့ပြီး လက်နက် ရောင်းဝယ်မှု ပိတ်ပင်ခြင်း၊ မြန်မာ အစိုးရနှင့် မိသားစုဝင်များကို ဗီဇာ ပိတ်ပင်ခြင်း၊ သံတမန် ဆိုင်ရာ ဆက်သွယ်မှုကို ကန့်သတ်ခြင်းနှင့် အစိုးရ အဖွဲ့ဝင်များ၏ ပြည်ပဘဏ် စာရင်းကို ပိတ်ပင်ခြင်းများ ပါဝင်သည်။

          ၂၀၀၇ ခုနှစ်အတွင်း သံဃာတော်များ၏ ဆန္ဒပြမှုကို မြန်မာ အစိုးရက ရက်စက်စွာ နှိမ်နင်းခဲ့ပြီး နောက်ပိုင်းတွင် ပိတ်ဆို့မှု အစီအစဉ်သစ်များကို ထပ်မံ ချမှတ်ခဲ့ပြီး ဥရောပ ကုမ္ပဏီများ အနေနှင့် မြန်မာနိုင်ငံမှ သစ်၊ ကျောက်မျက်နှင့် သတ္ထုများ တင်သွင်းခြင်းကို တားမြစ် ခဲ့သည်။

          ပြီးခဲ့သော သြဂုတ်လတွင် ဒေါ်အောင်ဆန်းစုကြည်အား တရားခွင် စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းကြောင့် အီးယူက အရေးယူမှု အစီအစဉ်များကို ထပ်မံ တိုးချဲ့လိုက်ပြီး တရားသူကြီး အဖွဲ့ဝင်များ၏ ဗီဇာနှင့် ပိုင်ဆိုင်မှုများကို ပိတ်ပင် တားမြစ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ် ရေတပ် အခြေစိုက်ရာ မြန်မာနိုင်ငံ ကိုကိုးကျွန်းမှ ကီလိုမီတာ ၄၀ အကွာ အက်တမန် ကျွန်းစုများ နှင့် နီကိုဘာ ကျွန်းစုတို့တွင် တရုတ်နိုင်ငံက စစ်ရေးအရ ခြေဆန့်မှုများ တိုးမြှင့် လုပ်ဆောင်လျက် ရှိရာ အိန္ဒိယ နိုင်ငံကလည်း တုံ့ပြန်သည့် အနေဖြင့် စစ်ရေး လှုပ်ရှားမှုများ ပိုမိုဆောင်ရွက်တော့မည်ဟု သိရပါသည်။

သတင်းများအရ အိန္ဒိယသည် အဆိုပါ ကျွန်းများ၏ လုံခြုံရေးအတွက် စစ်သင်္ဘောများ၊ ရေဒါစနစ်များ တပ်ဆင်ချထားမည်ဟု ဆိုသည်။ "အခုလို ဖြစ်ရတာဟာ စောင့်ကြည့်လေ့လာမှု အားနည်းခဲ့လို့ပါပဲ။ သဘောက တော့ လေကြောင်း ကာကွယ်ရေး နဲ့ ကမ်းရိုးတန်း လုံခြုံရေး တပ်ဖွဲ့တွေအကြား ကွာဟမှုတွေ ရှိနေလို့ပါ။ အဲဒီ ကွာဟမှုကို နည်းနိုင်သမျှ နည်းပါးသွားအောင် ကျွန်တော်တို့ ရှေ့လျှောက် လုပ်ဆောင်သွားမှာပါ" ဟု အက်မန်နှင့် နီကိုဘာကျွန်း ဒေသလုံခြုံရေး တပ်ဖွဲ့မှ စီနီရာ အရာရှိကြီး တစ်ဦးက ပြောပါသည်။

"တရုတ်တပ်တွေက ကိုကိုးကျွန်း ဘက်မှာ တပ်စွဲထားတယ်။ ကျွန်တော်တို့ အက်တမန်၊ နီကိုဘာနဲ့ ကီလိုမီတာ ၄၀ လောက် ဝေးကွာတဲ့ နေရာမှာပေါ့။ သူတို့က တဖြည်းဖြည်းချင်း ဒီဘက်အထိ အင်အားတိုးဖို့ လုပ်လာတယ်။ အခုနောက်ပိုင်း ရောက်မှ နည်းနည်း လျှော့ချသွားတာ။ ဒါပေမဲ့ သူတို့ ရှိနေတယ်ဆိုတာ ပြောချင်တယ်" ဟု အမည်မဖော်လိုသူ အဆိုပါ အရာရှိက ဆက်လက် ပြောဆိုပါသည်။

အဆိုပါ ထင်မြင် ပြောဆိုချက်များမှာ မြန်မာ-အိန္ဒိယ-တရုတ် သုံးနိုင်ငံ အကြား စိတ်ဝင်စားဖွယ် ထွက်ပေါ် လာခဲ့ပါသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် သော်လည်းကောင်း၊ အိန္ဒိယနိုင်ငံနှင့် သော်လည်းကောင်း ဆက်ဆံရေးတွင် အဆင်ပြေလိုသော နိုင်ငံတစ်ခုဖြစ်သည်။ လွန်ခဲ့သည့် ၂ နှစ်အတွင်း ကလည်း မြန်မာနိုင်ငံက အန္ဒိယမှ စစ်အရာရှိကြီးများကို ခေါ်ယူကာ ကိုကိုးကျွန်းရှိ တရုတ်တပ်များ ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ ပါသေးသည်။

အဆိုပါ အန္ဒိယ စစ်ရေးကိုယ်စားလှယ် အဖွဲ့က ကိုကိုးကျွန်းတစ်ဝိုက် တရုတ်တပ်များကို စောင့်ကြည့်နိုင်ရန် ဂြိုလ်တုဆက်သွယ်ရေး စနစ် တပ်ဆင်ပေးသွားသည်ဟု ပင် သတင်းများ ထွက်ပေါ်ခဲ့သည်။

"အမှန်ပြောရရင်တော့ တရုတ်တပ်တွေ ဒီဒေသတွင်းမှာ များပြားလာတာ လုံခြုံရေး ဆိုတဲ့ အကြောင်းပြချက် နဲ့ပါပဲ" ဟု ၎င်းက ဆိုပါသည်။ အဆိုပါ တရုတ်တပ်များကို စောင့်ကြည့် လေ့လာနိုင်ရေး အတွက် လေကြောင်းကာကွယ်ရေး စနစ်များ သာမက ဆက်သွယ်ရေး ဂြိုလ်တုနှင့် ရေဒါစနစ်များကိုလည်း အသုံးချ သွားရန် အိန္ဒိယက စီစဉ်လျက် ရှိပါသည်။

ယင်းသို့စီစဉ်ရာတွင် မြောက် အက်တမန်ကျွန်းရှိ Shipur တွင်လည်းကောင်း၊ နီကိုဘာ ကျွန်းတောင်ဘက်ရှိ Campbell Bay ဒေသတွင် လည်းကောင်း လေတပ်အခြေစိုက် စခန်းများ ဖွင့်လှစ်မည်ဟု လည်း သိရသည်။ လေတပ်အခြေစိုက်စခန်း ပေါင်း အနည်းဆုံး လေးခုဖြင့် အဆိုပါဒေသ လုံခြုံရေးကို စောင့်ကြည့်သွားမည် ဖြစ်ပါသည်။

ပင်လယ်ပြင် ဒေသ ညဘက် စစ်ဆင်ရေး ကင်းလှည့်မှု၊ စစ်သင်္ဘောများ လှည့်လည် သွားလာမှု တို့ကိုလည်း အိန္ဒိယက ပြုလုပ်သွားမည် ဖြစ်ပါသည်။ "Su -30 ဂျက် တိုက်လေယာဉ်တွေကိုတော့ အဲဒီဒေသမှာ စစ်ဆင်ရေး လုပ်ခိုင်းထားပြီး ပါပြီ။ ဒါပေမဲ့ လောလောဆယ် အနေအထားအရ Port Blair ကပဲ အဲလို စစ်ဆင်ရေးတွေ လုပ်နိုင်အောင် အထောက်အပံ့ ပေးနိုင်ပါသေးတယ်" ဟု အဆိုပါ အမည်မဖော်လိုသူ အရာရှိက ပြောပါသည်။

Zee News မှသတင်းကိုဘာသာပြန်ဆိုပါသည်

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, 10th February 2010

ရှမ်းပြည် တပ်မတော် အနေဖြင့် နယ်ခြား စောင့်တပ်ဖွဲ့ အဖြစ် အသွင် ပြောင်းခြင်းနှင့် မြန်မာ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း တို့ကို မပြုလုပ်ပါက ပြဿနာနှင့် ရင်ဆိုင် ရလိမ့်မည်ဟု မြန်မာ့ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အကြီးအကဲက သတိပေးခဲ့ကြောင်း သိရှိရသည်။

အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန် ဖေဖော်ဝါရီ လကုန်ကို နောက်ဆုံးရက် အဖြစ် သတ်မှတ်ထားသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စ အတွက် နောက်ထပ် ဆွေးနွေးမှု ပြုလုပ်ရန် အတွက် ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့် နှင့် ရှမ်းပြည် မြောက်ပိုင်း တပ်မတော် ဥက္ကဋ္ဌတို့ ဖေဖော်ဝါရီ ၆ရက်က တွေ့ဆုံခဲ့ကြသည်ဟု တရုတ် မြန်မာနယ်စပ် အခြေစိုက် စစ်ရေး အကဲခတ် သမား အောင်ကျော်ဇော၏ ပြောကြားချက် အရ သိရသည်။

''အစည်း အဝေး မအောင်မြင်ဘူး၊ နှစ်လ အတွင်းမှာ သဲသဲကွဲကွဲ ဆုံးဖြတ်၊ ဒါမှ မဟုတ်ရင် တိုက်ရလိမ့်မယ်'' ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က သတိပေးခဲ့ကြောင်း ၎င်းက DVB  သို့ ပြောကြားသည်။

ရှမ်းပြည် မြောက်ပိုင်း တပ်မတော် (SSA – N) က မြန်မာ စစ်တပ်နှင့် လက်မှတ် ထိုးထားသော အပစ်ရပ် သဘောတူညီချက်ကို ဆက်လက် လိုက်နာမည် ဖြစ်ပြီး နောက်တက်လာမည့် အစိုးရနှင့်သာ နိုင်ငံရေး ကိစ္စများကို ဆွေးနွေးမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် ပြောင်းလဲမည် မဟုတ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်အား ပြောကြားခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ၏ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၁၈ ဖွဲ့ အနက် နေပြည်တော်၏ တိုက်ရိုက် ထိန်းချုပ်မှု အောက်တွင် ထားရှိမည့် နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲရေး အဆိုပြုချက်ကို လက်ခံသည့် အဖွဲ့မှာ လက်တစ်ဆုပ်စာမျှသာ ရှိသည်။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ဥပဒေဘောင် အတွင်း ပြန်လာရန် နည်းလမ်း တစ်ခု အဖြစ် စစ်ဖက် အုပ်ချုပ်သူများက သတ်မှတ် ပြောဆိုနေသည်။ အမှန်မှာမူ ထိခိုက် ပျက်ပြားလွယ်သော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို အကြောင်းပြဖုံးအုပ်မှု တစ်ခုသာ ဖြစ်သည်။

မြန်မာ အစိုးရနှင့် ယာယီ စစ်ပြေငြိမ်းမှု မျှသာ ပြုလုပ်ထားကြသော အပစ်ရပ် တပ်ဖွဲ့များနှင့် မြန်မာ စစ်တပ် အကြား ပြဿနာ ဖြေရှင်းရေး ဆောင်ရွက်ချက်မှာ ကြီးမားသော တင်းမာမှုများ ဖြစ်ပွားစေခဲ့ပြီ ဖြစ်သည်။ အသွင်ပြောင်းရေးကို ငြင်းပယ်မှုကြောင့် ပြီးခဲ့သောနှစ်က မြန်မာစစ်တပ်နှင့် ကိုးကန့် တပ်ဖွဲ့များ အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ယင်း ဖြစ်ရပ်ကို နမူနာ ယူ၍ နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို ငြင်းပယ်မှု၏ နောက်ဆက်တွဲ လိုက်ပါလာမည့် အစိုးရ ထိုးစစ်ကို ကာကွယ်ရန် ရှမ်းပြည် အခြေစိုက် အကြီးဆုံး အပစ်ရပ် အဖွဲ့ ဖြစ်သော တပ်ဖွဲ့ဝင်  ၃၀,၀၀၀  ရှိ  UWSA  ဝတပ်ဖွဲ့က အရပ်သား ထောင်ပေါင်းများစွာကို စစ်သင်တန်းပေး လေ့ကျင့်ခဲ့ပါသည် ဟု သိရသည်။

မည်သို့ပင် ဖြစ်စေ မြန်မာ စစ်တပ် အရာရှိ နှစ်ဦး ထိပ်ပိုင်း တာဝန် ယူမည့် နယ်ခြား စောင့်တက် ဖွဲ့စည်းရေး ကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်း သဘော တူညီမှု ရရှိနိုင်သည်ဟု  UWSA  က ပြီးခဲ့သော ဒီဇင်ဘာတွင် ပြောကြားခဲ့သော်လည်း အမှန်တကယ် ဖြစ်ပေါ်လာရန် ဖြစ်နိုင်ချေ အနည်းငယ်သာ ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

radioaustralianews.net, 10th February 2010

မြန်မာ အစိုးရအပေါ် စစ်ဖက်ဆိုင်ရာ အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ထားသည့် အချိန်မျိုးတွင် မြန်မာနိုင်ငံနှင့် စစ်ရေး လေ့ကျင့်မှု ပြုလုပ်ရန် ရေတပ် ကင်းလှည့် သင်္ဘော တစ်စင်းကို အစိုးရက အဘယ်ကြောင့် စေလွှတ်ခဲ့ပါသနည်းဟု သြစတြေးလျ Green ပါတီက မေးခွန်းထုတ်လိုက်သည်။

အာရှ-ပစိဖိတ် ဒေသ တဝှမ်းရှိ ရေတပ်မတော် ၁၃ ခု မှ စစ်သင်္ဘောများသည် အိန္ဒိယ သမုဒ္ဒရာတွင် ပြုလုပ်နေသော ပင်လယ် ဓားပြ နှိမ်နှင်းရေးနှင့် အကြမ်းဖက် ဆန့်ကျင်ရေး လေ့ကျင့်မှုများတွင် လတ်တလော ပါဝင် ဆင်နွှဲနေကြခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံ ကမကထပြု စည်းရုံး လှုပ်ရှားသော နှစ်စဉ် ပြုလုပ်နေကျ 'Exercise Milan ' သည် အင်ဒါမင် ပင်လယ်၊ ပို့ဘလဲ ဆိပ်ကမ်းမှ နီးကိုးဘား ကျွန်းစုများ အထိ လေ့ကျင့် နေခြင်း ဖြစ်သည်။

အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်ရန် မြန်မာနိုင်ငံကလည်း စစ်သင်္ဘော တစ်စင်း စေလွှတ်ခဲ့ပြီး ၎င်း မြန်မာ ရေတပ် သင်္ဘောသည် သြစတြေးလျ ရေတပ်၏ HMAS Glenelg နှင့် အတူ ပူးပေါင်း လေ့ကျင့်မည် ဖြစ်သည်။

မြန်မာနိုင်ငံနှင့် စစ်ရေး လေ့ကျင့်ခြင်း၊ လက်နက် ရောင်းချပေးခြင်း တို့ကို တားမြစ်ထားသော အရေးယူ ပိတ်ဆို့မှုကို လက်မှတ် ရေးထိုးထားသည့် သြစတြေးလျ နိုင်ငံ အနေဖြင့် ယခု စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်ခြင်းသည် တတိယ အကြိမ်မြောက် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 10th February 2010

ထိုင်း အစိုးရက အာမခံ ပေးထားခြင်းအပေါ် ဆန့်ကျင်၍ ကရင် ဒုက္ခသည် များအား မြန်မာနိုင်ငံသို့ ပြန်ပို့နေသည့် ထိုင်းစစ်တပ်မှာ ပြစ်တင် စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရသည်။

တပ်စ် ပြည်နယ်၊ တဆောင်ရန် ခရိုင်၊ ဘန်ဆူတာမှ အာဏာပိုင်များသည် ကရင် ဒုက္ခသည် အချို့ကို မြန်မာနိုင်ငံသို့ အတင်း ပြန်ခိုင်းခဲ့သည်ဟု  လူ့ အခွင့်အရေး လှုပ်ရှားသူ ဆူပရာပွန် ကောင်ချန်တပ်က ယမန်နေ့တွင် ပြောကြားသည်။ ယခင်နှစ် မြန်မာနယ်စပ် တိုက်ပွဲ များကြောင့် ထွက်ပြေးလာကြသည့် ကရင် ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်ပို့သည့် ကိစ္စများ မရှိပါ ဟူသော ထိုင်း အစိုးရ၏ ယခင် အပတ်က ကြေညာချက်ကို ဖောက်ဖျက်လိုက်ခြင်းပင် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

နယ်စပ် မြန်မာ ပိုင်နက် အတွင်းတွင် တိုက်ပွဲများ ဖြစ်နေခြင်း မြေမြှုပ်မိုင်းများ ရှိနေခြင်း တို့ကြောင့် အိမ်ပြန်မည့် သူများ အတွက် အန္တရာယ်ရှိနေကြောင်း လူ့အခွင့်အရေး အဖွဲ့များက ကန့်ကွက်နေသည့် ကြားမှ ဘန်နောင်းဘူခေါင်နှင့် ဘန်ဆူသာ စခန်းများမှ ကရင်ဒုက္ခသည် ၁၇၀၀ ခန့်ကို ပြန်ပို့ရန် ထိုင်းစစ်တပ်က စီစဉ်နေခဲ့ခြင်း ဖြစ်သည်။

အမျိုးသား လူ့အခွင့် အရေး ကော်မရှင်က ယခု ကိစ္စကို ယနေ့ စတင် ကိုင်တွယ် ဆောင်ရွက်မည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima News, 10th February 2010

          ဆယ်စုနှစ် တစ်ခုကလည်း ဂဏန်း နှစ်လုံး ဖြစ်သော (၁၀) ဖြင့် ပြီးဆုံးခဲ့ပြီ ဖြစ်ပါသည်။ ထို့အတူ အောက်တိုဘာလကလည်း နှစ်တစ်နှစ်၏ (၁၀) လမြောက် ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ အစိုးရ၏ ဂဏန်းများနှင့် ပတ်သက်၍ နှစ်သက်မှုများ ရှိနေရာ အများက ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲကို အောက်တိုဘာ ၁၀ ရက် (၁၀ - ၁၀ - ၂၀၁၀) တွင် ကျင်းပလိမ့်မည်ဟု ထင်မြင် ယူဆနေကြသည်။ ရွေးကောက်ပွဲသည် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီကို ဖော်ဆောင်ပေးမည် ဖြစ်ပြီး၊ ရာစုနှစ် တစ်ဝက်နီးပါး အုပ်ချုပ်လာသော စစ်တပ် အုပ်ချုပ်မှုကို အဆုံးသတ်စေမည် ဖြစ်သည်။

          ယခုနှစ် ၆၂ နှစ်မြောက် လွတ်လပ်ရေးနေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ပြည်သူလူထုအား ရွေးကောက်ပွဲတွင် မှန်ကန်သော ရွေးချယ်မှု ပြုလုပ်ကြရန် တိုက်တွန်းခဲ့သည်။ သို့သော် စစ်မှန်သော ရွေးကောက်ပွဲ ဖြစ်လိမ့်မည်ဟု သော်လည်းကောင်း၊ အမျိုးသား ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းစဉ် ပါဝင်လိမ့်မည်ဟု လည်းကောင်း ပြသရန် ရည်ညွှန်းရန်နှင့် အာမခံချက်များ မရှိပါ။

ထို့အတူ ရွေးကောက်ပွဲ ဥပဒေကို ပြဋ္ဌာန်းခြင်း မရှိသေးသလို လွတ်လပ်စွာ စုဝေးခွင့်နှင့် သတင်း လွတ်လပ်ခွင့်လည်း မရှိသေးပါ။ တစ်ချိန်တည်းတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက် ထားရှိသည်။ ထိုအချိန်တွင် ပြည်ထဲရေး ဝန်ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ် စေ့သည့် နိုဝင်ဘာလတွင် လွှတ်ပေးမည် ဖြစ်ကြောင်း ခပ်ရှက်ရှက်နှင့် မှတ်ချက်ပြုခဲ့သည်။

ထိုအချိန်တွင် ရွေးကောက်ပွဲကလည်း ပြီးစီးသည့် အချိန် ဖြစ်လိမ့်မည်။ အတိုချုပ်အားဖြင့် ဆိုရသော် သိက္ခာရှိသော ရွေးကောက်ပွဲ ဖြစ်ရန် အဓိပ္ပာယ် ရှိသော ခြေလှမ်းများ မတွေ့ရသေးသည့် အပြင် အခြေခံ ဥပဒေကလည်း ကောင်းမွန်သည်ဟု ပြောရန် သံသယများစွာ ရှိနေသေးသည်။

          အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောရမည့် အစား၊ နေအိမ် အကျယ်ချုပ်ထားပြီး မတရားသဖြင့် ဘေးသို့ ရောက်အောင် တွန်းပို့နေသည်။ ဗဟို တရားရုံးကလည်း သူမ၏ အယူခံ ဝင်ထားမှုကို ဆိုင်းငံ့ထားပြီး မည်သည့် အရေးယူမှုမျှ မလုပ်သေးဘဲ ရှိရာ တရားရုံးသည် အစိုးရ သဘောထား၏ လွှမ်းမိုးခြင်း ခံနေရသည့် အချက်ကို ပိုမို သေချာစေသည်။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် ရွေးကောက်ပွဲ၌ အစိုးရသည် ၎င်း၏အာဏာကို မတရားသဖြင့် အသုံးချလိမ့်မည် ဆိုသည်ကို မှန်းဆ နိုင်လိမ့်မည် ဖြစ်သည်။

          အကယ်၍ ရွေးကောက်ပွဲအတွက် မျှော်လင့်ချက်များ ရှိလာပြီဆိုလျှင် အစိုးရသည် တင်းကြပ်သည့် ဥပဒေ အတော်များများကို ပယ်ဖျက်ပေးခြင်း၊ လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာခြင်း၊ ရွေးကောက်ပွဲ ဥပဒေကို ပြဋ္ဌာန်းပေးခြင်း၊ ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းပေးခြင်းနှင့် နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲ လှုပ်ရှားမှုများ ပြုလုပ်ခွင့်ပေးခြင်း တို့ကို မြင်တွေ့လာရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ မူလ အတိုက်အခံ ပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၎င်း၏ ရွေးကောက်ပွဲ ဝင်ရောက်မည့် အခြေအနေများကို ရွှေဂုံတိုင် ကြေညာစာတမ်းတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။ အစိုးရ အနေဖြင့် အဆိုပါ ကြေညာစာတမ်းကို သေချာစွာ ဖတ်သင့်ပြီး၊ စဉ်းစားသင့်သည့် အချက်မှာ အဆိုပါ စာတမ်းအရ အတိုက်အခံက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုရန် တောင်းဆိုမှုအား လုံးဝ စွန့်လွှတ်သည့် သဘော ပါဝင်နေပေသည်။

          မြန်မာ အစိုးရ ပြောလေ့ရှိသည့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီသည် အမျိုးသား ပြန်လည် ပေါင်းစည်းမှု မရှိဘဲ ဘယ်သောအခါမျှ ရရှိလိမ့်မည် မဟုတ်ပေ။ အစိုးရသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို ပြန်လည် ဖော်ထုတ်မည်ကို စိုးရိမ်သည်။ ၎င်း၏ ခြေလှမ်းတိုင်းတွင် အာဏာကို စွန့်လွှတ်ရမည်ကို စိုးရိမ်နေပါသည်။ ထို့ကြောင့်ပင် အစိုးရသည် အမျိုးသား လုံခြုံရေး လိုအပ်သည်ဆိုသော လှည့်စားချက်ဖြင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ရ ခက်ခက် ဖြစ်နေလိမ့်မည်ဟု ယူဆရသည်။

          ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ပြည်သူလူထု၏ ရွေးချယ်မှုကို စောင့်စားလျက် ရှိသည်။ သူ့တွင် ၎င်း၏ လုပ်ဖော်ကိုင်ဖက် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့်အတူ အနားယူရန် စိတ်ကူးအပြင် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ပြီး ၎င်းသည် စည်းကမ်း ပြည့်ဝသော ဒီမိုကရက် တစ်ဦး ဖြစ်ကြောင်း ပြသလိုသည့် နည်းကိုလည်း ရွေးချယ်စရာ ရှိသည်။

ရွေးကောက်ပွဲတွင် အစိုးရက ကြိုးကိုင်ရန် ကြိုးစားခြင်းသည် တိုင်းရင်းသားများနှင့် ပြည်တွင်းစစ် ပြန်ဖြစ်ရေးကို ဖြစ်စေနိုင်သလို၊ ဒီမိုကရေစီ တောင်းဆိုမှုတွင် မြန်မာ တိုင်းရင်းသားများ ပိုမို ပါဝင်လာစေမည် ဖြစ်သည်။ ထိုကဲ့သို့သော တုန့်ပြန်မှုများသည် တိုင်းပြည်ကို ပိုမို မငြိမ်မသက် ဖြစ်စေပြီး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် ရက် သတ်မှတ်ရေးတွင် စိန်ခေါ်မှုကြီးကို ကြုံတွေ့ရမည် ဖြစ်သည်။

          ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာ့သမိုင်းတွင် စစ်မှန်သော တစ်ဆစ်ချိုး အကွေ့လည်း ဖြစ်နိုင်ပါသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် အစက ပြန်စဉ်းစားပြီး ညှိညှိနှိုင်းနှိုင်း လုပ်ကြမည် ဆိုလျှင် သမိုင်း စာမျက်နှာတွင် နောင်လာ နောက်သားများအတွက် နာမည်ကောင်း ယူရန် အချိန် ရှိပါသေးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 10th February 2010

          မြန်မာနိုင်ငံကို ရက်စက်သော စစ်အာဏာရှင်များက အုပ်ချုပ်သည် ဖြစ်စေ၊ ဒီမိုကရေစီ နည်းကျ ရွေးကောက်သော အရပ်သားများက အုပ်ချုပ်သည် ဖြစ်စေ တောတွင်း လက်နက်ကိုင်များ အဖို့ အလွန် ရှင်းလင်းသော အချက်တစ်ခုမှာ မြန်မာတို့နှင့် မပတ်သက်လိုခြင်းပင် ဖြစ်သည်။

          နိုင်ငံတကာတွင် Burma ဟု လူသိများသည့် နိုင်ငံသည် အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ရွေးကောက်ပွဲများ အတွက် ပြင်ဆင်လျက် ရှိပြီး ရာစု နှစ်ဝက်မျှ ခိုင်မြဲနေသည့် စစ်အုပ်ချုပ်ရေးကို အဆုံးသတ်စေမည့် ဒီမိုကရေစီ လမ်းညွှန် မြေပုံ နောက်ဆုံး အဆင့်ဟု ၎င်းတို့က ဆိုသည်။

          သို့ရာတွင် တရုတ်နှင့် ထိုင်းနိုင်ငံ အကြား အသားညှပ် ပေါင်မုန့် သဖွယ် တည်ရှိသော တောင်တန်းဒေသကို နှစ်ပေါင်း ၅၀ ကျော် ကာကွယ်ခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက မြန်မာနိုင်ငံရေး လုပ်ငန်းစဉ် အပေါ်တွင် စိတ်ဝင်စားမှု အနည်းငယ်သာ ရှိသည်။

          မြန်မာနိုင်ငံသည် ဗမာများသာ ပိုင်သော နိုင်ငံ မဟုတ်ပါ။

          "ကျွန်တော်တို့က ရှမ်းတွေပါ။ ဗမာ မဟုတ်ဘူး။ ဘာသာစကားလည်း မတူဘူး။ ယဉ်ကျေးမှုလည်း မတူဘူး" ဟု ပြောကြားသူမှာ သျှမ်းပြည် တပ်မတော် နိုင်ငံခြား ရေးရာဌာန အကြီးအကဲ ရွက်မောင်း ဖြစ်သည်။

          "ကျွန်တော်တို့ ရွေးကောက်ပွဲ မဝင်ဘူး။ ဒါ သူတို့ရဲ့ ရွေးကောက်ပွဲပါ" ဟုလည်း ၎င်းက ဆိုသည်။

          လက်နက် ဖြုတ်သိမ်း၍ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းကာ နိုင်ငံရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန် စစ်ဖက် အစိုးရ၏ တောင်းဆိုမှုကို ငြင်းဆန်နေကြသည့် အခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကလည်း သျှမ်းပြည် တပ်မတော်၏ သဘောထား အမြင်ကို ထောက်ခံကြသည်။

          စစ်ဖက် အစိုးရက ကိုယ့် အမည် ကိုယ်ပေးထားသော နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (SPDC) သည် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် ထိန်းချုပ်ရန် ကြိုးစားမှုမှာ မအောင်မြင်သော်လည်း ယခုတိုင် ရက်မသတ်မှတ်ရသေးသည့် ရွေးကောက်ပွဲများ နောက်တွင် တစ်နိုင်ငံလုံး ရှိနေသည်ဟု သက်သေ ပြချင်နေပုံ ရသည်။

          ရွေးကောက်ပွဲများသည် လှည့်ဖြားရန် စီစဉ်ထားသော အတုအယောင်သာ ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက ဆိုသည်။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်များကို လျစ်လျူရှုခဲ့သော တပ်မတော် ခေါင်းဆောင်များက ကန့်လန့်ကာ နောက်ကွယ်မှ နေ၍ အာဏာကို ဆက်လက် ချုပ်ကိုင် သွားလိမ့်မည်ဟု ၎င်းတို့က ပြောကြားသည်။

          သို့သော်လည်း သွေးစွန်းသည့် ပဋိပက္ခများ၊ ယုံကြည်မှု အလွန်အကျွံ ပျက်ပြားမှုများ နှစ်ပေါင်း များစွာ ဖြစ်ပွားခဲ့ပြီး နောက်တွင် တိုင်းရင်းသား အဖွဲ့များ၏ ပူးပေါင်း ဆောင်ရွက်မှု အတွက် အပြန်အလှန်အားဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးမည့် စစ်အစိုးရ၏ ကတိသည် အခွံသာ ဖြစ်၍ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား သပ်လျှိုလိုက်ခြင်းသာ ဖြစ်သည်။

          "SPDC နဲ့ ပူးပေါင်းပြီး မလုပ်ချင်ပါဘူး။ ကျွန်တော်တို့က သူတို့ရဲ့ ရန်သူတွေပါ" ဟု ပြောကြားခဲ့သူ ရွက်မောင်းက "ကျွန်တော်တို့ဖက်က ဆွေးနွေးဖို့ ပြင်ဆင်ထားပေမယ့် SPDC က ကျွန်တော်တို့ရဲ့ အဆိုပြုချက်ကို လက်မခံဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လက်နက်ချရမယ် လို့ပဲ သူတို့က ပြောနေတယ်" ဟု ဆက်လက် ပြောဆိုသည်။

          မြန်မာ အစိုးရ၏ ကြီးမားသော လက်နက်ကိုင် တပ်ဖွဲ့ "တပ်မတော်" ကို ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသည့် လေ့ကျင့်မှု ပြည့်ဝ၍ စည်းကမ်းရှိသော ရှမ်းစစ်တပ်၏ ဝတ်စုံပြည့် စစ်ရေးပြ ချီတက်မှု နှင့်အတူ ကျင်းပသော ၆၃ ကြိမ်မြောက် ရှမ်း အမျိုးသားနေ့ အခမ်းအနား (ဖေဖော်ဝါရီ ၇ ရက်) ကို ကြည့်ရှုရန် အတွက် ဝေးလံသော တောင်ပေါ် တစ်နေရာ (လွယ်တိုင်းလျံ) တွင် ရှမ်းပြည်သူ လူထုတို့ စုဝေးခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ကိုရီးယား ကျွန်းဆွယ်တွင် နျူကလီးယား လက်နက် ပပျောက်စေရမည်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီလ်က တရုတ်နိုင်ငံအား ကတိပေးခဲ့ပြီ ဖြစ်ကြောင်း တရုတ် မီဒီယာများ၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံ၏ အကြီးတန်း သံတမန် Wang Jiari နှင့် ကုလသမဂ္ဂ ဆိုင်ရာ အကြီးတန်း သံတမန် Lynn Pascoe တို့ မြောက်ကိုရီးယားသို့ ရောက်ရှိပြီး နောက်ပိုင်း ကွန်မြူနစ် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ အယူအဆနှင့် ကတိစကားများ ယင်းသို့ ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သံတမန်များသည် နျူကလီးယား အစီအစဉ် အဆုံးသတ်ရေး ကိစ္စနှင့် ပတ်သက်၍ ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ကုလသမဂ္ဂက ပြစ်တင် ပြောဆိုခဲ့ပြီး နောက်ပိုင်းတွင် ပြုံးယမ်းအနေဖြင့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ရန် သဘောထား ပြောင်းလဲခဲ့သည်။

မြောက်ကိုရီးယား၏ ကြေညာချက်ကို ကြည့်လျှင် မစ္စတာ ကင်ဂျုံအီလ်၏ ကြီးမား ကျယ်ပြန့်လှသော ရည်မှန်းချက်ကို တွေ့ရကြောင်း၊ သို့သော် အဆိုပါ ရည်မှန်းချက်ကို မည်သို့ ဖော်ဆောင်မည်၊ မည်သည့် အချိန်တွင် ဖော်ဆောင်မည် ဟူ၍ အသေးစိတ် ပါဝင်ခြင်း မရှိသေးကြောင်း တောင်ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့ အခြေစိုက် BBC သတင်းထောက်က ပြောသည်။

သို့သော် သံတမန်ရေးရာ လှုပ်ရှားမှုများ အကြား သိက္ခာ မကျစေရေးအတွက် ဆွေးနွေးပွဲကို ကျင်းပ ဖြစ်အောင် ကျင်းပလိမ့်မည်ဟု ၎င်းက ဆိုပါသည်။

တရုတ် ကွန်မြူနစ် ပါတီ နိုင်ငံတကာရေးရာ ဌာန၏ အကြီးအကဲ ဖြစ်သူ မစ္စတာ Wang နှင့် တွေ့ဆုံရာ၌ ကင်ဂျုံအီလ်က ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းမဲ့ဇုန် ဖြစ်မြောက်ရေးအတွက် မဖြစ်မနေ အကောင်အထည် ဖော်သွားမည် ဖြစ်သည်ဟု ကတိ ပေးခဲ့ကြောင်း  Xinhua သတင်းဌာနက ရေးသား ဖော်ပြသည်။

ပွင့်လင်းမှုကို အခြေခံပြီး ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်လိုကြောင်း၊ တရုတ် နိုင်ငံနှင့် ဆက်သွယ်ရေး၊ ပူးပေါင်း ဆောင်ရွက်ရေး စသည်တို့ကိုလည်း မြှင့်တင်လို ပါကြောင်း မစ္စတာ ကင်ဂျုံအီလ်၏ ပြောကြားချက်ကို ကိုးကား၍ Xinhua က ဆိုပါသည်။

တရုတ် သမ္မတ ဟူဂျင်တောင်းက ပေးပို့လိုက်သော စာတစ်စောင်ကိုလည်း မစ္စတာ Wang က ကင်ဂျုံအီလ်အား ပေးခဲ့သည်။ အဆိုပါ စာတွင် မြောက်ကိုရီးယားနှင့် ပူးပေါင်းကာ ကိုရီးယား ကျွန်းဆွယ်၏ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေး ကိစ္စများကို ဆောင်ရွက်ရန် အသင့် ရှိကြောင်း၊ မစ္စတာ ကင်ဂျုံအီလ်ကိုလည်း တရုတ်ပြည်သို့ အလည်အပတ် လာရောက် လည်ပတ်ရန် ဖိတ်ခေါ်လိုပါကြောင်း ရေးသားထားသည်။

မစ္စတာ Wang ဘေကျင်းသို့ အပြန်တွင် မြောက်ကိုရီးယားမှ နျူကလီးယား ဆိုင်ရာ သံတမန် Kim Kye-gwan လည်း လိုက်ပါသွားခဲ့သည်။ Kim Kye gwan သည် ခြောက်နိုင်ငံ ဆွေးနွေးပွဲ ကိစ္စကို ကြိုတင် ညှိနှိုင်းနိုင်ရန် လိုက်ပါသွားခြင်းလည်း ဖြစ်နိုင်သည်ဟု ယူဆရသည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ထိပ်တန်း အကြံပေး ပုဂ္ဂိုလ် မြောက်ကိုရီးယားသို့ လာရောက်ခြင်းသည် ၂၀၀၄ ခုနှစ် နောက်ပိုင်း ၆ နှစ်အတွင်း ပထမဆုံး ဖြစ်ပါသည်။

အဆိုပါ အကြံပေး ပုဂ္ဂိုလ် မစ္စတာ ပတ်စကိုသည် မြောက်ကိုရီးယားအား နျူကလီးယား ကိစ္စနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံများနှင့် ဆွေးနွေးရန် တိုက်တွန်းမည် ဖြစ်သည်။

မြောက်ကိုရီးယားသည် နျူကလီးယား လက်နက် ဖျက်သိမ်းရေး စကားများ မပြောမီ အရေးယူ ပိတ်ဆို့မှုများကို ပယ်ဖျက်ပေးရန်နှင့် ၁၉၅၀-၁၉၅၃ ကိုရီးယား စစ်ပွဲ အပြီး ငြိမ်းချမ်းရေး စာချုပ်ကို တရားဝင် အသိအမှတ် ပြုရန် လိုလားလျက် ရှိပါသည်။

အမေရိကန် ပြည်ထောင်စုကမူ နိုင်ငံရေးနှင့် အခြား စီးပွားရေး လိုက်လျောမှု စကားများ မပြောဆိုမီ မြောက်ကိုရီးယား အနေဖြင့် ဆွေးနွေးပွဲသို့ ဦးစွာ လာရောက် စေလိုသည်ဟု ဆိုပါသည်။

BBC သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဖမ်းဆီး ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံဖွား အမေရိကန် နိုင်ငံသားတစ်ဦးအား ရန်ကုန် အင်းစိန် တရားရုံးတော်က စာရွက်စာတမ်း အတုများဖြင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့မှု၊ နိုင်ငံခြား ငွေကြေးကို တရားဝင် ထုတ်ဖော်ခြင်း မပြုမှု တို့ဖြင့် ထောင်ဒဏ် သုံးနှစ် ကျခံစေရန် အမိန့် ချမှတ်လိုက်ကြောင်း စုံစမ်း သိရှိရပါသည်။

အဆိုပါ မြန်မာနိုင်ငံဖွား အမေရိကန် နိုင်ငံသားမှာ ကိုညီညီအောင် ဖြစ်ပြီး ၎င်းသည် အများဆုံး ထောင်ဒဏ် ၁၂ နှစ် ကျခံရမည့် ပြစ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ကိုညီညီအောင်၏ အခြားအမည်မှာ ကိုကျော်ဇောလွင် ဖြစ်ပြီး ၎င်းသည် ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးခံခဲ့ရပါသည်။

မြန်မာ စစ်အစိုးရက အစောပိုင်းတွင် ကိုညီညီအောင်အား နိုင်ငံရေး မတည်မငြိမ်မှုများ ဖြစ်အောင် ကြိုတင် အကွက်ချ စီစဉ်မှုဖြင့် စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဖမ်းမိပြီးနောက် ကိုညီညီအောင်သည် အင်းစိန် အကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရသည်။ ယခုဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အင်းစိန် တရားရုံးက ကိုညီညီအောင်အား ပြစ်မှုသုံးခု ကျူးလွန်မှုဖြင့် ပြစ်ဒဏ် ချမှတ်လိုက်သည်။ ၎င်းသည် နိုင်ငံသား မှတ်ပုံတင် အတုပြုလုပ်မှု၊ နိုင်ငံခြားငွေ လက်ဝယ် ကိုင်ဆောင်မှုနှင့် အိမ်ထောင်စု မှတ်ပုံတင် ဆိုင်ရာ အက်ဥပဒေ ချိုးဖောက်မှုဖြင့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း ရှေ့နေဖြစ်သူက ဆိုပါသည်။

"ကိုညီညီအောင် အနေနဲ့ ပြစ်ဒဏ်တွေ အားလုံးကို တစ်ပြိုင်နက်တည်း ကျခံရမှာပါ။ သဘောကတော့ ထောင်ဒဏ် သုံးနှစ်စလုံးကို တစ်ခါတည်း ကျခံရမယ် ဆိုတာပါ" ဟု ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောပါသည်။ သို့သော် အင်းစိန် တရားရုံးက ပြစ်ဒဏ်ချမှတ် လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ရှေ့နေများက ၎င်းအတွက် အယူခံဝင်ရန် စီစဉ်ခဲ့ကြောင်း ဦးဉာဏ်ဝင်းက ဆိုပါသည်။

ကိုညီညီအောင်သည် ပြည်ပြေးဘဝဖြင့် နေစဉ်ကာလ တစ်လျှောက် မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် လှုပ်ရှားခဲ့သူ ဖြစ်သည်။ ယခု ကိုညီညီအောင် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသည့် အကြောင်းကိစ္စကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

သို့သော် ကိုညီညီအောင်သည် ၎င်း၏ မိခင်ဖြစ်သူ အပါအဝင် မောင်နှမ ဝမ်းကွဲတော်သူ နှစ်ဦးကို တွေ့ရန် ပြန်လည် ဝင်ရောက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ထင်ကြေးပေး ပြောဆိုမှုများ ထွက်ပေါ်လျက် ရှိသည်။

ကိုညီညီအောင်၏ မောင်နှမ ဝမ်းကွဲ တော်စပ်သူ နှစ်ဦးမှာလည်း အင်းစိန်ထောင်တွင် ကာလရှည် ထောင်ဒဏ်( နှစ်ပေါင်း ၆၅ နှစ်ထိ) ပြစ်ဒဏ် ကျခံနေရသူများ ဖြစ်သည်။

"ကိုညီညီအောင်ဟာ စိတ်ထား အတော်ကောင်းသလို စိတ်ဓာတ်လည်း မာပါတယ်" ဟု ဦးဉာဏ်ဝင်းက ပြောသည်။ ၎င်း၏ အမှုအား အမိန့် ချမှတ်သည့် နေ့တွင် တရားရုံးတော်ထဲသို့ သတင်းထောက်များ ဝင်ရောက်ခွင့် မရရှိခဲ့ပေ။ ကိုညီညီအောင်သည် ဖမ်းဆီး ထိန်းသိမ်း ခံထားရစဉ် ပြီးခဲ့သည့် ဒီဇင်ဘာလက ၁၂ ရက်ခန့် အစာငတ်ခံ ဆန္ဒပြခဲ့ပါသည်။ စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရေးအတွက် ယင်းသို့ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသော အဖွဲ့များ၏ ခန်မှန်းချက်အရ မြန်မာနိုင်ငံတွင် စစ်အစိုးရက ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ခန့် ရှိပါသည်။ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ထားရှိသော တင်းမာသည့် မူဝါဒ အချို့ကို လျှော့ချသည့် အချိန်တွင် ယခုကဲ့သို့ အမေရိကန် နိုင်ငံသား တစ်ဦးကို ပြစ်ဒဏ် ချမှတ်လိုက်ခြင်းသည် ဝါရှင်တန် အစိုးရအတွက် ပြဿနာအသွင် ဆောင်စေခဲ့သည်။

ကိုညီညီအောင်အား စီရင်ချက် ချမှတ်သည့် နေ့တွင် ရန်ကုန် အခြေစိုက် အမေရိကန်သံရုံးမှ အရာရှိတစ်ဦးလည်း တရားရုံးသို့ တက်ရောက်ခဲ့သည်။ မြန်မာ စစ်အစိုးရသည် နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းထားသည့် အတွက် နိုင်ငံတကာ၏ ပြစ်တင် ဝေဖန်မှုကို များစွာ ခံနေရသည်။

AP မှ Myanmar court sentences US citizen to 3 years prison ကို ဘာသာ ပြန်ဆိုပါသည်

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.