Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ရာတွင် အလယ်အလတ် လမ်းစဉ် မူဝါဒကို ကျင့်သုံးရန် လိုအပ်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများက တိုက်တွန်း ပြောဆိုလိုက်သည်။

စစ်အစိုးရအပေါ် အလွန်အမင်း ဖိအားပေးခြင်းမျိုး မဟုတ်သလို စစ်ခေါင်းဆောင်များနှင့် အလွန်အမင်း နီးနီးကပ်ကပ် ဆက်ဆံခြင်းမျိုးလည်း မဟုတ်သော နည်းလမ်းမျိုးကို ကျင့်သုံးရန် တိုက်တွန်းကြခြင်း ဖြစ်သည်။

"အမေရိကန် အနေနဲ့ မြန်မာနိုင်ငံက အာဏာပိုင်တွေ၊ အဂတိ လိုက်စားတာကို အားပေး အားမြှောက် ပြုတာမျိုး၊ ထောက်ပံ့တာမျိုး မဖြစ်စေတဲ့ မူဝါဒတွေကို ကျင့်သုံးသင့်တယ်" ဟု အငြိမ်းစား ဗိုလ်ချုပ်ကြီး Wesley Clark က သုံးသပ်ချက် တစ်စောင် ရေးသားသည်။

"တစ်ချိန်တည်းမှာပဲ တကယ်လို့ အမေရိကန်ဟာ အစပိုင်းမှာ မြန်မာတွေ အလှမ်းမမီနိုင်တဲ့ ခွင်မျိုး ဆင်လိုက်မိရင် မြန်မာပြည်သူတွေကို အာဏာရှင် စနစ်အောက်ကနေ လွတ်မြောက်အောင် ထိထိရောက်ရောက် အကူအညီပေးရာ ရောက်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံကို ကမ္ဘာ့ အသိုင်းအဝိုင်းထဲကို ဝင်ရောက်နိုင်အောင် လုပ်ရာလည်း မရောက်ပါဘူး" ဟု Wesley Clark က ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်း Clark သည် ဝါရှင်တန် အခြေစိုက် Think Tank ဖြစ်သော US Institute of Peace တွင် ပြုလုပ်သော Asia Society အစီရင်ခံစာ ထုတ်ဝေမှု အခမ်းအနားတွင် အထက်ပါ အတိုင်း ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံ အရေးကိစ္စနှင့် ပတ်သက်ပြီး လွတ်လပ်သော နိုင်ငံရေး ပညာရှင်များက အဆိုပါ အစီရင်ခံစာကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ယင်း ပညာရှင် အဖွဲ့ကို မစ္စတာ Clark နှင့် နိုင်ငံတကာ ဖွံ့ဖြိုးမှု ဆိုင်ရာ အမေရိကန် အေဂျင်စီ၏ အုပ်ချုပ်ရေးမှူးဟောင်း Henrietta Fore တို့က ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။

"အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် နှစ်ကာလ ကြာရှည်စွာ ပိတ်ဆို့ အရေးယူရေး၊ အထီးကျန်ဖြစ်ရေး စတဲ့မူဝါဒတွေ ကျင့်သုံးခဲ့ပေမယ့်လည်း အပြောင်းအလဲ လုပ်ဖြစ်ဖို့ အနည်းငယ်သာ လွှမ်းမိုးနိုင်ခဲ့ပါတယ်။ အဲဒါကြောင့် အခုအချိန်ဟာ အမေရိကန်အနေနဲ့ မတူညီတဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ရမယ့် အချိန်ပါ" ဟု ဆိုသည်။ ထို့ပြင် မြန်မာ နိုင်ငံအတွက် အမေရိကန် အထူး သံတမန် တစ်ဦး ခန့်အပ်ရန် မစ္စတာ Clark က ပြောလိုက်သည်။

"မြန်မာနိုင်ငံဟာ ပါဝါပြည့်ဝတဲ့ စီးပွားရေး အင်အားကြီး အုပ်စုတွေရဲ့ အလယ်ခေါင် တည့်တည့်မှာ ရောက်နေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ဟာ အေးတိအေးစက် ဖြစ်တာကို တွေ့ရပါတယ်" ဟု Henrietta Fore က ပြောသည်။ အမေရိကန် ပြည်ထောင်စုသည် မြန်မာ ပြည်သူလူထုအား အကူအညီ ပေးရာတွင် တည်ငြိမ်ပြီး ပျော့ပျောင်းမှု ရှိသော သဘောထားကို ထုတ်ဖော် ပြသရန် လိုအပ်ကြောင်း၊ စစ်အစိုးရထံမှ ထွက်ပေါ်လာမည့် ကမ်းလှမ်းချက်များကိုလည်း အလျင်အမြန် တုံ့ပြန်မှု ပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ အထူးသဖြင့် အသွင် ကူးပြောင်းရေး ကာလတွင် မြန်မာနိုင်ငံတွင်း စီးပွားရေး၊ လူမှု ဖွံ့ဖြိုးရေး နှင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့် ကိုက်ညီမှု ရှိမည့် နိုင်ငံရေးဖြစ်စဉ်များ ဖြစ်ပေါ်လာအောင် အားပေးအားမြှောက် ပြုလုပ်ပေး သင့်သည်ဟု အကြံပြုသည်။

စစ်အစိုးရ ခေါင်းဆောင်များ အနေဖြင့် အုပ်ချုပ်မှု အရည်အသွေး တိုးမြှင့်ပြီး အမျိုးသား နိုင်ငံရေးနှင့် အုပ်ချုပ်ရေးတွင် မြန်မာလူမျိုး မဟုတ်သော သူများကို တန်းတူ ရည်တူ အခွင့်အရေး ပေးလာရန် ဖိအားပေး သင့်သည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန်၏ မူဝါဒသစ်တွင် ဒေသတွင်း ပလေယာများနှင့် ပူးပေါင်း ဆောင်ရွက်မှုလည်း ပါဝင်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ် ၂၀ တွင်း ပထမဆုံး ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်တော့မည်ဟု မျှော်လင့်ရပေရာ ထိုအချိန်တွင် အမေရိကန် ပြည်ထောင်စုအနဖြင့် အာရှနှင့် ဒေသတွင်းမှ အခြားသော Stakeholder များ၊ အိမ်နီးချင်း နိုင်ငံများ (အာဆီယံ) နှင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်သင့်သည် ဟု Asia Society ၏ ဒါရိုက်တာ Suzanne Dimaggio က ပြောသည်။

Irrawaddy မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်မည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲတွင် အတိုက်အခံ နိုင်ငံရေး ပါတီဝင်များ အားလုံးနှင့် တိုင်းရင်းသား လူနည်းစု အုပ်စုများ အားလုံး ပါဝင် ယှဉ်ပြိုင်ခွင့် ပေးရန် လာမည့် ရက်သတ္တပတ်တွင် မြန်မာ စစ်ခေါင်းဆောင်များအား ဖိအားပေး တိုက်တွန်းမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားလိုက်သည်။

"မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လုပ်ငန်းစဉ် တစ်ရပ်လုံး ချောမွေ့စေရေး အပါအဝင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ပေါ်ပေါက်စေဖို့ပဲ ကျွန်တော်တို့က အာရုံစိုက်ပါတယ်" ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Kasit Piromya က AP သတင်းဌာနနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေသည် ဒီမိုကရေစီ နည်းလမ်း မကျသောကြောင့် ရွေးကောက်ပွဲကို သပိတ် မှောက်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်က ပြစ်တင် ရှုတ်ချခဲ့သည်။ ဒေါ်စုကြည်၏ နိုင်ငံရေးပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က မိမိတို့ ပါတီ အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ကြောင်း မတ်လ ၂၉ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။ သို့အတွက်ကြောင့် NLD သည် ယခုအခါ ပါတီ ဖျက်သိမ်းခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

"သူတို့ဟာ သူတို့ရဲ့ ပါတီ အရေးကိစ္စကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်အနေနဲ့ ဂုဏ်လည်း ယူတယ်။ လေးလည်း လေးစားပါတယ်" ဟု မစ္စတာ Kasit Piromya က ပြောသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေ ထွက်ရှိလာပြီးနောက် NLD က ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အကြောင်းမှာ အဆိုပါ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေသည် စစ်တပ် ဦးဆောင်မှုကိုသာ အသားပေးထားပြီး အတိုက်အခံ ပါတီများဘက်ကို အလေး မထားသည်မှာ ထင်ရှားနေ၍ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"NLD ပါတီက ဆုံးဖြတ်လိုက်တဲ့ ကိစ္စဟာ မှန်ကန်မှု ရှိပြီး မျှတတယ်လို့ ယူဆပါတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီး Kasit Piroma က ပြောသည်။

"နိုင်ငံရေးအရ ပြစ်မှု ဖြစ်ပွားခဲ့ရင် လွတ်ငြိမ်း ချမ်းသာခွင့် ဆိုတာ ရှိနေတော့ မြန်မာ့ လူ့အဖွဲ့အစည်း အနေနဲ့ နိုင်ငံရေး လမ်းစဉ်ထဲမှာ လူတိုင်း လိုက်ပါ ဆောင်ရွက်ခွင့် ဆိုတာလည်း ရှိမယ်လို့ မျှော်လင့်ပါတယ်" ဟုလည်း ဆက်လက် ပြောကြားသည်။

မစ္စတာ Kasit Piroma က မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်ကို ထိုင်းနိုင်ငံ အနေနှင့် အလေးထား စိတ်ဝင်စားမှု ရှိကြောင်းလည်း ပြောဆိုသည်။ ထို့ပြင် ၎င်းသည် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး နှင့် မဲခေါင်မြစ်ဝှမ်း ဒေသ ကော်မရှင် အစည်းအဝေးတွင်လည်း တွေ့ဆုံဦးမည် ဖြစ်သည်။

လာမည့် ရက်သတ္တပတ်တွင် ဟနွိုင်းမြို့၌ ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာ ခေါင်းဆောင်များနှင့် တွေ့ဆုံရာ၌ ထိုင်းဝန်ကြီးချုပ် အဘီဇစ်က မြန်မာ့ နိုင်ငံရေး ကိစ္စရပ်များကို ဦးစားပေး ပြောဆိုသွားမည်ဟုလည်း သိရသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲ ဝင်မည် မဟုတ်ကြောင်း ထုတ်ဖော် ကြေညာခဲ့ပြီး ဖြစ်သည်။

NLD က ယင်းသို့ ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်လိုက်ခြင်းမှာ မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေကြောင့် ဖြစ်သည်။ ထိုရွေးကောက်ပွဲ ဥပဒေမှာ ဖိနှိပ် ကန့်သတ်မှုများ ပါဝင်နေသည်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်စုကြည်ရော  အခြား ဖမ်းဆီး ထိန်းသိမ်းခံ နိုင်ငံရေးသမားများပါ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရအောင် ရွေးကောက်ပွဲ ဥပဒေများက ကန့်သတ် ပိတ်ပင်ထားသည်။

အကယ်၍ ရွေးကောက်ပွဲတွင် နိုင်ငံရေးသမားများ အားလုံး ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမည် ဆိုလျှင်သော်မှ NLD အနေဖြင့် စစ်အစိုးရ ကြိုးကိုင်မည့် ရွေးကောက်ပွဲသို့ ဝင်မည့် သဘောတွင် မရှိပေ။ စစ်အစိုးရက ယခု ကျင်းပပေးမည့် ရွေးကောက်ပွဲသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ဖြစ်သည်။ ဒီမိုကရေစီသို့ သွားမည့် လမ်းစဉ်တစ်ခုဟု သတ်မှတ် ဖော်ပြသည်။ သို့သော် ယနေ့ အချိန်အထိ ကျင်းပမည့်ရက် အတိအကျကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။ မြန်မာ ရွေးကောက်ပွဲ ကိစ္စသည် လွန်ခဲ့သော နှစ်နှစ်ခန့်က ရေးဆွဲမှု ပြီးဆုံးခဲ့သည့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လွတ်လပ်စွာ ပြောဆို ရေးသားခွင့်၊ နိုင်ငံရေး လှုပ်ရှားခွင့်များ အပေါ် တင်းကြပ်စွာ ဖိနှိပ်မှု အပြုလုပ်ဆုံး နိုင်ငံများတွင် ပါဝင်သည်။ မြန်မာ စစ်အစိုးရ ဗိုလ်ချုပ်များက ယခု ရွေးကောက်ပွဲသည် ပြည်တွင်း၌ ယုံကြည် စိတ်ချမှုများကို ဖြစ်ပေါ်စေပြီး ပြည်ပ (နိုင်ငံတကာ) တွင် ပြစ်တင် ဝေဖန်မှုများကို လျော့ကျစေမည့် အရာတစ်ခုအဖြစ် ရှုမြင်ကြသည်။

နိုင်ငံရေး ဖြစ်စဉ်ကို လွတ်လပ်ခွင့် ပြုမှသာ မြန်မာ စစ်ဗိုလ်ချုပ်များအပေါ် ပြစ်တင် ဝေဖန်မှုများ ဆုံးခန်းတိုင်နိုင် ပေလိမ့်မည်။ မြန်မာ စစ်ဗိုလ်ချုပ်များက နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများကို ထုတ်ပြန်သည်။ ပါလီမန် လွှတ်တော်တွင် စစ်တပ်က ၂၅ ရာခိုင်နှုန်း ရရှိမည့် အခြေခံ ဥပဒေကို ရေးဆွဲ ပြဌာန်းခဲ့သည်။ သတင်း ပေးပို့ချက်များအရ ရွေးကောက်ပွဲတွင် အတိုက်အခံ ပါတီငယ်များ ဝင်ရောက် ယှဉ်ပြိုင်ဖွယ် ရှိသည်ဟု ဆိုသည်။ သို့သော် ပင်မ အတိုက်အခံ နိုင်ငံရေး အင်အားစုများ၊ မတူညီသော တိုင်းရင်းသား လူမျိုးစု အဖွဲ့များနှင့် စစ်အစိုးရအကြား စေ့စပ်ညှိနှိုင်း ဆွေးနွေးရေးမှာ မည်သို့မျှ ဖြစ်ပေါ်လာဖွယ် မရှိပေ။

VOA သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဗြိတိန်နိုင်ငံ ပြည်ပနှင့် ဓနသဟာယ အဖွဲ့ရုံး ဝန်ကြီး Ivan Lewis ၏ ထုတ်ပြန် ကြေညာချက်

31st March 2010

          တပ်မတော်နေ့ မိန့်ခွန်း၏ ဆိုလိုရင်းမှာ ထူးခြားလာခြင်း မရှိပါ။ တပ်မတော်နေ့တွင် စစ်သားများ နေပြည်တော်ကို ဖြတ်သန်း ချီတက်ခဲ့ပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီနှင့် ပတ်သက်သော သူ၏  အမြင်ကို ထုတ်ဖော် ပြောကြားလိုက်သည်။ ထိုအချိန်သည် ဝမ်းနည်း ပူပန်နေရမည့်အစား ဂုဏ်ပြု အခမ်းအနား ကျင်းပခဲ့ချိန်ပင် ဖြစ်သည်။

ပိုမို ကောင်းမွန်သော အနာဂတ် လမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံ ရောက်ရှိရန် တစ်ကြိမ်သာ ပေါ်ထွက်လာသော အခွင့်အလမ်းကို အလဟသ ဖြုန်းတီး ပစ်ရန် စစ်ဗိုလ်ချုပ်များက ဆုံးဖြတ်ထားပုံ ရသည်။ လာမည့် ရွေးကောက်ပွဲများသည် လွတ်လပ်မျှတ၍ အားလုံး ပါဝင်ခွင့်ရမည့် အလားအလာ မရှိဟု လတ်တလော ကြေညာခဲ့သော ရွေးကောက်ပွဲ ဥပဒေက ရည်ညွှန်းနေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမှာ သူမအား ထုတ်ပယ်ရန် သို့မဟုတ် ဖျက်သိမ်းရန် ဖိအားပေးခြင်း ခံနေရသည်။ မဲဆန္ဒရှင် ပြည်သူများမှာလည်း "မှန်ကန်စွာ ရွေးချယ်ကြ" ဟု သတိပေးခြင်း ခံနေရသည်။ အထွေထွေ ရွေးကောက်ပွဲ ဖြစ်ရမည့် အစား စစ်ဗိုလ်ချုပ်များ၏ ရွေးကောက်ပွဲသာ ဖြစ်လာလိမ့်မည်။

အထက်ပါ အကြောင်းများကြောင့် ဗြိတိန်နိုင်ငံက အဆိုပါ ဖြစ်ပေါ်မှုများကို ဆွေးနွေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေးကို ကျင်းပရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ပြီး ကုလ လူ့အခွင့်အရေး ကောင်စီက မတ်လ ၂၆ ရက်နေ့တွင် လက်ခံ ချမှတ်ခဲ့သော မာကျောသည့် ဆုံးဖြတ်ချက်ကို အားပေးထောက်ခံခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာ အစည်းအဝေးများတွင် မြန်မာနိုင်ငံ အရေးကိစ္စကို ဦးစားပေး ဆွေးနွေးရန် မိမိတို့ ဆုံးဖြတ်ထားသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင် အုပ်ချုပ်မှုကြောင့် ထွက်ပေါ်လာသော လူသား အကျိုးပြု ရလဒ်များ မည်သည်မျှ မရှိပါ။ ကြီးမားသော ဆင်းရဲဒုက္ခကို ခံစားရခြင်း၊ ထိပ်လန့်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပွားနေခြင်း၊ လူသားဘဝ ဝမ်းနည်းဖွယ် ဆုံးရှုံးနေခြင်း စသည့် အကျိုးဆက်များသာ ထွက်ပေါ်လာခဲ့သည်။

မြန်မာပြည်သူတို့၏ ရဲရင့်မှုနှင့် ဆုံးဖြတ်ချက်ကို လေးစား တုံ့ပြန်ရန် မိမိတို့တွင် တာဝန်ရှိပါသည်။ ခါးသီးမှုကြောင့်သာ မကဘဲ နိုင်ငံ၏ ကောင်းမွန်သော အနာဂတ်ကို တွေ့မြင်လိုသော အဖိနှိပ်ခံ ပြည်သူများကို ကူညီရေး အတွက် ဘဝကိုပင် စွန့်လွှတ်ရန် အဆင်သင့် ရှိနေသော လူငယ် နိုင်ငံရေးသမားများနှင့် မိမိတို့ တွေ့ဆုံခဲ့ပါသည်။ ဤသည်မှာ နိုင်ငံတွင်း လူမဆန်သည့် လုပ်ရပ်များကြားမှ အံ့အားသင့်ဖွယ် ထွက်ပေါ်လာခြင်း ဖြစ်ပြီး မြန်မာလူမျိုး အများစုမှာ အမျိုးသား ပြန်လည် ပေါင်းစည်းရေးအတွက် ငြိမ်းချမ်းသော လုပ်ငန်းစဉ်တစ်ခုကိုသာ အခိုင်အမာ ဆက်လက် တောင်းဆိုနေပါသည်။

နိုင်ငံ၏ စစ်မှန်သော တိုးတက်မှုကို ဖြစ်ပေါ်စေမည့် ဒီမိုကရေစီ စနစ်သို့ အပြည့်အဝ အသွင်ပြောင်းရေး ဟူသော ရည်မှန်းချက် အောင်မြင်အောင် ကြိုးစားရန်  ပြည်သူတို့တွင် အခွင့်အရေး ရှိသည်ဟု မိမိ အခိုင်အမာ ယုံကြည်ထားသည်။

ကိုယ်ကျိုးစီးပွား မရှာဘဲ ပြည်သူတို့၏ အကျိုးစီးပွားကို ဆောင်ရွက်မည့် အစိုးရ ထွက်ပေါ်လာစေရန် မြန်မာပြည်သူတို့က လိုလားနေပါသည်။ မှားယွင်းသော စီးပွားရေး စီမံခန့်ခွဲမှုများနှင့် တစ်နိုင်ငံလုံး အကျင့်ပျက် လာဘ်စားမှုများကြောင့် မြန်မာနိုင်ငံသည် အာရှတိုက် ဆန်အိုးကြီး ဘဝမှ ပြည်သူများ ဆင်းရဲတွင်းနက်သည့် နိုင်ငံ အဖြစ်သို့ ရောက်ရှိခဲ့သည်။ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍအတွက် ငွေကြေးသုံးစွဲမှုမှာလည်း ကမ္ဘာ့နိုင်ငံများ အနက် အနိမ့်ဆုံး ဖြစ်နေသည်။ မြန်မာနိုင်ငံအပေါ် ပြင်ပမှ နောက်ဆုံး ရှုမြင်မှုမှာ ပြည်သူတို့သည် ကမ္ဘာ့ကုန်သွယ်ရေးမှ အကျိုးအမြတ် ရရှိနိုင်ရန် စတင် ကြိုးစားခွင့် ရှိနေပြီး အစိုးရသည်လည်း နိုင်ငံ၏ သယံဇာတများမှ ရရှိသော ဝင်ငွေကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများနှင့် မျိုးဆက်သစ် ပညာရေး အစီအစဉ်များတွင် အသုံးပြုခွင့် ရှိနေခြင်းပင် ဖြစ်သည်။

ဤအချက်သည် မြန်မာစစ်ခေါင်းဆောင်များ အတွက်လည်း ရွေးချယ်စရာတစ်ခု ဖြစ်သည်။ လက်ရှိ ရက်စက်သော အာဏာရှင်စနစ်နှင့် ဆိုးဝါးသော အာဏာ အလွဲသုံးမှုများအစား မြန်မာကို ကမ္ဘာတွင် ဝင်ဆန့်စေနိုင်မည့် ရေရှည် တည်ငြိမ်မှုနှင့် လုံခြုံမှုကို ရရှိစေမည့် အသွင် ကူးပြောင်းမှု တစ်ခုကို လုပ်ဆောင်နိုင်မည် ဖြစ်ကာ သမိုင်း၌ နေရာတစ်ခုကို ရရှိနိုင်ပါလိမ့်မည်။ သို့မဟုတ်ပါက ကြောက်ရွံ့မှု၊ အရှက်တကွဲ သိက္ခာ ကျဆင်းမှုတို့ဖြင့်သာ ဆက်လက် စခန်းသွားရလိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများအတွက်လည်း စစ်မှန်သည့် တံခါးဖွင့် နိုင်ငံရေး အခြေကျမှုကြောင့် စစ်ပြေး ဒုက္ခသည်များကို အိမ်ပြန်လွှတ်နိုင်မည် ဖြစ်ကာ နယ်စပ်ဒေသ မတည်ငြိမ်မှုကို အဆုံးသတ်နိုင်ပါလိမ့်မည်။ လက်ရှိတွင် ရိုဟင်ဂျာ၊ ကရင်နှင့် အဖိနှိပ်ခံ ပြည်သူများ၏ နယ်စပ် ဖြတ်ကျော် ထွက်ပြေးမှုမှာ အရေအတွက် အလွန် များပြားနေပါသည်။ ပြည်သူများအား နေရပ် စွန့်ခွာ ထွက်ပြေးစေသည့် အကြောင်းရင်းများကို မပြောင်းလဲနိုင်ပါက ပြဿနာများ ဆက်လက် ဖြစ်ပွားနေမည်သာ ဖြစ်သည်။ ဤအခြေအနေများကို ပြောင်းလဲပစ်နိုင်ပါက မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် လူမှောင်ခို ရောင်းဝယ်မှုကိုပါ ကိုင်တွယ်နိုင်မည် ဖြစ်ပြီး နောက်ဆုံးတွင် ယခင် အခြေအနေနှင့် ပြောင်းပြန် ဖြစ်သွားနိုင်သည်။

အထက်ပါ အကြောင်းများကြောင့် ဗြိတိန်နိုင်ငံက မြန်မာပြည်သူများအတွက် ဆက်လက် ရပ်တည်သွားရန် ဆုံးဖြတ်ထားသည်။ မိမိ ယုံကြည် လက်ခံထားသော အချက် ၃ ချက် ရှိသည်။

ပထမ တစ်ချက်မှာ မိမိ ပြည်သူကို မိမိ ဖိနှိပ် ချုပ်ချယ်ရေးကို တပ်မတော်၏ ဦးစားပေး မူဝါဒ အဖြစ် သတ်မှတ်ထားသော မြန်မာနိုင်ငံသို့ မည်သူကမှ လက်နက် မရောင်းသင့်သော အချက် ဖြစ်သည်။ တစ်ကမ္ဘာလုံး လိုက်နာရမည့် လက်နက်ရောင်းဝယ်မှု တားမြစ်ရေး ဆုံးဖြတ်ချက်ကို ချမှတ်သင့်သည်မှာ အချိန်ပင် လွန်နေပြီ ဖြစ်သည်။ မြန်မာ စစ်ခေါင်းဆောင်များအား လက်နက် ရောင်းချပေးခြင်း ရပ်ဆိုင်းရန်နှင့် အီးယူ၏ ဦးဆောင်မှုကို လိုက်နာရန် အခြားနိုင်ငံများအား ဗြိတိန်က တိုက်တွန်း နှိုးဆော်နေသည်။

ဒုတိယ တစ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းသား အားလုံးကို လွှတ်ပေးခြင်း၊ အတိုက်အခံနှင့် တိုင်းရင်းသား အဖွဲ့အစည်း အားလုံးကို ပါဝင်ခွင့် ပေးခြင်း စသည်တို့ကို မပြုလုပ်ပါက ယခုနှစ်ကုန် ရွေးကောက်ပွဲသည် လက်ခံ ယုံကြည်ဖွယ် ရှိမည် မဟုတ်သလို မြန်မာနိုင်ငံ၏ ပြဿနာ အရပ်ရပ်ကို ပြေလည်ရန် အထောက်အကူ ရလိမ့်မည် မဟုတ် ဆိုသည်ကို မြန်မာ စစ်ခေါင်းဆောင်များ ရှင်းရှင်းလင်းလင်း နားလည်အောင် ပြုလုပ်ရမည် ဖြစ်သည်။

နောက်ဆုံး တစ်ချက်မှာ တိုးတက်မှု မရှိ၍ စိတ်ပျက်စရာ ဖြစ်နေသော လိပ်ခဲတည်းလည်း အခြေအနေကို ဆန့်ကျင် ကန့်ကွက်ရမည့် အချက် ဖြစ်သည်။ အကယ်၍ မြန်မာပြည်သူများက အနာဂတ် အလားအလာအပေါ် အကောင်းမြင် မျှော်လင့်နေခြင်းကို ဆက်လက် ဆုပ်ကိုင်ထားပါက လှည့်ပြန်ရန် သို့မဟုတ် လက်လျှော့ရန် မိမိတို့တွင် အခွင့်အရေး မရှိပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အမေရိကန် သမ္မတ ဘားရက် အိုဘားမား အုပ်ချုပ်ရေးအဖွဲ့၏ စေ့စပ်ညှိနှိုင်းရေး မူဝါဒကို မြန်မာ စစ်အစိုးရက ကောင်းစွာ အသုံးချပြီး မျှတမှု မရှိသည့် ရွေးကောက်ပွဲကို မျှတမှု ရှိသည်ဟု ထင်မြင်လာစေရန် ကြိုးပမ်းနိုင်ကြောင်း သုံးသပ်ချက် အစီရင်ခံစာ တစ်စောင် ထွက်ပေါ်လာသည်။

အဆိုပါ အစီရင်ခံစာကို Asia Society ဟူသော အမေရိကန် အခြေစိုက် Think Tank တစ်ခုက မြန်မာ စစ်ဗိုလ်ချုပ်များကို ဖိအားပေးမှုများ ပြုလုပ်ရန် ကြိုးပမ်းလျက် ရှိသော ဝါရှင်တန် အစိုးရအတွက် အထောက်အပံ့ တစ်ရပ်အနေဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် အစိုးရက ရွေးကောက်ပွဲသည် ယုံကြည် စိတ်ချရမှု ရှိပြီး တိုင်းရင်းသား လူနည်းစုများ၊ နိုင်ငံရေးသမားများ အားလုံး ပါဝင်ခွင့် ရရှိစေလိုသည်။

သို့သော် အမေရိကန် အစိုးရအနေဖြင့် ယခု လာမည့် ရွေးကောက်ပွဲကို တရားဝင် အသိအမှတ် ပြုပေးသလို ဖြစ်နိုင်သည့် အနေအထားသို့ ရောက်ရှိနေသည့် အချက်ကို သတိပြု သင့်သည်ဟု အဆိုပါ Think Tank က ဆိုသည်။ အဆိုပါ ရွေးကောက်ပွဲသည် ဒီမိုကရေစီ ပြောင်းလဲရေး ဖြစ်စဉ်မျိုး မဟုတ်ဘဲ စစ်အာဏာရှင် စနစ် သက်ဆိုးရှည်စေရန်သာ ရည်ရွယ်သည်ဟု အတိုက်အခံများက သုံးသပ်ထားသည်။

"အမေရိကန် အနေနဲ့ အန္တရာယ်တွေကို ကြိုတင် သိရှိထားရမည်။ စစ်အစိုးရက အမေရိကန်၏ စေ့စပ်ညှိနှိုင်းမှု မူဝါဒကို အသုံးချပြီး ၎င်းကိုယ်တိုင် အကွက်ဆင်ထားသည့် ရွေးကောက်ပွဲကို အမေရိကန်က ထောက်ခံသည် ဟူသော အချက်ကို ပြည်သူများ လက်ခံလာအောင် ကြိုးပမ်းကောင်း ကြိုးပမ်းနိုင်သည်" ဟု ပြင်းပြင်းထန်ထန် သတိပေးထားသည်။ အကယ်၍ ဖော်ပြပါ အချက်ကို သတိမမူမိပါက မြန်မာနိုင်ငံအရေးတွင် စစ်တပ် ခြယ်လှယ်နေသည့် ကိစ္စအား အမေရိကန်က အသိအမှတ်ပြု လက်ခံလိုက်သလို ဖြစ်သွားနိုင်သည်။

အဆိုပါ အစီရင်ခံစာကို ၂၀၀၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ အငြိမ်းစား ကြည်းတပ် ဗိုလ်ချုပ်ကြီး Wesley Clark နှင့် ယခင် သမ္မတဟောင်း ဂျော့ဒဗလျူဘွတ်ရှ်တို့က ပူးတွဲ ကြီးကြပ်ခဲ့သည်။ သမ္မတဟောင်း ဘွတ်ရှ်သည် ယခုအခါ နိုင်ငံတကာ ဖွံ့ဖြိုးမှုဆိုင်ရာ အမေရိကန် အေဂျင်စီ၏ အကြီးအကဲအဖြစ် လုပ်ကိုင်လျက် ရှိသည်။

အမေရိကန် သမ္မတ အိုဘားမားက ကာလ ကြာရှည်စွာ မြန်မာနိုင်ငံအပေါ် ကျင့်သုံးခဲ့သည့် အထီးကျန်ဖြစ်စေရေး မူဝါဒကို ပြောင်းလဲပြီး စစ်ဗိုလ်ချုပ်များနှင့် စေ့စပ်ညှိနှိုင်းသည့် မူဝါဒကို စတင် ကျင့်သုံးမည်ဟု ထုတ်ဖော်ထားသည်။ အဆိုပါ မူဝါဒသစ် ထုတ်ပြန်ပြီး ခြောက်လခန့် အကြာတွင် Asia Society Think Tank က အစီရင်ခံစာ ထုတ်ပြန် သတိပေးခဲ့ခြင်း ဖြစ်သည်။

အမေရိကန် အစိုးရ၏ မူဝါဒသစ်သည် ယခုအချိန်အထိ မြန်မာ့ ဒီမိုကရေစီ အရေးအတွက် အနည်းငယ်သာ အကျိုး သက်ရောက်မှု ရှိစေသည်။ ယခု ရက်သတ္တပတ် အတွင်း၌ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရ ကျင်းပ ပြုလုပ်ပေးမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ထုတ်ဖော် ကြေညာလိုက်သည်။ NLD အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်မည် မဟုတ်သကဲ့သို့ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်လည်း မဟုတ်ကြောင်း ကြေညာခဲ့သည်။

ယင်းသို့ ကြေညာလိုက်ခြင်းဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် မကြာမီ ကာလအတွင်း ပါတီအဖြစ်မှ တရားဝင် ဖျက်သိမ်းခံရတော့မည် ဖြစ်သည်။

အိုဘားမား အုပ်ချုပ်ရေးအဖွဲ့က မြန်မာအရေးတွင် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် ကြိုးပမ်းနေသောကြောင့် စိတ်ရှည်လက်ရှည် ရှိရမည်ဟု ဆိုပြန်သည်။ ဤ အတောအတွင်း မှာပင် အမေရိကန် အစိုးရ အရာရှိများက မြန်မာနိုင်ငံအပေါ် ထားရှိသည့် စီးပွားရေး ပိတ်ဆို့ အရေးယူမှု ဝါဒကို ဖယ်ရှားပေးမည် မဟုတ်ကြောင်း အသိပေးလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို စစ်အစိုးရက လွှတ်ပေးခြင်း၊ ဒီမိုကရေစီ ဖော်ဆောင်ပေးခြင်း၊ ပြည်သူလူထုအပေါ် ကောင်းမွန်စွာ ဆက်ဆံခြင်း အစရှိသည်တို့ ပြုလုပ်မှသာ ပိတ်ဆို့ အရေးယူမှုကို ဖယ်ရှားပေးမည်ဟု ဆိုသည်။

အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာ့အရေးကို ကိုင်တွယ်ရာတွင် အချိန်နှင့် ငွေကြေး ကန့်သတ်ချက်များ ရှိလိမ့်မည် ဖြစ်ကြောင်း၊ အကြောင်းမှာ အမေရိကန် ပြည်ထောင်စုတွင် အခြားသော ကမ္ဘာ့ အရေးကိစ္စများလည်း ရှိနေသောကြောင့် ဖြစ်ကြောင်း ယင်းအစီရင်ခံစာက ဆိုသည်။ အာဖဂန်နစ္စတန်နှင့် အီရတ်မှ စစ်ပွဲများကိစ္စ၊ တရုတ်နှင့် စီးပွားရေး၊ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အရေးကိစ္စများ၊ အီရန်၊ မြောက်ကိုရီးယား၏ နျူကလီယာ ကိစ္စများမှာ အမေရိကန် ရင်ဆိုင် ဖြေရှင်းနေရသော ကမ္ဘာ့အရေး ကိစ္စများပင် ဖြစ်သည်။

သို့အတွက်ကြောင့် အိုဘားမား အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် မြန်မာနှင့် အမေရိကန် ပူးပေါင်း ဆောင်ရွက်ရေးအတွက် အထူးသံတမန်တစ်ဦး ခန့်အပ်ထားသင့်သည်ဟု အစီရင်ခံစာက တိုက်တွန်းထားသည်။

ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲကို အမေရိကန်က တိုက်ရိုက် ကြီးကြပ်စောင့်ကြည့်မှု မပြုလုပ်သင့်ကြောင်း၊ အကြောင်းမှာ ယင်းသို့ စောင့်ကြပ် လေ့လာမှု ပြုခြင်းသည် အားနည်း ချို့ယွင်းချက်များ ရှိသည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုသည်ဟု ထင်မှတ် သွားနိုင်သောကြောင့် ဖြစ်ကြောင်းလည်း သတိပေးထားသည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By Saw Yan Naing, 30th March 2010

မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ်တွင် မူလကတည်းက နေထိုင်ကြသော မူစလင် လူမျိုးစု ဖြစ်သော ရိုဟင်ဂျာများသည် လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် နိုင်ငံရေး ပါတီတစ်ခု ဖွဲ့စည်းမည် ဖြစ်ကြောင်း ရိုဟင်ဂျာ အဖွဲ့အစည်း၏ ထင်ရှားသော အဖွဲ့ဝင်များနှင့် နီးစပ်သော အသိုင်းအဝိုင်းမှ လာသော သတင်းများအရ သိရသည်။

"သူတို့ ပါတီတစ်ခု ဖွဲ့ပါလိမ့်မယ်။ သူတို့က ဆက်သွယ်လာတယ် ဆိုတော့ အချင်းချင်း ကူညီရမှာပေါ့" ဟု အမျိုးသားနိုင်ငံရေး  မဟာမိတ်ပါတီမှ ခေါင်းဆောင် ဦးအုန်းလွင်က ပြောသည်။ ရိုဟင်ဂျာများ၏ ပါတီအသစ်တွင် ခေါင်းဆောင်မှာ ရန်ကုန်မြို့တွင် နေထိုင်သော ရိုဟင်ဂျာတစ်ဦး ဖြစ်သူ ဦးအုန်းတင် ဖြစ်သည်ဟု ၎င်းက ပြောသည်။

ရိုဟင်ဂျာ ပါတီ အသစ်သည် အမည်ရွေးရခြင်း၊ မှတ်ပုံတင်ရခြင်းလည်း မရှိသေးကြောင်း သိရသည်။ "သူတို့ ပါတီ နာမည်က ရိုဟင်ဂျာဆိုတဲ့ နာမည် မထည့်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိအစိုးရက သူတို့ကို တရားဝင် တိုင်းရင်းသားလို့ အသိအမှတ်မပြုသေးဘူးလေ" ဟု ဦးအုန်းလွင်က ပြောသည်။ အချို့သတင်းများအရ ရိုဟင်ဂျာ ပါတီအသစ်ကို "မြန်မာ ဘင်္ဂါလီ" ဟု အမည် ပေးလိမ့်မည်ဟု ဆိုသည်။

ရိုဟင်ဂျာ အများစုသည် မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်၌သာ နေထိုင်သည် ဆိုသော်လည်း ဦးအုန်းလွင်၏ အဆိုအရ ရိုဟင်ဂျာပါတီသည် နိုင်ငံအနှံ့ ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်၊ မန္တလေးတိုင်းတွင် ကျောက်ဆည်၊ မိတ္ထီလာနှင့် ရမည်းသင်း၊ ရန်ကုန်တိုင်းတွင် မင်္ဂလာတောင်ညွန့်၊ သင်္ကန်းကျွန်းနှင့် တာမွေ၊ မွန်ပြည်နယ်တွင် မော်လမြိုင်တို့၌ ရွေးကောက်ပွဲ ဝင်မည် ဖြစ်သည်။

မြန်မာနိုင်ငံသား မဟုတ်သော ရိုဟင်ဂျာ အဖွဲ့အစည်းအတွက် နိုင်ငံရေး ပါတီ ဖွဲ့ရန် ခက်ခဲကောင်း ခက်ခဲနိုင်သည်။ စစ်အစိုးရကလည်း ရိုဟင်ဂျာများကို ယခင်က ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့သည်။ သို့သော် ယခုအခါ ရွေးကောက်ပွဲ ရည်ရွယ်ချက်ကြောင့် ဖြစ်မည် ထင်ရပြီး နိုင်ငံသား ပြဿနာ ဖြေရှင်းနိုင်သည့် အကူအညီများ တွေ့လာရသည်။

ရွေးကောက်ပွဲ ဥပဒေ အသစ်အရ ယာယီ မှတ်ပုံတင် ကိုင်ဆောင်ထားသူများသည် အသက် (၁၈) နှစ်ကျော်လျှင် မဲပေးခွင့် ရရှိမည် ဖြစ်သည်။

ဖေဖော်ဝါရီ လဆန်းပိုင်းက ရခိုင်ပြည်နယ် ဒေသဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးမှ တာဝန်ရှိ ပုဂ္ဂိုလ်များသည် အရွယ်ရောက်ပြီးသူ ရိုဟင်ဂျာများအား အစိုးရ ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေး အသင်း (USDA) နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (NUP) တို့၏ အကူအညီဖြင့် ယာယီမှတ်ပုံတင်များ ထုတ်ပေးခဲ့သည်။ ရိုဟင်ဂျာများသည် ယာယီ မှတ်ပုံတင်အတွက် ၃၅ဝဝ ကျပ် (အမေရိကန် ဒေါ်လာ ၃.၅) ပေးရပြီး ရခိုင်ပြည်နယ်တွင် နေထိုင်သော ရိုဟင်ဂျာများ၏ ၆ဝ % သည် ယာယီ ကတ်ပြားများ ထုတ်ယူပြီး ဖြစ်သည်။

သတင်းများက ဧရာဝတီသို့ ပြောကြားရာတွင် မတ်လလယ်ခန့်က ပြည်ထဲရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ်ဖုန်းဆွေသည် ရိုဟင်ဂျာ စီးပွားရေး လုပ်ငန်းရှင် အချို့နှင့်အတူ ရိုဟင်ဂျာများနေထိုင်ရာ ဘူးသီးတောင်နှင့် မောင်းတောသို့ တစ်ပတ်ကြာ စည်းရုံးရေး ဆင်းခဲ့သည်ဟု သိရသည်။

ထို့အပြင် ရိုဟင်ဂျာပါတီ အသစ်သည် မည်သည့် လမ်းစည်ကို ရွေးမည် ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်ကာ လေ့လာသူများကမူ ရိုဟင်ဂျာများကို အစိုးရဘက်မှ မဟာမိတ်အဖြစ် ပါဝင်ရန် စည်းရုံးလိမ့်မည်ဟု ဆိုသည်။

ရိုဟင်ဂျာ စီးပွားရေး လုပ်ငန်းရှင် နှစ်ဦး ဖြစ်သော ဦးအောင်ဇော်ဝင်းနှင့် ဦးအောင်နိုင်တို့ကမူ အစိုးရ၏ မဟာမိတ်ပါတီများ အဖြစ် သီးခြားစီ ပါတီထောင်၍ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည်ဟု သိရှိရသည်။ ၎င်းတို့ နှစ်ဦးသည် အစိုးရ ကျောထောက်နောက်ခံ ပြုထားသော ပါတီများ ဖြစ်သော USDA နှင့် NUP ပါတီများနှင့်အတူ စည်းရုံးရေး ဆင်း မဲဆွယ်လျက် ရှိကြောင်း ရိုဟင်ဂျာ အသိုင်းအဝိုင်းနှင့် နီးစပ်သော သတင်းများအရ သိရှိရသည်။

ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်တွင် နေထိုင်ပြီး ရခိုင်လူမျိုးပြီးလျှင် ဒုတိယ အများဆုံး လူမျိုးစု ဖြစ်သည်။ ၎င်းတို့သည် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်းတော၊ ဘူးသီးတောင်နှင့် ရသေ့တောင်တို့တွင် အများဆုံး နေထိုင်ကြပြီး ပြည်နယ် လူဦးရေ၏ ၃ဝ ရာခိုင်နှုန်း (၂.၇၅ သန်း) ခန့်ရှိသည်။

ရိုဟင်ဂျာများသည် အစိုးရ၏ ပြင်းထန်သော နှိပ်ကွပ်မှုကို ခံရပြီး ၎င်းတို့ကို ရခိုင်ပြည်နယ် ပြင်ပသို့ ခရီးသွားလာခွင့်ကို ကန့်သတ်ထားပြီး အခြား တရားမျှတမှု မရှိသော ဥပဒေများဖြင့်လည်း ကန့်သတ်ထားသည်။ သာမန်အားဖြင့် ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ် အနောက်မြောက်ဘက်တွင် မွေးဖွားကြပြီး သေသည်အထိ ထိုအရပ်တွင်ပင် နေထိုင်ကြသော်လည်း အစိုးရက မြန်မာနိုင်ငံသား အဖြစ် အသိအမှတ် မပြုခဲ့ပါ။

ရိုဟင်ဂျာများသည် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရကတည်းက သမိုင်းကြောင်းအရ ဖိနှိပ်ခံလာရသော်လည်း အစိုးရသည် ၎င်းတို့အတွက် အသုံးပြုရန် လိုအပ်လာပါက အသိအမှတ် ပြုလာရခြင်း ဖြစ်သည်။

ရိုဟင်ဂျာများကို ပထမဆုံး အသိအမှတ် ပြုခဲ့သူမှာ မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဦးနုဖြစ်သည်။

ဦးနုနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် ဖဆပလမှ ဦးဗဆွေတို့သည် ၎င်းတို့၏ မဲဆွယ် စည်းရုံးရေး ဆင်းရာတွင် ဘင်္ဂါလီ မူဆလင်များအား ရိုဟင်ဂျာ အမည်ဖြင့် မြန်မာတိုင်းရင်းသား လူမျိုးစုတစ်စု အဖြစ် လူသိရှင်ကြား အသိအမှတ် ပြုခဲ့သည်။ ထို့နောက် ထိုဒေသရှိ ဖဆပလ ခေါင်းဆောင်များသည် အသစ်ဝင်ရောက်လာသော ဘင်္ဂါလီများကို ချက်ချင်း နိုင်ငံသား အဖြစ် အသိအမှတ် ပြုခဲ့ပြီး ၎င်းတို့ ပါတီအတွက် မဲပေးစေခဲ့သည်။

ယခု လက်ရှိ အစိုးရကလည်း ရိုဟင်ဂျာများကို ထိုနည်းအတိုင်းပင် အသုံးချဖွယ် ရှိနေသည်။ ၁၉၈၂ ခုနှစ်က အစိုးရက ရိုဟင်ဂျာများကို ဒေသမရှိသူများ အဖြစ် ကြေညာခဲ့သည်။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ရိုဟင်ဂျာများကို မဲပေးခွင့် ပေးခဲ့ပြီး ဘူးသီးတောင်နှင့် မောင်းတောတွင် ရိုဟင်ဂျာ လေးဦး အနိုင်ရခဲ့သည်။ ၂ဝဝ၈ ခုနှစ်ကလည်း အခြေခံ ဥပဒေ အတွက် ဆန္ဒခံယူပွဲ ပြုလုပ်ရာတွင် ယာယီ မှတ်ပုံတင်များကို အသုံးပြုစေခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခု နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် မြန်မာနိုင်ငံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကာလအတွင်း မြန်မာ စစ်အစိုးရအနေဖြင့် အမေရိကန် သမ္မတ ဘားရက်အိုဘားမား အုပ်ချုပ်ရေးအဖွဲ့၏ မူဝါဒသစ် ဖြစ်သော အပြန်အလှန် စေ့စပ်ညှိနှိုင်းမှု မူဝါဒကို အသုံးပြုကာ ရွေးကောက်ပွဲသည် တရားမျှတမှု ရှိသည် ဟူသော ပုံစံမျိုး ပြသနိုင်ဖွယ် ရှိကြောင်း အစီရင်ခံစာ တစ်ရပ်က သုံးသပ်လိုက်သည်။

အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ အခြေစိုက် Asia Society Think Tank တစ်ခုက အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် မူဝါဒ အပြောင်းအလဲတွင် သတိထားရမည့် ကိစ္စများကို ထုတ်ဖော်ခဲ့သည်။ မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမေရိကန်က တောင်းဆိုထားမှုများကို စစ်အစိုးရက အပြုသဘော ဆောင်စွာ တုံ့ပြန်မည့် အရိပ်အယောင်များ မတွေ့ရကြောင်း အဆိုပါ Think Tank က ဆိုသည်။

မြန်မာအစိုးရ အာဏာပိုင်များ၏ တစ်ကိုယ်တည်း ထင်ရာစိုင်းနေမှုများနှင့် ပတ်သက်၍ စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု အမေရိကန် အစိုးရက ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် အတွင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အမေရိကန် သမ္မတ အိုဘားမား ကိုယ်တိုင်က ခက်ထန်ကြမ်းတမ်းသော နိုင်ငံများကို ဒိုင်ယာလော့ခ်နည်းဖြင့် ချဉ်းကပ်သွားမည် ဖြစ်သည်ဟု ဆိုခဲ့သည်။

Asia Society အဆိုအရ အစောပိုင်း ကာလများတွင် ထင်သာမြင်သာ ရှိသည့် အထောက်အထားများ အနည်းငယ်သာ တွေ့ရကြောင်း၊ သို့သော် စေ့စပ် ညှိနှိုင်းမှုကြောင့် အာဆီယံတွင် အထီးကျန်နေသော မြန်မာနိုင်ငံတွင် တိုးတက် ဖြစ်ထွန်းမှုများ ဖြစ်ပေါ်လာသည်ဟု ဆိုနိုင်ကြောင်း သိရသည်။

စစ်အစိုးရက လတ်တလော ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေမှာ အဓိက အတိုက်အခံ ပါတီ ဖြစ်သော NLD အနေဖြင့် ရွေးကောက်ပွဲကို ဖိအားပေး သပိတ်မှောက်ခိုင်း စေသကဲ့သို့ ဖြစ်နေသည်။

"ဖြစ်နိုင်ခြေ ရှိသည့် စစ်အစိုးရ၏ ပင်မ ဦးတည်ချက်မှာ အမေရိကန်နှင့် စေ့စပ် ညှိနှိုင်းရေးပင် ဖြစ်သည်။ ဤသို့ ပြုလုပ်ခြင်းအားဖြင့် အမေရိကန်အနေဖြင့် စစ်အစိုးရ၏ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ် ၇ ရပ်ကို ထောက်ခံသည် ဟူသော အချက်ကို မြန်မာ ပြည်သူများအား ပြသလိုပုံ ရသည်" ဟု Asia Society က ဆိုသည်။

"အမေရိကန် အနေဖြင့် လွန်စွာ အန္တရာယ်များသော (မြေမြှုပ်မိုင်းများ ရှိသော) နယ်မြေထဲသို့ ဝင်ရောက်သကဲ့သို့ ရှိမည်။ မြန်မာ စစ်အစိုးရ ခေါင်းဆောင်များအား ယုံကြည် စိတ်ချရသော ရွေးကောက်ပွဲ တစ်ရပ် ကျင်းပအောင် ဖိအားပေးမှုများ ပြုလုပ်ရင်း လွဲမှားသော ရွေးကောက်ပွဲ (သို့မဟုတ်) နိုင်ငံရေး ဖြစ်စဉ် တစ်ရပ်ကို တရားဝင် အသိအမှတ် ပြုပေးလိုက်သည့် အခြေအနေမျိုး ရောက်ရှိသွားနိုင်သည်" ဟု ဆိုသည်။

ပို၍ ဆိုရပါက အမေရိကန်က ရွေးကောက်ပွဲ ဖြစ်စဉ်ကို တိုက်ရိုက် လေ့လာ စောင့်ကြည့်ရန် ကြိုးပမ်းနေခြင်းသည် အပြစ် အနာအဆာများသည့် ဖြစ်စဉ်တစ်ရပ်ကို အသိအမှတ် ပြုပေးနေသည့် ပုံစံမျိုး ဖြစ်လာနိုင်သည်။

အဆိုပါ Asia Society ၏ မြန်မာ ရွေးကောက်ပွဲအပေါ် ကောက်ချက် ဆွဲထားသော အစီရင်ခံစာကို မြန်မာ့အရေး ကျွမ်းကျင်သူ ဦးအောင်နိုင်ဦးက ထောက်ခံခဲ့သည်။ သို့သော် "မြန်မာ အစိုးရကတော့ အမေရိကန်ရဲ့ မူဝါဒ အယူအဆတွေနဲ့ ပတ်သက်ပြီး ဂရုမစိုက်မှာ မဟုတ်ဘူး" ဟု သတိပေးသည်။

"ပထဝီ နိုင်ငံရေး သဘောအရ မြန်မာစစ်တပ်က မျက်နှာသာ ရနေတယ်။ အိမ်နီးချင်းတွေ ဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်က မြန်မာနိုင်ငံမှာ စစ်ရေးအင်အား ကောင်းအောင် လုပ်ပေးနိုင်တဲ့ အစိုးရမျိုး ပေါ်ထွန်းစေချင်တယ်" ဟုလည်း ၎င်းက သုံးသပ်သည်။

အမေရိကန် နိုင်ငံခြားရေး မူဝါဒအရ မြန်မာနိုင်ငံသည် ဝါရှင်တန်အတွက် မျှော်လင့် အားထားဖွယ်ရာ ကောင်းလောက်သည့် အခြေအနေမျိုး မရှိပေ။ အမေရိကန်တို့ အားထားလောက်သည့် သယံဇာတမျိုးမှာ မြန်မာနိုင်ငံတွင် အကန့်အသတ်ဖြင့်သာ ရှိသည်ဟု ဆိုသည်။

ဦးအောင်နိုင်ဦးက ဖြည့်စွက် ပြောဆိုရာတွင် ဒေသတွင်း ပါဝါများ အနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိ အပြောင်းအလဲကို အားပေး အားမြှောက် ပြုသင့်သည်ဟု ပြောသည်။ စစ်အစိုးရက လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပပေးမည်ဟု ကတိပေးထားမှုအား မပျက်ပြားအောင် ဝိုင်းဝန်း လုပ်ဆောင် ပေးသင့်သည်ဟုလည်း အကြံပြုသည်။

NLD အနေဖြင့် ရွေးကောက်ပွဲမှ နုတ်ထွက်လိုက်ခြင်းဖြင့် ပြည်တွင်းရော နိုင်ငံတကာမှပါ တုံ့ပြန်မှုများ ဖြစ်ပေါ်လာသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းကမူ NLD က မည်သည့် ဆုံးဖြတ်ချက်ကို ချစေကာမူ အခိုင်အမာ ထောက်ခံမည်မှာ မလွဲမသွေပင် ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ၏ ပင်မနိုင်ငံရေး ရေစီးကြောင်းထဲမှ ယခုကဲ့သို့ အတိုက်အခံပါတီ နုတ်ထွက်သွားခြင်းဖြင့် အစိုးရ၏ အရှိန်အဝါဖြင့် ဖွဲ့စည်းထားသော အခြား ပါတီများ ရွေးကောက်ပွဲတွင် အားတက်သရော မှတ်ပုံတင်ကာ ဝင်ရောက် ယှဉ်ပြိုင်ကြမည်မှာ အသေအချာပင် ဖြစ်သည်။

DVB သတင်းကို ဘာသာပြန်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, By Framcos Wade, 30th March 2010

မြန်မာ့ အဓိက အတိုက်အခံ ပါတီ NLD သည် ယခုနှစ် ရွေးကောက်ပွဲ အတွက် ပါတီ မှတ်ပုံတင်ခြင်း မပြုရန် မဲခွဲ ဆုံးဖြတ်ခြင်းဖြင့် သမိုင်းတွင်မည့် ဆောင်ရွက်မှု တစ်ခုကို ယမန်နေ့က ပြုလုပ်လိုက်သည်။ လတ်တလော အစိုးရက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေကြောင့် ထွက်ပေါ်လာခဲ့သည့် ဆုံးဖြတ်ချက်အရ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ပါတီကို တရားဝင် ဖျက်သိမ်းမည် ဖြစ်ပြီး တိုင်းပြည်၏ နိုင်ငံရေး အသိုင်းအဝိုင်းတွင် တရားဝင် ဆက်လက် လှုပ်ရှားနိုင်တော့မည် မဟုတ်ပါ။ အကယ်၍ ပါတီကို မှတ်ပုံတင်ရန် သဘောတူခဲ့ပါက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ်ရမည် ဖြစ်ပြီး အငြင်းပွားဖွယ် ၂၀၀၈ အခြေခံ ဥပဒေကိုလည်း လက်ခံရန် ဖိအားပေး ခံရလိမ့်မည်။

နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ထောင်ထဲတွင် ၁၉ နှစ် နေခဲ့ရသူ NLD ဝါရင့် ခေါင်းဆောင် ဦးဝင်းတင်က DVB သို့ ပြောကြားရာတွင် ယခု ဆုံးဖြတ်ချက်ကြောင့် ပါတီ အနေဖြင့် လူထု အတွင်း ပိုမို လှုပ်ရှားခွင့် ရလာမည် ဖြစ်၍ အနှစ် ၂၀ အတွင်း မလုပ်နိုင်ခဲ့သော အလုပ်များကို လုပ်ကိုင် နိုင်တော့မည် ဖြစ်သည်ဟု ဆိုသည်။

မေး     - မနေ့က ဆုံးဖြတ်ချက် ချပြီးတဲ့နောက် NLD ရဲ့ စိတ်ဓာတ် အခြေအနေကို ပြောပါဦး။

ဖြေ     - ကောင်းပါတယ်ဗျာ။ ဒေါ်အောင်ဆန်းစုကြည်က မနေ့က အစည်းအဝေးကို စာတစ်စောင် ပို့တယ်။ ဒီလို အခြေခံ ဥပဒေကို လုံးဝ လက်မခံဘူး။ မမျှတတဲ့ ဥပဒေ အောက်မှာ ပါတီ မှတ်ပုံမတင်ဘူး။ ကိုယ့်ပါတီကို ကိုယ်ပြန် မဖျက်ဆီးဘူးလို့ စာထဲမှာ ရေးထားတယ်။ ဒါက ကျွန်တော်တို့ ပါတီနဲ့ ပါတီရဲ့ နိုင်ငံရေးဟာ ကျွန်တော်တို့ စိတ်ထဲမှာ ကိန်းအောင်း နေမှာပါလို့ ဆိုလိုတာပါ။ ဒါကြောင့် မနေ့က အစည်းအဝေး အပြီးမှာ တစ်နိုင်ငံလုံးက ပါတီ ခေါင်းဆောင်တွေရဲ့ စိတ်ဓာတ်က တက်ကြွနေပါတယ်။ လုံးဝ ပျော်ရွှင်နေပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ ပါတီ အင်အားနည်းသွားမယ်။ ပါတီ မရပ်တည် နိုင်တော့ဘူး ဆိုတာကို သိပေမယ့် နိုင်ငံတဝှမ်းကို သွားပြီး ပြည်သူတွေ အတွက် အလုပ်လုပ်နိုင်မှာ ဖြစ်လို့ပါပဲ။

မေး     - ခင်ဗျားတို့ ပါတီရဲ့ အနာဂတ် အတွက် အရမ်း စိတ်ပူနေကြပါတယ်။ ဒီနေရာကနေ ဘာဆက်လုပ်ကြမလဲ။

ဖြေ     - ကျွန်တော်တို့ ပါတီက တရားဝင် အဖွဲ့အစည်း မဟုတ်တော့ပေမယ့် ကျွန်တော်တို့ ဒီမှာ ဆက်ရှိနေမှာပါ။ နိုင်ငံရေး ပုံသဏ္ဍာန် ၄ ခု နဲ့ ဆက်လက် လှုပ်ရှားမှာပါ။ ပထမ အချက်က တစ်နိုင်ငံလုံးမှာ ရုံးခွဲတွေ၊ ပါတီဝင်တွေ အများကြီး ရှိနေဆဲ ဖြစ်တဲ့ အတွက် ကျွန်တော်တို့ရဲ့ စည်းလုံး ခိုင်မာမှုကို ထိန်းသိမ်းပြီး NLD အသိုင်းအဝိုင်းထဲမှာ လှုပ်ရှားကြမှာပါ။ ဒုတိယ အချက်ကတော့ တခြား ဒီမိုကရေစီ အဖွဲ့တွေ၊ တိုင်းရင်းသား အဖွဲ့တွေ နဲ့အတူ လုပ်ဆောင်မှာပါ။ လောလောဆယ်မှာလည်း သူတို့နဲ့ ဆက်ဆံရေး ကောင်းနေပါတယ်။ တတိယ အချက်ကတော့ ကျွန်တော်တို့ ပါတီဟာ အီးယူ၊ ကုလသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စု၊ အာဆီယံတို့နဲ့ အရမ်းကောင်းတဲ့ ဆက်ဆံရေး ရှိနေပါတယ်။ နိုင်ငံခြား မီဒီယာတွေလည်း ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်း သွားမှာပါ။ နောက်ဆုံး တစ်ချက်ကတော့ ပြည်သူတွေ အတွက် အလုပ်လုပ်မှာပါ။ ပြီးခဲ့တဲ့ အနှစ် ၂၀ ကို ကြည့်ရင် တော်တော်ဆိုးပါတယ်။ အစိုးရက ဖိနှိပ် ချုပ်ချယ်ထားတဲ့ အတွက် တကယ်တမ်း ပြည်သူတွေ အတွက် ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး။ အခုတော့ နိုင်ငံရေး ပါတီ အဖြစ် ဆက်ပြီး စည်းရုံး လှုပ်ရှားစရာ မရှိတော့ဘူး ဆိုတော့ ပြည်သူတွေထဲကို ဆင်းမယ်။ ဘာတွေ ကူညီနိုင်မလဲ ဆိုတာ လေ့လာမယ်။ ဒါတွေက လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း ကောင်းကောင်း မလုပ်နိုင်ခဲ့တဲ့ အလုပ်တွေထဲက အနည်းအကျဉ်းပဲ ရှိပါသေးတယ်။

                   နောက်တစ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ပေါ့။ သူမကတော့  မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် တစ်ဦးတည်းသော ခေါင်းဆောင်ပါပဲ။ ဒါ့ကြောင့် သူမနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အကြား ညှိနှိုင်း ဆွေးနွေးလို့ ရအောင် တံခါးဖွင့်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်အစိုးရကို ဖိအားပေးရပါလိမ့်မယ်။ သူမဟာ နိုင်ငံရေးသမား တစ်ဦး အဖြစ် မလှုပ်ရှား နိုင်ပေမယ့် ပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ယုံကြည်မှုကို ရရှိထားတာ ဖြစ်လို့ မြန်မာ့ နိုင်ငံရေး လောကရဲ့ မဟာ အင်အားကြီး အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ သူမနဲ့အတူ ရပ်တည် လှုပ်ရှားသွားမှာပါ။

မေး     - ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ထိန်းသိမ်းပြီး နိုင်ငံရေး မလုပ်နိုင်အောင် ပိတ်ပင် ထားတယ်ဆိုတော့ NLD အနေနဲ့ သူမရဲ့ ခေါင်းဆောင်မှုကို အပြောင်းအလဲ လုပ်ဖို့ လိုတယ်လို့ ယူဆပါသလား။

ဖြေ     - ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆင့်အတန်းမျိုး ရောက်နိုင်တဲ့ လူက နည်းနည်းပဲ ရှိပါတယ်။ ဒါပေမယ့် အခုဆိုရင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့လို ရင့်ကျက်မှု ပြည့်ဝလာတဲ့ လူငယ် နိုင်ငံရေးသမားတွေ အများကြီး ရှိနေပါပြီ။ တကယ်လို့ ပြည်သူတွေကသာ ထောက်ခံမယ်ဆိုရင် သူတို့ဟာ အနာဂတ်မှာ အရေးကြီးတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ဖြစ်လာမှာပါ။ NLD ဒုတိယ ဥက္ကဋ္ဌ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး ဆိုရင်လည်း ပြည်သူတွေ နှစ်သက်တဲ့ ခေါင်းဆောင် တစ်ဦးပါ။ သူ့ရဲ့ ထောက်ခံ အားပေးမှုက ခိုင်မာသလို နိုင်ငံရေး ဖြတ်သန်းမှုလည်း ကောင်းတယ်။ ဒါ့ကြောင့် ခေါင်းဆောင်ပိုင်း အင်အား ချို့တဲ့မှာကို စိတ်မပူပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အကြာကြီး ရှိနေဦးမှာ ဖြစ်သလို ကျွန်တော်တို့လို ပူးပေါင်း ဆောင်ရွက်မယ့် လူငယ် အင်အားစုတွေကလည်း အများကြီး ရှိနေတာကြောင့်ပါ။

မေး     - နိုင်ငံတကာ အနေနဲ့ သူတို့ ပြောထားတဲ့အတိုင်း ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အခု ခင်ဗျား ပြောခဲ့တယ်။ အခု မြန်မာနိုင်ငံကို ဘယ်လို ကိုင်တွယ် ဆောင်ရွက်သင့်ပါသလဲ။

ဖြေ     - ပါတီ မှတ်ပုံမတင်ဖို့ NLD ရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက လေးစားသင့်တယ်လို့ ပြောကြားခဲ့တဲ့ ဘန်ကီမွန်းရဲ့ စကားကို နိုင်ငံတကာ ခေါင်းဆောင်တွေ နားထောင်သင့်တယ်လို့ ထင်ပါတယ်။ ဒီကိစ္စက သိပ်ကို အရေးကြီးပါတယ်။ တကယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ချက် မှားလို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အခွင့်အရေး နည်းသွားတယ်လို့ သူတို့ ယူဆခဲ့ရင် ကျွန်တော်တို့ အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ထောက်ခံ အားပေးမှု လျော့သွားမှာပါ။ ဒါပေမယ့် နိုင်ငံတကာရဲ့ ခိုင်ခိုင်မာမာ အားပေး ထောက်ခံမှုကို ကျွန်တော်တို့ လိုအပ်ပါတယ်။ တရုတ်နိုင်ငံတောင်မှ မြန်မာ အစိုးရ အပေါ် သဘောထားကို ပြောင်းလဲ နေပါပြီ။ အကြောင်းကတော့ နိုင်ငံရေး အရ ပြောင်းလဲအောင် သူတို့ မလုပ်နိုင်ခဲ့လို့ပါ။ အနည်းဆုံး နာမည်ခံလောက် ပြောင်းလဲတာမျိုးကို တရုတ်က ဖြစ်စေချင်တယ်လေ။

မေး     - NLD အနေနဲ့ တိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းတွေ၊ စစ်တပ်တွေနဲ့ ပူးပေါင်းတာမျိုး အနာဂတ်မှာ ရှိလာနိုင်သလား။

ဖြေ     - ဒါပေါ့။ ရှိနိုင်ပါတယ်။ NLD က တိုင်းရင်းသား နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိတဲ့ တစ်ခုတည်းသော နိုင်ငံရေး အင်အားစု တစ်ခုပါ။ ဒီနေ့ထက်ထိ ကော်မတီ ဖွဲ့စည်းပြီး သူတို့နဲ့ အတူတကွ လုပ်ဆောင် နေပါတယ်။ အမျိုးသား နိုင်ငံရေး အင်အားစုတွေ ကြားမှာ ယုံကြည်မှုလည်း ရရှိထားပါတယ်။ တကယ်ပါ။ တောင်တန်းဒေသနဲ့ မြန်မာပြည် မြောက်ပိုင်းကို ကျွန်တော်တို့ ကိုယ်စားလှယ်တွေ စေလွှတ် နိုင်ပေမယ့် ကွဲပြားတဲ့ တိုင်းရင်းသားတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေပါတယ်။ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်မှု ရှိတယ်။ ဒါက ကျွန်တော် ပြောခဲ့တဲ့ ဒုတိယ နိုင်ငံရေး ပုံသဏ္ဍာန်ပါ။ ဒါ့အပြင် တပ်မတော်ထဲမှာ ပြောင်းလဲမှု တချို့ ရှိလာဖို့ ကျွန်တော်တို့ မျှော်လင့်နေတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီနေ့ အချိန်မျိုးမှာ တပ်မတော်ထဲမှာလည်း ယုံကြည်မှု ကောင်းကောင်း မရှိတော့ဘူး။ ဒီစစ်ဖက် အစိုးရနဲ့ ရေရှည်သွားဖို့ မဖြစ်နိုင်ဘူး ဆိုတာကို သဘောပေါက် နေကြပြီ။ ဒီနှစ်ထဲမှာပဲ အပြောင်းအလဲတွေ ရှိလာမယ်လို့ ထင်ပါတယ်။ ဒီမိုကရေစီ အတုအယောင်ကို ပုံဖော်ခဲ့တာရယ်။ စစ်တပ် ခေါင်းဆောင်ပိုင်းက အသက် သိပ်ကြီးလာတာရယ်။ တပ်မတော်သားတွေရဲ့ လူနေမှုအဆင့် ဆင်းရဲ နွမ်းပါးလာတာရယ် စတဲ့ အချက်တွေကြောင့်ပါ။ တကယ်လို့ ဒီအပြောင်းအလဲတွေ ဖြစ်လာမယ် ဆိုရင် စစ်တပ်က NLD လို နိုင်ငံရေး အဖွဲ့အစည်းတွေ အပေါ်မှာ ယုံကြည် အားထားလာမှာပါ။

မေး     - မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ခေတ်သစ် တစ်ခုကို အစပျိုးဖို့ စီစဉ်နေတာကို တွေ့ရပါတယ်။ တိုင်းပြည်ရဲ့ ဒီမိုကရေစီ ပြောင်းလဲရေး မျှော်လင့်ချက်ကို ဆုံးရှုံးစေသူဟာ ဘယ်သူလဲ ဆိုတာကို ပြည်သူတွေကို ပြောပြနိုင်မလား။

ဖြေ     - ပြည်သူတွေဟာ အာဏာရှင် အုပ်ချုပ်ရေး စနစ်ကို စိတ်ကုန်နေပြီး အပြောင်းအလဲ တစ်ချို့ကို မျှော်လင့် နေကြတယ်။ ပြည်သူတွေရဲ့ စီးပွားရေး အခြေအနေက အရမ်းဆိုးနေပြီး၊ တစ်ရက်လုပ်၊ တစ်ရက်စား ဘဝတွေဟာ သိပ်ကို ခက်ခဲ ကြမ်းတမ်းနေပြီး၊ ဒီလို အခြေအနေမျိုးမှာ ဒီမိုကရေစီ ပြောင်းလဲမှု တချို့ကို သဘာဝ အလျောက် မျှော်လင့် ကြတာပေါ့။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီသာ နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်နိုင်မယ့် လမ်းစ မရှိတော့ဘူး ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကြီးမားတဲ့ တုန့်ပြန်မှုတွေ ပေါ်ထွက်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့်လို့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးလို ကိစ္စတွေ၊ နိုင်ငံတကာရဲ့ ဖိအားပေးမှု ကြီးမားလာတဲ့ ကိစ္စတွေကြောင့် တပ်မတော်ရဲ့ သဘောထား တင်းမာမှု ပိုကြီးလာပြီး ဒီမိုကရေစီ လွှတ်တော်ဆိုတဲ့ ပုံစံသစ် တစ်ခု အောက်မှာ တင်းတင်းကြပ်ကြပ် အုပ်ချုပ်ဦးမှာပါ။ ဒါ့ကြောင့် ပြည်သူတွေ အနေနဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုကို မကြာမီ အတွင်း မျှော်လင့်လို့ မရနိုင်သေးဘူးလို့ ကျွန်တော် ထင်ပါတယ်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP/ news.yahoo.com, 30th March 2010

အဓိက အတိုက်အခံ ခေါင်းဆောင်များကို ထိထိရောက်ရောက် တားဆီး ပိတ်ပင်ထားသည့် ရွေးကောက်ပွဲများ ကျင်းပခြင်း မပြုနိုင်အောင် ဖိအားပေးရန် အတွက် မြန်မာ စစ်ဖက် အစိုးရ အပေါ် ပိုမို တင်းကြပ်သည့် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန် နိုင်ငံရေး လောကမှ အမေရိကန် ဆီနိတ်တာ ကိုးဦးက တောင်းဆိုလိုက်သည်။

သမ္မတ အိုဘားမားထံ ပေးစာကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့ရာတွင် မြန်မာ ရွေးကောက်ပွဲ ဥပဒေသည် ဒီမိုကရေစီ စနစ်ကို လှောင်ပြောင်မှု တစ်ခု ဖြစ်ကြောင်း ဆီနိတ်တာများက အစိုးရနှင့် သဘောထား တိုက်ဆိုင်ခဲ့သော်လည်း ပိုမို ထိရောက်သည့် တုန့်ပြန်မှုများ ဆောင်ရွက်ရန် တောင်းဆိုခဲ့ကြသည်။

မြန်မာ အစိုးရနှင့် စီးပွားရေး လုပ်ကိုင်နေသော နိုင်ငံခြား ဘဏ်များကို ပစ်မှတ်ထားရန်နှင့် စစ်ဖက်ခေါင်းဆောင်များနှင့် ဆက်နွယ်နေသည့် အမေရိကန် ဘဏ်စရင်းများကို အရေးယူနိုင်မည့် ဥပဒေ တစ်ခု ပြဋ္ဌာန်းရန် အမေရိကန် ဘဏ္ဍာရေး ဋ္ဌာနအား ထိပ်တန်း ရီပတ်ဘလီကန် အမတ် Mitch McConnell အပါအဝင် ဆီနိတ်တာများက တိုက်တွန်းထားသည်။

အထက်ပါ လုပ်ပိုင်ခွင့် အာဏာကို ကျင့်သုံးခြင်းသည် မြန်မာခေါင်းဆောင်များ ပုံစံ ပြောင်းလာအောင် ဖိအားပေးရာတွင် စိတ်တိုင်းကျ အသုံးပြုနိုင်သည့် အလွန် ထိရောက်သော လက်နက် သဖွယ် ဖြစ်လာမည် ဟု ယုံကြည်ကြောင်း ပေးစာတွင် ဖော်ပြထားကာ မြန်မာ၏ ကမ္ဘာသိ အမည်ဖြစ်သော Burma ကို သုံးနှုန်း ရေးသားသည်။

ထို့အပြင် ၎င်းတို့က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ရန် အိုဘားမားကို တောင်းဆိုခဲ့ကြသည်။ အဆိုပါရာထူးကို ခန့်အပ်ရန် ဥပဒေ လိုအပ်သော်လည်း မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒကို နိုင်ငံခြားရေးဝန်ကြီး ဋ္ဌာန ထိပ်တန်း အရာရှိများက ဦးဆောင်နေသောကြောင့် အဆိုပါ နေရာမှာ လစ်လပ်နေသည်။

အမေရိကန် ပြည်ထောင်စု၏ ရန်ဘက်နိုင်ငံများနှင့် တွေ့ဆုံ ဆွေးနွေးရေး မူဝါဒကို စတင်ကျင့်သုံးခဲ့သော အိုဘားမား အစိုးရက မြန်မာ အစိုးရကို ပစ်ပယ်ထားရေး ယခင် မူဝါဒသည် အောင်မြင်မှု မရှိဟု သုံးသပ်ကာ မနှစ်က စတင်၍ မြန်မာ စစ်ဖက်အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

စစ် အုပ်ချုပ်ရေး တရားဝင်အောင် ရည်ရွယ်ပြုလုပ်နေခြင်း ဖြစ်သည်ဟု အကဲခတ်များက ယုံကြည်ထားကြသော၊ ယခုနှစ်ကုန် အစိုးရက ကျင်းပပေးရန် စီစဉ်နေသော ရွေးကောက်ပွဲများသည် ၁၉၉၀ ခုနှစ်က အနိုင်ရဘူးသော အတိုက်အခံ ပါတီကို ပါဝင်ခွင့် ပြုထားခြင်း မရှိပါ။

အကျယ်ချုပ် ထိန်းသိမ်းခံနေရသော နိုဗယ်ဆုရှင် ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ်ရန် ဖိအားပေးခံရခြင်း ထက်စာလျှင် ရွေးကောက်ပွဲ ကိုသာ သပိတ်မှောက်မည်ဟု အဓိက အတိုက်အခံ ပါတီ NLD က ဆုံးဖြတ်ခဲ့သည်။

ဆီနိတ်တာ McConnell အပြင် ၂၀၀၈ သမ္မတ ရွေးပွဲဝင် John McCain အပါအဝင် ထိပ်တန်း ရီပတ်ဘလစ်ကန် အမတ်များ ဖြစ်သော Sam Brownback၊ Susan Collins နှင့် Judd Gregg တို့က သမ္မတ ထံပေးစာကို လက်မှတ် ရေးထိုးခဲ့ကြသည်။

ထို့အပြင် ဒီမိုကရက်တစ် အမတ်များ ဖြစ်သော Barbara Boxer၊ Russ Feingold၊ Dianne Feinstein တသီးပုဂ္ဂလ အမတ် Joe Lieberman တို့ကလည်း ပါဝင် လက်မှတ် ရေးထိုးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP/ Straitstimes.com, 31st March 2010

အိန္ဒိယ အန်ဒမန် ကျွန်းစု၏ မြောက်ဖက် မြန်မာနိုင်ငံ ကမ်းလွန်တွင် အင်အား ၆.၄ မဂ္ဂနီကျူ ရှိသော ပြင်းထန်သည့် ငလျင် တစ်ခု လှုပ်သွားကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေး ဋ္ဌာန USGS က အင်္ဂါနေ့တွင် ပြောကြားသည်။

အန္တာရာယ် ရှိသော ဆူနာမီ လှိုင်းများ မရှိဟု စောင့်ကြည့် လေ့လာရေး ဋ္ဌာနက ဆိုပါသည်။ ငလျင်၏ ဗဟိုချက်မှာ အန်ဒမန်ကျွန်း ပို့ဘလဲ ဆိပ်ကမ်း၏ မြောက်ဖက် ၂၁၇ ကီလိုမီတာ အကွာ၊ ၄၅.၄ ကီလိုမီတာ အနက်တွင် ဖြစ်သည်ဟု USGS က သတ်မှတ်သည်။

အဆိုပါ ငလျင် ဗဟိုချက်သည် ပုသိမ်မြို့ အနောက်တောင်ဖက် ၄၀၆ ကီလိုမီတာ ကွာဝေးပြီး၊ ရန်ကုန်မြို့တော်မှ အနောက်တောင်ဖက် ကီလိုမီတာ ၅၀၀ ကွာဝေးသည်ဟု သိရသည်။

အစိုးရ ဋ္ဌာနများသို့ ပစိဖိတ် ဆူနာမီ သတိပေး စင်တာမှ ပေးပို့သော အကြောင်းကြားလွှာတွင် ငလျင်ကြောင့် အန္တရာယ် ရှိသော ဆူနာမီလှိုင်းများ  ဖြစ်ပေါ်ခြင်း မရှိဟု ဖော်ပြထားသည်။

"အခြေအနေက ပုံမှန်ပါပဲ၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်တာလည်း မရှိပါဘူး" ဟု အန်ဒမန်ကျွန်း အုပ်ချုပ်ရေး အကြီးအကဲ Vivek Ray က ပို့ဘလဲမှ နေ၍ အိန္ဒိယ NDTV သို့ ပြောကြားသည်။

"လူအသေ အပျောက်နဲ့ အဆောက်အဦး ပျက်စီးတာမျိုး မရှိပါဘူး၊ ငလျင်လှုပ် အပြီးမှာ အမိုးပေါ်က ခုန်ချလို့ ဒဏ်ရာရသွားတဲ့ လူနှစ်ယောက်ပဲ ရှိပါတယ်" ဟု Ray က ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.