မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲ ဝင်မည် မဟုတ်ကြောင်း ထုတ်ဖော် ကြေညာခဲ့ပြီး ဖြစ်သည်။
NLD က ယင်းသို့ ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်လိုက်ခြင်းမှာ မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေကြောင့် ဖြစ်သည်။ ထိုရွေးကောက်ပွဲ ဥပဒေမှာ ဖိနှိပ် ကန့်သတ်မှုများ ပါဝင်နေသည်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်စုကြည်ရော အခြား ဖမ်းဆီး ထိန်းသိမ်းခံ နိုင်ငံရေးသမားများပါ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရအောင် ရွေးကောက်ပွဲ ဥပဒေများက ကန့်သတ် ပိတ်ပင်ထားသည်။
အကယ်၍ ရွေးကောက်ပွဲတွင် နိုင်ငံရေးသမားများ အားလုံး ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမည် ဆိုလျှင်သော်မှ NLD အနေဖြင့် စစ်အစိုးရ ကြိုးကိုင်မည့် ရွေးကောက်ပွဲသို့ ဝင်မည့် သဘောတွင် မရှိပေ။ စစ်အစိုးရက ယခု ကျင်းပပေးမည့် ရွေးကောက်ပွဲသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ဖြစ်သည်။ ဒီမိုကရေစီသို့ သွားမည့် လမ်းစဉ်တစ်ခုဟု သတ်မှတ် ဖော်ပြသည်။ သို့သော် ယနေ့ အချိန်အထိ ကျင်းပမည့်ရက် အတိအကျကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။ မြန်မာ ရွေးကောက်ပွဲ ကိစ္စသည် လွန်ခဲ့သော နှစ်နှစ်ခန့်က ရေးဆွဲမှု ပြီးဆုံးခဲ့သည့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လွတ်လပ်စွာ ပြောဆို ရေးသားခွင့်၊ နိုင်ငံရေး လှုပ်ရှားခွင့်များ အပေါ် တင်းကြပ်စွာ ဖိနှိပ်မှု အပြုလုပ်ဆုံး နိုင်ငံများတွင် ပါဝင်သည်။ မြန်မာ စစ်အစိုးရ ဗိုလ်ချုပ်များက ယခု ရွေးကောက်ပွဲသည် ပြည်တွင်း၌ ယုံကြည် စိတ်ချမှုများကို ဖြစ်ပေါ်စေပြီး ပြည်ပ (နိုင်ငံတကာ) တွင် ပြစ်တင် ဝေဖန်မှုများကို လျော့ကျစေမည့် အရာတစ်ခုအဖြစ် ရှုမြင်ကြသည်။
နိုင်ငံရေး ဖြစ်စဉ်ကို လွတ်လပ်ခွင့် ပြုမှသာ မြန်မာ စစ်ဗိုလ်ချုပ်များအပေါ် ပြစ်တင် ဝေဖန်မှုများ ဆုံးခန်းတိုင်နိုင် ပေလိမ့်မည်။ မြန်မာ စစ်ဗိုလ်ချုပ်များက နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများကို ထုတ်ပြန်သည်။ ပါလီမန် လွှတ်တော်တွင် စစ်တပ်က ၂၅ ရာခိုင်နှုန်း ရရှိမည့် အခြေခံ ဥပဒေကို ရေးဆွဲ ပြဌာန်းခဲ့သည်။ သတင်း ပေးပို့ချက်များအရ ရွေးကောက်ပွဲတွင် အတိုက်အခံ ပါတီငယ်များ ဝင်ရောက် ယှဉ်ပြိုင်ဖွယ် ရှိသည်ဟု ဆိုသည်။ သို့သော် ပင်မ အတိုက်အခံ နိုင်ငံရေး အင်အားစုများ၊ မတူညီသော တိုင်းရင်းသား လူမျိုးစု အဖွဲ့များနှင့် စစ်အစိုးရအကြား စေ့စပ်ညှိနှိုင်း ဆွေးနွေးရေးမှာ မည်သို့မျှ ဖြစ်ပေါ်လာဖွယ် မရှိပေ။
VOA သတင်းကို ဘာသာပြန်ဆိုသည်။
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.