Transparency Myanmar

transparency.myanmar@gmail.com


The Irrawaddy, 20th April 2010
အိုဘားမား အစိုးရ၏ မြန်မာ စစ်အစိုးရနှင့် ဆွေးနွေးရေး မူဝါဒသည် အမေရိကန် အကျိုးစီးပွား ဖြစ်ထွန်းရေး အပေါ် ထိရောက်မှု ရှိမရှိကို အကဲဖြတ်ရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်အား တောင်းဆိုသည့် ဆုံးဖြတ်ချက် တစ်ရပ်ကို အမေရိကန် ဆီနိတ်တာ Judd Gregg က တင်သွင်းခဲ့သည်။
အခြား ဆီနိတ်တာ ၆ ဦးကပါ ဝိုင်းဝန်း ထောက်ခံထားသော အဆိုပါ ဆုံးဖြတ်ချက်တွင် အထိန်းသိမ်းခံ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုထားသည့် အပြင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ နိုင်ငံရေး လွတ်လပ်စွာ လုပ်ခွင့်ရရေး နှင့် နောင်တွင် တာဝန်ယူတတ်သော၊ တာဝန် သိတတ်သော ဒီမိုကရေစီ အုပ်ချုပ်ရေးတို့ကို တိုးတက် ထွန်းကားစေမည့် အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ သုံးသပ် ပြင်ဆင်ရေးကို တောင်းဆိုနေသည့် NLD ပါတီနှင့် မြန်မာ ပြည်သူများကို ထောက်ခံ အားပေးရန် နိုင်ငံခြားရေး ဝန်ကြီးကို တောင်းဆိုထားသည်။
အကယ်၍ မြန်မာ စစ်အစိုးရသည် စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် ကျူးလွန်နေပြီး မြန်မာ ပြည်သူတို့၏ ပြင်းပြသော ဒီမိုကရေစီ ရည်မှန်းချက်ကို ဖြည့်ဆည်းရန် ပျက်ကွက်နေပါက မြန်မာနိုင်ငံ အပေါ် အရေးယူမှုများကို ဆက်လက် ပြုလုပ်ရန်နှင့် ပိုမို တင်းကြပ်ရေးကို စဉ်းစားရန် အတွက်လည်း အိုဘားမား အစိုးရကို တောင်းဆိုထားသေးသည်။
ထို့အပြင် အရပ်ဖက် အုပ်ချုပ်ရေး ဒီမိုကရေစီ အသွင် ကူးပြောင်းမှုတွင် မြန်မာ ပြည်သူများအား အပြည့်အဝ ပါဝင်ခွင့် ရစေမည့် ဝန်းကျင် အနေအထား တစ်ရပ် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာရေး အတွက် တွန်းအားပေးရန် တရုတ်၊ အာဆီယံ၊ လုံခြုံရေး ကောင်စီ စသော အဖွဲ့အစည်း ပေါင်းစုံ အပါအဝင် ဒေသတွင်း အစိုးရများနှင့် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းရန် နိုင်ငံခြားရေး ဝန်ကြီးကို တိုက်တွန်းထားသည်။
အဆိုပါ ဆုံးဖြတ်ချက်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အပြစ်မဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ဆက်လက် ဖမ်းဆီးထားခြင်းကို ပြစ်တင် ရှုတ်ချထားပြီး ၎င်းတို့ကို အမြန်ဆုံး ချွင်းချက် မရှိ လွှတ်ပေးရန် တောင်းဆိုထားသည်။ နိုင်ငံရေး လှုပ်ရှားမှုများ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်မည့် ကြောက်ရွံ့မှုနှင့် ခြိမ်းခြောက်မှု ကင်းစင်သည့် ဝန်းကျင် အနေအထား တစ်ခု ဖေါ်ဆောင်ရန် NLD အပါအဝင် အခြား အတိုက်အခံ အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးရန် မြန်မာ စစ်ဖက် အစိုးရကို တိုက်တွန်းထားသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ SPDC သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမအား ထောက်ခံသူများ၊ တိုင်းရင်းသား လူမျိုးများ အပါအဝင် သာမန် ပြည်သူလူထုကို ဆက်လက်၍ မတရား ဖိနှိပ်နေကြောင်း အဆိုပါ ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။
အထက်ပါ ဆုံးဖြတ်ချက်ကို ပူးတွဲ ပါဝင် ထောက်ခံသူ ဆီနိတ်တာများမှာ Judd Gregg ၊ Mitch McConnell ၊ Bob Bennett ၊ Sam Brownback ၊ Susan M.Collins ၊ Joseph Lieberman နှင့် Patrick Leahy တို့ ဖြစ်သည်။


--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.


Reuters News, 19th April 2010
ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲ အသစ် ကျင်းပရန် တောင်းဆိုနေကြသော ရှပ်နီ ဆန္ဒပြသူများက မြို့လယ် ဧရိယာသို့ ချီတက်ရန် အင်္ဂါနေ့တွင် ခြိမ်းခြောက်ခဲ့ပြီးနောက် ထိုင်းစစ်သားများက ဘန်ကောက် မြို့လယ် စီးပွားရေး ရပ်ကွက် ပတ်ပတ်လည်တွင် လုံခြုံရေး အကာအရံများ ချထားခဲ့ပြီး သွေးစွန်းသော ဖြိုခွဲမှုများ ပေါ်ပေါက်လာမည်ကို ပိုမို စိုးရွံ့လျက် ရှိကြသည်။
မြို့တော်၏ အထက်လွှာ ဈေးဝယ် ရပ်ကွက်ကို စိုးမိုးထားသော ရှပ်နီများက ၎င်းတို့၏ သပိတ်စခန်းကို ဆီးလုံလမ်းသို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြပြီး အဆိုပါ လမ်းသည် တိုင်းပြည်၏ အကြီးဆုံး ဘန်ကောက်ဘဏ် ရုံးချုပ် အပါအဝင် ရုံးချုပ်များ၊ ရုံးအဆောက်အဦးများ ပြည့်နေသော လမ်း ဖြစ်သည်။
ယာဉ်မောင်းသူ အများစုက အဆိုပါ နယ်မြေကို ရှောင်ရှားရန် ဆုံးဖြတ်ထားကြမှုကြောင့် အင်္ဂါနေ့ အစောပိုင်းတွင် ယာဉ်ကြော အသွားအလာ အတန်ငယ် ရှင်းလင်းနေသည်။ မြေအောက် ရထား ဘူတာရုံနှင့် မိုးပျံရထားကို ဆက်သွယ် ပေးထားသော လျှောက်လမ်းများနှင့် လမ်းမများကို စစ်သားများက ကင်းလှည့် စောင့်ကြပ်နေသည်။
တနင်္လာနေ့ နှောင်းပိုင်းတွင် ဝန်ကြီးချုပ် အဘီဆစ်ဗဲ့ဂျာဂျီဗားက ၎င်းရှုံးနိမ့်ရန် သေချာနေသော ရွေးကောက်ပွဲများ ကျင်းပရန် တောင်းဆိုနေမှုများကို ထပ်မံ ပယ်ချခဲ့ကာ ရှပ်နီများအား ထိန်းချုပ်ရမည်ဟု ပြောကြားခဲ့သည်။
"နိုင်ငံရေး အပြောင်းအလဲ လုပ်ဖို့ ခြိမ်းခြောက် ဖိအားပေးတဲ့ သူတွေကို ခွင့်ပြု လိုက်လျောလိုက်ရင် ဥပဒေမဲ့ တိုင်းပြည် ဖြစ်သွားမှာပေါ့" ဟု ၎င်းက ပြောကြားခဲ့သည်။
ဆန္ဒပြမှုများ တစ်လကျော် လာခဲ့ပြီးနောက် နှစ်ဖက်စလုံးက ခေါင်းမာနေကြသောကြောင့် အကြမ်းဖက်မှုများ ထပ်မံ ဖြစ်ပွားလာမည်ကို အကဲခတ်များက စိုးရိမ်နေကြသည်။ "အမှန်အတိုင်း ပြောရရင် လက်ရှိ အနေအထားမှာ နောက်ထပ် နှိမ်နင်း ဖြိုခွဲမှုပဲ လုပ်စရာရှိတဲ့ လက္ခဏာမျိုး တွေ့နေရတယ်" ဟု Economist Intelligence Unit မှ ပညာရှင် Danny Richard က ပြောကြားခဲ့သည်။
စစ်တပ်အတွင်းမှ သဘောထား တင်းမာသူများ၏ အာဏာသိမ်းမှု ဖြစ်ပွားနိုင်ကြောင်း ကောလဟာလများ ထွက်ပေါ်နေသော လက်ရှိ အကျပ်အတည်းတွင် ဘဏ္ဍာရေး ကဏ္ဍ ဆုံးရှုံးမှုများလည်း ကြီးထွားလာနေသည်။
နိုင်ငံ၏ နှစ်ရှည် ချေးငွေ ကဏ္ဍမှာလည်း တည်ငြိမ်နေသော အနေအထားမှ တနင်္လာနေ့တွင် အနှုတ် လက္ခဏာဘက်သို့ ယိမ်းယိုင်ခဲ့သည်။ ဈေးများမှာလည်း အရှုံးပေါ်လျက် ရှိပြီး ခရီးသွား လုပ်ငန်း အပေါ် ကြီးမားစွာ မှီခိုနေရသော ဟိုတယ်ခန်းများ ငှားရမ်းမှုမှာလည်း ၂၀% ကျဆင်းသွားခဲ့သည်။
ထိုင်းနိုင်ငံ၏ အကြီးဆုံး စက်မှုဇုံ မြေကွက် ရောင်းချသူ အေမာတာ ကော်ပရေးရှင်း (Amata Corp) က တနင်္လာနေ့တွင် ပြောကြားရာ၌ နိုင်ငံရေး မငြိမ်သက်မှုကြောင့် စက်မှုဇုံ မြေကွက် အရောင်းအဝယ် စာချုပ် လက်မှတ်ထိုးမည့် ဂျပန် ဖောက်သည်များ နောက်ဆုတ်သွားခဲ့သည်ဟု ဆိုသည်။
ယခု ဆန္ဒပြနေသော ရှပ်နီများသည် ၂၀၀၆ ခုနှစ် စစ်တပ် အာဏာသိမ်းမှုတွင် တိမ်းရှောင် သွားခဲ့သော ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို ထောက်ခံသူများ ဖြစ်သည်။
သီတင်းပတ် ခြောက်ပတ်ကြာ ဆန္ဒပြမှုများသည် ရှပ်နီများကို အားပေးနေသော ရွေးကောက်ပွဲ နှစ်ခါနိုင် ပြည်ပြေး သက်ဆင်၏ မဟာမိတ် အငြိမ်းစား ဗိုလ်ချုပ်ကြီးများ ပါဝင်သည့် စစ်ဖက် အုပ်စုနှင့် ထိုင်းစစ်တပ် အကြား အန္တရာယ် ကြီးမားသော လိပ်ခဲတည်းလည်း အခြေအနေကို ဖြစ်ပေါ်စေသည်ဟု အကဲခတ် လေ့လာသူများက သုံးသပ်ကြသည်။
အင်အားကြီး မဟာမိတ်များ
အသက် ခြောက်ဆယ် အရွယ် သန်းကြွယ် သူဌေး သက်ဆင်က အဘီဆစ်အား ထွက်ပေါက် ပိတ်နေသော အနေအထားကို အဆုံးသတ်ရန် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရေးကို တိုက်တွန်းထားသည်။ အကယ်၍ အဘီဆစ်က ခုခံ ငြင်းဆန်နေပါက အကြမ်းဖက် နှိမ်နင်းမှုများ ဆက်လက် ဖြစ်ပွားကာ စစ်တပ် အာဏာသိမ်းမှု ဖြစ်လာနိုင်သည်ဟု သက်ဆင်က ဘရူနိုင်းတွင် ခေတ္တ ရပ်နားစဉ် ရိုက်တာသို့ တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။
စစ်တပ် ရာထူး အပြောင်းအလဲများ ပြုလုပ်မည့် စက်တင်ဘာလတွင် နှစ်ဖက်စလုံးက အာဏာကို ချုပ်ကိုင်ရန် လိုလားနေကြသည်။ အကယ်၍ ထိုအချိန်တွင် သက်ဆင် ထောက်ခံသူများ အာဏာရခဲ့ပါက ထိုင်းဘုရင် စနစ်ကို ထောက်ခံသော ဗိုလ်ချုပ်ကြီများအား ဖယ်ရှားခြင်းဖြင့် ကြီးမားသော အပြောင်းအလဲများ ထွက်ပေါ်လာမည်ဟု အကဲခတ်များက ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားသည်။
ဆန္ဒပြ ရှပ်နီများက ဘန်ကောက်ဘဏ်ကို ပစ်မှတ် ထားနေကြခြင်းမှာ သက်ဆင်အား ဖယ်ရှားခဲ့သော ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုကို နောက်ကွယ်မှ ကြိုးကိုင်သည်ဟု စွပ်စွဲခံနေရသည့် ဘဏ်၏ ဂုဏ်ထူးဆောင် အကြံပေး ပရင်မ်တင် ဆူလာနန်ဒါကြောင့် ဖြစ်သည်။ အဆိုပါ ထိုင်းဘုရင်၏ ထိပ်တန်း လက်ထောက်ကို ထိုင်းနိုင်ငံတွင် အမှန်တကယ် အာဏာရှိသော ရွေးကောက်ခံ မဟုတ်သည့် အထက်လွှာ သင်္ကေတ အဖြစ် အများစု ဆင်းရဲ နွမ်းပါးသော ရှပ်နီ ပြည်သူများက ရှုမြင် ထားကြသည်။
လွန်ခဲ့သော နှစ်များ အတွင်း ရှပ်နီများအား အင်အားဖြည့်ရန် သက်ဆင် စည်းရုံးထားသော အင်အားကြီး မဟာမိတ်များတွင် စစ်တပ် အကြီးအကဲဟောင်း ချာဗာလစ် ယောင်ချိုင်ယုဒ်လည်း ပါဝင်ပြီး ၎င်းသည် ဧပြီလ ၁၀ ရက် သွေးစွန်းခဲ့သော စစ်တပ်နှင့် ပဋိပက္ခ မတိုင်မီ ရှပ်နီများအား လက်နက်များ ပေးကမ်းရန် လက်ရှိ စစ်ဗိုလ်ချုပ်များကို သွေးဆောင်ခဲ့သည်ဟု အစိုးရဖက်မှ ပြောကြားလျက် ရှိသည်။
ရှပ်နီ အုပ်စု၏ လွှတ်တော် ကဏ္ဍဆိုင်ရာ ဖြူထိုင်းပါတီ၏ ဥက္ကဌ ဖြစ်သူ ချာဗာလစ်ကမူ အကြမ်းဖက်မှုတွင် ပတ်သက်မှု မရှိဟု ငြင်းဆိုထားသည်။
၎င်းသည် တနင်္လာနေ့က အသက် ၈၂ နှစ်ရှိ သက်တော်ရှည် ထိုင်းဘုရင်ကြီး ဘူမိဘော အဒူလယာဒက်နှင့် ဂါရဝပြု တွေ့ဆုံကာ ပဋိပက္ခများ အဆုံးသတ်ရန် ကြိုးစားနေခဲ့သည်ဟု ချာဗာလစ်က ပြောကြားသည်။ ပြည်သူချစ်သော ထိုင်းဘုရင်ကြီးကို အကျပ်အတည်း အတွင်း ဆွဲသွင်းရန် ကြိုးပမ်းခြင်း ဖြစ်ပုံရပြီး ၎င်းနှင့် ဘုရင်ကြီး တွေ့ဆုံမှုကို အများစုက သံသယ ရှိနေကြသည်။
အကယ်၍ အစိုးရက မငြိမ်သက်မှုများကို ၇ ရက် အတွင်း ကိုင်တွယ်နိုင်ခြင်း မရှိပါက ကြီးမားသော ဆန္ဒပြပွဲ ဆင်နွှဲမည်ဟု ပြိုင်ဘက် ဘုရင့်သစ္စာခံ ရှပ်ဝါ အုပ်စုက ခြိမ်းခြောက်ခဲ့ပြီး မီးလောင်ရာ လေပင့် လုပ်နေကြောင်း သိရှိရသည်။


--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.


Lawi Weng, The Irrawaddy, 20th April 2010
မွန်ပြည်သစ် ပါတီ (NMSP) မှ အချို့ခေါင်းဆောင်များ၊ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် စစ်သားများသည် ပြီးခဲ့သည့် အပတ် အကုန်က မော်လမြိုင်တွင် နှုတ်ဆက်ပွဲများ လျှို့ဝှက် ပြုလုပ်ခဲ့သည်ဟု မော်လမြိုင်မှ လာသော သတင်းတစ်ရပ်က ဧရာဝတီသို့ တနင်္လာနေ့က ပြောကြားခဲ့သည်။ ၎င်းတို့သည် မြန်မာ စစ်တပ်နှင့် အပစ်အခတ် ရပ်စဲထားမှုနှင့် ပတ်သက်၍ အခြေအနေများ ပြောင်းလဲသွားတော့မည် ဖြစ်ပြီး တောထဲရှိ ၎င်းတို့၏ ဌာနချုပ်သို့ ပြန်ရန် ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း အဆိုပါ သတင်းက ဆိုသည်။
အဆိုပါ သတင်းက ပြောကြားရာတွင် NMSP ခေါင်းဆောင်များနှင့် မြန်မာ စစ်တပ်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ အကြားတွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ဆွေးနွေးပွဲများ မအောင်မြင်သောကြောင့် တောထဲသို့ ပြန်ရန် ပြင်ဆင်မှုများ ပြုလုပ်လာခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
"ကျွန်တော့် သူငယ်ချင်း တစ်ယောက်က သူတို့ မကြာခင် တောထဲကို ပြန်တော့မယ်တဲ့။ သူ့ကလေးတွေကို စောင့်ရှောက်ဖို့ ကျွန်တော့်ကို ပြောပါတယ်။ သူနဲ့ ကျွန်တော် ပေါင်းလာတာ ကြာတော့ စိတ်မကောင်းဘူး" ဟု သတင်းပေးသူက ဆိုသည်။
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူရှိ မွန်ပြည်သစ်ပါတီ အဖွဲ့ဝင် အချို့ထံမှ ရရှိသော သတင်းများအရ ဧပြီလ ၂၂ ရက်နေ့တွင် မြန်မာ စစ်တပ်နှင့် ဆွေးနွေးရန် ရှိကြောင်း၊ အကယ်၍ ညှိနှိုင်းမှု အဆင်မပြေခဲ့ပါက ၎င်းတို့ နေအိမ်များကို စွန့်ခွာ၍ တောထဲသို့ ပြန်ရန် ပြင်ဆင်ထားကြောင်း သိရှိရသည်။
တရားဝင် စာရင်းများအရ မွန်ပြည်သစ် ပါတီတွင် အဖွဲ့ဝင် ၃၅၀၀ ခန့် ရှိပြီး၊ ထိုအထဲမှ ၇၀၀ ခန့်မှာ စစ်သားများ ဖြစ်ကြသည်။
ပါတီ အတွင်းရေးမှူး နိုင်ဟံသာက ပြောကြားရာတွင် အကယ်၍ တောထဲသို့ ပြန်ပါက အဖွဲ့ဝင် အများစု လိုက်ပါနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ပထမ အစတွင် ကြမ်းတမ်းနိုင်ကြောင်း ပြောကြားခဲ့သည်။
သို့သော် အချို့ လေ့လာသူများက ခန့်မှန်းရာတွင် NMSP အချို့ အဖွဲ့ဝင်များသည် ၎င်းတို့၏ ပစ္စည်းများနှင့် လူနေမှု ဘဝကို စွန့်လွှတ်နိုင်လိမ့်မည်ဟု မထင်ကြောင်း၊ ထိုင်းနိုင်ငံတွင် နေထိုင်နေကြသော မွန် ဒုက္ခသည်များကမူ မွန်စစ်တပ်သို့ ဝင်ရောက်ဖွယ် ရှိကြောင်း ပြောဆိုခဲ့သည်။
NMSP ဗဟို အလုပ် အမှုဆောင် ကော်မတီဝင်ဟောင်း နိုင်တင်အောင်က ပြောကြားရာတွင် မြန်မာ အစိုးရသည် NMSP အား တိုက်ခိုက်လိမ့်မည်ဟု မထင်ကြောင်း ပြောဆိုခဲ့သည်။
"သူတို့ မွန်ကို တိုက်ခဲ့ရင်၊ သူတို့ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ထိခိုက်မှာပေါ့၊ ဒါ့ကြောင့် နယ်ခြားစောင့်တပ် လုပ်ဖို့ မွန်တွေကို ဖိအားပေးနေတာပေါ့" ဟု ၎င်းက ပြောသည်။
အစိုးရက နယ်ခြားစောင့်တပ် ပြောင်းလဲရေးနှင့် ပတ်သက်၍ ဧပြီလ ၂၈ ရက်နေ့အား နောက်ဆုံးနေ့ အဖြစ် သတ်မှတ်ထားပြီး မဟုတ်ပါက တရားမဝင် အဖွဲ့အစည်း အဖြစ် ကြေညာမည်ဟု ဆိုသည်။
ဧပြီလ ၇ ရက်နေ့က မော်လမြိုင် တိုင်း စစ်ဌာနချုပ်တွင် မွန်ပြည်သစ် ပါတီမှ ခေါင်းဆောင် ၄ ဦးသည် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် နယ်ခြားစောင့်တပ် ကိစ္စ တွေ့ဆုံခဲ့သည်။
NMSP ပြောခွင့်ရ ပုဂ္ဂိုလ် နိုင်ချေမွန်က ဧရာဝတီသို့ အင်္ဂါနေ့က ပြောကြားရာတွင် ဧပြီလ ၇ ရက်နေ့က တွေ့ဆုံရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က မွန်ခေါင်းဆောင်များသို့ အကယ်၍ နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် သဘောမတူပါက၊ စစ်တပ်ကဲ့သို့ ဖွဲ့စည်းထားသော အဖွဲ့ အဖြစ် အသွင်ပြောင်းရန် အဆိုပြုခဲ့သည်ဟု ဆိုသည်။ ပါတီ ခေါင်းဆောင်များသည် အဆိုပါ အဆိုပြုချက်ကို ဗုဒ္ဓဟူးနေ့တွင် ဆွေးနွေးကြမည်ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် နှစ်က အစိုးရ အဆိုပြုသော နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို မွန်တို့က လက်မခံသောကြောင့် နှစ်ဦးနှစ်ဖက်ကြား ဆက်ဆံရေး တင်းမာလာခဲ့သည်။
ပြီးခဲ့သည့် မတ်လက NMSP သည် ၎င်း၏ အုပ်ချုပ်ရေး အချို့နှင့် လက်နက်များကို လူမသိသော နေရာသို့ ရွှေ့ပြောင်းထားခဲ့ကြောင်း NMSP နှင့် နီးစပ်သော အသိုင်းအဝိုင်းမှ လာသော သတင်းများက ပြောကြားခဲ့သည်။
အကယ်၍ ပဋိပက္ခ ဖြစ်ပွားခဲ့ပါက မြန်မာ စစ်တပ်အား ပြောက်ကျားစစ် ဆင်နွှဲမည် ဖြစ်ကြောင်း ပါတီ ခေါင်းဆောင်ပိုင်းမှ ပြောကြားခဲ့သည်။
မွန်ပြည်သစ် ပါတီသည် အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့သည်။ ငြိမ်းချမ်းရေး မယူမီက မွန်ပြည်နယ်တွင် အစိုးရ စစ်တပ် တပ်ရင်း ၁၀ ခု ခန့်သာ ရှိသော်လည်း ယခုအခါ မွန်ပြည်နယ်တွင် တပ်ရင်း ၃၀ ခန့် ရှိနေပြီ ဖြစ်သည်။


--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.


Yahoo News, By Jack Kim and Jon Herskovitz, 20th April 2010
    မြောက်ကိုရီးယားသည် မေလ သို့မဟုတ် ဇွန်လခန့်တွင် တတိယအကြိမ် နျူကလီယာ စမ်းသပ်မှုများ ပြုလုပ်ရန် ပြင်ဆင်လျက် ရှိကြောင်း တောင်ကိုရီးယား အသံလွှင့်ဌာန YTN က အင်္ဂါနေ့က သတင်း ပေးပို့ခဲ့သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ပြုံးယမ်းကို ပိုမို အထီးကျန်စေမည် ဖြစ်ပြီး၊ နဂို ပြဿနာ ဖြစ်လျက် ရှိသော နျူကလီယာ ဆိုင်ရာ ဆက်ဆံရေးကို ပိုမို ရှုပ်ထွေးစေမည် ဖြစ်သည်ဟု ဆိုသည်။
    တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Yu Myung-hwan က အဆိုပါ သတင်း ပေးပို့ချက်ကို သက်သေ အထောက်အထား မရှိ၍ မဖြစ်နိုင်ဟု ပြောကြားခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ဌာနကလည်း သတင်း တိကျမှုနှင့် ပတ်သက်၍ သံသယရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
    "အကယ်၍ မြောက်ကိုရီးယားတို့က စမ်းသပ်ဖို့ ပြင်ဆင်နေမယ် ဆိုရင် သတင်းအစ ရှာလို့ ရမယ့် အခြေအနေတွေ တွေ့ရမှာပေါ့။ အခုတော့ ဘာမှ ထောက်လှမ်းလို့ မရသေးပါဘူး" ဟု Yu က အစည်းအဝေး တစ်ခုတွင် ပြောကြားခဲ့သည်။
    အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် P.J Crowley က ဝါရှင်တန်တွင် သတင်းထောက်များအား ပြောကြားရာ၌ "ဒီသတင်းကို ကျွန်တော်တို့ သံသယ ရှိနေပါတယ်" ဟု ဆိုသည်။
    YTN က အမည် မဖော်လိုသော သံတမန်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ပြောဆိုရာတွင် ပြင်ဆင်မှုများကို ဖေဖော်ဝါရီလတွင် စတင်ခဲ့ကြောင်း၊ နည်းပညာအရ အဆင့်မြင့်လာမှုများ ပါဝင်လာပြီး၊ ပထမ နှစ်ခုထက် အဆင့်မြှင့်ထားကြောင်း၊ တစ်စိတ်တစ်ပိုင်း အောင်မြင်မှုကိုသာ မျှော်လင့်၍ စမ်းသပ်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
    မြောက်ကိုရီးယားသည် နျူကလီယာ ဖျက်သိမ်းရေး နိုင်ငံတကာ ဆွေးနွေးပွဲများကို သပိတ် မှောက်ခဲ့သည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သည်။ အဆိုပါ အစည်းအဝေးသို့ ပြန်လာရေးအတွက် တောင်းဆိုမှုများ ပြုလုပ်လျက်ရှိရာ ၂၀၀၉ ခုနှစ် မေလက နောက်ဆုံး နျူကလီယာ စမ်းသပ်မှုအရ ကုလသမဂ္ဂက ချမှတ်ထားသော အရေးယူမှုများ ရုတ်သိမ်းရေး ပါဝင်သည်။ အဆိုပါ အရေးယူမှုများသည် ပြုံးယမ်း၏ အားနည်းလှသော စီးပွားရေးကို အကြီးအကျယ် ထိခိုက်ခဲ့သည်။
    မြောက်ကိုရီးယားသည် ၎င်းအား အမေရိကန်တို့က ထောက်လှမ်းရေး ဂြိုလ်တုဖြင့် စောင့်ကြည့်နေသည်ကို သိရှိသဖြင့် စမ်းသပ်မှုအတွက် ပြင်ဆင်သည့် အနေဖြင့် ပစ္စည်းများ ရွှေ့လျား ခြင်းဖြင့် အချက်ပေးနိုင်သော်လည်း၊ စမ်းသပ် ဖောက်ခွဲမှုများ မကြာခင် ပြုလုပ်လိမ့်မည်ဟု မဆိုလိုကြောင်း သုံးသပ်သူများက ပြောကြားခဲ့သည်။
    တတိယ အကြိမ် စမ်းသပ်မှုသည် မြောက်ကိုရီးယား အနေဖြင့် နျူကလီယာ လက်နက် ပြုလုပ်နိုင် စွမ်းရည် တိုးတက်လာသည်ဟု သက်သေ ထူနိုင်မည် ဖြစ်သော်လည်း ၎င်းအား နျူကလီယာတွင် သုံးသည့် ပေါက်ကွဲစေနိုင်သည့် ပစ္စည်းများ ထောက်ပံ့မှု လျော့ကျသွားမည် ဖြစ်ကြောင်း၊ နျူကလီယာဗုံး ခြောက်လုံးမှ ရှစ်လုံးဆိုလျှင် လုံလောက်ပြီဟု ယူဆလိမ့်မည် ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။
    ချွတ်ခြုံကျနေသော မြောက်ကိုရီးယားသည် ၎င်း၏ အခြေအနေ အမှန်ကို တိုက်ရိုက် ပြောလိုဟန် မရှိပေ။ နျူကလီယာ ဖျက်သိမ်းရေး ဆွေးနွေးပွဲကို ပြန်သွားပြီး ရလာမည့် အကူအညီများလည်း လိုအပ်လျက် ရှိသည်။ ထို့အပြင် ဆွေးနွေးပွဲ မအောင်မြင်လျှင်လည်း နောက်ထပ် နျူကလီယာ စမ်းသပ်မှု ပြုလုပ်ပြီး ဒေသတွင်းကို ကိုင်လှုပ်နိုင်သေးကြောင်း ကမ္ဘာကို ပြသလိုသေးသည်။
    မြောက်ကိုရီးယားသည် ပထမအဆင့် နျူကလီယာ စမ်းသပ်မှု ပြုလုပ်ပြပြီး၊ တရုတ်နှင့် အမေရိကန်ကို အလျော့ပေးရန် တိုက်တွန်းမည် ဖြစ်ကြောင်း ဂျပန် Rikkyo တက္ကသိုလ်မှ မြောက်ကိုရီးယား ကျွမ်းကျင်သူ Lee Jong-won က ပြောကြားခဲ့သည်။
    ခေါင်းဆောင် ကင်ဂျုံအီသည် မကြာမီ ၎င်း၏ အဓိက မဟာမိတ်၊ အကြီးဆုံး ကျောထောက် နောက်ခံပြု၍ အရင်းနှီးဆုံး ဖြစ်သူ တရုတ်နိုင်ငံသို့ မကြာမီ သွားရောက်ရန် ရှိသည်ဟု မျှော်လင့်ရပြီး Beiging က ကြီးမှူး ကျင်းပမည့် ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာရေး နားချနေသူများအပေါ် အနိုင်ယူလိုဟန် ရှိပေသည်။
    ကင်ဂျုံအီ၏ ခေါင်းဆောင်မှုသည် ပြီးခဲ့သည့် နှစ်အကုန်ပိုင်းက မအောင်မြင်သော ငွေကြေး ပြောင်းလဲမှုဖြင့် အစမ်းသပ်ခံ ခဲ့ရပြီး ဖြစ်ရာ၊ ထိုကိစ္စကြောင့် ဆင်းရဲနေသော လူထုကြားတွင် အစာရေစာ ပြတ်လပ်မှု ပိုမို ဆိုးရွားလာစေပြီး၊ ရှားရှားပါးပါး လူထု မငြိမ်သက်မှုအတွက် မီးပွား ဖြစ်ခဲ့သည်။
    ထိုကိစ္စကြောင့် ကင်ဂျုံအီသည် ၎င်း၏ သားအပေါ် ခေါင်းဆောင်မှု လက်ဆင့်ကမ်းမှုနှင့် ပတ်သက်၍ ၎င်း၏ အရည်အချင်းအပေါ် မေးခွန်း ထုတ်စရာ ဖြစ်ခဲ့ရသည်။ ၎င်း၏ မိသားစုသည် တိုင်းပြည်ကို အုပ်ချုပ်လာခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီ ဖြစ်သည်။
    ပြီးခဲ့သော နျူကလီယာ စမ်းသပ်မှုများသည် ၎င်း၏ နိုင်ငံအတွင်းတွင်မူ အကြီးအကျယ် အောင်ပွဲခံခဲ့ပြီး၊ ကင်ဂျုံအီ၏ အရေးပါမှု၊ ၎င်း၏ အင်အား ကောင်းသော စစ်တပ်အပေါ် လေးစားမှုနှင့် စစ်တပ်အဓိက လမ်းညွှန်မှု ဝါဒအပေါ် လူထုထောက်ခံမှုများ ရရှိခဲ့သည်။
    မြောက်ကိုရီးယားတွင် အကူအညီပေးရေး လုပ်သား လုပ်ကိုင်ခဲ့ဖူးသူ ဂျာမန် လူမျိုးတစ်ဦးက Beijing တွင် သတင်းထောက်များအား ပြောကြားခဲ့ရာ၌ လယ်သမားသည် မကြာမီက ပြုလုပ်ခဲ့သော ငွေကြေး ပြောင်းလဲမှုကို လက်မခံခဲ့ကြကြောင်း၊ ထို့ကြောင့် ဆိုးရွားနေသည့် အစာရေစာ ထုတ်လုပ် ပံ့ပိုးမှုကို ခြိမ်းခြောက်လာကြောင်း ပြောဆိုခဲ့သည်။
    "အချို့ လူတွေကတော့ တစ်ချိန်မှာ အားလုံး ပြန်ကောင်းလာလိမ့်မယ်လို့ ထင်နေကြတယ်။ ဒါပေမဲ့ ဇန်နဝါရီလဆန်းက စပြီး ဘယ်သူမှ နိုင်ငံခြားငွေ မကိုင်ရတော့ဘူး။ လူတွေ တကယ်ဘဲ စိတ်မချမ်းသာ ကြတော့ဘူး" ဟု ဂျာမန် NGO Welthungerhilfe မှ မြောက်ကိုရီးယား ဆိုင်ရာ ဒါရိုက်တာအဖြစ် ဖေဖဝါရီလ(၁) ရက်နေ့အထိ တာဝန် ထမ်းဆောင်ခဲ့သူ Karin Janz က ပြောကြားခဲ့သည်။
    ဈေးကွက်အတွင်း ကစားနေသူများသည် မြောက်ကိုရီးယား၏ ဓားခုတ်သံကို နားယဉ်ပြီး ဖြစ်ရာ၊ ယခု သတင်းနှင့် ပတ်သက်၍ ဈေးကွက်အတွင်း ထိခိုက်မှု မရှိပေ။ ယခင် စမ်းသပ်မှု နှစ်ကြိမ် ပြုလုပ်စဉ်က နိုင်ငံတွင်း ရှယ်ယာများနှင့် ကိုရီးယားဝမ် ဈေးကျသွားခဲ့သည်။
    ရင်းနှီး မြှုပ်နှံသူများက ပြောကြားရာတွင် စစ်ပွဲ ဖြစ်လာနိုင်သည့် အခြေအနေများ ဖြစ်လာလျှင်မူ ဈေးကွက် လှုပ်ရမည် ဖြစ်ကြောင်း၊ ကမ္ဘာ့ စီးပွားရေး၏ ခြောက်ပုံတစ်ပုံ ရှိသော ပို့ကုန် အခြေပြု စီးပွားရေး စနစ် ရှိသော အာရှမြောက်ပိုင်း စီးပွားရေးကို ခြိမ်းခြောက်လာကြောင်း ဆိုသည်။
    "မြောက်ကိုရီးယားဟာ သဘောပေါက်သင့်ပါပြီ။ ပြည်သူတွေဟာ ခံစားနေရပါတယ်။ ကင်ဂျုံအီရဲ့ မွေးနေ့မှာ မီးပန်းဖောက်ဖို့ ဝမ် (၆) ဘီလီယံ (ဒေါ်လာ ၅.၃၇ သန်း) သုံးခဲ့တာ ဖြစ်သင့်သလား။ ဒီငွေ တွေနဲ့ ပြောင်းဝယ်ရင် ဘယ်လောက်ရမလဲ စဉ်းစားကြည့်ပါ" ဟု တောင်ကိုရီးယား သမ္မတ Lee myung bak က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.


New Kerala, 20th April 2010
    ကုန်သွယ်ရေး၊ အတားအဆီးများကို လျော့ချမည့် လုပ်ဆောင်ချက် အဆင့်များစွာကို အိန္ဒိယ ဗဟိုအစိုးရက စတင်နေသည့် အချိန်တွင် အိန္ဒိယ အရှေ့မြောက် ပြည်နယ်များနှင့် ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နိုင်ငံများ အကြား ကုန်သွယ်မှု ပမာဏမှာ ပြီးခဲ့သော ဘဏ္ဍာရေးနှစ်အတွင်း လွန်စွာ တိုးတက်ခဲ့သည်။
    တရားဝင် သတင်းရပ်ကွက်များ၏ အဆိုအရ တောင်အာရှ လွတ်လပ်သော ကုန်သွယ်ရေး၊ သဘောတူညီချက် SAFTA ၏ နောက်ဆက်တွဲအဖြစ် အိန္ဒိယနိုင်ငံသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံတို့အား အပြန်အလှန် ကုန်သွယ်ရေး အထူးအခွင့်အရေး ပေးအပ်ခဲ့ပြီး အကောက် အခွန်လွတ် အထူး ကုန်သွယ်ရေး အစီအစဉ် (DFTP) အရ အာရှ၊ ပစိဖိတ် ကုန်သွယ်ရေး သဘော တူညီချက် APTA ကိုလည်း လက်မှတ် ရေးထိုးခဲ့သည်ဟု သိရှိရသည်။
    ပြီးခဲ့သော ဘဏ္ဍာရေးနှစ်၏ ပထမနှစ်ဝက်တွင် အိန္ဒိယမှ ဘင်္ဂလားဒေ့ရှ်သို့ ပို့ကုန် တန်ဖိုးမှာ ရူပီ ၅၁၀၅.၈၁ သန်းနှင့် သွင်းကုန် တန်ဖိုး ရူပီ ၅၂၁.၇ သန်း ရှိခဲ့ပြီး ၂၀၀၈-၀၉ တစ်နှစ်လုံးတွင် ပို့ကုန် တန်ဖိုးမှာ ရူပီ ၁၁၃၁၇.၂၁ သန်းနှင့် သွင်းကုန်တန်ဖိုး ရူပီ ၁၄၁၈.၄၆ သန်း ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ကာလအတွင်း မြန်မာနိုင်ငံသို့ ပို့ကုန်တန်ဖိုးမှာ ရူပီ ၄၅၈.၀၅ သန်းနှင့် သွင်းကုန်တန်ဖိုး ရူပီ ၂၈၇၂.၀၂ သန်း ရှိခဲ့ကြောင်း အစိုးရ အရာရှိများက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.


News.yahoo.com, 21st April 2010
    တရုတ် စီးပွားရေး ပြန်လည်၍ လျှင်မြန်စွာ ကြီးထွားလာမှုကြောင့် တရုတ်နိုင်ငံ၏ ရေနံ လိုအပ်ချက်မှာ မတ်လအတွင်း ၁၂.၈ % မြင့်တက်လာခဲ့ပြီး သန့်စင် ချက်လုပ်နိုင်မှု ပမာဏလည်း မြင့်မားလာခဲ့သည်ဟု အင်္ဂါနေ့ သတင်းများအရ သိရှိရသည်။
    လွန်ခဲ့သောနှစ် မတ်လကထက် သိသိသာသာ မြင့်မားသော ရေနံ လိုအပ်ချက်မှာ တစ်နေ့လျှင် စည်ပေါင်း ၈.၁၂ သန်းထိ ရောက်ရှိလာသည်ဟု Mc Graw.Hill Cos ၏ စွမ်းအင် သတင်းဌာနခွဲ Platts မှ ထုတ်ပြန်သော တရားဝင် အချက်အလက် သတင်းများအရ သိရှိရသည်။
    ယခုလသည် တရုတ်နိုင်ငံ၏ ရေနံ လိုအပ်ချက် ၂ ဆ မြင့်တက်လာသော ကာလ၏ ၇ လမြောက်ပင် ဖြစ်သည်။ သို့ရာတွင် ဖေဖော်ဝါရီလက လိုအပ်ချက်ဖြစ်သော တစ်နေ့လျှင် စည်ပေါင်း ၈.၅ သန်းမှ အချိန်တိုအတွင်း ယခုကဲ့သို့ မြင့်တက်လာခြင်း ဖြစ်သည်။
    Sinopec ၊ Petro China ၊ China National Offshore Oil Corp စသော နိုင်ငံပိုင် စွမ်းအင် ဘီလူးကြီးများ၏ ထုတ်လုပ်မှု စွမ်းအားသစ်များကြောင့် လိုအပ်ချက် မြင့်မားလာမှုကို ကူညီ ဖြည့်ဆည်းနိုင် ခဲ့သည်ဟု Platts သတင်း အချက်အလက် ဌာနက ဆိုသည်။
    ယခုနှစ် ပထမ ၄ လပတ်တွင်း ပြည်တွင်း အသားတင် ထုတ်လုပ်မှု GDP ၁၁.၉ % သို့ ရောက်ရှိခဲ့သည့် တရုတ်စီးပွားရေး ပြန်လည် သန်စွမ်းလာမှုကြောင့် ယခုကဲ့သို့ လိုအပ်ချက် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကာလအတွင်း စက်မှုကဏ္ဍ ထုတ်လုပ်မှုနှင့် လောင်စာဆီ လိုအပ်ချက်မှာ အပြိုင် မြင့်တက်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.


နိဒါန်း
လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် တိုက်ခိုက်ခဲ့သော နာဂစ်မုန်တိုင်းသည် လူပေါင်း ၁၃၈၀၀၀ သေဆုံးစေခဲ့ပြီး အနည်းဆုံး ၂ ဒဿမ ၄ သန်းခန့်၏ လူမှုဘဝကို ဆိုးဆိုးရွားရွား ထိခိုက် နစ်နာစေခဲ့သည်။ မြန်မာစစ်အစိုးရဖြစ်သော နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကောင်စီ (SPDC) က နာဂစ် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ပေးမည့် Emergency Assistance Teams-Burma (EAT) ကဲ့သို့သော လူထု အခြေပြု အသင်းအဖွဲ့များနှင့် နိုင်ငံတကာ အကူအညီများကို ဝင်ရောက်ခွင့်၊ လုပ်ကိုင်ခွင့် မပြုခဲ့ပေ။ နာဂစ် ဆိုက်ကလုန်း ထိသော ဒေသများရှိ လူ့အခွင့်အရေး အခြေအနေများကို လွတ်လပ်စွာ အကဲခတ် စောင့်ကြည့်ရန် လိုအပ်သည် ဟူသည်ကို နားလည် သဘောပေါက်ခြင်းကြောင့် တစ်ကြောင်း၊ မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းများနှင့် သက်ဆိုင်သော သတင်း ပေးပို့ချက်များကို ဆင်ဆာဖြတ်မှုများ ရှိနေသည်က တစ်ကြောင်း EAT အဖွဲ့အနေဖြင့် နာဂစ် အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာများကို မှတ်တမ်းတင် ဖြစ်ခဲ့သည်။
လုပ်ထုံးများ
လူ့အခွင့်အရေး ဆိုင်ရာ စုံစမ်း ဖော်ထုတ်မှုများ ပြုလုပ်ရာတွင် နာဂစ်မုန်တိုင်း သင့်သော ဒေသများတွင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိသော စေတနာ့ ဝန်ထမ်းများ လက်ခံ ရရှိခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကို ကြည့်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ EAT သည် အများ ပါဝင် ပူးပေါင်း လုပ်ကိုင်နိုင်သော သုတေသန လုပ်ထုံးများနှင့် တွေ့ဆုံ မေးမြန်းမှုများကို ကျင့်သုံးခဲ့သည်။
တွေ့ဆုံ မေးမြန်းခဲ့သည့် ကာလမှာ ၂၀၀၈ ခုနှစ် သြဂုတ်လမှ ၂၀၀၉ ခုနှစ် ဇွန်လအထိ ဖြစ်ပြီး ကယ်ဆယ်ရေး လုပ်သား ၄၂ ဦးနှင့် နာဂစ်တွင် အသက်ရှင် ကျန်ရစ်သူ ၆၁ ဦးတို့ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ရလဒ်များ
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး တစ်နှစ်တာ ကာလအထိ အသက်ရှင် ကျန်ရစ်သူများစွာ အတွက် အခြေခံ လိုအပ်ချက်များ ဖြစ်သော အစားအသောက်၊ တစ်နိုင်တပိုင် သောက်သုံးရေနှင့် ခိုလှုံ နေထိုင်စရာများ လုံလောက် မျှတစွာ မရရှိခဲ့ပေ။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရေး အတွက် အကူအညီများ လျော့နည်းခြင်း၊ အိမ်ထောင်စု ကြွေးမြီများ မြင့်တက်ခြင်း တို့ကြောင့်လည်း အခြေအနေမှာ ပိုမို ဆိုးရွားခဲ့သည်ကို တွေ့ရသည်။ ဤသို့သော အခြေအနေ များကြောင့် နာဂစ်တွင် အသက်ရှင် ကျန်ရစ်သူများ အနေဖြင့် ကျန်းမာရေး ကုသမှု ခံယူနိုင်ခြင်း မရှိခဲ့ပေ။
အကူအညီများ ရောက်ရှိရေးအတွက် ကြိုးပမ်းချက်များမှာ စစ်အစိုးရ၏ ကန့်သတ် ပိတ်ပင် တားမြစ်မှုများနှင့် ရင်ဆိုင်ခဲ့ရသလို ကယ်ဆယ်ရေး လုပ်သားများမှာလည်း ဖမ်းဆီး ထိန်းသိမ်းခံရမှု ဟူသော ထိတ်လန့်မှုများ၊ ခြိမ်းခြောက်မှုများကို တွေ့ကြုံ ခံစားခဲ့ကြရသည်။ မြေယာများ ပြည်သူပိုင် သိမ်းခြင်း၊ အကူအညီ အထောက်အပံ့များ အချိုးတကျ မရရှိမှု အစရှိသော အလွဲ သုံးစားမှုများသည် ပြန်လည် ထူထောင်ရေး ကာလတွင် ဖြစ်ပေါ်ခဲ့သည်။ သတင်း အချက်များ ဖလှယ်ခြင်း၊ အပြန်အလှန် ဆက်သွယ်မှုများ ပြုလုပ်ခြင်း စသည်တို့ကို အစိုးရက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခဲ့သည်ကို တွေ့ရသည်။
နိဂုံး
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် တစ်နှစ်ခန့် ကြာသည်အထိ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် အသက်ရှင် ကျန်ရစ်သူများမှာ အခြေခံ လိုအပ်ချက်များ မရရှိနိုင်ဘဲ ရှိခဲ့သည်။ အသက်ရှင် ကျန်ရစ်သူများ အတွက် ပေးပို့သည့် အကူအညီ အထောက်အပံ့များကို တရားဝင် ပိတ်ပင် ဟန့်တားမှုများ ရှိခဲ့သည်ကို တွေ့ရသလို ပြန်လည် ထူထောင်ရေး ကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည်ကို တွေ့ရသည်။ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီနှင့် တွဲဖက် အကောင်အထည် ဖော်သော လုပ်ဆောင်ချက်များကို ထုတ်ဖော်နိုင်ခဲ့ခြင်း မရှိပေ။
ပုဂ္ဂလိကနှင့် EAT ကဲ့သို့သော လူထု အခြေပြု အဖွဲ့အစည်းများ အနေဖြင့် နာဂစ် ဆိုက်ကလုန်းနှင့် ပတ်သက်ပြီး လူသားချင်း စာနာထောက်ထားသော ဆောင်ရွက်ချက်များ၊ လူ့အခွင့်အရေး အခြေအနေများ အပေါ် လွတ်လပ်စွာ လေ့လာ အကဲဖြတ်နိုင်ခဲ့ကြသည်။ ဤသို့သော သဘာဝ ဘေးအန္တရာယ် ဆိုးကြီးများကို တုံ့ပြန် ဆောင်ရွက်ချက်များကို မဖြစ်မနေ အားပေး အားမြှောက် ပြုလုပ်ရမည်သာ ဖြစ်သည်။ အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သတင်း လွတ်လပ်ခွင့် ကင်းမဲ့သော နေရာ ဒေသများတွင် ယင်းသို့သော လူ့အခွင့်အရေး စောင့်ကြည့် အကဲဖြတ်မှုများ မဖြစ်မနေ ရှိသင့်ကြောင်း ထုတ်ဖော်လိုခြင်း ဖြစ်သည်။
EAT ၏ ထုတ်ပြန်ချက်ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်သော အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ ပြတ်သားမှု မရှိဘဲ ပြီးဆုံးသွားခဲ့သည်မှာ ကံဆိုးမိုးမှောင်ကျမှု တစ်ခုဟု ဆိုရပေမည်။

မြန်မာနိုင်ငံတွင် ယခုနှစ်တွင်း ကျင်းပရန်ရှိသည့် ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင် ကိုးနိုင်ငံက တိကျပြတ်သားသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ခြင်း မရှိပေ။ ယုံကြည်စိတ်ချရသော၊ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတစ်ရပ် ဖြစ်ပေါ်လာရေး အတွက်လည်း စွမ်းဆောင်နိုင်ခြင်း မရှိပေ။

ဆယ်စုနှစ် နှစ်ခုကျော်ကြာ တိုင်းပြည်အာဏာကို ဆုပ်ကိုင်ကာ ထင်ရာစိုင်းလျက်ရှိသော မြန်မာစစ်အစိုးရကို အာဆီယံအဖွဲ့က အပြုသဘောဆောင်သည့် မူဝါဒဖြင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အဖြေမပေါ်ခဲ့သောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြစ်တင်ဝေဖန်မှုများ ခံနေရသည်။ သို့သော် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး စသည်တို့နှင့် ပတ်သက်၍ 'အာဆီယံချာတာ' ထွက်ပေါ်ခဲ့သည်။ သို့အတွက်ကြောင့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့် လုပ်ကိုင်ဖြေရှင်း လာနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။ မြန်မာ နိုင်ငံသည်လည်း ထိုအချိန်မှစကာ ထူးခြားသယောင် ရှိခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ကျင်းပပြုလုပ်သည့် ၁၆ ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် " မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် ဖြစ်ပေါ်ဖို့ လိုအပ်ပါတယ်။ ဒါမှ မြန်မာနိုင်ငံဟာ တည်ငြိမ်ပြီး တိုးတက် ဖြစ်ထွန်းလာမှာပါ" ဟု အာဆီယံ ဥက္ကဋ္ဌက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲတွင် အတိုက်အခံများ၊ တိုင်းရင်းသားလူနည်းစုများ နှင့်နိုင်ငံရေး သမားများ အားလုံးပါဝင်နိုင်ရန်လည်း အရေးကြီးသည်ဟု ကြေညာချက်က ဆိုသည်။ "သို့ပါမှ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဟူသော ပန်းတိုင်ကို ရောက်ရှိနိုင်မှာပါ၊ ထိုမျှမကသေးပါ၊တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အကောင်အထည် ဖော်နိုင်မည် ဖြစ်သည်" ဟု ထိပ်သီးဆွေးနွေးပွဲအပြီးတွင် အာဆီယံဥက္ကဋ္ဌ၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် ငုယင်တန်ဒွန်းက မီဒီယာများကို ပြောကြားသည်။

အာဆီယံ လုပ်ပေးနိုင်တာ ဤမျှလောက်ပဲလား။ IPS သတင်းဌာန၏ ထုတ်နုတ် တင်ပြချက်အရ အာဆီယံဥက္ကဋ္ဌသည် ရန်ကုန်မြို့၊ အင်းလျားကန်ကို ရေကူးဖြတ်ကျော်ပြီး နေအိမ် အတွင်းသို့ တိတ်တဆိတ် ခိုးဝင်သော အမေရိကန် နိုင်ငံသားတစ်ဦးကြောင့် ဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုဗယ်ငြိမ်းချမ်းရေးဆုရှင်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူမ၏ အမျိုးသားဒီမိုကရေစီပါတီ (NLD) အကြောင်းကို စိုးစဉ်းမျှ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိသလို ရွေးကောက်ပွဲကို NLD သပိတ်မှောက် ခဲ့သည့် ကိစ္စကိုလည်း ထည့်သွင်း ပြောဆိုမှုမပြုပေ။

ထိုသို့ဖြင့် နောက်ဆုံးတွင် ဟနွိုင်း ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံ အထွေထွေအတွင်းရေးမှူး ဆူရင်ပစ်ဆာဝမ်၏ စကားတစ်ခွန်းဖြင့် အဆုံးသတ်ခဲ့ရလေသည်။ မစ္စတာ ဆူရင်ပစ်ဆာဝမ်၏ စကားမှာ ဤသို့ဖြစ်၏။ "မြန်မာနိုင်ငံအရေးကိစ္စမှာ ကျွန်တော်တို့အနေနဲ့ စိတ်ရှည်ရှည် ထားရုံသာရှိပါတယ်"။  ဟူ၍ဖြစ်၏။

ကောင်းပါပြီ။ ဘယ်လောက်အတိုင်းအတာအထိ စိတ်ရှည်ရှည် ထားရမှာလဲ ဟု မေးရန်ရှိလာသည်။ မြန်မာပြည်သူများ စိတ်ရှည်သည်းခံ လာခဲ့ကြသည်မှာ ပြီးခဲ့သည့် ၁၉၉၀ ပြည့် နှစ်တွင် ကျင်းပပြုလုပ်ခဲ့သော ဒီမိုကရေစီ ရွေးကောက်ပွဲ ပြီးဆုံးချိန်ကတည်းက ဖြစ်သည်။ မြန်မာပြည်သူများသည် မိမိကို ဦးဆောင်အုပ်ချုပ်မည့် သူအား မဲပေးရွေးချယ် ခဲ့ကြသော်လည်း မိမိ ကြိုက်နှစ်သက်သော ခေါင်းဆောင်၏ အုပ်ချုပ်မည့် အခွင့်အရေးကို ဘယ်သောအခါကမျှမရရှိခဲ့ပေ။

နှစ်ပေါင်း ၂၀ ကျော်သာ ကြာမြင့်ခဲ့သည်။ ထို့ကြောင့် စိတ်ရှည်ရမည့် အချိန်မရှိတော့ဟုပင် ဆိုရပါမည်။ မြန်မာစစ်အစိုးရကို ဖိအားပေးမည့်သူ တစ်ဦးတလေမျှ အာဆီယံအဖွဲ့တွင် မရှိတော့ဘူးလား။ အမှန်တွင်ရှိပါသည်။ IPS ၏အဆိုအရ ထိုင်း၊ စင်ကာပူ နှင့် အင်ဒိုနီးရှားစသည့် နိုင်ငံများသည် မြန်မာစစ်အစိုးရကို တွန်းအားပေးသူများ ဖြစ်ကြသည်။  ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲသည် အများပျက်ရယ်ပြုစရာ ကိစ္စတစ်ခု မဖြစ်စေရန် တွန်းအားပေး ကြသူများ ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံရွေးကောက်ပွဲကြောင့် အာဆီယံ အရှက်တကွဲ ဖြစ်မည်ကိုလည်း စိုးရိမ်ကြသည်။ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Alberto Romulo ဆိုလျှင် မြန်မာ့အရေးနှင့် ပတ်သက်လာလျှင် ဒုတ်ထိုးအိုးပေါက် ဝေဖန်သူအဖြစ် သတ်မှတ်ခံရသည်။ မြန်မာနိုင်ငံ ရွေးကောက်ပွဲသည် အတုအယောင် ဇာတ်လမ်းတစ်ခုသာ ဖြစ်နိုင်ဖွယ်ရှိသည်ဟု ပင်၎င်းက
ပြောဆို ဝေဖန်ခဲ့သည်များ ရှိခဲ့ပါသည်။ ရွေးကောက်ပွဲတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်မှသာလွတ်လပ်ပြီးတရားမျှတမှုရှိမည်ဟု ပင် Alberto Romulo က ဒေါ်စုကြည်ကို အရေးကြီးသော ဖက်တာ (Factor) တစ်ခုအဖြစ် သတ်မှတ်ပြောဆို ခဲ့သေးသည်။

ဤသို့ အာဆီယံအတွင်း ဖိအားပေးမှု၊ တွန်းအားပေးမှုများ ရှိခဲ့သည် ဆိုသော်ငြားလည်း မြန်မာစစ်အစိုးရမှာမူ ပန်းပန်လျက် ရှိဆဲပင်ဖြစ်ပါသည်။ ၁၆ ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲတွင် အများထင်ထားသလို မဟုတ်ဘဲ မြန်မာစစ်အစိုးရမှာ ကံဇာတာ မြင့်တက်ခဲ့လိုက်သေးသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကို ဖိုးကပ်စ် လုပ်ကြမည်ဟု ခန့်မှန်းခဲ့ကြသည့်တိုင် ထိုင်းနိုင်ငံတွင်း နိုင်ငံရေး ယမ်းပုံမီးကျဖြစ်မှုက အဖွဲ့ဝင်နိုင်ငံများ၏ အာရုံကို လွှမ်းမိုးခဲ့သောကြောင့် ဖြစ်သည်။

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံတွင်းမှ ရောင်းရင်းညီအကိုများ အားလုံးအတွက် မျှော်လင့်ချက် ဟူသောအရာ (သို့မဟုတ်) အလှည့်အပြောင်းဖြစ်မည့် အချိန်ဟူသည်မှာ အနှေး နှင့်အမြန် ဆိုသလိုပင် ဆိုက်ရောက်လာမည် ဖြစ်ပါသည်။

စစ်မှန်သော အပြောင်းအလဲမှာ ငြိမ်းငြိမ်းချမ်းချမ်းပင် ရောက်လာမည်ဟု မျှော်လင့်ရသည်။ မြန်မာ့နိုင်ငံရေး ဇာတ်မျောကြီး (သို့မဟုတ်) စွန့်စားခန်းကြီးကို စွန့်စွန့်စားစား ရိုက်ကူးခဲ့သော သြစတြေးလျဂျာနယ်လစ်ကို ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးသလိုပင် "ကျုပ်တို့ရဲ့အချိန် ရောက်လာတော့မှာပါ" ဟု၍ပင်ဆိုရမည်။

Mirror သတင်းစာ၏ ခေါင်းကြီးပိုင်းကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By Wai Moe, 19th April 2010

ပြီးခဲ့သည့် စနေနေ့က မြစ်ဆုံ ရေလှောင်တမံ စီမံကိန်းတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက်၊ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) တာဝန်ရှိသူများသည် အစိုးရ တာဝန်ရှိသူများနှင့် တနင်္လာနေ့က မြစ်ကြီးနားတွင် တွေ့ဆုံခဲ့သည်။

KIO အနေဖြင့် လာမည့် ကြာသပတေးနေ့တွင် နယ်ခြားစောင့်တပ် ပြောင်းလဲရေး အတွက် အဖြေ ပေးရမည် ဖြစ်သည်။

KIO ဌာနချုပ် လိုင်ဇာမှ လာသော သတင်းများအရ KIO ဗဟို ကော်မတီဝင် KIA ဒုဦးစီးချုပ် ဗိုလ်မှူးချုပ် ဆွမ်လွတ်ဂမ်မော်သည် တနင်္ဂနွေနေ့က မြစ်ကြီးနားသို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။

ယခု အစည်းအဝေးသည် အရေးပေါ် အစည်းအဝေး ဖြစ်ကြောင်း KIO မှ ပုဂ္ဂိုလ် တစ်ဦးက ပြောသည်။ ၎င်းတို့သည် မြစ်ဆုံ ရေကာတာ စီမံကိန်း ဗုံးကွဲမှုနှင့် ပတ်သက်၍ ဆွေးနွေးလိမ့်မည်ဟု ယူဆရကြောင်း ဆိုသည်။

အဆိုပါ အစည်းအဝေးသို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းနှင့်အတူ ဆက်သွယ်ရေး ဝန်ကြီး၊ ကချင်ပြည်နယ် အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးအသင်း ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ဗိုလ်ချုပ် သိန်းဇော်လည်း တက်ရောက်ခဲ့သည်ဟု သိရှိရသည်။

မြစ်ကြီးနား အနီး မြစ်ဆုံဒေသတွင် တရုတ် အစိုးရက တည်ဆောက်လျက် ရှိသော မြစ်ဆုံ ရေလှောင်တမံ စီမံကိန်းတွင် စနေနေ့က ဗုံး ၂၆ လုံး ကွဲခဲ့ရာ ၁၂ လုံးမှာ ပေါက်ကွဲခြင်း မရှိကြောင်း ဒေသခံများထံမှ လာသော သတင်းများအရ သိရှိရသည်။

ချင်းမိုင်ရှိ ကချင် သတင်း အေဂျင်စီမှ လာသော သတင်းများအရ ဗုံးပေါက်ကွဲမှုအရ တရုတ် ပညာရှင် လေးဦး သေဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာ ရရှိကြောင်း ဆိုသည်။

ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူများနှင့် ဒေသခံများက ယင်းစီမံကိန်းသည် အဆိုပါ ဒေသရှိ လူများ၏ လူနေမှုဘဝ နှင့် ဧရာဝတီ မြစ်ကြီးနှင့် ပတ်သက်သော လူများ၊ ပတ်ဝန်းကျင်များကို ထိခိုက်မှု ရှိသည်ဟု ကန့်ကွက်ခဲ့ကြသည်။

အချို့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များက KIO ကို ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေး အမြင်အရ အပြစ်တင်ခဲ့ကြသည်ဟု ဆိုသည်။

"တချို့ အစိုးရ ပုဂ္ဂိုလ်တွေက ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး KIO ကို စွပ်စွဲလိုကြပါတယ်။ ဒါပေမယ့် ဒါက အဓိပ္ပါယ် မရှိပါဘူး။ KIO နဲ့ ပတ်သက်ခြင်း မရှိပါဘူး" ဟု လိုင်ဇာမှ လာသော သတင်း တစ်ရပ်က ဆိုသည်။ ယခု ဖြစ်ရပ်၏ နောက်ကွယ်တွင် KIO နှင့် တရုတ် အာဏာပိုင်များ ကြားတွင် ဆက်ဆံရေး ထိခိုက်အောင် ပြုလုပ်လိုသူများက လုပ်ဆောင်ဖွယ် ရှိကြောင်း အဆိုပါ သတင်းက ပြောသည်။

ယခု ဗုံးပေါက်ကွဲမှုများမှာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ ကြားတွင် နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေး ကိစ္စနှင့်ပတ်သက်၍ အခြေအနေများ တင်းမာနေချိန်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

စစ်ဖက်ရေးရာ လုံခြုံရေးဌာန အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် အပါအဝင် စစ်ဖက်မှ တာဝန်ရှိ ပုဂ္ဂိုလ်များက ဧပြီလ ၂၂ ရက်နေ့တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လိုက်နာရန် ပျက်ကွက်ပါက တရားဥပဒေအရ အရေးယူမှုများကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဆိုသည်။ အဆိုပါ ပြောဆိုချက်ကို အဓိပ္ပါယ် ဖွင့်ဆိုပါက ဧပြီလ ၂၈ ရက်ခန့်တွင် တရားမဝင် အဖွဲ့အစည်း အဖြစ် ကြေညာခြင်း ခံရနိုင်သည်ဟု ဆိုသည်။

တရုတ် - မြန်မာ နယ်စပ်မှ သတင်းတစ်ရပ်က ပြောကြားရာတွင် ပြီးခဲ့သည့် မတ်လကုန်နှင့် ဧပြီလဆန်းက မြန်မာ စစ်တပ် အာဏာပိုင်များသည် KIO၊ UWSA နှင့် NDAA တပ်များနှင့် တွေ့ဆုံရာတွင် လေသံ တင်းမာခဲ့သည်ဟု ဆိုသည်။

ယခု မြစ်ကြီးနား၌ တွေ့ဆုံရာတွင် ကချင် ကိုယ်စားလှယ် အဖွဲ့အနေဖြင့် နယ်ခြားစောင့်တပ် ကိစ္စကိုလည်း ဆွေးနွေးလိမ့်မည်ဟု မျှော်လင့်နေကြသည်။

"အခုအထိတော့ KIO ဟာ ရပ်တည်ချက် မပြောင်းပါဘူး။ ပင်လုံ သဘောတူညီချက် အရ ပြည်ထောင်စု ကာကွယ်ရေး အင်အားစု ခံယူချက်ကိုပဲ ထောက်ခံပါတယ်" ဟု KIO သတင်း တစ်ရပ်က ပြောသည်။ အဆိုပါ ပြောဆိုမှုသည် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အရ ကချင်နှင့် အခြား တိုင်းရင်းသား အဖွဲ့များသည် မိမိတို့ ဒေသနှင့် နယ်စပ် ဒေသများတွင် အပြည့်အဝ အုပ်ချုပ်ခွင့် ရရှိမည် ဟူသော အချက်ကို ရည်ညွှန်းခြင်း ဖြစ်ပေသည်။

တချိန်တည်းတွင် ပြီးခဲ့သည့် ကြာသပတေးနေ့က ရန်ကုန်တွင် သင်္ကြန်ပွဲ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ရှစ်ဦး သေဆုံးပြီး၊ ၁၇၀ ဦး ဒဏ်ရာ ရရှိကြောင်း နိုင်ငံပိုင် သတင်းစာများက ဖော်ပြသည်။ ထိုနေ့တွင်ပင် တရုတ် - မြန်မာ အဓိက နယ်စပ်ဂိတ် မူဆယ်ရှိ ၁၀၅ မိုင် ဂိတ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

မူဆယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း မူဆယ်နှင့် လိုင်ဇာရှိ တရုတ် - မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ ပုံမှန် ဖြစ်ကြောင်း ဧရာဝတီမှ လုပ်ငန်းရှင် တစ်ဦးအား ဆက်သွယ် မေးမြန်းချက် အရ သိရှိရသည်။

ထိုင်းမြန်မာ နယ်စပ်တွင် အခြေစိုက်သော အပစ်အခတ် ရပ်စဲထားသော မွန်ပြည်သစ် ပါတီသည် ကြာသပတေးနေ့တွင် မော်လမြိုင်၌ မြန်မာ စစ်တပ် အာဏာပိုင်များနှင့် တွေ့ဆုံမည် ဖြစ်ပြီး၊ DKBA သည် နယ်ခြားစောင့်တပ် ကိစ္စနှင့် ပတ်သက်၍ စနေနေ့တွင် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

IPS News, By Larry Jagan, 10th April 2010

အရှေ့တောင် အာရှ ခေါင်းဆောင်များသည် လတ်တလော ပြီးစီးသွားသော ၎င်းတို့၏ နှစ်လည် ညီလာခံတွင် မြန်မာ အစိုးရကို ခပ်မာမာ တွန်းအားပေးခဲ့ခြင်း မရှိဘဲ လာမည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲများကို လက်ခံ ယုံကြည်စရာ ကောင်းအောင် ကျင်းပစေရန် ပါးပါးနပ်နပ် ချည်းကပ်ကာ အသာအယာ တွန်းခြင်းဖြင့် ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

အဓိက အတိုက်အခံ NLD ပါတီက သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သော ရွေးကောက်ပွဲများ အပေါ် နိုင်ငံတကာက စိုးရိမ် ပူပန်နေချိန်တွင် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံက အထက်ပါ နည်းလမ်းဖြင့် ကိုင်တွယ်ရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

"အေးအေးဆေးဆေး ဆက်ဆံတာက ပိုပြီးတော့ ကောင်းပါတယ်" ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး နာတာလီဂါဝမ်က ဟနွိုင်း ညီလာခံ အဝန်းအဝိုင်းတွင် IPS သတင်းဌာနသို့  ပြောလိုက်ပြီး "ဖိအား ဝင်နေပုံ ရတဲ့သူတွေ မပါဘူးဆိုရင် ကျွန်တော်တို့ အနေနဲ့ သီးသန့် ပွင့်ပွင့်လင်းလင်း တွန်းအားပေး နိုင်ပါလိမ့်မယ်" ဟု ဆက်လက် ပြောကြားသည်။

ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲနှင့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက်တွင် နိုင်ငံရေး အပြောင်းအလဲ ပြုလုပ်ရေး တွန်းအားပေးရန် ကြိုးစားခဲ့သော ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဆူရာကတ် ဆာသီရာထိုင်း ကျင့်သုံးခဲ့သည့် ပေါ်ပေါ်ထင်ထင် ဝေဖန် ဆက်ဆံရေး မူဝါဒကို မြန်မာ အစိုးရက ကန့်ကွက်ခဲ့ဖူးသည်။

၂၀၀၄ အောက်တိုဘာတွင် ဗိုလ်ချုပ်ကြီး ခင်ညွန့် ဖယ်ရှားခံရပြီး နောက်ပိုင်း မြန်မာ အစိုးရက အာဆီယံ မဟာမိတ်များနှင့်ပင် နိုင်ငံရေး ဖြစ်ပေါ် ပြောင်းလဲမှုများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရန် လုံးဝ စိတ်မပါကြောင်း ပြသခဲ့သည်။

သို့ရာတွင် စစ်အစိုးရကို လူသိရှင်ကြား အဆက်မပြတ် ကာကွယ် ပေးခဲ့သော အာဆီယံ အဖွဲ့ကို ရွေးကောက်ပွဲဖြင့် စိတ်အနှောင့်အယှက် ပေးခြင်း မပြုရန် အာဆီယံ နိုင်ငံများ၊ အထူးသဖြင့် အင်ဒိုနီးရှား၊ စင်္ကာပူ၊ ထိုင်းနိုင်ငံတို့က အနည်းဆုံး တစ်ဦးခြင်း အနေဖြင့် မြန်မာ အစိုးရကို ဖိအားပေးရန် ရည်ရွယ်ထားကြသည်။

"နိုင်ငံတကာက လက်ခံနိုင်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပပါမယ်လို့ မြန်မာ အစိုးရက ကတိပေးထားတာကို ကျွန်တော်တို့ အဆက်မပြတ် သတိပေး သွားမှာပါ" ဟု နာတာလီဂါဝမ်က ပြောကြားခဲ့သည်။

အာဆီယံ နှစ်လည် ညီလာခံ၏ တရားမဝင် ဆွေးနွေးမှုနှင့် သီးသန့် ဆွေးနွေးမှုများတွင် မြန်မာနိုင်ငံ ကိစ္စကို ဦးစားပေး အစီအစဉ် အဖြစ် ထည့်သွင်းထားချိန်တွင် အာဆီယံ အဖွဲ့၏ တရားဝင် ကြေညာချက်၌ မြန်မာနိုင်ငံနှင့် ရွေးကောက်ပွဲကို ယာယီ ထုတ်ဖော် ရည်ညွှန်းမှုမျှသာ ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။ မဲရွေးပွဲများကို အောက်တိုဘာ (သို့) နိုဝင်ဘာတွင် ကျင်းပရန် မျှော်လင့်ထားကြသော်လည်း ကျင်းပမည့် ရက်ကို တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိသေးပါ။

မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည် ပေါင်းစည်းရေးနှင့် လွတ်လပ် မျှတ၍ တံခါးဖွင့် ကြိုဆိုသည့် ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးတို့၏ အရေးကြီးပုံကို မိမိတို့ အလေးအနက် ပြောကြားလိုကြောင်း၊ သို့မှသာ မြန်မာနိုင်ငံ၏ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုကို ရရှိနိုင်မည် ဖြစ်ကြောင်း ညီလာခံ အပြီး ထုတ်ပြန်သော အာဆီယံ ဥက္ကဌ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

"ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး ဒီမိုကရေစီ ပြည့်ဝသင့်ပါတယ်။ ဒါမှသာ နိုင်ငံရေး ပါတီ အားလုံး ပါဝင် ယှဉ်ပြိုင်မှုနဲ့အတူ စစ်မှန်တဲ့ အမျိုးသား ပြန်လည် ပေါင်းစည်းမှုကို ရနိုင်မှာပါ" ဟု ညီလာခံ သဘာပတိ အဖြစ် ဆောင်ရွက်သူ ဗီယက်နမ် ဝန်ကြီးချုပ် ငုရင်တန်ဒေါင်းက နောက်ဆုံး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ "ဒီအချက်တွေကသာ နိုင်ငံ တည်ငြိမ်မှုကို အထောက်အကူပြုမှာ ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးမှု အခြေခံ တွေကိုလည်း ဖန်တီးပေးပါလိမ့်မယ်" ဟု ၎င်းက ဆိုသည်။

ဆယ်စုနှစ် တစ်စု နီးပါး အတွင်း အပျော့ပြောင်းဆုံး ဖြစ်သော အာဆီယံ ကြေညာချက်တွင် NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဖော်ပြခြင်းကို ရှောင်ရှားထားသည်။ ညီလာခံသို့ လာရောက်နိုင်ခဲ့ခြင်း မရှိသည့် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗား အား ဝိုင်းပတ်နေသည့် နိုင်ငံရေး ပြဿနာများက လတ်တလော ဖြစ်ရပ်များကို လောင်းရိပ်မိုးနေခြင်းကြောင့် မြန်မာနိုင်ငံသည် ယခု တစ်ကြိမ်တွင်လည်း အပြစ်တင်ခံရမည့် အရေးမှ ကံကောင်း ထောက်မစွာ ဘေးမသီ ရန်မခ လွတ်မြောက် လာခဲ့ပြန်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံအား ဖြစ်နိုင်သမျှ အပျော့ပြောင်းဆုံး သတ်မှတ် ရည်ညွှန်းရန် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသော ဗီယက်နမ်တို့ အတွက် ယခု ညီလာခံက စိတ်သက်သာရာ ရစေခဲ့သည်ဟု ညီလာခံသို့ တက်ရောက်ခဲ့သော အမည် မဖော်လိုသည့် သံတမန်များ၏ အဆိုအရ သိရှိရသည်။

"ဗီယက်နမ်က နိုင်ငံရေးကို စိတ်မဝင်စားပါဘူး။ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်း အဖြစ် တည့်တည့်ပဲ မြင်ကြတာပါ" ဟု ဗီယက်နမ် သတင်းထောက် တစ်ဦးက ပြောကြားသည်။ ဟနွိုင်းနှင့် မော်လမြိုင် အကြား အသစ် ဖွင့်လှစ်လိုက်သော လေကြောင်းလိုင်းက ဤအချက်ကို ပြသနေသည်။

ညီလာခံ မတိုင်မီ ဗီယက်နမ် ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ခေတ္တ သွားရောက်ခဲ့ခြင်းမှာ မတော်တဆ တိုက်ဆိုင်မှု ဟုတ်ပုံ မရပါ။ မြန်မာနိုင်ငံကို ၎င်း၏ အဓိက ထောက်ခံ အားပေးသူ ဘီဂျင်း ထံမှ ခွာထုတ်ရန် စည်းရုံးရေးကို ဟနွိုင်းက အထူးပင် စိတ်ဝင်စားနေပြီး မြန်မာ ခေါင်းဆောင်များကို ဝါရှင်တန်နှင့် ညှိနှိုင်း ဆွေးနွေးရန် အကြံပေးလျက် ရှိသည်။

အရေးကြီးသည့် လမ်းဆုံလမ်းခွ၌ ရောက်ရှိနေသော မြန်မာနိုင်ငံကို အင်ဒိုနီးရှားက အကူအညီနှင့် အတွေ့အကြုံများ မျှဝေရန် ကမ်းလှမ်းထားသည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး နာတာလီဂါဝမ်က ပြောကြားခဲ့သည်။ ၁၉၉၈ တွင် အာဏာရှင် ဆူဟာတို ပြုတ်ကျပြီး နောက်ပိုင်း ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းခဲ့ခြင်းကို ရည်ညွှန်းကာ နာတာလီဂါဝမ်က "အင်ဒိုနီးရှား ကိုယ်၌က အခုလို အကျပ်အတည်း ကာလက လွတ်မြောက်ကာစ ဖြစ်လို့ မြန်မာနိုင်ငံကို နားလည်စာနာ ပေးနိုင်ပါတယ်" ဟု ပြောကြားခဲ့သည်။

"ကျွန်တော်တို့ရဲ့ ၁၉၉၉ ခုနှစ် ပထမဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲတွေကလည်း ပြည့်စုံ မှန်ကန်မှု မရှိခဲ့ပါဘူး။ ကျွန်တော်တို့လည်း ပါလီမန်မှာ စစ်တပ် အတွက် နေရာတွေ ပေးခဲ့ရပါတယ်" ဟု ၎င်းက ပြန်ပြောင်း သုံးသပ်ပြသည်။ "ဒါပေမယ့် အဲဒီ အချိန်က စပြီး ရွေးကောက်ပွဲတိုင်းဟာ ပိုပိုပြီး ကောင်းမွန် ပြည့်စုံလာပါတယ်။ ဒီမိုကရေစီ ကူးပြောင်းရေးဟာ လုပ်ငန်းစဉ် တစ်ခုပါ။ ဒါ့ကြောင့် မြန်မာနိုင်ငံ အခု လုပ်နေတာတွေဟာ ဒီရွေးကောက်ပွဲတွေနဲ့ အတူ ဒီမိုကရေစီ ခရီးရှည်ကို စတင် ချီတက်လိုက်တာပါပဲ" ဟု ၎င်းက အားပေး တိုက်တွန်းသည်။

စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး George Yeo ကမူ ညီလာခံတွင် သတင်းထောက်များအား ပြောကြားရာ၌ "လာမယ့်လတွေက မြန်မာနိုင်ငံ အတွက် အရေးကြီးတဲ့ ကာလ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ မြန်မာနိုင်ငံ ဘာဖြစ်မလဲ ဆိုတာကို မြန်မာ ပြည်သူတွေကသာ ဆုံးဖြတ်ရမှာပါ။ ကျွန်တော်တို့က အပြင်လူတွေပါ။ အမြန်ဆုံး တိုးတက် ပြောင်းလဲအောင် လုပ်ဆောင် ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဆိုခဲ့သည်။

"စစ်မှန်တဲ့ အမျိုးသား ပြန်လည် ပေါင်းစည်းမှု ရရှိဖို့ နည်းလမ်းကို အခု ရွေးကောက်ပွဲတွေက ဖြည့်ဆည်းပေးလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟု ပြောကြားသူမှာ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ် ဖြစ်ပြီး ၎င်းက ဆက်လက်၍ "အကူအညီ၊ အထောက်အပံ့တွေ ကမ်းလှမ်းဖို့ ကျွန်တော်တို့ အဆင်သင့်ပါပဲ" ဟု ပြောကြားလိုက်သည်။

နိုင်ငံတကာ အကဲခတ်များနှင့် လေ့လာသူများ၏ အကြံဥာဏ်ကို မြန်မာ အစိုးရက ရှောင်ရှားခဲ့သည့် ဤကိစ္စနှင့် ပတ်သက်၍ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး နာတာလီဂါဝမ်က "အထင်ရှားဆုံး သက်သေ သာဓက ပြရရင် အင်ဒိုနီးရှားရဲ့ ၁၉၉၉ ရွေးကောက်ပွဲဟာ နိုင်ငံခြား မိတ်ဆွေတွေရဲ့ အတွေ့အကြုံတွေကို ရယူခဲ့မယ် ဆိုရင် အပြစ် အနာအဆာ ပိုကင်းခဲ့မှာပါ" ဟု IPS သို့ ပြောကြားခဲ့သည်။

၁၉၉၉ ခုနှစ် ဆူဟာတို ခေတ်လွန် ပထမဆုံး ရွေးကောက်ပွဲကို အကဲခတ်မည့် စောင့်ကြည့် လေ့လာသူများကို အင်ဒိုနီးရှားက ခွင့်ပြုခဲ့သည်။ "ဒါပေမယ့် စောင့်ကြည့် လေ့လာသူတွေ၊ အကဲခတ်သမားတွေကို အသုံးပြုဖို့ ကျွန်တော်တို့ ရှောင်ရှားခဲ့သင့်တယ်။ ရွေးကောက်ပွဲ အတွေ့အကြုံ ရှိတဲ့သူ တစ်ဦးတစ်ယောက်ရဲ့ အကြံဥာဏ်ကသာ ပိုပြီးတော့ အသုံးဝင်ပါတယ်" ဟု ၎င်းက မှတ်ချက်ပေးသည်။

သို့ရာတွင် အာဆီယံ ခေါင်းဆောင်များက ၎င်းတို့ အနေဖြင့် မြန်မာ အစိုးရ အပေါ် အနည်းငယ်မျှသာ လွှမ်းမိုးနိုင်မည် ဆိုသည်ကို ကောင်းစွာ သဘောပေါက်ကြသည်။ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး George Yeo က "ကျွန်တော်တို့က မြန်မာနိုင်ငံကို အရေးယူနိုင်တဲ့ အနေအထားမှာ မရှိပါဘူး။ တကယ်လို့ တရုတ်နဲ့ အိန္ဒိယက မြန်မာနဲ့ ဆွေးနွေး ညှိနှိုင်းနေတုန်းပဲ ဆိုရင် ကျွန်တော်တို့ကလည်း ဆွေးနွေးရုံပဲပေါ့" ဟု ပွင့်လင်းစွာ ပြောကြားခဲ့သည်။

သို့သော်လည်း မြန်မာ အစိုးရ၏ ပွင့်လင်းရန် မလိုလားမှုကို အာဆီယံ ခေါင်းဆောင်များ စိတ်ပျက် ပင်ပန်းနေကြပြီ ဖြစ်သည်။ "ကျွန်တော်တို့ကို ဗိုလ်ချုပ်ကြီး သိန်းစိန် ပြောသမျှကတော့ ရွေးကောက်ပွဲတွေကို ဒီနှစ် ကျင်းပမှာပါ။ လုပ်ငန်းစဉ်ကို ထိန်းချုပ်မယ့် ရွေးကောက်ပွဲ ဥပဒေကိုလည်း ထုတ်ပြန် ပြီးပါပြီ။ နိုင်ငံရေး ပါတီတွေလည်း မှတ်ပုံတင် နေကြတယ်။ ဒါတွေပါပဲ" ဟု ဆူရင်က စိတ်ပျက် လက်ပျက် ပြောပြခဲ့သည်။

ရွေးကောက်ပွဲ ကော်မရှင်၏ ပြင်ဆင်မှုများ ပြီးစီးသွားပါက ရွေးကောက်ပွဲ ရက်ကို ကြေညာလိမ့်မည်ဟု ဆူရင်က ပြောကြားသည်။ "တခြား အသေးစိတ် အချက်အလက်တွေ ကျွန်တော်တို့ မသိရဘူး၊ မြန်မာနိုင်ငံ ကိစ္စကတော့ ကျွန်တော်တို့ စိတ်ရှည် သည်းခံဖို့ပဲ ရှိပါတယ်" ဟု ၎င်းက တွေးတွေးဆဆ ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.