နိဒါန်း
လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် တိုက်ခိုက်ခဲ့သော နာဂစ်မုန်တိုင်းသည် လူပေါင်း ၁၃၈၀၀၀ သေဆုံးစေခဲ့ပြီး အနည်းဆုံး ၂ ဒဿမ ၄ သန်းခန့်၏ လူမှုဘဝကို ဆိုးဆိုးရွားရွား ထိခိုက် နစ်နာစေခဲ့သည်။ မြန်မာစစ်အစိုးရဖြစ်သော နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကောင်စီ (SPDC) က နာဂစ် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ပေးမည့် Emergency Assistance Teams-Burma (EAT) ကဲ့သို့သော လူထု အခြေပြု အသင်းအဖွဲ့များနှင့် နိုင်ငံတကာ အကူအညီများကို ဝင်ရောက်ခွင့်၊ လုပ်ကိုင်ခွင့် မပြုခဲ့ပေ။ နာဂစ် ဆိုက်ကလုန်း ထိသော ဒေသများရှိ လူ့အခွင့်အရေး အခြေအနေများကို လွတ်လပ်စွာ အကဲခတ် စောင့်ကြည့်ရန် လိုအပ်သည် ဟူသည်ကို နားလည် သဘောပေါက်ခြင်းကြောင့် တစ်ကြောင်း၊ မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းများနှင့် သက်ဆိုင်သော သတင်း ပေးပို့ချက်များကို ဆင်ဆာဖြတ်မှုများ ရှိနေသည်က တစ်ကြောင်း EAT အဖွဲ့အနေဖြင့် နာဂစ် အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာများကို မှတ်တမ်းတင် ဖြစ်ခဲ့သည်။
လုပ်ထုံးများ
လူ့အခွင့်အရေး ဆိုင်ရာ စုံစမ်း ဖော်ထုတ်မှုများ ပြုလုပ်ရာတွင် နာဂစ်မုန်တိုင်း သင့်သော ဒေသများတွင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိသော စေတနာ့ ဝန်ထမ်းများ လက်ခံ ရရှိခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကို ကြည့်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ EAT သည် အများ ပါဝင် ပူးပေါင်း လုပ်ကိုင်နိုင်သော သုတေသန လုပ်ထုံးများနှင့် တွေ့ဆုံ မေးမြန်းမှုများကို ကျင့်သုံးခဲ့သည်။
တွေ့ဆုံ မေးမြန်းခဲ့သည့် ကာလမှာ ၂၀၀၈ ခုနှစ် သြဂုတ်လမှ ၂၀၀၉ ခုနှစ် ဇွန်လအထိ ဖြစ်ပြီး ကယ်ဆယ်ရေး လုပ်သား ၄၂ ဦးနှင့် နာဂစ်တွင် အသက်ရှင် ကျန်ရစ်သူ ၆၁ ဦးတို့ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ရလဒ်များ
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး တစ်နှစ်တာ ကာလအထိ အသက်ရှင် ကျန်ရစ်သူများစွာ အတွက် အခြေခံ လိုအပ်ချက်များ ဖြစ်သော အစားအသောက်၊ တစ်နိုင်တပိုင် သောက်သုံးရေနှင့် ခိုလှုံ နေထိုင်စရာများ လုံလောက် မျှတစွာ မရရှိခဲ့ပေ။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရေး အတွက် အကူအညီများ လျော့နည်းခြင်း၊ အိမ်ထောင်စု ကြွေးမြီများ မြင့်တက်ခြင်း တို့ကြောင့်လည်း အခြေအနေမှာ ပိုမို ဆိုးရွားခဲ့သည်ကို တွေ့ရသည်။ ဤသို့သော အခြေအနေ များကြောင့် နာဂစ်တွင် အသက်ရှင် ကျန်ရစ်သူများ အနေဖြင့် ကျန်းမာရေး ကုသမှု ခံယူနိုင်ခြင်း မရှိခဲ့ပေ။
အကူအညီများ ရောက်ရှိရေးအတွက် ကြိုးပမ်းချက်များမှာ စစ်အစိုးရ၏ ကန့်သတ် ပိတ်ပင် တားမြစ်မှုများနှင့် ရင်ဆိုင်ခဲ့ရသလို ကယ်ဆယ်ရေး လုပ်သားများမှာလည်း ဖမ်းဆီး ထိန်းသိမ်းခံရမှု ဟူသော ထိတ်လန့်မှုများ၊ ခြိမ်းခြောက်မှုများကို တွေ့ကြုံ ခံစားခဲ့ကြရသည်။ မြေယာများ ပြည်သူပိုင် သိမ်းခြင်း၊ အကူအညီ အထောက်အပံ့များ အချိုးတကျ မရရှိမှု အစရှိသော အလွဲ သုံးစားမှုများသည် ပြန်လည် ထူထောင်ရေး ကာလတွင် ဖြစ်ပေါ်ခဲ့သည်။ သတင်း အချက်များ ဖလှယ်ခြင်း၊ အပြန်အလှန် ဆက်သွယ်မှုများ ပြုလုပ်ခြင်း စသည်တို့ကို အစိုးရက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခဲ့သည်ကို တွေ့ရသည်။
နိဂုံး
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် တစ်နှစ်ခန့် ကြာသည်အထိ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် အသက်ရှင် ကျန်ရစ်သူများမှာ အခြေခံ လိုအပ်ချက်များ မရရှိနိုင်ဘဲ ရှိခဲ့သည်။ အသက်ရှင် ကျန်ရစ်သူများ အတွက် ပေးပို့သည့် အကူအညီ အထောက်အပံ့များကို တရားဝင် ပိတ်ပင် ဟန့်တားမှုများ ရှိခဲ့သည်ကို တွေ့ရသလို ပြန်လည် ထူထောင်ရေး ကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည်ကို တွေ့ရသည်။ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီနှင့် တွဲဖက် အကောင်အထည် ဖော်သော လုပ်ဆောင်ချက်များကို ထုတ်ဖော်နိုင်ခဲ့ခြင်း မရှိပေ။
ပုဂ္ဂလိကနှင့် EAT ကဲ့သို့သော လူထု အခြေပြု အဖွဲ့အစည်းများ အနေဖြင့် နာဂစ် ဆိုက်ကလုန်းနှင့် ပတ်သက်ပြီး လူသားချင်း စာနာထောက်ထားသော ဆောင်ရွက်ချက်များ၊ လူ့အခွင့်အရေး အခြေအနေများ အပေါ် လွတ်လပ်စွာ လေ့လာ အကဲဖြတ်နိုင်ခဲ့ကြသည်။ ဤသို့သော သဘာဝ ဘေးအန္တရာယ် ဆိုးကြီးများကို တုံ့ပြန် ဆောင်ရွက်ချက်များကို မဖြစ်မနေ အားပေး အားမြှောက် ပြုလုပ်ရမည်သာ ဖြစ်သည်။ အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ သတင်း လွတ်လပ်ခွင့် ကင်းမဲ့သော နေရာ ဒေသများတွင် ယင်းသို့သော လူ့အခွင့်အရေး စောင့်ကြည့် အကဲဖြတ်မှုများ မဖြစ်မနေ ရှိသင့်ကြောင်း ထုတ်ဖော်လိုခြင်း ဖြစ်သည်။
EAT ၏ ထုတ်ပြန်ချက်ကို ဘာသာပြန်ဆိုသည်။
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.