Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ-တရုတ် နယ်စပ်ဒေသအနီး သတ္တုတူးဖော်ရေး လုပ်ငန်းခွင်တစ်ခု၌ မြေပြိုမှု ဖြစ်ပွားရာတွင် သေဆုံး၊ ဒဏ်ရာရသူ တရုတ် အလုပ်သမားများအား ကယ်ဆယ်နိုင်ရေးအတွက် တရုတ်နိုင်ငံမှ ကယ်ဆယ်ရေး လုပ်သားများ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။

မေလ ၃ ရက်နေ့ နေ့လယ်ပိုင်းက တရုတ်နယ်စပ်မှ ၃ ကီလိုမီတာ (၁ ဒဿမ ၈ မိုင်) အကွာ မြန်မာနိုင်ငံရှိ သတ္တုတွင်းတစ်ခု တွင် မြေပြိုမှု ဖြစ်ပွားရာ တရုတ်နိုင်ငံသား မိုင်းတွင်းလုပ်သား ၁၃ ဦး သေဆုံးခဲ့ကြောင်း Xinhua သတင်းဌာနက ဆိုသည်။ ဒဏ်ရာရရှိသူ ကျန် ၅ ဦးကို ယူနန်ပြည်နယ်၊ Tengchong မြို့ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း၊ နှစ်ဦးမှာ ယနေ့အချိန်အထိ ပျောက်ဆုံး နေသေးကြောင်း သိရသည်။

တရုတ်သည် သဘာဝ သယံဇာတ ပေါကြွယ်ဝသူ မြန်မာနိုင်ငံ၏ အဓိကကျသော မိတ်ဆွေနိုင်ငံ ဖြစ်သည်။ တရုတ်နိုင်ငံမှ ဧရာမစီးပွားရေးသမားကြီးများသည် မြန်မာနိုင်ငံ နယ်စပ်ဒေသ အနီးရှိ သတ္တုတူးဖော်ရေး၊ သစ်ထုတ်လုပ်ရေး စသည့် လုပ်ငန်းများတွင် ကြီးစိုးလျက် ရှိသည်။ ယခု သတ္တုတွင်း မြေပြိုမှု ဖြစ်ပွားပြီးနောက် တရုတ်ပြည်မှ ကယ်ဆယ်ရေး လုပ်သား ၁၄၀ ကျော်နှင့် ကယ်ဆယ်ရေး စက်ယန္တရားကြီးများပါ အခင်းဖြစ်ပွားရာ နေရာသို့ ဝင်ရောက် လာကြကြောင်း၊ ပျောက်ဆုံး နေသူများကိုလည်း ရှာဖွေလျက် ရှိကြောင်း Xinhua က တရုတ် ကွန်မြူနစ် ပါတီဝင် တစ်ဦး၏ ပြောဆိုချက်ကို ကိုးကား ဖော်ပြသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင်း တည်ငြိမ် အေးချမ်းမှု ဖြစ်ထွန်းရေးကို လိုလိုလားလား ဖြစ်လျက် ရှိသည်။ အကြောင်းမှာ ကြီးထွားလာသော စီးပွားရေး လုပ်ငန်းများအတွက် လိုအပ်သော စွမ်းအင်ကို မြန်မာနိုင်ငံမှ ပိုက်လိုင်းဖြင့် သွယ်တန်းလျက် ရှိသောကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံ နယ်စပ်ဒေသ အတော်များများမှာ ဗဟိုအစိုးရထက် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ၏ ကိုယ်ပိုင် ထိန်းချုပ်မှု လက်အောက်တွင် ရှိသည်။ မြန်မာစစ်အစိုးရက တရုတ်နယ်စပ် အနီးရှိ ကိုးကန့်ဒေသ ပြဿနာကို ၂၀၀၉ ခုနှစ်အတွင်း စစ်အင်အားသုံးကာ ဖြေရှင်းခဲ့သောကြောင့် နယ်စပ်ဒေသများ တင်းမာမှုမှာ ယခင်ကထက် ပိုမို ကြီးထွားလျက် ရှိသည်။

NY Times မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အီရန်နိုင်ငံ၏ လိပ်ခဲတည်းလည်းဖြစ်နေသော နျူကလီယာ ပြဿနာနှင့် ပတ်သက်၍ တရုတ်နိုင်ငံ သမ္မတ ဟူဂျင်းတောင်က ယခု ရက်သတ္တပတ်တွင် မော်စကိုမြို့သို့ သွားရောက် လည်ပတ်ပြီး ရုရှား ခေါင်းဆောင်နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း တရုတ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ အရာရှိတစ်ဦးက ဆိုသည်။ ရုရှားနှင့် တရုတ် နှစ်နိုင်ငံတွင် အဆိုပါကိစ္စအပေါ် တူညီသော အမြင်များ ရှိသည်ဟုလည်း ဆိုသည်။

သမ္မတ ဟူဂျင်းတောင်သည် မေလ ၈ ရက်နှင့် ၉ ရက် မော်စကို ခရီးစဉ်အတွင်း ရုရှားသမ္မတ ဒီမစ်ထရီမီဒီဒက်၊ ဝန်ကြီးချုပ် ဗလာဒီမာပူတင်တို့နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း၊ တရုတ် သမ္မတသည် ဒုတိယ ကမ္ဘာစစ် အဆုံးသတ်ခြင်း ၆၅ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"အီရန် နျူကလီယာ အရေးကိစ္စ အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်း အကျိုးစီးပွား ကိစ္စတွေ အပေါ် နှစ်နိုင်ငံ ခေါင်းဆောင်တွေ အမြင်ချင်း ဖလှယ်ကြမှာ ဖြစ်ပါတယ်" ဟု တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Cheng Guoping က သတင်းစာ ဆရာများကို ပြောကြားသည်။

"တရုတ်နဲ့ ရုရှားနှစ်နိုင်ငံဟာ အီရန်နျူကလီယာ ပြဿနာအပေါ် တူညီတဲ့ အမြင်တွေ ရှိကြပါတယ်" ဟု ၎င်းက ပြောကြားသည်။

အီရန်သည် ပေါင်းသင်းရန် ခက်ခဲသော မဟာမိတ်နိုင်ငံ ဖြစ်ပြီး အီရန်နိုင်ငံက ခုခံ ပြောဆိုနေသည့် နျူကလီယာ အစီအစဉ်များနှင့် ပတ်သက်၍ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ရမည် ဟူသော သတိပေးချက်များမှာ ပယ်ဖျက်၍ မရနိုင်သော ကိစ္စ ဖြစ်လာနိုင်ဖွယ် ရှိကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov က ဧပြီလ ကုန်ပိုင်းတွင် ပြောကြားသည်။

အီရန်သည် လက်နက် တပ်ဆင် ထုတ်လုပ်မှုကို ဖုံးကွယ်နိုင်ရေးအတွက် အရပ်သုံး နျူကလီယာ စွမ်းအင် အစီအစဉ်ကို ထုတ်ပြောနေခြင်း ဖြစ်နိုင်သည်ဟု အမေရိကန် ပြည်ထောင်စု၊ ဥရောပနှင့် အခြားသော နိုင်ငံများက စိုးရိမ်လျက် ရှိပြီး အီရန်အပေါ် ပိတ်ဆို့ အရေးယူမှု ပြုလုပ်နိုင်မည့် နည်းလမ်းများလည်း ရှာဖွေလျက် ရှိသည်။ အီရန်အစိုးရက စွပ်စွဲ ပြောဆိုချက်များမှာ မဟုတ် မမှန်ကြောင်း ထပ်ခါတလဲလဲ ငြင်းဆိုလျက် ရှိသည်။

သို့သော် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ဗီတိုအာဏာ သုံးပိုင်ခွင့်ရှိသည့် နိုင်ငံတစ်ခု ဖြစ်သော တရုတ်ကမူ အီရန်အပေါ် ပိတ်ဆို့အရေးယူမည့် ကိစ္စအပေါ် အင်တင်တင် ဖြစ်နေသည့် သဘောတွင် ရှိသည်။ အကြောင်းမှာ အီရန်သည် တရုတ်နိုင်ငံ၏ စွမ်းအင် အခန်းကဏ္ဍ လည်ပတ်နိုင်ရေးအတွက် အရေးကြီးသော နိုင်ငံတစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။

တရုတ်ကဲ့သို့ပင် လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာ သုံးပိုင်ခွင့် ရှိသော ရုရှားနိုင်ငံ သမ္မတ ဒီမစ်ထရီ မီဒီဒက်ကလည်း အီရန်နိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများ ထပ်မံ မပြုလုပ်သင့်ကြောင်း၊ သို့သော် နျူကလီယာ အစီအစဉ်ကြောင့် လူပေါင်းများစွာ ထိခိုက် ဆုံးရှုံးမှုများ ဖြစ်ပေါ်အောင် မပြုလုပ်သင့်ကြောင်း ထပ်ခါတလဲလဲ ပြောဆိုထားသည်။

ယခု တရုတ်သမ္မတ ဟူဂျင်းတောင်၏ ရုရှား ခရီးစဉ်သည် အနာဂတ်ကာလ နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာရေးအတွက် အရေးကြီးသော ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း၊ တရုတ်-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးသည် လွန်ခဲ့သော ၆၅ နှစ်တာ ကာလအတွင်း ဂျာမနီနှင့် ဂျပန်တပ်ဖွဲ့များ အပေါ် အနိုင်ရရှိလိုက်သည့် အချိန်မှ စတင်ခဲ့ခြင်း ဖြစ်ကြောင်း တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။

"နှစ်ဖက်စလုံးကြားမှာ ရှိတဲ့ ခင်မင်ရင်းနှီးမှုဟာ ဖက်ဆစ်စနစ် ဆန့်ကျင် တိုက်ဖျက်ရေးမှာ ကျဆုံးခဲ့တဲ့ သွေးတွေနဲ့ တည်ဆောက်ထားတာပါ။ အဲဒါကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးဟာ အပြည့်အဝ တောင့်တင်း ခိုင်မာသလို ဘယ်တော့မှလည်း ပျက်ယွင်းသွားမှာ မဟုတ်ပါဘူး" ဟု ၎င်းက ဆိုသည်။

အီရန်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု အစီအမံသစ်များ ပြုလုပ်ပါက အမေရိကန် ပြည်ထောင်စုနှင့် သံတမန် ဆက်ဆံရေး တံခါးကို အပြီးသတ် ပိတ်ပင်မည် ဖြစ်ကြောင်း အီရန် သမ္မတ အာမက်ဒီနီဂျက်က သတိပေး ပြောဆိုမှု ထွက်ပေါ်လာပြီးနောက် ရုရှားနှင့်တရုတ် နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးမည့် ကိစ္စ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

"အီရန်နဲ့ အမေရိကန်ကြား တိုးတက်ဖြစ်ထွန်းမှု ရှိတဲ့ ဆက်ဆံရေးတွေ အားလုံးကို ပိတ်ပင် ဖြတ်တောက်ပစ်မှာပါ" ဟု အာမက်ဒီနီဂျက်က သတင်းထောက်များကို ပြောကြားသည်။ "တကယ်လို့ ပိတ်ဆို့ အရေးယူမှုသစ်တွေ ထပ်လုပ်မယ် ဆိုရင် အီရန်နဲ့ အမေရိကန် ဆက်ဆံရေးဟာ ယခင် အမေရိကန် သမ္မတ ဂျော့ဒဗလျူဘွတ်ရှ် လက်ထက်ကလို ထိပ်တိုက် ရင်ဆိုင်ရမယ့် ကိန်းမျိုး ပြန်ဆိုက်သွားမယ်။ အခု သမ္မတ အိုဘားမား ကြိုးစား ရှာဖွေနေတဲ့ စေ့စပ် ညှိနှိုင်းရေး ပုံမျိုးဖြစ်လာဖို့ မလွယ်ပါဘူး" ဟု ၎င်းက ဆိုသည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နာဂစ်မုန်တိုင်းတွင် အသက်ရှင် ကျန်ရစ်သော မြန်မာ ဒုက္ခသည်များ အနေဖြင့် ယခုနှစ် မုတ်သုန် ရာသီဥတုနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ နာဂစ် ဒုက္ခသည်များအတွက် ပေးအပ်မည်ဟု ကတိပြုထားသော ရန်ပုံငွေ စုစုပေါင်း၏ လေးပုံတစ်ပုံခန့်ကိုသာ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး လုပ်ငန်းစဉ်များ အတွက် အသုံးပြုထားသေးသည်။

အဆိုပါ နာဂစ် ဒုက္ခသည်များအတွက် ယခုနှစ်တွင်း အကူအညီနှင့် အထောက်အပံ့များ ပေးနိုင်ရန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ ဖြစ်သော Oxfam က ထပ်တိုး ရန်ပုံငွေ ချထားပေးရန် တောင်းဆိုလိုက်ကြောင်း သိရသည်။ ယခု ၂၀၁၀ ပြည့်နှစ်၊ မုတ်သုံ ရာသီဥတုသည် မကြာမီ ကာလအတွင်း ကျရောက်တော့မည် ဖြစ်ရာ နာဂစ် ဒုက္ခသည်များအတွက် ခိုလှုံ နေထိုင်စရာ ရရှိရေး၊ စိုက်ပျိုးရေး လုပ်ငန်းအတွက် အထောက်အကူ ပစ္စည်းများ ရရှိရေး ဟူသည် ယခုအခါ ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်နေကြောင်း Oxfam က ဆိုသည်။

"မြန်မာနိုင်ငံက နာဂစ် ဒုက္ခသည်တွေကို အကူအညီ ပေးလာတာ အခုဆိုရင် နှစ်နှစ်တာမျှ ရှိလာပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အကူအညီပေးရေး လုပ်ငန်းတွေ အတွက် နိုင်ငံတကာက ပေးမယ်လို့ ကတိပြုထားတဲ့ ရန်ပုံငွေရဲ့ လေးပုံတစ်ပုံသာ အသုံးပြုရပါသေးတယ်။ တကယ်လို့ ဒုက္ခသည် ပြည်သူတွေ အနေနဲ့ နေထိုင်စရာ အလုံအလောက် မရဘူးဆိုရင် ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ အောင်မြင်မှု ရှိတယ်လို့ မပြောနိုင်ပါဘူး။ သောက်သုံးရေ ရရှိရေး၊ ရေစနစ် ကောင်းမွန်ရေးနဲ့ လူမှုစီးပွား၊ အလုပ်အကိုင်ကောင်းတွေ ရရှိရေး တို့အတွက် ငွေကြေး ထောက်ပံ့မှုတွေ ထပ်မံ လိုအပ်နေပါတယ်။ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်း ကျရောက်ပြီး ဒုက္ခရောက်နေတဲ့ ပြည်သူတွေ၊
အပျက်အစီးတွေကို TV ကနေတစ်ဆင့် တွေ့ကြတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက ရက်ရက်ရောရောပဲ လှူဒါန်းခဲ့ကြပါတယ်။ အခု အချိန်မှာ ဂရုမစိုက်ဘဲ နေလို့ မသင့်တော်ပါဘူး" ဟု Oxfam မှ ပြောခွင့်ရ ပုဂ္ဂိုလ် Grace Ommer က ဆိုသည်။

မြန်မာအစိုးရ အပါအဝင် အာဆီယံ နိုင်ငံများနှင့် ကုလသမဂ္ဂတို့ ဖွဲ့စည်းထားသော သုံးဦး ကော်မတီ ပုံစံအဖွဲ့ ဖြစ်သည့် Tripartite Core Group က နာဂစ် ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ် များအတွက် ၂၀၀၉- ၂၀၁၁ နှစ်ကာလအတွင်း အမေရိကန် ဒေါ်လာ ၆၉၁ သန်းခန့် ပေးအပ်မည်ဟု သတ်မှတ်ခဲ့သော်လည်း ယခု  အချိန်အထိ ဒေါ်လာ သန်း ၁၈၀ သာ ရရှိသေးသည်။

Oxfam အဖွဲ့၏ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ တိုင်းစကွဲယား (Times Square) အား ဗုံးဖောက်ခွဲရန် ကြိုးပမ်း အားထုတ်သူဟု သံသယရှိခြင်း ခံရသူ ပါကစ္စတန်ဖွား အမေရိကန် နိုင်ငံသား တစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက JFK လေဆိပ်တွင် ဖမ်းဆီး ရမိလိုက်ကြောင်း သတင်းများက ဆိုသည်။

အဖမ်းခံရသူမှာ Faisal Shahzad (အသက်-၃၀ အရွယ်) ဆိုသူ ဖြစ်ပြီး ၎င်းသည် JFK လေဆိပ်မှ ဒူဘိုင်းနိုင်ငံသို့ ထွက်ပြေးရန် ကြိုးပမ်းစဉ် အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။ FBI ၏ အဆိုအရ မစ္စတာ Shahzad သည် ပါကစ္စတန် နိုင်ငံတွင် မွေးဖွားခဲ့ပြီး ၎င်းနှင့် ဆက်နွှယ်နေသော ပြည်ပ အကြမ်းဖက် အုပ်စုများကိုလည်း လိုက်လံ စုံစမ်းလျက် ရှိကြောင်း သိရသည်။ အမေရိကန် ရှေ့နေချုပ် Eric Holder က "မစ္စတာ Shahzad ဟာ JFK လေဆိပ်ကနေ ဒူဘိုင်းကို ထွက်ပြေးဖို့ လုပ်နေတာပါ။ သူ့ကို လေဆိပ်ကနေ အချုပ်ထဲကို တစ်ခါတည်း ခေါ်ဆောင်သွားပါတယ်" ဟု အရေးပေါ် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

အခြားသော သတင်း ပေးပို့ချက်များ အရ ဗုံးဖောက်ခွဲရန် ကြိုးပမ်းသူသည် Connecticut မြို့တွင် နေထိုင်ပြီး ပါကစ္စတန်နိုင်ငံသို့ ငါးလတာမျှ သွားရောက်ခဲ့ကာ မကြာသေးခင် ကာလက ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။ သူသည် ပါကစ္စတန်နိုင်ငံ၊ ပက်ရှ်ဝါသို့ သွားရောက် လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ ပက်ရှ်ဝါသည် အယ်လ်ကေးဒါးနှင့် တာလီဘန် အုပ်စုများ လူသစ် စုစည်းရာ မြို့တစ်မြို့လည်း ဖြစ်သည်။

"စုံစမ်း စစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။ ထောင့်ပေါင်းစုံကနေ လုပ်နေတာပါ။ ပြောရရင် ဒီကိစ္စက အင်မတန် ရက်စက် ကြမ်းကြုတ်တဲ့ ကိစ္စတစ်ခုပါ" ဟု မစ္စတာ Holder က ဆက်လက် ပြောဆိုသည်။

"ကျွန်တော်တို့ အသေးစိတ် ဆက်လုပ်မှာပါ။ ဘယ်လို လုပ်မလဲ ဆိုရင် တိုင်းစကွဲယား ဗုံးဖောက်ခွဲဖို့ ကြိုးပမ်းတဲ့ နေရာမှာ တာဝန်ရှိတဲ့သူကို စုံစမ်း ဖော်ထုတ်ရုံတင် မကပါဘူး။ ပြည်ပမှာ ရှိတဲ့ အကြမ်းဖက် အုပ်စုတွေကိုပါ ဖော်ထုတ်သွားမှာပါ။ ဒီကိစ္စကို ကြည့်ရင် အမေရိကန် ပြည်သူတွေကို သတ်ဖို့ ကြိုးပမ်းတယ်ဆိုတာ ရှင်းနေပါတယ်" ဟုလည်း ပြောကြားခဲ့သည်။

FBI နှင့် အခြားသော ဥပဒေရေးရာ အေဂျင်စီများက ပူးတွဲ ထုတ်ပြန်သော ကြေညာချက်အရ မစ္စတာ Shahzad အား အမေရိကန် ပြည်တွင်း လုံခြုံရေးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးဌာနတို့က မည်သူမည်ဝါ ဖြစ်သည်ဟု တွေ့ရှိခဲ့ကြောင်း၊ သူသည် ဒူဘိုင်းသို့ လေယာဉ်ဖြင့် သွားရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အမေရိကန် ထောက်လှမ်းရေး အရာရှိများသည် မေလ ၂ ရက်နေ့တွင် နယူးယောက်မြို့၊ တိုင်းစကွဲယား၌ မသင်္ကာဖွယ် Nissan Pathfinder အမျိုးအစား မော်တော်ယာဉ် တစ်စီးကို ရှာဖွေ တွေ့ရှိခဲ့ရာ မော်တော်ယာဉ်ပေါ်တွင် ပေါက်ကွဲစေနိုင်သည့် ဗုံးလက်နက်များ တွေ့ရှိခဲ့ကြသည်ဟု ABC သတင်းက ဆိုသည်။

အမေရိကန် အာဏာပိုင်များ၏ အဆိုအရ မစ္စတာ Shahzad သည် လွန်ခဲ့သည့် ရက်သတ္တပတ် (ဧပြီလ နောက်ဆုံးပတ်) လောက်က Nissan Pathfinder ကားတစ်စီးကို အမေရိကန်ဒေါ်လာ ၁၃၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မော်တော်ယာဉ် ဝယ်ယူရာတွင် Credit Card ကို အသုံးမပြုဘဲ ဒေါ်လာ ၁၀၀ တန် ငွေစက္ကူများဖြင့် လက်ငင်း ပေးချေခြဲ့ခင်း ဖြစ်သည်။

နယူးယောက်မြို့ ရဲတပ်ဖွဲ့မှ Commissioner ဖြစ်သူ Raymond Kelly က တိုင်းစကွဲယားတွင် မသင်္ကာဖွယ် လူနှစ်ဦးကို စီစီတီဗီ ကင်မရာဖြင့် မှတ်တမ်း တင်နိုင်ခဲ့သည်ဟု ဦးစွာ ထုတ်ဖော်သည်။ ထိုအထဲမှ တစ်ဦးမှာ အစိမ်းရောင် Nissan Pathfinder မော်တော်ကား အနီးမှ လမ်းလျှောက် ထွက်ခွာသွားပြီး ထိုသူ၏ အမူအယာမှာ ခိုးကြောင့်ခိုးဝှက် ပုံစံမျိုး ဖြစ်နေသည်ဟု ဆိုသည်။ မော်တော်ယာဉ်ကို တိုးရစ် အများအပြား စုဝေးသွားလာရာ နေရာတွင် ရပ်ထားခဲ့ခြင်း ဖြစ်သည်။ ရဲများက သွားရောက် စစ်ဆေးရာတွင် Nissan Pathfinder ယာဉ်ပေါ်တွင် အချိန်ကိုက် ကိရိယာများ၊ မီးလောင်ပစ္စည်းများ၊ ဓာတ်ဆီများ၊ ပရိုပိန်း ဓာတ်ငွေ့ဘူးများ ပါဝင်သည်ကို တွေ့ရှိခဲ့ကြသည်။

ယခုဖြစ်ရပ်သည် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုဌာနအား လေယာဉ်ပျံများဖြင့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြီးမားဆုံး အကြမ်းဖက်ရန် ကြိုးပမ်းမှု ဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ ၁၁ အကြမ်းဖက်မှုတွင် လူပေါင်း ၃၀၀၀ ခန့် သေဆုံးခဲ့ရသည်။

ယခု တိုင်းစကွဲယား အကြမ်းဖက် ဖောက်ခွဲရန် ကြိုးပမ်းမှုအတွက် တာဝန်ရှိသည့် အုပ်စုမှာ ပါကစ္စတန် လက်နက်ကိုင် အုပ်စုဖြစ်သော Tehreek-e-Taliban ဖြစ်သည်ဟု ဆိုသည်။ သို့သော် Bloomberg သတင်းဌာနက မဟုတ်မမှန်ကြောင်း ငြင်းဆိုသည်။

မည်သို့ဆိုစေ ပါကစ္စတန် တာလီဘန် ခေါင်းဆောင် Hakimullah Mehsud အမေရိကန် ပြည်ထောင်စု၏ အထင်ကရ မြို့ကြီးများကို ပစ်မှတ်ထား တိုက်ခိုက်သွားမည် ဟူသည့် သတိပေးချက် ပါသော ဗွီဒီယို မှတ်တမ်းခွေ တစ်ခု ထွက်ပေါ်ခဲသည်။ သို့သော် Hakimullah Mehsud မှာ လွန်ခဲ့သည့် လအနည်းငယ်က သေဆုံးသွားပြီဟုလည်း သိရသည်။

နောက်ထပ် ဖြစ်နိုင်ခြေ ရှိသော အချက်မှာ ဂျီဟတ်အုပ်စုများနှင့် ဆက်နွယ်သည် ဟူသော အချက်ပင် ဖြစ်သည်။ ၂၀၀၇ ခုနှစ် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ ဖျော်ဖြေရေး ရပ်ကွက်တစ်ခုတွင် မော်တော်ကားဗုံး ဖောက်ကွဲရန် ဂျီဟတ်အုပ်စုများက ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

၈၈ မင်းကိုနိုင် အုပ်စု၏ သဘောထား ကျေညာချက်

(အကျဉ်းခံ ၈၈ ကျောင်းသား ခေါင်းဆောင် များကိုယ်စား လှမျိုးနောင် ရေးသား ပေးပို့သည့် ရွေးကောက်ပွဲကို သပိတ် မမှောက်သင့်ကြောင်း ကျေညာချက်သည် အကျိုးအကြောင်း နှင့် များစွာ အစွဲကင်းစင် သောကြောင့် ဦးညွတ် အလေးပြုလိုက်ပါသည်။ Chronicle အယ်ဒီတာ။)


• သူရဲဘောကြောင်ပြီးရွေးကောက်ပွဲကိုရှောင်လွှဲချင်အကြောင်းပြစရာတွေအများကြီးရှိနိုင်ပါတယ်။

ဒါပေမယ့် ပါတီကို စတေးရလောက်အောင်တော့ ဘယ်အကြောင်းပြချက်ကမှ ယုတ္တိတန်မှာ

မဟုတ်ဘူး။

• ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြယ်၊ မြအေး၊ ပြုံးချို၊

အောင်သူ၊ လှမျိုးနောင်၊ ဥာဏ်လင်း၊ မျိုးအောင်နိုင်တို့ဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး

၈၈" ရဲ့သဘောထား နှစ်ချက်ကို ထုတ်ပြန်ကြေငြာဖို့ သဘောတူဆုံးဖြတ်ခဲ့ကြတယ်။

• အဲဒီလိုထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်တွေထဲမှာ အန်တီလွတ်မြောက်လာတဲ့အခါ ဒီရွေးကောက်ပွဲနဲ့

ပတ်သက်ပြီး အလေးထားစဉ်းစားစေချင်တာကလည်း အချက်တစ်ချက်အနေနဲ့ပါဝင်တယ်။

• ဒါကို ပိုထင်ရှားအောင်ပြောရရင် ၂၀၀၈ စက်တင်ဘာလအတွင်းက ပါတီရဲ့ထုတ်ပြန်ကြေငြာ

ချက်နဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်မိတာကလည်း အကြောင်းလို့ဆိုရမယ်။

• အလားတူကိစ္စကိုပြောရရင် ၂၀၀၉ ဧပြီ ရွှေဂုံတိုင်ကြေငြာချက်ကိုပြောချင်တယ်။ ကိုယ့်ကြိုးနဲ့ကိုယ်

တုပ်မိချည်မိစေမယ့်အခြေအနေမျိုးကို စိုးရိမ်တာ။

• ၈၈" ရဲ့အချက်နှစ်ချက်ပါတဲ့ ရွေးကောက်ပွဲဆိုင်ရာ သဘောထားဟာ ဒီအချက်နှစ်ချက်နဲ့ ပြည်စုံမှ

ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်သင့်တယ်လို့ဆိုလိုတာမဟုတ်ဘူး။ ရွေးကောက်ပွဲတစ်ခုနဲ့

ကြုံတွေ့ရတော့မယ်ဆိုတာကို တပ်လှန့်နှိုးဆော်ခဲ့တာပါ။ အဲဒီစိန်ခေါ်မှုကို ရင်ဆိုင်ဖို့ သတိပေး

ခဲ့တာ။ သူရဲဘောကြောင်သူတွေ ဆင်ခြေကန်ရှောင်လွှဲနိုင်ဖို့ အကြောင်းပြချက်ထားခဲ့တာ မဟုတ်

ဘူး။

• ကြိုးဝိုင်းဥပဒေသတွေဟာ တရားမျှတမှုရှိရမယ်လို့ မျှော်လင့်ချက် ထားပြီး အရေးဆိုနေတာဟာ

စိတ်ကူးယဉ်ဆန်တဲ့ မိုက်မဲမှုပါပဲ။ ကိုယ်ဘယ်လိုလူတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ၊ ကိုယ်ဘယ်လို

အခြေအနေမျိုးမှာ ရောက်နေတယ်ဆိုတာကို သဘောမပေါက်တာ၊ ဒါမှမဟုတ်ရင် ရူးချင်ယောင်

ဆောင်နေတာပဲ ဖြစ်မယ်။

• ၈၈" တွေပြောခဲ့တဲ့ အချက်နှစ်ချက်က (၁) အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကြေငြာပေးဖို့ နဲ့ (၂)

အားလုံးပါဝင်ခွင့်ရရှိဖို့ ဆိုပြီးတော့ဖြစ်တယ်။ အခုဒီအချက်နှစ်ချက်လုံး လျစ်လျှူခံထားရတယ်။

ဒီအခြေအနေမှာ ပါတီအနေနဲ့ စဉ်းစားရွေးချယ်စေချင်တာက ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေ

အစား နှစ်ဆတိုးပြီး ကြိုးပမ်းအားထုတ်သွားကြဖို့၊ ပါဝင်ခွင့်မရသူတွေအစား ပိုပြီး လုံလစိုက်

အားထုတ်သွားကြဖို့ပဲ။

• အန်တီကိုရော၊ ကျွန်တော်တို့ ၈၈ တွေကိုရော၊ တခြားဘယ်နိုင်ငံရေးသမားကိုမှ လွှတ်မပေး

စေဦးတော့ ပါတီနေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ့် အကျပ်အတည်း (သို့) အပြောင်းအလဲတစ်ခုကို

ခေါင်းရှောင်မသွားသင့် ပါဘူး။

• မန်းဒိတ် (mandate) အဟောင်းနဲ့ အလုပ်မဖြစ်တော့ရင် မန်းဒိတ်အသစ်ရအောင်ကြိုးစားခြင်း

ကသာ သတ္တိ ပြောင်မြောက်တဲ့၊ တာဝန်ယူမှုရှိတဲ့ ရွေးချယ်ဆုံးဖြတ်မှု ဖြစ်ပါလိမ့်မယ်။

• ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကို ဆန့်ကျင်ကြောင်းပြနိုင်ဖို့ အတွက်

လောက်နဲ့ တော့ ပါတီကို ကျွန်တော်တို့ အဆုံးရှုံးမခံနိုင်ပါ။

• ၂၀၀၈ ဖွဲ့စည်းပုံဥပဒေလောက်ကို တုန်လှုပ်ခြောက်ခြားနေကြရင် နိုင်ငံရေးကနေ အနားယူကြပါ။

ကျွန်တော်တို့မျိုးဆက်ပြည်သူတွေဟာ ၁၉၇၄ ခုနှစ်က စာအုပ်ကို ဆုတ်ဖြဲပြစ်ခဲ့တဲ့သူတွေပါ။

၂၀၀၈ ဖွဲ့စည်းပုံဖတ်ပြီး သွေးပျက်နေမယ့်မျိုးဆက်မဟုတ်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံ ဘာကြောင့်

ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာကိုရော၊ ဘယ်ကလာပြီး ဘယ်ကိုသွားမယ်ဆိုတာကိုပါ

ကောင်းကောင်းနားလည်ပြီးသားဖြစ်တဲ့ ခေတ်ပြိုင်မျိုးဆက်ပါ။

• သူတို့အားသာတဲ့အချိန်မှာ သူတို့စိတ်ကြိုက်ပြဌာန်းပြီး ပြည်သူတွေလက်မခံတဲ့အချိန်မှာ

ဆုတ်ဖြဲပြာချခံရမယ့် စာအုပ်တစ်အုပ်အတွက် ပါတီကိုဖျက်ဆီးရက်ကြတော့မှာလား။ သူတို့က

၂၀၀၈ ဖွဲ့စည်းပုံ အာဏာသက်ဝင်တည်မြဲဖို့ကြိုးစားသလိုမျိုး ကျွန်တော်တို့ကလည်း ပါတီ

အာဏာသက်ဝင် တည်မြဲဖို့ ကြိုးစားကြရမှာပဲ မဟုတ်ပါလား။

• ဂန္ဒီခန်းမမှသည် ရွှေဂုံတိုင်အထိ ခရီးကြမ်းနှင်ချီတက်ခဲ့ကြတာဟာ ပါတီကို အခုလိုအဆုံးသတ်

လိုက်ဖို့ မဟုတ်ကြောင်း အလေးအနက်ပြောကြားလိုပါတယ်။

• အန်ကယ်ဦးဥာဏ်ဝင်းအနေနဲ့ ကျွန်တော်တို့ရဲ့ သဘောထားအမြင်ကို အန်တီနဲ့တွေ့ဆုံခွင့်ရတဲ့

အခါ ပြောပြပေးစေချင်ပါတယ်။

• မတ်လ ၂၉ ရက်နေ့ဆုံးဖြတ်ချက်ကို တိုင်းပြည်အနာဂတ်အကျိုးကို ရှေရှုပြီးပြန်လည်သုံးသပ်ဖို့

အလေးအနက်တိုက်တွန်းအပ်ပါတယ်။

• ဖောင်ဖျက်တိုက်ရမယ့် အခြေအနေမျိုးလုံးဝမရှိပါ။ အန်အယ်ဒီသင်္ဘောကြီးကို မနစ်မြှပ်သွားစေဖို့

တက်ညီလက်ညီနဲ့ ၀ိုင်းဝန်းကြိုးပမ်းသွားရမယ့်အချိန်ကာလကို ရောက်နေတာပါ။

• ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးစောနိုင်းနိုင်း၊ ဒေါက်တာဇော်မြင့်မောင် အစရှိသူတို့

မာလိန်မှူးကောင်းတွေအဖြစ်ပဲ့ကိုင်ထိန်းသိမ်းတာဝန်ယူကြဖို့ အလေးအနက်ဆန္ဒပြုပါတယ်။

တိုက်တွန်းပါတယ်။ တောင်းဆိုပါတယ်။

• ရွေးကောက်ပွဲမုန်တိုင်းကာလကိုဖြတ်သန်းမယ်ဆိုရင် သင်္ဘောကြီးကိုစွန့်ခွာမယ်လို့ သွေးပျက်

ခြောက်ခြား နေတဲ့သူတွေ နှုတ်ထွက်စာတင်ပြီး အတိတ်သမိုင်းမှာ နေရစ်ခဲ့ကြပါ။

• ပါတီကိုဖျက်လိုဖျက်ဆီးကြံစည်နေကြတာဟာ အတိုက်အခံလေဟာနယ်ကို ဖန်တီးနေကြတာ

သာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်ကြစေချင်ပါတယ်။

• ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်တစ်ဝက်မကျော်ရင် အစည်းအဝေး အထမမြောက်

ပါဘူး။ ၂၀၀၈ ဥပဒေအာဏာသက်ဝင်မှု မရှိနိုင်ပါ။ ဒီစိန်ခေါ်မှုမျိုးကို လက်ခံရဲတဲ့သူ မရှိရင်

တောင်မှ လွှတ်တော်ထဲမှာ အတိုက်အခံကိုယ်စားလှယ် ၂၅% ရှိနေရင် သူတို့ဥပဒေသူတို့

ပြင်ချင်တိုင်းပြင်လို့တော့မရနိုင်ပါ။ ပိုဆိုး မလာနိုင်အောင်တော့ ခုခံနိုင်စွမ်းရှိလာပါလိမ့်မယ်။

• မတ်လ ၂၉ ရက်နေ့ဆုံးဖြတ်ချက်ကို မပြင်ဆင်နိုင်တော့ရင်၊ ပြင်မရတော့ရင်လည်း ပါတီတွင်း

ပါတီပြင် သဘောထားတူညီသူတွေစုစည်းပြီးရွေးကောက်ပွဲကာလ နိုင်ငံရေးဦးဆောင်မှု

ပေးနိုင်ဖို့ ယာယီအလံတစ်ခုအောက်တွင်ဖြစ်စေ၊ တသီးပုဂ္ဂလအစုအဝေးနဲ့ဖြစ်စေ၊ ဖြစ်တဲ့နည်းနဲ့

စုစည်းရပ်တည်တိုက်ပွဲဝင်ကြပါရန် ၈၈" မှ သဘောထားပေးပို့အပ်ပါသည်။ ။

Source _

From: U Chit <ttamarch1268@gmail.com>
Date: Wed, May 5, 2010 at 12:15 PM
Subject: second letter of Hla Myo Naung

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Rawstory.com, 4th May 2010

မြန်မာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အခြား ဝန်ကြီး ၂၂ ဦးတို့ ယခင် အပတ်က စစ်ဖက် ရာထူးများ စွန့်လွှတ်ခဲ့ကြခြင်းနှင့် ဝန်ကြီးချုပ်က ပါတီသစ် ဖွဲ့စည်းခဲ့ခြင်းတို့ အပေါ် အမေရိကန် ပြည်ထောင်စုက သတိကြီးစွာ ထား၍ တုန့်ပြန် ဆောင်ရွက်လျက် ရှိသည်။

"ဒီကိစ္စက အပေါင်းလက္ခဏာ ဆောင်တဲ့ အဆင့်တစ်ခု ဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လုပ်ဆောင်မှုတွေပေါ် မူတည်ပြီး ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ ရှိပါတယ်" ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Philip Crowley က သတင်းထောက်များအား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် သံတမန် နည်းလမ်းအရ ဆွေးနွေးမှုများကို စတင် ပြုလုပ်ခဲ့သော သမ္မတ ဘားရက် အိုဘားမား အစိုးရက ပြောကြားရာတွင် "သူတို့ တကယ်ပဲ ပွင့်ပွင့်လင်းလင်း တံခါးဖွင့်တာလား။ ဒါမှမဟုတ် အခု ရာထူး စွန့်လွှတ်မှုတွေက 'သိုးယောင်ဆောင်တဲ့ ဝံပုလွေ' ဗျူဟာလား ဆိုတာနဲ့ ပတ်သက်လို့ မြန်မာ အစိုးရကို ဒီကိစ္စက အဆုံးအဖြတ် ပေးသွားမှာပါ" ဟု ဆိုသည်။

ဧပြီလ ၂၆ ရက်နေ့က ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ဝန်ကြီး ၂၂ ဦး စစ်ဖက် ရာထူး စွန့်လွှတ်ခဲ့ကြခြင်းသည် ယခုနှစ် ရွေးကောက်ပွဲများ မတိုင်မီ စစ်ဖက် ခေါင်းဆောင် အချို့ကို အရပ်သား အဖြစ် အသွင်ပြောင်းခြင်း ဖြစ်ဖွယ် ရှိသည်။

၎င်းတို့ အရပ်သား အသွင်ပြောင်းပြီး ၄ ရက် အကြာတွင် ဦးသိန်းစိန်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ဖွဲ့စည်းမည်ဟု နိုင်ငံပိုင် မီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။

"မြန်မာနိုင်ငံမှာ လုပ်ဖို့ လိုနေတာက အမှန်တကယ် စစ်မှန်တဲ့ နိုင်ငံရေး နယ်ပယ် တစ်ခု ဖွင့်လှစ်ပေးဖို့ပါ။ ဒီနယ်ပယ်ဟာ ဗိုလ်ချုပ်လူထွက်တွေ အတွက် သာမကပဲ မြန်မာ လူ့အဖွဲ့အစည်းမှာ အပြုသဘောဆောင်တဲ့ ရည်ရွယ်ချက်နဲ့ ပါဝင်ချင်တဲ့ ပြည်သူတွေ အားလုံးကိုလည်း အခွင့်အရေး ပေးရမှာပါ" ဟု Crowley က ပြောကြားခဲ့သည်။

"ဒါက သူတို့ လုပ်ရမယ့် ကိစ္စဖြစ်သလို သူတို့ မလုပ်ချင်တဲ့ ကိစ္စတစ်ခုလည်း ဖြစ်နေပါတယ်" ဟု ၎င်းက ဖြည့်စွက်သည်။

Crowley က နိုင်ငံတကာ စံညွှန်းများနှင့် မညီညွတ်ဟု ၎င်းသတ်မှတ်ခဲ့သော ရွေးကောက်ပွဲ ဥပဒေသစ် အပေါ် အမေရိကန် ပြည်ထောင်စု၏ ပြစ်တင် ဝေဖန်မှုကို ထပ်မံ ပြောကြားလိုက်သည်။

မတ်လ ၁၀ ရက်က ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေသစ်အရ မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ပါတီမှ ထုတ်ပယ်ခံရမည့် အဖြစ်နှင့် ရင်ဆိုင်နေရသလို ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် အခြားနိုင်ငံရေး အကျဉ်းသားများနှင့်အတူ ပိတ်ပင် တားဆီးခြင်း ခံနေရသည်။

"မြန်မာနိုင်ငံမှာ နိုင်ငံရေး နယ်ပယ် ပွင့်လာဖို့ ရှိနေပါတယ်။ ခင်ဗျား သိတဲ့အတိုင်း နိုင်ငံတွင်းက တိုင်းရင်းသား အုပ်စုတွေ အားလုံးနဲ့လည်း အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးမှုတွေ လုပ်နေတယ်လေ" ဟု Crowley က ပြောကြားသည်။

"တကယ်လို့ အခုလို ဗိုလ်ချုပ်တွေက သူတို့ဘာသာ အရပ်ဝတ်လဲတဲ့ ကိစ္စက နိုင်ငံရေး နယ်ပယ်ကို ဖွင့်ဟနိုင်မယ်ဆိုရင် ကျွန်တော်တို့ကလည်း အပေါင်း လက္ခဏာဆောင်တဲ့ ဆောင်ရွက်ချက် အဖြစ် အမှန်တကယ် ရှုမြင်ပေးမှာပါ" ဟု ၎င်းက မှတ်ချက်ပေးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 5th May 2010

မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲများ အတွက် စစ်ဖက် အစိုးရ၏ အစီအစဉ်များ အပေါ် အနောက်နိုင်ငံများ စိုးရိမ်ပူပန်မှုများ မြင့်တက်လာမှုကြောင့် ယခုလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ရန် အမေရိကန် ဝါရင့် သံတမန်က စဉ်းစားနေသည်ဟု သက်ဆိုင်ရာ အရာရှိများက အင်္ဂါနေ့တွင် ပြောကြားသည်။

အရှေ့အာရှ ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် လာမည့် အပတ် ဖိလစ်ပိုင်တွင် ဒေသတွင်း အစည်းအဝေး တက်ရောက်ရန်နှင့် အခြား နိုင်ငံများသို့ ဝင်ရောက်ရန် အတွက် အာရှသို့ ထပ်မံ သွားရောက်ရန် စီစဉ်နေသည်ဟု အမည်မဖော်လိုသော အမေရိကန် အရာရှိများက ပြောသည်။

မြန်မာနိုင်ငံ ခရီးစဉ်မှာ စဉ်းစားနေဆဲ ဖြစ်၍ ယခု အချိန်အထိ မသေချာသေးသော်လည်း နိုင်ငံခြားရေးဌာနက ထိုခရီးစဉ်ကို စီစဉ်ရန် မြန်မာ အစိုးရနှင့် ဆွေးနွေးနေသည်ဟု အရာရှိ တစ်ဦးက ဆိုသည်။ အမေရိကန်၏ မြန်မာနိုင်ငံနှင့် တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒသစ်ကို စတင် ကျင့်သုံးသည့် အနေဖြင့် Kurt Campbell သည် မြန်မာနိုင်ငံသို့ မနှစ်က တစ်ကြိမ် သွားရောက်ခဲ့ဖူးသည်။

အမေရိကန်ကို ဆန့်ကျင်သော နိုင်ငံများအား တွေ့ဆုံ ဆွေးနွေးရေး ဟူသော ထင်ရှားသည့် မူဝါဒကို ချမှတ်ခဲ့သည့် သမ္မတ ဘားရက် အိုဘားမား အစိုးရသည် "မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံများက ကြာမြင့်စွာ ပစ်ပယ်ထားမှုသည် ရလဒ် အနည်းငယ်သာ ထွက်ပေါ်ခဲ့သည်" ဟု သုံးသပ်ခဲ့ပြီးနောက် မြန်မာ အစိုးရနှင့် စတင် ဆွေးနွေးခဲ့သည်။

သို့ရာတွင် တရားဝင် ဖြစ်လိုသော စစ်ဖက် အစိုးရ၏ လိမ်ညာ လှည့်စားမှုကို စိုးရိမ်သဖြင့် အတိုက်အခံများက သပိတ်မှောက်နေကြသော ကျင်းပတော့မည့် ရွေးကောက်ပွဲများအပေါ် စိုးရိမ် ပူပန်နေမှုကို အမေရိကန်က ထုတ်ဖော် ပြောကြားထားသည်။

အတိုက်အခံ NLD ပါတီသည် ၁၉၉၀ နောက်ဆုံး ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အနိုင်ရရှိခဲ့သော်လည်း စစ်ဖက် အစိုးရက အာဏာလွှဲပြောင်း မပေးဘဲ ပါတီ ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဝင် များစွာကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်မှာ ယခုတိုင်ပင် ဖြစ်သည်။ US Campaign for Burma အဖွဲ့ကို ဦးဆောင်နေသူ နိုင်ငံရေး အကျဉ်းသားဟောင်း အောင်ဒင်က Mr. Campbell ၏ ခရီးစဉ်သည် အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အားပေးရာ ရောက်သလို ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားသည်။

"Kurt Campbell က လက်ဗလာနဲ့ သွားတာပါ။ ကျွန်တော်ကတော့ သူ့ကို ဖိအားတွေ အများကြီး ယူဆောင်ပြီး မြန်မာကို သွားစေချင်တာပါ။ ဒီလိုမှ မဟုတ်ရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပျော်အောင် လုပ်ပေးသလို ဖြစ်နေမှာပေါ့။ ဗိုလ်ချုပ်မှူးကြီးက အမေရိကန်ရဲ့ တောင်းဆိုချက်တွေ အားလုံးကို ပယ်ချခဲ့ ပြီးပါပြီ။ အမေရိကန်ကတော့ သူနဲ့ ဆွေးနွေးဖို့ ဆန္ဒရှိနေတုန်းပါပဲ" ဟု အောင်ဒင်က မှတ်ချက်ပေးသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima News, By Daniel Pedersen, 4th May 2010

          ယခုနှစ် မြန်မာနိုင်ငံ ရွေးကောက်ပွဲများ အတွက် စစ်ဖက် အုပ်ချုပ်သူများ၏ ပြင်ဆင် နေမှုကြောင့် စစ်ပြေး ဒုက္ခသည်များ ဝင်ရောက်လာနိုင်သည်ဟု မှန်းဆကာ မဲဆောက်အနီး မြန်မာနယ်စပ်နှင့် အနီးတဝိုက်ကို ထိုင်းစစ်တပ်က ကာကွယ်ရေးဇုံ အဖြစ် သတ်မှတ် ဖွဲ့စည်းခဲ့သည်။

          မြန်မာ အစိုးရ တပ်ဖွဲ့များကြောင့် မြန်မာ စစ်ပြေး ဒုက္ခသည် တစ်သောင်းခန့် ထိုင်းနယ်စပ်ကို မကြာမီ ဖြတ်ကျော် ဝင်ရောက်လာမည်ဟု မျှော်လင့်ထားကြသည်။

ပထမတွင် နယ်ခြားစောင့်တပ်၊ ထို့နောက်တွင် အစိုးရ ပြည်သူ့စစ် စသည့် တပ်ဖွဲ့များအဖြစ် အသွင်ပြောင်းရန် မြန်မာ အစိုးရ၏ တောင်းဆိုမှုကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ပယ်ချခဲ့ပြီးနောက် ပစ်ခတ်မှုနှင့် ဒုက္ခသည်များ ထွက်ပြေးမှုတို့ စတင်နေပြီ ဖြစ်သည်။

မွန်ပြည်နယ်တွင် နေထိုင်သူများမှာ နယ်စပ် မြန်မာဖက်ခြမ်းတွင် စုဝေး ရောက်ရှိနေကြပြီး၊ ကရင်ပြည်နယ်ကို ဖြတ်ကျော်ခဲ့ကြပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ပြည်တွင်း အိုးအိမ် ဖယ်ရှားခံရသူများ နေထိုင်သည့် ဟာလေ့ကာနီ စခန်းတွင် ပုန်းအောင်း နေထိုင်လျက် ရှိသည်။

မြန်မာဖက်ခြမ်းမှာ စစ်ရေး တည်ဆောက်မှုကို ထိုင်းစစ်တပ်က လေ့လာ စောင့်ကြည့်နေခဲ့ပြီး။ အဓိက ထိုးစစ်ကြီး ဆင်နွှဲရန် စစ်တပ်များ စုဖွဲ့နေသည်ဟု ထင်မြင်ချက် ပေးခဲ့သည်။ စစ်ပွဲများ ဖြစ်လာတော့မည်ဟု ထိုင်းတို့က ယုံကြည်ထားသည့်အလျှောက် စစ်ပွဲကြောင့် ထွက်ပြေးလာသူများ ခိုလှုံ နေထိုင်ရန် မဲဆောက် မြောက်ဘက်တွင် တစ်နေရာ၊ မဲဆောက် တောင်ဘက်တွင် တစ်နေရာ နယ်မြေ ၂ ခု ရွေးချယ်ခဲ့သည်။

တောင်ဘက်ရှိ နယ်မြေမှာ တပ်ခ်ပြည်နယ်၊ ပေါ့ဖရား ခရိုင် အတွင်းရှိ ဝါလေ ခရိုင်ခွဲ ဖြစ်ပြီး၊ မနှစ်က DKBA များထံ လက်လွှတ် ဆုံးရှုံးခဲ့ရသော KNLA စခန်းဟောင်း ဝါလေစီးနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ နောက်တနေရာမှာ ထိုင်းမြန်မာ နယ်စပ် မွိုင် မြစ်ကူးတံတားသစ် အနီးမှ ကော့ကိုးခရိုင် ဖြစ်သည်။

ဝါလေသည် KNLA တပ်မဟာ ၆ နယ်မြေ၏ ကျောဘက်တွင် ရှိပြီး ကော့ကိုးမှာမူ KNLA တပ်မဟာ ၇ နယ်မြေနှင့် မျက်နှာချင်းဆိုင် ဖြစ်သည်။

ယခု တစ်ကြိမ်တွင်မူ ထိုင်း စစ်တပ်က ပြတ်ပြတ်သားသားပင် ဒုက္ခသည်များ အတွက် အမြဲတမ်း အဆောက်အဦများကို ဆောက်လုပ်ခြင်း မရှိဟု ပြောကြားခဲ့သဖြင့် စစ်ပွဲကြောင့် ထွက်ပြေးလာရသူများမှာ အိမ်ပြန်ရန် မျှော်လင့်ထားရလိမ့်မည်။ ယခင်နှစ်က DKBA ထိုးစစ်ကြောင့် ထောင်ပေါင်း များစွာသော ဒုက္ခသည်များ တကွဲတပြားဖြင့် မဲဆောက် မြောက်ဘက်သို့ ဝင်ရောက်လာကာ ထိုင်းနိုင်ငံအတွင်းရှိ မိုင်ရာနှင့်ချီ၍ ဝေးသော ဒေသများအထိ ပျံ့နှံ့ ရောက်ရှိသွားခဲ့သည်။ ထိုဖြစ်ရပ်မှ သင်ခန်းစာ ရယူခဲ့ကြခြင်း ဖြစ်သည်။ ထိုစဉ်က အချိန်တိုအတွင်း လူပေါင်း ၆၀၀၀ ခန့် ထိုင်းနယ်မြေတွင်း ဝင်ပြေးလာခဲ့ကြသလို အရေးကြီးသည့် KNLA အခြေစိုက် စခန်းများလည်း DKBA လက်အောက် ရောက်ရှိသွားခဲ့သည်။

ယခင်နှစ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ဖြစ်ပွားခဲ့သော အထက်ပါ ဖြစ်စဉ်တွင် လုံးလုံးလျားလျား စခန်းသစ်တစ်ခု တည်ဆောက်ပေးမည်ဟု ထိုင်းအာဏာပိုင်များက NGO အဖွဲ့များနှင့် သဘောတူခဲ့သည်။ အကြောင်းမှာ ဒုက္ခသည် အရေအတွက် များပြား လွန်းသောကြောင့်ပင် ဖြစ်သည်။ သို့ရာတွင် DKBA (သို့) အစိုးရ တပ်ဖွဲ့များ၏ လုံခြုံရေးအရ ခြိမ်းခြောက်မှုကြောင့် စခန်းသစ် ဆောက်လုပ်ရန် မဖြစ်နိုင်သော နေရာ အနည်းငယ် ရှိကြောင်း လေ့လာ တွေ့ရှိခဲ့သည်။

ယခု ထိုင်းတို့ ချမှတ်ထားသော စည်းမျဉ်းသစ်များမှ ယာယီ ဒုက္ခသည် စခန်းများ၏ ဆွဲဆောင်မှု အားလုံးကို ဖယ်ရှားထားခြင်း ဖြစ်သည်။ ရေတိုင်ကီများ၊ အိမ်သာသစ်များကို ခွင့်ပြုထားခြင်း မရှိပါ။ နယ်စပ်မှ ကီလိုမီတာ ၁၀၀ ကွာဝေးသော တိုက်ပွဲမှ ထွက်ပြေးလာသူများကို ထိုင်းနိုင်ငံတွင်း ဝင်ရောက် ခွင့်မပြုတော့ပါ။ ယခု ဒုက္ခသည် စခန်းသစ် ၂ ခုသို့ ရောက်ရှိနိုင်ရန်ကိုလည်း အပြင်းအထန် ကန့်သတ်ထားသည်။ နယ်စပ် ဖြတ်ကူးဝင်လာသူများကို ယာယီ လုံခြုံရေး အရသာ ခွင့်ပြုနိုင်မည်ဟု ထိုင်းစစ်သားများက နောက်ဆုံး ပြောကြားထားသည်။

ထို့အပြင် KNU (သို့) DKBA နှင့် ဆက်နွယ်သူများကို နယ်စပ် ဖြတ်ကူးခွင့် တားဆီးထားသလို ယခင် ရှိပြီးသား ဒုက္ခသည် စခန်းဟောင်းများတွင်လည်း လူသစ် လက်မခံတော့ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB News, By Francis Wade, 4th May 2010

မြန်မာနိုင်ငံနှင့် နယ်စပ်တွင် တရုတ်က စစ်သား ၅၀၀၀ နေရာချထားခြင်းသည် တရုတ် အစိုးရ အနေဖြင့် မြန်မာ အစိုးရနှင့် တိုင်းရင်းသား ဝ တပ်များကြား တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်စိတ် တိုးပွားလာနေကြောင်း နောက်ဆုံး ပြသလိုက်ခြင်း ဖြစ်သည်။

UWSA ဝ တပ်များ ခြေကုတ် ယူထားသော ရှမ်းပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားလာပါက တရုတ်မြန်မာ နှစ်နိုင်ငံကြား ကောင်းမွန်လျက် ရှိသော နယ်စပ် ကုန်သွယ်ရေးကို ထိခိုက်ကောင်း ထိခိုက်လာမည် ဖြစ်သည်။ တရုတ်သည် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေး မဟာမိတ် နိုင်ငံတစ်ခု ဖြစ်ပြီး၊ တရုတ်ကလည်း မြန်မာ အစိုးရအား နယ်စပ်တွင် တည်ငြိမ်မှု ထိန်းသိမ်းရန် သတိပေး ထားခဲ့သည်။

မြန်မာ စစ်တပ်မှ 'ဝ' ဧရိယာ အနီးတွင် စစ်တပ်များ ပိုမို တိုးတက် ချထားလျက် ရှိပြီး၊ UWSA ကလည်း စစ်ပွဲ အတွက် ပြင်ဆင်လျက် ရှိရာ၊ မကောင်းသော အလားအလာများသာ တဖြည်းဖြည်း များလာနေသည်။ UWSA သည် အင်အား ၃၀၀၀၀ ခန့် ရှိပြီး၊ အစိုးရ၏ နယ်ခြားစောင့်တပ် အသွင် ပြောင်းလဲရေး အစီအစဉ်ကို ဆန့်ကျင်ခဲ့သောကြောင့် အစိုးရကို စိတ်ဆိုးစေခဲ့ပြီး၊ ရာပေါင်း များစွာသော ဝ များလည်း အဆိုပါ ဒေသမှ ထွက်ပြေးခဲ့သည်။

ရှမ်းသံတော်ဆင့်မှ အယ်ဒီတာ၊ 'ဝ' အရေး ကျွမ်းကျင်သူ ခွန်ဆိုင်းက DVB သို့ ပြောကြားရာတွင် အကယ်၍ စစ်ပွဲဖြစ်လာပါက တရုတ်က 'ဝ' ကို ကူညီလိမ့်မည် ဖြစ်ကြောင်း ပြောခဲ့သည်။ အမှန်တကယ်တွင်မူ 'ဝ' သည် တရုတ် တိုင်းရင်းသားများနှင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး၊ Beijing ကပင် ငွေကြေးဆိုင်ရာ၊ စစ်ရေးဆိုင်ရာ ထောက်ပံ့မှုများ ပေးထားသည်။

"ဝ ကို အကာအကွယ် ပေးဖို့က တရုတ်ရဲ့ ဒုတိယ ရည်မှန်းချက် ဖြစ်မှာပါ။ ပထမ ရည်မှန်းချက်က နေပြည်တော်ကို မတိုက်ဖို့ သတိပေးမှာ ဖြစ်ပါတယ်။ မြန်မာ အစိုးရကလည်း တရုတ်ကို ဆန့်ကျင်ပြီး လုပ်ဖို့ မိုက်မဲလိမ့်မယ် မထင်ပါဘူး" ဟု ၎င်းက ပြောသည်။

UWSA တာဝန်ရှိသူ တစ်ဦးက DVB သို့ ယနေ့ ပြောကြားရာတွင် တိုက်ပွဲဖြစ်ဖို့ အလားအလာကတော့ အစိုးရ အပေါ်မှာပဲ မူတည်ကြောင်း၊ အစိုးရက တိုက်လာလျှင် မိမိတို့က ပြန်တိုက်မှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"ကျွန်တော် ထင်တယ်။ တရုတ်က သူတို့ ဘာလုပ်ရမယ် ဆိုတာ မဆုံးဖြတ်ခင် မြန်မာ အစိုးရရဲ့ ပေါ်လစီကို စောင့်ကြည့်နေလိမ့်မယ် ထင်တယ်။ ဘာပဲပြောပြော တရုတ် ကတော့ အေးချမ်းနေတာကိုပဲ ဖြစ်စေချင်မှာပဲ" ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်က တိုင်းရင်းသား ကိုးကန့်နှင့် မြန်မာ စစ်တပ်ကြား တိုက်ပွဲ ဖြစ်ပွားရာ ဒုက္ခသည် ၃၇၀၀၀ ခန့်သည် တရုတ် ယူနန်နယ်ထဲသို့ ထွက်ပြေးခဲ့ရာ တရုတ်က စိတ်ဆိုးမာန်ဆိုး စကား တုန့်ပြန်ခဲ့သည်။ ကိုးကန့် အရေး မတိုင်မီ ပြီးခဲ့သည့် မေလက တရုတ်သည် အာဆီယံ - အီးယူ ပူးတွဲ ကြေညာချက် ဖြစ်သော မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ရန်နှင့် အတိုက်အခံများ အပေါ် ကန့်သတ်မှုများ ဖယ်ရှားရန် ကိစ္စတွင် ဝင်ရောက် လက်မှတ် ရေးထိုးခဲ့သည်။

ဝေဖန် သုံးသပ်သူများက ပြောကြားရာတွင် 'ဝ' စစ်တပ်သည် စစ်ပွဲ ဖြစ်ပွားလာပါက ငွေကြေး အင်အား တောင့်တင်းစေရန် တရုတ်-မြန်မာ နယ်စပ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို အရှိန်မြှင့်ခဲ့သည်။ UWSA သည် မြန်မာနိုင်ငံ၏ အဓိက မူးယစ်ဆေးဝါး ထုတ်လုပ်သူဟု ယူဆရပြီး၊ တရုတ်ကလည်း ရှမ်းပြည်နယ်မှ မက်သာဖက်တမင်းနှင့် ဟီးရိုး အင်းများ ပိုမို တင်ပို့လာသည်ကို တွေ့မြင်ရသည်ဟု ဆိုပြီး၊ ၎င်း၏ နယ်စပ်မြို့များတွင် HIV/AIDS ဖြစ်ပွားနှုန်းကလည်း ထိန်းမနိုင် သိမ်းမရ များပြားလျက် ရှိသည်ဟု ဆိုသည်။

အရှေ့တောင် အာရှရေးရာ ကျွမ်းကျင်သူ Bertil Litner က ပြောကြားရာတွင် တရုတ် အနေဖြင့် 'ဝ' နှင့် မြန်မာ အစိုးရကြား စစ်ပွဲတွင် ပါဝင်လိုသည် ဆိုသည့် ကောက်ချက်မှာ မဖြစ်နိုင်ရန် အလားအလာများကြောင်း ပြောသည်။ တရုတ်သည် နယ်စပ်ကို မည်သူမျှ မဝင်မထွက် နိုင်အောင် ပိတ်ထားရန်သာ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ စစ်ပွဲတွင် တိုက်ရိုက် ပါဝင်ခြင်းသည် ရူးသွပ်သည့် လုပ်ရပ်သာဖြစ်၍ တရုတ် အနေဖြင့် တိုက်ရိုက် ပါဝင်လိမ့်မည်ဟု မိမိ မထင်ကြောင်း Bertil Litner က ပြောသည်။

တရုတ်သည် UWSA နယ်မြေ အနီး ရှမ်းပြည်နယ်ကို ဖြတ်၍ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ဓာတ်ငွေ့များကို ပိုက်လိုင်းဖြင့် ယူနန်ပြည်နယ်သို့ တစ်နှစ်လျှင် ၁၂ ကုဗတန် သန်းပေါင်းပို့ဆောင်ရန် ရှိပြီး၊ အဆိုပါ စီမံကိန်းကို ၂၀၁၂ တွင် စတင်မည် ဖြစ်သည်။ ထို့ကြောင့် တရုတ်သည် နယ်စပ်ကို ဖြတ်၍ ၎င်း၏ အရေးကြီးသော စီးပွားရေး ကိစ္စကိုသာ ကာကွယ်ရန် လုပ်ဆောင်မည် ဖြစ်ပေသည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်နေဆဲ ဖြစ်သော်လည်း၊ တရုတ်နှင့် မြန်မာအကြား နှစ်နိုင်ငံ ကုန်သွယ်ရေးသည် အမေရိကန် ဒေါ်လာ ၂.၇ ဘီလီယံ ရှိလာပြီ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ နယ်ခြားဒေသ စောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေးကိစ္စနှင့် ပတ်သက်ပြီး စစ်အစိုးရကို လိုလားသော ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) ထက်ခြမ်းကွဲမည့် အလားအလာမျိုး ရှိသည် ဟူသော ကောလဟလများ ထွက်ပေါ်နေသည်။

      သတင်း ပေးပို့ချက်များအရ DKBA အဖွဲ့မှ အများစုသည် စစ်အစိုးရ၏ နယ်ခြား ဒေသစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေး အဆိုပြုချက်ကို ပယ်ချရန် အသင့် အနေအထားတွင် ရှိသည်။ DKBA အဖွဲ့အတွင်း နယ်ခြားဒေသစောင့် တပ်ဖွဲ့ ကိစ္စအပေါ် သဘောထား ကွဲလွဲမှုများ ဖြစ်နေသောကြောင့် မြန်မာစစ်တပ်က DKBA အဖွဲ့ ထိန်းချုပ်ရာ နယ်မြေတစ်ဝိုက်သို့ တပ်များ တိုးမြှင့် ချထားကြောင်း သိရသည်။ အဆိုပါ ဒေသများတွင် ဗိုလ်မှူးကြီး စောလဘွဲ့ ဦးစီးသည့် တပ်မဟာ-၅ ဌာနချုပ်လည်း ပါဝင်သည်။ ဗိုလ်မှူးကြီး စောလဘွဲ့သည် နယ်ခြားဒေသ စောင့်တပ် ကိစ္စကို ဆန့်ကျင်သူတစ်ဦး ဖြစ်ပြီး မြန်မာ စစ်အစိုးရနှင့် စစ်ခင်းရပါက လက်ဦးမှု ရယူရန် ပြင်ဆင်မှုများလည်း ပြုလုပ်လျက် ရှိသည်။

      ဧပြီလ ၂၈ ရက်နေ့ခန့်မှ စ၍ တင်းမာမှုနှင့် ထိတ်လန့်မှုများ ဆက်တိုက် ပေါ်ပေါက်ခဲ့သည့်အတွက် အဆိုပါ ဒေသတွင် နေထိုင်သော ကျေးရွာသူ ကျေးရွာသားများမှာ အခြား ဒေသသို့ ထွက်ပြေး တိမ်းရှောင် သွားခဲ့ကြကြောင်း DKBA မှ အမည်မဖော်လိုသူ အရာရှိ တစ်ဦးက DVB သတင်းဌာနသို့ ပြောကြားသည်။

      "မြန်မာ စစ်အစိုးရက ကျေးရွာ အတော်များများမှာ တပ်တွေ ဖြန့်လိုက်တော့ DKBA ဘက်ကလည်း သူတို့ လုပ်သလို တပ်တွေ အသင့်ဖြစ်အောင် လုပ်လာတယ်" ဟု ၎င်းက ဆိုသည်။ "ရွာသားတွေက အဲဒီဘက်မှာ မနေရဲလောက်အောင် ဖြစ်နေကြတယ်။ ကျွန်တော့် အထင် ပြောရရင် စစ်တပ်က DKBA တွေထက် လက်ဦးမှု ရအောင် လုပ်တဲ့အနေနဲ့ တပ်တွေ လွှတ်နေတာ။ ခြိမ်းခြောက်တဲ့ သဘောပေါ့။ နှစ်ဖက် တိုက်ပွဲတွေ ဖြစ်မယ်လို့ ထင်ပါတယ်" ဟု ၎င်းက ဆိုသည်။

      ကရင် အမျိုးသား ယူနီယံ (KNU) ဒုတိယ ဥက္ကဋ္ဌ David Thakrabaw က "DKBA အများစုက နယ်ခြား ဒေသစောင့် တပ်ဖွဲ့ကိစ္စကို လက်သင့် မခံကြပါဘူး" ဟု DVB သို့ ပြောကြားသည်။ DKBA အဖွဲ့တွင်း နယ်ခြားဒေသ စောင့်တပ်ကိစ္စနှင့် ပတ်သက်၍ ထက်အောက် အကွဲအပြဲ ဖြစ်ခဲ့ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

      ဤအတောအတွင်းမှာပင် ဧပြီလ ၂၈ ရက်နေ့က DKBA နှင့် စစ်အစိုးရအကြား ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည် ဟူသော အတည်မပြုနိုင်သည့် သတင်းများလည်း ထွက်ပေါ် လာခဲ့သည်။ မြန်မာ စစ်အစိုးရက DKBA မိသားစုဝင်များ ထွက်ပြေး တိမ်းရှောင်သွားကြသည် ဟူသော ကိစ္စကို စုံစမ်း သိရှိပြီးနောက် ယင်းသို့ ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ ယခုအခါ ထိုင်းနိုင်ငံ Phop Phra ပြည်နယ်သို့ မြန်မာနိုင်ငံမှ ဒုက္ခသည်ပေါင်းများစွာ ရောက်ရှိနေကြောင်း သိရသည်။

      ကရင် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (KNLA) ၏ အဆိုအရ ဒုက္ခသည်များသည် အုပ်စုငယ်များအဖြစ် ရောက်ရှိလာကြောင်း၊ ၎င်းတို့ကို နေထိုင်စရာများ ပေးထားပြီး မိသားစုဝင် ဆွေမျိုးများနှင့် အတူ ထားရှိကြောင်း သိရသည်။ ကရင်ဒုက္ခသည် အများစုမှာ ကရင်ပြည်နယ် ကော့ကရိတ်နှင့် ဖားအံမြို့အနီးရှိ ကျေးရွာပေါင်း ၂၀ တို့မှ ဖြစ်ကြသည်။

      ထိုင်းနိုင်ငံ Phop Phra ပြည်နယ် ဒုက္ခသည်စခန်းသို့ ရောက်ရှိနေသော ကရင် ဒုက္ခသည် အမျိုးသမီး တစ်ဦးက "ကျွန်မတို့ကို DKBA စစ်သားတွေက သတိပေးပါတယ်။ သူတို့နဲ့ 
မြန်မာစစ်တပ် တိုက်ပွဲဖြစ်တော့မယ် ဆိုပြီး သတိပေးတာပါ။ ကျွန်မတို့လည်း အဲဒါတွေ ကြားရတော့ အရမ်း ကြောက်လန့်သွားတယ်။ အဲဒါနဲ့ပဲ ဒီဘက်ကို ထွက်ပြေးလာခဲ့ကြတာပါ။ ကျွန်မရဲ့ ခင်ပွန်းကတော့ အခြေအနေတွေကို စောင့်ကြည့်ဖို့ ဆိုပြီး နေရစ်ခဲ့တယ်" ဟု ပြောကြားသည်။

      အမည်မဖော်လိုသော DKBA အရာရှိတစ်ဦးကမူ ၎င်းတို့အဖွဲ့သည် နယ်ခြား ဒေသစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေး အသေးစိတ် အစီအစဉ်ကို စစ်အစိုးရထံသို့ မပေးပို့ခင် ကာလအတွင်း အချိန် ဆွဲထားကြကြောင်း ပြောကြားသည်။ ချစ်ထူး ဦးဆောင်သော DKBA တပ်မဟာ ၉၉၉ ကမူ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေး အစီအစဉ်ကို လက်သင့်ခံသည်။ ဤအတော အတွင်း၌ ကျင်းပ ပြုလုပ်သော နယ်ခြား ဒေသစောင့်တပ် ကိစ္စ အစည်းအဝေးသို့ တပ်မဟာ ၅ က တက်ရောက်ခဲ့ခြင်း မရှိပေ။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.