Transparency Myanmar

transparency.myanmar@gmail.com

New Age News, 9th May 2010

ဒေသတွင်း ပြဿနာ ဖြစ်လာသော ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာကို ဖြေရှင်းရန် အတွက် မြန်မာနိုင်ငံ အနေဖြင့် စတင် ကြိုးပမ်းသင့်ကြောင်းနှင့် ၎င်းပြဿနာကို အဆိုပါ နိုင်ငံက စတင် ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း စနေနေ့တွင် ဥရောပ သမဂ္ဂက ဒက်ကားတွင် ပြောကြားလိုက်သည်။

"ရိုဟင်ဂျာ ပြဿနာက မြန်မာနိုင်ငံကနေ လာတာပါ။ ဒါ့ကြောင့် ဘယ်လို ဖြေရှင်းမှုကိုမဆို မြန်မာနိုင်ငံကနေပဲ စတင်သင့်ပါတယ်" ဟု ဥရောပ သမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Stefan Frowein က စနေနေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ရိုဟင်ဂျာ လူမျိုးစုဝင် သိန်းပေါင်း များစွာသည် မြန်မာနိုင်ငံရှိ နေအိမ်များကို စွန့်ခွာ၍ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် သြစတြေးလျားနိုင်ငံများသို့ ဒုက္ခသည် အဖြစ် သွားရောက်နေကြခြင်းကြောင့် ရိုဟင်ဂျာ ပြဿနာကို ဒေသတွင်း ကိစ္စတစ်ခု အဖြစ် ၎င်းက ဆွေးနွေးခဲ့သည်။

"ဒီကိစ္စက ဒေသနဲ့ဆိုင်တဲ့ ပြဿနာပါ။ တရုတ်နဲ့ အာဆီယံတို့ပါ သက်ဆိုင်နေလို့ ခြုံငုံပြီး ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်ပါတယ်" ဟု ၎င်းက ဆိုသည်။

မြန်မာ အစိုးရက ရိုဟင်ဂျာ လူမျိုးများ ၎င်းတို့ နိုင်ငံမှ ထွက်ခွာအောင် ဖိအားပေးခြင်း မပြုအောင် အီးယူက တစုံတရာ စည်းရုံး လှုပ်ရှားခဲ့ပါသလားဟု မေးမြန်းခဲ့ရာ၊ ၎င်းက "မြန်မာနိုင်ငံသည် ထိုသို့ ပြောဆိုရန် လွယ်ကူသော နိုင်ငံ မဟုတ်" ဟု ဖြေကြားခဲ့သည်။

သို့ရာတွင် မြန်မာနိုင်ငံ အဖွဲ့ဝင် အဖြစ် ပါဝင်နေသော အာဆီယံ အဖွဲ့၊ မြန်မာနိုင်ငံနှင့် အထူး ဆက်ဆံရေး ရှိသော တရုတ်နိုင်ငံတို့သည် ယခု ပြဿနာကို ဖြေရှင်းရန် ၎င်းတို့၏ လုပ်ပိုင်ခွင့် အာဏာကို အသုံးပြုဖွယ် ရှိသည်ဟု ၎င်းက ပြောကြားသည်။

အလွန် များပြားသော ဒုက္ခသည်များကို ၁၈ နှစ်ခန့် လက်ခံထားခဲ့သည့် အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၎င်းက ချီးကျူးခဲ့သည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ကို ရိုဟင်ဂျာ ဒုက္ခသည် စခန်းများ အနီးတဝိုက်မှ ဒေသခံ အသိုင်းအဝိုင်း၏ အခြေအနေများကို တိုးတက်စေမည့် ယူရိုငွေ ၁၅ သန်း တန်ဖိုးရှိ အစီအစဉ်သစ် တစ်ခုကို အကောင်အထည် ဖော်ရန် အလားအလာရှိသည်ဟု အီးယူ သံအမတ်ကြီးက ပြောကြားခဲ့သည်။

ဒိန်းမတ် သံအမတ် Einar H Jensen၊ ပြင်သစ် သံအမတ် Charley Cavseret၊ ဂျာမန် သံအမတ် Holger Michael၊ အီတလီ သံအမတ် Itala Occhi၊ စပိန် သံအမတ် Artutro Perez Martinez၊ ဆွီဒင် သံအမတ် Britt Falkman Hagstrom နှင့် နယ်သာလန် သံရုံး ပထမအတွင်းဝန် Anja Roelofs စသည့် အီးယူ သံအမတ်များ ဒက်ကား Sheraton ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN News, 8th May 2010

ထိုင်းအစိုးရ ဆန့်ကျင် ဆန္ဒပြသူများ စခန်းချနေသည့် နယ်မြေများတွင် စနေနေ့ မနက် အစောပိုင်းတွင်မှ ပြီးဆုံးသွားခဲ့သည့် ညလုံးပေါက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုတွင် ရဲအရာရှိ ၂ ဦး သေဆုံးကာ လူ ၈ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ပထမဆုံး တိုက်ခိုက်မှု အဖြစ် ပစ်ခတ် မောင်းထုတ်ခဲ့ရာတွင် ရဲအရာရှိ ၂ ဦး သေဆုံးခဲ့သည်။ အဓိကရုဏ်း နှိမ်နင်းရေး ရဲများ စောင့်ကြပ်နေသော ဘန်ကောက် စီးပွားရေး ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အစိုးရ အီရာဝမ် အရေးပေါ် စင်တာက ပြောကြားသည်။

စနေနေ့ မနက် အစောပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များထံ လက်ပစ်ဗုံး များစွာဖြင့် ပစ်ပေါက်ခဲ့ကြပြီး၊ ဆန္ဒပြသူများ စခန်းချနေသော မြို့လည် နယ်မြေကို စစ်တပ်က ဝိုင်းရံထားသည်ဟု သိရှိရသည်။ ယခု တိုက်ခိုက်မှုတွင် ၈ ဦး ထိခိုက် ဒဏ်ရာရခဲ့သည်ဟု အရေးပေါ် စင်တာက ပြောသည်။

အစိုးရ ဆန့်ကျင် ဆန္ဒပြသူ ထောင်ပေါင်းများစွာသည် ဘန်ကောက်မြို့လည်တွင် တစ်လကျော် ရပ်ဆိုင်းသွားအောင် ပြုလုပ်ခဲ့ကြပြီး ဝန်ကြီးချုပ် အဘီဆစ် အစိုးရ နှုတ်ထွက်ရန် ဖိအားပေးခဲ့ကြကာ အဘီဆစ် အစိုးရသည် တရားမဝင်၊ ဒီမိုကရေစီ နည်းမကျဟု စွပ်စွဲခဲ့ကြသည်။ ၎င်းစွပ်စွဲချက်များသည် အခြေအမြစ် မရှိဟု အဘီဆစ်က ပြန်လည် တုန့်ပြန်သည်။

ရှပ်နီဝတ် အုပ်စုဟု ကျော်ကြားသော ဆန္ဒပြသူများသည် ထိုင်းနိုင်ငံကို ၂၀၀၁ မှ ၂၀၀၆ အထိ အုပ်ချုပ်ခဲ့သော ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို ထောက်ခံသူများ ဖြစ်ပြီး သက်ဆင်သည် ၂၀၀၆ သွေးမြေမကျ စစ်တပ် အာဏာသိမ်းမှုတွင် ပြည်ပသို့ တိမ်းရှောင်ခဲ့သည်။

ရှပ်နီ ခေါင်းဆောင်များက အစိုးရနှင့် သဘော တူညီချက် ရရှိခဲ့သည်ဟု အင်္ဂါနေ့က ကြေညာခဲ့သော်လည်း လွှတ်တော် ဖျက်သိမ်းမှုကို ဝန်ကြီးချုပ်က မကြေညာမချင်း ဆန္ဒပြမှုများကို အဆုံးသတ်မည် မဟုတ်ဟု ပြောဆိုခဲ့သည်။

ဘန်ကောက်မြို့လည် ဈေးဝယ်ရပ်ကွက်နှင့် အဓိက တိုးရစ်စ် နယ်မြေများကို ဆန္ဒပြသူများက သိမ်းပိုက်ထားချိန်မှစ၍ ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုများတွင် အရပ်သားနှင့် စစ်သား ၂ ဒါဇင်ကျော် သေဆုံးခဲ့ပြီ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Yahoo News, 9th May 2010

ပြီးခဲ့သည့် အပတ်က နယူးယောက် Time Square တွင် မအောင်မြင်သော ကားဗုံးခွဲရန် စီစဉ်မှုကြောင့် အမေရိကန် ပြည်ထောင်စုက ပါကစ္စတန်အား ၎င်း၏ အစ္စလာမ်မစ် စစ်သွေးကြွများကို အရေးယူမှုများ အမြန်ဆုံး ဆောင်ရွက်ရန် အလိုရှိကြောင်း သတိပေးလိုက်သည်ဟု စနေနေ့က New York Times က သတင်းပေးပို့ခဲ့သည်။

Times ၏ Website တွင် သတင်း ရေးသားထားမှုအရ အာဖကန်နစ္စတန်ရှိ အမေရိကန် စစ်တပ်မှူး ဗိုလ်ချုပ်ကြီး Stanley McChrystal နှင့် ပါကစ္စတန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ashfaq Parvez Kayani တို့ သောကြာနေ့က တွေ့ဆုံရာတွင် Waziristan မြောက်ပိုင်းမှ တာလီဘန်များနှင့် အယ်ကိုင်ဒါများကို စစ်ရေးအရ အမြန်ဆုံး စတင် တိုက်ခိုက်ရန် အမေရိကန်က တိုက်တွန်းခဲ့သည်။

အဆိုပါ တွေ့ဆုံမှုကို သိရှိသော တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ဝါရှင်တန်၏ ဖိအားပေးမှုအား ပြီးခဲ့သည့် လများအတွင်းက အိုဘားမား အစိုးရ၏ အေးတိအေးစက် ချဉ်းကပ် အားပေးမှုမှ ရုတ်တရက် ထိရောက်သော ပြောင်းလဲမှု ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ပါကစ္စတန် နိုင်ငံတွင် မွေးဖွားသော အမေရိကန် နိုင်ငံသား အသက် ၃၀ အရွယ်ရှိ Faisal Shahzad အား တနင်္လာနေ့က ဖမ်းဆီးခဲ့ပြီး၊ အာဏာပိုင်များက ပြောကြားရာတွင် ၎င်းသည် နယူးယောက် Time Square တွင် ဗုံးပါသော ကားအား ရပ်ထားခဲ့ပြီး ၂ ရက် အကြာတွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

အစ္စလာမ်မာဘတ်တွင် ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီးက စနေနေ့က ပြောကြားရာတွင် ပါကစ္စတန် စုံစမ်း စစ်ဆေးသူများသည် Shahzad နှင့်ပတ်သက်၍ အမေရိကန်မှ ပေးသော သတင်းများကို စီစစ်လျက် ရှိကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန် ဦးစီးချုပ် Kayani အား အမေရိကန် တာဝန်ရှိသူမှ "ကျွန်တော်တို့ ပြောလိုတာက ခင်ဗျားတို့ North Waziristan ကို ဝင်တိုက်ကို တိုက်ရပါလိမ့်မယ်"  ဟု ပြောခဲ့သည်ဟု Times က ဆိုသည်။

အခြား တာဝန်ရှိသူ တစ်ဦးက ပါကစ္စတန် နိုင်ငံတွင်းရှိ အမေရိကန် မြေပြင်တပ်များ၏ အရေးကြီးသော အလားအလာများနှင့် ပတ်သက်၍ ပြောကြားရာတွင် "ပြောရမှာတော့ ဝမ်းနည်းပါတယ်။ အကယ်၍များ တစ်ခုခု သူတို့ရဲ့ တိုက်ခိုက်မှု အောင်မြင်ခဲ့ရင် ပါကစ္စတန်ထဲမှာ ကျွန်တော်တို့ တစ်ခုခု လုပ်ရပါလိမ့်မယ်" ဟု ပြောခဲ့သည်ဟု ဆိုသည်။

သတင်းများအရ အမေရိကန်သည် ပါကစ္စတန်တွင် ရှိသော အမေရိကန် အထူး စစ်ဆင်ရေး တပ်ဖွဲ့ အင်အားတိုးရေးကို ကြိုးစားလျက် ရှိကြောင်း၊ သို့သော် အကြံပေးခြင်း၊ လေ့ကျင့်ရေး အစီအစဉ်များ၊ စသည်တို့ကို  ခိုင်မာသော ဆန့်ကျင်မှုများနှင့် ကြုံတွေ့နေကြောင်း သိရှိရသည်။

ပါကစ္စတန် တာဝန်ရှိသူ တစ်ဦး၏ အဆိုအရ ပါကစ္စတန် ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Anne Patterson သည် ပြီးခဲ့သည့် အပတ် မအောင်မြင်သော ဗုံးခွဲရန် ကြိုးစားမှု အပြီးတွင် ပါကစ္စတန် သမ္မတကြီး Asif Ali Zardaric အား တွေ့ဆုံပြီး ရှင်းလင်း ပြတ်သားသော အသုံးအနှုန်းများဖြင့် လူ့အဖွဲ့အစည်းများ အတွင်း စစ်သွေးကြွများ၏ ခြိမ်းခြောက်လာမှုများကို ခိုင်ခိုင်မာမာ အရေးယူ ဆောင်ရွက်ရလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Times က ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(May 9th 2010 ရက်စွဲပါ The Japan Times တွင် Nyan Win Maung – Thayang၊ ထိုင်းနိုင်ငံ၏ အယ်ဒီတာထံ ပေးစာကို ဘာသာပြန်ထားခြင်း ဖြစ်သည်။)

ကျွန်တော်သည် မေလ ၂ ရက်နေ့က ညွန့်ရွှေ၏ Life or death for Aung San Suu Kyi's Party? (Yangon Chronicle တွင် မေလ ၃ ရက်နေ့က ဖော်ပြပြီး) ဆောင်းပါး အပေါ် အမြင်ရှင်းပြီး လက်တွေ့ကျသော ရေးသားမှု အဖြစ် ကြိုဆိုလိုက်သည်။ နိုင်ငံခြား တိုင်းပြည်များ၏ အထီးကျန် ပစ်ပယ်ထားမှု၊ ပိတ်ဆို့ အရေးယူမှုများသည် သာမန် ပြည်သူများကို ကောင်းကျိုး နည်းနည်းမျှ မပေးပါ။ ကျူးဘားနှင့် မြောက်ကိုရီးယားသည် အားနည်းချက်များ ရှိသော အမေရိကန်နှင့် ဥရောပ၏ နိုင်ငံခြားရေး မူဝါဒများ ရှိနေသည့် ကြားမှ လူဆိုးများ အဖြစ် ရပ်တည်နိုင်နေဆဲပင် ဖြစ်သည်။

ကျူးဘားအား အရေးယူ ပိတ်ဆို့ထားမှုများသည် ၁၉၆၂ ခုနှစ် ဒုံးကျည် ပဋိပက္ခ အတွင်း အမေရိကန်က ကျူးဘားကို အရှက်တကွဲ ဖြစ်စေရန် ရည်ရွယ်ရင်း စတင် မြစ်ဖျားခံလာခြင်း ဖြစ်ပြီး လူ့အခွင့်အရေး ကိစ္စ၊ ဒီမိုကရေစီ ကိစ္စများ မပါဝင်ပေ။ ကျူးဘားနိုင်ငံတွင် ကက်စထရို အာဏာ မသိမ်းမီက လွတ်လွတ်လပ်လပ် လှုပ်ရှားနေသော အမေရိကန် မာဖီးယားများ ခြေချင်းလိမ် နေခဲ့သည်။

ပထမ အကြိမ် ပါရှန် ပင်လယ်ကွေ့ တိုက်ပွဲ အပြီးတွင် အီရတ် နိုင်ငံ အပေါ် ချမှတ်ခဲ့သော အရေးယူမှုများသည် Saddam Hussein ကို မထိခိုက်ပဲ အီရတ် ကလေးငယ်များထံသို့ ဆေးဝါးများ၊ အဟာရများနှင့် ရေသန့်များ မရောက်ရှိအောင် ပြုလုပ်လိုက်သလို ဖြစ်ခဲ့ရသည်။ Madeleine Albright နှင့် Bill Cliton တို့၏ လုပ်ဆောင်မှုများကို ကမ္ဘာနိုင်ငံ အချို့က လေးစားခဲ့ကြသော်လည်း ၎င်းတို့၏ လုပ်ဆောင်မှုများသည် အီရတ် ကလေးငယ်များကို ရာဇဝတ် ကျူးလွန်သူများ ဖြစ်သွားစေသည်။

အာဆီယံ နိုင်ငံသား တစ်ဦး အနေဖြင့် ကျွန်ုပ်သည် မြန်မာနိုင်ငံအား အထီးကျန်နေစေခြင်းကို မကြည့်လိုပါ။ မြန်မာ ပြည်သူများ ရှေ့ဆက် ခံစားနေရသည်များကိုလည်း မမြင်လိုတော့ပါ။ အိန္ဒိယ နယ်စပ်တွင် IT Outsourcing များ တည်ထောင်ခြင်းနှင့် တရုတ်နယ်စပ်တွင် တဆင့်ခံ ကန်ထရိုက် လုပ်ငန်းများ ပြုလုပ်ခြင်း စသည့် အပြုသဘောဆောင်သည့် ဆက်ဆံရေးများသည် အသုံးမဝင်သော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ စာသားများ ရွတ်ဆိုနေမှုထက်စာလျှင် မြန်မာပြည်သူများကို အထောက်အကူ ဖြစ်စေသည်။ မြန်မာနိုင်ငံ၏ အဖြစ်အပျက်သည် တိုင်းပြည်၏ ပြည်တွင်းရေးကို ရည်ရွယ်ချက် ရှိရှိဖြင့် နိုင်ငံခြားမှ ဝင်ရောက် စွက်ဖက်ခြင်း၏ မအောင်မြင်သော နိဂုံးအတွက် ဥပမာ ကောင်းတစ်ခု ဖြစ်သည်။

ယခုလည်း အာဖကန်နစ္စတန်နှင့် ပါကစ္စတန် နယ်စပ်ရှိ နိုင်ငံတကာ တပ်ဖွဲ့များ အနေဖြင့် သဘောပေါက်သင့်သည်မှာ ဒီမိုကရေစီကို နေ့ချင်း ညချင်း ယူဆောင်၍ မရနိုင် ဆိုသည့် အချက်ဖြစ်ပြီး၊ ယခု ကိစ္စတွင် ကိုးနှစ်တိုင်ခဲ့ပြီး လိုရာ မရောက်သေးပေ။ သို့တည်းမဟုတ် အမေရိကန်တို့၏ အမှတ်တမဲ့ အဆက်မပြတ် ဗုံးခွဲမှုများသည် ဒီမိုကရေစီကို အမြစ်တွယ်စေမည်လော ဟူ၍ ဖြစ်သည်။

မြန်မာ ပြည်သူများ၏ လိုအပ်ချက်မှာ တစ်နေ့ သုံးကြိမ် ထမင်းနပ်မှန်အောင် စားနိုင်ရေး၊ အဝတ် ဝတ်နိုင်ရေး၊ ဆိုင်ကလုန်းဒဏ် ခံနိုင်သော အမိုးအကာ လုံခြုံရေးများပင် ဖြစ်သည်။ လွန်ခဲ့သော အနှစ် ၂၀ အတွင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်ဆု ရပြီးကတည်းက သူမ၏ မျက်ကန်း ယုံကြည်မှုနှင့် အဖြေမထွက်သော မပြောင်းလဲသော ရပ်တည်ချက်များမှ မည်သည့် အကျိုးရလဒ်မျှ မတွေ့ခဲ့ရပေ။ သူမ၏ စွမ်းဆောင်မှုများ ဤမျှလောက်နှင့် ပြီးဆုံး မသွားပါစေနှင့်ဟု ကျွန်တော် အထူး မျှော်လင့်နေမိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 8th May 2010

ဦးသိန်းစိန်နှင့် ၎င်း၏ စစ်ဖက် လုပ်ဖော်ကိုင်ဘက်ဟောင်းများသည် လွှတ်တော်တွင်းမှ တပ်မတော်၏ ဝေစု ၂၅% ကို အပိုဆောင်း ပေးနိုင်ကြမည် ဖြစ်ပြီး လွတ်လပ်သော ရွေးကောက်ပွဲ ဟူသော အသွင်အပြင် အောက်တွင် နိုင်ငံကို တပ်မတော်က ဆက်လက် ထိန်းချုပ်ရန် ကြိုးစားနေသည်။

မြန်မာ စစ်ဖက် ထိပ်ပိုင်း ခေါင်းဆောင် အချို့ စစ်ဖက် ရာထူးများ စွန့်လွှတ်၍ နိုင်ငံရေး ပါတီသစ် တစ်ခု ဖွဲ့စည်းခဲ့ကြခြင်းသည် ယခုနှစ် နှောင်းပိုင်း ကျင်းပမည့် ရွေးကောက်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အရပ်ဖက် အုပ်ချုပ်ရေးစနစ် ပြန်လည် ကျင့်သုံးရန် နိုင်ငံတကာ အသိုင်းအဝိုင်းက အစဉ်တစိုက် တောင်းဆိုခဲ့သည်။ နိုင်ငံရေးသမား မြောက်များစွာ မပါဝင်နိုင်အောင် တားဆီးထားသည့် တင်းကျပ်သော ရွေးကောက်ပွဲ ဥပဒေကို ပြဌာန်းခဲ့ပြီးနောက် စစ်ဗိုလ်ချုပ် အချို့၏ အရပ်ဝတ်လဲမှု နောက်ဆက်တွဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အစိုးရ ဝန်ကြီးများ စစ်ယူနီဖောင်း ချွတ်ရန် ဆုံးဖြတ်ခြင်းသည် မြန်မာနိုင်ငံ အနာဂတ်အတွက် အဖြေ ထွက်လာသည်ထက် မေးစရာများသာ ပိုမို ထွက်ပေါ် လာစေသည်။

စစ်ဖက် အစိုးရက ရေးဆွဲခဲ့သော အငြင်းပွားဖွယ် အခြေခံ ဥပဒေ၏ အောက်တွင် ယခုနှစ်ကုန် ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု မြန်မာ အာဏာပိုင်များက ပြောကြားထားပြီး ၁၉၆၂ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် အရပ်ဖက် အုပ်ချုပ်ရေး ပြန်လည် ကျင့်သုံးမည် ဖြစ်သည့် စစ်ဗိုလ်ချုပ်များက လာမည့် ရွေးကောက်ပွဲများသည် ၎င်းတို့၏ ပြည်တွင်း ဂုဏ်သိက္ခာ တက်စေရန်နှင့် နိုင်ငံတကာမှ ၎င်းတို့ အပေါ်ဝေဖန်နေသည်ကို အာရုံလွှဲပြောင်းရန် နည်းလမ်း အဖြစ် ရှုမြင် နေကြသည်။

ဤအကြံအစည် အထမြောက်စေရန် အတွက် မြန်မာ ခေါင်းဆောင်များသည် နိုင်ငံရေး လုပ်ငန်းစဉ်ကို ဖွင့်ဟပေးရမည့် အစား အခြေခံ ဥပဒေသစ်နှင့် ရွေးကောက်ပွဲ ဥပဒေသစ်တို့ဖြင့် တင်းကျပ် လိုက်သည်။ အခြေခံ ဥပဒေအရ မဲမပေးမီမှာပင် လွှတ်တော်နေရာ ၂၅% ကို စစ်တပ် အတွက် ဖယ်ထားပြီး ဖြစ်သည်။ ယခုအခါ ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်ဟောင်းများသည် စစ်ရာထူး စွန့်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသစ်ကို ဖွဲ့စည်းခြင်းဖြင့် လွှတ်တော်တွင်း တပ်မတော်၏ ၂၅% ဝေစုကို ထပ်တိုးစေမည် ဖြစ်ကာ လွတ်လပ်သော ရွေးကောက်ပွဲ အသွင်အပြင် အောက်တွင် တိုင်းပြည်ကို ဆက်လက် ထိန်းချုပ်ရန် ကြိုးစားနေသည်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီသည် ၎င်း၏ အစီအစဉ်များကို ယခုထိ မကြေညာ သေးသော်လည်း မကြာမီ ရှင်းလင်းစွာ ကြေညာမည်ဟု မျှော်လင့်ရသည်။ သိက္ခာကြီး နိုင်ငံရေး လုပ်ငန်းစဉ် ဖြစ်ရေးမှာ လက်ရှိ နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းပြည် အနာဂတ် အတွက် ပြောရေး ဆိုခွင့်ရှိသူ တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံးနှင့် ထိရောက် ကျယ်ပြန့်သော ဆွေးနွေးပွဲ ဖော်ထုတ်ရန် အခွင့်အရေး နှင့်အတူ ပွင့်လင်း၊ လွတ်လပ်၊ မျှတသော ရွေးကောက်ပွဲ ကျင်းပရေးတို့ကို မဖြစ်မနေ လိုအပ်နေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(၉ မေလထုတ် ဂျပန်တိုင်းမ် တွင် Derek Tonkin ၏ အယ်ဒီတာထံ ပေးစာ)

By Derek Tonkin: ထိုင်းနိုင်ငံဆိုရာ ဗြိတိသျှ သံအမတ် (၁၉၈၆-၈၉), The Japan Times, 9 May 2010

          မေလ ၃ ရက်နေ့ထုတ် ဂျပန်တိုင်းမ် သတင်းစာ ခေါင်းကြီးပိုင်း "Election Posturing in Myanmar" အပေါ်တွင် မှန်ကန်တိကျသော မှတ်ချက်အချို့ ပေးလိုပါသည်။( ဟန်တစ်လုံး ပန်တလုံး မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲ အမည်ဖြင့် မေ ၄ ရက်တွင် ဘာသာပြန်ဆိုဖော်ပြပြီး ဖြစ်သည်။ အယ်ဒီတာ)

          မြန်မာနိုင်ငံ၏ ၂၀၀၈ အခြေခံ ဥပဒေသည် နိုင်ငံခြားသားများနှင့် လက်ထပ်ထားသူများ ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်းကို တားဆီးထားခြင်းမရှိပါ။ ဥပဒေပါ တားမြစ်ချက်သည် သမ္မတ လောင်းများအတွက်သာ သက်ဆိုင်မှု ရှိပြီး အမျိုးသားလွှတ်တော် ၂ ရပ်နှင့် တိုင်းနှင့် ပြည်နယ် ဒေသကြီး လွှတ်တော် ၇ ရပ်တွင် ပါဝင်ယှဉ်ပြိုင်မည့် အမတ်လောင်းများအပေါ် သက်ရောက်မှု မရှိပါ။

          ဒေါ်အောင်ဆန်းစုကြည်၏ ကိစ္စတွင် သူမအနေဖြင့် သမ္မတလောင်း အဖြစ် အမည်စာရင်း တင်သွင်းရန် စည်းကမ်း မညီညွတ်ခြင်းမှာ ဗြိတိသျှလူမျိုး ပါမောက္ခ မိုက်ကယ် အဲရစ်နှင့် လက်ထပ်ခဲ့ခြင်းကြောင့်သာမကဘဲ သူမ၏ သားနှစ်ယောက်လုံး ဗြိတိသျှ နိုင်ငံသား ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

          ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲတွင် ပါဝင်ရန်အတွက် ယခုအချိန်အထိ မကင်းလွတ်သေးသည့် အချက်မှာ သူမသည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်အတွင်း ဥပဒေ ချိုးဖောက်မှုဖြင့် ၂၀၀၉ သြဂုတ်တွင် ပြစ်ဒဏ် ချမှတ်ခံခဲ့ရသောကြောင့် ဖြစ်သည်။

          သူမ၏ ပြစ်ဒဏ်မှာ တားမြစ်ချက် တစ်ရပ်သာ ဖြစ်ပြီး အကြောင်းမှာ သူမသည် ထောင်ထဲတွင် ရှိမနေသောကြောင့် ဖြစ်သည်။ နေအိမ်အကျယ်ချုပ်ကျခြင်းသည် ထောင်ဒဏ် ကျခံခြင်းနှင့် အလားတူ သတ်မှတ်နိုင်ခြင်းရှိ၊ မရှိမှာ ရွေးကောက်ပွဲ ကော်မရှင်ကသာ ဆုံးဖြတ်ပေးနိုင်ပါလိမ့်မည်။

          ၁၉၉၀ ရွေးကောက်ပွဲများ ကျင်းပစဉ်ကာလတွင် စစ်ဖက်အစိုးရက နေအိမ်အကျယ်ချုပ် ပြစ်ဒဏ်သည် ထောင်ကျခြင်းနှင့် အလားတူ သတ်မှတ်၍ မရဟု ဆုံးဖြတ်ခဲ့ဘူးသော်လည်း သူမ ပါဝင်ခွင့်ကို အခြားစည်းကမ်းများဖြင့် တားဆီးခဲ့သည်။

          ဒေါ်အောင်ဆန်းစုကြည့်၏ အနေအထားကို ရွေးကောက်ပါ ကော်မရှင်က ဆုံးဖြတ်ခြင်းမရှိသေးဘဲ NLD ပါတီ ရွေးကောက်ပွဲ ဝင်နိုင်ရန် သူမအား ထုတ်ပယ်ဖို့ လိုသည်ဟု ပြောရန် မဖြစ်နိုင်သေးပါ။ ပထမဦးစွာ NLD ပါတီအနေဖြင့် သူမ၏ အနေအထားအပေါ် ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်ကို ရယူရန် လိုအပ်ပါသည်။

          ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီက ၈၀ ရာနှုန်းအနိုင်ရသည် ဆိုသည့် အချက်မှာ မမှန်ကန်ပါ။ ၎င်းတို့ ပါဝင်ယှဉ်ပြိုင်သော ၄၈၅ နေရာ၏ ၈၀.၈၂ ရာနှုန်း အနိုင်ရခြင်းဖြစ်ပြီး မဲဆန္ဒနယ် အားလုံး၏ ၅၂.၄၄ ရာနှုန်း ကို အနိုင်ရရှိခြင်းသာ ဖြစ်ပါသည်။

          ယခု အယ်ဒီတာထံပေးစာတွင် ဖော်ပြထားသော သုံးသပ်ချက်များသည် စာရေးသူ၏ ကိုယ်ပိုင်အယူအဆသာ ဖြစ်ပြီး The Japan Times ၏ မူဝါဒများကို ကိုယ်စားပြုခြင်းမဟုတ်ပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Bangkok Post, 9 May 2010

          မြန်မာအစိုးရသည် ယခုနှစ် ရွေးကောက်ပွဲ မတိုင်မီ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား ၎င်း၏ ထိန်းချုပ်မှု အောက်သို့ သွပ်သွင်းရန် ကြိုးစားလျက်ရှိရာ ရှမ်းပြည်နယ် တပ်မတော် (SSA) အနေဖြင့် မြန်မာ အစိုးရအား အရှုံးပေးလိမ့်မည်မဟုတ်ကြောင်း သံန္နိဋ္ဌာန် ချထားသည်ဟု ဆိုပါသည်။

          တနင်္ဂနွေနေ့က ဘန်ကောက်ပို့စ် နှင့် ပြုလုပ်သော အင်တာဗျူးတွင် (SSA) ခေါင်းဆောင် ဗိုလ်မှူးကြီး ရွက်ဆစ်က အစိုးရအား လက်နက်ချရန် စိတ်ကူးမရှိကြောင်းပြောကြားခဲ့ပါသည်။ " ဘာတွေပဲ ဖြစ်နေဖြစ်နေ ကျွန်တော်တို့ကတော့ မြန်မာအစိုးရကို လက်နက် မအပ်နိုင်ပါဘူး။ အဲဒီကိစ္စ မဖြစ်နိုင်ပါဘူး" ဟု ရွက်ဆစ်က ပြောပါသည်။

          (SSA) သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရန် အစိုးရအား တိုက်ပွဲဝင်နေသော တိုင်းရင်းသား အဖွဲ့တွင် တစ်ခုအပါအဝင်ဖြစ်ပြီး အများစုသည် ထိုင်း­ - မြန်မာ နယ်စပ်တွင် ရှိပါသည်။

          အခြေအနေသည် တင်းမာမှု လျော့ပါးမည့် အရိပ်လက္ခဏာ မရှိဘဲ ပဋိပက္ခကို ရှည်ကြာစေမည့် အသွင်ဆောင်နေပါသည်။ နောက်ဆုံး အစိုးရ၏ ဗျူဟာမှာ တိုင်းရင်းသား အဖွဲ့များကို မြန်မာစစ်တပ် လက်အောက် နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေး ဖြစ်ပါသည်။

          (SSA) ၏ မဟာမိတ်ဖြစ်သော ဝ တပ် (UWSA) မှာလည်း အဆိုပါ ကိစ္စအား ဖိအားပေးမှုများနှင့် ကြုံတွေ့နေရပါသည်။ UWSA သည် ခေါင်းဆောင် ပေါက်ယူချမ်း လက်အောက်တွင် စစ်သွေးကြွ စစ်သည် အင်အား တစ်သောင်းကျော်ရှိသည်။ ၎င်းတို့သည် မြန်မာစစ်တပ်မှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့ပြီးနောက် အစိုးရ အစီအစဉ်ကို ငြင်းပယ်ခဲ့ပါသည်။

          ရွက်ဆစ်က ပြောကြားရာတွင် ၎င်းအားလည်း မြန်မာစစ်တပ်မှ အရာရှိ လေးဦးက အဆိုပါကိစ္စ ညှိနှိုင်းဆွေးနွေးရန် ဆက်သွယ်ခဲ့ကြောင်း၊ မြန်မာ အစိုးရ၏ မရိုးသားမှုများ ထင်ဟပ်လျက်ရှိကြောင်း ဆိုပါသည်။

          "သူတို့က ဘာလို့ တစ်ယောက်ယောက်ကို ပုံမှန် တာဝန်ပေးပြီး ကျွန်တော်တို့ကို လာမတွေ့တာလဲ။ အခုလုပ်ရပ်က ကျွန်တော်တို့ မဟာ မိတ်တွေကြားမှာ သံသယတွေဖြစ်အောင် ဖန်တီးဖို့ နည်းလမ်းတစ်ခုနဲ့ လုပ်တာလို့ ထင်ပါတယ်" ဟု ၎င်းက ပြောပါသည်။

          ရှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ Kuensai Jaiyen က ပြောကြားရာတွင် အဆိုပါ အစိုးရဆန့်ကျင်ရေး အင်အားစုများသည် မြန်မာစစ်တပ် ဘုံရန်သူကို တိုက်ရန် မဟာမိတ် ပြုထားမှု ခိုင်မာအောင် ထိန်းသိမ်း ထားလိမ့်မည်ဟု ဆိုပါသည်။

          သို့သော် (SSA) အနေဖြင့် မြန်မာအစိုးရအား ခံ၍ မတိုက်နိုင်ခဲ့သော် ထိုင်းအစိုးရထံတွင်သာ လက်နက်ချရန် ဖြစ်နိုင်ချေ များကြောင်း ၎င်းက ဆိုပါသည်။

          ရွက်ဆစ်က ရှင်းလင်းပြောကြားရာတွင် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာ နေထိုင်ရန် မဖြစ်သောကြောင့် ယခုအချိန်အထိ ရှမ်းလူမျိုး တစ်သန်းခန့် ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ကြရကြောင်း ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည့် အမေရိကန်သံတမန် Kurt Cambell အား မြန်မာစစ်အစိုးရက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေး ဖွယ်ရာရှိကြောင်း တာဝန်ရှိသူတစ်ဦးက AFPသတင်းဌာနသို့ ပြောကြားသည်။

အကယ်၍ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားအတိုက်အခံ အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ပြုမှသာ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Cambell ကို စေလွှတ်မည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၇ ရက်နေ့တွင် အသိပေး ပြောကြားသည်။

နိုဗယ်ငြိမ်းချမ်းရေးဆုရှင်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၆၄ နှစ်)သည် လွန်ခဲ့သော နှစ် ၂၀ ကာလအတွင်း ၁၄ နှစ်တာမျှ စစ်အစိုးရ၏ ဖမ်းဆီးအကျဉ်းချ ခံခဲ့ရသူဖြစ်သည်။ သံတမန် Kurt Cambell သည် ၁၄ နှစ်တာ ကာလအတွင်း အမေရိကန်အစိုးရ၏ အဆင့်အမြင့်ဆုံး အရာရှိတစ်ဦးအဖြစ် ပြီးခဲ့သည့် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သူဖြစ်သည်။ မစ္စတာ Cambell သည် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းရေး မူဝါဒကို အကောင်အထည် ဖော်သည့် အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်။

မစ္စတာ Cambell သည် ယခုခရီးစဉ်တွင် မြန်မာနိုင်ငံ၌ သုံးရက်တာမျှ နေထိုင်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ (NLD) ၏ခေါင်းဆောင်များ နှင့်လည်း တွေ့ဆုံရန် ရှိကြောင်း မြန်မာအစိုးရဘက်မှ တာဝန်ရှိသူများက AFP သတင်းဌာနသို့ ပြောဆိုသည်။

"တနင်္လာနေ့မှာ NLD ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ကိုးဦးနဲ့ တွေ့ဆုံ ဆွေးနွေး ပါလိမ့်မယ်။ အဲဒီနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့လည်း ယူဆပါတယ်။ ဒါပေမဲ့ မသေချာသေးပါဘူး" ဟု မြန်မာအစိုးရမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မစ္စတာ Cambell သည် နေပြည်တော်ရှိ စစ်အစိုးရ အဖွဲ့ဝင်များနှင့် သွားရောက်တွေ့ဆုံပြီး နေရပ်သို့မပြန်မီ ရန်ကုန်မြို့သို့ ပြန်လည် ဝင်ရောက်ဦးမည်ဖြစ်ကြောင်းလည်း သိရသည်။ NLD သည် အငြင်းပွားစရာ ဖြစ်နေသော ရွေးကောက်ပွဲ ဥပဒေကို မကျေနပ်၍ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ဟု ဆုံးဖြတ်ခဲ့ရာ ဥပဒေကြောင်းအရ မေလ ၆ ရက်နေ့တွင် တရားဝင် အဖွဲ့အစည်းအဖြစ်မှ ပယ်ပျက်သွားပြီ ဖြစ်သည်။

"မစ္စတာ Cambell နဲ့ တနင်္လာနေ့မှာ တွေ့ဆုံကြမယ်။ သူနဲ့တွေ့ဖို့ စောင့်နေပါလို့ ကျွန်တော်တို့ကို ပြောထားပါတယ်" ဟု NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ပြောကြားသည်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြား တွေ့မယ်လို့လည်း ကြားတယ်။ သူမနဲ့ တခြားနိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့၊ စစ်အစိုးရအနေနဲ့ ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲ တစ်ရပ်ကျင်းပပေးဖို့ စတာတွေ အပေါ်မူတည်ပြီး မစ္စတာ Cambell နဲ့ ကျွန်တော်တို့ ဆွေးနွေးကြမှာပါ" ဟု ဦးတင်ဦးက ပြောကြားသည်။

NLD သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ရန် နောက်ဆုံးနေ့ ဖြစ်သော မေလ ၆ ရက်နေ့ အထိ မှတ်ပုံတင်ရန် ငြင်းဆိုခဲ့သော ပါတီဖြစ်သည်။ NLD ပါတီဝင်အချို့က နိုင်ငံရေး ပါတီသစ် တစ်ခုကို NLD ၏ အဖွဲ့ခွဲတစ်ခုအဖြစ် ယခုရက်သတ္တပတ် အတွင်း ဖွဲ့စည်းတည်ထောင်မည်ဟု သိရသည်။ သို့သော်  ရွေးကောက်ပွဲသို့ ဝင်ရောက်မည့် ကိစ္စကိုမူ မဆုံးဖြတ်ရသေးဟု ဆိုသည်။

ရွေးကောက်ပွဲမဝင်ဘဲ သပိတ်မှောက်သည့် ကိစ္စကြောင့် NLD အတွင်း သက်ကြီးပိုင်းတို့၏ အယူအဆနှင့် မျိုးဆက်သစ် လူငယ်တို့၏ အယူအဆတို့ ကွဲပြားခြားနားလျက် ရှိသည်။ သက်ကြီးပိုင်းများက သဘောထား တင်းမာသည့် အမြင်ရှိသော်လည်း မျိုးဆက်သစ်များကမူ လက်ငင်း အကျိုးဖြစ်ထွန်းမည့် ဝါဒကို ပိုမိုနှစ်သက်ကြသည်။

AFP သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ စစ်အစိုးရ၏ ဖိနှိပ်ချုပ်ခြယ်မှုများကို ရင်ဆိုင်နေရသော အတိုက်အခံ အင်အားစုများအား အမေရိကန် သမ္မတ ဘားရက်အိုဘားမား အုပ်ချုပ်ရေးအဖွဲ့က ကျောထောက်နောက်ခံ ပေးမှုအသစ်များ ထပ်မံပြုလုပ်လိုက်ကြောင်း သိရသည်။

ထို့အတူ အမေရိကန် ဆီနိတ်ကလည်း အိုဘားမား အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် မြန်မာနိုင်ငံအပေါ် ပိုမိုတင်းကြပ်သော ပိတ်ဆို့အရေးယူမှုများ ပြုလုပ်သင့်သည်ဟု တိုက်တွန်းပြီး အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ (NLD) အပေါ်ထားရှိသည့် စည်းလုံးညီညွတ်မှုကို ထုတ်ဖော် ပြသလိုက်သည်။

မြန်မာစစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းရေး ဟူသော ဝါရှင်တန် မူဝါဒသစ်အပေါ် သံသယဖြစ်မှုများ ရှိနေသော်လည်း အမေရိကန်အစိုးရက NLD အပေါ် အားပေး ထောက်ခံမှုများ ကို ယခင်ကထက် တိုးမြှင့်လာသည်ကို တွေ့ရသည်။

NLD ဖျက်သိမ်းပြီးနောက် အဖွဲ့ဝင်အချို့အနေဖြင့် နောက်ထပ်ပါတီခွဲတစ်ခု ထပ်မံ တည်ထောင်ရသည်အထိ ဖြစ်အောင် ဖန်တီးလိုက်သည့် စစ်အစိုးရ၏ လုပ်ဆောင်ချက် များသည် လွန်စွာ နောင်တရဖွယ် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Philip Crowley က ပြောကြားသည်။

"မြန်မာပြည်သူတွေအတွက် ဆက်လက် လုပ်ကိုင်ပေးသွားမယ်ဆိုတဲ့ NLD ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်တို့အနေနဲ့ ချီးကျူးမိပါတယ်" မစ္စတာ Crowley က သတင်းထောက်များကို ပြောကြားသည်။ မြန်မာဟု သုံးနှုန်းမည့်အစား ယခင်နာမည်ဟောင်း ဗမာ (Burma) ဟူသည့် အသုံးအနှုန်းဖြင့် ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

NLD အနေဖြင့် မေလ ၆ ရက်နောက်ဆုံးထားပြီး ရွေးကောက်ပွဲ ကော်မရှင်တွင် ပြန်လည် မှတ်ပုံတင်ရမည် ဖြစ်သော်လည်း အဆိုပါကိစ္စကို ငြင်းပယ်ခဲ့သည်။ အကြောင်းမှာ အကယ်၍ ပြန်လည် မှတ်ပုံတင်လိုက်ပါက နေအိမ်အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်း ခံထားရသော ဒေါ်အောင်ဆန်းစုကြည် ကို ပါတီမှ ထုတ်ပယ်ရမည်ဖြစ်၍ပင်။ ယခုပြုလုပ် မည့်ရွေးကောက်ပွဲသည် စစ်အစိုးရ၏ အာဏာကို တရားဝင်ဖြစ်အောင် ပြုလုပ်ပေးသော အတုအယောင် ရွေးကောက်ပွဲ တစ်ရပ်သာ ဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်များက ဆိုကြသည်။

NLD ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်ဟောင်း တစ်ဦးဖြစ်သော ဦးခင်မောင်ဆွေက ယခုလအတွင်း အဖွဲ့ဝင်ဟောင်းတချို့က ပါတီသစ်တစ်ရပ် ထူထောင်ရန် ရည်မှန်း ထားကြောင်း၊ သို့သော် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မှု ပြုမည်၊ မပြုမီဟူသော ကိစ္စကို မဆုံးဖြတ်ရသေးကြောင်း ပြောကြားသည်။

NLD ပါတီတွင် သက်ကြီးပိုင်း ခေါင်းဆောင်များနှင့် လူငယ် မျိုးဆက်သစ်များ အကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်လျက် ရှိသည်ဟု သုံးသပ်သူတချို့က ဆိုသည်။ NLD မျိုးဆက်သစ်များကမူ သက်ကြီးပိုင်း ခေါင်းဆောင်တို့၏ ဆုံးဖြတ်ချက်ဖြစ်သော ရွေးကောက်ပွဲ သပိတ်မှောက်ရေးကို လက်သင့်မခံကြပေ။

ဤအတောအတွင်းမှာပင် စီနီယာ အမေရိကန် သံတမန်တစ်ဦးဖြစ်သော Kurt Campbell မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ရန် စီစဉ်ထားသည်။ သို့သော် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ အဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့်ပြုမှသာ သွားရောက်မည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။

"စစ်အစိုးရက ကျွန်တော်တို့ ဖြစ်ချင်တဲ့ အခြေအနေတွေကို သဘောမတူဘူးဆိုရင် မြန်မာနိုင်ငံကို မစ္စတာ Campbell သွားမှာမဟုတ်ပါဘူး" ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားသည်။

အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Campbell သည် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ဖူးသည်။ သူသည် နှစ်ပေါင်း ၁၄ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့် အမေရိကန် အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်ခဲ့သည်။

သမ္မတ အိုဘားမား အုပ်ချုပ်ရေးအဖွဲ့က ၂၀၀၉ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် စေ့စပ် ညှိနှိုင်းရေး ဟူသော မူဝါဒသစ်တစ်ရပ်ကို စတင်ကျင့်သုံးလိုက်ရာ မြန်မာနိုင်ငံ အထီးကျန်ဖြစ်ရေး ဟူသော အနောက်ကမ္ဘာက အချိန်ကြာမြင့်စွာ အသုံးပြုခဲ့သည့် လမ်းစဉ် နိဂုံးချုပ်ခဲ့သည်။ အကြောင်းမှာ အထီးကျန်ဖြစ်အောင် ပိတ်ဆို့မှုကြောင့် ရလဒ် တစ်စုံတရာ ကိုမျှ မဖော်ထုတ် နိုင်သောကြောင့်ပင်။

အိုဘားမား အုပ်ချုပ်ရေးအဖွဲ့ စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းရေး မူဝါဒကို ပြောင်းလဲ ကျင့်သုံးသည့်တိုင် ပိတ်ဆို့ အရေးယူမှုများကို ဆက်လက် ထားရှိဆဲပင်ဖြစ်သည်။ မြန်မာ နိုင်ငံတွင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေအနေများ တိုးတက်ဖြစ်ထွန်းမှုကို အခြေခံပြီး ပိတ်ဆို့မှုများကို တဖြည်းဖြည်းချင်း လျှော့ချသွားမည်ဟု ဆိုသည်။

မေလ ရ ရက်နေ့တွင်မူ အမေရိကန်ဆီးနိတ်က အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် NLD ပါတီနှင့် စေ့စပ်ညှိနှိုင်းရေးဟူသည့် တိုက်တွန်း ချက်ပါရှိသော ဆုံးဖြတ်ချက် တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။

အကယ်၍ မြန်မာစစ်အစိုးရက စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ပြီး မြန်မာပြည်သူများအတွက် စစ်မှန်သော ဒီမိုကရေစီ ဖော်ဆောင်ပေးခြင်း မရှိပါက အမေရိကန် အစိုးရအနေဖြင့် ပိုမိုတင်းကျပ်သော ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် စဉ်းစားသင့်သည်ဟု အမေရိကန် ဆီးနိတ်၏ ဆုံးဖြတ်ချက်က ဆိုသည်။

NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သည်။ အမေရိကန်ဆီးနိတ်၏ ယခု တိုက်တွန်း ဆော်သြချက် အသစ်ကို မိမိအနေဖြင့် ကြိုဆိုပါကြောင်း US Campaign for Burma အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်ဒင်က ပြောသည်။

"မြန်မာစစ်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းရေး မူဝါဒကို ပြန်လည်သုံးသပ်ပြီး စစ်အစိုးရကို ပိုမိုတင်းကြပ်တဲ့ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ဖိအားပေးဖို့ တောင်းဆိုလိုက်တဲ့ အမေရိကန် ဆီးနိတ် ရဲ့ သဘောထားကို ကျွန်တော့်အနေနဲ့ ချီးကျူးမိပါတယ်" ဟု ၎င်းက ဆိုသည်။

" မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်မယ့် ကုလသမဂ္ဂ ကော်မရှင်သစ်တစ်ရပ် ထူထောင်နိုင်ဖို့ အမေရိကန် သမ္မတ အိုဘားမား အုပ်ချုပ်ရေးအဖွဲ့ ထောက်ခံ သွားလိမ့်မယ်လို့လည်း ကျွန်တော်မျှော်လင့်ပါတယ်"

Bangkok Post သတင်းစာမှ သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

"အမေ့ဒီနေ့ဖုန်းဆက်လိမ့်မယ်။ ကျွန်တော်ထွက်သွားပြီပြောပေးပါ..။ ဆက်ဆက်ပြန်လာခဲ့မယ်လို့ပြောပေးပါ။"

ဒီစာသားလေးက လွန်ခဲ့တဲ့ ၆လလောက်က နာဂစ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဖြစ်ဖြစ်ပြီးခြင်းတည်း စက် ဆန်းဆိုတဲ့နေရာလေးမှာသွားနေပြီး ဒုက္ခရောက်နေသူတွေကိုကူညီနေရင်း နောက်ဆုံးဘဝပါနစ်ခဲ့ရ တဲ့လူငယ် လေးတစ်ဦးရဲ့ မသေခင်သူ့ရုံးဝှိုက်ဘုတ် မှာရေးခဲ့တဲ့ စာသားလေးပါ။ အဲဒီစာသားလေးရေးပြီး သူတာဝန်ကျရာရွာကို အ ပြန်မှာ လှိုင်းကြီးပြီး သူနဲ့အတူပါလာတဲ့လုပ်ဖော်ကိုင်ဘက် ညီမငယ်တစ်ဦး လှေပေါ်ကပြုတ်ကျတာကို ဆင်း ကယ်ရင်း ရေနစ်သူကိုလှေ ပေါ်တင်အပြီးမှာ သူကအဲဒီမြစ်ကြီးထဲမှာ ထာဝရအနားယူသွားရတဲညီငယ်လေး တစ်ဦးပါ။ အဲဒီညီငယ်လေးဟာ သူရတဲ့လစာလေးနဲ့ သူ့အမေဖြစ်သူရဲ့ ရောဂါကိုကုပေးနေတဲ့ လူငယ်လေးတစ် ဦးလည်းဖြစ်ပါတယ် ဆရာတို့ခင်ဗျား။သူကယ်လိုက်လို့ အသက်ရှင်ကျန်ခဲ့တဲ့ ကလေးမလေးဟါဆိုရင် သူ့သူ ငယ်ချင်းဟါ သူ့ကိုဆင်းကယ်ရင်း အခုလိုဖြစ်သွားတာဆိုပြီး ကျွန်တော်နောက်ဆုံးတွေ့ဆုံခဲ့အချိန်ထိ စိတ်က ယောင်ခြောက်ခြားဖြစ်နေစဲပါ။ နောက်တစ်ခုကိုလည်း ဆက်ဖတ်ပေးပါဦး။

" ကျွန်တော်ဝန်ထမ်းတွေကိုမရိုက်ပါနဲ့ ရိုက်ချင်းရိုက်ရင် တာဝန်ခံကျွန်တော့်ကိုရိုက်ပါ"

ဆိုပြီးသူဝန်ထမ်းတွေကို မူးပြီးရိုက်တဲ့အစိုးရဝန်ထမ်းတစ်ဦးကို ပါးထိုးပေးခဲ့တာ လွန်ခဲ့တဲ့သုံးလလောက်က နာ ဂစ်ဒေသတစ်ခုမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလုပ်ရင်း တရားဝင်လိုင်စင်ရှိမရှိစစ်ဆေးတာကိုဖြေရှင်းဖို့ တာ ဝန်ခံကိုပြန်ခေါ်တာကို သူတို့ခေါ်တာကိုမလေးမစားနဲ့ထွက်ပြေးတယ်ဆိုပြီး ပြန်လာတော့ဝန်ထမ်းကို မူးမူးနဲ့ပါး ရိုက်ခဲ့တဲ့ နယ်စပ်စည်ပင်က အစိုးရဝန်ထမ်းတစ်ဦးကို သူ့ဝန်ထမ်းအစား ပါးထိုးပေးခဲ့တဲလူငယ်တာဝန်ခံတစ်ဦး ရဲ့ဖြစ်ရပ်ပါ။ ဆက်ဖတ်ပါဦး ဆရာကြီးတို့ခင်ဗျား။

"ကောက်ပြီးသားစာရင်းဇယားတွေကို အကုန်ဖြဲပြီးရေထဲလွင့်ပြစ်လိုက်။ Assessment ကဘယ်အချိန်ပြန် ကောက် ကောက်ရတယ်။ မင်းတို့ကိုဘာမှအဖြစ်မခံနိုင်ဘူး။"

ဆိုတဲ့စကားကတော့ သူ့ကိုဖမ်းပြီး ရဲစခန်းကိုကောက်ထားတဲ့စာရင်းတွေနဲ့အတူ ပြန်လာခိုင်းဖို့ ဖုန်းဆက်ခိုင်းတဲ့ ရဲမှူးအရှေ့မှာဘဲ သူဝန်ထမ်းကလေးတွေကို တာဝန်ခံလူငယ်တစ်ယောက်က ဖုန်းနဲ့လှမ်းပြောတဲ့စကားပါ။ ဖြစ် ရပ်လေးက နာဂစ်ဖြစ်ပြီး အနာဂတ်ဧရာဝတီတိုင်းက ပြည်သူတွေရဲ့အနာဂတ်အခြေအနေ ဘယ်လိုဖြစ် လာနိုင် မလဲဆိုတဲ့ သုတေသနစာတမ်းကို ဧရာဝတီတိုင်းတစ်ခုလုံးလှည့်ပြီးကောက်နေတဲ့ လုပ်အားပေးဝန်ထမ်း က လေးတွေရဲ့နောက်ကို ထောက်လှမ်းရေးတွေအတင်းလိုက်လာပြီး တာဝန်ခံကိုဖမ်း(သူတို့အခေါ် မေးစရာလေး ရှိလို့ဆိုပြီး) ပြီး သူနဲ့အတူလုပ်နေတဲ့ကလေးတွေကို ရဲစခန်းကိုလာအစစ်ခံခိုင်းတဲ့အချိန်မှာ မဖြစ်သင့်တာမဖြစ်ရ အောင် ကောက်ထားတဲ့စာရင်းဇယားတွေကိုဖျက်ဆီးခိုင်းတဲ့ ခေါင်းဆောင်လူငယ်တစ်ဦးရဲ့တာဝန်ယူမှုပါ။

"ဒီမှာ အခုလိုလိုအပ်နေတဲ့အချိန်မှာ အဲယားကွန်းတပ်ပေး၊ ကြွက်ရှင်းပေးလာမပြောနဲ့ မလုပ်နိုင်ရင်ပြန်လို့ရ တယ် ငါတို့လူမျိုးဒုက္ခရောက်နေတဲ့အချိန်မှာ မင်းရဲ့ကိုယ်ရေးကိုယ်တာအခက်ခဲတွေကိုဖြေရှင်းမပေးနိုင်ဘူး" ဆိုပြီးနိုင်ငံခြားသားကို ပြန်ခိုင်းတဲ့ တာဝန်ခံတစ်ဦးဟာလည်း မြန်မာအမျိုးသမီး၊ နာဂစ်ဒေသမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်နေတဲ့ သူတစ်ဦးပါ…။

" ဟာသွားပါပြီ စောင်တွေရေစိုကုန်ပြီ။ ဟိုကချမ်းနေတဲ့မိသားစုတွေတော့ ဒုက္ခပါဘဲ။"

ဆိုပြီး သွေးတွေကြားထဲ ကထွက်လာပြီး ကိုယ့်ကိုယ်ကိုပြန်သတိမရဘဲ ညည်းခဲ့တဲ့ ညီမငယ်လေးဟါ… နာ ဂစ်ဒုက္ခသည်တွေကိုစောင်ဝေ ဖို့အသွားလမ်းမှာကားမှောက်ပြီး သွေးသံရဲရဲနဲ့ကြားကနေ ထွက်လာရင်းညည်း တဲ့စကားပါ..။

"သမီးမပြန်ချင်ဘူး။ အိမ်ကိုမပြောပါနဲ့ သိရင်ပြန်လွှတ်မှာမဟုတ်ဘူး။"

ဆိုပြီး ငှက်ဖျားတွေကြားကနေ အိမ်ပြန်ပို့ မှာကိုကြောက်လို့ ကယောင်ကတမ်းညည်းတွားနေတဲ့ မိန်းကလေးက ရန်ကုန်ကနေမိဘတွေ ခွင့်မပြုတဲ့ကြားက နာဂစ်ဒုက္ခသည်တွေကို ကူညီချင်လွန်းလို့ လိုက်လာပြီး ဖျားတဲ့ကြား က အိမ်ပြန်ရမှာကြောက်လို့ညည်းတွားနေခဲ့ ရှာသူလေးရဲ့ အသံပါဆရာတို့ခင်ဗျား။

"မယူခင်ကတောင် ဒီလောက်ပြစ်ထားပြီး လူမှုရေးလုပ်ငန်းတွေဘဲလုပ်နေရင်..ကျွန်မတို့ညားပြီးရင် ရှင်ဒီထက် ပိုဆိုးမယ်။ ဒီတော့ ကျွန်မတို့ဇာတ်လမ်းကို ဒီမှာဘဲရပ်စို့…"

ဆိုတဲ့ အချစ်ဆုံးချစ်သူကိုစွန့်ပြီး လေမကြောက်၊ ရေမကြောက်၊ နင်းမိုင်းမကြောက်၊ ကျည်ဆံမကြောက် လာ လုပ်နေကြတဲ့ လူမှုရေးဝန်ထမ်းလူငယ်လေးဟာ ပျော်လို့ထက်အဓိပ္ပာယ်တစ်ခုအတွက်လို့များဘယ် သူတွေးမိ ဖူးပါသလဲခင်ဗျား။

ကျွန်တော်ဘာလို့ ဒီဟာတွေကိုပြန်လည်ဖော်ထုတ်ရေးသားနေရသလဲဆိုရင် မြန်မာပြည်ဂျာနယ်လောကမှာ အခု တလော အစိုးရကိုပြောမရတဲ့ဒေါသတွေနဲ့ တဖက်သတ်ဖိနင်းပြောဆိုလို့ရတဲ့ဘက်ကို ဒေါသတွေလွှတ် ပေးနေတဲ့ စေတနာအရေခြုံစာတွေအများ ကြီးတက်လာရာမှာ အခုနောက်ဆုံး အန်ဂျီအိုတိုက်ခိုက်ရေး တွေပါ ပါလာလို့ ကျွန်တော်လူမှုဝန်ထမ်းတစ်ဦး အနေနဲ့ဝင်ရော၊ စာဖတ်ပရိတ်သတ်တစ်ဦးအနေနဲ့ပါ တာဝန်ရှိတယ်၊ ပြောသင့်တယ်ထင်လို့ ဝင်ရောက်ရေးသားရခြင်းပါ..။

ကျွန်တော်ပြောချင်တာတစ်ခုက ဆရာကြီးတို့စိုးရိမ်နေသလို ကျွန်တော်တို့ ဘယ်မြန်မာလူမျိုးမှမျောက် မဖြစ် သေးသလို၊ ဘယ်အန်ဂျီအို အသိုင်းအဝိုင်းကမှ သူတောင်းစားမဖြစ်သေးပါဘူး။ ဘူးသီးတောင်မောင်းတောမှာ လက်ထပ်ဖို့တောင် ခွင့်ပြုခြင်းမခံရတဲ့လူမျိုးတွေ၊ ချင်းတောင်မှာ အငတ်ဘေးဆိုက်နေတဲ့ပြည်သူတွေကို အစား အစာထောက်ပံ့ပေးနေတာတွေ၊ ကရင်ပြည်နယ်လမ်းမိုင်းတွေကြားမှာ ဒုက္ခပင်လယ်ဝေနေတဲ့လူတွေကို အစိုးရ နဲ့မျက်နှာချင်းဆိုင်၊ ကျည်ဆံတွေ၊ လေမုန်တိုင်းတွေ၊ မျက်လုံးရိုင်းတွေကို ရင်ဆိုင်ပြီးကယ်တင်ကူညီနေရတာ အန်ဂျီအိုတွေပါဆရာ။ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့။ ကုသိုလ်အတွက်ရော၊ လစာအတွက်ပါ မကြည့်ဘဲ ကျွန်တော်တို့ပေးဆပ်ခဲ့တာတွေမနည်း ပါဘူးဆရာကြီးတို့ခင်ဗျား။ ကုသိုလ်တကယ်ရမရတော့ မသိဘူး၊ ငတ် တလှည့်ပြတ်တလှည့်ကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတဲ့သူတိုင်းသိပါတယ်ခင်ဗျာ။ တကယ်တော့ အန်ဂျီအိုဝန်ထမ်းတွေရဲ့လစာဟာ ကောင်းချင်ကောင်းပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ သူတို့စိုက်ခဲ့တဲ့အတိုင်း ပြန်ရိတ်သိမ်းခွင့်ရခဲ့တာပါ။ သူတို့ လူတွေအတွက်ပေးဆပ်ခဲ့ရတယ်။ သူတို့ဘဝတွေ၊ အချိန်တွေ၊ မျက်ရည်တွေ၊ တန်ဖိုးရှိတဲ့အချိန်တွေကိုပေးဆပ်ပြီး လူတွေ(အတိဒုက္ခရောက်နေရ သူတွေ)ကို သူတို့တတ်နိုင်သလို၊ သူတို့အဖွဲ့ စည်းရဲ့မူဘောင်၊ သူတို့ပင်ကိုယ်ခံယူချက်တွေနဲ့ ညှိနှိုင်းအားထုတ်ပြီး ကြိုးပမ်းဆောင်ရွက်နေတာပါ။

ခပ်ရိုင်းရိုင်းပြောရရင် ကျွန်တော်တို့မြန်မာလူမျိုးတွေက သူ့ကိုပြပြီး ဆန်အတောင်းခံနေရတဲ့ မျောက်ထက်ကို ကံ ဆိုးနေတဲ့လူမျိုးတွေပါ။ ဘာလို့လဲဆိုတော့ အစိုးရဆိုတဲ့ ပထွေးဆိုးက နှိပ်စက်တဲ့အပြင်၊ ပညာလွန် ဘဝင်မြင့် နိုင်ငံခြားပြန် လူတတ်အိမ်နီးချင်းတွေရဲ့အနေချောင် လုပ်စားရေးကြားမှာနစ်မွန်းမြုပ်ကြပ်နေရတဲ့(တခါတလေ ဟေါက် စားပါလုပ်ခံသေးတယ်။)ကါလမှာ အရာရာနောက်ကျနစ်နာရင်းက အခုဆရာတို့ရေးနေတဲ့ဆောင်းပါးတွေ လို ဘာမသိညာမသိ လူဝင်မဆံ့တဲ့ တ ပည့်တွေပြောသမျှ အဟုတ်ထင်ပြီး ဂတိကျွံစာတွေရေးပြီးဆူရင် လည်း ခံရတာ ကျွန်တော်တို့ပြည်သူတဖြစ်လဲ အန်ဂျီအိုဝန်ထမ်း၊ အဖွဲ့စည်းတွေပါ။ ဆရာကြီးတို့လို လူရိုသေ၊ ရှင်ရိုသေ၊ ရန်ကုန်ကဖင်မကြွ ပညာတတ်တွေ ကတော့ ဒါတွေကိုဘယ်သိမလဲ။ စေတနာအရောင်ပြပြီး ဘာမဟုတ် တဲ့အရာကို ဇာချဲ့စာထွင်ပြီး ပြည်သူကိုအိုး မည်းသုတ်မခွပ်ခိုင်းစေချင်ဘူးခင်ဗျား။ အစိုးရဆိုတဲ့ လူဆိုးတွေက အကြိမ်ကြိမ်ပြောချင် ရလက်တို့ဖြစ်နေရ တဲ့ အထဲ လူရိုသေရှင်ရိုသေဆရာကြီးတို့လိုလူမျိုးတွေကပါ ဘာမှချေ ချေမြစ်မြစ်မသိဘဲ။ ဝေဖန်စာတွေ ကျွံရေးတာ ဟာ သက်တူရွယ်တူသာဆို ဒီလောက်တောင် သောက်သုံးမ ကျရလားဆိုပြီး ပြန်အော်ဆဲဖို့တောင် ကောင်းပါတယ်။ စာပြန်ရေးပြီးတောင် ရှင်းပြချင်မနေတော့ပါဘူး။ အလွန် လေး စားလွန်းလို့သာစာနဲ့ပေနဲ့ပြန်ပြောရတာ ပါခင်ဗျာ။

ဆရာတို့ဟါ ပညာတတ်တွေဖြစ်သလို ထမင်းစားပြီးကြီးလာကြသူတွေဘဲ။ မစဉ်းစားဘဲနဲ့တောင်သိနိုင်တဲ့ အခြေ ခံတစ်ခုက မြန်မာပြည်မှာ အန်ဂျီအိုတွေဘာကြောင့်ရှိနေတာလဲ။ ရှင်းရှင်းလေးဘဲ အစိုးရအသုံးမကျလို့။ အဲဒါ ကိုကျတော့ အနေချောင် အောင်နှာစေးနေကြ၊ တချို့ဆိုဂျာနယ်အားကိုး၊ ပညာအားကိုးနဲ့ အစိုးရကို ကူညီပေး နေကြပြီး လူမှုအဖွဲ့စည်းတွေကို ခြေခြေမြစ်မြစ်မရှိဘဲတိုက်ခိုက်နေတာဟာ လူကြီးလူကောင်းပညာရှိတွေ ရဲ့အ လုပ်မဟုတ်ပါဘူး။ တကယ်တော့ အန်ဂျီ အိုဆိုတာ အိမ်အမိုးဖာသူလိုပါ။ ဟိုအပေါက်တက်ဖာ။ ဒီအပေါက် တက်ဖာ တဲ့အလုပ်ကို ခေါင်မိုးပေါ်က ပြုတ်ကျ ရင်အသက်တောင်အန္တရာယ်ရှိနိုင်မှန်း သိရက်နဲ့တာ ဝန်ယူ တက်လုပ်ပေးနေရသူလိုဘဲ၊ ဝေဖန်နေသူတွေက အိမ်ထဲကထိုင်ပြီး ဘယ်လိုဖာနေတာလဲ။ သောက်သုံးမကျဘူး ဆိုပြီးအော်နေတာဟါ တဆိတ်မလွန်လွန်း ဘူးလားခင်ဗျာ။ တကယ်တော့ အမိုးကြီးလှန်လဲပြစ်ရတော့မှာ ဒါမှ မဟုတ်ရင် ဆရာတို့အပါဝင် ဒီအိမ်ထဲမှာရှိနေတဲ့ ပြည်သူတွေအားလုံး ရေနစ်သေတော့မယ်ခင်ဗျ။ အာဏာရှင် စနစ်ဆိုတဲ့ ရေမှာနစ်သေရတော့မှာပါဆရာတို့ခင်ဗျား။ ဆရာတို့ကျွန်တော်တို့ ရေနစ်မသေအောင် အန်ဂျီ အိုတွေက အမိုးဖာပေးနေတာပါ။ အဲလိုလေးတွေးကြည့်ပြီး မမှားသင့်တာ၊ မမှားရအောင်ဆရာဂုဏ်၊ သမားဂုဏ် နဲ့အညီ လမ်းပြထောက်ညွန်မယ်ဆိုရင် မလိုက်နာမည့်သူ မရှိသလောက်ပါဘဲ ခင်ဗျား။

တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊

မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ

ပြားသကာသို့ ချိုလှစေ….ဆိုသလိုမျိုး အပြန်အလှန်လေးစားမှုလေးနဲ့ လမ်းညွန်စေချင်ပါတယ်။ အခုတော့ ဖတ် မိသမျှကြီးကြီးငယ်ငယ် ဘယ်သူရေးရေးခံရသူကို ပိတ်သလေးနဲ့ဘေးပစ် လွှတ်ချနေတာဘဲများပြီး။ ကြောင်း ကျိုးစီလျော်မှုကို ဦးစားမပေးဘဲ။ ကလောင်စွမ်း၊ ပညာခန်းလွှင့်တင်နေတာက များတဲ့အတွက် ဆရာကြီးတို့တွေ ရဲ့ စာကိုယုံတဲ့ပရိတ်သတ်ဟာ အမြင်တွေမှား၊ လမ်းတွေလွဲသွားစေနိုင်ပါတယ်။ အပြောခံရသူတွေမှာလည်း သိက္ခာကျရင်သော်လည်းကောင်း၊ ယုံကြည်စိတ်အားနည်းသွားရင်သော်လည်းကောင်းဖြစ်သွားစေနိုင်ပါတယ်။

 

ကျွန်တော်သိသလောက်တင်ပြပါစေ။ အခြေခံအားဖြင့် အန်ဂျီအို ၃မျိုးရှိပါတယ်။

၁။ ဖွံ့ဖြိုးရေးအခြေခံတဲ့အန်ဂျီအို ( ဥပမာ..။ UNDP, UNICEF, FAO, WFP, Mercy Corps)

၂။ ကူညီကာကွယ်ရေးအခြေခံတဲ့အန်ဂျီအို ( ဥပမာ..။ UNHCR, UNOCHA, Save the Children)

၃။ ဘာသာရေးလူမျိုးရေးအခြေခံအန်ဂျီအို (ဥပမာ..။ World Vision, KMSS World Concern, ADRA)

ဘယ်လိုအဖွဲ့စည်းဘဲဖြစ်ဖြစ် ဆင်းရဲမွဲတေပြီး အကူညီတကယ်လိုအပ်နေတဲ့ မြန်မာနိုင်ငံအတွက် လာရောက်ကူ ညီလုပ်ကိုင်ပေးနေတာတွေချည်းပါဘဲ။ သူတို့ခမျာအစိုးရရဲအမြင်ဆိုးနဲ့ကြည့်တာ၊ အမျိုးမျိုးတားဆီးနှောင့်ယှက် တာတွေကြားကနေ ကျွန်တော်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လာလုပ်ပေးနေကြတာပါ။

ချေးငွေတွေချပေးတာ၊ Food for work, Cash for work, Livelihood support, Nutrition, School support, Child care center, Integrated Community Developmentဆိုတာတွေဟာ သတင်းစာထဲကပါသလို တပြေးညီခေတ်မှီဖွံ့ဖြိုးတိုးတက်နေတဲ့ စည်းကမ်းပြည့်ဝပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်နေတဲ့နိုင်ငံသာ တကယ်ဖြစ်နေတယ်ဆိုရင် လုပ်စရာလိုပါ့မလားခင်ဗျား။ မြန်မာပြည်အနှံ့အပြားမှာ လွတ်လပ်စွာကိုးကွယ်ခွင့် ရဖို့နေနေသာသာ မယ်တော်ဂူလေး၊ ကျေးရွာဘုရားကျောင်းလေးတောင် ဆောက်လို့မရတဲ့ ကျွန်တော်တို့ညီအ ကိုသွေးချင်း တိုင်းရင်းသားတွေရဲ့ ဘာသာရေးကူညီကာကွယ်ရေးတွေအတွက် ဘာသာရေးအခြေခံတဲ့အ ဖွဲ့စည်းတွေရှိတာ သူတို့ဖက်ကသာဝင်ခံစားကြည့်ပေးတတ်ရင် တကယ်တရားမျှတတဲ့အခြေနေပါ။ ဆရာကြီး တို့လည်းမကူညီပေးနိုင်ပါဘူး။ ကျွန်တော်တို့လည်း မကူညီပေးနိုင်ပါဘူး။ တချို့ဆို အဲလိုကူညီခွင့်မခံရ တာကို လက်ခုပ်တောင်တီးနေပါသေးတယ်။

 

ဆရာကြီးကို အကြမ်းဖျင်းတစ်ခုတင်ပြချင်ပါတယ်။ အကယ်၍သာ မြောက်ပြပြီးဆန်တောင်းနေတယ်လို ဆရာ ပြောခဲ့တဲ့ အန်ဂျီအိုအဖွဲ့စည်းတွေအားလုံးသာမြန်မာပြည်ကနေထွက်ခွာသွားမယ်ဆိုရင်…။ ဧရာဝတီတိုင်းတစ်ခု တည်းနဲ့တင် လူဦးရေ ၅သောင်းကျော်လောက်အလုပ်လက်မဲ့ဖြစ်သွားပါမယ်ဆရာ။ ခေတ်စကားနဲ့ပြောရရင် ပုန်းကြောင်သွားမယ်။ 32ပြုတ်သွားမယ်။ အဲဒီ ၅သောင်းကျော်ဟာ လူဦးရေ ၁သိန်းခွဲလောက်ရဲ့ထမင်း အိုးကြီး ဖြစ်ပြီး၊ ကလေး၎သောင်းလောက်ရဲ့ ပညာရေးအထောက်အပံ့တစ်ခု ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ ဟါ အန်ဂျီအိုအဖွဲ့စည်းတွေနဲ့ လက်ခစားဝန်ထမ်းမှသည် လခစားရာထူးကြီးဝန်ထမ်းတွေအထိပါဝင်နေလို့ပါ။ လူဦးရေ ၂ သန်း လောက် စားဝတ်နေရေးခက်ခဲသွားနိုင်ပါတယ်။ တချို့ငတ်ပြီး သေသွားနိုင်ပါတယ်။ မြန်မာ ပြည်ထမင်း ငတ်လို့ သေတဲ့မသာမရှိပါဘူးဆိုတာ စာထဲမှာဘဲရှိတော့ပါတယ် ဆရာကြီးခင်ဗျား။ ကလေးငယ် ၂သန်းခွဲ လောက်ဟာ ပဉ္စမတန်းလောက်နဲ့ကျောင်းထွက်ရင်သော်၎င်း၊ သို့မဟုတ် လုံးဝပညာမတတ်တဲ့ဘဝ ကိုရောက် သွားမှာပါဆရာ။ ၅ သောင်းထက်မနည်းသော မိန်းကလေးတွေဖာဖြစ်သွား ပါမယ်ဆရာတို့ခင်ဗျာ။ ဒါတောင် ဧရဝတီတိုင်းတစ်ခုတည်းကိုဘဲ တွက်တာပါ။ တခြားဒေသတွေကိုသာထည့် တွက်လိုက်မယ်ဆိုရင် မမျှော်မှန်းနိုင်တဲ့ ကိစ္စရပ်ကြီးတွေဖြစ်ပေါ်လာမှာပါ။ ဒါတွေကိုမင်းတို့ဘာလို့ ပါးစပ်ပိတ် ထားလဲလို့မမေးမယ် ဆိုရင်လည်း ဆရာတို့အင်တာနက်သုံးတဲ့အချိန်မှာ အန်ဂျီအိုဆိုဒ်တွေကိုဝင်ရောက်ကြည့်ရှုပြီး လေ့လာနိုင်ပါ တယ်။ ပွင့်ပွင့်လင်းလင်းကို တင်ပြထားတာပါ။ ဘက်ဂျက်ကိစ္စနဲ့ပါတ်ရင်တော့ ကျွန်တော် သိရသလောက် ဘယ်နိုင်ငံကဘယ် လောက်ချပေးလိုက်တယ်ဆိုတာတော့ သိနိုင်တယ်။ ဆရာတို့တကယ်စိတ် ဝင်စားရင် သူတို့လုပ်ခဲ့တဲ့ လုပ်ငန်းနဲ့၊ ရခဲ့တဲ့ အလှူငွေကိုယှဉ်ထိုးကြည့်လိုက်ရင် အကြမ်းဖြင်းထွက်လာနိုင်ပါတယ်။ ထည့် တွက်ရမယ့်ထဲမှာ နိုင်ငံခြားငွေအတက်အကျရယ်၊ ဒေါ်လာပေါက်ဈေးကို ဖက်အီးစီစက္ကူနဲ့ပြန် ထုတ်ပေးတဲ့ကြားက ကွာဟချက်၊ မပေးမနေရ ပေးရတဲ့အခွန်တွေကိုလည်း ထည့်သွင်းတွက်ချက်နိုင်ပါစေဗျာ။

အဲ..သူတို့ဆီကရှင်းလင်းချက်(ဆရာတစ်ဦးတောင်းဆိုတဲ့ ပြည်သူတွေသိအောင် ရှင်းပြပေးပါလားဆိုတာက တော့) ရိုးရိုးလေးပါ။ ပြည်သူကိုကြောက်လို့မဟုတ်ပါဘူး။ အန်ဂျီအိုတွေဟာ ပြည်သူတွေအတွက်တကယ် လိုအပ်ပြီး အစိုးရလုပ်မပေးဘဲပြစ်ထားတဲ့ဟာတချို့ကိုလည်း သူတို့မသိအောင် တခြားနည်းလမ်းတွေနဲ့လုပ်ပေး ရပါတယ်။ အဲဒါကြောင့်ရယ် နောက်တစ်ကြောင်းက အဲဒီဆရာကိုပြန်မေးချင်ပါတယ် ဆရာရဲ့မိသားစုဝင်ငွေကို ဆရာအိမ်နီးချင်းတွေကို ခေါ်ပြီးရှင်းပြဖို့မလိုသလို အန်ဂျီအိုတွေကလည်းသူတို့ရည်ရွယ်ချက်၊ ရည်မှန်းချက် တွေချမှတ်ပြီး လုပ်သင့်လုပ် ထိုက်တာတွေကို လုပ်နေတဲ့ကိုယ်ပိုင်အဖွဲ့စည်းတွေဖြစ်နေတဲ့အတွက် ဘက်ဂျက် ဝင်ငွေ၊ ထွက်ငွေတွေကိုရှင်းလင်း ချက်လုပ်ခိုင်းတာဟာမဆိုင်တဲ့အိုးကို တုတ်နဲ့ထိုးသလိုဖြစ်နေပါတယ်။ နောက် ပြီး အလှူရှင်အဖွဲ့စည်းတိုင်းဟာ တောင်းတဲ့ငွေတိုင်းကို လွယ်လွယ်ထုတ်ပေး၊ ပြန်တင်ပြတဲ့စာရင်းတိုင်းကို လွယ် လွယ်လက်ခံ တဲ့အ ဖွဲ့စည်းတွေမဟုတ်ပါဘူး။ ပြည်တွင်းမှာရှိတဲ့ဂုဏ်သိက္ခာရှိ စာရင်းစစ်အဖွဲ့တွေ ကိုငှားစစ်ဆေး ခိုင်းတာမျိုး၊ တခြားအဖွဲ့စည်းတစ်ခုမှာ ဒီမှာနေထိုင်နေတဲ့လူတွေ၊ နိုင်ငံခြားသားတွေကို ငှားပြီးစစ်ဆေးတာမျိုး ကိုလည်း လုပ်ပါတယ်။ တခါတခါ Private donorအဖြစ်နဲ့ဝင်လာပြီး မှတ်တမ်းယူစစ်ဆေးတာမျိုးတွေ လည်းရှိ ပါတယ်။ ဆရာတို့ သတိပေးဆုံးမသလိုဘဲ မဟာဒုတ်လုပ်တဲ့အဖွဲ့တွေလည်းရှိပါတယ်။ ဒါပေမယ့်တခါစားပါဘဲ။ ဝန်ထမ်းတွေကလည်း လခရပြီးရောငြိမ်လုပ်နေတဲ့သူတွေမရှိပါဘူး။ ဒီလုပ်ငန်းကို ဝါသနာပါလို့၊ စေတနာ အရင်း ခံပြီးဝင် လုပ်နေတဲ့သူ တွေနေရာတိုင်းမှာရှိတဲ့အတွက် မဟုတ်တာလုပ်ချင်တဲ့သူ တိုင်းရေရှည်ခံလေ့မရှိပါဘူး။ တချို့ကိစ္စတွေမှာ လွဲချော်မှုတွေရှိမှန်းသိပေမယ့် ကိုယ်ရေးကိုယ်တာသုံးစွဲတာမျိုးမဟုတ်ဘဲ အဖွဲ့အစည်းရဲ့ရေ ရှည်တည်တံ့ရေးအတွက် သုံးတာမျိုးဆိုရင် မသိကျိုးကျွံပြုပေးလိုက်တာပါဘဲ။ ဒီလိုမှ လုပ်မပေးရင် အတိဒုက္ခ ရောက်နေတဲ့ ပြည်သူလူထုကြားမှာ တရားမျှတမှုနဲ့ အခွင့်အလမ်းဆို တာကျွန်တော်တို့ပြည်သူတွေကြားမှာ ရှိလာစရာအကြောင်း မရှိပါဘူး။ အန်ဂျီအိုရဲ့သဘောက Individual Interest ကိုအာရုံစိုက်လုပ်လေ့မရှိ၊ လုပ်လို့မရ၊ အများစုကိုအတွက်ကို ဦးစားပေးရတဲ့သဘောဖြစ်တဲ့အတွက် တစ်ဦးချင်း ကျေနပ်နှစ်သိမ့်ရေးကို ဦး စားပေးလေ့ မရှိပါဘူး ဆရာတို့ခင်ဗျား။ အခုဆရာတို့အများစုရေးနေတဲ့ အန်ဂျီအိုဝေဖန်ရေးဆောင်းပါးတွေဟာ individual အရမ်းဆန်နေပါတယ်။ အလုပ်ခွင်နဲ့အဆင်မပြေလို့ ထွက်လာရတဲ့ တပည့်တစ်ယောက်၊ နှစ် ယောက် ရဲ့ပြောဆိုချက်နဲ့ရေးတာမျိုး၊ ကိုယ်တိုင်က အတွင်းကျကျနားမလည်ဘဲ မျက်စိစပါးမွှေးစူးပြီး လွှတ် ရေးတာမျိုး၊ နောက်တစ်ခုက စာရေးဆရာတွေရုံညာဉ် တစ်ခုဖြစ်တဲ့ အာရုံလာနေတဲ့အချိန်မှာ စာစဉ်တွေ ဆက်တိုက်ရေးနေသလိုဖြစ်ပြီး သမားဂုဏ်အရပါလာတဲ့စာမျိုး သို့မဟုတ် ပွဲဆူအောင် ထည့်လိုက် တဲ့စာမျိုး တွေ ဖြစ်နေတာကို ဆရာတို့ရဲ့ ဆောင်းပါးတွေအားလုံးကို စုဖတ်လိုက် လျှင်သိသာကွဲပြားသွားပါတယ်။ လေ့လာ သူများလည်း ဆောင်းပါးတွေ အားလုံးကိုပေါင်းစည်းပြီးဖတ်ကြည့်လျှင် သိပါလိမ့်မယ်။

 

ဥပမာ။ Food for work ဆိုတာရှိတယ် မိမိရွာလမ်းတွေပြင်တယ်၊ ခင်းတယ်၊ ရွာတံတားတွေပြင်တယ်။ တခါတလေ ကိုယ့်အိမ်ထဲမြေဖို့ရင်တောင်ပေးပါတယ်၊ အိမ်သာဆောက်ခိုင်းပြီးပေးပါတယ်။ ဘာလို့လဲသိလားဆ ရာတို့ ပြည်သူတွေက စားစရာမရှိဘူး။ အစိုးရက ဘာမှမလိုဘူးဆိုပြီး ဘာမှမပေးခိုင်းဘူး။ နိုင်ငံရေးခံယူချက်၊ ဘာသာရေးကွဲပြားမှုတွေကြောင့် ဘာမှမပေးခိုင်းဘူး။ အဲလိုအခြေနေမျိုးမှာ လုပ်သာကိုင်သာအောင် အလုပ်အ ကြောင်းပြပြီးရှာကျန်ခိုင်းရတာပါဘဲ။ တကယ်တော့ ဒါဟါ ကျွန်တော်တို့အစိုးရရဲ့ပြည်သူပေါ်မှာကျေရမယ့် တာ ဝန်တွေအားလုံးထဲက အသေးဆုံးတာဝန်တွေပါ။ ဒါပေမယ့်သူတို့မလုပ်လို့ အန်ဂျီအိုတွေကလုပ်ရတာပါ။ ပိုက်ဆံ

ပေါလို့၊ ငွေတွေအလကားလာဖြုန်းနေတာ မဟုတ်ပါဘူးခင်ဗျာ့။

 

နောက်တစ်ခုက ပညာရေးထောက်ပံ့မှုပါ။ နာဂစ်ပြီးခါစက အန်ဂျီအိုအများစု(အထူးသဖြင့်ပြည်တွင်း အန်ဂျီအို လေးတွေပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ကိုယ်တိုင် ပညာရေးရဲ့ဆင်းရဲခက်ခဲမှုကို ကိုယ်တိုင်ဖြတ်သန်းလာ ခဲ့ရတာကြောင့်ပါ။) ကျောင်းတွေ ဆောက်ဖို့ရည်ရွယ်ပြီး ဒေသခံအစိုးရထံမှာတင်ပြတောင်းဆိုခဲ့တုန်းက မက်စ် တို့၊ ဧရာရွှေဝါကုမ္ပဏီတို့၊ ဇေကမ္ဘာတို့က ဧရာဝတီတတိုင်းလုံးမှာကျောင်းဆောက်မှာဖြစ်တဲ့အတွက် မည်သည့် အဖွဲ့ စည်းကမှ ကျောင်းဆောက်စရာမလိုဘူး ဆိုပြီးညင်းခဲ့ပါတယ်။ အဲဒီတော့တချို့အဖွဲ့တွေက ကျောင်း ဆောက်လှူမယ့်အစီစဉ်တွေကိုရပ်ဆိုင်းလိုက်၊ တချို့က လျော့ချလိုက်ပါတယ်။ ဒါပေမယ့်အခုချိန်ထိ တာပေါ် လင်ခင်း၊ တာပေါ်လင်ကာနဲ့ ကလေးတွေစာသင်ကြားနေရ တုန်းဆိုတာ ဆရာတို့ကိုယ်တိုင် လာကြည့် စေချင် ပါတယ်။ အခုတော့ ဆရာတို့လည်း ဦးဇော်ဇော်တို့လုပ်နေတဲ့ MNL ကိုအားပေးတဲ့ ပရိတ်သတ်ထဲတောင် ပါချင် ပါနေမှာပါ။ ကျွန်တော် ကတော့ ဆင်းရဲတဲ့ရွာလေးတွေက ကလေးငယ်လေးတွေတက်နေရတဲ့ စာသင်ကျောင်း လေးတွေ ပြန်ဆောက်ဖို့လောက်ကိုဘဲ လိုလာတောင်းခံချင်ပါတယ်။ မြန်မာပြည်ဟာဘောလုံးဆိုတာ ခေတ်ပျက်သူဌေးတွေရဲ့ လုပ်စရာမရှိအာသာပြေလျောက်လုပ်နေတဲ့လုပ်ငန်းတစ်ခုဖြစ်သလို၊ ငွေမည်းကို ငွေဖြူ လုပ်နေတာပါ အသိဥာဏ်ရှိတဲ့ပြည်သူတိုင်းဟာ အဲဒီကိစ္စကိုအားမပေးသင့်ပါဘူး။ တကယ်စာလောင် တောင့်တ သင့်တာ ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်ကလေးငယ်လေးတွေအတွက် ကျောင်းလေးတွေပါ..။ ဆင်းရဲမွဲ တေနေတဲ့ နိုင်ငံမှာ ဘောလုံးဟာ အလကားပါ၊ ပညာရည်တိုးတက်ဖို့ဟာအဓိကပါလို့ စကားမစပ်ထည့်ပြော ချင်ပါသေးတယ်။ ဘာကြောင့်ဒီလိုပြောရသလဲဆိုရင် သတင်း စာတွေထဲမှာပါခဲ့ဖူးတဲ့ မြန်မာပြည်မှာ ပညာမ တတ်သူလုံးဝမရှိတော့ပါဘူးဆိုပြီး ရေးသားမှုဟါလည်း တကယ်တော့ အဖြူအမည်းသတင်း စာကြီးတွေလို ပါဘဲ။ ဘာမှဖြူမည်းမကွဲပြားပါဘူး။ ဆရာတို့မယုံရင် နာဂစ်ကာလတုန်းက ပစ္စည်းဝေခဲ့ဘူးတဲ့သူ တွေကို မေးကြည့်ပါ Distribution List တွေမှာ လက်မှတ်မပြောနဲ့ ကိုယ့်နာမည်ကိုယ်တောင် ကြက်ခြေခတ်ခဲ့တဲ့ သူတွေ၊ လက်ဗွေနှိပ်လက်ခံခဲ့တဲ့သူတွေ ရွာတိုင်းမှာ မနည်းပါဘူး။ တစ်ရွာကို အနည်းဆုးံ ၅ဦးကနေ ဦး၂၀ ကျော်ထိ ရှိပါတယ်။ တီဗီထဲမှာ လာလာနေတတ်တဲ့ အထက (၁) ဒဂုံကျောင်းကြီးလောက် သာမမြင်စေချင်ပါ။ ဝေး လံခေါင်သီတဲ့ မိန်းမလှကျွန်းဘက်က၊ နယ်စပ်ဒေသတောင်တန်းတွေပေါ်က၊ ရခိုင်ကမ်းရိုးတန်းဘက်က၊ အပူပိုင်းမိုးနည်းလွင်ပြင်တွေဘက်က ကလေးငယ်တွေ တက်နေရတဲ့ တာပေါ်လင်အမိုးနဲ့ကျောင်းလေးတွေ၊ ဓနိမိုးထရံကာကျောင်းလေးတွေ၊ အုတ်စီကျောင်းလေးတွေဟာ အဲဒီမျောက်တွေကဘဲ ဆရာကြီးတို့ပြောခဲ့တဲ့ မျောက်တွေအတွက်တောင်းရမ်းပြီး ဆောက်လုပ်ပေးခဲ့ရတာပါ။

 

ဗိုလ်ချုပ်ကျော်ဆန်းအစီစဉ်နဲ့ သတင်းထောက်တွေစုထွက်ပြီး၊ သူတို့ခေါ်ပြရာနေရာချည်းဘဲကြည့်ပြီး ရေးတတ် တဲ့ လျှပ်တပျက်တို့၊ The Voiceတို့၊ ပေါ်ပြူလာဂျာနယ်တို့က သတင်းတွေဖတ်ပြီး၊ မြဝတီတို့၊ မြန်မာရုပ်မြင် သံကြားတို့ကလွင့်တဲ့သတင်းတွေ၊ အင်တာဗျူးတွေကိုကြည့်ပြီး လျောက်ယုံလိမ့်မယ်လို့တော့ ဆရာတို့ရဲ့စဉ်း စားဥာဏ်တွေကို ကျွန်တော်ဘက်က လျော့မတွက်ပါဘူးဗျာ။ ညီလေးဒီနားမှာရပ်ရင် မင်းကို ၅၀၀၀၀ပေးမယ် လို့ ပြောလည်း ကျွန်တော်ဒီဆောင်းပါးကိုဆုံးအောင်ရေးပါမယ်။ အကောင်းဆုံး လက်ဆောင်ဆု ရပါစေဆို ပြီး လည်း ရေးခဲ့တာမဟုတ်ပါ။

 

အခုတင်ပြခဲ့တဲ့ အန်ဂျီအိုဆိုင်ရာ သတင်းအချက်လက်တွေ၊ လုပ်ငန်းစဉ်တွေဟာ လုံးဝနီးပါးမမှန်ကန်ဘူးဆိုရင် တောင်၊ အမှန်တရားနဲ့မကင်းလွတ်ဖူးဆိုတာ သစ္စာဆိုပြီးဆက်ရေးပါတယ်။ အစိုးရနဲ့သက်ဆိုင်တဲ့သတင်းတွေ ကတော့ ရေးသမျှဟာသစ္စာတရားပါဘဲ။ နောက်ပြီး ဒါတွေဟာ အန်ဂျီအိုတချို့မှာကျွန်တော်ကိုယ်တိုင် စကားပြန် လိုက်လုပ်ခဲ့ စဉ်ကအတွေ့ ကြုံနဲ့ နာဂစ်ကာလတလျောက်အပါဝင် အန်ဂျီအိုဝန်ထမ်း ၅နှစ်အတွေ့အကြုံကို အခြေခံပြီး ဆရာတို့စွတ်ဆွဲနေသမျှကို အမှန်မြင်ရအောင်ပြန်ရှင်းပြနေတာပါ။ စစ်အစိုးရကဆောက်တာဆိုလို့ စစ်အခြေစိုက်စခန်းချတဲ့ တဲဘဲရှိပါတယ် ဆရာ ကြီးတို့ရယ်။ တခါတလေမ ဆောက်ဘဲ ဘုန်းကြီးကျောင်းတက်နေလို့ ဝါလသတင်းတွေမှာ ဥပုပ်သည်တွေ နေစရာမရှိဖြစ်နေ တဲ့ ၇ွာတွေ လည်း မနည်းပါဘူး။ ကြုံရင်ဓာတ်ပုံနဲ့တကွပြပါဦးမယ် ဆရာကြီးတို့ရယ်။

 

အလျော့ထွက်နဲ့တွေးဦး ကိုယ့်အတွက်ကိုယ်ချန်လုပ်တယ်ဆိုရင်တောင် သူတို့ဒီမှာရှိနေခြင်းဟာ နိုင်ငံခြားငွေ လည်ပတ်မှုရှိနေတဲ့အတွက် ပြည်တွင်းစီးပွားရေးကို ဆွဲတင်းထားနိုင်ပါသေးတယ်။ (စားဝတ်နေရေး ချောင်လည် စေ တယ်ဆိုတာကိုမသုံးပါဘူး။ ကုန်ဈေးနှုန်းလွှတ်တက်နေတဲ့အရှိန်ကိုတော့ အတန်သင့် အရှိန်ထိမ်းထားနိုင် ပါတယ်)။ တဖက်ကပြန်လည် အထောက်ကူဖြစ်နေတာပါဘဲ။ Indirect effective ပေါ့ဆရာတို့ခင်ဗျား။ ဆရာ တို့ထဲက ဆရာတချို့ချီးမြောက်လွန်းနေတဲ့ နိုင်ငံတော်အစိုးရ တော်လို့ မြန်မာပြည်မှာ နိုင်ငံခြားငွေတွေစီး ဆင်း မှုကို တိုးရစ်ဇင်းလုပ်ငန်းမှာ လုံးဝနီးပါးရပ်နေပါပြီ။ ပြည်တွင်းထွက်ကုန်မှာ ၁၀၀ရာနှုန်းရရမှာ သူခိုးဈေး၊ မှောင်ခို ဈေးသာသာ ၃၀ရာနှုန်းလောက်သာ(ဒါတောင် အရည်သွေးမမှီတဲ့ သူတို့နိုင်ငံထွက်ကုန်တွေနဲ့လဲရတာရှိ ပါသေး တယ်)ဖုတ်လိုက်ဖုတ်လိုက် ဝင်နေပါတယ်။ နိုင်ငံခြားသားသင်္ဘောသားနဲ့ နိုင်ငံတကာမှာသွားရောက်အ လုပ် လုပ် သူ ၄၀ရာခိုင်နှုန်းရဲ့ မဆောင်ချင်ဆောင်ချင်(သူတို့အတွက်ဘာမှပြန်ကာကွယ်မပေး၊ လုပ်မပေးလို့) ဆောင် ရတဲ့ အခွန်က ရာခိုင်နှုန်းနည်းနည်းဝင်ပါတယ်။ အဓိကအတိကျနဲ့ရာနှုန်းပြည့်ဝင်တာကတော့ အန်ဂျီအိုတွေဆီ ကပါ။ ပြေးလို့ရှောင်လို့လည်းမရပါဘူး။ နိုင်ငံခြားငွေဘဏ်မှာမဖွင့်မနေရ စာရင်းဖွင့်ခိုင်းပါတယ်။ အသင်းအ ဖွဲ့မှတ်ပုံတင်သာမပေးရင်သာနေရမယ်၊ လုပ်ပိုင်ခွင့်တွေမပေးရင်သာနေရမယ် ဝင်လာသမျှနိုင်ငံခြားငွေကျတော့ နိုင်ငံခြားငွေဘဏ်ကိုမသွင်းရင်မရပါဘူး။ အဲပြန်ထွက်လာတော့ ဖက်အီးစီဆိုတဲ့ စက္ကူတွေပြန်ထွက်လာတာ အန်ဂျီအိုတွေက သွင်းလိုက်တဲ့ ဒေါ်လာတွေ ပြန်ထွက်လာတာမဟုတ်ဘူး။ အဲဒီမှာလည်း ငွေလဲလှယ်မှုက ကွာသေးပါတယ်ဗျာ။

ကျွန်တော်တောင်းပန်ချင်တာက ပြည်သူတွေ အရမ်းကိုဆင်းရဲဒုက္ခရောက်နေပါတယ်ဆရာတို့ခင်ဗျား။ မလို လားအပ်တဲ့ ဆရာကြီးတို့ရဲ့ကလောင်ပြိုင် မာန်ကိုခဲနေတာတွေကို ရပ်တန်းကရပ်ပြီး တိုင်းပြည်ဖွံ့ဖြိုးရေးကို အား ကျိုးမာန်တက် လူငယ်တွေကိုရှေ့ဆောင်ပြီးချီတက်စေချင်ပါတယ် ဆရာတို့ခင်ဗျား။ အဲဒါဟာ ဆရာတို့ပညာ တတ်တွေ တဒီဒီအော်နေတဲ့ ဒီမိုကရေစီအရေးထက်လည်း အပြန်တရာအရေးကြီးပါတယ်။ လူသတ်သမားနဲ့ ပေါင်းပြီး တိုင်းပြည်ရဲ့ဒီမိုကရေစီရေးလုပ်မယ်ဆိုတာထက်လည်းအရေးကြီးပါတယ်။ ပြည်သူတွေက ပညာနဲ့ အ စာငတ်နေ တယ်။ ဆရာတို့က ဒီမိုကရေစီနဲ့ အာဏာငတ်နေတယ်။ need & went လွဲချော်မှုကြီးဖြစ်နေတယ်လို့ ကြားကနေ ဝင်ရောက်သုံးသတ်မိပါတယ်။ ဒါမှမဟုတ် စစ်မှန်သောဒီမိုကရေစီရမှသာလျှင် ဒီလိုအပြောင်းလဲ တွေကို ပြည်သူတွေအတွက်လုပ်နိုင်မယ်လို့ ခံယူတိုက်ပွဲဝင်နေတဲ့ ဆရာကြီးဦးဝင်းတင်တို့လို၊ ကိုမင်းကိုနိုင် တို့လို၊ ဒေါ်အောင်ဆန်းစုကြည်တို့လို ဘဝရင်းပြီးတိုက်ပွဲဝင်ပြစ်လိုက်ပါ။ ဆရာကြီးတို့လို ပညာတတ် ပြီးခေါင်း ဆောင် နိုင်တဲ့သူတွေကိုလိုအပ်ပါတယ်။ တစ်ခုတောင်းပန်ချင်တာက ဒီမိုကရေစီအစစ်ကဘယ်စီ နေမှန်းမသိ သေးဘူး လွတ်လပ်စွာသဘောကွဲလွဲခွင့်ရှိတယ်။ ကိုယ်မှန်တယ်ထင်ရာကိုရေးခွင့်ရှိတယ်(ကိုယ်နိုင်တဲ့၊ ဘာမှပြန် မပြောနိုင် တဲ့သူတွေကို)ဆိုပြီး ကလှောင်လှံစွပ်နဲ့ထိုးသတ်နေတဲ့ဆရာတို့လုပ်ရပ်ဟာ နောင်တချိန်သမိုင်းမှာ နေ ဝင်းတို့၊ သန်းရွှေတို့နဲ့ နင်လားလား။ ငါလားလား ဖြစ်ကျန်ခဲ့မှာမရှက်ဘူးလားဆရာတို့ခင်ဗျား။

ပွဲဆူနိုင်ခြေရှိတဲ့အရာတွေကို ကလောင်စွမ်းနဲ့မွေ၊ အပြင်ကျတော့အချင်းချင်းပြန်ပြုံးပြ၊ တောင်းပန် (လူကြီးလူ ကောင်းဆန်ကြောင်းပြရန်)နောက်တစ်ခုခေတ်ထလာတဲ့အရာတွေကိုကလောင်စွမ်းနဲ့မွှေ၊ နောက်ကျပြန်တောင်း ပန်..အဲဒီ လိုလုပ် ဇာတ်ကြီးတွေ ဘယ်တော့လောက်ပြီးမယ်လို့ရော ဆရာကြီးတို့မှန်းထားပါသလဲခင်ဗျာ။

နိုင်ငံဟာအဲဒီလောက်ထိ ဆင်းရဲမွဲတေနေတယ်ဆိုတာကို ရန်ကုန်လိုနွားခြေရာကွက်ကွက်လေးမှာသာမနေဘဲ နိုင်ငံပတ်နေတဲ့ ကျွန်တော်တို့ လူမှုရေးဝန်ထမ်းတွေအသိဆုံးပါဆရာ။ မယုံရင်ဆရာတို့ သွားကြည့်နိုင်ပါတယ်။ အဝေးကြီးသွားကြည့်စရာမလိုပါဘူး..။ ရန်ကုန်မြို့စွန် လှိုင်သာယာလို၊ ဒဂုံလို၊ မြောက်ဥက္ကလာခြောက်ကွေ့ ဘက်လိုနေရာမျိုးတွေကိုဘဲ ၃နာရီလောက်အချိန်ပေးပြီးသွားကြည့်လိုက်ပါ။ ဆင်းရဲချို့တဲ့ပြီး နေ့စဉ်စားဝတ် နေရေးကို အနိုင်နိုင် ရှာဖွေစားသောက်နေရတဲ့ မိသားစုပေါင်းများစွာကို မျက်ဝါးဝထင်ထင်တွေ့မြင်ရမှာဖြစ်ပြီး တချို့ဆိုအိမ်မှာ အိုးခွက်ပန်းကန်မရှိလို့ ညနေအလုပ်ကပြန်အလာဆိုင်ကဝင်ဝယ်လာတဲ့ ထမင်း၊ဟင်းကို မိသား စုနဲ့အတူ ဝယ်လာတဲ့ပလပ်စထုပ်မှာဘဲရောနယ်စားပြီး တနေ့တာဘဝကိုဖြတ်သန်းနေရတဲ့ သူတွေအများ ကြီး ဆိုတာဆရာတို့ကိုယ်တိုင်သွားကြည့်ရင်မျက်ဝါးထင်ထင်တွေ့ရမှာပါ။ ဝန်ကြီးပဒေသရာဇာသာ သက်ရှိထင်ရှားရှိ သေးရင် နွေဦးကာလမြူထသောခါထက် ပိုကောင်းတဲ့ကဗျာတွေရေးသွားနိုင်လိမ့်မယ်ထင်တယ်။

ခွင့်ပြုမိန့်မရတဲ့ကြားက အနိုင်နိုင်အသက်ဆက်နေရတဲ့ ဘုန်းတော်ကြီးသင်ပညာဒါနကျောင်းတွေကို ဝက်မကြီးနို့ ဝက်ကလေးတွေ ဝိုင်းစို့သလို တက်နေရတာလည်း ကျွန်တော်တို့မြန်မာပြည်သူတွေပါ။ ဆရာတို့လို့ ပညာ တတ်၊ ပညာတတ်တပည့်တွေဝိုင်းနေတဲ့ ဆရာ၊ ထမင်းနပ်မှန်နေတဲ့၊ နိုင်ငံခြားသတင်းတွေဘဲအမြဲကြည့်တဲ့ဆ ရာကြီးတို့တွေအားလုံး လွယ်လွယ်မသိမှာကိုတော့ ကျွန်တော် ကိုယ်ချင်းစာပါတယ်ခင်ဗျာ။

ကျွန်တော်တောင်းပန်ချင်တာကတော့ ဆရာတို့လမ်းညွန်ပြသတာကို ကြိုဆိုပါတယ်။ လက်ခံပါတယ်။ ဒါပေမယ့် တိတိကျကျခိုင်ခိုင်မာမာနဲ့ ညွန်ပြဆုံးမမှုမျိုးကိုလုပ်စေချင်ပါတယ်။ ဒါမှလည်း နာလိုဖွယ်ရှိပြီး လုပ်သူတွေလည်း သတိထားပြင်ဆင်သွားမှာပါ။ သို့တည်းမဟုတ်ရင်တော့ အန်ဂျီအိုဝန်ထမ်းမှန်သမျှ၊ အန်ဂျီအိုအဖွဲ့စည်းမှန်သမျှ မြောက်ပြဆန်တောင်းနေသူတွေလို့မြင်သွားပြီးမလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေဖြစ်ပြီးရင် ဆရာကြီးတို့တာဝန် သာ ဖြစ်ပါတယ်။ နှစ်ဦးနှစ်ဘက်လည်းမကောင်းပါဘူး။

ဒါကြောင့်အန်ဂျီအိုတွေတည်ရှိမှုဟာ မြန်မာပြည်အတွက် အလွန်အရေးပါလွန်းတဲ့အတွက်ကို ပညာလွန်ကျူး၊ အမှားဆူးဝင်၊ မာန်တွင်ဂုဏ်မောက်၊ အပြောချောက်ကပါး၊ မလှမစင် တသွင်သွင်….ဆိုတာမျိုးမဖြစ်ရအောင် နွားရှေ့ထွန်ကျူးတယ်လို့မထင်ဘဲ သိသမျှကို မသိခြင်ထောင်ထောင်ပြီး နေနေတဲ့ ဆရာကြီးများကို လေးစား စွာတင်ပြလိုက်ပါတယ်ဗျာ။

 

ချစ်ခင်လေးစားစွာဖြင့်

သီဟငယ်

(Tue) 29. 9. 2009
 
(တစ်ဆင့်ခံ မေးမှ ရရှိသည့် ဆောင်းပါးကောင်းတစ်ခုကို ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။ အယ်ဒီတာ)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.