Transparency Myanmar

transparency.myanmar@gmail.com

BBC News, 26th Spt 2010

ယန်းငွေ တန်ဖိုး တက်နေခြင်းကို ထိန်းချုပ်ရန် အတွက် ငွေကြေး ဈေးကွက်အတွင်း ကြားဝင် ဆောင်ရွက်မှုများကို ဂျပန် ဗဟိုဘဏ် အုပ်ချုပ်သူက ဖယ်ရှားခြင်း မပြုဟု ဆိုသည်။

ကိုဘေးမြို့တွင် ပြုလုပ်သော အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားသော မာဆာဘီ ရှီရာကာဝါက "အကယ်၍ လိုအပ်ပါက သင့်လျော်သော လှုပ်ရှားမှုများကို အကောင်အထည် ဖော်ရန် ဂျပန်ဘဏ် BOJ က အဆင့်သင့် ရှိနေသည်" ဟု ပြောကြားခဲ့သည်။

ယခုလ အစောပိုင်းတွင် ဂျပန်ဘဏ် BOJ သည် ၆ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ငွေကြေးဈေးကွက်တွင် ကြားဝင် လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ ယန်းငွေ အမြောက်အမြား ရောင်းချမည့် ဆုံးဖြတ်ချက်သည် ငွေတန်ဖိုးချရာတွင် အထောက်အကူ ဖြစ်စေမည်ဟုလည်း ၎င်းက ပြောသည်။

ယခင်က ယန်းငွေသည် ဒေါ်လာနှင့် ချိတ်ဆက်လျှင် ၁၅ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေရာ ဂျပန်ပို့ကုန် လုပ်ငန်းရှင်များက ၎င်းတို့၏ အမြတ်ငွေများ အဆိုပါ ငွေလဲနှုန်းကြောင့် လျှော့ပါးသွားမည်ကို စိုးရိမ်လျက် ရှိနေကြသည်။

တန်ဖိုးထက် ယန်းငွေ၏ စီးပွားရေး လောကအပေါ် သက်ရောက်မှု အကျိုးကို BOJ  က အနီးကပ် စောင့်ကြည့်နေသည်ဟု ရှီရာကာဝါက ဆိုသည်။

"စီးပွားရေးကဏ္ဍ အကျဖက် မရောက်ခင် ကျွန်တော်တို့ ပိုပြီး သတိထား စောင့်ကြည့်ရပါလိမ့်မယ်၊ တကယ်လို့ လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့ရင် သင့်လျော်တဲ့ လှုပ်ရှားမှုကို အချိန်ကိုက် အကောင်အထည် ဖော်ဖို့ အဆင်သင့် ရှိပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ ဒေါ်လာနှင့် ချိတ်ဆက်ရာတွင် ယန်းငွေ၏ တန်ဖိုး ၁ % ကျော်ကျော် သိသိသာသာ ကျဆင်းသွားစေခဲ့သည်။ ငွေကြေး ဈေးကွက်အတွင်း ကြားဝင်မှုကို ဂျပန်ဘဏ် BOJ  က ဒုတိယအကြိမ် ပြုလုပ်ခဲ့သည်ဟု သံသယ ရှိခဲ့ကြပြီးနောက် အထက်ပါ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဂျပန် ဝန်ကြီးချုပ် နာတိုကန်က "BOJ ၏ ဒုတိယ အကြိမ်မြောက် ကြားဝင်မှုကို ၎င်းအနေဖြင့် မသိရှိခဲ့" ဟု နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

ထိုနောက်ပိုင်း ယန်းငွေ တန်ဖိုး ပြန်တက်လာခဲ့ပြီး ယခုအခါ တစ်ဒေါ်လာလျှင် ၈၄.၂၁၂ ယန်းနှုန်း ဈေးပေါက်သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 26th Sept 2010

တရုတ်ဈေးကွက် အတွင်းသို့ မမျှမတ တောင်ပုံရာပုံ ဝင်ရောက်နေသော အမေရိကန် ကြက်သား ထွက်ကုန်များကို သွင်းကုန် အခွန်တိုး ကောက်မည်ဟု တရုတ်အစိုးရက ပြောကြားသည်။

အမေရိကန် ကြက်သား ထွက်ကုန်များအပေါ် အခွန် ကောက်ယူမှုကို တနင်္လာနေ့တွင် စတင်မည် ဖြစ်ကာ လာမည့် ၅ နှစ် အတွင်း အခွန် ၁၀၄.၅ % အထိ တိုးမြှင့်သွားမည်ဟု တရုတ် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန် သွင်းကုန်များကြောင့် ပြည်တွင်း ကြက်သား ထုတ်လုပ်မှု လုပ်ငန်းကို ထိခိုက်စေသည်ဟု  စုံစမ်း စစ်ဆေးမှု အစီရင်ခံစာတွင် တွေ့ရှိရကြောင်း တရုတ်တို့က ပြောကြားသည်။

တရုတ်နှင့် အမေရိကန် ပြည်ထောင်စု အကြား ကြီးထွားလာသော ကုန်သွယ်ရေး ပဋိပက္ခတွင် ယခု တစ်ကြိမ်မှာ နောက်ဆုံး ဖြစ်ရပ် ဖြစ်သည်။

ငွေကြေးတန်ဖိုးကို တမင်တကာ ထိန်းချုပ်ထားသော နိုင်ငံများ၏ သွင်းကုန်များအပေါ် အခွန် ကောက်ခံခွင့် ပြုမည့် ဥပဒေမူကြမ်းကို အမေရိကန် ကွန်ဂရက် လွှတ်တော် ကော်မတီက သောကြာနေ့တွင် အတည်ပြုခဲ့သည်။

အဆိုပါ ဥပဒေမူကြမ်းသည် တရုတ်နိုင်ငံ အပေါ် ရည်ရွယ်ခြင်း ဖြစ်ကာ ၎င်းနိုင်ငံသည် ၎င်း၏ ပို့ကုန် လုပ်ငန်းရှင်များအား အထောက်အကူ ဖြစ်စေရန် ယွမ်ငွေ တန်ဖိုးကို တမင်တကာ ချထားသည်ဟု စွပ်စွဲခြင်း ခံနေရသည့် နိုင်ငံ ဖြစ်သည်။

ကြေညာချက်တွင်  တရုတ် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ၎င်း၏ ဆုံးဖြတ်ချက်ကို ကာကွယ် ပြောကြားခဲ့ပြီး အမေရိကန် ကြက်သား ထွက်ကုန်များ စုပုံ ဝင်ရောက်မှုနှင့် ပြည်တွင်း စီးပွားရေး ဆုံးရှုံးမှုတို့ အကြားတွင် အကျိုးသင့် အကြောင်းသင့် ဆက်စပ်မှု ရှိနေသည်ဟု ပြောဆိုခဲ့သည်။

ယခု ချမှတ်မည့် အခွန်များကြောင့် တရုတ်သို့ ကြက်ခြေထောက်နှင့် ကြက်တောင်ပံ တင်ပို့မှုအပေါ် မှီခို အားထားနေရသော အမေရိကန် ကြက်သား တင်ပို့သူများအပေါ် သိသိသာသာ ထိခိုက်စေမည် ဖြစ်သည်။

အဆိုပါ တရုတ်အစိုးရ၏ စုံစမ်း လေ့လာမှုကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသော အမေရိကန် ကုမ္ပဏီအချို့မှာမူ အခွန် သက်သာလိမ့်မည် ဟုလည်း ဝန်ကြီးဌာနက ပြောကြားသည်။ အဆိုပါ ကုမ္ပဏီ အချို့တွင် Tyson Foods, Keystone Foods နှင့် Pilqrim's Pride Corporation ကို ပါဝင်သည်ဟု သိရသည်။

သို့သော်လည်း သက်သာသည်ဟု ဆိုသော အခွန်နှုန်းသည်ပင် ဖေဖော်ဝါရီလက တရုတ် အစိုးရ ချမှတ်ခဲ့သော အခွန်နှုန်း ၄၃.၁ % ထက် မြင့်မားနေသေးသည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ် နိုင်ငံအပေါ် တန်ပြန် သဘောဖြင့် ကုန်သွယ်ရေးအရ ပိတ်ဆို့ အရေးယူနိုင်မည့် ဥပဒေမူကြမ်း တစ်ရပ်ကို အမေရိကန်ပြည်ထောင်စု ကွန်ဂရက် လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အတည်ပြု လိုက်သောကြောင့် လွှတ်တော် ကိုယ်စားလှယ်များက လာမည့် ရက်သတ္တပတ်အတွင်း တရုတ်အပေါ် ကုန်သွယ်ရေးအရ ပိတ်ဆို့မှုပြု၊ မပြု ဟူသော ကိစ္စကို မဲခွဲ ဆုံးဖြတ်ကြလိမ့်မည် ဖြစ်သည်။ အဆိုပါ ဥပဒေ မူကြမ်းအရ ငွေကြေး တန်ဖိုး တမင်တကာ နှိမ့်ချထားသော နိုင်ငံများမှ တင်သွင်းသည့် သွင်းကုန်များအပေါ် အမေရိကန် ပြည်ထောင်စု အနေဖြင့် သွင်းကုန်ခွန်များ ကောက်ယူခွင့် ရရှိမည် ဖြစ်သည်။

ယင်းဥပဒေ မူကြမ်း တရားဝင် ဖြစ်လာနိုင်ရေးအတွက် အမေရိကန် ဆီးနိတ်၏ ထောက်ခံမှု လိုအပ်ကြောင်း၊ သို့သော် လာမည့် နိုဝင်ဘာလတွင် ကွန်ဂရက် လွှတ်တော် နှစ်ဝက် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ရန် ရှိသဖြင့် ဆီးနိတ်၏ အထောက်အပံ့ ရရှိရေးမှာ မရေရာ မသေချာ ဖြစ်နေကြောင်း သိရသည်။

တရုတ်နိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်ရေးတွင် အသာစီး ရရှိနိုင်ရေး အလို့ငှာ ယွမ်ငွေတန်ဖိုးကို လျှော့ချထားကြောင်း အမေရိကန်နိုင်ငံက စွပ်စွဲထားသည်။ "တရုတ်နိုင်ငံ၏ ယွမ်ငွေအပေါ် ထိန်းချုပ် ကိုင်တွယ်မှုကြောင့် နိုင်ငံတကာ ဈေးကွက်တွင် ကမောက်ကမ ဖြစ်မှုများ ပေါ်ထွက်လျက် ရှိသည်" ဟု အမေရိကန် လွှတ်တော် ဥပဒေ လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကော်မတီ ဥက္ကဌ Sander Levin က ပြောကြားသည်။

"ယွမ်ငွေကြောင့် အမေရိကန် အလုပ်သမားတွေ အပေါ် ထိခိုက် နစ်နာမှုတွေ ဖြစ်နေပါတယ်။ ဒါတင် မကပါဘူး၊ အမေရိကန် အလုပ်အကိုင်တွေလည်း ဆုံးရှုံး နစ်နာနေရပါတယ်" ဟု ၎င်းက ဆိုသည်။

ယခု ဥပဒေ မူကြမ်းကို ကွန်ဂရက် လွှတ်တော် ကော်မတီက အတည်ပြု လိုက်သောကြောင့် အမေရိကန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ယွမ်ငွေတန်ဖိုး နှိမ့်ချထားမှုကြောင့် တရားမျှတမှု မရှိသော ကုန်သွယ်မှုများ ဖြစ်ပေါ်နေခြင်း ရှိ၊ မရှိကို ဆုံးဖြတ်ရတော့မည် ဖြစ်သည်။

အဆိုပါ ဝန်ကြီးဌာနက ယွမ်ငွေ တန်ဖိုး ကိစ္စအပေါ် ပိုမို လေးနက်သော စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် ပြီးခဲ့သည့် သြဂုတ်လ အတွင်း ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ယွမ်ငွေတန်ဖိုး ပိုမို ခိုင်မာလာ စေရေးအတွက် တရုတ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် ဖိအားပေး ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် ကွန်ဂရက် လွှတ်တော် ကော်မတီက ယင်းဥပဒေ မူကြမ်းကို အတည်ပြု လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်မတိုင်မီ ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ စီးပွားရေး ကျဆင်းမှု ကာလအတွင်း တရုတ်နိုင်ငံသည် ကုန်သွယ်ရေး ပိုလျှံမှုများကို အံ့မခန်း ရရှိခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ အမေရိကန် ပြည်ထောင်စု၏ ဖိအားပေးမှုကြောင့် တရုတ်နိုင်ငံက ပြည်တွင်းသုံး ငွေကြေးနှင့် နိုင်ငံခြား ငွေကြေး (ဒေါ်လာ) လဲလှယ်မှု နှုန်းထားအပေါ် ပုံသေ ထိန်းချုပ်ထားမှု မပြုလုပ်တော့ကြောင်း ဇွန်လက ထုတ်ဖော် ပြောဆိုခဲ့သည်။

မည်သို့ဆိုစေ အဆိုပါ ငွေကြေး လဲလှယ်မှု နှုန်းထားကို တရုတ် ဗဟိုဘဏ်က ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း၊ ငွေကြေး လဲလှယ်မှုနှုန်းကို အရှင်ဖြစ်အောင် ထားရှိပေးမည်ဟု ပြောဆိုခဲ့ပြီး နောက်ပိုင်း ယွမ်ငွေတန်ဖိုးမှာ ၁ ဒဿမ ၉ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့သည်ကို တွေ့ရကြောင်း သတင်းဌာနများက ရေးသား ဖော်ပြသည်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Tim Geithner က တရုတ် ယွမ်ငွေကြေး နှုန်းထားမှာ သိသိသာသာ လျှော့ချထားခြင်း ဖြစ်သည့်အတွက် တရုတ် အစိုးရအပေါ် ဖိအားပေးရန် အမေရိကန် ကွန်ဂရက်ကို ပြီးခဲ့သည့် ရက်သတ္တပတ်က တိုက်တွန်းခဲ့သည်။ ထို့ပြင် အမေရိကန် ဥပဒေပြုသမားများ တောင်းဆိုထားသည့် အတိုင်း တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ် ပိတ်ပင်မှုများ ပြုလုပ်ရန် မှတစ်ပါး အခြား နည်းလမ်းမရှိ ဟုလည်း ၎င်းက ပြောဆိုခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နယ်နိမိတ် ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်နေသော ရေပိုင်နက် အတွင်း ဂျပန် ကင်းလှည့် သင်္ဘောနှင့် တိုက်မိခဲ့သည့် တရုတ် ငါးဖမ်းသင်္ဘော ကပ္ပတိန် ဖြစ်သူအား ဂျပန်အစိုးရက ဖမ်းဆီးထားရာမှ ပြန်လည် လွှတ်ပေးတော့မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ တရုတ် ကပ္ပတိန်ကို ဖမ်းဆီးခဲ့သည့် အတွက်ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ နှစ်များစွာအတွင်း အဆိုးဝါးဆုံး အနေအထားသို့ ရောက်ရှိခဲ့သည်။

တရုတ် ငါးဖမ်းသင်္ဘော ကပ္ပတိန် Zhan Qixiong သည် အရှေ့ တရုတ် ပင်လယ်အတွင်း နယ်နိမိတ် ပိုင်ဆိုင်မှုဖြင့် အငြင်းပွားနေသည့် ကျွန်းစုများအနီး ကင်းလှည့်နေခဲ့သော ဂျပန်သင်္ဘော နှစ်စင်းအား တမင်သက်သက် ဝင်တိုက်ခဲ့သည်ဟု ဂျပန် အာဏာပိုင်တို့က ဦးစွာ စွပ်စွဲခဲ့သည်။

ကပ္ပတိန် Zhan Qixiong အား ဖမ်းဆီးခဲ့သည့် အချိန်မှ စ၍ တရုတ်အစိုးရက ၎င်းအား အမြန်ဆုံး ခြွင်းချက်မရှိ လွှတ်ပေးရန် အဆက်မပြတ် တောင်းဆိုခဲ့သည်။ ယခုကဲ့သို့ ကပ္ပတိန် Zhan Qixiong အား ပြန်လွှတ်ပေးရန် စီစဉ်ခြင်းသည် တရုတ်နိုင်ငံ စစ်ဘက် နယ်မြေအတွင်းသို့ တရားမဝင် ဝင်ရောက်ပြီး ဗွီဒီယို ရိုက်ကူးသည် ဟူသော သံသယရှိခြင်း ခံရသူ ဂျပန်လေးဦးကို တရုတ် အစိုးရက ထိန်းသိမ်းခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဘေဂျင်းမြို့တော် အခြေစိုက် ဂျပန်သံရုံးမှ ပြောရေးဆိုခွင့် ရှိသူက အဆိုပါ ဂျပန်လေးဦးအား တရုတ် အစိုးရက ထိန်းသိမ်းထားသည် ဟူသော ကိစ္စအား အတည်ပြု ပြောကြားသည်။ သို့သော် ယခုကဲ့သို့ ဂျပန် နိုင်ငံသား လေးဦးအား ဖမ်းဆီးမှုသည် ကပ္ပတိန် Zhan Qixong အား ဖမ်းဆီးမှုနှင့် ဆက်စပ်မှုရှိ၊ မရှိ ဟူသော ကိစ္စကို ထင်ကြေးပေး ပြောဆိုလိုခြင်း မရှိကြောင်း ယင်းပြောရေး ဆိုခွင့် ရှိသူက ဆိုသည်။

မစ္စတာ Zhan Qixiong အား ဖမ်းဆီး ထိန်းသိမ်းပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးတွင် တင်းမာမှုများ လွန်စွာ မြင့်တက်လာခဲ့သည်။ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကလည်း ကပ္ပတိန် Zhan Qixiong အရေးကိစ္စသည် ဂျပန် အစိုးရတွင် တာဝန် အပြည့်အဝ ရှိပြီး ၎င်းအား အမြန်ဆုံး လွှတ်ပေးရန် ယခု ရက်သတ္တပတ် အစောပိုင်းတွင် ပြောဆိုခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ယခုကိစ္စ အာရှဒေသကို ရေရှည် ဂယက် ရိုက်ခတ်မှု မဖြစ်ပေါ်မီ တရုတ်-ဂျပန် နှစ်ဖက်စလုံးက အမြန်ဆုံး ဖြေရှင်းရန် တိုက်တွန်း ပြောဆိုသည်။ တရုတ် ငါးဖမ်း သင်္ဘောနှင့် ဂျပန် ကင်းလှည့် သင်္ဘောတို့ တိုက်မိခဲ့သည့် နေရာသည် နှစ်နိုင်ငံ သာမက ထိုင်ဝမ်ကပါ သူပိုင်ထိုက် ကိုယ်ပိုင်ထိုက် အငြင်းပွားနေသည့် နယ်မြေ ဖြစ်သည်။ အဆိုပါ ဒေသတွင် လူသူ မနေထိုင်သည့် ကျွန်းများ ရှိပြီး ထိုကျွန်းများတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပေါကြွယ်ဝကြောင်း သိရသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဖမ်းဆီး ထိန်းသိမ်းခံထားရသော မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးခွင့် ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။ ယင်းသတင်း မထွက်ပေါ်မီ အစောပိုင်း ရက်သတ္တပတ်ခန့်က ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မဲပေးခွင့် ရရှိမည် မဟုတ်ဟူသော သတင်း ပေးပို့ချက်များ၊ ကြေညာချက်များ ထွက်ပေါ်ခဲ့သေးသည်။

မြန်မာ ရွေးကောက်ပွဲ ဥပဒေအပေါ် အဓိပ္ပာယ် ကောက်ယူမှု၊ ပြောဆိုမှုများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အခွင့်အရေး အကြား ရောထွေးမှုများ ဖြစ်ပေါ်လျက် ရှိသည်ဟု အစိုးရ အရာရှိ တစ်ဦးက AFP သတင်းဌာနသို့ ပြောကြားသည်။ ဖမ်းဆီး ထိန်းသိမ်း ခံထားရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သူမ၏ လက်ထောက် နှစ်ဦးပါ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးပိုင်ခွင့် ရရှိမည် ဖြစ်သည်ဟု ဆိုသည်။

"ဒါပေမဲ့ သူတို့တတွေ အနေနဲ့ ရွေးကောက်ပွဲနေ့မှာ အပြင်ထွက်ဖို့ ခွင့်ပြုချက် ရယူရမှာ ဖြစ်ပါတယ်" ဟု အမည် မဖော်လိုသူ အစိုးရ အရာရှိ တစ်ဦးက ဆိုသည်။ "အာဏာပိုင်တွေက သူတို့ မဲပေးမလား၊ မပေးဘူးလား ဆိုတာကို မေးကောင်း မေးကြပါလိမ့်မယ်" ဟုလည်း ဆက်လက် ပြောသည်။

အစိုးရက ထုတ်ပြန်သော မဲဆန္ဒ ပေးပိုင်ခွင့် ရှိသူများ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမည် မပါဝင်ကြောင်း၊ အကြောင်းမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ဖမ်းဆီး အကျဉ်းချခံ ရသူများ အနေဖြင့် မဲပေးပိုင်ခွင့် မရှိသောကြောင့် ဖြစ်ကြောင်း စက်တင်ဘာလ ၂၀ ရက်နေ့တွင် အစိုးရ အရာရှိကြီးများက ပြောဆိုခဲ့ကြသည်။

သို့သော် စက်တင်ဘာလ ၂၅ ရက်နေ့တွင် အခြားသော အရာရှိ တစ်ဦးက သူမအနေဖြင့် မဲပေးခွင့် ရရှိလိမ့်မည် ဖြစ်သည်ဟု အတည်ပြု ပြောကြားပြန်သည်။ အာဏာပိုင်များက သူမအနေဖြင့် မဲပေးနိုင်ကြောင်း မကြာမီ အသိပေး ပြောဆိုလိမ့်မည် ဖြစ်သည် ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အကျဉ်းထောင်တွင် မဟုတ်ဘဲ နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံထားရသောကြောင့် ရွေးကောက်ပွဲတွင် မဲပေးနိုင်သည့် အခွင့်အရေး ရှိသည်ဟု ဆိုသည်။

မည်သို့ဆိုစေ ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် ကျင်းပ ပြုလုပ်သည့် ရွေးကောက်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ခွင့် မရှိခဲ့ပေ။ အကြောင်းမှာ သူမသည် ပြစ်ဒဏ် ကျခံ နေရသောကြောင့် ဖြစ်သည်။ ဒေါ်စုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်း မပြုဘဲ သပိတ်မှောက်ရန် ဆုံးဖြတ်ခြင်းမှာ အစိုးရက ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေများ တရားမျှတမှု မရှိဟူသော အကြောင်းပြချက်ကြောင့် ဖြစ်သည်။

ယခုအခါ စစ်အစိုးရက NLD သည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လာရောက်ပြီး မှတ်ပုံတင်ခြင်း မပြုခဲ့သောကြောင့် တရားဝင် ပါတီအဖြစ်မှ ဖျက်သိမ်း ပစ်လိုက်ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ စစ်အစိုးရ အုပ်ချုပ်ခဲ့သော နှစ်ပေါင်း ၂၀ ကာလအတွင်း ၁၄ နှစ်တာမျှ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် သူမ၏ နေအိမ် အကျယ်ချုပ် သက်တမ်း ကုန်ဆုံးရန် ရှိခဲ့သော်လည်း သူမသည် နိုင်ငံခြားသား တစ်ဦးကို နေအိမ်တွင် တရားမဝင် လက်ခံ တွေ့ဆုံခဲ့သောကြောင့် စည်းမျဉ်း စည်းကမ်း ဖောက်ဖျက်မှုဖြင့် စစ်အစိုးရက နေအိမ် အကျယ်ချုပ် သက်တမ်းကို ၁၈ အထိ ထပ်မံ တိုးမြှင့်ခဲ့သည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy, By William Boots, 25th September 2010

ကမ္ဘောဒီးယားက ၂၀၁၃ ခုနှစ် နှစ်ကုန်တွင် တစ်နိုင်ငံလုံး နီးပါး လျှပ်စစ်မီး ပေးနိုင်မည့် အစီအစဉ်ကို ကြေညာခဲ့ရာ မြန်မာနိုင်ငံ သည်သာလျှင် အမှောင်ထဲတွင် ကျန်ခဲ့တော့မည် ဖြစ်ကြောင်း စွမ်းအင် စီးပွားရေး ပညာရှင်များက ပြောကြားလိုက်သည်။

ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်က ယခု အပတ်တွင် လာမည့် သုံးနှစ်အတွင်း နိုင်ငံ၏ ပင်မ လျှပ်စစ် ဓာတ်အားလိုင်း ပမာဏ တိုးတက်ရေး အစီအစဉ်များ ကြေညာခဲ့သည်။ အဆိုပါ အစီအစဉ်ကြောင့် တိုင်းပြည်၏ (၁၄) သန်းသော လူအများစုသည် လျှပ်စစ် ဓာတ်အား ပုံမှန် ရကြလိမ့်မည်ဟု ယင်းက ပြောသည်။ လက်ရှိအားဖြင့် ကမ္ဘောဒီးယား လူမျိုးများ၏ ၂၅ % သာ ပင်မ ဓာတ်အားလိုင်းမှ လျှပ်စစ်မီး ရရှိကြပြီး ကျန်လူများမှာ မြန်မာ နိုင်ငံကဲ့သို့ ဒီဇယ် မီးစက်များပေါ်တွင်သာ မှီခိုနေရဆဲ ဖြစ်သည်။

"လူတစ်ဦးချင်းကို အခြေခံ တွက်ချက်မယ် ဆိုရင် ဒီပုံအတိုင်း ဆိုရင် မြန်မာ နိုင်ငံကတော့ နောက်ကျ ကျန်ရစ်ခဲ့တော့မှာပါ။ မြန်မာ နိုင်ငံမှာ လူဦးရေ သန်း (၅၀) ရှိတဲ့အနက် ၂၅ % တောင် မီးမှန်မှန် ရရဲ့လားဆိုတာ သံသယ ရှိစရာပါပဲ။ တိုးတက်လာဖို့ အခြေခံ အဆောက်အဦတွေ ပြောင်းလဲလာဖို့ အစီအစဉ်လည်း မတွေ့ရသေးပါဘူး" ဟု ဒေသတွင်း စွမ်းအင် ထုတ်လုပ် ရောင်းချရေး အကြံပေး ပညာရှင် Collin Reynolds က ဧရာဝတီသို့ ဘန်ကောက်တွင် ပြောကြားခဲ့သည်။

"လာအိုကတောင် သူ့လူဦးရေရဲ့ ၂၀ % ကို လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့လူဦးရေက ၆ သန်းပဲ ရှိတယ်လေ။ အခု ကမ္ဘောဒီးယားရဲ့ ဖွံ့ဖြိုးရေး အစီအစဉ်ဟာ ဒေသတွင်းမှာ မြန်မာနိုင်ငံကို အမှောင်ထဲမှာ ထားရစ်ခဲ့မှာ သေချာသလောက် ရှိပါတယ်" ဟု ယင်းက ပြောသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စွမ်းအားမှာ (၁၇၀၀) မဂ္ဂါဝပ်သာ ရှိရာ ထိုင်းနိုင်ငံ ထုတ်လုပ်မှု စွမ်းအား၏ ဆယ်ပုံတစ်ပုံသာ ရှိသည်။

ဟွန်ဆန်က ပြောကြားရာတွင် ကမ္ဘောဒီးယား၏ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုကို တရုတ်၏ အကူအညီဖြင့် တိုးတက်စေမည် ဖြစ်ပြီး တရုတ် ကုမ္ပဏီများ ၀င်ရောက် လုပ်ကိုင်ကြမည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Korea Times, 26th Sept 2010

တောင်ကိုးရီးယား နိုင်ငံက လူ့အသက်များ ဆုံးရှုံးခဲ့သည့် စစ်သင်္ဘော နစ်မြုပ်မှုအတွက် မြောက်ကိုးရီးယား နိုင်ငံအား တာဝန်ယူရန် ဆက်လက် ရန်စကျူးကျော်မှု မပြုလုပ်ရန်နှင့် နျူကလီယာ ရည်မှန်းချက်များကို စွန့်လွှတ်ရန် စနေနေ့က တိုက်တွန်းလိုက်သည်ဟု ယွန်ဟတ် သတင်းဌာနက သတင်း ဖော်ပြသည်။

နယူးယောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မိန့်ခွန်း ပြောကြားစဉ် ယာယီ နိုင်ငံခြား ဝန်ကြီး ရှင်ကတ်ဆုက "အကယ်၍ ပြုံယမ်း၏ စိတ်နေ သဘောထား ပြောင်းလဲမည် ဆိုပါက အဆင်သင့် ရှိသည်'' ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုးရီးယားအား ၎င်း၏ တိုင်းပြည်နှင့် ပြည်သူများအတွက် ကောင်းမွန်သော အနာဂတ် ဖြစ်ပေါ်စေမည့် မှန်ကန်သော ရွေးချယ်မှု ပြုလုပ်စေရန် တောင်ကိုးရီးယားက နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အတူတကွ လုပ်ဆောင်သွားမည်ဟု ရှင်ကတ်ဆုက ကတိပြုလိုက်သည်ဟု သတင်း ဖော်ပြမှုအရ သိရှိရသည်။

"အရေးယူ ဒဏ်ခတ်မှုများနှင့် ပစ်ပယ်ထားမှုကို စွန့်ခွာနိုင်ရန်အတွက် မြောက်ကိုးရီးယား အနေဖြင့် ၎င်း၏ နျူကလီယာ အစီအစဉ် ဖျက်သိမ်းမည့် ကတိကဝတ်များကို လိုက်နာ စောင့်ထိန်းရန် မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်ကို ပြုလုပ်သင့်သည်" ဟု ယွန်ဟတ် သတင်းဌာနက ဆိုသည်။

နျူကလီယာ ကင်းစင်သွားမည့် မြောက်ကိုးရီးယားသည် လက်ရှိ စိတ်ဆင်းရဲစရာ ကောင်းသော လူ့အခွင့်အရေးနှင့် လူသားချင်း စာနာမှု မရှိသော အနေအထားမှ ၎င်း၏ ပြည်သူများကို ကယ်တင် စောင့်ရှောက်ရန် လမ်းသစ်ကိုလည်း ဖွင့်လှစ်နိုင်လိမ့်မည်ဟု ယွန်ဟတ်က ဖော်ပြခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, by William Boots, 25th September 2010

အိန္ဒိယနိုင်ငံ စွမ်းအင် ၀န်ကြီးဟောင်း တစ်ဦးက မြန်မာနိုင်ငံ၏ ရွှေသဘာဝ ဓာတ်ငွေ့ လုပ်ကွက်မှ ဓာတ်ငွေ့များ ၀ယ်ယူရေး၌ နယူးဒေလီ အစိုးရ ဗျူရိုကရေစီ၏ မှားယွင်းမှုများ၊ အလုပ် မလုပ်မှုများနှင့် အလေးဂရု မပြုမှုများကို ပြောကြားခဲ့သည်။

အိန္ဒိယ နိုင်ငံပိုင် ကုမ္ပဏီ နှစ်ခုသည် ဓာတ်ငွေ့ တူးဖော်ရေး ကုမ္ပဏီ အုပ်စုတွင် ပါဝင်နေသော် လည်း ဓာတ်ငွေ့ ၀ယ်ယူပြီးပါက ဘင်္ဂလား ပင်လယ်အော်မှ ဓာတ်ငွေ့ကို မည်သို့ သယ်ယူမည်နည်းဟု တွေဝေနေချိန်တွင် တရုတ်က နောက်ကျောမှ တိတ်တဆိတ် ၀င်ရောက်ပြီး ၀ယ်ယူရေး သဘော တူညီချက် ရသွားခဲ့သည်ဟု ရေနံနှင့် သဘာဝဓာတ်ငွေ့ ၀န်ကြီးဟောင်း ပါလီမန် အမတ် Mani Shankar Aiyar က ပြောသည်။

"ကျွန်တော်တို့ အိန္ဒိယ အနေနဲ့ ရောင်းသူ ဈေးကွက်ထဲမှာပဲ ရုန်းမထွက်နိုင်အောင် ရှိနေမယ့် အစား ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍသူများနဲ့ ယှဉ်ပြီး ၀င်ရောက်နေဖို့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ အနီးဆုံး အိမ်နီးချင်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို ရိုးရိုးလေးပဲ သိမ်းကျုံး ၀ယ်နေပါတယ်" ဟု The Hindu သတင်းစာနှင့် တွေ့ဆုံရာတွင် ၀န်ကြီးဟောင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်သည် လက်ရှိ တူးဖော်နေသော ရွှေသဘာဝဓာတ်ငွေ့ လုပ်ကွက် နှစ်ခုမှ (200) ဘီလီယံ ကုဗမီတာရှိ အားလုံးသော သဘာဝ ဓာတ်ငွေ့များကို ၀ယ်ယူနေလျက် ရှိသည်။

အိန္ဒိယ ကုမ္ပဏီများသည် မြန်မာနိုင်ငံရှိ အခြားရေနံနှင့် သဘာဝ ဓာတ်ငွေ့ စီမံကိန်းများတွင် လည်း ၀င်ရောက် လုပ်ကိုင်လျက် ရှိသော်လည်း အိန္ဒိယသည် တရုတ်လောက် အကျိုးရှိမည့် လက္ခဏာ မရှိဟု Shankar Aiyar က ပြောသည်။

ယင်း၏ အထက်ပါ ဝေဖန်မှုများ မီဒီယာတွင် ထွက်ပေါ်လာခြင်းမှာ အိန္ဒိယပြည်တွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လိုင်စင်ကို တရုတ်က နောက်တစ်ဖန် လျှောက်ထားခြင်းအား နယူးဒေလီ အစိုးရက ပိတ်ဆို့ရန် ရည်ရွယ်ထားခြင်းကြောင့် ဖြစ်သည်။

သတင်းများက ပြောရာတွင် တရုတ်သည် မြန်မာနိုင်ငံ မှတဆင့် အရှေ့ အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံများ တရုတ်ပြည်သို့ ပို့ဆောင်ခြင်းကြောင့် အိန္ဒိယ သမုဒ္ဒရာတွင် တရုတ်၏ သြဇာ လွှမ်းမိုးမှု ကြီးထွားလာမည်ကို အိန္ဒိယ အစိုးရက စိုးရိမ်လျက် ရှိသည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Business Standard, 26th Sept 2010

တရုတ်နိုင်ငံမှ ပုလဲများသည် ဟိုက်ဒရောဘတ် ပုလဲ လောက၏ အဆီအနှစ်များကို စုပ်ယူလျက် ရှိသည်။ ပါကစ္စတန်၏ ဟိုက်ဒရောဘတ်ကို ပုလဲမြို့တော် အဖြစ် သတ်မှတ်၍ ရနိုင်သေးသော်လည်း မြို့တော်၏ ပုလဲ အရောင်းအဝယ် လောကသို့ တရုတ်ပုလဲများ၏ လွှမ်းမိုးမှု ကြီးထွားလာခဲ့သည်။ ဂျပန်၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဗင်နီဇွဲလားနှင့် တဟီတီတို့မှ ပုလဲများလည်း ဈေးကွက် အတွင်းသို့ ဝင်လာလျက် ရှိပြီး တရုတ်ပုလဲများက ပိုမို ထိုးဖောက်နိုင်စွမ်း ရှိ၍ ကုမ္ပဏီကြီးများနှင့် လက်လီဆိုင်များ၏ စီးပွားရေးကို သိမ်းကြုံး ရယူလျက် ရှိသည်။ သို့သော် အဆိုပါ ပုလဲများနှင့် ပတ်သက်၍ ဟိုက်ဒရောဘတ် မြို့သားများ မည်သည့် အကျိုးအမြတ်မျှ မရဟု Kundan Jewellers မှ အမှုဆောင်ဒါရိုက်တာ Satish Aqarwal က ပြောကြားခဲ့သည်။

အကျိုးဆက်အားဖြင့် တစ်နှစ်လျှင် တန်ချိ ၁၂၀ အထိ ရောက်ရှိခဲ့သော ပုလဲရောင်းဝယ်ရေး ပမာဏမှာ ယခုအခါ တန်ချိန် ၇၀-၈၀ အထိ ကျဆင်းသွားခဲ့သည်။

"ဒီပုလဲတွေကို အလားတူ ဈေးနှုန်းနဲ့ ဘယ်မှာမဆို ရနိုင်ပါတယ်" ဟု Aqarwal က စိတ်မကောင်းစွာ ဆိုသည်။ Aqarwal ကဲ့သို့ ပုလဲ ကုန်သည်များစွာမှာ စိန်နှင့်ရွှေ ရတနာ လောကသို့ ကူးပြောင်းသွားကြသည်မှာ အံ့သြစရာ မရှိပေ။

ဟိုက်ဒရောဘတ်၏ အမွေအနှစ် ဖြစ်သော ပုလဲ ရောင်းဝယ်ရေး လုပ်ငန်းမှာ မြို့တော်၏ သက်တမ်းနှင့်အတူ ရှည်ကြာလှပြီ ဖြစ်သည်။ ထိုအချက်ကပင် ကုန်သည်များကို ဘာဆရာ၊ တဟီတီနှင့် ပင်လယ်ကွေ့ နိုင်ငံအချို့မှ အရည်အသွေးကောင်း ပုလဲများကို ရရှိအောင် တိုက်တွန်း အားပေးခဲ့သည်။

ဟိုက်ဒရောဘတ်တွင် ပုလဲ မွေးမြူရန် ပင်လယ်(သို့) မြစ် မရှိသော်လည်း ပုလဲ ရောင်းဝယ်ရေး ထွန်းကားလာခဲ့သည်။

ကျွမ်းကျင် လုပ်သားများစွာ ရှိခြင်း၊ ဖောက်ခြင်း၊ ရွေးချယ်ခြင်း၊ သီခြင်း၊ ထုတ်လုပ်ခြင်း တို့ဖြင့် ကြီးမားသော ပုလဲ စီးပွားရေး လောကကို ဖွဲ့စည်းထားခဲ့သည်။ ဟိုက်ဒရောဘတ် အနီးတဝိုက် မီဒတ်ခရိုင် ချန်ဒမ်ပက် ကဲ့သို့သော ကျေးရွာ အချို့မှာ ပုလဲလုံး ဖောက်ခြင်း ကျွမ်းကျင်သော ရွာများ ဖြစ်သည်။ ယခုအခါ ၎င်းတို့အနက် အများစုမှာ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းသို့ ကူးပြောင်း လုပ်ကိုင်နေရပြီ ဖြစ်သည်။

တိုင်းပြည်တွင်း နိုင်ငံရေး မငြိမ်သက်မှုများ၏ ရလဒ်အဖြစ် ခရီးသွား တိုးရစ်စ်များ ကျဆင်းသွားခြင်းနှင့် စီးပွားရေး နှေးကွေး လေးလံခြင်း တို့ကလည်း တစ်နှစ်လျှင် ၅၀၀ မှ ၇၀၀ ကဋေတန်ဖိုး အထိ အရောင်းအဝယ် ရှိသော ပုလဲ စီးပွားရေးကို အထိနာစေခဲ့သည်။ "တိုးရစ်စ်တွေရဲ့ ဝယ်ယူမှုက ပုလဲ ရောင်းချမှု စုစုပေါင်းရဲ့ ၄၀ % လောက် ရှိပါတယ်'' ဟု Manmatrai Pearls မှ အမှုဆောင် ဒါရိုက်တာ Naresh Aqarwal က ပြောကြားသည်။

သို့သော်လည်း ဟိုက်ဒရောဘတ် မြို့သားများအတွက်မှု ပုလဲ အရောင် မမှိန်သေးပါ။ တန်ဖိုး နည်းနည်း၊ ပမာဏ များများ ကစားပွဲတွင် ပျော်မွေ့နေသော ပုလဲ လက်လီသမားများကမူ "ပြည်တွင်း ဖောက်သည်တွေရဲ့ ဖြုန်းအားက ကောင်းနေပါတယ်'' ဟု ပြောကြားကြသည်။ ရွှေဈေးနှုန်း မိုးထိအောင် လှေကား ထောင်နေသဖြင့် ပုလဲ၏ မျှော်လင့်ချက် ပြန်လည် ရှင်သန်လာခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်နိုင်ငံ၏ ငွေကြေး ပေါ်လစီ အပေါ် ဝေဖန်မှုများ အားလုံးကို ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချလိုက်သည်။ တရုတ် ကုမ္ပဏီများ အတွက် မျှတမှု မရှိသော ကုန်သွယ်ရေး အကျိုးအမြတ် ရရှိနိုင်ရန် ယွမ်ငွေကြေး တန်ဖိုး လျှော့ချထားမှုကြောင့် တရုတ်နိုင်ငံအပေါ် အပြစ်ပေး အရေးယူမည်ဟု အမေရိကန် ပြည်ထောင်စုက ခြိမ်းခြောက်ထားသည့် ကိစ္စကြောင့် မစ္စတာ ဝမ်ကျားပေါင်က ကုလသမဂ္ဂ ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ရန် အမေရိကန်သို့ ရောက်ရှိနေခိုက် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် မစ္စတာ ဝမ်ကျားပေါင်က မိမိတို့၏ ငွေကြေး လဲလှယ်မှု နှုန်းထား ကိစ္စသည် အမေရိကန် ပြည်ထောင်စု၏ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး လိုငွေပြမှုနှင့် ပတ်သက်မှု မရှိသလို အဆိုပါ ကိစ္စကို နိုင်ငံရေးဇာတ်မသွင်းသင့်ကြောင်း အမေရိကန် စီးပွားရေး ခေါင်းဆောင်များကို ပြောကြားသည်။

မစ္စတာ ဝမ်ကျားပေါင်သည် စက်တင်ဘာလ ၂၃ ရက်နေ့တွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် တွေ့ဆုံခဲ့သည်။

"ယွမ်ငွေတန်ဖိုး ပြင်ဆင် သတ်မှတ်ဖို့ အခြေအနေတွေ မရှိပါဘူး" ဟု မစ္စတာ ဝမ်ကျားပေါင်က ဆိုသည်။ "တရုတ်-အမေရိကန် ကုန်သွယ်ရေးမှာ အမေရိကန် ကုန်သွယ်ရေး လိုငွေပြနေတဲ့ အဓိက အကြောင်းရင်းက ယွမ်ငွေ တန်ဖိုးကိစ္စ မဟုတ်ပါဘူး၊ ကုန်သွယ်မှုပုံစံနဲ့ နှစ်နိုင်ငံ အကြား ရင်းနှီးမြှုပ်နှံမှု ကိစ္စသာ ဖြစ်ပါတယ်" ဟု ဆိုသည်။

ငွေစက္ကူ ကိစ္စ

ယွမ်ငွေတန်ဖိုး ဆက်လက် မြင့်တက်နေမည် ဆိုပါက တရုတ် နိုင်ငံအပေါ် ကုန်သွယ်ရေးအရ အပြစ်ပေး အရေးယူမှု ပြု၊ မပြုဟူသော ကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် လွှတ်တော်ကော်မတီက လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ မဲခွဲဆုံးဖြတ်မှုကို လာမည့် စက်တင်ဘာ နောက်ဆုံးပတ်တွင် ပြုလုပ်မည်ဟု မျှော်လင့်ရသည်။ "အမေရိကန် အစိုးရ အနေနဲ့ တရုတ်နိုင်ငံ အစိုးရနဲ့ အပြန်အလှန် သဘောမျိုးရော ဘက်ပေါင်းစုံ သဘောမျိုးပါတဲ့ စေ့စပ်ညှိနှိုင်းမှု ပြုလုပ်နိုင်ရေး အတွက် ဥပဒေ တစ်ရပ် ထွက်ပေါ်လာအောင် ကွန်ဂရက်က လုပ်ဆောင်ပေးရမယ့် အချိန် ရောက်နေပါပြီ" ဟု လွှတ်တော် ဥက္ကဌ Nancy Pelosi က ပြောကြားသည်။

တရုတ်နိုင်ငံ ယွမ်ငွေ တန်ဖိုးသည် ဈေးကွက် အနေအထားထက် လျော့နည်းနေသည်ဟု အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ယခု ရက်သတ္တပတ် အစောပိုင်းတွင် ထုတ်ဖော် ပြောဆိုထားသည်။ "အဲဒီတော့ ကုန်သွယ်ရေးမှာ သူတို့ အသာစီးရနေတာပေါ့။ ကျွန်တော်တို့ အနေနဲ့ ပြောရရင် ဒီကိစ္စအတွက် ဆက်လက် တောင်းဆိုနေရမှာပဲ။ နောက်ပြီး အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေး ကိစ္စတွေ အတွက်လည်း ပြောဆိုနေရဦးမှာပါ။ တကယ်တမ်း ပြောရရင် အမေရိကန်-တရုတ် ကုန်သွယ်ရေးဟာ နှစ်လမ်းသွားပုံစံ ဖြစ်ပါတယ်" ဟု အိုဘားမားက ဆက်လက် ပြောသည်။

တရုတ်နှင့် အမေရိကန်အကြား ဖြစ်ပေါ်နေသော တင်းမာမှုများတွင် ငွေစက္ကူကိစ္စ တစ်ခုတည်း မဟုတ်ပေ။ တောင်တရုတ် ပင်လယ်အတွင်း ဖြစ်ပေါ်နေသော နယ်မြေ ပိုင်ဆိုင် မှုဆိုင်ရာ အငြင်းပွားမှုထဲသို့ အမေရိကန် အနေဖြင့် ဝင်ရောက် စွက်ဖက်မှု မပြုရန် တရုတ်နိုင်ငံက သတိပေးထားသည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စုက ထိုင်ဝမ်အား လက်နက် ရောင်းချမှုကိုလည်း တရုတ် ပြည်မကြီးက လွန်စွာ မကျေမနပ် ဖြစ်လျက် ရှိသည်။

မစ္စတာ ဝမ်ကျားပေါင်က "တရုတ်-အမေရိကန် ကုန်သွယ်ရေး ဆိုင်ရာ အငြင်းပွားမှုတွေနဲ့ မပြေလည်မှုတွေကို လတ်တလော ကာလလေး အတွင်းမှာပင် ဖြေရှင်းလိုက်နိုင်ပါတယ်" ဟု ဆိုသည်။ အမေရိကန် ပြည်ထောင်စုက တရုတ်ပြည်ကို အင်အား ကောင်းမွန်ပြီး တည်ငြိမ်မှု ရှိစေလိုသကဲ့သို့ တရုတ်ကလည်း အမေရိကန် ပြည်ထောင်စုကို အင်အားကောင်းပြီး တည်ငြိမ်မှု ရှိသော နိုင်ငံ တစ်ခုအဖြစ် မြင်တွေ့လိုကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.