Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၁.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ကချင်လက်နက်ကိုင်အဖွဲ့နှင့် ဆွေးနွေးမည့်ကိစ္စမြန်မာဘက်မှ အတည်ပြု

(VOA News မှ 31 Jan 2013 ရက်စွဲပါ “Burma confirms peace talks with Kachin rebels” သတင်းကို ဘာသာပြန်ပါသည်)

  1. အစိုးရအာဘော် သတင်းစာ အသွင်ပြောင်းရန် ပုဂ္ဂလိက တွဲဖက်ရှာ

(AFP News မှ 31 Jan 2013 ရက်စွဲပါ “Myanmar regime mouthpiece seeks private partner” သတင်းကို ဘာသာပြန်ပါသည်)

  1. ရခိုင်ပြည်နယ်တွင် တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး

(AFP News မှ 30 Jan 2013 ရက်စွဲပါ “Troops shoot one dead in West Myanmar: government official ” သတင်းကို ဘာသာပြန်ပါသည်။)

***************************************************************

ဘာသာပြန်သတင်းများ

ကချင်လက်နက်ကိုင်အဖွဲ့နှင့် ဆွေးနွေးမည့်ကိစ္စမြန်မာဘက်မှ အတည်ပြု

(VOA News မှ 31 Jan 2013 ရက်စွဲပါ “Burma confirms peace talks with Kachin rebels” သတင်းကို ဘာသာပြန်ပါသည်)

photo:Internet

ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင်အေ နှင့် အသစ်ထပ်မံဆွေးနွေးမှုများကို နောက်ထပ်သူပုန်အုပ်စု တစ်ခုဖြစ်သော UWSA ဝ တပ်ဖွဲ့ကဖိတ် ခေါ်ကျင်းပပေးမည်ဖြစ်ကြောင်း မြန်မာအစိုးရဖက်မှ အတည်ပြုပြောဆိုသည်။ UWSA သည် နယ်စပ် တည်ငြိမ်ရေးကိစ္စကို စိုးရိမ်နေသော တရုတ်နိုင်ငံနှင့် ရင်းနှီးသော အဖွဲ့ဖြစ်သည်။

ရှမ်းပြည်အရှေ့ပိုင်း ပန်ဆိုင်းတွင် ကျင်းပမည့် ဆွေးနွေးပွဲများသို့ တက်ရောက်ရန် ကေအိုင်အေ ဖက်မှသဘောတူပြီးနောက် ကြာသာပတေးနေ့ တွင် မြန်မာအစိုးရဖက်မှ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က VOA သို့အတည်ပြုပြောကြားခြင်း ဖြစ်သည်။ ပန်ဆိုင်းသည် တရုတ်နှင့် အနီးကပ် ဆက်ဆံ နေသော ဝ အဖွဲ့ UWSA ဌာနချုပ် အခြေစိုက်ရာ မြို့ဖြစ်သည်။

ဦးရဲထွဋ်က “အစိုးရနှင့် ကေအိုင်အေ အကြားဆွေးနွေးပွဲကို လက်ခံကျင်းပရန် ဝ အဖွဲ့ကကမ်းလှမ်း လာခြင်းကို အစိုးရက သဘောတူ လိုက်ကြောင်း၊ ကျင်းပမည့် ရက်ကိုညှီနှိုင်းနေဆဲဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ကေအိုင်အို နှင့် ဆွေးနွေးရေးကိုအချိန်မရွေး၊ နေရာမရွေး အဆင်သင့် ရှိသည်ဟု ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝ အဖွဲ့ကကမ်းလှမ်းလာချိန်တွင် သဘောတူလိုက်ကြောင်း” ရှင်းလင်းပြောဆိုသည်။

ကေအိုင်အေနှင့် အစိုးရတပ်ဖွဲ့အကြား ၁၇ နှစ်အကြာ အပစ်ရပ်စဲထားမှုမှာ ၂၀၁၁ ဇွန်လတွင် ကျိုးပေါက်သွားခဲ့ပြီး တိုက်ပွဲ ပြန်လည်ဖြစ်ပွားခြင်း အတွက်တစ်ဖက်နှင့် တစ်ဖက် အပြစ်ဖို့လျက်ရှိကြသည်။

ပြီးခဲ့သော ဒီဇင်ဘာတွင် တိုက်ပွဲများအရှိန်မြင့်လာခဲ့ပြီး ကေအိုင်အေ ဌာနချုပ် လိုင်ဇာအနီးမှ လဂျားယန် နယ်မြေကို အစိုးရတပ်များက လုယူ ထိန်းချုပ်ရန်အတွက် ဂျက်လေယာဉ်၊ ရဟတ်ယာဉ် နှင့် လက်နက်ကြီး ပစ်ကူအားကိုးကာ ထိုးစစ်ဆင်ခဲ့သည်။ ထို့အတွက် နယ်စပ်မျဉ်းတစ်လျှောက်နှင့် တရုတ်ပိုင်နက်ထဲသို့ အမြောက်ဆံများ ကျရောက်ခဲ့သည်။

ထို့အတွက်နိုင်ငံတကာ စိုးရိမ်ပူပန်မှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပြီး ဖိအားပေး မှုများကြောင့် မြန်မာအစိုးရက တိုက်ခိုက်မှုများ ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော် လေကြောင်းမှ တိုက်ခိုက်မှုများရပ်သွားခြင်းသာ ဖြစ်ပြီး၊ အမြောက်နှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ပြုလုပ်နေသည်ဟု သိရှိရသည်။

ဝ အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က “UWSA ၏ ကမ်းလှမ်းမှုကို အစိုးရက ရက်အတန်ကြာကပင် လက်ခံထားပြီးဖြစ်၍ KIA ထံမှ သဘောတူခေါင်းညိတ်မှုကို စောင့်နေခြင်းဖြစ်ကြောင်း၊ ဆွေးနွေးပွဲရက် သတ်မှတ်ပြီးပါက နှစ်ဖက်အသိုင်းအဝိုင်း ကိုယ်စားပြု တက်ရောက်မည့် သူများကို သတ်မှတ်ရန် လိုအပ်ကြောင်း၊ ဝ နယ်မြေသည်လုံခြုံမှုရှိ၍ အကြောင်းသိပြီး ဖြစ်သောကြောင့် နှစ်ဖက်စလုံးက ဆွေးနွေးပွဲ ကျင်းပရန် သဘောတူခဲ့ကြခြင်း ဖြစ်ကြောင်း” ရှင်းလင်းပြောဆိုသည်။

ယခင် ဘီဂျင်းက တိုက်ရိုက်ပံ့ပိုးပေးထားသော ဗမာပြည်ကွန်မြူနစ်ပါတီ ၁၉၈၉ တွင် ပြိုကွဲသွားပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်း ကြသောလက် နက်ကိုင် အုပ်စုများထဲတွင် ဝ အဖွဲ့ UWSA သည် အကြီးဆုံးအဖွဲ့ဟု သိရှိရသည်။

ဝ နှင့် ကချင် နှစ်ဖွဲ့စလုံးသည် တရုတ်နိုင်ငံနှင့် နယ်စပ် တစ်လျှောက် နယ်မြေများကို ထိန်းချုပ်ထားကြပြီး ဝ အဖွဲ့သည်အစိုးရနှင့် မကြာခဏ တင်းမာမှုများရှိခဲ့သော်လည်း ၁၉၈၉ မှစ၍ အပစ်ရပ်စဲ ထားသည်။

ထိုကဲ့သို့ အပစ်ရပ်နယ်မြေကို ထိန်းချုပ်ထားနိုင်မှုကြောင့် ဝ အဖွဲ့သည် ဒေသတွင်း အကြီးဆုံး မူးယစ်ကုန်ကူးသော အဖွဲ့ ဖြစ်လာခဲ့ပြီး ဝါရှင်တန် ၏ most wanted စာရင်းတွင် ဝ အဖွဲ့ခေါင်းဆောင် ပါဝင်လာခဲ့သည်။

နယ်ခြားစောင့် တပ်ဖွဲ့အဖြစ်အသွင်ပြောင်းရန် ငြင်းဆန်သော ကိုးကန့်အဖွဲ့ကို ၂၀၀၉ ခုနှစ်တွင် မြန်မာစစ်တပ်က နှိပ်ကွပ်ပြခဲ့သောကြောင့် အလားတူငြင်းဆန်နေသော ဝ အဖွဲ့ကိုပါ ဖိအားပေးနိုင်ခဲ့သည်။

ဝ အဖွဲ့သည် ကချင်ပြည်နယ်မှ ပဋိပက္ခကို သတိထား စောင့်ကြည့်နေပြီး၊ တရုတ်ပြည်၏ အကူအညီ ဖြင့် တိတ်တဆိတ် စစ်အင်အားကောင်း အောင် တည်ဆောက်နေသည်ဟု လုံခြုံရေး အကဲခတ်များက ဆိုပါသည်။

ဝ အဖွဲ့အား တရုတ်နိုင်ငံက လက်နက်ပံ့ပိုးနေသည်ဟူသော သတင်းများကို ရန်ကုန်မြို့ တရုတ်သံရုံးက ငြင်းဆိုထားသည်။

အစိုးရနှင့် ကေအိုင်အို အကြား ယခင် အကြိမ်ကြိမ်ဆွေးနွေးမှုများတွင် အစိုးရဖက်က ရှေးဦးစွာ အပစ်ရပ်ရေးကို ဆန္ဒရှိသော်လည်း ကေအိုင်အို ဖက်က အကဲဆတ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိစ္စကို ပိုမိုဆွေးနွေးလိုခြင်းကြောင့် တိုးတက်မှုအနည်းငယ်သားရှိခဲ့သည်။

အောက်တိုဘာလက နောက်ဆုံးကျင်းပသော ရွှေလီဆွေးနွေးပွဲတွင် ကေအိုင်အေဖက်က ဆုံးဖြတ်ချက်ပေးနိုင်သော တပ်မှူးကို စေလွှတ်ပေးခြင်း မရှိခဲ့ပါ။

ဦးရဲထွဋ်က “ကျွန်တော်တို့ဖက်က မြောက်ပိုင်းကချင်ပြည်နယ်ကို ကိုင်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ကို စေလွှတ်ပေးခဲ့ပေမယ့် သူတို့ဖက်က လုပ်ပိုင်ခွင့်ရှိတဲ့ တပ်မှူးကို စေလွှတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါ့ကြောင့် ဆွေးနွေးပွဲပျက်သွားပြီး လဂျားယန် မှာ တိုက်ပွဲတွေ ဖြစ်လာခဲ့ရတာပါ” ဟုပြောကြား သည်။

ယခု အချီဆွေးနွေးပွဲတွင် ကေအိုင်အေဖက်မှ ထိပ်တန်းအဆင့် ကိုယ်စားလှယ်စေလွှတ်ပေးဖို့လိုအပ်ပြီး သို့မှသာ တိုးတက်မှုရှိအောင် ပြုလုပ် နိုင်လိမ့်မည်ဟု ဦးရဲထွဋ် က ဆိုပါသည်။

ကေအိုင်အေ ဖက်မူ လတ်တလော မှတ်ချက်ပေးခြင်း မရှိသေးပေ။သို့ရာတွင် ကေအိုင်အေ သူပုန်တို့ဖက်မှ လိုလိုလားလားမရှိမှုသည် အယုံ အကြည်မဲ့ခြင်းပေါ်တွင် အခြေခံသည်ဟု ငြိမ်းချမ်းရေးစေ့စပ်သူများနှင့် အကဲခတ်လေ့လာ သူများက ပြောကြားကြသည်။

ကချင်ပြည်နယ်ပဋိပက္ခသည် မြန်မာအာဏာရှင်အကြီးအကဲဟောင်း၏ တစ်ချက်ခုတ်လေးချက်ပြတ် မဟာဗျူဟာတစ်ခု ဖြစ်သည်ဟုလည်း တစ်ချို့အကဲခတ်များက ခန့်မှန်းကြသည်။

---------------------------------------------------------------------------------

အစိုးရအာဘော် သတင်းစာ အသွင်ပြောင်းရန် ပုဂ္ဂလိက တွဲဖက်ရှာ

(AFP News မှ 31 Jan 2013 ရက်စွဲပါ “Myanmar regime mouthpiece seeks private partner” သတင်းကို ဘာသာပြန်ပါသည်)

photo:Internet

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး အစိုးရသစ်က နိုင်ငံပိုင်မီဒီယာအပေါ် ချုပ်ကိုင်မှုဖြေလျှော့နေပြီ ဖြစ်သောကြောင့် အစိုးရအာဘော်သတင်းစာ New Light of Myanmar အနေဖြင့် လက်တွဲရန် ပုဂ္ဂလိက ပါတနာ ရှာဖွေနေကြောင်း တာဝန်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

အသေးစိတ်အချက်များကို မသိရသေးသော်လည်း အတိုက်အခံများနှင့် နိုင်ငံခြားအုပ်စုများကို နှစ်ပေါင်းများစွာ ဆန့်ကျင်ရပ်တည်လာခဲ့သော အင်္ဂလိပ်ဘာသာ သတင်းစာအပေါ် အစိုးရက အနည်းဆုံးအားဖြင့် ခေါင်းကြီးပိုင်းထိန်းချုပ်ထားမှုကို ဖြေလျှော့ပေးမည့် အလားအလာတိုးပွားလာပြီဟု သိရှိရ သည်။

“အင်္ဂလိပ်ဘာသာ New Light of Myanmar သတင်းစာ ကိုထုတ်ဝေဖို့ စိတ်ဝင်စားသူတွေကို တင်ဒါခေါ်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ သဘောတူလိုက်ပါပြီ” ဟု အမည်မဖော်လိုသူ ပြည်သူ့ဝန် ဆောင်မှု မီဒီယာအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက AFP သို့ပြောကြားသည်။

အောက်တိုဘာလက နိုင်ငံပိုင်သတင်းစာ ၃ စောင်ကို ပြည်သူ့အကျိုးပြု မီဒီယာအဖြစ် အသွင်ပြောင်းရန် စီစဉ်နေကြောင်း ကြေညာချိန်တွင် ဖွဲ့စည်းခဲ့သော အထက်ပါအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက “ပြန်ကြားရေးဝန်ကြီး ဌာနအနေနဲ့ လူသားရင်းမြစ်လိုအပ်ချက်ကြောင့် ဒီနေ့သတင်းစာကို ထိထိ ရောက်ရောက် အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီလိုပြောင်းပစ်လိုက်မှသာ ကွာလတီ သတင်းစာဖြစ်လာဖို့ မျှော်လင့်နိုင်မှာပါ” ဟု ဆိုပါသည်။

New Light of Myanmar သတင်းစာသည် အစိုးရသစ် တက်လာပြီးနောက်ပိုင်း နိုင်ငံခြား သတင်းဌာနများအပေါ် ပုတ်ခတ် စော်ကားသောကြွေး ကြော်သံများကို ပယ်ဖျက်ခဲ့ပြီး၊ ယခုနောက်ပိုင်းတွင် ဟောလိဝုဒ် အတင်း အဖျင်းများ ကိုပင် ဖော်ပြလာသည်ကိုတွေ့ရသည်။

အလားတူ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော Myanmar Times Weekly ပူးတွဲ ထူထောင်သူ သြစတြေးလျားနိုင်ငံသား ရော့ဒန်ကလီ က New Light of Myanmar နှင့် ပူးပေါင်းရန် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုသည်။

“ဒီလိုအချိန်မှာ ဒီတိုင်းပြည်ရဲ့ နိုင်ငံပိုင်သတင်းစာကို ပြန်လည်ပုံသွင်းဖို့ ကူညီခွင့်ရတာဟာ ကြီးမားတဲ့ အခွင့်အလမ်းပါ။” ဟု ဒန်ကလီ ကဆိုသည်။

၂၀၁၃ ကမ္ဘာ့သတင်းစာ လွတ်လပ်ခွင့် ညွှန်းကိန်းဇယားတွင် မြန်မာနိုင်ငံသည် ၁၇၉ မှ ၁၅၁ သို့ ၁၈ ဆင့် တက်လာသည့် အတွက် မြန်မာ့ အပြောင်းအလဲများကို ကျေးဇူးတင်ကြောင်း ပါရီအခြေစိုက် နယ်စည်းမထားသတင်းထောက်များအဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

---------------------------------------------------------------------------------

ရခိုင်ပြည်နယ်တွင် တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး

(AFP News မှ 30 Jan 2013 ရက်စွဲပါ “Troops shoot one dead in West Myanmar: government official ” သတင်းကို ဘာသာပြန်ပါသည်။)

photo:Internet

ပဋိပက္ခဘေးဒဏ်သင့် ရခိုင်ပြည်နယ်တွင် မွတ်ဆလင်ရွာသားများနှင့်ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်စဉ်အတွင်း အစိုးရတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးသွားကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့တွင်ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်မှ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်လာသူ ဘင်္ဂါလီများဟု မြန်မာအစိုးရက သတ်မှတ်ထားသော ရိုဟင်ဂျာ မွတ်ဆလင် အများစု  နေထိုင်ရာ နယ်မြေတွင် တနလာင်္နေ့က အခင်းဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

“ဘင်္ဂါလီ ၂၀ လောက်က စစ်သားတွေကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ စစ်သားတွေက သတိပေး ပစ်ခတ်ရာမှာ တစ်ဦးထိမှန်သွားတာပါ။ ဆေးရုံပို့တဲ့လမ်းမှာတင် သေဆုံးသွားပါတယ်” ဟု အမည်မဖော်လိုသူ အစိုးရ အရာရှိက ပြောကြားသည်။

အခင်းဖြစ်ပွားမှု အကြောင်းအရင်းများကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း ၎င်းနယ်မြေသို့ သစ်တောဌာနဝန်ထမ်းများက စစ်ဆေးရေး ဝင်ရန် ကြိုးစားစဉ် ထိပ်တိုက်ပဋိပက္ခ ဖြစ်ပွားခြင်း ဖြစ်သည်ဟု ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်မြိုင် ကပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဇွန်လ ကစတင်ဖြစ်ပွါးသော ရခိုင်- ရိုဟင်ဂျာ အဓိကရုဏ်းကြောင့် အနည်းဆုံး ၁၈၀ ခန့် သေဆုံးခဲ့ပြီး၊ အိုးမဲ့၊ အိမ်မဲ့ ဖြစ်နေ သော ဒုက္ခသည် တစ်သိန်းကျော်တွင် ရိုဟင်ဂျာ အများစုပါဝင်သည်။ အချို့ ရိုဟင်ဂျာများမှာ မလေးရှားနိုင်ငံသို့ သွားရန်အတွက် စက်လှေများဖြင့် ပင်လယ် ဖြတ်ကူးထွက်ပြေးကြသည်။

နယူးယောက်အခြေစိုက် Human Rights Watch အဖွဲ့က “မြန်မာအစိုးရတပ်များသည် ရိုဟင်ဂျာများအားကျည်အစစ်ဖြင့် ပစ်ခတ်ခဲ့သည်” ဟု သြဂုတ်လက အစီရင်ခံစာ ထုတ်ပြန်စွပ်စွဲထားသည်။

ကမ္ဘာ့အဖိနှိပ်ခံရဆုံး လူမျိုးစုဟု ကုလသမဂ္ဂ၏ သတ်မှတ်ခြင်းခံရသူ ရိုဟင်ဂျာ-မွတ်ဆလင် ၈ သိန်းကျော်ကို မြန်မာနိုင်ငံက နိုင်ငံသားအဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ထားပါသည်။

**********************************************************

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၁.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ကချင်ငြိမ်းချမ်ရေး လမ်းလျောက်သူ ပြင်သစ်နိုင်ငံသား ပြည်နှင်ဒဏ်ပေးမည် သတင်း မဟုတ်မှန်
  2. စစ်မလိုလားကြောင်း KIO မှသဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာ
  3. ဝန်ကြီးဌာနအပါအဝင် ပုဂ္ဂလိကလုပ်ငန်းရှင်များ လယ်သိမ်းယူရာတွင် ဥပဒေလိုက်နာခြင်းမရှိ
  4. မြန်မာ့မီးရထားလမ်းများ အဆင့်မြှင့်တင်ရာ၌ နည်းပညာနှင့် ငွေကြေးလိုအပ်ချက်များရှိနေ

***********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ကချင်ငြိမ်းချမ်ရေး လမ်းလျောက်သူ ပြင်သစ်နိုင်ငံသား ပြည်နှင်ဒဏ်ပေးမည် သတင်း မဟုတ်မှန်

ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော စစ်ပွဲများ ရပ်ဆိုင်းရန်အတွက် ရန်ကုန်မြို့မှ ကချင်ပြည်နယ် လိုင်ဇာအထိ လမ်းလျောက်သူများထဲတွင် ပါဝင် သည့်ပြင်သစ်နိုင်ငံသား တစ်ဦးကို ပြည်နှင်ဒဏ်ပေးမည် ဟူသောသတင်းသည် မှန်ကန်မှု မရှိကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဦးရဲထွဋ်က ပြေကြားလိုက်ကြောင်းသိရသည်။

အသက် ၄၄ နှစ်ရှိသူ  ပြင်သစ်နိုင်ငံသား ခရစ်တိုဖာကို တောင်ငူအရောက်တွင် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် လဝက အဖွဲ့ဝင်များက ဇန်နဝါရီလ ၃၀ ရက်နေ့ တောင်ငူမြို့အရောက်တွင် စစ်ဆေးရာ အလည်အပတ်ဗီဇာသာ ဖြစ်သည့် အတွက် ရန်ကုန်သို့ပြန်ပို့ကာ သက်ဆိုင်ရာ ပြင်သစ်သံရုံး မှတာဝန်ရှိသူများနှင့် တွေ့ဆုံပေးခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ နိုင်ငံခြားသားကို ပြည်နှင်ဒဏ်ပေးမည်ဟူသော သတင်းမီဒီယာအချို့၏ဖော်ပြမှုသည် မှန်ကန်မှု မရှိကြောင်းကို လှုဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါငြိမ်းချမ်းရေးလမ်းလျောက်သူများသည် ဇန်နဝါရိလ ၂၁ ရက်နေ့မနက် ၇ နာရီမှစတင်ကာ သံဃာ ခုနှစ်ပါး နှင့် လူအယောက် လေးဆယ် ခန့်သည် ရန်ကုန်မြို့တော်ခန်းမ မှစတင် ကချင်ပြည်နယ် လိုင်ဇာမြို့ထိ မိုင်ပေါင်း ၈၀၀ ကျော် လမ်းလျောက်ထွက်ခွာလာခြင်းဖြစ်သည်။

YC

---------------------------------------------------------------

စစ်မလိုလားကြောင်း KIO မှသဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာ

မြန်မာ့တပ်မတော်အနေဖြင့် ထိုးစစ်ဆင်နွဲခြင်းများကို ရပ်ဆိုင်းလိုက်ပါက KIO/KIA ဘက်မှလည်း ပဋိပက္ခဖြစ်ပွား နိုင်မည့် စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်မည် မပာုတ်တော့သည့် အပြင် KIO အနေဖြင့်နိုင်ငံရေး ပြဿနာများကို ဆွေးနွေးခြင်းဖြင့်သာ အဖြေရှာနိုင်မည်ပာု ယုံကြည်သည့်အတွက် လိုအပ် သောဆွေးနွေးမှု လုပ်ငန်းစဉ်များကို နိုင်ငံတကာရှိ အကူအညီ ပေးနိုင်မည့် အဖွဲ့အစည်းများ၊နိုင်ငံများထံတွင် အကူအညီတောင်းခံပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း KIO မှ ၂၀၁၃ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သဘောထားကြေညာချက် တစ်စောင်ထုတ်ပြန်ကြေညာခဲ့သည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့မှ ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သော ထုတ်ပြန်ကြေညာချက်တွင် “တစ်ဘက်လက်နက် ကိုင် အဖွဲ့အစည်း ဖြစ်သည့် KIO/KIA မှ လာရောက်ခြင်းမရှိဘဲ နိုင်ငံတော် အစိုးရမှကမ်းလှမ်းချက်ကို ပယ်ချခဲ့ခြင်းနှင့် ရွှေလီဆွေးနွေးပွဲကို ပျက်ပြားစေခဲ့”ပာူ၍ KIO အားတစ်ဖက်သတ် အပြစ်ပုံချထားသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် KIO အနေဖြင့် သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ကြေညာခြင်း မပြုသည်မှာ မလိုလားအပ်သော သဘောထား တင်းမာမှုများကို ရှောင်လွှဲ လိုသောကြောင့်ဖြစ်ကြောင်း သိရသည်။

အဆိုပါ KIO ၏သဘောထားထုတ်ပြန်ချက်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ထုတ်ပြန်ချက် အပိုဒ် ၁၊ ၂၊ ၃၊ ၄ နှင့် ပတ်သက်၍ သီးခြားမှတ်ချက်ပေးရန်မရှိသော်လည်း အပိုဒ် ၅၊ ၆၊ ၇ ပါအချက်များမှာမူ နိုင်ငံတော် အစိုးရနှင့် တပ်မတော်ဘက်မှ ယခင်ကတည်းပင် ကြိုးပမ်းဆောင်ရွက် နေသည့် ကိစ္စရပ်များဖြစ်သည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်ကြေညာမှုကို ကြိုဆိုကြောင်း ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြထား သည်။

YC

 ---------------------------------------------------------------

ဝန်ကြီးဌာနအပါအဝင် ပုဂ္ဂလိကလုပ်ငန်းရှင်များ လယ်သိမ်းယူရာတွင် ဥပဒေလိုက်နာခြင်းမရှိ

မြန်မာနိုင်ငံရှိ တောင်သူ လယ်သမားများထံမှ ဝန်ကြီးဌာနအပါအဝင် ပုဂ္ဂလိက ကုမ္ပဏီများမှ လယ်ယာမြေ သိမ်းယူရာတွင် ခေတ်အဆက်ဆက် ပြဋ္ဌာန်းထားသည့် ဥပဒေများကို လိုက်နာခြင်းမရှိကြောင်း လယ်ယာမြေ အမှုကိစ္စများ တွင် လယ်သမားများဘက်မှ လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ ဦးမြင့်သွင်က ပြောကြားကြောင်း သိရသည်။

လယ်ယာမြေနှင့် ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းပေးရန်အတွက် ပြည်သူ့လွှတ်တော်မှ လယ်ယာမြေ စုံစမ်းရေးကော်မရှင် ဖွဲ့စည်း ပေးထားသော်လည်း အဖွဲ့အနေဖြင့် လယ်ယာမြေများ သိမ်းယူသည့် ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် အခက်အခဲများစွာရှိကြောင်း အဆိုပါအဖွဲ့ဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောကြားသည်။

၁၉၉၈ ခုနှစ်နောက်ပိုင်းတွင် တပ်မတော်နှင့် အစိုးရဝန်ကြီးဌာနများမှ နိုင်ငံတော်လိုအပ်ချက်အနေဖြင့် သိမ်းယူ ခဲ့သည့် လယ်ယာမြေ ဧကများမှာ သိန်းချီ၍ ရှိကြောင်းသိရသည်။ အဆိုပါ နိုင်ငံတော်လိုအပ်ချက်ဖြင့် သိမ်းယူခဲ့သည့် စီမံကိန်းမြေများကို ယခုအခါတွင် မှုလပိုင်ရှင်များ လက်ထဲ ပြန်လည်လွှဲ ပြောင်းပေးရန် စီစဉ်လျက်ရှိကြောင်းကို လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် တစ်ဦးမှ ပြောကြားသည်။

လယ်ယာမြေ အငြင်းပွားမှုပြဿနာများကြောင့် သိမ်းဆည့်းခံ လယ်သမားများနှင့် သိမ်းယူသူ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက ကုမ္ပဏီများသည် တစ်ဦး နှင့် တစ်ဦး အပြန်အလှန် တရားစွဲဆိုလျက်ရှိကြောင်းသိရသည်။

၁၉၅၃ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သော လယ်ယာမြေဥပဒေအရ လယ်ယာမြေများကို လျော်ကြေးပေးပြီး သက်ဆိုင်ရာဌာနများသို့ အဆင့်ဆင့် အစီရင်ခံ ခွင့်ပြုချက်ရမှသာ လယ်ယာမြေများကို သိမ်းယူခွင့်ရှိကြောင်းနှင့် ယခု ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းထားသော လယ်ယာမြေ ဥပေဒေတွင်လည်း လျော်ကြေးပေးပြီး မှသာ သိမ်းယူခွင့်ရှိကြောင်း ပါရှိသည်။

YC

---------------------------------------------------------------

မြန်မာ့မီးရထားလမ်းများ အဆင့်မြှင့်တင်ရာ၌ နည်းပညာနှင့် ငွေကြေးလိုအပ်ချက်များရှိနေ

မြန်မာ၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ နိုင်ငံများသို့ ချိတ်ဆက်ထားသည့် အာရှရထားလမ်းမကြီးများကွန်ယက် TAR (Trans- Asian Railway Network) ဆိုင်ရာ သဘောတူညီချက်အရ သတ်မှတ်ထားသည့် စည်းကမ်း အတိုင်း မြန်မာနိုင်ငံ၏ မီးရထားလမ်းများ အဆင့်အတန်း ပြည့်မီအောင်ပြုလုပ်နိုင်ရန် အတွက် နည်းပညာနှင့် ငွေကြေးလိုအပ်ချက်များ ရှိနေသည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းစီမံကိန်းအရ ရထားလမ်းကွန်ယက်ကြီး တစ်ခုလုံးကို အဆင့်မြှင့်တင်ရမည်ဖြစ်သောကြောင့် လိုအပ်သော ငွေကြေးပမာဏမှာ အလွန် ကြီးမားပြီး အချိန်ယူ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် လောလော ဆယ်အချိန်တွင် TAR နှင့် သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ယခုအချိန်တွင် ယင်းကွန်ယက်အတွက် မန္တလေး-ရန်ကုန်လမ်းပိုင်း၊ မန္တလေး-လားရှိုးလမ်းပိုင်းများ ရှိနေပြီး မန္တလေး-ကလေး လမ်းပိုင်းကတော့ ဖောက်လုပ်ပြီးဖြစ်ကြောင်း၊ အခြားဆက်သွယ်ရမည့် လမ်းပိုင်းများ၊ လျာထားဆဲဖြစ်သည့် လမ်းများလည်းရှိကြောင်း၊ သံဖြူဇရပ်-ဘုရားသုံးဆူ (မြန်မာ)- နန့်ထောက် (ထိုင်း) လမ်းကြောင်း လျာထားချက်အား ကိုရီးယားနိုင်ငံ KOICA အဖွဲ့အကူအညီဖြင့် အကြိုလေ့လာမှုများ ပြုလုပ် နေသော်လည်း ယိုးဒယား ဘက်မှ ဆည်များဆောက်လိုက်သောကြောင့် လက်တွေ့ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ရထားလမ်းမှာ ၁၄၃၅ မီလီမီတာ ကျယ်၍ တစ်လမ်းသွား (single line) ပြုလုပ်မည်ဖြစ်ပြီး ၈၁၃.၀၁၅ ကီလိုမီတာရှည်လျားကြောင်း၊ BOT စနစ်ဖြင့် ဆောင်ရွက်ရန် မျှော်မှန်းထား ကြောင်းသိရသည်။

မြန်မာ-အိန္ဒိယ ဆက်သွယ်ရမည့် ရထားလမ်းအခြေအနေမှာ ကလေး-တမူး ကြားတွင် အရှည် ၁၃၅ ကီလိုမီတာ ဆက်သွယ်ရမည်ဖြစ်ကြောင်း၊ RITES (Rail India Technical and Economics Services) ၏ မြေပြင်လေ့လာရေးအဖွဲ့က အကြိုလေ့လာမှုများ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်လက် ဆွေးနွေးရန် စောင့် ဆိုင်းနေကြောင်း သိရသည်။

YC

 *************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle 2013(Interview)
Document yangonchronicle 2013(Interview)

Snapshot of the item below:
yangonchronicle 2013(Interview)

 

*

*

31.1.2013

တွေ့ဆုံမေးမြန်းခန်း

(ပြည်တွင်း၊ ပြည်ပမီဒီယာများမှဖော်ပြပြီးအင်တာဗျူးများကို ပြည်သူများသိစေရန်အလို့ဌာ Yangon Chronicle မှ ပြန်လည်တင်ပြအပ်ပါသည်။ ယခုအင်တာဗျူးသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ် အတွဲ (၃၁) အမှတ် (၆၀၆) တွင်ပါရှိသော “လွတ်လပ်သောဗဟိုဘဏ်အဖွဲ့အစည်းဖြစ်လာရန် ဆောင်ရွက်နေ” ခေါင်းစဉ်ဖြင့် ဖော်ပြထားသောမြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော် နှင့် တွေ့ဆုံမေးမြန်းချက်ဖြစ်သည်။)

မေး။ဗဟိုဘဏ်အနေနဲ့လွတ်လပ်သောအဖွဲ့အစည်းဖြစ်ဖို့ ဘယ်တော့လောက်ရည်မှန်းထားပါတယ်။

ဖြေ။ယခုကျင်းပနေတဲ့လွှတ်တော်အစည်းအဝေးမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့ လွှတ်တော်ကစီစဉ်ဆောင်ရွက်နေပါတယ်။ ဒီဥပဒေ ပြဋ္ဌာန်းပြီးတာနဲ့ ဒီဥပဒေနဲ့အညီဗဟိုဘဏ်ရဲ့ လုပ်ငန်းတာဝန်တွေကိုစတင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီဥပဒေအရ Autonomous Central Bank ဖြစ်လာမှာ ဖြစ်ပါတယ်။

မေး။ဖြစ်ပေါ်လာမယ့်အနာဂတ် ဗဟိုဘဏ်ဟာလက်ရှိဗဟိုဘဏ်နဲ့ ဘယ်လိုကွာခြားသွားမှာပါလဲ။

ဖြေ။ မြန်မာနိုင်ငံမှာ Fiscal Policy နဲ့ Monetary Policy ကို အဖွဲ့အစည်းတစ်ခုကမူဝါဒချမှတ်ပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။ ဗဟိုဘဏ်ဥပဒေသစ်ပြဋ္ဌာန်းပြီးတဲ့အခါမှာတော့ Fiscal Policy နဲ့ Monetary Policy ကို အဖွဲ့အစည်းနှစ်ခုက သီးခြားစီမူဝါဒချမှတ်ပြီးတစ်ခုနဲ့ တစ်ခုအပြန်အလှန်ထိန်းကျောင်းသွားမှာဖြစ်ပါတယ်။ Monetary Policy ကို အဓိကတာဝန်ယူရမယ့် အဖွဲ့အစည်းဟာ ဗဟိုဘဏ်ဖြစ်လာပါမယ်။ ဒါဟာပစ္စုပ္ပာန် ဗဟိုဘဏ်နဲ့ အဓိကခြားနားသွားတဲ့အချက် ဖြစ်ပါတယ်။

မေး။ အနာဂတ်ဗဟိုဘဏ်ရဲ့တာဝန်တွေ ထမ်းဆောင်ဖို့ ဆရာတို့ ဗဟိုဘဏ်ဝန်ထမ်းတွေ အသင့်ဖြစ်ရဲ့လား။

ဖြေ။          အလွန်မေးသင့်တဲ့ မေးခွန်းဖြစ်ပါတယ်။ အခုထွက်လာမယ့် ဗဟိုဘဏ်ဥပဒေသစ်ကိုဒီနှစ်မှာပြဋ္ဌာန်းခဲ့ရင် ဗဟိုဘဏ် ဥပဒေ ၂၀၁၃ ဖြစ်လာမှာ ဖြစ်ပါတယ်။ လက်ရှိဗဟိုဘဏ်ဥပဒေကိုတော့ ဗဟိုဘဏ် ဥပဒေ ၁၉၉၀ လို့ခေါ်ပါတယ်။ Autonomous Central Bank တည်ထောင်ဖို့ ယခုအစိုးရနဲ့ လွှတ်တော်က စတင်ပြောဆိုလမ်းညွှန်မှု ပေးလာတာဖြစ်ပါတယ်။ ကျွန်တော် ဘဏ်မှာလုပ်လာတာ ၃၆ နှစ်ရှိပါပြီ။ အစိုးရအမျိုးမျိုးရဲ့ အောက်မှာဘဏ်ဝန်ထမ်းတစ်ဦးအနေနဲ့ အလုပ်လုပ်လာခဲ့ပါတယ်။ ဘယ်အစိုးရကမှ ဒီ Idea မရှိခဲ့ပါဘူး။ ဒီလို Policy မျိုးမချခဲ့ပါဘူး။ ရေမရှိရင် သစ်ပင်မရှင်နိုင်သလို ဘဏ်လုပ်ငန်းမဖွံ့ဖြိုးတဲ့တိုင်းပြည်ဟာ ဘယ်လိုမှ စီးပွါးရေးမတိုးတက်နိုင်ပါဘူး။ လက်ရှိအစိုးရနဲ့လွှတ်တော် ဟာဒီအချက်ကို ကောင်းကောင်းသိပုံရပါတယ်။ ဒါ့ကြောင့် Autonomous Central Bank တည်ထောင်ဖို့ လမ်းညွှန်ခဲ့ပါတယ်။ ထက်ထက်မြက်မြက် ရှိမယ့် Autonomous Central Bank သာဘဏ်လုပ်ငန်းစနစ် ဖွံ့ဖြိုးအောင် လုပ်နိုင်မှာဖြစ်ပါတယ်။

                Autonomous Central Bank တည်ထောင်ဖို့ လမ်းညွှန်မှုနဲ့အတူ ပူးတွဲပါလာတာက အမြန်ဆုံးတည်ထောင်ဖို့ပါ လမ်းညွှန်လာပါတယ်။ လက်ရှိဗဟိုဘဏ် ဥပဒေ ၁၉၉၀ နဲ့လုပ်မယ်ဆိုရင် လုပ်နိုင် ကိုင်နိုင်မယ့် အခွင့်အလမ်းတစ်ချို့ ရှိပေမယ့် ဗဟိုဘဏ်ဥပဒေသစ်ရေးဆွဲပြီးလုပ်မှသာစံမီတဲ့ Autonomous Central Bank ဖြစ်မှာမို့ ဗဟိုဝန်ထမ်းတွေဟာ ဗဟိုဘဏ်ဥပဒေသစ်ကို တစ်ဖက်ကရေးဆွဲရင်း တစ်ဖက်ကလည်း ဝန်ထမ်းဖွဲ့စည်းပုံအသစ်ရေးဆွဲခဲ့ပါတယ်။ ဌာနများ ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ဌာနအသစ်များဖွဲ့စည်းခဲ့ပါတယ်။ ဥပဒေသစ် မထွက်ပေါ်ခင် ဗဟိုဘဏ်ဥပဒေ ၁၉၉၀ ထဲက လုပ်နိုင်သမျှအလုပ်တွေကိုလည်းလုပ်ခဲ့ပါတယ်။ ဒါတွေ အားလုံးလက်ရှိဗဟိုဘဏ်ဝန်ထမ်းတွေအားလုံးစုပေါင်းလုပ်ခဲ့တာဖြစ်ပါတယ်။

မေး။ လက်ရှိဗဟိုဘဏ်ဝန်ထမ်းတွေ စုပေါင်းရေးလိုက်တဲ့ ဗဟိုဘဏ် ဥပဒေသစ်ဟာ နိုင်ငံတကာစံချိန်မီပါ့မလားဆရာ။

ဖြေ။          ဒီမေးခွန်းအတွက်လည်းကျေးဇူးတင်ပါတယ်။ နိုင်ငံတကာစံမီပါ့မလားဆိုတာနဲ့ ပတ်သက်လို့ပြောရရင် Autonomous Central Bank ချင်းတူပေမယ့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူနိုင်ပါဘူး။ ဘယ်လိုပြောရမလဲဆိုရင် မဟာဗျူဟာမှာတူပေမယ့် နည်းဗျူဟာမှာတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံတစ်ထပ်တည်း မတူကြပါဘူး။

                မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ ဒါ့ကြောင့် IMF Articles IV အရ IMF က ဝန်ထမ်းတွေဟာ မြန်မာနိုင်ငံရဲ့ စီးပွါးရေးနဲ့ ငွေရေးကြေးရေးအခြေအနေကို နှစ်စဉ်လာရောက် လေ့လာပါတယ်။ IMF ဝန်ထမ်းတွေလာတိုင်းအစိုးရဌာန၊ သမဝါယမဌာန၊ ပုဂ္ဂလိကဌာနတွေ အားလုံးတွေ့ဆုံပါတယ်။ သူတို့တောင်းတဲ့ Data အားလုံးကိုလည်းဌာနအားလုံးကိုလည်းပေးရပါတယ်။ သူတို့ကလည်း နှစ်စဉ်အကြံပြုတဲ့ စာတမ်းတွေထုတ်ပြန်ပါတယ်။

                ကျွန်တော်ပြောချင်တာက IMF မှာ မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက်က Data တွေရှိပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွါးရေးနဲ့ ငွေရေးကြေးရေးအခြေအနေကိုသိတယ်။ ဗဟိုဘဏ်ဥပဒေသစ်ကို ဗဟိုဘဏ်ဝန်ထမ်းတွေ ရေးဆွဲစဉ်ကာလတစ်လျှောက်လုံးမှာ IMF က ဗဟိုဘဏ်ကို အကြိမ်ကြိမ်လာပြီး လေ့လာသုံးသပ်တယ်။ အကြံပြုတယ်။ ဗဟိုဘဏ်ဝန်ထမ်းတွေရေးဆွဲတဲ့  ဥပဒေကြမ်းဟာ မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေးနဲ့ စီးပွါးရေးအခြေအနေအရသင့်တော်မှုရှိတဲ့ Autonomous Central Bank တစ်ခုထူထောင်ဖို့ပြည့်စုံတဲ့ ဥပဒေတစ်ခု ဖြစ်တယ်လို့ IMF ကလက်ခံတယ်။ ဗဟိုဘဏ်ဝန်ထမ်းတွေရေးဆွဲတဲ့ ဥပဒေကြမ်းကို သတင်းစာကနေတစ်ဆင့် ပြည်သူတွေစီချပြပြီး အကြံဥာဏ်တွေ ယူခဲ့တယ်။ ရှေ့နေရုံးချုပ်ကိုလည်း တင်ပြခဲ့တယ်။ အစိုးရအဖွဲ့ကိုလည်း တင်ပြခဲ့တယ်။ လွှတ်တော်ကိုလည်း တင်ပြခဲ့တယ်။ လွှတ်တော်မှာလည်း ပညာရှင်တွေနဲ့ဖွဲ့ထားတဲ့ ကော်မတီရှိပါတယ်။ Experience ရှိတဲ့ပုဂ္ဂိုလ်တွေရှိတယ်။ ဒီလိုအဆင့်ဆင့်ဖြတ်သန်းပြီးမှ ထွက်ပေါ်လာမယ့် ဥပဒေဖြစ်ပါတယ်။

မေး။ ခုနကဆရာပြောသွားတယ်။ ဗဟိုဘဏ်ဥပဒေသစ် ရေးဆွဲစဉ်မှာ ဗဟိုဘဏ်က ဌာနအသစ်တွေဖွဲ့စည်းခဲ့တယ်လို့ ပြောတယ်။ ဘယ်လိုဌာနတွေပါလဲဆရာ။

ဖြေ။          အသစ်ထွက်လာမယ့် ဗဟိုဘဏ်ဥပဒေအရလုပ်ရမယ့် အလုပ်အသစ်တွေ အတွက် မရှိသေးတဲ့ ဌာနအသစ်တွေ ဖွဲ့ရတာဖြစ်ပါတယ်။ ဥပမာအားဖြင့် ငွေရေးကြေးရေးမူဝါဒဌာန (Monetary Policy Affairs) တို့၊ ငွေရေးကြေးရေးဈေးကွက်ဌာန (Financial Affairs) တို့ ဖြစ်ပါတယ်။ ပြင်ဆင်ဖွဲ့စည်းတဲ့ ဌာနတွေကတော့ ငွေကြေးလုပ်ငန်းစီမံခန့်ခွဲမှုဌာန (Currency Management) တို့၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ ကြီးကြပ် စစ်ဆေးရေးဌာန (Financial Management) တို့၊ ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းရေးဌာန (Payment & Settlement System ) တို့ ၊ ဘဏ်တွင်းစာရင်းစစ်ဌာန (Internal Audit) တို့ ဖြစ်ပါတယ်။ Inter Audit ဟာ Autonomous Central Bank အတွက် အလွန်အရေးကြီးပါတယ်။ Independent ဖြစ်အောင် ပြင်ဆင်ဖွဲ့စည်းရပါတယ်။ သူက Internal Audit ဖြစ်ပါတယ်။ External Audit လည်းရှိရပါမယ်။ ဥပဒေအသစ်အရ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက External Auditor ဖြစ်လာမှာပါ။

မေး။ ဗဟိုဘဏ်ဥပဒေသစ် မထွက်ခင် ဗဟိုဘဏ်ဥပဒေ ၁၉၉၀ နဲပလုပ်လို့ရတာတွေကိုလည်းလုပ်ခဲ့တယ်လို့ ဆရာပြောခဲ့ပါတယ်။ ဘာတွေလုပ်ခဲ့တာပါလဲ။

ဖြေ။          ကျွန်တော်ရှေ့မှာပြောခဲ့သလိုလွှတ်တော်က Autonomous Central Bank ကိုထူထောင်ဖို့ လမ်းညွှန်မှုနဲ့ အတူအမြန်ထူထောင်ဖို့ဆိုတာပါ ပါလာပါတယ်။ အမြန်ထူထောင်နိုင်ဖို့ ဘဏ်ဝန်ထမ်းတွေဟာဥပဒေအသစ်ရေးဆွဲရင်းဗဟိုဘဏ်ဥပဒေ ၁၉၉၀ ကတည်းကလုပ်နိုင်တာတွေလုပ်ခဲ့ပါတယ်။ ထင်ရှားတာ တစ်ခုပြောရရင် တစ်ချိန်က မြန်မာကျပ်ငွေဟာအမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာအစိုးရကဈေးတစ်မျိုး၊ အပြင်ဈေးကတစ်မျိုး၊ အခွန်အခတွေ ပေးဆောင်တော့တစ်မျိုးနဲ့ အမျိုးမျိုးဖြစ်နေပါတယ်။ နှစ်ပေါင်း ၅၀ လောက်က ကမောက်ကမဖြစ်ခဲ့တဲ့ နိုင်ငံခြားငွေလဲနှုန်း Exchange Rate တွေကိုအခုအခါမှာတော့ တစ်မျိုးတည်းဖြစ်အောင် လုပ်နိုင်ခဲ့ပါပြီ။

မေး။ ဗဟိုဘဏ်ဥပဒေသစ်ထွက်လာရင် ဘယ်လုပ်ငန်းတွေကိုအရင်ဆုံးလုပ်ရမှာလဲဆရာ။

ဖြေ။          ဗဟိုဘဏ်ဥပဒေသစ်က ၂၀၁၃ မှာထွက်လာရင် ဗဟိုဘဏ်ဥပဒေ ၂၀၁၃ လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဥပဒေထွက်ထွက်ချင်း ဥပဒေသစ်မှာပါတဲ့ လုပ်ငန်းအားလုံးကို ချက်ချင်းလုပ်လို့ရမှာမဟုတ်သေးပါဘူး။ Transactional Period တစ်ခုကို ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။ ဗဟိုဘဏ်ဥပဒေ ၂၀၁၃ အရ စတင်လုပ်နိုင်တဲ့ အလုပ်တွေကိုစတင်လုပ်ရမှာဖြစ်သလိုမလုပ်နိုင်သေးတဲ့ အလုပ်တွေကိုတော့ ဗဟိုဘဏ်ဥပဒေ ၁၉၉၀ အရလုပ်ကိုင်ရင်း Transactional Period ကို ဖြတ်သန်းရမှာ ဖြစ်ပါတယ်။

**********************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive