Transparency Myanmar

transparency.myanmar@gmail.com

The New York Times, 7th March 2010

မြန်မာနိုင်ငံ၏ စစ်အစိုးရသည် တိုင်းပြည်၏ သမိုင်းတွင် အကြီးဆုံးသော နိုင်ငံပိုင် ပစ္စည်းများအား ထုခွဲရောင်းချခြင်းအား တိတ်တဆိတ် စတင်ခဲ့ပြီ ဖြစ်သည်။ ထိုသို့ ရောင်းချရာတွင် အစိုးရပိုင် အဆောက်အဦး (၁၀၀) ကျော်၊ ဆိပ်ကမ်းများ၊ နိုင်ငံပိုင် လေကြောင်းလိုင်းများ ပါဝင်သည်ဟု သံတမန်များနှင့် စီးပွားရေး သမားများက ပြောကြားခဲ့ ကြသည်။

ထိုသို့ရောင်းချခြင်းမှာ ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ အစိုးရက နိုင်ငံရေး အသွင် ကူးပြောင်းမှု၏ အစိတ်အပိုင်း တစ်ခုအဖြစ် ပြုလုပ်ခြင်း ဖြစ်လိမ့်မည်ဟု ယူဆရကြောင်း၊ လေ့လာသူများက သုံးသပ်သည်။ ထို့ပြင် အခြေခံဥပဒေ အသစ်အရ စစ်တပ်သည် ၎င်းတို့၏ အုပ်စိုးမှုကို သက်တမ်းရှည်အောင် ပြုလုပ်ထားပြီး နောက်ကွယ်မှ အာဏာ ချုပ်ကိုင်ထားမည့်ပုံ ရသည်ဟု သုံးသပ်ကြသည်။

သံတမန်များနှင့် စီးပွားရေးသမားများက ပြောကြားရာတွင် ယခုကဲ့သို့ ရောင်းချရရှိသော ငွေများကို ပါလီမန် အသစ်တွင် စစ်တပ်က ယူထားသည့် ၂၅ % နေရာ အတွက်   ရွေးကောက်ပွဲ မဲဆွယ်ရာတွင် အသုံးပြုရန် သို့မဟုတ် ဝန်ထမ်းများ လစာတိုးရာတွင် အသုံးပြုရန် ရည်ရွယ်ပုံရသည်ဟု ပြောကြားသည်။ ပိုင်ဆိုင်မှု အများစုကို စစ်တပ်နှင့် အဆင်ပြေသော စီးပွားရေးသမားများသို့ ရောင်းချပြီး စစ်တပ် အသိုင်းအဝိုင်းနှင့် စစ်တပ်နှင့် ရင်းနှီးသော ကုန်သည်များအား အဆင့်အတန်းတစ်ခု ပိုမို ခိုင်မာအောင် ပြုလုပ်ပေးသကဲ့သို့ ဖြစ်သည်။

သို့သော် ပုဂ္ဂလိကပိုင် ပြောင်းလဲခြင်းဖြင့် ပြိုင်ဆိုင်မှု တချို့ကို ဖြစ်ပေါ်စေပြီး ဆိုဗီယက် စတိုင် စီးပွားရေး စနစ်ဟုလည်း ပြော၍ရမည် ဖြစ်သည်။ အချို့က ဝေဖန်သုံးသပ်သူများက လမ်းကြောင်းတစ်ခု ပြောင်းတော့မည် ဖြစ်ကြောင်း ပြောကြသည်။ အစိုးရ အတွင်းရှိ ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ်ရှိသူများကမူ တရုတ်နှင့် ဗီယက်နမ်တို့နှင့် ပုံစံတူသော လမ်းကြောင်းကို လိုက်ရန် မျှော်လင့်ကြမည် ဖြစ်သည်။ အဆိုပါ နိုင်ငံများတွင် စီးပွားရေးကို ဖြေလျှော့ထားပြီး အာဏာရပါတီသည် အားကောင်းစွာ ကာလရှည် အုပ်ချုပ်ရန် ကြိုးပမ်းကြသည်။

မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက် စက်မှုလုပ်ငန်း အများစုကို ပြည်သူပိုင် သိမ်းခဲ့သည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ အောင်မြင်နေသော အိမ်နီးချင်းများ၏ လမ်းကြောင်း အတိုင်း မလိုက်ဘဲ နေခဲ့သည်။ အဓိက လုပ်ငန်း အချို့ဖြစ်သော ဆက်သွယ်ရေး လုပ်ငန်း၊ လျှပ်စစ်မီး၊ လောင်စာဆီ ဖြန့်ဖြူးရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများသည် နိုင်ငံပိုင်အဖြစ် ရှိနေဆဲ ဖြစ်သည်။

သို့သော် ယနေ့ နိုင်ငံပိုင် ပစ္စည်းများကို အမြန်ဆုံး ရောင်းချနေခြင်း၏ အကျိုးဆက်များသည် နေရာများစွာတွင် ရိုက်ခတ်နေပြီး သုံးသပ်သူများက ရုရှား၏ ကွန်မြူနစ် စနစ်ပြီးနောက် ကျယ်ပြန့်စွာ ပြုလုပ်ခဲ့သော ပုဂ္ဂလိကပိုင် ပြုလုပ်ရေးနှင့် နှိုင်းယှဉ်ခဲ့ကြသည်။ မှန်ကန်သော အကြောင်းပြချက်ဖြင့် ပြုလုပ်ခြင်း ဟုတ်ပုံ မရသော်လည်း၊ အစိုးရ အတွက်မူ အမြတ်ရလိမ့်မည် ဖြစ်သည်ဟု သံတမန်တစ်ဦးက ပြောသည်။

ယခု ရောင်းချသော လုပ်ငန်းများတွင် တိုင်းပြည်၏ လောင်စာဆီ တင်သွင်းခြင်းနှင့် ဖြန့်ဖြူးခြင်း လုပ်ငန်း၊ ကျောက်မျက်နှင့် သတ္တု တူးဖော်ခြင်းများ၊ လယ်ယာမြေများ၊ စက်ရုံ များ ပါဝင်ကြောင်း၊ ရောင်းချမည့် ကြေညာချက်ကို တွေ့ခဲ့ရသူ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။ ကြေညာချက် အများစုကို စီးပွားရေး လုပ်ငန်း အဖွဲ့လေးများသို့ အသိပေးခဲ့ပြီး၊ ၎င်းတို့က တဆင့်ပြန်ပြောခြင်းဖြင့် သတင်းပြန့်နှံ့သွားခြင်း ဖြစ်သည်ဟု သိရသည်။

အစိုးရ ရောင်းချသော စက်ရုံများတွင် အချိုရည် စက်ရုံ၊ စီးကရက် စက်ရုံနှင့် စက်ဘီးစက်ရုံများ ပါဝင်ကြောင်း ကျေးရွာများတွင် အကူအညီ ပေးနေသော အကျိုးအမြတ်မယူသော အဖွဲ့တစ်ခု၏ ခေါင်းဆောင် ဦးဘုန်းဝင်း၏ အဆိုအရ သိရှိရသည်။

ပထမဦးဆုံး အကြိမ် အဖြစ် ပုဂ္ဂလိက ဆေးရုံများနှင့် ကျောင်းများကို လိုင်စင်ချပေးကြောင်း၊ နိုင်ငံတကာ စီးပွားရေး အသိုင်းအဝိုင်းအတွက် အခွင့်အလမ်းများ ရှိကြောင်း ဦးဘုန်းဝင်းက ပြောသည်။

စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် တဖြည်းဖြည်းခြင်း ပြောင်းလဲမှုများကိုသာ ကြုံတွေ့ဖူးသော ပြည်သူများသည် ယခုရောင်းချမှုများကို ကြည့်၍ အစိုးရ လက်ဝေခံ ကုန်သည်ကြီးများကိုသာ ပိုမို အင်အားကြီးထွားစေမည် ဖြစ်ကြောင်း သုံးသပ်ကြသည်။ တိတိကျကျ ဆိုရလျှင် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇသည် လေကြောင်းလိုင်း တစ်ခု၊ ဘောလုံးသင်း တစ်သင်း တို့ကို ပိုင်ဆိုင်ပြီး၊ ကျွန်းသစ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိသည်။ ယခုအခါ သူသည် အသစ် ဖွဲ့စည်းလိုက်သော စက်သုံးဆီအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်း ခံရပြီး၊ သူ၏ ပိုင်ဆိုင်မှုများ တိုးချဲ့လာဖွယ် ရှိနေသည်။

မကြာသေးမီ ရက်ပိုင်း အတွင်းက ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်သည် ရန်ကုန်တွင် ပိုင်ဆိုင်မှု ၁၇၆ မျိုးကို ရောင်းချရန် စာရင်း ထုတ်ပြန်ခဲ့ပြီး၊ လာမည့် ရက်သတ္တပတ် အနည်းငယ် အတွင်း လေလံတင်မည် ဖြစ်သည်။ စာမျက်နှာ ၁၈ ခု ပါသော အဆိုပါ စာရင်းအရ ရန်ကုန်တွင် ဒေါ်လာ သန်းပေါင်းများစွာ တန်သော အဆောက်အဦးများထိ ပါဝင်သည်။

အဆိုပါ စာရင်းတွင် တစ်ချိန်က အစိုးရရုံးများ ပြုလုပ်ထားသော နေရာများ ပါဝင်ရာ ရှေ့နေချူပ်၏ ကန်ဘေးမှ ရုံး၊ အမျိုးသား မော်ကွန်းတိုက်၊ စာရင်းစစ်ချုပ် ရုံးချုပ်၊ ရှေး ဟောင်းသုတေသန ဋ္ဌာနရုံး နှင့် စက်မှု ဝန်ကြီးဋ္ဌာန နေရာတို့ ပါဝင်သည်။

အဆိုပါ အဆောက်အအုံများသည် ၂၀၀၅ ခုနှစ်က မြို့တော်သည် နေပြည်တော်သို့ ပြောင်းရွေ့သွားသောကြောင့် လစ်လပ်သွားခြင်း ဖြစ်ပြီး ထိုသို့ ရောင်းချခြင်းကြောင့် ရန်ကုန်သို့ နောက်တစ်ကြိမ် ပြန်လည် ဦးမလှည့်စေနိုင်တော့ပေ။

ကိုလိုနီခေတ်က အဆောက်အအုံ ဒါဇင်ပေါင်းများစွာအား တမင် ဖျက်ဆီးပစ်နေခြင်း ဖြစ်ကြောင်း၊ မိမိကိုယ်ကို သွေးထွက်နေသလို ခံစားရကြောင်း စီးပွားရေး  လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

အစိုးရသည် ရောင်းချရန် ပစ္စည်းများကို သီးခြားစာရင်း ပြုစုထားသော စာရင်းတစ်ခု ရှိကြောင်း၊ ထိုစာရင်းကို မိမိတို့ မတွေ့ရှိရကြောင်း၊ ၎င်းတို့ကို သီးခြား လွတ်လပ်စွာ လေလံပစ်ကြောင်း ၎င်းက ဆိုသည်။

အဓိက ရောင်းချမှု အများစုကို နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြခြင်း မရှိပေ။

ပြီးခဲ့သည့် ခြောက်လအတွင်း အစိုးရသည် တရားမဝင် တင်သွင်းလာသဖြင့် ဖမ်းဆီးထားသော ကား ထောင်ပေါင်းများစွာကို ပြန်လည် ရောင်းချခဲ့သည်။ ကားဈေးနှုန်းများမှာလည်း ကားတင်သွင်းမှု ကန့်သတ်ထားမှုကြောင့် နှစ်ပေါင်းများစွာ ဈေးကြီးလျက် ရှိသည်။ သို့သော် ယခုလပိုင်းအတွင်း ၅ဝ % ခန့် ဈေးကျလျက် ရှိသော်လည်း အိမ်နီးချင်း နိုင်ငံများနှင့် စာလျှင် ဈေးကြီးလျက်ပင် ရှိနေသေးသည်။

မော်တော် ဆိုင်ကယ် တင်သွင်းခြင်းကို ပိတ်ပင်ထားခြင်းအား ရုတ်သိမ်းလိုက်ပြီ ဖြစ်၍ မြို့များတွင် လူထောင်ပေါင်းများစွာတို့၏ သွားလာမှုကို အဆင်ပြေစေသော်လည်း ရန်ကုန်တွင်မူ မော်တော်ဆိုင်ကယ် စီးနင်းခွင့်ကို တားမြစ်ထားဆဲ ဖြစ်သည်။

ယခု ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းနှင့် ပတ်သက်၍ စီစဉ်သူ ဆရာကြီးမှာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖြစ်လိမ့်မည်ဟု ယုံကြည်ရသည်။ ထိုသို့ ပြောင်းလဲမှုများ ပြုလုပ်ခဲ့သောလည်း စစ်တပ်အနေဖြင့်မူ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားလိမ့်ဦးမည် ဖြစ်ပြီး၊ အရပ်သား အစိုးရ အသွင်ဖြင့် နောက်ကွယ်မှ အာဏာချုပ်ကိုင် ထားလိမ့်ဦးမည် ဖြစ်သည်။

ပါလီမန် အသစ်တွင် ၂၅ % သော နေရာကို စစ်တပ်မှ နေရာယူထားသည့် အပြင်၊ အခြေခံဥပဒေကို ပြင်ဆင်ရန် ကိုယ်စားလှယ်များ၏ ၇၅ % ကျော်က ထောက်ခံမှသာ ပြင်ဆင်ရန် သတ်မှတ်ထားသည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ခန့်ကို ဖမ်းဆီးထားရာ၊ ကျင်းပမည့် ရွေးကောက်ပွဲသည် အစစ်အမှန် ဖြစ်လိမ့်မည် မဟုတ်ကြောင်း ပြည်ပရောက် မြန်မာ အများအပြားက သုံးသပ်နေကြသည်။

''အခု ရွေးကောက်ပွဲကို အများလက်ခံပြီး တရားဝင်အောင် လုပ်ဖို့ဆိုရင် အစိုးရ အနေနဲ့ ဖမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လုံးဝလွှတ်ပေးပြီး၊ ရွေးကောက်ပွဲမှာ ပါချင်တဲ့သူတွေကို ပါဝင်ခွင့်ပေးဖို့ လိုပါတယ်'' ဟု မြန်မာနိုင်ငံဆိုင်ရာ သံအမတ်  Andrew Heyn  က ပြောကြားခဲ့သည်။

သို့သော် ယခု ပြောင်းလဲမှုများကလည်း အရေးကြီးသည်။ မြန်မာနိုင်ငံ၏ နောက်ဆုံး ပါလီမန်သည် ၁၉၆၂ က ဖြစ်သည်။ ယနေ့ စစ်တပ်က ထုတ်ပြန်ထားသော အမိန့်များကို ပါလီမန်မှ ဥပဒေများဖြင့် အစားထိုးရလိမ့်မည် ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များက မြန်မာနိုင်ငံတွင်း မီဒီယာများတွင် ကလေး အလုပ်သမားများနှင့် အတင်းအဓမ္မ စေခိုင်းမှုများကို ဝေဖန်သည့် ဆောင်းပါးများ ဖော်ပြခွင့် ပြုလာခြင်း ဖြစ်သည်။ ယင်းတို့မှာ တရားမဝင်သော်လည်း ကျေးရွာများတွင် ရှိနေဆဲ ဖြစ်သည်။ အစိုးရသည် ILO နှင့် ပူးပေါင်း၍ ဒေသဆိုင်ရာ စစ်တပ် တပ်မှူးများက ကလေး စစ်သားများ အသုံးပြုနေမှုကို တိုက်ဖျက်လျက် ရှိသည်။

လွန်ခဲ့သည့် နှစ်များကနှင့် စာလျှင် ပြောင်းလဲမှုများ ရှိလာကြောင်း၊ ILO နှင့် ပူးပေါင်း ဆောင်ရွက်ရန် ပိုမို လက်ခံလာကြောင်း၊ သူတို့ စစ်တပ်ကို စစ်တပ် ပီသချင်လာပုံ ရကြောင်း ILO ရုံး အကြီးအကဲ တစ်ဦး ဖြစ်သူ Steve Marshall က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Yahoo News, 14th March 2010

မြန်မာနိုင်ငံမှ လှေဖြင့် ထွက်ပြေးလာသော ရိုဟင်ဂျာ (၉၃) ဦးအား မလေးရှား ရေကြောင်း အာဏာပိုင်များက ခေါ်ယူထားကြောင်း ၎င်းတို့က တနင်္ဂနွေနေ့တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က ငါးဖမ်းလှေများ၏ သတင်းပေးမှု အရ မလေးရှား အနောက်မြောက် ကမ်းရိုးတန်း လန်ကာဝီကျွန်း အနီးတွင် လှေများပေါ်မှ ဒုက္ခသည်များကို တွေ့ရှိခဲ့ရသည်ဟု မြောက်ပိုင်းဒေသ ရေကြောင်း စည်းကမ်း ထိန်းသိမ်းရေး အေဂျင်စီ အကြီးအကဲ Zulkifli Abu Bakar က ပြောကြားခဲ့သည်။

ဗုဒ္ဓဘာသာ အများစုရှိသော မြန်မာနိုင်ငံသည် ဘင်္ဂါလီ စကားပြောသော ရိုဟင်ဂျာများကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုရန်နှင့် အခွင့်အရေးများပေးရန် ငြင်းဆန်ပြီး နှိပ်စက်မှုများ ပြုလုပ်သောကြောင့် တိုင်းပြည်မှ ထွက်ပြေးကြသည်။

လှေပေါ်မှ လူများသည် ပင်လယ်ထဲတွင် ရက်ပေါင်း (၃၀) ခန့်ကြာခဲ့ပြီး မလေးရှားသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးစားသည်ဟု သံသယရှိသဖြင့် စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းထားကြောင်း Zulkifli က AFP သို့ ပြောကြားခဲ့သည်။ ၎င်းတို့၏ အသက်မှာ ၁၆ နှစ်မှ အသက် ၅၀ အတွင်း ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

ယခုကဲ့သို့ မြောက်ပိုင်းတွင် ရေလမ်းမှ ဤမျှ များပြားသော လူဦးရေကို ဖမ်းဆီးမိခြင်းသည် နှစ်ပေါင်းများစွာ အတွင်း ပထမဆုံး အကြိမ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုလူများကို မြောက်ပိုင်း Kadah ပြည်နယ် လူဝင်မှုကြီးကြပ်ရေးသို့ လွှဲပြောင်းပေးခဲ့ပြီး၊ စစ်ဆေးမေးမြန်းကာ တရားစွဲရန် သင့်မသင့် ဆုံးဖြတ်မည် ဖြစ်ကြောင်း Zulkifli က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လက မလေးရှား ရဲတပ်ဖွဲ့သည် လူဝင်မှု ကြီးကြပ်ရေးမှ တာဝန်ရှိ ပုဂ္ဂိုလ် ငါးဦးအား ဖမ်းဆီးခဲ့သည်။ အကြောင်းမှာ ၎င်းတို့သည် ရိုဟင်ဂျာ ဒုက္ခသည်များကို မလေးရှားတွင် တရားမဝင် အလုပ်လုပ်ရန် ခိုးသွင်းလာသည့် နိုင်ငံတကာ အဖွဲ့တစ်ခုနှင့် ပတ်သက်သည်ဟု ဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

မလေးရှားနိုင်ငံသည် အာရှတိုက်တွင် နိုင်ငံခြားသား အလုပ်သမား အများဆုံးပေါ် မှီခိုရသော နိုင်ငံ ဖြစ်ပြီး၊ ရွေ့ပြောင်းသောလူ ၂ ဒဿမ ၂ သန်းအား အိမ်သန့်ရှင်းရေး၊ ကလေးများ စောင့်ရှောက်သော လုပ်ငန်းနှင့် စိုက်ပျိုးရေးနှင့် စက်ရုံများတွင် အလုပ်လုပ်စေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 13th March 2010

ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မဖြစ် လက္ခဏာ တစ်ရပ် အဖြစ် မြန်မာ အစိုးရသည် ရွေးကောက်ပွဲ ဥပဒေနှင့် ပတ်သက်သော သတင်းများနှင့် အငြင်းပွားဖွယ်ရာ ဆောင်းပါးများကို ဆင်ဆာဖြတ်ကြောင်း၊ ရန်ကုန် အခြေစိုက် သတင်းစာ ဆရာများ၏ အဆိုအရ သိရှိရသည်။

"ရွေးကောက်ပွဲ ဥပဒေ ကြေညာ ပြီးပြီးချင်း နိုင်ငံရေး ပါတီ ပေါင်းစုံက ပါတီဝင်တွေရဲ့ သဘောထား ထင်မြင်ချက်ကို အင်တာဗျူး လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ သတင်းတွေကို ဆင်ဆာ ဘုတ်တင်တဲ့အခါကျတော့ ဖော်ပြခွင့် မပြုဘူးလို့ အပိတ်ခံရပါတယ်" ဟု ရန်ကုန်မှာ အယ်ဒီတာ တစ်ဦးက ပြောကြားသည်။

ထို့အပြင် ဂျာနယ်များသည် အတိုက်အခံ ပါတီခေါင်းဆောင်ကို ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပယ်ရန် ငြင်းဆန်ပါက ပါတီ ဖျက်သိမ်းရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသော NLD ပါတီ၏ အနေအထားနှင့် ပတ်သက်၍လည်း သတင်း မဖော်ပြရန် တားမြစ်ခြင်းခံရသည်။

"နိုင်ငံပိုင် သတင်းစာ တွေမှာ ပတ်သက်နေရတဲ့ သတင်းတွေ နဲ့ ခပ်ဆင်ဆင် အကောင်းမြင် သတင်းမျိုးကလွဲလို့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အခြား သတင်းတွေ ရေးခွင့်မပေးဘူး" ဟု အဆိုပါ အယ်ဒီတာက ပြောကြားသည်။

"ဒီမှာက အစိုးရ ဘက်တော်သား ပါတီရယ်၊ အတိုက်အခံ ပါတီတွေရယ် ဆိုပြီး ၂ မျိုး ရှိပါတယ်။ အစိုးရ ဘက်တော်သား ပါတီတွေရဲ့ အာဘော်ကိုပဲ ဖော်ပြခွင့်ပေးမယ်ဆိုရင် တရားမျှတတယ်လို့ မပြောနိုင်ပါဘူး" ဟု ရန်ကုန် သတင်းထောက် တစ်ဦးက ပြောဆိုသည်။

ရွေးကောက်ပွဲ ကာလ အတွင်း စာပေ စီစစ်ရေး အဖွဲ့၏ လုပ်ငန်းများကို ကြီးကြပ်ရန် အထူး အဖွဲ့တစ်ခု ဖွဲ့စည်းထားကြောင်း ရန်ကုန် သတင်းရပ်ကွက်မှ သိရှိရသည်။ စာပေ စိစစ်ရေး ဘုတ်အဖွဲ့သည် ယခုအခါ ပုံနှိပ်ထုတ်ဝေမည့် စာစောင်မူကြမ်းများကို ဗိုလ်ချုပ်မှူးကြီးနှင့် ရင်းနှီးသည့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ ပါဝင်သော အထူးလုံခြုံရေး တပ်ဖွဲ့သို့ တင်ပြရမည်ဟု ဆိုသည်။

The Myanmar Times, Biweekly Eleven, Mordern နှင့် 7 Days News တို့ အပါအဝင် ရန်ကုန်ထုတ် အပတ်စဉ် ဂျာနယ်များမှာ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် အထိမခံသော ကိစ္စများကို ဖော်ပြခဲ့သဖြင့် စာပေစိစစ်ရေး အဖွဲ့က ၎င်းဆောင်းပါးများကို ပယ်ဖျက်ခဲ့သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 14th March 2010

ထောင်ပေါင်းများစွာသော ထိုင်း အတိုက်အခံ အင်အားစုများသည် ဘန်ကောက်မြို့တော်တွင် စုဝေးကာ လက်ရှိအစိုးရ နုတ်ထွက်ပေးရန် ဖိအားပေး တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြ ခေါင်းဆောင်များက လက်ရှိ အစိုးရကို ရွေးကောက်ပွဲ အသစ် ကျင်းပရန် တနင်္လာနေ့အထိ အချိန်ပေးထားသည်။

ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗားကမူ နုတ်မထွက်နိုင်ဟု တင်းခံနေသည်။ စစ်တပ်နှင့် ရဲတပ်ဖွဲ့ အင်အား ၄၀,၀၀၀ ခန့်ကိုလည်း တပ်ဖြန့် အစောင့်ချထားသည်။

ရှပ်နီဝတ် ဆန္ဒပြသူများမှာ ၂၀၀၆ ခုနှစ် စစ်တပ် အာဏာသိမ်းမှုတွင် တိမ်းရှောင်သွားသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို အဓိက ထောက်ခံသူများ ဖြစ်သည်။

ဆန္ဒပြသူ အများစုမှာ မစ္စတာ သက်ဆင်၏ ပါဝါကို ကျောထောက်နောက်ခံ ပေးထားသော ထိုင်းနိုင်ငံ မြောက်ပိုင်း ကျေးလက်ဒေသများမှ လာရောက်ကာ ဘန်ကောက်တွင် စုဝေးကြခြင်း ဖြစ်သည်။

ဆန္ဒပြပွဲတွင် ရောက်ရှိနေသော BBC သတင်းထောက် Rachel Harvey က ဆန္ဒပြသူ အင်အား ၁၀၀, ၀၀၀ ခန့်ရှိသည်ဟု သတင်းပို့သည်။ နောက်ထပ် အင်အား သိန်းဂဏန်း အရေအတွက် ထပ်တိုးလာဦးမည်ဟု ရှပ်နီ စည်းရုံးရေးမှူးများက ပြောကြားသည်။

ဆန္ဒပြသူများသည် ဘန်ကောက်မြို့လယ် စင်မြင့်ရှေ့တွင် တနင်္ဂနွေနေ့က စုဝေးကာ ၎င်းတို့ ခေါင်းဆောင်များ၏ တောင်းဆိုမှုများကို နားထောင်ကြသည်။

အတိုက်အခံ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗီရာမူဆစ်ကာပေါင်က လူထုကို ဂုဏ်ပြုစကား ပြောကြားကာ "ဘန်ကောက်မြို့လယ်ကို လျှံထွက်သွားစေသည့် မိမိတို့ ရှပ်နီ အင်အားစုများက ပြည်သူများထံ အာဏာ ပြန်အပ်ရန်နှင့် ပြည်တွင်းရေးကို အမြန်ဆုံး ဖြေရှင်းရန် အစိုးရကို တောင်းဆိုလိုက်သည်။ မိမိတို့သည် ဤနေရာတွင် တပ်စွဲထားမည် ဖြစ်ပြီး အစိုးရထံမှ ၂၄ နာရီ အတွင်း အဖြေပေးရန် စောင့်ဆိုင်းနေမည်" ဟု ရာဇသံပေးလိုက်သည်။

ထိုင်းအစိုးရကလည်း နုတ်ထွက်ပေးရန် ရည်ရွယ်ချက် မရှိဟု ပြန်လည် တုန့်ပြန်ထားသည်။

အတိုက်အခံ စည်းရုံးရေးမှူးများက ငြိမ်းချမ်းစွာ ဆန္ဒပြရန် ကတိပြုထားကြသော်လည်း အစိုးရကသာ နုတ်ထွက်ရန် ငြင်းဆန်ပါက လှုပ်ရှားမှုများကို တိုးမြှင့်သွားမည်ဟု ဆိုသည်။

အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရေစီ ညီညွတ်ရေးတပ်ဦး UDD ဦးဆောင်သော ဆန္ဒပြအုပ်စုများက ပြောကြားရာတွင် လက်ရှိဝန်ကြီးချုပ် အဘီဆစ်သည် စစ်တပ်နှင့် ဘန်ကောက် ရေပေါ်ဆီများ၏ ပံ့ပိုးမှုဖြင့် တရားမဝင် အာဏာရယူထားခြင်းသာ ဖြစ်သည်ဟု အတိအလင်း ထုတ်ဖော် စွပ်စွဲထားသည်။

အစိုးရ အိမ်တော်နှင့် အခြား မဟာဗျူဟာ အချက်အချာ နေရာများကို အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ နှင့် စစ်တပ်က နေရာယူ စောင့်ကြပ်နေသည်။

လိုအပ်ပါက လူထု စုဝေးမှု အရေအတွက်ကို ကန့်သတ်ရန် နှင့် ညမထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်ရန် စစ်တပ်ကို လုပ်ပိုင်ခွင့် အာဏာအပြည့် ပေးထားဖြစ်သည်ဟု ဆိုသည်။

ယခင်နှစ် ဧပြီလက နောက်ဆုံး ဆန္ဒပြပွဲများသည် အကြမ်းဖက်မှုအဖြစ် ပြောင်းလဲသွားပြီး ၂ ဦး သေဆုံးကာ ဒါဇင်နှင့် ချီ၍ ဒဏ်ရာရခဲ့ကြသည်။

ထိုင်းနိုင်ငံရေး လမ်းကြောင်းကို ပြောင်းပြန်လှန်ရန် အတိုက်အခံ ရှပ်နီအုပ်စုများ အတွက် ယခုတစ်ကြိမ်သည် နောက်ဆုံး အခွင့်အရေး ဖြစ်သည်ဟု BBC သတင်းထောက်က ပြောကြားသည်။ လူထု လှုပ်ရှားမှုများမှာ လက်ပမ်းကျလာပြီ ဖြစ်သကဲ့သို့ ရန်ပုံငွေလည်း လျှော့နည်းလာပြီဟု ဆိုသည်။

ထိုင်းနိုင်ငံရေး အခြေအနေမှာ ၂၀၀၆ က စ၍ ရှုပ်ထွေးခဲ့ခြင်း ဖြစ်ပြီး ထိုအချိန်က ဝန်ကြီးချုပ်ကို အကျင့်ပျက် ခြစားမှုများဖြင့် စွပ်စွဲကာ နှုတ်ထွက်ပေးရန် သက်ဆင် ဆန့်ကျင်သော ရှပ်ဝါ အင်အားစုများက စတင် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

သက်ဆင်သည် နောက်ပိုင်းတွင် စစ်တပ်၏ အာဏာသိမ်းခြင်း ခံခဲ့ရသော်လည်း ၂၀၀၈ တွင် ၎င်း၏ မဟာမိတ်များ တဖန် အာဏာပြန်ရလာသောအခါ ၎င်းအား ဆန့်ကျင်သော နိုင်ငံရေး အုပ်စုများက ဝန်ကြီးချုပ်ရုံးကို ၃ လခန့် သိမ်းပိုက်ထားပြီး ဘန်ကောက်၏ အဓိက လေဆိပ် ၂ ခုကိုလည်း တစ်ပတ်ခန့် စီးနင်းထားခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်အား အာဏာ အလွဲသုံးစားမှုဖြင့် ၎င်း၏ မျက်ကွယ်တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီးနောက် ဒူဘိုင်းတွင် ပြည်ပြေးတစ်ဦး အဖြစ် နေထိုင်နေသည်။ သက်ဆင်၏ အမှုသည် နိုင်ငံရေးအရ မနာလို၍ ကြံစည်မှုသာ ဖြစ်သည်ဟု ၎င်းကို ထောက်ခံသူများက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 13th March 2010

မြန်မာ စစ်ဖက် အစိုးရက လူကြိုက်များသော အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်အား အာဏာမရနိုင်စေရန် တားမြစ်ထားသည့် ရွေးကောက်ပွဲ ဥပဒေသစ်ကို ထုတ်ပြန် ကြေညာလိုက်သည်။ ဒီမိုကရေစီ လုပ်ငန်းစဉ် သွင်ပြင်ကို ယူ၍ စစ်အစိုးရ၏ အာဏာကို ခိုင်မြဲစေရန် ကြိုးစားခြင်းပင် ဖြစ်သည်။

ဤသည်မှာ အတိုက်အခံ ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး အဖြေရှာရေး အစီအစဉ်ကို မျက်ကွယ်ပြုကာ ရွေးကောက်ပွဲ အစီစဉ်များကို ဆက်လက် လုပ်ဆောင်သွားမည့် အစိုးရ၏ ဆုံးဖြတ်ချက်ကို ထင်ဟပ် ပေါ်လွင်စေခဲ့ပြီး အမေရိကန် ပြည်ထောင်စုကို အကြီးအကျယ် ပူပန်သောက ရောက်စေသည့် လုပ်ရပ်တစ်ခု ဖြစ်သည်။

မတ်လ ၁၀ ရက်နေ့ နိုင်ငံပိုင် သတင်းစာများတွင် ကြေညာခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေအရ လာမည့် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခြင်း ပြု / မပြုကို ကြေညာရန် ပါတီများအား ရက်ပေါင်း ၆၀ အချိန် ပေးထားသော်လည်း ဘာသာရေး အသင်းအဖွဲ့များနှင့် အပစ်ရပ် အဖွဲ့များကို ထည့်သွင်းထားခြင်း မရှိပါ။ တရားရုံး ပြစ်ဒဏ် ကျခံနေရသူများကိုလည်း နိုင်ငံရေး ပါတီဝင် အဖြစ် ခွင့်မပြုဘဲ တားဆီးထားသည်။ ယင်းစည်းကမ်းချက်သည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခြင်း မပြုနိုင်ရန်နှင့် သူမ၏ ပါတီကို ဦးဆောင် လှုပ်ရှားခြင်း မပြုနိုင်ရန် ပိတ်ပင်ခြင်း ဖြစ်သည်။ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ပြစ်ဒဏ်ကျခံနေရသော အခြား နိုင်ငံရေးသမား များစွာမှာလည်း ယင်းဥပဒေအရ တားမြစ်ခြင်း ခံရမည် ဖြစ်သည်။

၁၉၉၀ နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ဖွယ်ရှိသော ရွေးကောက်ပွဲများ ကျင်းပမည့်ရက် မသတ်မှတ် ရသေးသည့် အချိန်တွင် စစ်ဖက် အစိုးရက ဒီမိုကရေစီ စနစ်သို့ ရှေ့ရှုသည့် ဆောင်ရွက်ချက် တစ်ခု အဖြစ် ကြိုတင် ကြော်ငြာထိုးလျက် ရှိပြီး အငြင်းပွားဖွယ် အခြေခံ ဥပဒေကို ၂၀၀၈ တွင် လက်ခံ ဆုံးဖြတ်ကာ စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ၊ ယခု ရွေးကောက်ပွဲ ဥပဒေနှင့် ပါတီ မှတ်ပုံတင်ခွင့် ဥပဒေများကြောင့် ရွေးကောက်ပွဲများမှာ လေးစား ယုံကြည် လက်ခံဖွယ် ရှိမည် မဟုတ်ဟု အမေရိကန် ပြည်ထောင်စုက ယုံကြည်နေသည်။

ယုံကြည် လေးစားမှုကို ခံယူလိုသည် ဆိုပါက မြန်မာ စစ်ဖက် ခေါင်းဆောင်များ အနေဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ပွင့်လင်းစွာ ဖွင့်ပေးသင့်သည်။ ၎င်းတို့ သဘောမတူသော ကိုယ်စားလှယ်လောင်းများကို ပိတ်ပင်ထားခြင်းဖြင့်လည်း မတင်းကျပ်သင့်ပါ။ အမျိုးသား ပြန်လည် ပေါင်းစည်းရေးကို ရှေ့ရှုသည့် ပထမဆုံး ဆောင်ရွက်ချက် အဖြစ် နိုင်ငံရေး အင်အားစု အားလုံးနှင့် စစ်မှန်သော ဆွေးနွေး အဖြေရှာမှုကို စတင် ပြုလုပ်သင့်သလို အတိုက်အခံတို့၏ သဘောထားကိုလည်း ထုတ်ဖော် ခွင့်ပြုကာ နိုင်ငံရေး လုပ်ငန်းစဉ်တွင် အပြည့်အဝ ပါဝင်နိုင်ရန် အခွင့်အရေး ပေးရမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 14th March 2010

တရုတ်နိုင်ငံသည် ပို့ကုန်လုပ်ငန်းကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ၎င်း၏ ယွမ်ငွေတန်ဖိုးကို လျှော့ထားသည် ဟူသော ဝေဖန်ပြစ်တင်မှုများကို တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ငြင်းပယ် လိုက်သည်။

ယွမ်ငွေကို တည်ငြိမ်အောင် ထိန်းသိမ်းခြင်းသည် စီးပွားပျက်ကပ်မှ တစ်ကမ္ဘာလုံး ပြန်လည် ထူထောင်နိုင်ရေး အတွက် အရေးကြီးသည့် ပါဝင်ဆောင်ရွက်မှု တစ်ခုသာ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ၏ နှစ်ပတ်လည် လွှတ်တော် အစည်းအဝေး အပြီးတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လတ်တလော အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး တင်းမာမှုများသည် ဝါရှင်တန်၏ အမှားသာ ဖြစ်ကြောင်း ထိုင်ဝမ်သို့ လက်နက် ရောင်းချမှု၊ အိမ်ဖြူတော်သို့ ဒလိုင်းလားမား လာရောက်မှုတို့ကို ကိုးကား၍ ဝမ်က ပြောကြားခဲ့သည်။

ဘေဂျင်းရှိ သတင်းထောက်များကို ပြောကြားရာတွင် တရုတ် ယွမ်ငွေ တန်ဖိုးချထားသည် ဆိုသော အချက်ကို ဝမ်က ငြင်းဆိုလိုက်သည်။

တရုတ် ယွမ်ငွေသည် အမေရိကန် ဒေါ်လာနှင့် ချိတ်ဆက်လျှင် အမှန်တကယ် ရှိသင့်သည့် တန်ဖိုးထက် ၄၀ % လျှော့ချ သတ်မှတ်ထားသည်ဟု အမေရိကန် လွှတ်တော် အမတ်များနှင့် ကုန်သွယ်ရေး အဖွဲ့အစည်းများက ပြောကြားလျက် ရှိသည်။

အချုပ်အခြာ အာဏာ ချိုးဖောက်ခံရခြင်း

"ယွမ်ငွေ တန်ဖိုး လျှော့ထားတယ်လို့ ကျွန်တော်ကတော့ မယူဆဘူး" ဟု တနင်္ဂနွေနေ့ မဟာခန်းမဆောင်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် 'ဝမ်' က ပြောကြားသည်။

"တခြား နိုင်ငံတွေကို ငွေတန်ဖိုးမြှင့်ဖို့ လက်ညှိုးထိုး ဖိအားပေးနေတဲ့ တိုင်းပြည်အားလုံးကို ကျွန်တော်တို့ ကန့်ကွက်ပါတယ်" ဟု ဝမ်က ပြောကြားသည်။

၂၀၀၅ ခုနှစ်က ယွမ်ငွေ တန်ဖိုးကို ၂၀ % တက်ရန် ခွင့်ပြုခဲ့ရချိန် မတိုင်ခင်အထိ ယွမ်ငွေကို အမေရိကန် ဒေါ်လာနှင့် အသေ 'ချည်' ထားခဲ့ဖူးသည်။

ကမ္ဘာ့ စီးပွားရေး အကျပ်အတည်းတွင် တရုတ်ထွက်ကုန်များ ဝယ်လိုအား ကျဆင်းသွားပြီး စက်ရုံများ ပိတ်ရသည့်အဆင့် ရောက်သွားသဖြင့် ၂၀၀၈ ခုနှစ်တွင် ငွေတန်ဖိုး ပုံသေသတ်မှတ်မှုကို ပြန်လည် ကျင့်သုံးခြင်း ဖြစ်သည်။

ဝါရှင်တန် နှင့် လတ်တလော ဆက်ဆံရေး တင်းမာမှုများနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ၎င်းက "အမေရိကန် - တရုတ် ဆက်ဆံရေး ဆိုးဆိုးဝါးဝါး ပျက်ပြားခဲ့ရမှု အတွက် တာဝန်ရှိသူက တရုတ်နိုင်ငံ မဟုတ်ပါဘူး။ အမေရိကန် ပြည်ထောင်စုပါ" ဟု ပြောကြားခဲ့သည်။

ယခင် သမ္မတဟောင်း ဘွတ်ရှ် အစပြုခဲ့သော ဒေါ်လာ ၆.၄ ဘီလျံ တန်ဖိုးရှိ လက်နက်များ ထိုင်ဝမ်သို့ ရောင်းချမည့် အစီအစဉ်ကို ဝါရှင်တန်က ဇန်နဝါရီလတွင် အတည်ပြုခဲ့သည်။

ထို့နောက်တွင် သမ္မတ အိုဘားမားက အိမ်ဖြူတော်တွင် တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်ဘားမားကို လက်ခံ တွေ့ဆုံခဲ့သည်။

အထက်ပါ လုပ်ဆောင်မှု ၂ ခုစလုံးသည် တရုတ်နိုင်ငံ၏ အချုပ်အချာကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု 'ဝမ်' က ဆိုသည်။

လက်ရှိ ကိုယ်ပိုင် အုပ်ချုပ်နေသော ထိုင်ဝမ်သည် ပြန်လည် ပေါင်းစည်းရန် စောင့်ဆိုင်းနေသည့် ၎င်းတို့ ပိုင်နက်တစ်ခု ဖြစ်သည်ဟု ပြည်မကြီးက ယူဆထားသည်။

ဝန်ကြီးချုပ် 'ဝမ်' သည် ပြီးခဲ့သော ဒီဇင်ဘာလ ကိုပင်ဟေဂင်တွင် ကျင်းပသော ရာသီဥတု ပြောင်းလဲရေးဆိုင်ရာ ညီလာခံတွင် တရုတ်နိုင်ငံ၏ အနေအထား ကဏ္ဍကိုလည်း ကာကွယ် ပြောကြားခဲ့သေးသည်။

အဆိုပါ အစည်းအဝေးတွင် တရုတ်နိုင်ငံသည် "တက်ကြွသော သဘောတူညီချက် ရရှိရေး လမ်းကြောင်း" ကို ပိတ်ဆို့ ရပ်တည်ခဲ့သည်ဟု စွပ်စွဲခြင်း ခံခဲ့ရသည်။

ရာသီဥတု ပြောင်းလဲမှုကို တားဆီးရန် သဘောတူညီချက်များ ရရှိရေးတွင် အခြားသူများ လက်လျှော့သွားသည့် တိုင်အောင် တရုတ် ကိုယ်စားလှယ်အဖွဲ့က ဆက်လက် ကြိုးစားသွားမည်ဟု 'ဝမ်'က ပြောကြားလိုက်သည်။

ညီလာခံတွင် ဘားရက် အိုဘားမား အပါအဝင် ထိပ်တန်း ခေါင်းဆောင်များ အကြား ဆွေးနွေးပွဲများကို 'ဝမ်' က မျက်နှာလွှဲခဲ့သည် ဟူသော စွပ်စွဲချက်များကိုလည်း ၎င်းက ပယ်ချလိုက်ပြီး အစည်းအဝေး အစီအစဉ် အသေးစိတ်ကို တရုတ်အား အသိပေးခဲ့ခြင်း မရှိဟု ၎င်းက ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

RTT News, 12th March 2010

          ရွေးကောက်ပွဲ ဥပဒေသစ်ကြောင့် စိတ်မကောင်း ဖြစ်ရသော်လည်း မြန်မာ အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်သွားမည်ဟု အမေရိကန် အစိုးရက ပြောကြားခဲ့ပြီး အရေးယူ ပိတ်ဆို့မှုများကိုလည်း ဆက်လက် ချမှတ်ထားမည်ဟု ဆိုသည်။

ယခင်နှစ် ဇူလိုင်လတွင် အမေရိကန် ပြည်ထောင်စုက မြန်မာ အစိုးရအပေါ် အရေးယူ ပိတ်ဆို့မှုများကို သက်တမ်းတိုးခဲ့ပြီး မြန်မာနိုင်ငံမှ ပို့ကုန်များကိုလည်း ထပ်မံ တားမြစ်ခဲ့သည်။

အဆိုပါ တားမြစ်မှုအရ မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် ကျောက်မျက် ပို့ကုန်များကို ၃ နှစ် ပိတ်ပင်ထားပြီး မြန်မာ ကျောက်မျက်များ အမေရိကန်တွင် ရောင်းချခြင်းကိုလည်း တားမြစ်ထားသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က သောကြာနေ့တွင် ပြောကြားရာ၌ ရွေးကောက်ပွဲ ဥပဒေသစ်ကြောင့် အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်မိပြီး စိုးရိမ်မိသည်ဟု ပြောဆိုခဲ့သည်။

ဒီမိုကရေစီ ထွန်းကားရေးကို အားပေးရန် ကြိုးပမ်းရာတွင် မြန်မာ စစ်ဖက် အုပ်ချုပ်သူများ ဆွေးနွေးစရာ များစွာ မရှိကြောင်း ပြောကြား၍ ရွေးကောက်ပွဲ ဥပဒေသစ် အပေါ် မကျေနပ်မှုကို Campbell က ဖော်ပြခဲ့သည်။

ပြည်သူတို့ ကြာမြင့်စွာ စောင့်မျှော်နေသော ရွေးကောက်ပွဲ ဥပဒေကို မြန်မာစစ်ဖက် အစိုးရက ယခု ရက်သတ္တပတ်တွင် ထုတ်ပြန် ကြေညာခဲ့ပြီး ယခုနှစ်ကုန် ကျင်းပမည်ဟု ၎င်းတို့ ကတိပေးထားသော မဲရွေးပွဲများ ကျင်းပရန် ပြင်ဆင်နေသည်ဟုလည်း ဆက်လက် ကြေညာခဲ့သည်။

ဥပဒေသစ်အရ အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီနှင့် နိုင်ငံရေးအရ မဆက်နွယ်ရန် တားမြစ်ထားပြီး ရွေးကောက်ပွဲ မဝင်နိုင်အောင် ပိတ်ပင်ထားသည်။

ရွေးကောက်ပွဲ ဥပဒေသစ်ကို အမေရိကန် နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့တွင် ကန့်ကွက် ဆန့်ကျင်လိုက်ပြီး ဒီမိုကရေစီ လုပ်ငန်းစဉ်ကို လှောင်ပြောင်သော လုပ်ရပ်သာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် လူ့အခွင့်အရေးကို ကြီးကြီးမားမား စနစ်တကျ ချိုးဖောက် ကျူးလွန်နေခြင်း ဖြစ်သည်ဟု အမေရိကန် ပြည်ထောင်စုနှင့် ကုလသမဂ္ဂက စွပ်စွဲ ပြောဆိုလိုက်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးအရာရှိ Tomas Ojea Quintana က ကုလသမဂ္ဂသို့ တနင်္လာနေ့တွင် တင်သွင်းသော အစီရင်ခံစာတွင် "ထိုနိုင်ငံ အတွင်းရှိ ပြည်သူအများစုမှာ အခြေခံ အခွင့်အရေးဖြစ်သော စားစရာ၊ နေစရာ၊ ကျန်းမာရေးနှင့် ပညာသင်ခွင့် စသည်တို့ကို ပိတ်ပင်ခံနေရသည်" ဟု ဖော်ပြထားသည်။

၎င်းအစီရင်ခံစာတွင် မြန်မာ အာဏာပိုင်များကိုလည်း ပြင်းထန်စွာ ဝေဖန်ထားသည်။

ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သော ၂၀၀၉ နှစ်ပတ်လည် လူ့အခွင့်အရေး အစီရင်ခံစာတွင် ဖော်ပြထားသော မြန်မာနိုင်ငံတွင်းမှ အဆိုးဝါးဆုံး ပြစ်မှုများကို အမေရိကန် နိုင်ငံခြားရေးဌာနက ကိုးကား ပြောကြားခဲ့သည်။

အတိုက်အခံ နိုင်ငံရေးသမားများ၏ အခွင့်အရေးကို ဖိနှိပ် ချိုးဖောက်ခြင်း၊ ထောင်ချခြင်း စသည်တို့ကို ဆက်လက်၍ ပြုလုပ်နေသည့်အပြင် ရှမ်း၊ ကရင် စသော တိုင်းရင်းသား ဒေသများတွင် တိုက်ခိုက်မှုများ တိုးမြှင့်နေသည့် အတွက် မြန်မာအစိုးရကို ပြင်းထန်စွာ ရှုတ်ချခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By Kyaw Thein Kha, 13th March 2010

          အနည်းဆုံး နိုင်ငံရေးအဖွဲ့ ခုနှစ်ဖွဲ့ခန့်သည် လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ရန် ပါတီအဖြစ် မှတ်ပုံတင်ရေးကို ပြင်ဆင်လျက် ရှိကြောင်း၊ ထိုအထဲတွင် ဖွဲ့စည်းထားပြီးသော အစိုးရ လိုလားသော ပါတီတစ်ခုလည်း ပါဝင်ကြောင်း အဆိုပါ အဖွဲ့များ၏ ခေါင်းဆောင်များ၏ အဆိုအရ သိရှိရသည်။

          "ကျွန်တော်သိရသလောက် နိုင်ငံရေးပါတီ ခုနှစ်ခုဟာ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ဖို့ လုပ်နေကြပါတယ်" ဟု အမျိုးသားနိုင်ငံရေး မဟာမိတ်အဖွဲ့ (National Political Alliance) မှ ခေါင်းဆောင် ဦးကြည်ဝင်းက ပြောကြားခဲ့သည်။ ၎င်းပါတီသည် အစိုးရ လိုလားသော အဖွဲ့ငယ် ကိုးဖွဲ့ကို စုပေါင်းထားသော ရန်ကုန်အခြေစိုက်ပါတီ ဖြစ်သည်။

          တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ (National Unity Party)၊ ဒီမိုကရက်တစ် ပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အင်အားစု (Union of Myanmar National Political Force)၊ ပြည်ထောင်စု မြန်မာနိုင်ငံ ၈၈ မျိုးဆက်ကျောင်းသားများ (88 Generation Students Union of Myanmar) တို့သည် ရက်ပိုင်းအတွင်း မှတ်ပုံတင်ကြတော့မည် ဖြစ်ကြောင်း ဦးကြည်ဝင်းက ပြောကြားခဲ့သည်။

          NUP သည် ယခင်က အာဏာရှင် ဦးနေဝင်း လက်ထက်ကတည်းက ဖွဲ့စည်းထားခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲက တပ်မတော်အစိုးရ ထောက်ခံခဲ့သည့် ပါတီဖြစ်သည်။

          ထို့အပြင် စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA)၊ ရှမ်းခေါင်းဆောင် ဦးရွှေအုန်းနှင့် အမျိုးသား နိုင်ငံရေး မဟာမိတ် တို့သည်လည်း မှတ်ပုံတင်မည် ဖြစ်ကြောင်း ဦးကြည်ဝင်းက ပြောသည်။

          ရန်ကုန်မှ လာသော သတင်းများအရ USDA သည် ပါတီသုံးဖွဲ့ခန့် ခွဲ၍ မှတ်ပုံတင်ကာ ရွေးကောက်ပွဲ ဝင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

          "ကျွန်တော်တို့ ကြားတာက USDA ဟာ ပါတီသုံးခု ဖွဲ့စည်းမယ်လို့ ကြားပါတယ်။ အခုထိတော့ NUP လို မဲဆွယ်တာတော့ မတွေ့ရသေးပါဘူး။ NUP ကတော့ လွန်ခဲ့တဲ့ လကတည်းက လှည်းကူးဘက်မှာ စပြီး မဲဆွယ်နေပါတယ်" ဟု သတင်းတစ်ရပ်က ဧရာဝတီသို့ သောကြာနေ့က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

YAHOO News, By KWANG-TAE KIM13 March 2010

         မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီယာလက်နက် အစီအစဉ်များကို ရပ်ဆိုင်းရန် ရည်ရွယ် ကျင်းပသော ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ လာမည့်လ အစောပိုင်းတွင် ပြန်လာရန် စီစဉ်လျက် ရှိကြောင်း စနေနေ့က သတင်း ပေးပို့မှုများအရ သိရှိရသည်။

         မြောက်ကိုရီးယားသည် ခြောက်နိုင်ငံ အစည်းအဝေးမှ အကူအညီများကိစ္စ ညှိနှိုင်း ဆွေးနွေးရန်နှင့် ဒုတိယအကြိမ် နျူကလီယာ စမ်းသပ်မှုများ ပြုလုပ်ရန် မနှစ်က ထွက်ခွာသွားခဲ့သည်။ ၎င်းသည် ပလူတိုနီယံ တပ်ဆင်ထားသော ဗုံးခြောက်လုံးခန့် ပိုင်ဆိုင်မည်ဟု ခန့်မှန်းရသည်။

         မြောက်ကိုရီးယားသည် အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းပေးရန်နှင့် ၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲ ပြီးဆုံးခြင်းကိစ္စ အမေရိကန်နှင့် ငြိမ်းချမ်းရေး စကားပြောရန်တို့ကို ခွင့်ပြုမှသာ ခြောက်နိုင်ငံ အစည်းအဝေးသို့ ပြန်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် အမေရိကန်၊ တောင်ကိုရီးယား၊ တရုတ်၊ ရုရှားနှင့် ဂျပန်တို့ ပါဝင်သည်။

          အမေရိကန်နှင့် တောင်ကိုရီးယားတို့က မြောက်ကိုရီးယားအား ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ အရင်ပြန်လာရန်နှင့် နျူကလီယာ ဖျက်သိမ်းရေး အစီအစဉ်များတွင် တိုးတက်မှု ရှိအောင် ပြုလုပ်ရန် တုံ့ပြန် ပြောဆိုခဲ့သည်။

          Beijing ရှိ အမည်မဖော်လိုသူ မြောက်ကိုရီးယား တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် ပြုံးယမ်းသည် ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ဧပြီလ အစောပိုင်းတွင် ပြန်လာမည် ဖြစ်ပြီး နျူကလီယာ ဖျက်သိမ်းရေး လုပ်ငန်းစဉ်အတွက် ၎င်း၏ အကြံအစည်များကို တင်ပြမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု တောင်ကိုရီးယားသတင်းစာ Joong Ang Ilbo က စနေနေ့က ဖော်ပြထားသည်။

          အဆိုပါ ပုဂ္ဂိုလ်က ပြုံးယမ်းသည် အမေရိကန်တို့ မည်သို့ တုံ့ပြန်မည်ကို စောင့်ကြည့်နေကြောင်း၊ နောက်ထပ်ခြေလှမ်းသည် ဝါရှင်တန်အပေါ်တွင်သာ မူတည်ကြောင်း ပြောခဲ့သည်။

          AP သတင်းဌာနက Beijing ရှိ မြောက်ကိုရီးယား သံတမန်တစ်ဦးအား ဆက်သွယ်မေးမြန်းရာ အဆိုပါ သတင်းကို မိမိ မကြားမိကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

          နျူကလီယာ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ တောင်ကိုရီးယား အကြီးတန်းတာဝန်ရှိသူ တစ်ဦးကလည်း ၎င်းအနေဖြင့် မြောက်ကိုရီးယား၏ ပြန်လာမည့် အစီအစဉ်သတင်းကို မရရှိကြောင်း၊ ဆွေးနွေးပွဲ မည်သည့် အချိန် ပြန်စမည်ကိုလည်း မခန့်မှန်းနိုင်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ကိစ္စသည် အရေးကြီးသဖြင့် ၎င်း၏ အမည်ကို ဖော်ပြခြင်း မပြုရန် တောင်းဆိုခဲ့သည်။

          အဆိုပါ နျူကလီယာ ဆွေးနွေးပွဲများကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလက Beijing တွင် နောက်ဆုံး ကျင်းပခဲ့သည်။

          ကုလသမဂ္ဂ နျူကလီယာ အကြီးအကဲဟောင်း Mohamed EL Baradei က မြောက်ကိုရီးယား ၏ နျူကလီယာ ရည်မှန်းချက်များ ရပ်ဆိုင်းရေးအတွက် အပြုသဘော ဆောင်သော ဆွေးနွေးမှုများ ဆက်ဆံမှုများ ပြုလုပ်ကြရန် တောင်းဆိုခဲ့သည်။

          အဆိုပါ ကိစ္စတွင် မြောက်ကိုရီးယား၏ မိမိကိုယ်ကို ယုံကြည်မှု မရှိခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ခြင်းများ ပါဝင်ရာ ရည်မှန်းချက် အောင်မြင်ရန် နိုင်ငံတကာအနေဖြင့် အထက်ပါ ကိစ္စရပ်နှစ်ခုကို ဖော်ပြသင့်ကြောင်း El Baradei က Seoul ၌ သောကြာနေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ပြောကြားခဲ့ကြောင်း Yonhap သတင်းဌာန၏ အဆိုအရ သိရှိရသည်။

          ပြုံးယမ်း၏ ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာရန် ညှိနှိုင်းမှုများသည် မြောက်ကိုရီးယား၏ ဖြစ်နိုင်သည့် ရွေ့လျားမှုများကြားတွင် ထွက်ပေါ်လာနေပြီ ဖြစ်သည်။

          မြောက်ကိုရီးယားတွင် ယခုအခါ အသက် ၆၈ နှစ်ရှိ ခေါင်းဆောင် ကင်ဂျုံအီသည် ၎င်း၏ တတိယသား Kim Jong Un အား ၎င်းနေရာကို ဆက်ခံရန် စီစဉ်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Straits Times, 13th March 2010

          စနေနေ့ အစောပိုင်းက အင်အား ၅.၄ မဂ္ဂနီကျူ ရှိသော အလယ်အလတ် ပြင်းအားရှိ ငလျင်တစ်ခု မြန်မာနိုင်ငံတွင် လှုပ်သွားသည်ဟု ငလျင် ပညာရှင်များက ပြောကြားသည်။

          အဆိုပါ ငလျင်သည် မြန်မာနိုင်ငံ အလယ်ပိုင်း မုံရွာမြို့၏ မြောက် - အနောက်မြောက်ဘက် ယွန်းယွန်းတွင် ၁၁၅ ကီလိုမီတာ (၇၁ မိုင်) အကွာကို ဗဟိုပြု၍ မြန်မာစံတော်ချိန် စနေနေ့ မနက် ၅း၄၉ တွင် လှုပ်သွားခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနက ပြောကြားသည်။

          အဖျက်အဆီး တစ်စုံတစ်ရာအကြောင်းမူ သတင်းထွက်ပေါ်လာခြင်း မရှိသေးပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.