Date: 17 - Nov – 2009,Globle Politician.com
အာရှတိုက်တွင် အောင်မြင်နေသော အမေရိကန်၏ ဆွေးနွေး ညှိနှိုင်းမှုများအတွက် စမ်းသပ်စရာ ကွင်းသစ်အဖြစ် ပေါ်ထွက်လာသူမှာ မြန်မာနိုင်ငံ ဖြစ်ပါသည်။ အထူးသဖြင့် ယခုအချိန်မှာ တပ်မတော်အစိုးရက နိုင်ငံတကာ၏ ဒီမိုကရေစီ ဖြစ်ထွန်းရေး တောင်းဆိုချက်များကို တုန့်ပြန်မှုမရှိဘဲ ပြည်သူများကို တင်းကျပ်စွာ ဆက်လက် အုပ်ချုပ်နေသည့် အချိန်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အောင်မြင်ခဲ့သည့် နည်းလမ်းတခုဖြစ်သော မုံလာဥတစ်လှည့် တုတ်တစ်လှည့် နည်းလမ်းမှာ အလုပ်ဖြစ်ပုံ မရပါ။ နောက်ဆုံး ပြောင်းလဲခဲ့သော အမေရိကန်၏ မြန်မာနိုင်ငံ မူဝါဒမှာ "မုန်လာဥ နည်းလမ်း"ကို ကျင့်သုံးနေခြင်း ဖြစ်ပြီး၊ ငြိမ်းချမ်းရေးကို အမြတ်အစွန်းအဖြစ် ရရှိလိုသည့် သဘောဖြင့် "တုတ်နည်းလမ်း" ကို စွန့်ပယ်ထားခြင်း ဖြစ်ပါသည်။
အာဆီယံသည် အကျိုးသက်ရောက်မှု မရှိသော အဖွဲ့အစည်းတခု ဖြစ်ကြောင်း သာဓက တစ်ခုအဖြစ် မြန်မာနိုင်ငံ ရပ်တည်လာခဲ့သည်မှာ ကြာခဲ့ပါပြီ။ တိုင်းပြည်၏ စစ်ဖက် အုပ်ချုပ်သူများသည် ကမ္ဘာကြီးကို အောင်မြင်စွာ ဆန့်ကျင်ဖီဆန်ခဲ့ကြပြီး၊ ဒီမိုကရေစီကို ချုပ်ချယ်ခြင်း၊ ပြည်သူများကို ဖိနှိပ်ခြင်းနှင့် လူ့အခွင့်အရေးကို လေးစားရန် ကမ္ဘာတစ်ဝှမ်း တောင်းဆိုမှုများကို လျစ်လျှူရှုခြင်းများ ပြုလုပ်ခဲ့ပါသည်။ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် စွတ်ဖက်ခြင်း မပြုရန် ဟူသော မူဝါဒကြောင့် အာဆီယံနိုင်ငံများသည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ချမှတ်သော စီးပွားရေး ပိတ်ဆို့မှုများကို လိုက်နာ ဆောင်ရွက်ခြင်း မရှိခဲ့ပါ။ သို့ရာတွင် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် နိုင်ငံတကာက ပွက်ပွက်ညံ တောင်းဆိုမှုနှင့် ဒီမိုကရေစီ ရှေ့ဆောင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခြင်းအား ကမ္ဘာတစ်ဝှမ်းက ပြစ်တင်ရှုတ်ချမှုများ ပြန်လည် ပေါ်ပေါက်လာသော ယခုအချိန်တွင် အာဆီယံအဖွဲ့ဝင်များသည် ၎င်းတို့၏ အနေအထားနှင့် ပတ်သက်၍ ဝေဖန် ပြစ်တင်မှုများကို ရင်ဆိုင်နေရပါသည်။ တပ်မတော်အစိုးရက အာဆီယံ စစ်အုပ်ချုပ်မှုဆိုင်ရာ စံနှုန်းများကို လက်ခံ လိုက်နာစေရန် အာဆီယံ အဖွဲ့ဝင်နိုင်ငံများက မည်သို့ မည်ပုံ ဖိအားပေးကြမည် ဆိုသည်နှင့် ပတ်သက်၍ ရှင်းလင်းစွာ မသိနိုင်သေးပါ။ တပ်မတော် အစိုးရကို သိမ်းသွင်း၍ အာဆီယံသည် ဥပဒေ စည်းကမ်းရှိသော၊ ထိရောက်သော အဖွဲ့အစည်း ဖြစ်ကြောင်း ကမ္ဘာသို့ ပြသရန် ရည်ရွယ်သော မဟာဗျူဟာမြောက် စီးပွားရေး ပိတ်ဆို့မှုများသည် အကျိုးမဲ့သည့် ဆောင်ရွက်ချက်သာ ဖြစ်ဖွယ် ရှိပါသည်။ နောက်ထပ် ဖြစ်နိုင်ချေရှိသည့် အချက်မှာ ၎င်းချဉ်းကပ်မှုသည် မြန်မာအစိုးရ၏ သဘောထားကို ပိုမို တင်းမာစေပြီး၊ ဖိနှိပ်ချုပ်ချယ်သော အုပ်စိုးမှုသည် ပိုမို ဆိုးလာဖွယ်ရှိခြင်း ဖြစ်သည်။
အဆိုပါ ဆောင်ရွက်ချက် မအောင်မြင်နိုင်ကြောင်း သိရှိပုံရသည့် အိုဘားမား အစိုးရသည် မြန်မာအစိုးရနှင့် ဆက်ဆံဆွေးနွေးရန် ကြိုးစားသည့် အနေဖြင့် အဆင့်မြင့် သံတမန် အရာရှိများကို မြန်မာနိုင်ငံသို့ စေလွှတ် ဆွေးနွေးစေခဲ့ပါသည်။ ဤနေရာတွင် အမေရိကန်၏ မြောက်ကိုရီးယား မူဝါဒနှင့် အပြိုင် ဖြစ်နေသော အချက်အချို့ကို တွေ့ရပါသည်။ ကင်ဂျုံအီးနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှစ်ဦးစလုံးသည် တိုင်းပြည်ကို ဖိနှိပ် အုပ်စိုးသော မူဝါဒကို ဆက်လက် ကိုင်စွဲကာ အမေရိကန်မှ စီးပွားရေး အကူအညီများကို ရယူရန်နှင့် စေ့စပ်ညှိနှိုင်း စားပွဲဝိုင်းတွင် အပေးအယူလုပ် ဈေးဆစ်ရန် ကြံရွယ်ထားပုံကို မြင်တွေ့နိုင်ပါသည်။
မြန်မာနိုင်ငံသို့ နောက်ဆုံး လာရောက်ခဲ့သော အမေရိကန် သံတမန်မှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်အဖြစ် ၁၉၉၅ က လာရောက်ခဲ့သော မယ်ဒယ်လင်းအောဘရိုက် ဖြစ်ပါသည်။ အိုဘားမား၏ အထူးခွင့်ပြုချက်ဖြင့် ယခု လာရောက်ခဲ့သော အမေရိကန် အဆင့်မြင့် သံတမန်များမှာ မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရှိခဲ့ပါသည်။ အရှေ့အာရှရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် 2009 နိုဝင်ဘာ ပထမပတ်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် သီးသန့် တွေ့ဆုံခဲ့ပြီး၊ ဗိုလ်ချုပ်ကြီး သိန်းစိန် အပါအဝင် အစိုးရ အဖွဲ့ဝင် ဗိုလ်ချုပ်များ၊ NLD ပါတီ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့ပါသည်။
Campbell ၏ ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးကို ပြုပြင် ပြောင်းလဲမည့် အမေရိကန်၏ ကတိကဝတ်ကို ပြသခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၆၅ တပ်မတော်က အာဏာသိမ်းစဉ်ကပင် အသားကျလာခဲ့သော အစိုးရ၏ အာဏာချုပ်ကိုင်မှု နည်းလမ်းများကြောင့် ယခုအချိန်တွင် တိုးတက် ပြောင်းလဲမှုများကို မျှော်လင့်ရန် မဖြစ်နိုင်သေးပါ။
ဆီနိတ်တာ Jim Webb မြန်မာအစိုးရနှင့် လာရောက် တွေ့ဆုံပြီး၊ တစ်လခန့်အကြာ၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ရှောင်ပုန်းနေသော စစ်ဖက် အုပ်ချုပ်သူများနှင့် ဆက်ဆံ ဆွေးနွေးမည့် အိုဘားမား အစိုးရ၏ အစီအစဉ်ကို ကြေညာပြီး တစ်ပတ်အကြာတွင် Campbell ၏ လေ့လာရေး မစ်ရှင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။ အထက်လွှတ်တော် နိုင်ငံခြားရေးရာ ဆပ်ကော်မတီ ဥက္ကဌ Jim Webb သည် မြန်မာအစိုးရနှင့် ညှိနှိုင်း ဆွေးနွေးလိုသူ တစ်ဦးဖြစ်သည်။ ယခုနောက်ဆုံး အမေရိကန်က မြန်မာကို စတင် ဆက်ဆံခဲ့ခြင်းနှင့် ပတ်သက်၍ အမြင်နှစ်မျိုး ရှိနေပါသည်။ ပထမအမြင်မှာ ပြန်လည် စတင်လိုက်သော ညှိနှိုင်းဆွေးနွေးမှုသည် အပေါင်းလက္ခဏာ ဆောင်သော ခြေလှမ်းဖြစ်သည်ဟု ယူဆချက်ဖြစ်၍ ဒုတိယအမြင်မှာ ရှက်ဖွယ်လိလိ လူ့အခွင့်အရေး ချိုးဖောက်နေသော အပြစ်ရှိသူ စစ်ဗိုလ်ချုပ်များနှင့် ဆွေးနွေးခြင်းသည် အမေရိကန်၏ ဒီမိုကရေစီ မြှင့်တင်ရေး ရည်မှန်းချက်ကို သိမ်ဖျင်းစေသည် ဟူသော ယူဆချက် ဖြစ်သည်။ ၎င်းတို့ချည်း သက်သက်အားဖြင့် ရလာဒ်ကောင်းအောင် မစွမ်းဆောင်နိုင်သော စီးပွားရေး ပိတ်ဆို့မှုများသည် အမေရိကန် မူဝါဒ၏ တစိတ်တဒေသအားဖြင့် ဆက်လက်ရှိနေမည်ဟု ကလင်တန်က ပြောကြားပါသည်။ မည်သို့ပင်ဆိုစေ မြန်မာအစိုးရနှင့် ဆက်ဆံ ဆွေးနွေးမည့် အမေရိကန်၏ မူဝါဒသစ်သည် ချီးကျူး ကြိုဆိုထိုက်ပါသည်။ ပထဝီ နိုင်ငံရေးနှင့် သမိုင်းနောက်ခံ အကြောင်းအရာများကြောင့် တဖက်သတ် အရေးယူ ဆောင်ရွက်မှုများသည် အောင်မြင်မှု ရနိုင်မည် မဟုတ်ပါ။
ယခုကဲ့သို့ ဆက်ဆံရေး နွေးထွေးလာမှုကို မြန်မာအစိုးရက စိတ်ဝင်စားကြောင်း ပြသခဲ့သော်လည်း၊ အနောက်နိုင်ငံ သံတမန်များ တစ်ဦးပြီး တစ်ဦးလာရောက်ခဲ့ပြီး၊ ပြောင်းလဲမှု မရှိခဲ့သည့် သမိုင်းမှတ်တမ်း ရှိနေပါသည်။ ၁၉၉၀ ခုနှစ်များက လာရောက်ခဲ့သော ကုလ အထူးကိုယ်စားလှယ်အဖွဲ့များသည် လက်မဲ့ပြန်သွားခဲ့ရပြီး၊ တပ်မတော်ခေါင်းဆောင်များ၏ လစ်လျူရှုခြင်းကို ခံခဲ့ရပါသည်။ ယခုနှစ် အစောပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံရန် ကြိုးစားခဲ့သော ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှာလည်း အစိုးရ၏ ခပ်တည်တည် ငြင်းပယ်မှုကို ခံခဲ့ရပါသည်။
(၁၄) နှစ်ခန့် အကျယ်ချုပ် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ် ပြစ်ဒဏ်ကို ယခုနှစ် သြဂုတ်လက (၁၈) လ ထပ်မံ သက်တမ်း တိုးခဲ့ပါသည်။ နိုင်ငံရေး အကျဉ်းသား (၂၀၀၀) ကျော်ကိုလည်း ဖမ်းဆီး အကျဉ်းချထားပါသည်။ ထို့အပြင် လူမျိုးစု တပ်ဖွဲ့များအပေါ် ထားရှိသည့် တပ်မတော်အစိုးရ၏ သဘောထားမှာ အလွန် စက်ဆုပ်ဖွယ် ကောင်းသည်ဟု ဆိုရပါမည်။ အစိုးရကိုယ်၌က နိုင်ငံတွင်း ပျံ့နှံ့နေသော မူးယစ်ဆေးဝါး ကုန်သွယ်ရေးကို မှီခိုခဲ့ရသောကြောင့် ဖြစ်ပါသည်။
တပ်မတော်အစိုးရသည် အနောက်နိုင်ငံများ၏ ပါဝါကို အထင်သေး၍ မယုံကြည် ခဲ့ကြောင်းကို လွန်ခဲ့သော အနှစ် (၆၀) သို့ ပြန်ကြည့်လျှင် တွေ့နိုင်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး နောက်ပိုင်း ကိုလိုနီစည်းမျဉ်းများအရ ပြန်လည် ထူထောင်ရေးလုပ်ငန်းစဉ်ကို ဆန့်ကျင်ပြီး၊ တိုင်းပြည်ကို တံခါးပိတ် အထီးကျန်စေ၍ အာဏာကို စုစည်းချုပ်ကိုင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ယခုလည်း ရန်ကုန်မှ မြောက်ဘက် မိုင် (၂၀၀၀) ဝေးကွားသော ဒေသသို့ မြို့တော်ကို ပြောင်းရွှေ့ခဲ့ခြင်းသည် အမေရိကန် ဦးဆောင်သော ချဉ်းနင်းဝင်ရောက်မှုကို စိုးရွံ့သောကြောင့် ဖြစ်ပါသည်။ နေပြည်တော်ကို တောင်ကြောဒေသသို့ ဆုတ်ခွာ တည်ဆောက်ခဲ့ခြင်း၏ ဖြစ်နိုင်ချေ အကြောင်းရင်းမှာ ပြည်တွင်း အတိုက်အခံ တပ်ဖွဲ့များဖြစ်စေ၊ အနောက်နိုင်ငံ တပ်ဖွဲ့များဖြစ်စေ ဖိအားပေး တိုက်ခိုက်လာခြင်းမှ ကာကွယ်နိုင်ရန်ပင် ဖြစ်သည်။ ထိုနေရာတွင် ကမ္ဘာကြီးနှင့် အဆက်ဖြတ်၍ အာဏာကို ဆက်လက် ထိန်းသိမ်းထားရန် ရည်ရွယ်ခြင်း ဖြစ်ပါလိမ့်မည်။
လက်ရှိ အနေအထားကို ပြန်ကြည့်လျှင် အစိုးရက ၂၀၁၀ တွင် ရွေးကောက်ပွဲများ ကျင်းပရန် ကတိပေးခဲ့ခြင်းကြောင့် အမေရိကန်၏ ညှိနှိုင်းရေး မူဝါဒ ထွက်ပေါ်လာခြင်း ဖြစ်နိုင်ပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင်နှင့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေး၍ ရွေးကောက်ပွဲ ဝင်ခွင့်ရနိုင်ရန် လိုလားနေပါသည်။ ရွေးကောက်ပွဲတွင် အားလုံးပါဝင်ခွင့် မရနိုင်သော အခြေအနေမျိုးတွင် မျှော်လင့်ချက်များ ထားရှိရန် အလှမ်း ဝေးနေပါသေးသည်။ ထို့အပြင် မြန်မာနိုင်ငံ အုပ်ချုပ်သူ လူတန်းစားသည် အမေရိကန်၏ ဆောင်ရွက်ချက်အား နက်ရှိုင်းစွာ သံသယရှိနေသည် ဆိုသောအချက်ကို အိုဘားမား အစိုးရအနေနှင့် အထူးသတိပြုရမည်ဖြစ်သည်။ ယမန်နှစ်က နားဂစ်စ် ဆိုက်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ထောင်ပေါင်းများစွာသော ပြည်သူများ အစာရေစာငတ်မွတ်မှုနှင့် ရောဂါဘယ ထူပြောမှုကို လည်စင်းခံနေရချိန်တွင် တပ်မတော်အစိုးရက အနောက်နိုင်ငံ အကူအညီများကို ငြင်းပယ်ခဲ့ပြီး၊ ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်လာသော အမေရိကန်သင်္ဘောများကိုလည်း မြန်မာရေပိုင်နက်သို့ ဝင်ရောက်ခွင့် မပေးခဲ့ပါ။ ယခုကဲ့သို့ ယုံကြည်မှု ပျက်ပြားနေသော အခြေအနေကို ပြင်ဆင်ရမည့်ကိစ္စမှာ အိုဘားမားအတွက် ကြီးမားသော စိန်ခေါ်မှု ဖြစ်နေပါသည်။
သမ္မတဟောင်း ဘွတ်ရှ် အစိုးရ၏ မူဝါဒဖြစ်သော မြန်မာနိုင်ငံကို ပစ်ပယ်၍ အာရှ အင်အားစုများကိုပါ ထိုးသိပ်ထားရန် ကြိုးစားမှုကို အဆုံးသတ်၍ မြန်မာအစိုးရ ခေါင်းဆောင်များ၊ အတိုက်အခံ ခေါင်းဆောင်များနှင့် ဆွေးနွေးရန် သံတမန်များ စေလွှတ်ခဲ့ခြင်းသည် အိုဘားမား အစိုးရ၏ မှန်ကန်သော မူဝါဒ အကောင်အထည်ဖော်မှု တစ်ခု ဖြစ်ပါသည်။ သို့ရာတွင် လောလောဆယ် အောင်မြင်မှု ရရန် မဖြစ်နိုင်သေးပါ။
ဒဏ်ပေးသော "တုတ်" စနစ် မပါဘဲ ဆုပေးသော "မုန်လာဥ" စနစ်ကို ကျင့်သုံးခြင်းကို မြန်မာအစိုးရ၏ လမ်းကြောင်းကို ပြောင်းလဲစေနိုင်ခြင်း ရှိပါသလား ဟူသော မေးခွန်းအတွက် လောလောဆယ် အဖြေရှာနေဆဲ ဖြစ်ပါသည်။ ယခင် အတွေ့အကြုံများအရ ဤသို့ ဖြစ်နိုင်ဖွယ် မရှိပါ။ ဖိအားပေးခြင်းသည် ယခုတိုင် လိုအပ်နေဆဲ ဖြစ်ပါသည်။ အကယ်၍ နိုင်ငံရေး အခြေအနေကို တိုးတက် ကောင်းမွန်စေလိုပါက ထိုင်း၊ တရုတ်စသော ကုန်သွယ် မိတ်ဖက်နိုင်ငံများက မြန်မာအစိုးရအပေါ် ဖိအားပေးရန် လိုအပ်ပါသည်။ အရေးယူ ပိတ်ဆို့မှုများသည် အသုံးဝင်သော နည်းလမ်းများဖြစ်၍ အချိန် အတိုင်းအတာတစ်ခုအထိ ဆက်လက် ရှိနေနိုင်ပါသည်။
Georgetown University မှ မြန်မာ့အရေး ကျွမ်းကျင်သူ David Steinberg ၏ အဆိုအရ "အရေးယူထားဆဲ ကာလအတွင်း မြန်မာအစိုးရနှင့် တိုက်ရိုက် တွေ့ဆုံဆွေးနွေးခြင်း" နည်းလမ်းသည် လူထုတော်လှန်ရေး ကျဆုံးခဲ့သော ၁၉၈၈ က စ၍ ချမှတ်ခဲ့သည့် စီးပွားရေးအရ ပိတ်ဆို့ ပစ်ပယ်ထားမည့် မူဝါဒတွင် စဉ်းစား သုံးသပ်ခဲ့ပြီး ဖြစ်သည်ဟု ဆိုပါသည်။ အခြား ယူဆချက်တစ်ခုမှာ မြန်မာအစိုးရနှင့် ဝါရှင်တန်ကြား တင်းမာမှု လျော့ပါးရေးသည် ဒေသတွင်း တရုတ်၏ လွှမ်းမိုးမှု ကြီးထွားလာခြင်းကို ထိန်းချုပ်ရန်ဟု ဆိုပါသည်။ ဘီဂျင်းသည် မြန်မာ၏ အရင်းနှီးဆုံး မဟာမိတ်ဖြစ်ပြီး၊ စီးပွားရေး အကူအညီ အများဆုံးပေးသူလည်း ဖြစ်ပါသည်။
တရုတ်နိုင်ငံသည် ၎င်း၏ ကြီးထွားနေသော ပြည်တွင်း စီးပွားရေး လုပ်ငန်းများတွင် အရေးတကြီး လိုအပ်သော ကုန်ကြမ်းပစ္စည်းများ အဆက်မပြတ် ရရှိနိုင်ရေးအတွက် နယ်ခြားတဝိုက်ရှိ ဒေသများတွင် လုပ်ငန်းများစွာ ဆောင်ရွက် လုပ်ကိုင်နေပါသည်။ ထို့အပြင် စီးပွားရေးအရ ချိတ်ဆက် ထောက်ပံ့ခြင်းဟူသော ပါဝါအပျော့ကို အသုံးပြု၍ မဟာဗျူဟာမြောက် ခြေလှမ်းများကို ချဲ့ထွင်ရန် ကြိုးစားနေပါသည်။ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ နိုင်ငံများတွင် တရုတ်ဖွံ့ဖြိုးရေး ဆိပ်ကမ်းများ တိုးပွားလာနေခြင်းကို အဆိုပါ ရှုထောင့်မှ တွေ့မြင် ခံစားနိုင်ပါသည်။ မြန်မာ့စွမ်းအင် ရင်းမြစ်များကို တရုတ်နိုင်ငံ တောင်ပိုင်းသို့ ယူဆောင်ရန် ကြီးမားသော ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို တရုတ်က စတင် တည်ဆောက်နေခြင်းမှာ အံ့သြစရာ ကိစ္စတစ်ခု မဟုတ်ပါ။
အိုဘားမား၏ ညှိနှိုင်းရေးမူဝါဒ၏ အရင်းခံကို ပြောရမည်ဆိုလျှင် အမှန်စင်စစ်မှာ အရေးယူမှု၏ နောက်ဆက်တွဲ ကုန်သွယ်ရေး ဆုံးရှုံးသွားမှုကြောင့် မြန်မာအစိုးရအပေါ် အမေရိကန်၏ စီးပွားရေးအရ ချုပ်ကိုင်ရာတွင် အကန့်အသတ် ရှိသွားခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ အမေရိကန် တစ်နိုင်ငံတည်း တဖက်သတ် ဆောင်ရွက်နေမှုမှာ အလုပ် မဖြစ်တော့သည့်အတွက် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်စေလိုလျှင် အမေရိကန်အနေဖြင့် အခြားနိုင်ငံများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက် သွားရပါလိမ့်မည်။
တရုတ်နိုင်ငံကမူ မဟာဗျူဟာမြောက် စီးပွားရေး အခွင့်အလမ်းများကို ရေရှည် ရယူ ခံစားလိုသည့် ဆန္ဒရှိပါလိမ့်မည်။ မည်သို့ဖြစ်စေ အမှန်တရားမှာ တရုတ်သည် မြန်မာအစိုးရကို အကူအညီများ ထောက်ပံ့နေသော၊ တပ်မတော်ကို လက်နက်များ ရောင်းချပေးသော တစ်ခုတည်းသော နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံအပေါ် ကုလ လုံခြုံရေးကောင်စီက ချမှတ်သော အရေးယူမှုများကိုလည်း တရုတ်က ဟန့်တား ပိတ်ဆို့ခဲ့ပါသည်။ လောလောဆယ်တွင်မူ တရုတ်သည် ၎င်း၏ အိမ်နီးချင်း မြန်မာနှင့် နယ်ခြားဒေသတွင် စိတ်ကသိကအောက် ဖြစ်စရာများ ကြုံတွေ့နေပါသည်။ မြန်မာနိုင်ငံ အရှေ့မြောက်ဒေသတွင် မြန်မာစစ်တပ်နှင့် ကိုးကန့်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒုက္ခသည်ပေါင်း (၃) သောင်းခန့် နေရပ်ကို စွန့်ခွာ၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်းသို့ ထွက်ပြေးခဲ့ကြပါသည်။ ကိုးကန့် တရုတ် လူမျိုးစုကြောင့် ထင်ရှားခဲ့သော ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော မငြိမ်သက်မှုသည် ပြည်တွင်းစစ်အသွင် ပြောင်းလဲသွားနိုင်မှု ကြောင့် စိုးရွံ့မှုများ ရှိနေကြပြီး၊ တရုတ် အနောက်တောင်ပိုင်း နယ်ခြားဒေသများကိုပါ တည်ငြိမ်မှု ပျက်ပြားစေပါလိမ့်မည်။ နေပြည်တော် အစိုးရနှင့် လူမျိုးစုတပ်ဖွဲ့ (၁၇) ဖွဲ့ကြား သဘောတူညီချက် ရထားသော အပစ်အခတ် ရပ်စဲရေးသည် ကိုးကန့်ဖြစ်စဉ်ကြောင့် ကျိုးပျက်သွားနိုင်သော အနေအထား ရှိပါသည်။ ပေါက်ကွဲလုဆဲဆဲ နယ်စပ်အရေးအခင်းကို ဖြေလျှော့ရေးကဲ့သို့သော အရေးကြီးကိစ္စများတွင် တရုတ်နိုင်ငံ၏ ဖိအားပေးမှုကို အမေရိကန်၏ နိုင်ငံခြားရေး မူဝါဒဘောင် အတွင်း ထည့်သွင်းကာ ညှိနှိုင်းဆွေးနွေးရေး မဟာဗျူဟာကို အသုံးပြု၍ အကောင်းဆုံး ရလဒ်များ ရရှိအောင် ကြိုးစားရပါသည်။
တရုတ်နှင့် အာဆီယံသည် မြန်မာ ပြည်တွင်းရေးကို ကြားဝင် စွက်ဖက်ရန် လိုလားခြင်း မရှိသော်လည်း လက်ရှိ အနေအထားများကြောင့် ၎င်းတို့နှစ်ဦး အနေခက်နေပုံ ရပါသည်။ မူးယစ်ဆေးဝါး နှိမ်နင်းရေးကို အကြောင်းပြု၍ ဖြစ်ပွားလာမည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာနိုင်သော စစ်ပြေးဒုက္ခသည်များ၊ ဆိုးကျိုးများကို တရုတ်နှင့် အာဆီယံက ခပ်စိမ်းစိမ်း စောင့်ကြည့်လျက် ရှိပါသည်။ သို့ဖြစ်၍ အိုဘားမား အစိုးရ၏ ညှိနှိုင်းရေး နည်းဗျူဟာတွင် အလုပ်မဖြစ်သော အရေးယူ ပိတ်ဆို့မှုများကိုသာ အားကိုး၍ တဖက်သတ်လုပ်ဆောင်ခြင်း မပြုသင့်ဘဲ မြန်မာအစိုးရနှင့် ညှိနှိုင်း ဆွေးနွေးစားပွဲဝိုင်းတွင် တရုတ်နှင့် အာဆီယံအဖွဲ့ဝင်များပါ ဝင်လာအောင် ကြိုးစားရပါလိမ့်မည်။
မြန်မာနိုင်ငံ၏ လက်ရှိအနေအထားမှာ တွေ့မြင်ရသော အခြေအနေထက် ပို၍ ရှုပ်ထွေးပါသည်။ တပ်မတော်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လူထု ကိုယ်စားပြု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မည်သည့် အလျော့ပေး လိုက်လျောမှုကိုမျှ ပြုလုပ်လိမ့်မည် မဟုတ်ပါ။ NLD ပါတီက ကန့်ကွက်နေသော ၂၀၀၈ အခြေခံ ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း အရေအတွက်၏ လေးပုံတစ်ပုံမှာ တပ်မတော် အတွက် သီးသန့်ဖယ် ထားပါသည်။ ထို့အပြင် နိုင်ငံတော်၏ လုံခြုံရေးကို ခြိမ်းခြောက်လာသော အခြေအနေတစ်ရပ်တွင် တပ်မတော်က အာဏာလွှဲပြောင်းယူရန် လုပ်ပိုင်ခွင့်လည်း ပေးထားပါသည်။ မြောက်ကိုရီးယားနှင့် သံသယဖြစ်ဖွယ် နျူကလီးယား ဆက်နွယ်မှုများနှင့် ပတ်သက်၍ စိုးရိမ်နေသူများမှာ အမေရိကန် သာမကပဲ အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံ ပါဝင်ပါသည်။ အကယ်၍ ဒုက္ခသည် ပြဿနာကို တားဆီးရန် သူပုန်များကို တရုတ်နိုင်ငံက ထောက်ပံ့ ကူညီခဲ့မည်ဆိုပါက မြန်မာအစိုးရသည် အမေရိကန်နှင့် ဆက်ဆံရေးကို အပေါင်း လက္ခဏာဆန်စွာ တုန့်ပြန်ပါလိမ့်မည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအရေးကို ဖြေရှင်းဆောင်ရွက်ရာတွင် အမေရိကန် တစ်ဦးတည်း တစ်ဖက်သတ် ဆောင်ရွက်နေခြင်းထက် နိုင်ငံပေါင်းစုံ ပါဝင် ဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---