By Kanbawza Win (19-Nov-2009), From Asian Tribune
အမေရိကန် - မြန်မာဆွေးနွေးပွဲရလဒ်သည် မသဲကွဲ (Results of the US - Burma Meeting is Unclean) ဟု The Washington Post တွင် ရေးသားခဲ့ပါသည်။ ရလဒ်မှာ အဘယ်သို့ ရှင်းရှင်း လင်းလင်း ထွက်ပေါ်လာအံ့နည်း။ တပ်မတော်အစိုးရရော၊ Kurt Campbell နှင့် အဖွဲ့ရော ၎င်းတို့၏ ရင်ထဲတွင် လျှို့ဝှက်ချက်များစွာနှင့် တွေ့ဆုံ စကားပြောကြသည် ဖြစ်ရာ ပြတ်သားသော ရလဒ် ထွက်ပေါ်လာရေးမှာ မဖြစ်နိုင်ပေ။
Campbell ဦးဆောင်သော အဖွဲ့သည် Wall Street Journal တွင် Bertil Lintners ရေးသားသော ဆောင်းပါးကို ဖတ်ရန် လိုအပ်မည် ဖြစ်ပါသည်။ ဆောင်းပါးတွင် အနောက်နိုင်ငံသားများသည် တပ်မတော်အစိုးရ ဗိုလ်ချုပ်များကို လမ်းကြောင်း ပြောင်းရေးအတွက် စကားပြောရန် ကိစ္စမှာ လွယ်လွယ်လေးဟု ယုံကြည်နေကြသည်။
မြန်မာတပ်မတော် ဗိုလ်ချုပ်များသည် အနောက်နိုင်ငံ ဧည့်သည်များကို လက်ခံ တွေ့ဆုံလေ့ မရှိကြပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ထံမှ ဘာမျှ လေ့လာရန် မလိုအပ်ဟု ခံယူထား၍ ဖြစ်ပါသည်။ အပြင်လူများကို လက်ခံ စကားပြောခဲ့လျှင်လည်း နောက်ကွယ်တွင် ၎င်းတို့အား ဝေဖန်မှုများကို ရပ်သွားရေးအတွက် အသုံးချရန်နှင့် အာဏာ ဆက်လက်တည်မြဲရေးအတွက်သာ လက်ခံတွေ့ဆုံမည် ဖြစ်ပါသည်။
နိုင်ငံခြားသားများသည် မိမိကိုယ်ကို အရေးပါသည်ဟု ပိုမို၍ သာသာထိုးထိုး ထင်မြင်နေကြသည်။ မြန်မာဗိုလ်ချုပ်များသည် မည်သူစကားမျှ နားထောင်လေ့ရှိသူများ မဟုတ်ဘဲ၊ ကိုယ်လုပ်ချင်ရာ လုပ်သူများဖြစ်ပြီး၊ ပြောင်းလဲမှုများသည် ပြည်တွင်းမှသာ လာရမည်ဖြစ်ပြီး၊ နိုင်ငံခြားသားနှင့် စကားပြောခြင်းမှ ထွက်ပေါ်လာမည် မဟုတ်ဟု ခံယူထားသည်ဟု ဆောင်းပါးတွင် ရေးသားထားပါသည်။
ပြီးခဲ့သည့် သြဂုတ်လက ဆီနိတ်တာ Jim Webb သည် မြန်မာအစိုးရ၏ လိုလားချက်များကို အကူအညီပေးရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ရာ၊ အချို့ နိုင်ငံခြားသံတမန်များက ရလဒ်များ ထွက်ပေါ်ခဲ့သည်ဟု ဆိုခဲ့ကြပါသည်။ ထို့နောက် Campbell နှင့် အဖွဲ့သည် အလွယ်တကူ အရှုံးမပေးမည့် ပုံသဏ္ဍန်ဖြင့် ထွက်ပေါ်လာခဲ့သော်လည်း ၎င်းတို့၏ ဓာတ်ပုံအယ်ဘမ်တွင် ထည့်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွဲရိုက်ထားသော ဓာတ်ပုံကိုသာ ယူဆောင်၍ ပြန်လာနိုင်ခဲ့ပါသည်။
အတိတ်က ဖြစ်ရပ်များကို အလွယ်တကူ မေ့ပျောက်မပစ်သင့်ပေ။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မလေးရှား သံတမန် Razali Ismail သည် ၂၀၀၂ ခုနှစ်မှ စ၍ ငါးနှစ် ဆက်တိုက် တပ်မတော် အစိုးရနှင့်ရော ဒီမိုကရေစီ ခေါင်းဆောင်များနှင့်ပါ စကားပြောခဲ့ပါသည်။ ၂၀၀၆ ခုနှစ်က BBC နှင့် အင်တာဗျူးတွင် ၎င်း၏ လုပ်ငန်းစဉ် မအောင်မြင်ကြောင်း ဝန်ခံခဲ့ပါသည်။
၎င်းနေရာဆက်ခံသူ နိုင်ဂျီးရီးယား သံတမန် Ibrahim Gambari ရော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Ban Ki Moon ပါ မအောင်မြင်ခဲ့ကြပါ။
မြန်မာအစိုးရသည် ကုလသမဂ္ဂကို (NATO ၏ အစိတ်အပိုင်း) ၊ (No Action Talk Only) အပြောသာရှိပြီး အလုပ်မဖြစ်သော အဖွဲ့အဖြစ် ယူဆပြီး၊ အခြားပုဂ္ဂိုလ်များကိုမူ လေးစားမှု မရှိခြင်းကြောင့် ဖြစ်ပါသည်။
အမေရိကန် လှမ်းခဲ့သော ခြေလှမ်းများကို ပြန်ကြည့်လျှင် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလက ယခု နယူးမက္ကဆီကို မြို့တော်ဝန်ဖြစ်နေသူ ကွန်ဂရက်အဖွဲ့ဝင် Bill Richardson သည် မြန်မာနိုင်ငံသို့ သွား ရောက်ခဲ့ပြီး အကျယ်ချုပ်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း၊ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့်နှင့် လည်းကောင်း တွေ့ဆုံခဲ့ပါသည်။
ထိုစဉ်ကတည်းက ယခုထိ ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်နှင့် စကားပြောလိုကြောင်း ဖော်ပြခဲ့ပါသည်။ ၎င်း၏ ခရီးစဉ်ကို တစ်စုံတစ်ရာ ဆောင်ကြဉ်းပေးနိုင်ခဲ့ကြောင်း ရေးသား ခဲ့ကြသော်လည်း ၁၉၉၅ ခုနှစ် မေလ ဒုတိယ ခရီးစဉ်အပြီး၊ ဘန်ကောက်တွင် Richardson က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ၎င်း၏ခရီးစဉ်မှာ မအောင်မြင်ကြောင်း၊ စိတ်ပျက်စရာ ကောင်းသည်ဟု ကောက်ချက်ဆွဲနိုင်ကြောင်း ပြောပါသည်။
လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ လုပ်ငန်းစဉ်များတွင် ကြီးမားသော ဖိနှိပ်မှုများ၊ ခေတ်နောက်ပြန် ဆွဲမှုများ၊ ဖြတ်တောက်မှုများကို တွေ့နေရဆဲဖြစ်ကြောင်း Richardson က ပြောသွားပါသည်။ ယခုအခါ Campbell တို့ကလည်း အဆိုပါ လမ်းစဉ်အတိုင်းသာ လိုက်နေပြန်ပြီ ဖြစ်သည်ဟု သက်သေပြစရာ ရှာရတော့မည်။
ဆက်ဆံရေးတွင် စိတ်ထဲမှ မပါဘဲ တစ်ဦးအပေါ် တစ်ဦးသာ အသာစီးရဖို့ ကြိုးစားလျက် ရှိကြရာ၊ သန်းပေါင်းများစွာသော လူများသည် လျှို့ဝှက်လွန်းပြီး အန္တရာယ်ပေးသော တပ်မတော် အစိုးရ၏ တင်းကျပ်သော ချုပ်ကိုင်မှုများအောက်တွင် ဆယ်စုနှစ်များစွာ ဆင်းရဲ မွဲတေနေမြဲ ဖြစ်ပါသည်။
တိုင်းပြည်၏ သဘာဝဓာတ်ငွေ့၊ ကျောက်သံပတ္တမြားကဲ့သို့သော သဘာဝ အရင်းအမြစ်များ အပေါ် ဗိုလ်ချုပ်များသာ ဝအောင် သုံးစွဲထားကြခြင်း ဖြစ်သည်။ ခြုံကြည့်ရလျှင် Obama ၏ အာရှမူဝါဒသည်လည်း အမေရိကန် ပြည်တွင်းရေး ဦးစားပေးစရာများကြောင့် မြန်မာနိုင်ငံကို ကယ်တင်ရေးနှင့် ပတ်သက်ပြီး မဟာဗျူဟာကျသော အပေါ်စီးမှ အမြင်များ ထွက်ပေါ်လာရန် မလွယ်ကူလှပေ။
အိုဘားမား၏ အစိုးရအဖွဲ့မှာလည်း လက်ရှိ ကမ္ဘာငွေကြေး အကြပ်အတည်းကို တုန့်ပြန်ဆောင်ရွက်ရာ၌ တရုတ်နိုင်ငံနှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရန် ဖိအားပေးခြင်းခံနေရပါသည်။ အကယ်၍ ကမ္ဘာ့ ကာဗွန်ထုတ်လွှတ်မှု အများဆုံး နိုင်ငံများက ကာဗွန်ထုတ်လွှတ်မှု လျော့ချရန် သဘောတူခြင်း မရှိပါက အမေရိကန်အတွက် ကုန်ကျ စရိတ် များပြားဖွယ် ရှိသောကြောင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စီမံချက်များတွင် တရုတ်ပါဝင် လက်မှတ်ရေးထိုးရန် အမေရိကန်က လိုလားနေပါသည်။
အမေရိကန်၏ အကြံဥာဏ်မှာ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအတွက် လမ်းကြောင်းရှာဖွေရန် ဖြစ်ပြီး၊ မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်သော Asean နှင့် ဆက်ဆံရေး ခိုင်မာအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ သို့သော် အမေရိကန်၏ မူဝါဒ ပြောင်းလဲမှုသည် လက်တွေ့ အဖြစ်အပျက်များကို မလွှမ်းမိုးနိုင်ပေ။ လက်တွေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန် နိုင်ငံသား ရေကူးဝင်ရောက်မှုဖြင့် မတရားအပြစ်ပေးခြင်း၊ ၂၀၁၀ ရွေးကောက်ပွဲ စီစဉ်နေချိန်တွင် နိုင်ငံရေး အတိုက်အခံများအား စိုးရိမ်မှုများ ဖြစ်အောင် ပြုလုပ်လျှက် ရှိပါသည်။
သေချာသော အချက်မှာ Obama သည် မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒကို အခြေခံကျကျ ပြောင်းလဲမှု ပြုလုပ်နိုင်ခြင်းရှိမည် မဟုတ်ပေ။ အမေရိကန်နှင့် အာဆီယံ၊ မြန်မာတို့နှင့် ဆက်ဆံရေးကိုသာ ညှိနိုင်လိမ့်မည် ဖြစ်ပေသည်။
အမေရိကန်သည် အရှေ့တောင်အာရှနှင့် ဆက်ဆံရေး ပိုမို ခိုင်မာလာအောင် ကြိုးပမ်းမှုတစ်ခုအဖြစ်၊ Treaty of Amity and Cooperation (TAC) ကို လက်မှတ် ရေးထိုးခဲ့ပြီး၊ စင်္ကာပူတွင် ရရှိခဲ့သည့် အတွေးများကို အကောင်အထည် ဖော်လိမ့်မည် ဖြစ်ပါသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် သူမ၏ လက်ထောက် Jim Steinberg တို့ အရှေ့တောင်အာရှသို့ လာရောက် လည်ပတ်စဉ်ကတည်းက ဒေသတွင်းတွင် အမေရိကန်တို့ ပိုမိုလေးနက်သော ဆက်ဆံရေး ထူထောင်လိုကြောင်း ပြသခဲ့ကြပြီး ဖြစ်ပါသည်။
သို့သော် မြန်မာနိုင်ငံနှင့် ဆက်ဆံခြင်းသည်လည်းကောင်း၊ TAC လက်မှတ် ရေးထိုးခြင်းသည်လည်းကောင်း၊ ဒေသတွင်း အမေရိကန်၏ သြဇာလွှမ်းမိုးမှု တိုးတက်လာလိမ့်မည် မဟုတ်ပါ။ ဒေသတွင်း သြဇာလွှမ်းမိုးမှု ဆိုရာဝယ် မြန်မာနိုင်ငံနှင့် မဆိုင်ပါ။
မြန်မာအစိုးရ၏ အနောက်တိုင်း အင်အားစုများကို မယုံကြည်မှုအား ၎င်းတို့၏ မြို့တော်ကို လူသူဝေးရာ တောထဲတွင်ရှိသည့် နေပြည်တော်သို့ ပြောင်းရွှေ့သွားခြင်းကို ကြည့်၍ သိရှိနိုင်ပါသည်။ ပြည်တွင်းအတိုက်အခံများ၏ နှောက်ယှက်မှုများကိုလည်း စိုးရိမ်စရာမလို၊ အနောက်နိုင်ငံများ၏ တိုက်ခိုက်မှုများကိုလည်း ကြောက်စရာ မလိုအောင် တောထဲသို့ ပြောင်းရွှေ့ပြီး၊ အင်အားစု ဖွဲ့ခဲ့ကြသည်။ အမေရိကန်တို့ နားလည်ရမည့် အချက်တစ်ခုမှာ ၎င်းတို့ ဆက်ဆံမည့် မြန်မာအစိုးရသည် အမေရိကန်၏ လှုပ်ရှားမှုမှန်သမျှကို သံသယကြီးစွာရှိသော ဗိုလ်ချုပ်များ စုဖွဲ့ထားသော အစိုးရဖြစ်နေခြင်းကို သတိပြုရမည် ဖြစ်သည်။
နာဂစ်စ်ဆိုင်ကလုံး ပြီးစအချိန်များ အတွင်းက ထောင်ပေါင်းများစွာသော မြန်မာပြည်သူများသည် ရောဂါပိုးများနှင့် အစာရေစာ ငတ်ပြတ်မှုဒဏ်ကို ခံစားကြရသည်။ သို့သော် စစ်အစိုးရသည် အနောက်နိုင်ငံများ၏ လူမှုရေး အကူအညီများကို တားဆီးခဲ့ပြီး အကူအညီများ တင်ဆောင်လာသော အမေရိကန် သင်္ဘောများကို ဝင်ရောက် တိုက်ခိုက်မည်ကို ကြောက်သဖြင့် ခွင့်မပြုခဲ့ပါ။ အထက်ပါကဲ့သို့ အနောက်နိုင်ငံများကို မယုံသော သူများကို ဆက်ဆံရန်မှာ လွယ်ကူသော ကိစ္စတစ်ရပ်တော့ မဟုတ်ပေ။
မြန်မာအစိုးရအနေဖြင့် အမေရိကန်နှင့် တိုက်ရိုက် စကားပြောရန် လက်ခံသဘောတူပြီ ဆိုကြပါစို့။ အမေရိကန်ပြည်ထောင်စုအနေဖြင့် မည်သည့် ပြီးမြောက် အောင်မြင်မှုများကို မျှော်လင့်နိုင်မည်နည်းဟု မေးခွန်း ထုတ်ရပေလိမ့်မည်။
အဆင့်မြင့်အာဏာပိုင်များ ဆွေးနွေးမှုရှိခဲ့ပြီး တပ်မတော်က နှစ်ပေါင်း ၅၀ လောက် ကျင့်သုံးလာသော မဟာဗျူဟာကို ဘေးဖယ်လျက် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ သို့မဟုတ် လွတ်လပ်သော ရွေးကောက်ပွဲ ဖြစ်စေခြင်း စသော တောင်းဆိုမှုများကို အာမခံခဲ့ပြီ ဆိုသည့်တိုင် အမေရိကန်တို့အနေဖြင့် အထက်ပါအတိုင်း လိုက်နာ ဆောင်ရွက်လိမ့်မည်ဟု သေချာပေါက် ယူဆ၍ မရနိုင်ပါ။
နှစ်ပေါင်းများစွာ အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ထားခဲ့ပြီး၊ ကုန်သွယ်မှုလည်း နည်းပါးခဲ့ခြင်းကြောင့် အမေရိကန်တို့အနေဖြင့် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ သြဇာလွှမ်းမိုးမှု မရှိပါ။ ထို့အပြင် နိုင်ငံရေးအရ မောင်းနှင်နိုင်မည့် စွမ်းအားလည်း နည်းပါးလှပါသည်။
မြန်မာနိုင်ငံကို ဘက်ပေါင်းစုံမှ အကူအညီပေးနေသော တရုတ်သည်ပင်လျှင် နယ်စပ်တွင် ဖြစ်ပွားသော ပြဿနာများကြောင့် ဆိုးကျိုးများကို ခံစားလာရပြီ ဖြစ်ပါသည်။ နယ်စပ်ရှိ တိုင်းရင်းသားများနှင့် တိုက်ပွဲများကြောင့် တရုတ်နိုင်ငံတွင်းသို့ ဒုက္ခသည် ထောင်ပေါင်းများစွာ ထွက်ပြေး ဝင်ရောက်လာမှုကြောင့် တရုတ်သည် ၎င်း၏ စိတ်မချမ်းမြေ့မှုကို ဖော်ပြခဲ့ပါသည်။ အကယ်၍ တရုတ်အစိုးရအနေဖြင့် အန္တရာယ်မရှိအောင် ကိုင်တွယ်ရေးကိစ္စကို မြန်မာအစိုးရအား ဖိအားပေးမည်ဟု ဆုံးဖြတ်ခဲ့မည်ဆိုလျှင် တရုတ်သည် မြန်မာအစိုးရအပေါ် အမေရိကန်ထက် ပို၍ သြဇာရှိမည် ဖြစ်ပါသည်။
သို့သော် တရုတ်နိုင်ငံ၏ မူဝါဒဖြစ်သော သူတစ်ပါး၏ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေးကြောင့် လည်းကောင်း၊ ပိုက်လိုင်းသွယ်တန်းမှုကိစ္စကြောင့်လည်းကောင်း၊ ဖိအားပေးရေး အစီအစဉ်သည် ဖြစ်မလာနိုင်ပါ။ အမေရိကန်အနေဖြင့် တရုတ်နှင့် ပူးပေါင်း ဆောင်ရွက်မည်လားဟု မေးရမည် ဖြစ်ပါသည်။
ယခုအခါ Asean သည် ၎င်း၏ ကြေညာစာတမ်းတွင် ပါဝင်သော ဒီမိုကရေစီမူများကို မြန်မာနိုင်ငံအနေဖြင့် လိုက်နာရန် အမှန်တကယ် ဖိအားပေးနိုင်သည့် အဖွဲ့ကြီး ဖြစ်လာနေပြီ ဖြစ်သည်။ Asean အနေဖြင့်လည်း မြန်မာအစိုးရ၏ မတည်ငြိမ်မှုများ၊ ဖိနှိပ်မှုများသည် အရှေ့တောင်အာရှနိုင်ငံ များသို့ ဆိုးကျိုးများ ရိုက်ခတ်မှုရှိကြောင်း သဘောပေါက်စ ပြုလာပြီ ဖြစ်သည်။
ဒုက္ခသည်များ နယ်စပ် ဖြတ်ကျော်ဝင်ရောက်မှု၊ လက်နက်နှင့် သက်ဆိုင်သော ပဋိပက္ခများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများသည် ပတ်ဝန်းကျင်နိုင်ငံများကို သက်ရောက်မှုများစွာ ပေးပါသည်။ သို့သော် အမေရိကန် - အာဆီယံ ကြေညာချက်တွင် မြန်မာနှင်ပတ်သက်၍ လေသံပျော့သည်ကို တွေ့ရှိရပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကို ဖော်ပြရန် ပျက်ကွက်ခဲ့ပါသည်။ အမေရိကန်အနေဖြင့် စိတ်ထဲတွင် မပါလှသော်လည်း ဇာတ်ရှိန်အမြင့်ဆုံး ကြိုးစားခဲ့သော်လည်း Asean ဆိုင်ရာ ကိစ္စများတွင် အမေရိကန်တို့ ပြောရေးဆိုခွင့် မရှိကြောင်း သက်သေပြလိုက်သလို ဖြစ်နေပါသည်။
အမေရိကန် ပြည်တွင်းတွင် လက်တွေ့ဖြစ်ပျက်နေသော နိုင်ငံရေးကိစ္စရပ်များကလည်း Obama အစိုးရအတွက် မြန်မာ့အရေးကို ဦးစားပေးလုပ်ဆောင်ခြင်း မပြုနိုင်အောင် ဟန့်တားထားနိုင်သလို ရှိပါသည်။ မြန်မာ့အရေးထက်ပို၍ အရေးကြီးသော ပြည်တွင်းရေးရော နိုင်ငံတကာရေးရာ ပဋိပက္ခများသည် အစိုးရအတွက် နိုင်ငံရေးဆိုင်ရာ အသုံးစရိတ်များ လိုအပ်ပါသည်။
အမေရိကန်အနေဖြင့် မူဝါဒပြောင်းလဲမှုသည် မှန်ကန်ကြောင်း ပြောနိုင်ရန်အတွက် မြန်မာအစိုးရမှလည်း အရေးကြီးသော ပြုပြင် ပြောင်းလဲမှုများနှင့် တုန့်ပြန်ရန် လိုအပ်ပါသည်။ သို့သော် ယခုထိ ဘာမျှ မတွေ့မြင်ရသေးပါ။
Obama ၏ မူဝါဒ ပြောင်းလဲမှုသည် ကွန်ဂရက်တွင် ရီပတ်ဗလစ်ကင်ရော ဒီမိုကရက်တစ်ရော ပါတီ ၂ ခုလုံး၏ ထောက်ခံမှုရရှိရန် လိုအပ်သလို မြန်မာအစိုးရဘက်မှလည်း အမေရိကန်ဖိအားကြောင့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာရပါသည်ဆိုသော ကောက်ချက်ဆွဲနိုင်သည့် ဖြစ်ပေါ်တိုးတက်မှုများ ပြသရန် လိုအပ်ပါသည်။
ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည့်တိုင် ငွေကြေးရလိုမှုကိုသာ ဦးတည်သည့် အမေရိကန် ကုမ္ပဏီများနှင့် ဗိုလ်ချုပ်များနှင့် ပတ်သက်နေသော စီးပွားရေးသမားများ၏ မကျေနပ်မှုအတွက် ပြောဆိုမှုများ ရှိနေဦးမည် ဖြစ်ပါသည်။ သို့သော်လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာပါက ဒေသတွင်းတွင်သာမက မြန်မာပြည်သူများအတွက် ပိုမို ကောင်းမွန်လာစေမည် ဖြစ်ပြီး၊ Obama အစိုးရ အတွက်ပါ အမှတ်ပေးမှုများ ပိုမို ရရှိစေမည် ဖြစ်ပါသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---