အီရန်နိုင်ငံအနေဖြင့် နျူကလီးယား လိပ်ခဲတည်းလည်းပြဿနာကို အမြန်ဆုံး ဖြေရှင်းရန် အမေရိကန် အစိုးရက တောင်းဆိုလိုက်ကြောင်း အယ်လ်ဂျာဇီးယား သတင်းအရသိရသည်။ အီရန် သည် နျူကလီယား အရေးကိစ္စနှင့် ပတ်သက်ပြီး တုံ့ပြန်ဆောင်ရွက်မှု ပြုလုပ်ရန် ပျက်ကွက်ခဲ့သော အမေရိကန် အစိုးရသည် ပိတ်ဆို့အပြစ်ပေးမှု အစီအစဉ်သစ်များ ပြဋ္ဌာန်းရန် စီစဉ်နေပြီ ဖြစ်သည်။ အမေရိကန်သမ္မတ ဘားရက် အိုဘားမားက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အီရန် အနေဖြင့် နျူကလီးယား အရေးကိစ္စအား ပူးပေါင်း ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်းကို ပြင်းထန်စွာ ပြစ်တင် ဝေဖန်လိုက်သည်။
အီရန်အစိုးရက မိမိတို့အနေဖြင့် အနိမ့်စား သန့်စင်ထားသော ယူရေနီယံများကို နျူကလီးယား ထုတ်လုပ်ရန် ရုရှားသို့ တင်ပို့မည် မဟုတ်ကြောင်း၊ မိမိတို့၏ နျူကလီးယား အစီအစဉ်သည် ငြိမ်းချမ်းရေးအတွက် ဦးတည်ကြောင်း ထုတ်ဖော်လိုက်ပြီး နောက် အိုဘားမားက ပြင်းထန်စွာ ဝေဖန်ခဲ့ခြင်းဖြစ်သည်။
"အီရန်ဟာ ကျွန်တော်တို့ရဲ့ အဆိုပြုချက်ကို လက်သင့်မခံချင်တဲ့ သဘောမျိုး လုပ်နေပြီး အချိန်ဆွဲနေပါတယ်။ အဲဒါနဲ့ ပတ်သက်တဲ့ အကျိုးဆက်တွေကို ကျွန်တော်တို့ အနေနဲ့ အသေအချာ ပြင်ဆင်ထားရပါ့မယ်။ အမေရိကန် အနေနဲ့ နိုင်ငံတကာ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး အီရန် နျူကလီးယားကိစ္စ ကို ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်" ဟု အိုဘားမားက ဆိုသည်။ သမ္မတ အိုဘားမားသည် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့သမ္မတ လီမြောင်ဘတ် နှင့်အတူ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ထုတ်ဖော် ဝေဖန်လိုက်ခြင်း ဖြစ်သည်။
အီရန် နျူကလီးယား အရေးကိစ္စကို ဖြေရှင်းရာတွင် မြောက်ကိုရီးယား ပြဿနာ အတိုင်း အချိန် အကန့်အသတ် မပေးဘဲ ထားမည်မဟုတ်ကြောင်း အိုဘားမားက နှိုင်းယှဉ်ပြောဆိုသည်။ "ကျွန်တော်တို့က မြောက်ကိုရီးယား တုန်းက ပုံစံမျိုးနဲ့ လုပ်နေတာ မဟုတ်ပါဘူး" ဟုအိုဘားမား က ဆိုသည်။ အိုဘားမားသည် နိုင်ငံတကာ အရေးကိစ္စများကို ကိုင်တွယ်ရာတွင် ထိပ်တိုက် ရင်ဆိုင်ရေးထက် စေ့စပ်ညှိနှိုင်းရေး မူဝါဒကို အကောင်အထည် ဖော်သူတစ်ဦးဖြစ်သည်။
အီရန်သည် နျူကလီးယား လောင်စာ ရရှိရေး အတွက် ရုရှားနှင့်ပြင်သစ် နိုင်ငံများသို့ ယူရေနီယံ သန့်စင်ရန် တင်ပို့လျက်ရှိသည် ဟု ယူဆလျက် ရှိကြသည်။ အမေရိကန် အစိုးရက ယူရေနီယံ သန့်စင်မှုနှင့် ပတ်သက်သော သတင်း အချက်အလက်များ ကိုတင်ပြရန် အီရန်အား အဆိုပြုခဲ့ သော်လည်း အီရန်အစိုးရက ပယ်ချခဲ့သည်။
အီရန်အစ္စလာမ္မစ် ရီပတ်ဘလစ် အစိုးရသည် သူ၏ နျူကလီးယားလောင်စာ အရေးကိစ္စကို လုံခြုံစိတ်ချစွာ အကောင်အထည် ဖော်နိုင်ရန် ကမ္ဘာ့ဆူပါပါဝါ နိုင်ငံကြီးများနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် အသင့်ရှိနေခဲ့သည်။ ပြီးခဲ့သည့်လ အောက်တိုဘာ ၁၉ ရက်နေ့ကလည်း ဗီယင်နာမြို့တွင် အဆိုပါအရေး ကိစ္စအတွက် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ အီရန်အစိုးရက မိမိ၏ နျူကလီးယား ပြဿနာအတွက် မူဝါဒများ ပြန်လည်ပြင်ဆင် သတ်မှတ်ပေးရန် တောင်း ဆိုခဲ့သော်လည်း အမေရိကန်အစိုးရက ပယ်ချလိုက်သည်။ သမ္မတ အိုဘားမားက သံတမန်နည်းဖြင့် ဖြေရှင်းရမည့်အချိန်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း၊ အီရန် နိုင်ငံအပေါ် နောက်ထပ် ပိတ်ဆို့အရေးယူမည့် မူဝါဒသစ်များ ထပ်မံပြဋ္ဌာန်းရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အီရန် နိုင်ငံခြားရေးဝန်ကြီး ကလည်း လက်တုံ့ပြန်သည့် အနေဖြင့် နောက်ထပ် တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်တော့မည် မဟုတ်ဟု တီဟီရန် အစိုးရ၏ သဘောထားမူဝါဒကို ထုတ်ပြန်ပြီး အနောက်ကမ္ဘာသည် မှားယွင်းသော အတွေ့အကြုံများ အပေါ်တွင်ရပ်ကာ ပြုမူ ဆောင်ရွက် နေခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားသည်။
"ပိတ်ဆို့ အရေးယူမှု ဆိုတာ ၁၉၆၀ နဲ့ ၁၉၇၀ ပြည့်နှစ်လောက်က သင်ရိုး ဟောင်းကြီး တစ်ခုပါ။ ကျွန်တော့် အမြင် ပြောရရင် အနောက် နိုင်ငံကြီးတွေဟာ မှားယွင်းတဲ့ အတွေ့အကြုံ တွေကို ပြန်မပြောဖြစ်အောင် နေတဲ့ နေရာမှာ အင်မတန် ဥာဏ်ကြီးကြပါပေတယ်" ဟု အီရန် နိုင်ငံခြားရေးဝန်ကြီး မန်နူချာမိုတာကီ က ပြောသည်။
Aljazeera သတင်းဌာန၏ SY warns Iran over nuclear stand off ကို ဆီလျော်အောင် ဘာသာပြန် ထားခြင်း ဖြစ်ပါသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
-~----------~----~----~----~------~----~------~--~---