Transparency Myanmar

transparency.myanmar@gmail.com

By Htet Aung, the Irrawaddy, 25th January 2010

          အရှေ့တောင် အာရှနိုင်ငံများ အသင်း (Asean) မှ ခေါင်းဆောင်များသည် နိုင်ငံတကာနှင့် အာဆီယံကြား ဆက်ဆံရေးတွင် နာမည်ဆိုးဖြင့် ကျော်ကြားနေသော မြန်မာ ဗိုလ်ချုပ်များက ကန့်လန့် ကန့်လန့်ဖြစ်လျက် ရှိသည့် အခြေအနေမှာ မြန်မာနိုင်ငံ၏ ယခုနှစ် ရွေးကောက်ပွဲအပြီးတွင် ပြီးဆုံးသွားလိမ့်မည်ဟု မျှော်လင့်နေကြသည်။

          ဇန်နဝါရီ လလယ်ပိုင်းက ဗီယက်နမ်တွင် ကျင်းပသော အာဆီယံ ဝန်ကြီး အဆင့် ဆွေးနွေးပွဲတွင် အထွေထွေ အတွင်းရေးမှူးချုပ် Surin Pitsuwan က ပြောကြားရာတွင် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ သည် ယခုနှစ်တွင် မြန်မာ့အရေးကိစ္စ ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ချက် ကြီးကြီး ထားကြောင်း ဖော်ပြ ခဲ့ကြပြီး ဖြစ်ကြောင်း၊ သို့မှသာ အာဆီယံ အဖွဲ့ကြီးအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရေးရော ပူးပေါင်း ဆောင်ရွက်မှု များတွင်ပါ ကဏ္ဍသစ်သို့ သွားနိုင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ထည့်သွင်း ပြောကြားသွားပါသည်။

          အာဆီယံ ခေါင်းဆောင်များသည် မြန်မာနိုင်ငံ ပြည်သူများ ခံစားနေရမှုများကို ဘေးချိတ် ထားပြီး၊ အဖွဲ့ဝင် နိုင်ငံများကြား ဝင်ရောက် မစွက်ဖက်ရေး မူဝါဒကို ထပ်မံ ဖော်ထုတ်ခဲ့ကြပါသည်။

          အာဆီယံ အနေဖြင့်မူ စစ်အစိုးရကို ဆက်ဆံရသည်နှင့် စာလျှင် ရွေးချယ် တင်မြှောက်ခံ အရပ်သား အစိုးရနှင့် ဆက်ဆံရမည်ကို ပို၍ လိုလားမည် ဖြစ်ပါသည်။ သို့သော် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံကို ပုံမှန်အတိုင်း ပြန်ဖြစ်စေပြီး၊ ပြန်လည် စုစည်းပြီးသော နိုင်ငံ ဖြစ်စေမည်ဟု ယုံကြည်ရန်ကို မူ အကောင်းမြင်လွန်းသည်ဟု ဆိုရမည် ဖြစ်ပါသည်။

          အာဆီယံ ခေါင်းဆောင်များသည် အခြေခံ ဥပဒေအသစ်နှင့် ရွေးကောက်ပွဲ ကျင်းပပေးခြင်း အပေါ် စစ်အစိုးရ၏ အပေါင်းလက္ခဏာ ဆောင်သော ခြေလှမ်းအဖြစ် ရှုမြင်ကြပါသည်။ အခြေခံ ဥပဒေ အသစ်တွင် တိုင်းရင်းသားများအတွက် နိုင်ငံရေး ရပိုင်ခွင့်များကို ခွင့်ပြု ပေးထားသဖြင့် အာဆီယံ ခေါင်းဆောင်များ အနေဖြင့် အကောင်းမြင်ကြခြင်း ဖြစ်ပါသည်။ အခြေခံ ဥပဒေတွင် အဓိက တိုင်းရင်းသား ပြည်နယ်များကို ကိုယ်ပိုင် ပါလီမန်ဖြင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ အဖြစ် ခွင့်ပြုထားပါသည်။

          အထက်ပါ အချက်များသည် အကောင်းဖက်သို့ ဦးတည်သော ပြောင်းလဲမှုများ ဖြစ်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖြစ်သော ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ဝ သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) တို့သည် အဘယ်ကြောင့် လက်နက် ဖျက်သိမ်းရေး ကိစ္စသည် ကြန့်ကြာနေရသနည်း။ အဆိုပါ အစီအစဉ်များ နောက်ကွယ်တွင် မည်သည့် အခက်အခဲများ ရှိမည်နည်း။

          ပြီးခဲ့သည့် နှစ်က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့် ပတ်သက်၍ မအောင်မြင်သော ဆွေးနွေးပွဲပေါင်းများစွာ၊ ရွှေ့ဆိုင်းမှုများစွာ ရှိခဲ့ပြီး အင်အား (၄၀၀၀) ရှိ KIA နှင့် အစိုးရသည် ဆက်လက် စကားပြောနေဆဲ အဆင့်တွင်ပင် ရှိနေပါသည်။ နောက်ဆုံး KIA ၏ အဆိုပြုချက်မှာ အကယ်၍ အစိုးရသည် ပင်လုံစာချုပ်ပါ စည်းမျဉ်းများကို လိုက်နာမည် ဆိုပါက လက်နက် ဖျက်သိမ်းရေး သဘောတူမည် ဖြစ်ကြောင်း ဖြစ်ပါသည်။

          လိပ်ခဲတည်းလည်း ဖြစ်သော ကိစ္စတစ်ခုမှာ KIO နယ်မြေအတွင်း စစ်ဖက်ဌာနခွဲထက် စာလျှင် ၎င်းတို့ လုပ်ဆောင်လျက် ရှိသော အုပ်ချုပ်ရေးဌာနများကို အစိုးရက အသိအမှတ်ပြုရန် ဖြစ်သည် ၎င်းတို့၏ အုပ်ချုပ်ရေး ဌာနသည် KIO နယ်မြေအတွင်း ပညာရေး၊ ကျန်းမားရေး၊ စိုက်ပျိုးရေး၊ ဒေသဖွံ့ဖြိုးရေး နှင့် အထွေထွေ အုပ်ချုပ်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိပါသည်။

          အကယ်၍ KIA ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းခဲ့လျှင် KIA မှ ရာထူးကြီးသော ဗိုလ်မှူးကြီးမှ ဗိုလ်ချုပ်များအထိ နေရာ မရှိပေ။ ထို့ကြောင့် KIA က Kachin Regional Guard Force (KRGF) ကို အဆိုပြုထားပြီး၊ ထိုအဖွဲ့တွင် ယခင် KIA ခေါင်းဆောင်ပိုင်း တည်ဆောက်ပုံ အတိုင်း ရေးဆွဲထားပါသည်။

          KIO ခေါင်းဆောင်များသည် ကချင်ပြည်နယ် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အတွက် ကိုယ်စားလှယ်များကို တိုက်ရိုက် ခန့်ထားနိုင်ရန်ကိုလည်း ကြိုးစားလျက် ရှိပါသည်။ ဝေဖန် သုံးသပ်သူများကမူ အထက်ပါ အတိုင်း ပြုလုပ်မည့် အစီအစဉ်သည် ဒီမိုကရေစီ နည်းလမ်း မကျကြောင်း စစ်အစိုးရ၏ မိုးကျရွှေကိုယ် ပုံစံကိုသာ ပုံတူ ကူးချထားသည်နှင့် တူကြောင်း ဆိုပါသည်။

          အခြား တိုင်းရင်းသားအဖွဲ့ တစ်ခု ဖြစ်သော UWSA သည် သည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဖြစ်ရေးထက် ဝ ပြည်နယ် အသစ်ကို ဖန်တီးရန် ကြိုးစားလျက် ရှိပါသည်။

          ဖွဲ့စည်း တည်ဆောက်ပုံ ရှုဒေါင့်မှ ကြည့်လျှင်၊ မြန်မာနိုင်ငံ၏ အခြေခံ ဥပဒေ အသစ်သည် ဒေသဆိုင်ရာ လွှတ်တော်များကို ဥပဒေပြုခွင့် အာဏာနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဦးဆောင်အဖွဲ့ များ ဖွဲ့စည်းခွင့် ပြုထားရာ ဗဟိုမှ ချုပ်ကိုင် မထားသည့် စနစ်ကို အသုံးပြုထားပါသည်။

          အခြေခံ ဥပဒေ အပိုဒ် ၅၆ တွင် ရှမ်းပြည်နယ်ရှိ UWSA ချုပ်ကိုင်ထားသော ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် မြို့နယ် ခြောက်မြို့နယ်ဖြင့် ခွင့်ပြုထားပါသည်။ ထို့ကြောင့် အခြား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဇုံ ငါးခု ဖြစ်သော နာဂ၊ ဓနု၊ ပအို့စ်၊ ပလောင်နှင့် ကိုးကန့်တို့နှစ် တန်းတူ အခွင့်အရေးရမည် ဖြစ်ပါသည်။

          သို့သော် အခြေခံဥပဒေ အပိုဒ် ၁၉၈ အရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများမှ ဥပဒေပြုအဖွဲ့များ သည် ၎င်းတို့ ဒေသအတွက် လိုအပ်၍ ဥပဒေပြုလိုလျှင် လွတ်လပ်စွာ ပြုခွင့်ပေးမထားပဲ အကယ်၍ အဆိုပါ ဥပဒေသည် အမျိုးသား လွှတ်တော်နှင့် သော်လည်းကောင်း၊ ရှမ်းပြည်နယ် လွှတ်တော်မှ ချမှတ်ထားသော ဥပဒေများနှင့် မညီညွှတ်လျှင် မပြုနိုင်သည့် ချုပ်ကိုင်မှုများ ပြုလုပ်ထားပါသည်။

          အမျိုးသား လွှတ်တော်တွင် စစ်တပ်မှ ၂၅ % သော နေရာကို ရယူထားရာ၊ အကျိုးဆက် အနေဖြင့် ဗိုလ်ချုပ်များ သဘောမတူသည့် ဥပဒေများကို ပယ်ချရန် ဗီတိုအာဏာ ခွင့်ပြုထားသည်နှင့် အတူတူပင် ဖြစ်ပါသည်။

          သို့ဖြစ်ပါရာ အခြေခံ ဥပဒေတွင် နယ်ခြား စောင့်တပ် ဖွဲ့စည်းရေးနှင့် အဓိက တိုင်းရင်းသား အဖွဲ့များအပေါ် ဥပဒေ ပြုခွင့်အာဏာကို အကန့်အသတ်ဖြင့် ခွင့်ပြုထားခြင်း တို့သည် အမျိုးသား ပြန်လည် ပေါင်းစည်းရေးအတွက် အဓိက အတားအဆီးများပင် ဖြစ်ပါသည်။ အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံပဲ နိုင်ငံရေးပါတီ ဖွဲ့၍ ရွေး ကောက်ပွဲ ဝင်ရေးကိုလည်း စောင့်ကြည့်လျက် ရှိနေပါသည်။

          ယခု အခြေအနေများကို အာဆီယံ ခေါင်းဆောင်များက အံ့သြခြင်းတော့ မရှိကြပါ။ အကယ်၍သာ မြန်မာဗိုလ်ချုပ်များသည် စင်္ကာပူမှ လီကွမ်ယူလို၊ မလေးရှားမှ မဟာသီယာ မိုဟာမက်တို့ ကဲ့သို့ အစွမ်းအစ ထက်မြက်ခဲ့လျှင် မြန်မာနိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ် များစွာကပင် တည်ငြိမ်သော စီးပွားရေးနှင့် နိုင်ငံရေး အခြေအနေကို ရရှိပြီး ဖြစ်နေမည် ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment