Asian Tribune, 2nd April 2010
ဒေသတွင်း ပေါင်းစည်းမှုမှ ထွက်ပေါ်လာသော ရည်မှန်းချက် အဖြစ် အာဆီယံ အဖွဲ့သည် ဥရောပ ပုံစံ စုစည်းမည့် ဈေးကွက် တစ်ခုကို ၂၀၁၅ နောက်ဆုံးထား၍ အကောင်အထည် ဖော်နေသည်။ အာဆီယံ အဖွဲ့တွင် လူဦးရေ သန်းပေါင်း ၅၃၀ ကျော်သော ဈေးကွက် တစ်ခု ရှိနေသော်လည်း ကမ္ဘာ့ပို့ကုန် လုပ်ငန်း၏ ၆% မျှသာ စာရင်းရှိသည်ကို တွေ့ရှိရသည်။
အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံတွင် မလေးရှား၊ စင်္ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ လာအို နှင့် ကမ္ဘောဒီးယား တို့ ပါဝင်သည်။
အဖွဲ့ဝင် နိုင်ငံများမှ ခေါင်းဆောင်များသည် ဧပြီလ ၈ ရက်မှ ၉ ရက် အတွင်း ဟနွိုင်းတွင် ကျင်းပမည့် ၁၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံတွင် တွေ့ဆုံကြရန် စီစဉ်ထားသည်။ အစည်းအဝေးတွင် ဒေသတွင်း ဆက်သွယ်မှု တိုးမြှင့်ရေးနှင့် အာဆီယံနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဘက်များ အကြား ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာရေးတို့ကို ဆွေးနွေးရန် မျှော်လင့် ထားသည်။
အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်သော မြန်မာနိုင်ငံတွင် လတ်တလော ထုတ်ပြန် ကြေညာခဲ့သည့် ရွေးကောက်ပွဲ ဥပဒေကြောင့် ထွက်ပေါ်လာသော နိုင်ငံတကာ၏ အပြစ်တင်မှုများကိုလည်း တရားဝင် ဖြစ်စေ၊ တရားမဝင် ဖြစ်စေ ဆွေးနွေးကြမည့် လက္ခဏာ ရှိသည်။
မတ်လ ၁၀ ရက်နေ့က ကြေညာသော ရွေးကောက်ပွဲ ဥပဒေ အရ ပြစ်ဒဏ် ကျခံနေရသူ မည်သူကိုမဆို နိုင်ငံရေး ပါတီသို့ ဝင်ခွင့်မပြုဟု တားဆီးထားသည်။ ဤအချက်သည် NLD ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ရာပေါင်း များစွာကို တားဆီးလိုက်ခြင်း ဖြစ်သည်။
နိုင်ငံရေးသမား များစွာနှင့် ကျောင်းသား ခေါင်းဆောင်များသည် လက်ရှိ နှစ်များ အတွင်း ထောင်ဒဏ် ကျခံနေရသလို ဒေါ်အောင်ဆန်းစုကြည်မှာလည်း ၁၈ လ သက်တမ်း တိုးထားသည့် နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံနေရသည်။
မတ်လ ၁၁ ရက် ထုတ်ပြန်သော ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေး အကျဉ်းသားများအား ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် အခွင့်အရေးများ ရုတ်သိမ်းထားသည်။ ပြစ်ဒဏ် ချမှတ်ခံရသူ မှန်သမျှကို ရွေးကောက်ပွဲ မဝင်နိုင်ရန် တားဆီးထားသည်။ ယခု ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေသစ်ကြောင့် ၁၉၈၉ ဥပဒေအရ ကျင်းပခဲ့သော ရွေးကောက်ပွဲများ ပျက်ပြယ်သွားပြီဟု ပြောကြားကာ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလည်း တရားဝင် ပယ်ဖျက်လိုက်သည်။
၁၉၉၀ ရွေးကောက်ပွဲတွင် လွှတ်တော် နေရာ ၄၉၂ နေရာ အနက် ၃၉၂ နေရာ အနိုင်ရရှိခဲ့သော NLD ပါတီမှာ စစ်ဖက် အစိုးရ၏ ပစ်မှတ် ဖြစ်နေသည်။ ရွေးကောက်ပွဲ ဥပဒေသစ်အရ အထိန်းသိမ်းခံ ခေါင်းဆောင်ကို ထုတ်ပယ်၍ ပါတီကို မှတ်ပုံတင်ရမည် ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ဖျက်သိမ်းခံရမည် ဖြစ်ကြောင်း ရွေးချယ်စရာ ပေးခဲ့သည်။
ယခုကဲ့သို့ မမျှတသည့် ရွေးကောက်ပွဲ ဥပဒေ ထွက်ပေါ်လာမှုကြောင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မတ်လ ၂၄ ရက်တွင် တံခါးပိတ် အစည်းအဝေးကို မဖြစ်မနေ ကျင်းပခဲ့သည်။ ဗြိတိန်နိုင်ငံက တောင်းဆိုခဲ့သော ၎င်းအစည်းအဝေးသည် လွန်ခဲ့သော သြဂုတ်လ နောက်ပိုင်း စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံမှ နိုင်ငံရေး ဖြစ်ပေါ်မှုများကို လုံခြုံရေး ကောင်စီတွင် ပထမဆုံး ဆွေးနွေးမှု အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲ လုပ်ငန်းစဉ် ဖြစ်စေလိုသည့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ မျှော်လင့်ချက်ကို ဆုံးရှုံးစေသလို လုံခြုံရေး ကောင်စီမှ ယခင် ထုတ်ပြန်ခဲ့သော မျှော်လင့်ချက်များကို ပျက်ပြားစေခဲ့သည့် မြန်မာ့ ရွေးကောက်ပွဲ ဥပဒေနှင့် ပတ်သက်၍ စိုးရိမ် ပူပန်ကြောင်း ကောင်စီ အဖွဲ့ဝင် အများစုက ထုတ်ဖော် ပြောဆိုခဲ့ကြသည်ဟု ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Mark Lyall Grant က ပြောကြားသည်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း မြန်မာ့ရေးရာ မိတ်ဆွေ နိုင်ငံများ အဖွဲ့နှင့် မတ်လ ၂၅ ရက်တွင် ကုလသမဂ္ဂ ဌာနချုပ်၌ တွေ့ဆုံကာ နောက်ဆုံး အခြေအနေများကို ဆွေးနွေးခဲ့သည်။ အဆိုပါ မိတ်ဆွေ နိုင်ငံများ အဖွဲ့တွင် သြစတြေးလျ၊ ဗြိတိန်၊ တရုတ်၊ ဥရောပ သမဂ္ဂ၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ နော်ဝေး၊ ရုရှား၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ထိုင်း၊ အမေရိကန် ပြည်ထောင်စု နှင့် ဗီယက်နမ် နိုင်ငံတို့ ပါဝင်သည်။
မြန်မာစစ်ဖက် အစိုးရ ထုတ်ပြန်သော ဥပဒေ အပေါ် စိုးရိမ် ပူပန်မှုနှင့် မကျေနပ်မှုကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်း ပြသနေချိန်တွင် အာဆီယံ အဖွဲ့ကမူ ယခုအချိန်အထိ ရေငုံ နှုတ်ပိတ်နေဆဲ ဖြစ်သည်။
အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ အနက်မှ ဖိလစ်ပိုင် နှင့် အင်ဒိုနီးရှား ၂ နိုင်ငံကသာ ရွေးကောက်ပွဲ ဥပဒေ အပေါ် ပွင့်လင်းစွာ မှတ်ချက် ပေးခဲ့သည်။ "ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးဘူး။ သူမနဲ့ သူမရဲ့ ပါတီကို ရွေးကောက်ပွဲ ဝင်ခွင့် မပေးဘူး ဆိုရင်တော့ဗျာ၊ ဒါ တကယ့်ကို ရီစရာ ကောင်းတဲ့ ကိစ္စပဲ။ သူတို့ ပြောတဲ့ ဒီမိုကရေစီ လမ်းပြ မြေပုံနဲ့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ" ဟု ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အယ်လဘာတိုရိုမြူလိုက မတ်လ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ဤသည်မှာ မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများနှင့် ပစ်ပယ်ရေး မူဝါဒကို ပြစ်တင် ဝေဖန်ခဲ့သည့် အာဆီယံ၏ ပုံရိပ်ပင် ဖြစ်သည်။ ပြီးခဲ့သောနှစ် စက်တင်ဘာလတွင် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံ အပေါ် တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒကို စတင် ကျင့်သုံးသည်။ သို့သော်လည်း အာဆီယံထံမှ ၎င်းတို့ အဖွဲ့ဝင် မြန်မာနိုင်ငံ၏ ဆယ်စုနှစ်ကြာ ပြဿနာများ ပြေလည်အောင် ကူညီရန် မည်သည့် ပေါ်ပေါ်ထင်ထင် ကတိပေးမှုမှ ထွက်ပေါ်လာခြင်း မရှိခဲ့ပါ။
တာဝန်ရှိ ဒေသတွင်း အဖွဲ့တစ်ခု အဖြစ် အာဆီယံသည် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ဖောက်ဖျက်မှုများ၊ အခြေခံ နိုင်ငံရေး အခွင့်အရေး ပိတ်ပင်မှုများနှင့် ပတ်သက်၍ ရေငုံ နှုတ်ပိတ်နေခြင်းကို ချိုးဖောက် ပြောင်းလဲရန် လိုအပ်သည်။ အဖွဲ့ဝင် နိုင်ငံများ၏ ပြဿနာများကို မားမားမတ်မတ် ရပ်တည် ကိုင်တွယ်ခြင်းဖြင့် အဖွဲ့၏ ပုံရိပ်နှင့် စွမ်းရည်ကို လေးစားထိုက်သော နိုင်ငံတကာ အဖွဲ့အစည်း တစ်ခု အဖြစ် တိုးတက် ပြောင်းလဲ စေလိမ့်မည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြဿနာ အဖြေ ရှာတွေ့ရန် ကြိုးစားသည့် အနေဖြင့် အာဆီယံက လက်တွေ့ကျကျ စတင် လုပ်ဆောင်ခဲ့ပါက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ထိရောက် ကောင်းမွန်သော ပံ့ပိုး ထောက်ခံမှုများ ရရှိနိုင်မည်မှာ သံသယ ရှိစရာ မလိုပါ။ အကယ်၍ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးတိုင်း၏ အခွင့်အရေးများ စတင် ပျိုးထောင်နိုင်ပြီး စစ်မှန်သော ဒီမိုကရေစီ အဖွဲ့အစည်း ဖြစ်လာသည့် တိုင်အောင် အာဆီယံမှာမူ အောင်မြင်သော၊ သန်စွမ်းသော ဒေသတွင်း အဖွဲ့တစ်ခု အဖြစ် တွေ့မြင်ရမည့် လက္ခဏာ မရှိသေးပါ။
အာဆီယံ အဖွဲ့ အနေဖြင့် မြန်မာနိုင်ငံကို အဖွဲ့မှ ထုတ်ပယ်ရန် တောင်းဆိုခံရခြင်း မရှိသေးသော်လည်း အရှေ့တောင် အာရှ ဒေသ တစ်ခုလုံးကို အကြာမြင့်ဆုံး ပြည်တွင်းစစ် အကျပ်အတည်းများ အဖြေ ထွက်ပေါ်ရေး ကူညီရန် အတွက် စစ်အစိုးရ ခေါင်းဆောင်များနှင့် သာမကဘဲ တစ်နိုင်ငံလုံးနှင့် ညှိနှိုင်း ဆွေးနွေးရန် တိုက်တွန်းခံ နေရသည်။
(ဆောင်းပါးရှင် Nehginpao Kipgen သည် ခေတ်သစ် မြန်မာနိုင်ငံ (၁၉၄၇ - ၂၀၀၄) တွင် နိုင်ငံရေး အကျပ်အတည်းများ တိုးပွားလာခြင်းကို သုတေသန ပြုနေသူ ဖြစ်ပြီး အမေရိကန် အခြေစိုက် Kuki International Forum မှ အထွေထွေ အတွင်းရေးမှူး ဖြစ်သည်။)
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.