အနှစ် ၂၀ အတွင်း ပထမဆုံး ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပင်မအတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ (NLD) အနေဖြင့် ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီဝင်များ အားလုံးက တညီတညွတ်တည်း ထုတ်ဖော် ကြေညာလိုက်ပြီ ဖြစ်သည်။
အရှေ့တောင်အာရှ နိုင်ငံများ (အာဆီယံ) အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဆူရင်ပစ်ဆာဝမ် က ယခုရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် ခွင်အသစ်တစ်ခု ဖန်တီးခြင်း ဖြစ်သည်ဟု သုံးသပ်ပြီး နယူးယောက်တိုင်းမ် သတင်းစာကမူ ရွေးကောက်ပွဲသည် အနာဂတ်အတွက် ထူးခြားဆန်းကြယ်သည့် ဇာတ်လမ်းတစ်ပုဒ် ဖန်တီးခြင်းဖြစ်သည်ဟု ဆိုပါသည်။
ဤသို့သော သုံးသပ်ချက်များ၊ ဝေဖန်ချက်များ မျိုးစုံထွက်ပေါ်နေသည့် ကြားတွင် မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက "လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ တစ်ရပ်ကျင်းပ ပေးမှာပါ" ဟု အခိုင်အမာသဘောဖြင့် ဆိုလာပြန်သည်။
သို့သော် အဓိကအတိုက်အခံ ပါတီဖြစ်သော NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ မှုကြောင့် ရွေးကောက်ပွဲဟူသော ကိစ္စသည် အဓိပ္ပာယ်မရှိ ရယ်သွမ်းသွေးစရာ အကြောင်းအရာအဖြစ် ပြည်သူများအကြား ပြောဆိုလျက် ရှိသည်။
အထက်ပါ ကိစ္စများအား သုံးသပ်နိုင်ရန်အတွက် Mother Jones မဂ္ဂဇင်းက အရေးကြီးသော အချက်ငါးချက်ကို ထုတ်ဖော် ရေးသားခဲ့သည်။ "မြန်မာရွေးကောက်ပွဲ အတုအယောင် ဖြစ်ရသည့် အကြောင်းရပ် ငါးပါး" ဟုဆိုသည်။
၁။ အစိုးရကိုယ်တိုင် လိမ်ညာနေသည်။ စစ်အစိုးရ ကိုယ်စားလှယ်အဖြစ် လှုပ်ရှား ဆောင်ရွက်လျက် ရှိသော နိုင်ငံရေးပါတီ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း) သည် ပြည်သူများအတွင်း ကျော်ကြားမှု ရရှိစေရန် လမ်းခင်းခြင်း၊ အခမဲ့ဆေးခန်းများ ဖွင့်လှစ်ခြင်း၊ အထက်တန်း ကျောင်းသားများအား ကျူရှင် အခမဲ့ပေးခြင်း စသည့် လုပ်ငန်းများ လုပ်ကိုင်ကာ ငွေကြေး ကျပ်သန်းပေါင်းများစွာ သုံးစွဲလျက် ရှိသည်။
အဆိုပါ လုပ်ငန်းများကို စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ မထွက်ပေါ်ခင် ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ မည်သည့် လှုပ်ရှားမှုများမှ လုပ်ကိုင်ခွင့် မရှိသော နိုင်ငံရေးပါတီများအနေဖြင့် တာမထွက်ခင် ကတည်းက ခြေလက် ရိုက်ချိုးခံလိုက်ရသလိုပင် ဖြစ်သည်။
ရွေးကောက်ပွဲဥပဒေ ထွက်ပေါ်လာသော အချိန်သို့ ရောက်ရှိလာချိန်တွင် အဆိုပါ ကြံ့ဖွံ့အဖွဲ့သည် အခြားအတိုက်အခံ ပါတီများနှင့် နှိုင်းစာပါက အသာစီး အနေအထားမှ
လုပ်ကိုင်ခွင့်များ ပိုမိုရရှိ လာတော့သည်။ ဥပမာအားဖြင့် ပြောရလျှင် ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်မရရှိပေ။ ထို့ကြောင့် နောက်ဆုံးတွင် NLD က ရွေးကောက်ပွဲမှ နုတ်ထွက်ရသည်အထိ ဖြစ်ခဲ့သည်။
၂။ ဗိုလ်ချုပ်များ အနိုင်မရရှိသည့်တိုင် "နိုင်" လျက်ရှိသည်။ ၂၀၀၈ ခုနှစ်တွင် စစ်အစိုးရက ကျင်းပပြုလုပ်ခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပေါ် လူထုဆန္ဒ ခံယူပွဲတွင် မြန်မာပြည်သူများက "ထောက်ခံပါသည်" ဟုပြောကာ မဲဆန္ဒ ၉၂ ရာခိုင်နှုန်းကျော်ဖြင့် အတည်ပြု ပြခဲ့သည်။ အခြေခံဥပဒေကို တရားဝင်အောင် လုပ်ဆောင်နိုင်သည်၊ မလုပ်ဆောင်နိုင်သည်ကို အပထား။ လူပေါင်း တစ်သိန်းလေးသောင်းကျော် သေဆုံးစေခဲ့သည့် နာဂစ်မုန်တိုင်း ဒုက္ခများကြား မှပင် ဤမျှလောက် မြင့်မားသော ဆန္ဒမဲများကို ရယူနိုင်ခဲ့သည်။
၁၉၉၀ ပြည့်နှစ်က ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် ပြည်သူများ၏ ဆန္ဒမဲဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည် ကိုလည်း နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
၃။ စစ်ဗိုလ်ချုပ်များက သူတို့မနိုင်ပါဟု ပြောသည့်တိုင်အောင် သူတို့ မဆုံးရှုံးပါ။ အခြေခံ ဥပဒေအရ ပါလီမန်တွင် စစ်တပ်က ၂၅ ရာခိုင်နှုန်း နေရာရရှိမည် ဖြစ်သည်။ လက်ရှိ အစိုးရကပင် သမ္မတကို ရွေးချယ်ပေးမည် ဖြစ်သည်။ အကယ်၍ ပါလီမန် ကိုယ်စားလှယ်များက အာဏာကို အလွန်အမင်း အသုံးပြုမည် ဆိုပါက စစ်ယန္တရားက ၁၉၆၂၊ ၁၉၈၈ ခုနှစ်များက အတိုင်း နိုင်ငံတော် အာဏာကို အချိန်မရွေး ပြန်လည်သိမ်းပိုက်နိုင်သည့် အနေအထားတွင် ရှိသည်။
ဤကိစ္စမျိုးနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လွန်ခဲ့သော ရက်သတ္တပတ်က လိုအပ်လျှင် ထိုသို့ပြုမူမည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောကြားခဲ့သေးသည်။
၎။ လက်ရှိ စစ်အာဏာရှင်များသာ ငွေကြေးဘဏ္ဍာကို ထိန်းချုပ်ကိုင်တွယ်မည် ဖြစ်သည်။ အစိုးရပိုင် များကို ပုဂ္ဂိလကပိုင်အဖြစ် ပြောင်းလဲရာတွင် အစိုးရစက်ရုံ၊ အလုပ်ရုံ၊ ရုံးစသည်တို့ကို လက်ရှိ ဗိုလ်ချုပ်များ၏ အပေါင်းအသင်း ရောင်းရင်းများကိုသာ ရောင်းချသည်ကို တွေ့ရသည်။အစိုးရသည် အစိုးရပိုင် အဆောက်အအုံ၊ မြေ၊ ရေနံတူးဖော်ရေးနှင့် ရေအားလျှပ်စစ် စီမံကိန်း၊ ဆိပ်ကမ်း၊ လေကြောင်း စသည်တို့ကို စစ်ခေါင်းဆောင်များနှင့် အပေါင်းအသင်းများ ကိုသာ ရောင်းချသည် ဖြစ်ရာ ရွေးကောက်ပွဲကြောင့် မည်သို့ပင် အပြောင်းအလဲများ ဖြစ်စေကာမူ နိုင်ငံ၏ စီးပွားရေးသည် သူတို့၏ လက်ဝယ်တွင်သာ ရှိနေမည်ဖြစ်သည်။
၅။ ခွဲခြားဆက်ဆံမှုများနှင့် စစ်ရာဇဝတ်မှုများ ရွေးကောက်ပွဲ ဥပဒေများကို အင်္ဂလိပ်နှင့် မြန်မာ ဘာသာနှစ်မျိုးဖြင့်သာ ထုတ်ပြန်ထားပေရာ သန်းနှင့်ချီသော တိုင်း ရင်းသားလူနည်းစုများ ဖတ်ရှုလေ့လာရန် ခက်ခဲလျက်ရှိသည်။
တွေ့ဆုံဆွေးနွေးမှုလည်း နည်းပါးပေရာ နိုင်ငံ၏ အရှေ့ပိုင်းဒေသများတွင် သွေးချောင်းစီးသည့် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။ အဆိုပါ လူနည်းစု တိုင်းရင်းသားများသည် ဆန္ဒမဲပေးပိုင်ခွင့်လည်း မရှိကြဘဲ အမြစ်ဖြတ် ချေမှုန်းမှုများဖြင့်သာ ရေဆိုင်နေရကာ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လမ်းကြောင်းသို့ ရောက်ရှိရန် များစွာခက်ခဲလှပါသည်။
ကုလသမဂ္ဂ အရာရှိတစ်ဦးနှင့် အမေရိကန်လွှတ်တော်မှ ကိုယ်စားလှယ် ၅၀ ကျော်သည် မြန်မာစစ်အစိုးရ၏ ရာဇဝတ်မှု ကျူးလွန်မှုများကို လူသားချင်း စာနာမှုအရ စုံစမ်းဖော်ထုတ်ရန် ဆောင်ရွက်ခဲ့ကြသည်။ သို့သော်လက်တွေ့တွင် မအောင်မြင်သေးပေ။ အာဆီယံ အထွေထွေ အတွင်းရေးမှူးက ရွေးကောက်ပွဲသည် ရှေ့သို့ တစ်လှမ်းတိုးခြင်းဖြစ်ကြောင်း ပြောဆိုသည်။ သို့သော် မြန်မာ နိုင်ငံရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာများကို ထည့်သွင်းပြောဆိုမှု မပြုပေ။
NLD အနေဖြင့် အခြားရွေးချယ်စရာ လမ်းများကို ရှာ၍မရနိုင်ဘူးလား။ သို့မဟုတ် ပိပိရိရိ လိမ်လည်သူများနှင့် ဆက်လက်လျှောက်လှမ်းပြီး မိမိ ကိုယ်ကိုယ် အဆုံးစီရင်သလို ဖြစ်သွား ပေမည်လော။
Mother Jones မဂ္ဂဇင်းမှ ဆောင်းပါးကို ဆီလျှော်အောင်ဘာသာပြန်ဆိုသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.