Transparency Myanmar

transparency.myanmar@gmail.com

တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အကြား သံတမန် ဆက်ဆံရေး စတင်သည့် နှစ်ပေါင်း ၆၀ ပြည့်နှစ် အထိမ်းအမှတ်အဖြစ် ဝန်ကြီးချုပ် ဝမ်ကျားပေါင် နေပြည်တော် မြို့တော်သို့ လာရောက် လည်ပတ်မှုသည် မြန်မာ-တရုတ် သမိုင်း စာမျက်နှာသစ် တစ်ရပ် ဖွင့်ရန် တရုတ်နိုင်ငံက ကြိုးပမ်းလျက် ရှိသည် ဟူသော အချက်ကို ဖော်ပြနေသည်။

မစ္စတာ ဝမ်ကျားပေါင်၏ ခရီးစဉ်အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရအကြား ရှိပြီးသား အပြန်အလှန် ကုန်သွယ်ရေးကို ဆက်လက် မြှင့်တင်ရန် သဘောတူညီမှု စာချုပ်များစွာကို လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ယဲ့တာဘို၏ ပြောကြားချက်ကို ကိုးကားပြီး Xinhua သတင်းဌာနက ဖော်ပြသည်။ ယခုနှစ် ဖေဖော်ဝါရီတွင် နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၆၄ သန်းအထိ ရောက်ရှိခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံတွင် နှစ်ကာလ ကြာရှည်သော ခင်မင်ရင်းနှီးမှု သမိုင်းရှိပြီး လက်ရှိ ဆယ်စုနှစ်များအတွင်း နိုင်ငံခြား ကျူးကျော်မှုများကို ခုခံ ကာကွယ်ရာ၌ လည်းကောင်း၊ အမျိုးသား လွတ်လပ်ရေးနှင့် လွတ်မြောက်ရေး တို့အတွက် တိုက်ပွဲ ဝင်ကြရာ၌ လည်းကောင်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် ကျောထောက်နောက်ခံ ပြုခဲ့ကြသည်ကို တွေ့ရကြောင်း သံအမတ်ကြီး ယဲ့တာဘိုက ဖြည့်စွက် ပြောကြားသည်။

Beijing Review စာစောင်အတွက် သံအမတ်ကြီး ယဲ့တာဘို ရေးသားသော ဆောင်းပါးတွင် "မြန်မာနိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (SPDC) သည် တရုတ်နိုင်ငံ၏ မူဝါဒ ဖြစ်သော 'တရုတ် တစ်ပြည်ထောင်တည်း မူဝါဒ (One-China Policy)' ကို မမှိတ်မသုံ ထောက်ခံပြီး ထိုင်ဝမ် လွတ်လပ်ရေး ကြိုးပမ်းချက်များကို ဆန့်ကျင်ခဲ့သည်ကို တွေ့ရကြောင်း" ထည့်သွင်း ဖော်ပြခဲ့သည်။

"ထို့အတူ တရုတ်သည်လည်း မြန်မာနိုင်ငံ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး၊ နယ်မြေ ပိုင်နက် လုံခြုံရေးနှင့် ဥပဒေ အခွင့်အလမ်းများ တည်တံ့ရေးအတွက် ကြိုးပမ်းမှု မှန်သမျှကို ကျောထောက် နောက်ခံ ပေးရန် အမြဲတစေ အသင့် ရှိနေပါကြောင်း" ၎င်းက ဆောင်းပါးတွင် ဆက်လက် ဖော်ပြသည်။

အထက်ပါ သုံးသပ် ရေးသားချက်သည် မြန်မာ စစ်အစိုးရက သူစိမ်း နိုင်ငံခြားသားများအပေါ် ကြောက်ရွံသည့် စိတ်နေ သဘောထားကို ရောင်ပြန်ဟပ်စေသည်။ မြန်မာ စစ်အစိုးရသည် နိုင်ငံခြားသားများနှင့် နိုင်ငံခြား အဖွဲ့အစည်းများအပေါ် လွန်စွာ ကြောက်လန့်ခဲ့သောကြောင့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ပြည်ပ အကူအညီ အထောက်အပံ့များ၊ အကူအညီ ပေးရေး အဖွဲ့အစည်းများကို လုံးဝ လက်သင့်မခံဘဲ ငြင်းပယ်ခဲ့သည်။ မြန်မာနိုင်ငံသို့ လာရောက်သော စီနီယာ သံတမန်များကို ရှောင်ရှားခဲ့ပြီး စစ်တပ်အင်အားကို လွန်စွာ ကြီးမားလာအောင် တည်ဆောက်ယူသည်။ မြန်မာနိုင်ငံတွင် တိုင်းတစ်ပါး ရန်သူ မရှိသော်ငြား နှစ်စဉ် ဘတ်ဂျက်ငွေ၏ ၄၀ ရာခိုင်နှုန်းကို စစ်ရေးတွင် အသုံးချနေသည်။ လက်ရှိ အနေအထားအထိ မြန်မာစစ်တပ်တွင် တပ်ဖွဲ့ဝင် အင်အား ငါးသိန်း ရှိသည်။

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ ဒေသတစ်ခုလုံး အပေါ် တရုတ်နိုင်ငံ၏ သြဇာ လွှမ်းမိုးမှု တဖြည်းဖြည်းချင်း ကြီးထွားလာမှုသည် အမေရိကန် ပြည်ထောင်စုကို စိုးရိမ်စိတ်များ ကြီးထွားစေသည်။ တရုတ်ပြည်က ရေငုံ နုတ်ပိတ် နေထိုင်မှုကြောင့် မြန်မာနှင့် မြောက်ကိုရီးယား အကြား စစ်ရေးဆိုင်ရာ ဆက်စပ် လုပ်ကိုင်မှုသစ်များ တိုးပွားမည့် အလားအလာများ ရှိနေကြောင်း အမေရိကန် ပြည်ထောင်စုက ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောဆိုထားသည်။

ယခုနှစ်အတွင်း ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင် စနစ် တည်တံ့ ခိုင်မြဲရေးအတွက် ဟန်ဆောင်မှုတစ်ခုသာ ဖြစ်လိမ့်မည်ဟု အနောက်ကမ္ဘာ နိုင်ငံများက ပြစ်တင် ဝေဖန်မှုများ မည်သို့ပင် ရှိနေသော်ငြား မြန်မာ စစ်အစိုးရက ရွေးကောက်ပွဲကို ထောက်ခံမည့် သူများကို ရှာဖွေလျက် ရှိသည်။

မြန်မာ စစ်အစိုးရက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမည့် နိုင်ငံတကာ အဖွဲ့အစည်းများကို ဝင်ခွင့်ပြုမည် မဟုတ်ကြောင်း အတည်ပြု ပြောဆိုပြီးနောက် တရုတ်နိုင်ငံကလည်း အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကြေညာချက် တစ်ရပ်ကို အကျဉ်းချုံး ထုတ်ပြန်သည်။ "အဆိုပါ ကိစ္စသည် ရွေးကောက်ပွဲ လက်ခံ ကျင်းပသည့် နိုင်ငံပေါ်တွင်သာ တာဝန်အပြည့် ရှိသည်" ဟု တရုတ်က ဆိုသည်။

University of Kent မှ တရုတ်-မြန်မာရေးရာ ကျွမ်းကျင်သူ Pak K Lee ဆိုသူက "အမှန် တကယ်တမ်း ပြောရရင် တရုတ်က ရွေးကောက်ပွဲလွန် ကာလ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေနဲ့ တည်ငြိမ်မှု အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေတာ ဖြစ်ပါတယ်" ဟု ပြောသည်။

"လက်ရှိ ထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်တဲ့ သန်းရွှေနဲ့ မောင်အေး တို့က ရွေးကောက်ပွဲ ပြီးရင် ရာထူးကနေ ဖယ်ပေးဖွယ် ရှိပါတယ်။ ဒါပေမဲ့ လုံးဝ အငြိမ်းစားယူတဲ့ သဘောမျိုးတော့ ဟုတ်မှာ မဟုတ်ပါဘူး၊ အဲဒီအချိန်မှာ တရုတ်က အသစ် တက်လာမယ့် အစိုးရ ခေါင်းဆောင်တွေနဲ့ ပထမဆုံး နားလည်မှု ရယူချင်တယ်။ အဲဒီ အစိုးရအဖွဲ့ရဲ့ မူဝါဒသစ်ကိုလည်း ကောင်းကောင်း နားလည် သဘောပေါက်ချင်တယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ပို၍ ဆိုရပါက ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာအောင် နိုင်ငံတကာက စစ်အစိုးရအပေါ် ပိတ်ဆို့ အရေးယူမှုများသည် တရုတ်ပြည်ကြောင့် တဖြည်းဖြည်းချင်း လျော့ကျလာသည်။ တရုတ်သည် မြန်မာနိုင်ငံတွင် တတိယအကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သည့် နိုင်ငံဖြစ်သလို မြန်မာနိုင်ငံ အနောက်ဘက် ကမ်းလွန် ပင်လယ်ပြင်ထဲမှ သဘာဝ ဓာတ်ငွေ့များကို ဝယ်ယူရန်လည်း ကြိုးပမ်းနေသူ ဖြစ်သည်။

Beijing Review စာစောင်တွင် သံအမတ်ကြီး ယဲ့တာဘိုက "ဒီစီမံကိန်းတွေ အားလုံးက မြန်မာ စီးပွားရေးအင်အား ကောင်းမွန်လာအောင် မောင်းနှင်အားတစ်ခု ဖြစ်ရုံသာမက မြန်မာ နိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ကိုလည်း ဖန်တီးပေးနိုင်သည်။ ဒီစီမံကိန်းတွေကြောင့် နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ဖြစ်ထွန်းမှုများ ဖြစ်ပေါ်စေသည်" ဟု ရေးသားသည်။

မည်သို့ပင်ဖြစ်စေ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့များက တရုတ်အနေဖြင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး စီမံကိန်းများကို အမြန်ဆုံး ရပ်ဆိုင်းသင့်ကြောင်း၊ အကြောင်းမှာ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမှုများကြောင့် ဖြစ်ပေါ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တရုတ်တွင် တာဝန်ရှိ၍ ဖြစ်ကြောင်း ဖိအားပေး ပြောဆိုလျက် ရှိသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment