Marinecorps-bootcamp.com, 11th September 2010
"မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ဖမ်းဆီးထားခြင်းမှာ မိမိ တိုင်းပြည်၏ ပြည်တွင်း ဥပဒေကို ချိုးဖောက်ရုံမက နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း မထေမဲ့မြင် ပြုရာ ရောက်သည်" ဟု ကုလ သမဂ္ဂက ရှုမြင်ခဲ့သည်။
ကုလ သမဂ္ဂ၏ အထက်ပါ တရားဝင် ဖော်ပြခဲ့သော အမြင်သည် မြန်မာ စစ်အစိုးရ အပေါ် အဓိပ္ပာယ် မဲ့သကဲ့သို့ ဖြစ်ရသည်။ ဝမ်းနည်းဖွယ် ကောင်းသည့် အမှန်တရားမှာ စစ်အစိုးရသည် ကုလ သမဂ္ဂက နှစ်စဉ် ပြောဆိုနေသည့် ကြားမှ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်စဉ် သက်တမ်း တိုး၍ ထိန်းသိမ်း လာခဲ့ရာ သူမသည် နှစ်ပေါင်း ၂၀ အတွင်း ၁၃ နှစ်ခန့် နေအိမ် အကျယ်ချုပ်ဖြင့် နေခဲ့ရသည်။
ကုလ သမဂ္ဂ၏ မြန်မာနိုင်ငံတွင် ကျရှုံးရမှုသည် နိုင်ငံတကာ အဖွဲ့အစည်းကြီး အနေဖြင့် ကမ္ဘာလုံး ဆိုင်ရာ နိုင်ငံရေး ကိစ္စများကို ဖြေရှင်းရာတွင် ထိရောက်မှု မရှိပုံကို ပြသသည့် ဥပမာ နောက်တစ်ခုသာ ဖြစ်ခဲ့သည်။ မြန်မာ နိုင်ငံတွင် စစ်အစိုးရ၏ ဖိနှိပ်မှုများနှင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် မတရားမှုများကို သမိုင်းဖြစ်ရပ် အဖြစ် ရှုမြင်သင့်ပေသည်။
၁၉၉၁ ခုနှစ်က မြန်မာ နိုင်ငံတွင် လွတ်လပ်သော ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး အတိုက်အခံက စစ်တပ် အပေါ် ၈၂ % အသာဖြင့် အနိုင်ရခဲ့သည်။ အိုင်ဒီယာများကို ရှင်းလင်း ပြတ်သားစွာ ပြောတတ်သော မြန်မာ အမျိုးသမီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ပါတီက အနိုင်ရခဲ့သည်။ စစ်တပ်သည် ၎င်းတို့၏ ရှုံးနိမ့်မှု့ကြောင့် တုန်လှုပ်သွားခဲ့ပြီး၊ အတိုက်အခံ ပါတီမှ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူတိုင်းကို ဖမ်းဆီးခဲ့သည်။ ရွေးကောက်ပွဲကိုလည်း လစ်လျူရှုခဲ့ပြီး၊ တိုင်းပြည် အမည်ကိုလည်း မြန်မာ (Myanmar) အဖြစ် ပြောင်းခဲ့သည်။
ထိုသို့ စစ်အစိုးရက ရွေးချယ် တင်မြှောက်ခံ အစိုးရထံမှ အာဏာ လုထား ကတည်းက ကုလ သမဂ္ဂ၏ တုန့်ပြန်မှုသည် နှစ်စဉ် ဆုံးဖြတ်ချက်များ ထုတ်ခဲ့ခြင်း ဖြစ်သည်။ ထိုဆုံးဖြတ်ချက်များကို လည်း စစ်အစိုးရက လှစ်လျူရှု ခဲ့သည်သာ ရှိခဲ့သည်။ အမှန်တရားမှာမူ ကုလသမဂ္ဂသည် စာရွက်ပေါ်တွင် အထင်ကြီး လေးစား လောက်သည့် စာလုံးများ သုံး၍ ထုတ်ပြန်နိုင်ခဲ့သော်လည်း သမိုင်းကြောင်းအရ အခြေခံ လူ့အခွင့်အရေးများနှင့် တရားမျှတမှုကို မြှင့်တင် ပေးနိုင်မည့် တိကျပြီး မြင်သာ ထင်သာ ရှိသော နိုင်ငံရေး ရလဒ်များ ဖော်ဆောင်ပေးနိုင်သည့် ကျွမ်းကျင်မှုနှင့် စိတ်အား ထက်သန်မှု မရှိခြင်းပင် ဖြစ်သည်။
နှစ်များသာ ကုန်လွန်သွားခဲ့သော်လည်း တိုင်းပြည်၏ ဝမ်းနည်းဖွယ် ကောင်းသော ဆိုးရွားသည့် အခြေအနေမှာ ဆက်လက် ဖြစ်ပွားလျက် ရှိပြီး၊ တိုင်းပြည်မှာ စစ်အစိုးရ၏ လက်ထဲတွင် အကူအညီ ကင်းမဲ့နေသော သားကောင် ဖြစ်နေရသည်။ ၂၀၀၅ ခုနှစ်က ချက်ပြည်ထောင်စု အကြီးအကဲဟောင်း Vaclav Havel နှင့် တောင်အာဖရိက ဘုန်းတော်ကြီးဟောင်း Desmond M Tutu တို့သည် တိုင်းပြည်၏ ယိုယွင်းနေသော အခြေအနေကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ အစီရင်ခံစာ ရေးသားခဲ့သည်။
အဆိုပါ အစီရင်ခံစာတွင် တိုင်းပြည်၏ ပြဿနာပေါင်း များစွာ၏ အသေးစိတ်ကို ပုံဖော် ပေးခဲ့သည်။ အစီရင်ခံစာမှာ မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် လူ့အခွင့်အရေး အခြေအနေများ ပြောင်းလဲရေး အတွက် လုပ်ဆောင်ရာတွင် ကုလသမဂ္ဂ၏ လုံးဝ မအောင်မြင်မှုကို သွယ်ဝိုက်၍ မီးမောင်း ထိုးပြခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစီရင်ခံစာတွင် တိုင်းပြည်၏ ပြဿနာပေါင်း များစွာ၏ အသေးစိတ်ကို ပုံဖော်ပေးခဲ့သည်။ အစီရင်ခံစာမှာ မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် လူ့အခွင့်အရေး အခြေအနေများ ပြောင်းလဲရေး အတွက် လုပ်ဆောင်ရာတွင် ကုလသမဂ္ဂ၏ လုံးဝ မအောင်မြင်မှုကို သွယ်ဝိုက်၍ မီးမောင်း ထိုးပြခဲ့ခြင်း ဖြစ်သည်။
၂၀၀၅ ခုနှစ် Havel/Tutu အစီရင်ခံစာသည် ယနေ့ ကမ္ဘာပေါ်တွင် အရက်စက်ဆုံး စစ်အာဏာရှင် အပေါ် စွဲချက်တင်ခဲ့သော အစီရင်ခံစာပင် ဖြစ်သည်။ အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဟီးရိုးအင်း ထုတ်သော ထိပ်ဆုံးမှ နိုင်ငံဖြစ်ပြီး၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် ကြီးမားစွာ ပါဝင် ပတ်သက်နေကြောင်း ဖော်ပြထားသည်။
ထို့အပြင် ဒုက္ခသည်ပေါင်း နှစ်သိန်းကျော်သည် စစ်အစိုးရ၏ ရက်စက် ကြမ်းကြုတ်မှုကြောင့် တိုင်းပြည်မှ ထွက်ပြေးကြရသည်ဟု ဖော်ပြထားသည်။ တိုင်းပြည်တွင် အခြေခံ လူ့အခွင့်အရေး၊ မိသားစု အခွင့်အရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ နိုင်ငံရေး ရပိုင်ခွင့်များနှင့် လွတ်လပ်စွာ ဟောပြောခွင့်များ မရှိပါ။ ရက်စက် ကြမ်းကြုတ်မှုများ ဖြစ်သော လူသတ်ခြင်း၊ အမျိုးသမီးများကို အဓမ္မ ပြုကျင့်ခြင်းနှင့် အတင်း အဓမ္မ လုပ်အား ပေးစေခြင်းများသည် ရိုးနေပြီ ဖြစ်သည်။ ထို့အပြင် HIV/AIDS သည် တိုင်းပြည်၏ အဓိက ပြဿနာဖြစ်ပြီး၊ ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး နိုင်ငံ ဖြစ်သည်။ အဆိုပါ ၂၀၀၅ ခုနှစ် ကုလ သမဂ္ဂ အစီရင်ခံစာသည် ယနေ့ မြန်မာနိုင်ငံ၏ အခြေအနေနှင့် အတူတူပင် ဖြစ်သည်။
ကုလ သမဂ္ဂသည် ဆုံးဖြတ်ချက်များ၊ အစီရင်ခံစာများ၊ သံတမန် မစ်ရှင်များနှင့် အနှစ် မပါသော အရေးယူမှုများ ချမှတ်သည်နှင့် အမျှ၊ နှစ်များသည်သာ မြန်မာ ပြည်သူများ အပေါ် ကုန်လွန် လာခဲ့ပြီ ဖြစ်သည်။ ဒီမိုကရေစီ ကျကျ ရွေးကောက် တင်မြှောက်ခံရသော ဒေါ်အောင်ဆန်းစုကြည် တို့မှာလည်း မတရား လုပ်ခံရသည်မှာ နှစ်ပေါင်း နှစ်ဆယ်ခန့် ရှိခဲ့ပြီ ဖြစ်သည်။
ပြီးခဲ့သည့် အပတ်ကပင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် အမေရိကန် ပြည်ထောင်စုသည် ၎င်းပေးရမည့် အလှူငွေများကို မပေးသည်မှာ အချိန်ကြာနေပြီ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ သို့သော် အမှန်တကယ်တွင်မူ အမေရိကန်သည် ဤနိုင်ငံရေးအရ အရည်အချင်း မရှိသည့် အဖွဲ့အစည်းကြီး၏ ဘီလီယံနား ကပ်နေသော အသုံးစရိတ်များ၏ ၂၂ % ကို ထောက်ပံ့နေသော အဓိက စပွန်စာ ဖြစ်သည်။
တစ်နှစ်လျှင် ၅ ဘီလီယံခန့် သုံးနေသော သမိုင်းကြောင်းအရ ခြစားနေသော နိုင်ငံရေးအရ အလုပ် မဖြစ်သော ကုလ သမဂ္ဂ အဖွဲ့ကြီးမှာ အမြင်များ ဝေဝါးလျက် ရှိသည်။ အမှန်တရားကို ရှင်းရှင်း ပြောရလျှင် ကုလ သမဂ္ဂသည် အလှူဒါန လုပ်ငန်းများနှင့် သဘာဝ ဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများမှ လွဲ၍ လူသားများ အခြေအနေ တိုးတက်ရေး အတွက် မလုပ်နိုင်ပေ။
အမေရိကန် ပြည်ထောင်စု အနေဖြင့် ကုလသမဂ္ဂကို အမှန်တကယ် ပြုပြင် ဖွဲ့စည်းရန် တောင်းဆိုသင့်သည်။ ကုလ သမဂ္ဂ၏ မူရင်း ချာတာပါ စည်းမျဉ်းများကို ပြန်ကြည့်၍ ပြုပြင်ရမည် ဖြစ်သည်။ ချာတာတွင် အခြေခံ လူ့အခွင့်အရေး၊ လူသား သိက္ခာနှင့် တန်ဖိုး၊ ယောက်ျား၊ မိန်းမ သာတူ ညီမျှရေး၊ နိုင်ငံကြီး ငယ်မဟူ သာတူ ညီမျှရေးကို သေချာစေရမည်ဟု အာမခံထားသည်။
မြန်မာ နိုင်ငံနှင့် ပတ်သက်၍ ကုလ သမဂ္ဂ၏ သမိုင်းဝင် ကျရှုံးမှုသည် ၎င်းချာတာပါ လမ်းကြောင်းနှင့် မည်မျှလောက် ဝေးကွာနေပြီ ဆိုသည်ကို ပြသခြင်းပင် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် ကုလသမဂ္ဂ အဖွဲ့ကြီးက ၎င်း၏ ချာတာကို ဦးထိပ် ပန်ဆင်သော အဖွဲ့ကြီး မဖြစ်မချင်း ပေးရမည့် ငွေကို မပေးသင့် သေးသည်မှာ အမှန်ပင် ဖြစ်သည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.