Transparency Myanmar

transparency.myanmar@gmail.com

(Xing Hua သတင်းဌာနမှ Myanmar-India take supportive measures in wake of increase of bilateral trade  သတင်း ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် နှစ်နိုင်ငံ အကြား အပြန်အလှန် ကုန်သွယ်ရေး တိုးတက် လာပြီးနောက် ကုန်သွယ်မှု ချောမွေ့အောင် ဘဏ်လုပ်ငန်း လုပ်ဆောင်ခြင်းကို စေ့စပ် ညှိနှိုင်းကြရန် သဘောတူ ခဲ့ကြသည်။

၂၀၀၉-၁၀ ဘဏ္ဍာရေး နှစ်တွင် အပြန်အလှန် ကုန်သွယ်ရေး တန်ဖိုး အမေရိကန် ဒေါ်လာ (၅) ဘီလျံကျော်သို့ လျှင်မြန်စွာ ရောက်ရှိသွားခြင်းနှင့် နယ်စပ် ကုန်သွယ်ရေး တန်ဖိုး ဒေါ်လာ (၁၄)သန်း ခန့် ရှိလာ ခဲ့ခြင်းကြောင့် နောက်ထပ် ကြိုးပမ်းမှုအဖြစ် နယ်စပ် ကုန်သွယ်ရေးကို ပုံမှန် ကုန်သွယ်ရေး အဖြစ် ပြောင်းလဲရန် အဆိုပါ နှစ်နိုင်ငံ သဘောတူခဲ့ ကြခြင်း ဖြစ်သည်။

အထက်ပါ ဆောင်ရွက်ချက်များကို ပံ့ပိုးရန် အတွက် အိန္ဒိယ ဘဏ်များက မြန်မာ အစိုးရပိုင် ဘဏ် (၃) ခုနှင့် ချိတ်ဆက်ကာ ကူးသန်း ရောင်းဝယ်ရေး ချောမွေ့အောင် ပူးတွဲ လုပ်ဆောင်သွားရန် ကြိုးစားလျက် ရှိသည်။

မြန်မာ နိုင်ငံတွင် နိုင်ငံခြားငွေ လဲလှယ်မှုကို လုပ်ဆောင် ပေးနေသော နိုင်ငံပိုင်ဘဏ် (၃)ခုမှာ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ စီးပွားရေးဘဏ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်တို့ ဖြစ်သည်။

ပုံမှန် ကုန်သွယ်ရေး ကဏ္ဍတွင် မြန်မာ့ပဲမျိုးစုံကို အဓိက ၀ယ်ယူသူ အဖြစ် ရပ်တည် နေသော အိန္ဒိယသည် မြန်မာ့ လယ်ယာထွက်ကုန် တင်ပို့မှု (၇၀%) ကို ၀ယ်ယူ တင်သွင်းလျက် ရှိသည်။

ကုန်သွယ်ရေး မြှင့်တင်ရန်အတွက် နယ်စပ်လမ်းများ အဆင့်မြှင့်ခြင်းနှင့် ကုလားတန်မြစ် ကြောင်း တစ်လျှောက် ရေကြောင်း ပို့ဆောင်မှုတို့၏ အရေးပါမှုကို နှစ်နိုင်ငံစလုံးက အလေးထား ပြောဆိုကြသည်။

မြန်မာနှင့် အိန္ဒိယ စီးပွားရေး လုပ်ငန်းရှင်များသည် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှု စတင်ရေးနှင့် အပြန်အလှန် ကုန်သွယ်မှု မြှင့်တင်ရေးအတွက် မကြာမှီက တွေ့ဆုံခဲ့ကြပြီး ပူးပေါင်း ဆောင်ရွက်ရေး အတွက် ကဏ္ဍ (၁၀) ခုကို စီစဉ် ပြင်ဆင်လျက် ရှိကြသည်။

နှစ်ဦးနှစ်ဖက် အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်း ဆောင်ရွက်မှု အတွက် ပြင်ဆင်နေသော ကဏ္ဍများတွင် လယ်ယာထွက်ကုန်နှင့် သစ်တော ထွက်ကုန်များက ဦးဆောင်နေပြီး အိန္ဒိယထံမှ မြန်မာက တင်သွင်းရာတွင် ဆေးနှင့် ဆေးဝါး ပစ္စည်းများက အများဆုံး ဖြစ်သည်။

နှစ်နိုင်ငံ ကုန်သည်ကြီးများ စုစုပေါင်း (၁၇၀) တက်ရောက်ခဲ့ကြသည့် စီးပွားရေး လုပ်ငန်းရှင် များ အစည်းအဝေးတွင် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်က "နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုများ၊ ကုန်သွယ်မှုများမှာ သိသိသာသာ ကြီးထွား လာကာ မြန်မာနိုင်ငံ၏ စီးပွားရေးကို အကျိုး ဖြစ်ထွန်း စေသည်" ဟု ပြောကြားခဲ့သည်။

တရားဝင် ကိန်းဂဏန်းများ အရ မြန်မာ-အိန္ဒိယ အပြန် အလှန် ကုန်သွယ်ရေးသည် ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၁.၁၉ ဘီလျံအထိ ရောက်ရှိကာ ယခင် နှစ်ထက် (၂၆.၁%) မြင့်တက် လာခဲ့ပြီး အိန္ဒိယ နိုင်ငံသည် မြန်မာ နိုင်ငံ၏ စတုတ္ထ အကြီးဆုံး ကုန်သွယ်ဖက် အဖြစ် ထိုင်း၊ တရုတ်၊ စင်ကာပူ တို့၏ နောက်တွင် ရပ်တည်နေသည်။

စုစုပေါင်း ကုန်သွယ်မှု တန်ဖိုးတွင် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပို့ကုန် တန်ဖိုးမှာ ဒေါ်လာ (၁) ဘီလျံခန့် ရှိကာ အိန္ဒိယထံမှ ပြန်လည် တင်သွင်းမှုမှာ ဒေါ်လာ (၁၉၄) သန်း တန်ဖိုး ရှိသည်ဟု ဗဟို စာရင်းအင်း အဖွဲ့က ဆိုသည်။

မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံနှင့် နယ်စပ် ကုန်သွယ်ရေးဂိတ် (၂) ခုကို ဖွင့်လှစ်ခဲ့ရာ ပထမဆုံး ၁၉၉၅ ဧပြီလတွင် တမူး ၀င်ပေါက်နှင့် ဒုတိယ အနေဖြင့် ၂၀၀၄ ဇန်န၀ါရီလတွင် ရိဒ်ခေါ်ဒါ ၀င်ပေါက် တို့ကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ အိန္ဒိယ၏ ရင်းနှီး မြှုပ်နှံမှုမှာ ၂၀၁၀ သြဂုတ်လအထိ အမေရိကန် ဒေါ်လာ (၁၈၉) သန်း ရှိခဲ့ပြီး ၂၀၀၇ စက်တင်ဘာလတွင် ရေနံနှင့် ဓာတ်ငွေ့ ကဏ္ဍသို့ ဒေါ်လာ (၁၃၇) သန်း စီးဝင်ခဲ့ခြင်း ဖြစ်သည်ဟု စာရင်းဇယားများ အရ သိရှိရသည်။

နှစ်နိုင်ငံ ကုန်သွယ်ရေးကို မြှင့်တင်ရန် ရည်ရွယ်ကာ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံ အနောက်ဖက် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကုလားတန် မြစ်ကြောင်း ဘက်စုံ သယ်ယူ ပို့ဆောင်ရေး စီမံကိန်း၏ ဆိပ်ကမ်းနှင့် ရေလမ်းကြောင်း အဆောက်အဦများ တည်ဆောက်ရန် အုတ်မြစ်ချခဲ့သည်။

အဆိုပါ ကုလားတန် မြစ်ကြောင်း စီမံကိန်းကို ၂၀၁၃ တွင် အပြီးသတ်ရန် ရည်မှန်းထားသည်။

ထို့အပြင် နှစ်နိုင်ငံ သဘောတူညီမှု အောက်တွင် လမ်းစီမံကိန်း အချို့ အကောင်အထည် ဖော်ရန် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ ညှိနှိုင်းခဲ့ကြသည့် အဆိုပါ လမ်းစီမံကိန်းများတွင် ပလက်ဝမှ မြစ်ဝသို့ လမ်းဖောက်လုပ်ခြင်း၊ ကလေး-တမူးလမ်း၏ ကလေးဝ-ကျီးကုန်း အပိုင်းကို ပြုပြင်ခြင်းနှင့် ရိဒ်-တီးတိန် လမ်းကို အဆင်မြှင့်ခြင်းတို့ ပါဝင်သည်။

မြန်မာနိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် အိန္ဒိယ နယ်စပ် လမ်းဖောက်လုပ်ရေး အဖွဲ့က တည်ဆောက်ကာ ၂၀၀၁ ဖေဖော်ဝါရီလတွင် ဖွင့်လှစ်ခဲ့သော (၁၆၀) ကီလိုမီတာ အရှည် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး လမ်းမကိုလည်း အဆင့် မြှင့်တင် ဦးမည်ဟု ဆိုသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းမှ ကူးသန်း ရောင်းဝယ်ရေးနှင့် ယဉ်ကျေးမှု အချက်အခြာ မန္တလေး မြို့တော်မှ အိန္ဒိယ-မြန်မာ နယ်စပ်သို့ အရေးတကြီး ချိတ်ဆက်မှု အဖြစ် ဖွဲ့စည်းထားသော နယ်စပ် လမ်းမကြီးသည် အာဆီယံ အမြန် လမ်းမကြီး၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ပါဝင်နေပြီး အိန္ဒိယနိုင်ငံ၊ အာဆီယံ အိမ်နီးခြင်း နိုင်ငံများနှင့် ကုန်သွယ်ရာတွင် မြန်မာနိုင်ငံ အတွက် အရေးကြီးသော ကဏ္ဍမှ ဖြည့်ဆည်း ပေးမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment