yangonchronicle 2011 |
၆.၈.၂၀၁၁
ပြည်တွင်းသတင်းများ
- မြ၀တီသတင်းစာပါ တန်ဆာခသတင်းကို ဆောက်လုပ်ရေးဝန်ကြီး ဆုချ
- ရွှေဘို နာရေးကူညီမှုအသင်း ခရိုင်အုပ်ချုပ်ရေးမှုး အဓမ္မသိမ်းပိုက်
- ဆိုကရေးတီးဝင်ပြိုင်ရန် မထသမှ အလှူငွေကောက်ခံ
- နယ်မှ ဆန်ဝင်ရောက်မှုနည်းလာ၍ ရန်ကုန် ဆန်ဈေးကွက် မြင့်တက်
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
- ဒီမိုကရေစီနေ့၌ နိုင်ငံရေးပါတီများ စာတမ်းတင်သွင်းမည်
- မြေယာနှင့် ငွေလဲလှယ်နှုန်းဆိုင်ရာ အမိန့်ကြော်ငြာစာ ထုတ်ပြန်မည်
- အလုပ်သမားသမဂ္ဂဥပဒေကြမ်းအတည်ပြု
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
ဆောင်းပါးကဏ္ဍ
- ကုန်သွယ်ရေးတွင် ငွေလဲနှုန်း၏ အခန်းကဏ္ဍ
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ပြည်တွင်းသတင်းများ
မြ၀တီသတင်းစာပါ တန်ဆာခသတင်းကို ဆောက်လုပ်ရေးဝန်ကြီး ဆုချ
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်သည် ကာကွယ်ရေးဦးစီးချုပ်ရုံး ပြည်သူဆက်ဆံရေးနှင့် စိတ်ဓါတ် စစ်ဆင်ရေး ညွန်ကြားမှူးရုံးမှ ထုတ်ဝေနေသည့် မြဝတီသတင်းစာပါ တန်ဆာခသတင်းကို နှစ်သက်သဘောကျသဖြင့် ရေးသားသူသတင်းထောက်ကို ဆုငွေ ကျပ်နှစ်သောင်း ချီးမြှင့်ခဲ့ကြောင်း မြဝတီကော်လံစား သတင်းထောက်တစ်ဦးက ပြောကြားသည်။
သြဂုတ်လ ၁၁ ရက်ထုတ် မြဝတီသတင်းစာတွင်ပါသည့် ကုန်စည်ပို့ဆောင်ခ နှုန်းထားများ ပြန်လည်ကျဆင်းဆိုသည့် သတင်းရေးသားသူကို ဆုချီးမြှင့်ခြင်းဖြစ်ပြီး တန်ပိုစစ်ဆေးခြင်းကြောင့် ကုန်ကားခ ဈေးတက်ရသည်ဆိုခြင်းမှာ အဓိကကျသော အကြောင်းပြချက်မဟုတ်ဘဲ ကုန်ရှား-ကားပုံ၍သာ ကားခများ ဈေးကျနေရခြင်းဖြစ်ပြီး ကုန်ပေါကားရှားလျှင် ကားခ ဈေးနှုန်းတက်သည်ဆိုသော အချက်အလက်ကို သဘောကျ နှစ်ခြိုက်သောကြောင့် ဆု ချီးမြှင့်ခြင်း ဖြစ်ကြောင်း အထက်ပါ ကော်လံစားသတင်းထောက်က ဆက်လက်ရှင်းပြသည်။
အာဆီယံ စံညွှန်းတန်ပိုစစ်ဆေးခြင်းကြောင့် တန်ဆာခများ သုံးဆမြင့်တက်ခဲ့သည်မှာလည်း အမှန်ပင်ဖြစ်ကြောင်း လမ်းကို အာဆီယံစံညွှန်း များအတိုင်း ကုန်တင်ဆောင်စေသော်လည်း ကုန်ကားတစ်စင်းချင်းစီ၏ တန်ဖိုးသည် အာဆီယံနိုင်ငံ များတွင်သာမက ကမ္ဘာတွင် အမြင့်ဆုံးဟု ပြောနိုင် ကြောင်း ကားတင်သွင့်ခွင့်များ လွတ်လပ်စွာခွင့်ပေးလျှင် ယခုထက် တန်ဆာခများ ကျဆင်းနိုင်ကြောင်း ကုန်ကားပိုင်ရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။
“၀န်ကြီးများ ယခုလို ပြည်သူများနှင့် နီးကပ်လာသည် ကိုသဘောကျတယ် ဒါပေမဲ့ဝန်ကြီးဌာနအချင်းချင်းလည်း ညှိနှိုင်းသင့်တယ် ဆောက်လုပ်ရေး ၀န်ကြီးက အာစီယံစံညွန်းကုန်တင်ဖို့ လုပ်ချိန်မှာ စီးပွားကူးသန်းကလည်း အာဆီယံ ဈေးနှုန်းအတိုင်း ကားတင်သွင်းခွင့်ရအောင် ညှိပေးသင့်တယ် မဟုတ်ဘူးလား”ဟု ၎င်းက အကြံပြုပြောကြားသည်။
မိဖြူ
-----------------------------------------------------------------------------------------------------------------------------------
ရွှေဘို နာရေးကူညီမှုအသင်း ခရိုင်အုပ်ချုပ်ရေးမှုး အဓမ္မသိမ်းပိုက်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူး ဦးလှဦးသည် ရွှေဘိုမြို့ရှိ နာရေးကူညီမှုအသင်းဟု လူသိများသော ရွှေဘို လူမှုကူညီစောင့် ရှောက်ရေး လုပ်ငန်းစုကို စက်တင်ဘာလ ၄ရက်နေ့က အဓမ္မ သိမ်းပိုက်လိုက်ကြောင်း ဒေသခံများက ပြောကြားသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ (၄.၉.၁၁)ရက်နေ့က ရွှေဘိုအဝေးပြေးယာဉ်ရပ်နားစခန်းတွင် ရန်အောင်မန်းကားဂိတ်မှ နာရေးကူညီမှုအသင်းသို့ Super Custom ကားတစ်စီးလှူဒါန်းပွဲတွင် ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှုး ဦးလှဦးသည် မပြောမဆိုနှင့် မိုက်ကရိုဖုန်းကို ကိုင်ကာ ရွှေဘို လူမှု ကူညီစောင့်ရှောက်ရေး လုပ်ငန်းစုကို ၎င်းဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ လုပ်ငန်းများ လုပ်ကိုင်သွားမည်ဟု ကြောငြာခဲ့ကြောင်း အဝေးပြေးကားဂိတ် ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
(၅.၉.၁၁)ရက်နေ့တွင် ရွေဘို လမ်းလေးခွအနီးရှိ အသင်းရုံးမှ ကားများကိုသာမက စာရွက်စာတမ်း ရုံးလုပ်ငန်းသုံး စားပွဲကုလားထိုင်များကို စည်ပင်ရုံးသို့ အတင်းအဓမ္မ ရွေ့ပြောင်းသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
အဆိုပါ နာရေးကူညီမှုအသင်းကို အသင်းအဖွဲ့မှတ်ပုံတင်ထားဆဲဖြစ်ပြီး လိုင်စင်မကျသေးသဖြင့် လူမှုကူညီစောင့်ရှောက်ရေး လုပ်ငန်းစု အမည်ဖြင့် ၈လအတွင်း နာရေးကူညီမှု အယောက်၅၀၀ ခန့် ကူညီဆောင်ရွက်ပေးနိုင်ကြောင်း ယင်းအဖွဲ့ကို ရွှေဘိုမြို့ရှိ လူအများ လေးစား ကြည်ညိုသည့် ဆရာတော်ကြီး သုံးပါးက နာယကဆရာတော်များအဖြစ် ပါဝင်ဖွဲ့စည်းထားကာ ဒေသခံအလှူရှင် ၃၉ ဦး၏ မတည်လှူဒါန်းငွေ ၉၁သိန်းဖြင့် ဖွဲ့စည်း ထားကြောင်း အလှူရှင်များက သံဃာတော်များကိုသာ လှူဒါန်းထားခြင်းဖြစ်သဖြင့် တိုင်းဒေသကြီးအစိုးရသို့ တိုင်ကြားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
“အရင် တုန်းက ကားနှစ်စီးရှိတာ သိမ်းသွားပြီး တစ်စီးကို ဆေးရုံကား လုပ်လိုက်သလို တစ်စီးက စည်ပင် အရာရှိက စီးနေတယ် အဲဒါကြောင်း ဌာနဆိုင်ရာကို လူတွေကမယုံတာ’’ဟု အိန္ဒာရပ်ကွက်တွင် နေထိုင်သူကဆိုသည်။
မိဖြူ
-----------------------------------------------------------------------------------------------------------------------------------
ဆိုကရေးတီးဝင်ပြိုင်ရန် မထသမှ အလှူငွေကောက်ခံ
၁၈ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (ရန်ကုန်တိုင်းဒေသကြီး)မှ အောင်မြင်မှုရရှိစေရန် အတွက်ဆိုကာ အလှူငွေများ ကောက်ခံနေကြောင်း သိရသည်။
အလှုငွေကောက်ခံရာတွင် မော်တော်ယာဉ်လိုင်း ဂိတ်များအားလုံးသို့ ညွှန်ကြားလွှာများ ပို့ဆောင်ကာ ကောက်ခံစေခြင်းဖြစ်ပြီး ယာဉ်အရွယ် အစားအလိုက် ကျပ်တစ်သောင်းမှ နှစ်ထောင့်ငါးရာအထိ ကောက်ခံရန် ညွှန်ကြားထားကြောင်း သိရသည်။
“ကျွန်တော်ရဲ့ကားနှစ်စီးစာ တစ်သောင်းလောက် ပေးလိုက်ရတယ်။ ကားဆွဲမကောင်းလို့ ခွဲပေးပါရစေဆိုတာ မရဘူး။ ဆွဲမကောင်းတဲ့ကြားက ပေးလိုက်ရတာပဲ”ဟု အနောက်ပိုင်းခရိုင်ယာဉ်လိုင်းမှ ကားအုံနာတစ်ဦးက ဆိုသည်။
အထူးယာဉ်ကြီးတစ်စီးလျှင် တစ်သောင်း၊ ရိုးရိုးယာဉ်ကြီးတစ်စီးလျှင် ခုနှစ်ထောင့်ငါးရာ၊ ဘီအမ် (သို့မဟုတ်) မီနီ ဘတ်စ်တစ်စီးလျှင် ငါးထောင်၊ ဒိုင်နာ(သို့မဟုတ်) ကားလတ်တစ်စီးလျှင် လေးထောင်၊ ဟိုင်းလတ်တစ်စီးလျှင် သုံးထောင်နှင့် စစ်ကျန်ဘတ်စ်ကားတစ်စီးလျှင် နှစ်ထောင့်ငါးရာဟူ၍ သတ်မှတ်ကာ အလှူငွေကောက်ခံနေကြောင်း သိရသည်။
အဆိုပါ အလှူငွေများကို မထသ(ဗဟို)မှ အရစ်ကျခွဲ၍ ပေးသွင်းရန် ညွှန်ကြားသော်လည်း လက်အောက်ခံဂိတ်များ အနေဖြင့် ညွှန်ကြားချက်ပါ အချက်အလက်များအား လိုက်နာခြင်း မရှိကြောင်း မထသ(ဗဟို)မှ တာဝန်ရှိသူတစ်ဦးက ဝန်ခံပြောဆိုသည်။
“ဂိတ်မှူးတွေက ငါးထောင်ကောက်ခိုင်းတာကို တစ်သောင်းလောက် ကောက်နေတာတွေရှိတယ်။ဒီလိုလုပ်လို့ ကျွန်တော်တို့အနေနဲ့ ဂိတ်မှူး အချို့ကို ရက်ပိုင်းအတွင်း ဂိတ်ပြောင်းပေးရတာတွေ ရှိတယ်”ဟုဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်လိုင်းပေါင်း ၁၃၆ လိုင်းရှိပြီး ယင်းယာဉ်လိုင်းများတွင် ပြေးဆွဲနေသော ယာဉ်အစီးရေမှာ ၇၀၀၀ ဝန်းကျင် ရှိခဲ့သည့်အတွက် အဆိုပါယာဉ်များမှ စုပေါင်းကောက်ခံ ရရှိငွေမှာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ အောင်မြင်မှုရရှိရန်ထက် ပိုနေကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းတစ်ဦးက ဆိုသည်။
“ဒီလောက် ပိုက်ဆံကောက်နေတာ လာဘ်ထိုးဖို့လား မသိဘူး”ဟု ယင်း၏ထင်မြင်ချက်အား ပြောသည်။
YC(KS)
-----------------------------------------------------------------------------------------------------------------------------------
နယ်မှ ဆန်ဝင်ရောက်မှုနည်းလာ၍ ရန်ကုန် ဆန်ဈေးကွက် မြင့်တက်
ရန်ကုန်သို့ နယ်မှ ဆန်ဝင်ရောက်မှုများ နည်းပါးလာပြီး ဆန်ရှားပါးလာသည့်အတွက် စက်တင်ဘာလဆန်းမှ စတင်၍ ရန်ကုန် ဆန်ဈေးကွက်တွင် ဆန်ဈေးနှုန်းများမှာ မြင့်တက်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ နယ်မှ ဆန်ဝင်ရောက်မှု နည်းပါး၍ ဆန်ရှားပါးလာသည့်အတွက် ရန်ကုန်ဆန်ဈေးကွက်တွင် ဆန်တစ်အိတ်လျှင် ယခင် ဈေးနှုန်းထက် ငွေကျပ် ၃၀၀၀ ခန့်ပိုပေး၍ ပြည်သူများ ဝယ်ယူစားသောက်နေရကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိသည့် ၂၅ မှတ်တန် ဆန်ဈေးကွက်တွင်လည်း ဆန်ဈေးနှုန်း မြင့်တက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ၂၅မှတ်တန် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၀ ဝန်းကျင်ခန့်အထိ မြင့်တက်သွားခဲ့ကြောင်း သိရသည်။
ရန်ကုန်ဆန်ဈေးကွက်သို့ နယ်မှ ဆန်ဝင်ရောက်မှုနည်းပါးလာရခြင်းမှာ နယ်ဆန်ဒိုင်များတွင် သိုလှောင်ထားသည့် ဆန်များ နည်းပါးလာရခြင်း အကြောင်းပင် ဖြစ်ကြောင်း သိရသည်။
ယခုနှစ်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံတွင် ရာသီဥတုဖောက်ပြန်မှုများ၊ မိုးဆက်တိုက်သည်းထန်စွာ ရွာသွန်းမှုများကြောင့် လယ်ယာမြေ တော်တော်များများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆန်စပါးများမိုးထိ ပျက်စီးခဲ့သည့်အတွက် ယခုကဲ့သို့ နယ်မှ ဆန်အဝင်နည်းလာခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့် တောင်သူများမှာလည်း အခက်အခဲအကြပ်အတည်းများစွာ ကြုံတွေ့နေရပြီး ချေးငွေရရှိနိုင်ရေး အတွက် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
Ref: Venus
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
ဒီမိုကရေစီနေ့၌ နိုင်ငံရေးပါတီများ စာတမ်းတင်သွင်းမည်
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံရေးပါတီ ၁၅ ခုမှ ဒီမိုကရေစီစာတမ်းများ ဖတ်ကြား၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်း ဒီမိုကရေစီနေ့တွင် နိုင်ငံအတွင်းရှိ ၂၀၁၀ ရွေးကောက်ပွဲနိုင်ငံရေးပါတီများ၊ တစ်သီးပုဂ္ဂလများနှင့် ပြည်သူ လူထုအစရှိသည်တို့မှ ဒီမိုကရေစီ ဆိုင်ရာ အကြောင်းအရာများ ရေးသားထားသည့် စာမျက်နှာ နှစ်မျက်နှာ ရေးသားတင်သွင်းနိုင်ရန် အကြောင်းကြားထားကြောင်း သိရသည်။
ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်၌ ပြည်သူများအကြား ထမင်းလုံးတစ္ဆေခြောက်သကဲ့သို့ ပြောဆို နေကြရသည့် ဒီမိုကရေစီပာူသည့် စကားလုံးမှာ ယခု အစိုးရသစ်လက်ထက်တွင် တရားဝင်အခမ်းအနားများ ပြုလုပ်၍ ကျင့်သုံးပြောဆို လာနိုင်ပြီ ဖြစ်ကြောင်း ရွေးကောက်ပွဲဝင် ပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ ယခုကဲ့သို့ ဒီမိုကရေစီနေ့ကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပခြင်း၊ ဒီမိုကရေစီအကြောင်းအရာများကို ပွင့်ပွင့်လင်းလင်း ပြောဆိုလာ နိုင်ခြင်း စသည့် အကြောင်းအရာများသည် နိုင်ငံအား ကောင်းမွန်သောလမ်းကြောင်းပေါ်သို့ ပို့ဆောင်နေခြင်းပင်ဖြစ်ကြောင်း ပြည်ပရောက် မြန်မာနိုင်ငံ သား တစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် မြန်မာနိုင်ငံမှ ပထမဆုံးအနေနှင့် နေပြည်တော်၌ လက်ရှိအစိုးသစ်မှ ဦးစီး၍ ဒီမိုကရေစီအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပြည်သူများအနေနှင့်လည်း ဒီမိုကရေစီ၏ အနှစ်သာရ၊ ဒီမိုကရေစီအပေါ် နားလည်မှုနှင့် ဒီမိုကရေစီအပေါ် ခံယူချက်များကို ပို၍ လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးရတော့မည်ဖြစ်ပြီး ဒီမိုကရေစီကျင့်စဉ်များကိုပါ လိုက်နာ ကျင့်ကြံသင့်ကြောင်း ပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Y.C
-----------------------------------------------------------------------------------------------------------------------------------
မြေယာနှင့် ငွေလဲလှယ်နှုန်းဆိုင်ရာ အမိန့်ကြော်ငြာစာ ထုတ်ပြန်မည်
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာနိုင်ရေးအတွက် စက်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် လာနိုင်စေရန် မြေယာနှင့် ငွေလဲလှယ်နှုန်းဆိုင်ရာ အမိန့်ကြော်ငြာစာများကို မကြာမီအချိန်တွင် ထုတ်ပြန်ကြေငြာသွားမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့၌ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် ပြုလုပ်ခဲ့သော ဝန်ကြီး ဌာနများနှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ ပူးပေါင်းစီစဉ်သည့် အာဆီယံစီးပွားရေး အသိုင်းအဝန်းနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်း အမိန့်ကြော်ငြာစာကို လွှတ်တော်၌ ဥပဒေကြမ်းအဖြစ် တင်သွင်းနိုင်ရန် စီစဉ်ခဲ့သော်လည်း လတ်တစ်လော မြန်မာနိုင်ငံ၏ စီးပွားရေး လိုအပ်ချက်များအရ အချက်အလက်အချို့ကို ပြင်ဆင်၍ အမိန့်ကြော်ငြာစာအဖြစ် ထုတ်ပြန်ရန် စီစဉ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
၎င်း အမိန့်ကြော်ငြာစာမှာ မြန်မာနိုင်ငံသို့ ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအနေနှင့် နိုင်ငံ တော်ပိုင်မြေကိုသာမက ပုဂ္ဂလိက လုပ်ငန်းရှင်ပိုင် မြေနေရာများကိုပါ ဌားရမ်းလုပ်ကိုင်ခွင့် ပြုမည်ဖြစ်ပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်းထားအား တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ခြောက်ကျပ် သတ်မှတ်ထားသည့်နှုန်းထားအား ပြန်လည် ပြင်ဆင်သည့် အမိန့်ကြော်ငြာစာပင်ဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံ၌ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများလာရောက်ပြုလုပ်လျက်ရှိသည့် လုပ်ငန်းရှင်များအနေနှင့် နိုင်ငံတော်ပိုင်မြေများကို ဌားရမ်း လုပ်ကိုင်ခွင့်ရရှိခဲ့သော်လည်း ကန့်သတ်ချက်များ ရှိနေသေးသည့်အတွက် ပြည်ပလုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိလာနိုင်စေရန် ကန့်သတ်ချက်များ ဖြေလျော့ပေး၍ အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်ခြင်းပင် ဖြစ်ကြောင်း သိရသည်။
Ref: Yangon Time
-----------------------------------------------------------------------------------------------------------------------------------
အလုပ်သမားသမဂ္ဂဥပဒေကြမ်းအတည်ပြု
မြန်မာနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံ များမှ နိုင်ငံသားအလုပ်သမားများဖြင့် ဖွဲ့စည်းမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် ဥပဒေကြမ်းအား သြဂုတ်လ ၂၉ ရက်နေ့တွင် လက်ရှိကျင်းပနေဆဲဖြစ်သည့် ပထမအကြိမ် လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် အတည်ပြု ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂဖွဲ့ စည်းရခြင်း၏အဓိကရည်ရွယ်ချက်မှာ ပြည်တွင်းရှိ အလုပ်သမားများ၏ အခွင့်အရေးကို ၎င်းအဖွဲ့မှ ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် အလုပ်သမားအဖွဲ့အစည်းများကို စနစ်တကျ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
နိုင်ငံတကာတွင်လည်း အလုပ်သမားသမဂ္ဂအဖွဲ့များ ဖွဲ့စည်း၍ ပြည်တွင်းရှိ အလုပ်သမားတို့၏ ရပိုင်ခွင့်များ၊ ဆုံးရှုံးနစ်နာမှုများနှင့် အခွင့်အရေး များကို ၎င်း အဖွဲ့မှ တက်ကြွစွာ တောင်းဆိုခြင်း၊ တိုက်ပွဲဝင်ခြင်းများရှိကြောင်း သိရသည်။
လွှတ်တော်မှ အတည်ပြုပြီးသည့် အလုပ်သမား သမဂ္ဂဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေကြမ်းတွင် အလုပ်သမား အဖွဲ့အစည်းများကို အောက်ခြေ အဖွဲ့အစည်းများမှ စ၍ မြို့နယ်၊ တိုင်းဒေသကြီး သို့မပာုတ် ပြည်နယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ဖွဲ့စည်းနိုင်ခွင့် နည်းလမ်းများကို ပါဝင်ကြောင်း သိရသည်။
အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်မှ အတည်ပြုပြီးဖြစ်သည့်အတွက် မကြာမီကာလတွင် ပြည်သူ့ လွှတ်တော်သို့ ၎င်းဥပဒေကြမ်းအား ပေးပို့အတည်ပြုချက်တောင်းခံမည်ဖြစ်ကြောင်းသိရသည်။
Ref: Venus
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
မေး- စိုက်ပျိုးရေးလုပ်ငန်းတွေအောင်မြင်ဖို့ ဘယ်လိုမူဝါဒတွေနဲ့ ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာကို ဆွေးနွေးပေးပါဦးဆရာ။
UTMT- ပဲကတော့ မဆိုးဘူးပေါ့နော်။ ပဲကတော့ ဈေးကွက်တစ်ခု ရထားပြီးပြီ။ ကမ္ဘာ့ဈေးကွက်နဲ့ ချိတ်ဆက်မှုကလည်း သူ့ဟာသူ အတိုင်းအတာ တစ်အခုအထိ အောင်မြင်မှုရထားပြီ။ ဆန်စပါးကို စဉ်းစားကြည့်ရအောင်။ ဆန်စပါးလောကမှာ အိပ်စပို့လုပ်တဲ့ဟာ အောင်မြင်လာပြီး Industry အသွင် ဖြစ်လာပြီး major rice exporter ဖြစ် လာဖို့ စလုပ်ရမယ့်အလုပ်က ဘာလဲဆိုတော့ အခုသက်ဆိုင်ရာ တာဝန်ရှိသူတွေ ပြောနေကျတဲ့ဟာ အားလုံး တစ်ခုမှ မမှားဘူး။ ဒါပေမယ့်လို့ ဘာလဲဆို တော့ အဲဒါကဘာလဲဆိုတော့ အခုဟာက အထွက်တိုးရေးကို ပြောနေကြတယ်။ အဲဒီတော့ ဒီဟာက လိုအပ်သလား ဆိုတော့ ဒီဟာလည်း လိုအပ်တယ်။ ဒါပေမယ့်လို့ ဒါကဘာနဲ့တူနေလည်းဆိုတော့ Push factor တွန်းအားပေးတဲ့ဟာပါ။ Policy push ပေါ့။ အဲဒီဟာ တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ စဉ်းစားကြည့် ဒါ supply side ဘက်ကပြောတာ။ demand ဆိုက်က ပြန်ကြည့်ရအောင် ပထမဦးဆုံး ဘာလို့လဲဆိုတော့ ဈေးကွက်ရှိသလားစဉ်းစားကြည့်။ ကမ္ဘာ့ဆန်စပါးဈေးကွက်က တခြားဈေးကွက်တွေနဲ့မတူဘူး။ ကျဉ်းကျဉ်းလေး။ တစ်နှစ်တစ်နှစ်ကို အကြမ်းဖျဉ်းပြောရင် အိပ်စ်ပို့လုပ်တဲ့ ဆန်ပမာဏက မက်တရစ်တန်ချိန် သန်း ၃၀ ဝန်းကျင်လောက်ပဲ ရှိတယ်။ ပြောချင်တာက ဒီဈေးကွက်က ကျဉ်းကျဉ်းလေး။ Player ကလည်း နည်းနည်းလေး။ အဲဒီတော့ ကိုယ့်အားသာချက်က ဘာလဲဆိုတာကို ရှာရမယ်။ ဆန်ဈေးကွက်မှာ demand ရှိသလားလို့ကြည့်ရင် မဆိုးဘူး။ ခိုင်တယ်။ ဈေးကွက်လေး ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်ချက်ကလည်း ရှေ့လျှောက်အလိုကြီးပဲ ဖြစ်မှာလေ။ ဒီအတွက် demand side ကလည်း စဉ်းစားကြည့်ဖို့လိုတယ်။ လက်ရှိ policy push တွန်းတဲ့ မူဝါဒဖြစ်တယ်။ ဘာနဲ့အလားသဏ္ဍာန်တူသလဲဆိုရင် ဒီကိစ္စမှာက တွန်အားပေးတဲ့ဟာတစ်ခုတည်းလုပ်ရင် အပ်ချည်ကြိုးကို တွန်းသလို ဖြစ်နေမယ်။ အပ်ချည်ကြိုးကိုတွန်းရင် ဘာဖြစ်လည်းဆိုတော့ ရှေ့မတိုးတဲ့အပြင် တွန့်သွားတယ်။ အပ်ချည်ကြိုးကိုက demand ဘက်က စဉ်းစားပြီး Pull Policy ဆွဲတဲ့မူဝါဒကို သုံးလိုက်ရင် ဖြောင့်ဖြောင့်သွားမယ်။ အဲဒီတော့ မူဝါဒနှစ်ခုစလုံး လိုတယ်။ တွန်းလည်းတွန်းရမယ်။ ဆွဲလည်းဆွဲရမယ်။ အဲဒါ Keyပဲ။
စက်တင်ဘာ ၈ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇)၊ အမှတ် (၃၄) တွင်ပါသည့် နိုင်ငံအဆင့်စီးပွားရေးမူဝါဒ ချမှတ်ရေးဆိုင်ရာ ကျွမ်းကျင်သူ ဦးတင်မောင်သန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ငွေချေးပေးနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ရန်ပုံငွေတွေ ချထားပေးပါတယ်။ လုပ်ငန်းရှင်တွေ ထည့်ဝင်ငွေ ကျပ်သန်းပေါင်း ၅၀၀၀ မှာ မြို့နယ်တွေအလိုက် ခွဲဝေပြီးတော့လဲ ချထားပေးပါတယ်။ မြို့နယ်တစ်ခုချင်းစီရဲ့ လူဦးရေနေထိုင်မှု စာရင်းတွေနဲ့ လက်လုပ်လက်စား များပြားတဲ့ မြို့နယ်တွေကို ရန်ပုံငွေ ပိုချ ထားပေးတာမျိုးတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ပေးတဲ့ အဖွဲ့အစည်းက ဘာအခွင့်အရေးမှ ယူလို့မရပါဘူး။ ယူတယ်လို့ သိရင်တော့ အဂတိလိုက်စားမှု အက်ဥပဒေနဲ့ ထိထိရောက်ရောက်ကို အရေးယူသွားမှာ ဖြစ်ပါတယ်”
စက်တင်ဘာ ၈ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇)၊ အမှတ် (၃၄) တွင်ပါသည့် “ငွေးချေးယူသူများအား ချေးငွေပုံစံဖောင် ရောင်းချခြင်းကဲ့သို့ မသမာမှု တစ်စုံတစ်ရာ ပြုလုပ်ပါက အဂတိလိုက်စားမှု အက်ဥပဒေဖြင့် ထိရောက်စွာ အရေးယူမည်” သတင်းမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“နိုင်ငံတော်စီမံကိန်းတွေ တည်ဆောက်တဲ့နေရာမှာ အရေးကြီးတာတွေကို ဦးစားပေးဖို့။ တကယ်လိုအပ်တာကို ဖြည့်ဆည်းနိုင်ဖို့၊ အချိန်မီပြီးဖို့နဲ့ မလိုလား အပ်တဲ့ ကုန်ကျစရိတ်တွေလျှော့နိုင်ဖို့လိုပါတယ်။ ဆောက်လုပ်ပြီး စီမံကိန်းတွေရဲ့ အားနည်း ချက်တွေ၊ အားသာချက်ကိုလည်း ပြန်လည်သုံးသပ်သင့်တယ်။ ပြည်သူ့ ဘဏ္ဍတွေကို အသုံးပြုတာဖြစ်တာကြောင့် မလိုအပ်တဲ့ အသုံးစရိတ်တွေကိုလျှော့နိုင်ရမယ်၊ ပြုလုပ်တဲ့ စီမံကိန်းကလည်း ပြည်သူလူထုကို အကျိုးပြု နိုင်ဖို့ လိုပါတယ်”
စက်တင်ဘာ ၇ ထုတ် Weekly ELEVEN အတွဲ (၆) အမှတ် (၄၉) တွင်ပါသည့် “ပုဂ္ဂလိကလုပ်ငန်းများပါဝင် တည်ဆောက်နေသော နိုင်ငံတော် စီမံကိန်းအချို့အတွက် ဘတ်ဂျက်များ ပြန်လည်ခွဲဝေပေးအစိုးရအဖွဲ့၏ လုပ်ငန်းဦးစားပေးမှုအရ အရေးကြီးလုပ်ငန်းများ တည်ဆောက်ခွင့် ရသူများကို ဦးစားပေးချထား” သတင်းမှ ပါမောက္ခဒေါ်လှမြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“နိုင်ငံရဲ့ဘဏ္ဍရေး၊ ငွေရေးကြေးရေးအပါအဝင် စီးပွားရေးပတ်ဝန်းကျင်တစ်ရပ်လုံးကို ပြုပြင်ပြောင်းလဲနိုင်ဖို့ အကြံပြုထားတယ်။ ဘဏ်တိုးနှုန်း လျှော့ချပေးရင် တုံ့ဆိုင်းနေတဲ့စီးပွားရေး သွက်လက်လာနိုင်ပေမယ့် တစ်ဖက်မှာလည်း ငွေကြေးဖောင်းပွမှု မတက်အောင် ထိန်းနိုင်ဖို့လည်းလိုတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေက ၇-၁၁ နှုန်းနဲ့ ၈-၁၂ နှုန်းလောက်ကို သဘောကျတာတွေ့ရတယ်။ အပ်ငွေအတိုးနဲ့ ချေးငွေအတိုးကိုလည်း ၄-၅ ရာခိုင်နှုန်း လောက်ပဲ ကွာတာကို လိုချင်ကြတယ်။ လျှော့ပေးတဲ့နှုန်းက ပမာဏနည်းကောင်းနည်းပေမယ့် လက်ရှိအနေအထားထက် အကျိုးဖြစ်ထွန်းရင် ကောင်းတဲ့ အခြေ အနေပါ”
စက်တင်ဘာ ၇ ထုတ် Weekly ELEVEN အတွဲ (၆) အမှတ် (၄၉) တွင်ပါသည့် “မြန်မာနိုင်ငံ၏ လက်ရှိ သတ်မှတ်ထားသော ဘဏ်တိုးနှုန်း များကို ၂ ရာခိုင်နှုန်းလျှော့ချ” သတင်းမှ သမ္မတရုံးအကြံပေးအဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
ဆောင်းပါးကဏ္ဍ
ကုန်သွယ်ရေးတွင် ငွေလဲနှုန်း၏ အခန်းကဏ္ဍ
နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးမူဝါဒမှာ ယင်းနိုင်ငံ၏ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ငွေလဲနှုန်းကို များစွာ အကျိုးသက်ရောက်မှု ရှိလေသည်။ မြန်မာ နိုင်ငံ၏ နိုင်ငံတကာကုန်သွယ်မှုအခန်းကဏ္ဍမှာ ပြောပလောက်အောင် မရှိပါချေ။ နိုင်ငံခြားသို့ တင်ပို့သော အဓိကကုန်ပစ္စည်းငါးမျိုးမှာ သဘာဝဓာတ်ငွေ၊ အထည်အလိပ်၊ သစ်နှင့် သစ်အချောအထည်၊ ပုဇွန်၊ ငါးနှင့် ရေလုပ်ငန်းထွက်ကုန်နှင့် ပဲမျိုးစုံတို့သာဖြစ်ပြီး ယင်းတို့အနက် သဘာဝဓာတ် ငွေ့မှာ ထုတ်ကုန် စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းခန့် ရှိနေကြောင်းတွေ့ရလေသည်။ ထိုအတွက်ကြောင့် မြန်မာနိုင်ငံ၏ ထုတ်ကုန်အခန်းကဏ္ဍတွင် ကုန်ပစ္စည်း အမျိုးအစားကွဲများ တင်ပို့နိုင်မှုနည်းပါးခြင်းနှင့် တန်ဖိုးမြင့် ကုန်ချော ထုတ်လုပ်မှုနည်းပါးခြင်းတို့ ဖြစ်ပေါ်လျက်ရှိနေပေသည်။
ယခုအခါတွင် ငွေကြေးလဲလှယ်နှုန်း အခက်အခဲကြောင့် ထုတ်ကုန်တင်ပို့မှု အခက်အခဲဖြစ်ပေါ်လျက်ရှိ နေပေသည်။ ကုန်ထုတ်လုပ်မှု စရိတ် မြင့်မားမှုကြောင့် ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်မှု နှိမ့်ပါးနေသည့် ပြည်တွင်းလုပ်ငန်းများမှာ ရှင်သန်မှုရရန်ကိုပင် အထူးကြိုးစား လုပ်ဆောင်နေကြောင်း တွေ့ရလေသည်။ အဓိက ပို့ကုန်များမှာလည်း ဒေသတွင်းဈေးကွက်ကိုသာ အဓိကရှာဖွေနိုင်ကြောင်းတွေ့ရပြီး အခြားသော ဈေးကွက်များ၊ ဈေးကွက် အုပ်စုများနှင့် ချိတ်ဆက် လုပ်ဆောင်မှု အလွန်နည်းပါးကြောင်း တွေ့မြင်ရလေသည်။ ထို့အပြင် နယ်စပ်ကုန်သွယ်ရေးမှာလည်း မှောင်ခိုဈေးကွက်ပုံစံ ဖြစ်ပေါ်နေခြင်းကြောင့် ကုန်သွယ်မှုစာရင်းရှင်းတမ်းအတိအကျကို မသိရှိနိုင်ဖြစ်နေရလေသည်။ ထိုအတွက်ကြောင့် နယ်စပ်ကုန်သွယ်ရေးကို စည်းမျဉ်း စည်းကမ်း ဘောင်သွင်း၍ တရားဝင် ကုန်သွယ်မှုဖြစ်ပေါ်လာအောင် ဖန်တီးဖော်ဆောင်ဖို့ လိုအပ်ပါသည်။
အစိုးရသစ်တက်လာပြီးနောက်ပိုင်းတွင် ပင်စင်လစာတိုးမြင့်လိုက်ခြင်းကြောင့် အကျိုးဖြစ်ထွန်းသူများ ရှိနေခဲ့ သော်ငြားလည်း စီးပွားရေးအပေါ် သက်ရောက်မှု ကြီးကြီးမားမား မရှိခဲ့ပါ။ သို့သော် ယခုကဲ့သို့သော ငွေကြေးအကျပ် အတည်းမျိုးနှင့် ကြုံတွေ့ရသောအခါ ပင်စင်လစာတိုးမြင့်ခဲ့မှု (အစိုးရ အသုံးစရိတ် မြင့်တင်မှု)သည်ပင် အကျပ်အတည်း ဖြစ်ပေါ်လာခဲ့ရသော အကြောင်းများစွာထဲက တစ်ခုအပါအဝင် ဖြစ်ခဲ့လေသည်။ ယခင် အစိုးရ လက်ထက်က ဗဟိုဘဏ်မှ ငွေတိုက်စာချုပ်များကို ပုဂ္ဂလိကဘဏ်များသို့ နှစ်ကြိမ်တိုင်တိုင် ရောင်းချခြင်းဖြင့် ဈေးကွက်အတွင်းသို့ရောက်ရှိနေသော ငွေများ သိမ်းယူခဲ့ပြီး မျှော်မှန်းထားသည့် ငွေကြေးဖောင်းပွမှုထက် ကျော်လွန်မသွားအောင် ဆောင်ရွက်ခဲ့လေသည်။
ယခု မြန်မာကျပ်ငွေ မာလာမှုအပေါ် တုံ့ပြန်ဖြေရှင်းသည့်အနေဖြင့် ဗဟိုဘဏ်မှ စီမံခန့်ခွဲမှုနှင့်ယှဉ်သည့် ချိတ်နှုန်းကို တရားဝင်သတ်မှတ်ရန် ပြင်ဆင်နေလျက်ရှိပြီး ကနေဦးအနေဖြင့် စီးပွားရေးလုပ်ဆောင်သူများ လုပ်သာကိုင်သာရှိမည့် အတိုးနှုန်းကို လျော့ချလိုက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၁ရက်နေ့က တရားဝင်ထုတ်ပြန် ကြေငြာခဲ့လေသည်။ မြန်မာနိုင်ငံ၏ အတိုးနှုန်းမှာ အခြားသော အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျှင် များစွာမြင့်တက်လျက် ရှိနေသည့်တိုင် ၂ရာခိုင်နှုန်းလျော့ချလိုက်ခြင်းဖြင့် သူ့အတိုင်းတာသူနှင့် သက်ရောက်မှု ရှိနိုင်ပါသည်။ ပို့ကုန်လုပ်ငန်းရှင်များက ငွေပိုမို ချေးလာနိုင်မှာ ဖြစ်သည့်အပြင် ဈေးကွက်မှ တုန့်ပြန်ပုံကိုကြည့်၍ နောက်ထပ် လျော့ချနိုင်ဖို့အတွက် ကနေဦးပြင်ဆင် ထားသည့် အခြေအနေမျိုးဖြစ်ပေါ်လာပေသည်။ ထို့အပြင် ယခုထက် ငွေကြေးဖောင်းပွမှုမရှိအောင် ဆက်လက်ထိန်းသိမ်းထားနိုင်ပါက အမှန်တကယ်ရှိသော အတိုးနှုန်း(real intere st rate) ၏ အသီးအပွင့်ကို ဆက်လက်ရယူရင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွား၍ ရနိုင်ပါ သည်။ အတိုးနှုန်းလျော့ချခြင်းသည် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံမှုများကို ယခုထက်ပိုမိုလာအောင် စွဲဆောင်လိုက်သလိုဖြစ်ပြီး ပြည်သူများ၏ စုဆောင်းလိုစိတ် မြင့်တင်လိုက်သလိုပင် ဖြစ်သောကြောင့် ယခုအချိန်တွင် အဆိုးထက်အကောင်း ပိုများပေသည်။
ငွေကြေးမူဝါဒမှာ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားအဆင့် စီးပွားရေးတည်ငြိမ်မှုတွင် အလွန်အရေးပါသည် ဖြစ်လေရာ ဦးသိန်းစိန်အစိုးရ တက်လာပြီး နောက်ပိုင်း အဓိကကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာဖြစ်သည့်အပြင် ဖြေရှင်းနေရဆဲလည်း ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ အမျိုးသားအဆင့် စီးပွားရေးတည်ငြိမ်မှု မရှိသောကြောင့် ဖြစ်လေသည်။ ယင်းကြောင့်လည်း ယခုကဲ့သို့ ဘဏ္ဍရေးအကျပ်အတည်း ဖြစ်ပေါ် လာနိုင်သည့် လက္ခဏာမျိုး မြင်တွေ့နေရခြင်းဖြစ်လေသည်။ နိုင်ငံတော်သမ္မတကြီးမှလည်း နေပြည်တော်တွင် ကျင်းပသော စီးပွားရေးဖိုရမ်တွင် ၎င်း၏ အစိုးရအနေဖြင့် အမျိုးသားအဆင့် စီးပွားရေးတည်ငြိမ်မှု ရှိလာအောင် စီးပွားရေး မူဝါဒဆိုင်ရာ အဆုံးအဖြတ်ပေးနေသော အင်စတီကျူးရှင်းများကို စနစ်တကျတည် ဆောက်သွားမည်ဟု ပြောကြားသွားခဲ့လေသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ဦးသိန်းစိန်အစိုးရမှာ နိုင်ငံ၏ အမျိုးသားအဆင့် စီးပွားရေး တည်ငြိမ်မှုကို လွှမ်းမိုးမှုကြီးကြီးမားမားရှိသည့် ဗဟိုဘဏ်ကဲ့သို့သော မူဝါဒချမှတ် သည့်အဖွဲ့အစည်းမျိုးကို နိုင်ငံရေးသြဇာခံမှု နည်းသည့် လွတ်လပ်သည့် အဖွဲ့အစည်းမျိုးအဖြစ် ထားရှိဖို့ များသွားလေပြီ။
ယခုအချိန်သည့် စီးပွားရေးမူဝါဒများချမှတ်ရာ၌ လိုက်လျောညီထွေရှိဖို့၊ ဟန်ချက်ညီညီရှိဖို့နှင့် လျှင်လျှင်မြန်မြန် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အထူးပင်အရေးကြီးပါသည်။ ကုန်သွယ်မှုပိုငွေပြလာမှသာ နိုင်ငံ၏ GDP မြင့်တက်လာမှာဖြစ်ပြီး ယင်းကုန်သွယ်ရေးမူဝါဒနှင့် လိုက်လျော ညီထွေ ရှိသည့် ငွေကြေးမူဝါဒကို ချမှတ်အကောင်အထည် ဖော်နိုင်ရမှာဖြစ်ပေသည်။ နယ်စပ်ကုန်သွယ်ရေးတရားဝင်လမ်းကြောင်းပေါ်တင်ရေး၊ ပို့ကုန် ဈေးကွက်ရှာဖွေ မြှင့်တင်နိုင် ရေးနှင့် တန်ဖို့မြင့်အရည်အသွေးရှိ ပို့ကုန်များတင်ပို့နိုင်ရေး၊ သွင်းကုန်ကဏ္ဍကို မလိုအပ်ဘဲ ထိန်းချုပ်ကန့်သတ်ခြင်း မရှိရေး အပါအဝင် ငွေကြေးလဲလှယ်မှုနှုန်းတည်ငြိမ်းရေးနှင့် သတ်မှတ်ထားသည့် ငွေကြေးဖောင်းပွမှုအတွင် အတိုးနှုန်းလျော့ချရေးတို့ကို သီးခြားမဆောင်ရွက်ပဲ တစ်ပြိုင်နက်တည်း ဟန်ချက်ညီ ညီဆောင်ရွက်နိုင်မှသာလျှင် နောင်နှစ်များ အတွက် ကုန်သွယ်မှု ပိုငွေပြလာနိုင်မည် ဖြစ်ပါကြောင်း……။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××××
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.