Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၂.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. ပညာသည်သာ အရာရာ

*************************************************************************************

ဆောင်းပါးကဏ္ဍ

ပညာသည်သာ အရာရာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံအဖြစ်သို့ တွန်းပို့ပေးမည့် အင်အားမှာ အဘယ်အရာဖြစ်မည်နည်း။ ဤမေးခွန်းမှာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အဓိကပုံဖော်မည့် မူဝါဒချမှတ် သူများ၊ နိုင်ငံတည်ဆောက်ရေးအခန်းကဏ္ဍတွင် ပါဝင်ပတ်သက်သူများအားလုံး အထူးအလေးထား စဉ်းစားအဖြေရှာရမည့် မေးခွန်းဖြစ်ပါသည်။ နိုင်ငံရေးအင်အားစုများကြားအပြန်အလှန် ယုံကြည်မှု တည်ဆောက်ပြီးသကာလ နိုင်ငံ၏ အနာဂတ်အတွက် ရှေ့ဆက်လျှောက်ရမည့် လမ်းကြောင်းတွင် အရေးကြီးဆုံးလိုအပ်ချက်မှာ ပညာပင်ဖြစ်သည်။ အရာရာသည်ပင် ပညာဖြစ်သည်ဟု ဆိုလျှင် မှားမည်မဟုတ်။

အစိုးရနှင့် လွှတ်တော်ထဲတွင်

သို့နှင့် ယခုလက်ရှိ နေပြည်တော်မူဝါဒချမှတ်သည့် အသိုင်းအဝိုင်းတွင် နိုင်ငံတည်ဆောက်ရေး တတ်သိပညာရှင်များ ဘယ်ရွှေ့ဘယ်မျှ ပါဝင်နေသနည်း။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနိုင်ငံရေးစနစ်တစ်ခုဆီသို့ ပြောင်းလဲသွားသည့်တိုင် စနစ်ပြောင်းအုပ်ချုပ်သူ မပြောင်းဘဲကျန်ရှိနေသည့်အတွက် အသစ်ပေါ်ထွန်းလာသည့် ဦးသိန်းစိန်အစိုးရအဖွဲ့အတွင်းတွင်ရော လွှတ်တော်တွင်ပါ ယခင် အုပ်ချုပ်ရေးစနစ်ဟောင်း၏ တပ်မတော်မှပုဂ္ဂိုလ်များ ပါဝင်နေလျက်ရှိသည်။

ထို့သို့ ပါဝင်နေခြင်းမှာ မြန်မာနိုင်ငံတွင် ရေရှည်ဖြေရှင်းရဦးမည့် စစ်ဘက် - အရပ်ဘက် ဆက်ဆံရေးအဖြေရှာရေးတွင် အဖြေရရှိ နိုင်လောက်သည့် အခင်းအကျင်းတစ်ခုလည်း ဖြစ်နိုင်ပါသည်။ သို့သော် နိုင်ငံရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒရေးရာ အကြံဉာဏ်များပေးနိုင်သည့် ပညာရှင်ဦးရေမှာလည်း အလွန်နည်းပါးပါသည်။ သမ္မတ၏ အကြံပေးအဖွဲ့ကိုဖွဲ့စည်းထားပြီးပြီဖြစ်သော်လည်း ထိုအကြံပေးအဖွဲ့၏ နိုင်ငံရေး၊ စီးပွားရေး အကြံပေးချက်များကို ထိထိရောက်ရောက် လုပ်ဆောင်ရန်လည်းလိုပါသည်။ အမှန်စင်စစ် တတ်သိပညာရှင်များကို နေရာပေးမှုမှာ ထိုမျှလောက်နှင့် လုံလောက်မှုရှိပြီဟုမဆိုနိုင်ပါ။ အစိုးရအဖွဲ့အတွင်းတွင်ရော၊ အရပ်ဘက်လူ့အဖွဲ့အစည်းများတွင်ရော၊ လိုအပ်လျှင် (လိုအပ်မည်သာ ဖြစ်ပါသည်) ပြင်ပပညာရှင်များခေါ်ယူ၍ သော်လည်းကောင်း အကြံဉာဏ်များတောင်းဖို့ လိုအပ်ပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တွေ့ကြုံရမြဲ

သို့နှင့် မြန်မာနိုင်ငံတွင်ရော နိုင်ငံတည်ဆောက်ရေးကို ထိထိရောက်ရောက် အကြံဉာဏ်ရောင်းနိုင်သည့် တတ်သိပညာရှင်ဦးရေ လုံလုံလောက်လောက် ရှိပါ၏ ဟူ၍ ထပ်ဆင့်မေးစရာရှိလာပါသည်။ လုံလုံလောက် လောက်မရှိပါဟူ၍ ဖြေရမည်သာဖြစ်သည်။ ဤသို့ ပညာရှင်ရှားပါးသည့် ပြဿနာမှာ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများဆုံးတွေ့ရပြီး ဖွံ့ဖြိုးရေးအတွက်လည်း အဟန့်အတားဖြစ်လျက်ရှိပါသည်။ ထိုအတွက်ကြောင့် ပြဿနာအထွေထွေ ဖြေရှာခြင်းငှာ အကြံဉာဏ်များ ပေးအပ်နိုင်စွမ်းရှိသော ပညာရှင်များကို နေရာပေးဖို့လိုသလို ပညာရှင်မွေးမြူရေးမှာ နိုင်ငံတည်ဆောက်ရေးတွင် တစ်ပြိုင်နက်တည်းလိုလို လုပ်ဆောင်ရမည့် အရာပင်ဖြစ်သည်။

အဆင့်မီသည့် ပညာရေးတော့ မဟုတ်သေး

စာရေးသူဖတ်ဖူးသည့် စာအုပ်တစ်အုပ်တွင် မြန်မာနိုင်ငံ၏ စံနှုန်းများဖြင့် ဖော်ပြထားသည့် ပညာတတ် မြောက်မှုနှုန်းကို ယင်းစာအုပ်ကို ရေးသားသူက ပညာတတ်များပေါများသည့် နိုင်ငံတစ်ခုအဖြစ် ကောက်ချက် ချထားသည်ကို တွေ့ရှိရသည့်အခါ စာရေးသူ တအံ့တသြဖြစ်ခဲ့ရသည်။ နိုင်ငံတကာအသိုင်းအဝိုင်းမှ မြန်မာ့အရေးဝေဖန်သုံးသပ်သူများ ယခင် ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကိန်းကဏန်းအချက်အလက်များကို နိုင်ငံတကာစံနှုန်းများဖြင့် တိုင်းတာကာ ကောက်ချက်ချထားခြင်းဖြစ်ပေလိမ့်မည်။ မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးတွင် အထူးလိုအပ်လျက်ရှိသော ပညာရပ်များဖြစ်သည့် နိုင်ငံရေးသိပ္ပံ၊ နိုင်ငံရေးဘောဂဗေဒ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ ပြည်သူ့ရေးရာမူဝါဒများကို လုံးလုံးသင်ကြားခြင်းမရှိသည်ကို ထိုပုဂ္ဂိုလ်များသိပုံမရပါ။ တစ်လောက အမျိုးသားလွှတ်တော်တွင် တက္ကသိုလ်များ၌ နိုင်ငံရေးသိပ္ပံပညာသင်ကြားပေးရေးအဆိုနှင့် ပတ်သက်၍ အပြန်အလှန်ငြင်းခုံဆွေးနွေးမှုများ ရှိခဲ့သော်လည်းမူဝါဒချမှတ်အကောင်အထည်ဖော်သည့် အဆင့် သို့ ရောက်ရှိခဲ့ခြင်းမရှိပါ။

အမှန်စင်စစ် မြန်မာနိုင်ငံ၏ ပညာရေးမှာ နိုင်ငံတကာမှ သုံးသပ်ဝေဖန်သူများ၏ အမြင်ကဲ့သို့ နိုင်ငံတကာအဆင့်အတန်းကို မီနိုင်လောက်သည့် ပညာရေးမဟုတ်။ အခြေခံပညာရေးတွင် နိုင်ငံတကာနှုန်းစံများကို လိုက်နိုင်သော်ငြားလည်း အဆင့်မြင့်ပညာမှာမူ လူတစ်ယောက်ပညာတတ်ဖြစ်လာဖို့ရန် အားကိုးလောက်စရာမရှိပါ။ ယခုနှစ်နောက်ပိုင်းတွင် နိုင်ငံတကာမှ ဖွံ့ဖြိုးရေးအိုင်ဒီယာများကိုလူငယ်၊ လူလတ်အချို့ သိရှိလာကြသော်လည်း ယင်းမှာတက္ကသိုလ်မှ ရရှိလိုက်ခြင်းမျိုးမဟုတ်ဘဲ လူထုပညာတတ်ပုဂ္ဂိုလ်များ (Public Intellectuals) များ၏ စေတနာဖြင့် ရေးသားဖော်ပြ မိတ်ဆက်ပေးမှုကြောင့်သာ ဖြစ်သည်။ သို့သော် အားရစရာကောင်းသည့် အချက် တစ်ခုမှာ နာဂစ်ဖြစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (Non-Government Organization)   တည်ထောင်ခွင့် ရရှိလာပြီး စွမ်းရည်မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်လာခဲ့ကြောင်းတွေ့ရသည်။

စိန်ခေါ်မှုကြီးမားသည့် ပြဿနာ

ယခုအခါ ဦးသိန်းစိန်အစိုးရသည် အဓိကအတိုက်အခံပါတီ အသွင်ဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံရေး သဘောတူအမြင် တစ်ခုရရှိရန် ညှိနှိုင်းအဖြေရှာပြီးသည့်နောက် ရင်ဆိုင်ကြုံတွေ့လာရမည့် အမျိုးသားအကျိုးစီးပွား ပြဿနာမှာကား စီးပွားရေးပင် ဖြစ်သည်။ နှစ်ဖက်စလုံးမှာ မြန်မာနိုင်ငံကိုအခြားနိုင်ငံများနည်းတူဖွံ့ဖြိုးတိုးတက်စေချင်သည့် ဆန္ဒများရှိသည့် အားလျှော်စွာ နိုင်ငံရေးသဒ္ဓါ ထက်သန်မှုဖြင့် ယုံကြည်မှုတည်ဆောက်ကာ အဖြေရှာဖြေရှင်းနိုင်ခဲ့ပါသည်။ ယင်းစိတ်ဆန္ဒများကိုအခြေခံလျက်ပင် မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသော အခွန်မူဝါဒ၊ ငွေကြေးမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒ၊ အလုပ်အကိုင်မူဝါဒ အစရှိသည့် စီးပွားရေးပြဿနားများကိုဖြေရှင်းရန် လိုအပ်နေပြီဖြစ်သည်။ ထိုသို့ ဖြေရှင်းရာတွင် ဘာသာရပ်၏ နက်နဲသည့် သဘောကို သိမြင်နားလည်အဖြေရှာနိုင်စွမ်းရှိသည့် ပညာရှင်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန်လိုအပ်ပါသည်။ ဥပမာအားဖြင့် ဆိုရလျှင်မူဗဟိုဘဏ်ဥက္ကဋ္ဌနေရာတွင် ငွေကြေးရေးရာ ဘောဂဗေဒပညာရှင်ကို ခန့်အပ်ခြင်းမျိုးကဲ့သို့ဖြစ်ပါသည်။

နိုင်ငံခြားငွေလဲနှုန်းပြဿနာ ကြုံလာရပြီးနောက်ပိုင်း ဦးသိန်းစိန်အစိုးရမှ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ မူဝါဒရေးရာအကြံပေးအဖွဲ့ အစည်းကို ဖွဲ့စည်းလိုက်နိုင်ပြီဖြစ်သော်လည်း ယခုထိရှင်းလင်းတိကျသည့် မူဝါဒရေးရာအကောင်အထည်ဖော်မှုများ မြင်တွေ့ရခြင်းမရှိသေးပါ။ ထိုအတွက်ကြောင့် အချို့သော နိုင်ငံရေးဘောဂဗေဒလေ့လာသူများက စီးပွားရေးကိစ္စရပ်များကို ကျွမ်းကျင်ပြီး အစိုးရအား စီးပွားရေးမူဝါဒရေးရာ အကြံပြုချက်များ ပေးနိုင်သည့် တက်ကနိုကရက်များ (Technocrats) ဖြစ်ရုံဖြင့် မလုံလောက်တော့ဘဲ ယင်းတက်ကနိုကရက်များကိုမူဝါဒချမှတ်နိုင်သည့် နိုင်ငံရေးသမားများ အဖြစ် နိုင်ငံရေးအာဏာများ ရယူနိုင်ရန် အသင့်ရှိပြီးယင်းသို့ ရယူရန် စိတ်ဆန္ဒလည်းရှိသည့် တက်ကနိုပို (Technopols) များ ဖြစ်ရန် လိုအပ်ကြောင်း သုံးသပ်ခြင်းများလည်း ရှိပါသည်။

နိဂုံးချုပ်အနေဖြင့် ဆိုရလျှင်မူ နိုင်ငံတည်ဆောက်ရေးပညာရှင်များ၏ အခန်းကဏ္ဍမှာအရေးကြီးသည့်အလျှောက် ယင်းတို့အား ထိုက်သည့်နေရာ ပေးအပ်ရန် အရေးကြီးပါသည်။ ယင်းသို့ ထိုက်တန်သည့် နေရာပေးအပ်မှသာလျှင် သမ္မတကြီး၏ ပြည်ဝင်ခွင့်မူဝါဒချမှတ် အကောင်အထည်ဖော်မှုလည်း ထိရောက်မှုရှိမည် ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ ဖွံ့ဖြိုးပြီးနိုင်ငံအဖြစ်သို့ တက်လှမ်းသွားနိုင်သည့် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်ကို လေ့လာကြည့်လျှင်လည်း တတ်သိပညာရှင်များ၏ အကြံဉာဏ်များကိုတလေးတစားရယူခဲ့သည် ချည်းသာဖြစ်ကြောင်းတွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံမှာလည်း အာဆီယံစီးပွားရေးအသိုက်အဝိုင်းတွင်  ယှဉ်ပြိုင်မှုအသာစီးရချင်သည်ဆိုပါက ဤလမ်းကြောင်းအတိုင်းသာ လျှောက်မှသာလျှင် ပြည်သူအားလုံး မျှော်လင့်နေသည့် ဖွံ့ဖြိုးရေးပန်းတိုင်ကိုရောက်ရှိစေမည်ဖြစ်ပါကြောင်း………….။

*****************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment