yangonchronicle2011 Op-Ed |
၁.၂.၂၀၁၂
ဆောင်းပါးကဏ္ဍ
- တောအုပ်အစပ်က ကျောင်းကလေး
********************************************
ဆောင်းပါးကဏ္ဍ
တောအုပ်အစပ်က ကျောင်းကလေး
တင်အောင်
လူသူအရောက်အပေါက်နည်းတဲ့ တောင်တန်းကြီးရဲ့ တစ်ဖက်မှာ တောအုပ်တစ်အုပ် ရှိပါတယ်။ အဲ့ဒီတောအုပ်လေးထဲမှာ လူမျိုးစုတစ်စု ရှိနေပါတယ်။ ဒီလူမျိုးတွေဟာ ဘာသာရေးကို လေးစားတဲ့ သူတွေဖြစ်ပြီး ယောက်ကျား မိန်းမ ခွဲခြားမှုကလည်း မရှိဘဲ တန်းတူအခွင့်အရေး ရကြပါတယ်။ ကုသိုလ်ကံက ကောင်းချင်တော့ သူတို့နေထိုင်ရာ တောအုပ်ထဲမှာ အစားရေစာကလည်း ပေါကြွယ်ဝပြန်သတဲ့။ ဒါကြောင့် သူတို့ဟာ အေးချမ်းစွာ နေထိုင်ပြီး ပူပင်ကြောင့်ကြမှုတွေကလည်း ကင်းဝေး၊ ဘာသာရေးကို နှလုံးသွင်းရင်းနဲ့ နေချင့်ဖွယ်ကောင်းလောက်တဲ့ အသိုက်အမြုံကလေးတစ်ခုကို ဖန်တီး ထားနိုင်တယ် ဆိုရမှာပါ။ သူတို့ဟာ တောအုပ်ထဲက လူတွေ။
တောင်တန်းကြီးရဲ့ ဒီဘက်မှာတော့ လွင်ပြင်ကျယ်ကြီးတစ်ခုရှိပြီး အင်မတန်ကို ရုန့်ရင်းကြမ်းတမ်းတဲ့ လူမျိုးစုတစ်စု ရှိပြန်ပါတယ်။ လွင်ပြင် ကျယ်ကြီးဖြစ်တာနဲ့အညီ အစားရေစာကလည်း ရှားပါးပြန်ပါတယ်။ ဒီလူတွေဟာ ဘာသာတရား မရှိကြပါဘူး။ နောက်ပြီးတော့ မိန်းမတွေကို ဦးစားပေးသော် ငြားလည်း မိန်းမတွေဟာ ကလေးပဲမွေးရမယ် ယောက်ကျားတွေဟာ စစ်တိုက်ရမယ်ဆိုတဲ့ မဟာပုရိသဝါဒလည်း ရှိပြန်ပါတယ်။ သူတို့ဟာ လွင်ပြင်ကြီးက လူတွေ။
တောအုပ်ထဲကလူတွေဟာ လွင်ပြင်ကြီးထဲက လူတွေကို မနှစ်မြို့နိုင်ကြပါဘူး။ ဘာသာတရားလည်းမရှိ ယောက်ကျားတွေကသာ ကြီးစိုးပြီး ရုန့်ရင်းကြမ်းတမ်းတဲ့ လွင်ပြင်ကြီးက လူတွေကို ထိတွေ့ဆက်ဆံလိုခြင်း မရှိတာကြောင့် တောင်တန်းကြီးကိုကျော်ပြီး လွင်ပြင်ဘက် သွားလေ့မရှိကြပါဘူး။
အလားတူပဲ လွင်ပြင်ကြီးက လူတွေဟာလည်း တောအုပ်ထဲက လူတွေကို သူတို့ရဲ့စံနှုန်းတွေနဲ့ တိုင်းတာပြီး မနှစ်မြို့ကြပြန်ပါဘူး။ ဘာသာရေး ဆိုတဲ့ အကြောက်တရားကြီးတွေနဲ့ ဖိနှိပ်ခံထားရပြီး သူရဲဘောကြောင်တဲ့သူတွေလို့ မြင်ကြတယ်။ သူတို့အုပ်စုနှစ်စုကြားမှာ အခါအားလျော်စွာ အငြင်းပွားမှု၊ တိုက်ခိုက်မှုတွေလည်း ရှိပြန်တယ်။
တနေ့တော့ တောအုပ်ထဲက လူငယ်တစ်ယောက်ဟာ ဒီအခြေအနေတွေကို ကျော်လွှားဖို့ ကြိုးစားတယ်။ ဒီလူမျိုးစုနှစ်စု ဘယ်လို ပေါင်းသင်း နေထိုင်ကြမလဲဆိုတာတွေပါ။ လူကြီးတွေကတော့ အရိုးစွဲနေပြီ ဖြစ်တဲ့အတွက် ကလေးတွေကနေ ဒီရန်ငြိုးတွေကို သင်ပုန်းချေနိုင်အောင် ကြိုးစားရမယ်လို့ သူတွေးတယ်။ ဒီတော့ ကလေးတွေ တစ်စုတစ်စည်းတည်းဖြစ်အောင် ပတ်ဝန်းကျင်တစ်ခုဖန်တီးဖို့ ရှာဖွေပြန်တော့ ကျောင်းကလေး တစ်ကျောင်း ဆောက်လိုက်တာ ကောင်းမယ်လို့ သူဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ တောအုပ်အစပ်မှာ ကျောင်းကလေးတစ်ကျောင်းကို သူတည်ထောင်လိုက်တယ်။ နှစ်ဖက် စလုံးက ကလေးတွေကို ကျောင်းလေးမှာ လာတက်ဖို့ စည်းရုံးတယ်။ နှစ်ဖက်ခေါင်းဆောင်တွေနဲ့ မိဘတွေကတော့ စိတ်လက် မသက်မသာနဲ့ဘဲ စောင့် ကြည့်နေကြတယ်။
ကျောင်းကလေးမှာ ကလေးတွေ ပြဿနာ စတက်ပါပြီ။ ဘာသာစကား မတူတာရယ်၊ သွန်သင်ဆုံးမမှု ကွဲပြားတာရယ်ကြောင့် ကလေးတွေဟာ ငြင်းကြခုံကြ၊ ခိုက်ရန်ဖြစ်ကြ၊ ငိုကြနဲ့ ကျောင်းကလေးဟာ ဆူညံနေပါတော့တယ်။ ကျောင်းလေးကို တည်ထောင်တဲ့ ကျောင်းဆရာလူငယ်ဟာ အစပိုင်းမှာ ထိတ်လန့်တုန်လှုပ်မိပေမယ့် ကလေးတွေသဘာဝအရ ရန်ဖြစ်လိုက်ပြန်တည့်ပြီး အတူကစားလိုက်နဲ့ နေကြတာကို တွေ့လာတော့ သူ့ရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝတော့မယ်လို့ ပီတိ ဖြစ်လာပါတယ်။ သူကလည်း ကျောင်းသားလေးတွေကို မျှမျှတတ ဆက်ဆံတယ်။ တန်းတူအခွင့်အရေးပေးပြီး ညီမျှစွာ နေထိုင် ကြစေတယ်။ ဒါပေမယ့် ကျောင်းလာတက်တဲ့ ကျောင်းသားအရေအတွက်က တောအုပ်ထဲက ကလေးတွေက လေးပုံတစ်ပုံသာရှိပြီး လွင်ပြင်ကြီးက ကလေးတွေက သုံးပုံတောင် ရှိပါတယ်။
တနေ့တော့ ကျောင်းဆရာလူငယ်လေးဟာ ပုံမှန်အတိုင်း ကျောင်းကိုလာခဲ့ပါတယ်။ ကျောင်းကိုရောက်တဲ့အခါမှာ သူ့ကို အံအားသင့်စေမယ့် မြင်ကွင်းတစ်ခုက ဆီးကြိုလို့ နေပါတော့တယ်။ သူ့ရဲ့ ကျောင်းကလေးဟာ မီးရှို့ခံထားရပြီး ပြာပုံအဖြစ်သာ ရှိတော့တာပါ။ ဒီကျောင်းလေးကို ဘယ်သူ မီးရှို့တာလဲ၊ တောထဲက လူတွေလား၊ လွင်ပြင်ကြီးက လူတွေလား။
နှစ်ဖက်စလုံးက ဖြစ်နိုင်ပါတယ်။ စာဖတ်သူအနေနဲ့လည်း မိမိနှစ်သက်ရာရှုထောင့်က တွေးနိုင်ပါတယ်။ ဒါပေမယ့် ဒီပုံပြင်လေးမှာ အဓိက ပေးချင်ပုံရတဲ့ အတွေးအမြင်တွေ အများကြီး တွေ့ရတယ်။
တစ်ချက်ကတော့ တောအုပ်ထဲက လူတွေဟာ အစစ အရာရာ ပြည့်စုံနေပါလျှက်နဲ့ ဘာကြောင့်များ ကလေးတွေ ကို ကျောင်းကို ပို့ကြတာလဲ။ လွင်ပြင်ကြီးက လူတွေကရော အစားအစာ မလုံလောက်တဲ့အထဲမှာ ကလေးတွေကို ကျောင်းပို့ပြီး ကလေးတွေအတွက် အစာပိုရှာကြတာလဲ။ ကျောင်း ဆရာ လူငယ်ကရော ဘာကြောင့်များ ဒီ အသိုက်အဝန်း နှစ်ခုကို ပေါင်းစပ်ချင်ရတာလဲ။ နောက်ဆုံးမှာ ကျောင်းလေးကို မီးရှို့ကြတဲ့ နှစ်ဖက်အုပ်စုတွေရဲ့ ရည်ရွယ်ချက်တွေက ဘာလဲ စသည်ဖြင့် များစွာ တွေးယူနိုင်ပါတယ်။ ဒီမှာ ပေးတဲ့ အတွေးတွေကတော့
(၁) ပညာရေးဆိုတာ စားဝတ်နေရေး ဖူလုံရုံသက်သက် မဟုတ်ဘူး။ ကျောင်းဆိုတာလည်း စာသင်ကြားရုံ သက်သက်မဟုတ်ဘဲ လူမှုရေးတွေ၊ ကလေးဘဝတည်းက ပူးပေါင်းဆောင်ရွက်တတ်မှုတွေ၊ သည်းခံမှုတွေ၊ ချစ်ခင်မှုတွေ ကို ပေါင်းစည်းပေးရာ ဌာနဖြစ်တယ်။ ပြီးတော့ ဘယ်အသိုင်းအဝိုင်းက ကလေးမဆို ပညာရေးကို တန်းတူညီမျှစွာ သင်ကြားခွင့် ရှိရမယ်။ ကျောင်းသားတွေဟာ ခွဲခြားဆက်ဆံခံရခြင်း မရှိစေရဘူးဆိုတဲ့ အတွေးအခေါ်ကို ပေးပါတယ်။
(၂) လူဆိုတာ တစ်ဦးတည်း တစ်ယောက်တည်း၊ တစ်အုပ်စုတည်း ရပ်တည်ရတာ မဟုတ်တဲ့အတွက် အားလုံးပူးပေါင်းနေထိုင်နိုင်အောင် နည်းလမ်းတွေ ရှာဖွေရတာဖြစ်တယ်။ ဒီပုံပြင်လေးဟာ ဂလိုဘယ်လိုက်ဇေးရှင်း သဘောကိုတောင် ဆောင်ထားတာ တွေ့ရတယ်။
(၃) ကျောင်းလေးကို မီးရှို့တဲ့အထဲမှာ တောအုပ်ထဲက လူတွေဖြစ်တယ်ဆိုရင် သူတို့ဟာ ကွန်ဆာဗေးတစ်တွေ ဖြစ်မယ်။ ဥရောပ အလယ်ခေတ် မှာလိုပေါ့။ စားကြသောက်ကြ၊ ပျော်ကြပါးကြ၊ ဘုရားတရားကို နှလုံးသွင်းကြ၊ ကလေးတွေကို ကျောင်းကို ပို့ထားရတာ သူတို့အတွက် မလိုအပ်ဘဲ အချိန် ဖြုန်းရာကျတယ်။ လွင်ပြင်ကြီးက လူတွေဆိုရင်တော့ ကွန်မြူနစ်တွေဖြစ်မယ်။ ကျောင်းမှာ သူတို့ရဲ့ကလေးတွေဟာ လူတွေကို ကြောက်ရွံ့အောင် လုပ်ထားတဲ့ ဘာသာရေးတွေ သင်ကြားခံရလိမ့်မယ်။ ပြီးတော့ အစားအစာ ဖူလုံစွာနဲ့ ကျောင်းတက်နေရတဲ့ ကလေးတွေဟာ အစာရှာရင်း ကျောင်းတက် ရတဲ့ သူတွေကလေးတွေထက် ပိုတော်လိမ့်မယ်။ တစ်ချိန်ချိန်မှာ အဲ့ဒီကလေးတွေက လွင်ပြင်ကြီးက လူတန်းစားတွေကို အုပ် ချုပ်လိမ့်မယ်။ တစ်သက်လုံး မိန်းမတွေကို ခေါင်းဆောင်မတင်ရဘူးတဲ့ လွင်ပြင်ကြီးက လူတွေဟာ မိန်းမတွေ အုပ်ချုပ်တာ ခံရတော့မယ်ဆိုတဲ့ အတွေးတွေနဲ့ ကျောင်းကို မီးရှို့တာလည်း ဖြစ်နိုင်ပါတယ်။ နှစ်ဖက်လုံးမှာလည်း ကျောင်းကိုပို့ချင်တဲ့ မိဘတွေ ရှိဦးမှာပါ။ ဒါဟာ ဘာကိုပြောသလဲဆိုရင် အမြင်မတူတဲ့ အုပ်စုနှစ်စုကြားမှာ ကိုယ့်အတွက်ပဲကြည့်တဲ့ အုပ်စုတွေရှိနေကြသလို အကောင်းမြင်စိတ်နဲ့ ပြောင်းလဲလိုသူတွေလည်း ရှိတာကို ပြောနေတာဖြစ်တယ်။ လူတန်းစား ပဋိပက္ခ တွေနဲ့ နိုင်ငံရေး အယူအဆတွေ ကွဲပြားလာရခြင်းဆိုတဲ့ ပုံစံပါ။
(၄) အဓိက အချက်ကတော့ ကျောင်းကလေး ဘာကြောင့်မီးလောင်သွားရတာလဲ ဆိုတာပါ။ ကျောင်းဆရာလူငယ်ဟာ စေတနာသာ ရှိပြီး ဒီကျောင်းလေးကနေ အနာဂတ်မှာ လူမျိုးစုနှစ်စုအတွက် ဘယ်လို အကျိုးရလဒ် ဖြစ်စေမှာလဲ ဆိုတာကို ချမှတ်နိုင်ခဲ့ခြင်း မရှိတာကို တွေ့ရတာပါ။ ဒါကြောင့် ပညာရေးဟာ တကယ့်ကို လက်တွေ့အသုံးချ ပညာရေး ဖြစ်ဖို့လိုတယ်ဆိုတဲ့ အတွေးအမြင်ကိုလည်း ပေးထားတယ်။
***************************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.