Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

 ၅.၃..၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မမြင်ရတဲ့လက်နဲ့ မြင်ရတဲ့လက်

*****************************************

ဆောင်းပါးကဏ္ဍ

မမြင်ရတဲ့လက်နဲ့ မြင်ရတဲ့လက်

မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလာခဲ့သည်မှာ ရာစုနှစ်နှစ်စုကျော် ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း ဈေးကွက် အင်စတီကျူး ရှင်းများ ခိုင်ခိုင်မာမာ ဖြစ်ထွန်းတိုးတက်ခြင်းမရှိပေ။ သို့သော် မြန်မာနိုင်ငံ၏ GDPမှာ တောက်လျှောက်ဆိုသလို အတက်ပြနေခဲ့ပါသည်။ ဤသို့ GDP တိုး တက်မှုနှုန်းအတိုင်းသာ လူတစ်ဦးချင်းဝင်ငွေ တိုးတက်ရမည်ဆိုလျှင် ယခုနိုင်ငံတော်အစိုးရမှ ထုတ်ပြန်ထားသော ဆင်းရဲမွဲတေသည့်ပြည်သူ သန်းနှင့် ရှိ နေမည်မဟုတ်ပါ။  နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးမှုကိုတိုင်းတာရာနှုန်း GDP ပေတံမှာ ပြည့်စုံလုံလောက်သော တိုင်းတာမှုမဟုတ်ကြောင်း ဘောဂဗေဒပညာရှင်များ က ထုတ်ဖော် ပြောဆိုလာခဲ့သည်။ ရေရှည်ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးဖြစ်စေလိုလျှင် အားလုံးပါဝင်နိုင်သည့် စီးပွားရေးပတ်ဝန်းကျင်ကို ဖော်ဆောင် ပေးရမည်ဖြစ်သည်။ သို့ဆိုပါလျှင် မည်သည်က ဖော်ဆောင်ပေးရမည်နည်း။ ဈေးကွက်ကိုယ်တိုင်ကလော၊ အစိုးရကလောဆိုသည်မှာ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး ရေးမဟာဗျူဟာတွင် အလေးထား စဉ်းစားရမည့် ကိစ္စရပ်ဖြစ်လာလေပြီ။

ဤဇာတ်၏အစကို ပြန်လည်သုံးသပ်ရမည်ဆိုလျှင် ယခင်ရာစု၏ ကမ္ဘာ့စီးပွားရေးသမိုင်းကို လေ့လာဖို့ လိုလာလေပြီ။ ဒုတိယက မ္ဘာစစ်မတိုင်မီက ကမ္ဘာ့နိုင်ငံတော်တော်များများတွင် ကျင့်သုံးခဲ့သည့် စီးပွားရေးမှာ ကျမ်းရိုးဘောဂဗေဒပညာရှင်များ ဖော်ထုတ် တင်ပြခဲ့သည့် လွတ်လပ်သော ဈေးကွက်စီး ပွားရေးစနစ် ဖြစ်သည်။ ၁၉၃၀ခုနှစ်တွင် အမေရိကန်နိုင်ငံမှ စတင်ခဲ့သော မဟာစီးပွားပျက်ကပ်မှာ တစ်ကမ္ဘာလုံးသို့ ရိုက်ခတ်သွားခဲ့ရသည့်အပြင် ဒုတိယ ကမ္ဘာစစ်ကြီးကြောင့် နိုင်ငံအများစု၏ စီးပွားရေးမှာအတော်နှင့် နလန်မထူနိုင် ဖြစ်ခဲ့သည်။ သို့နှင့် ဈေးကွက်စီးပွားရေး၏ အနှစ်သာရဖြစ်သော မမြင်ရတဲ့ လက်ကို ဒီအတိုင်းလွှတ်ထားမည့်အစား မြင်သာထင်သာသော အစိုးရလက်များနှင့် ထိန်းကျောင်းဖို့ ဖြစ်လာခဲ့သည်။ ယင်းအိုင်ဒီယာကို ဖော်ထုတ်ခဲ့သည့် ပညာရှင်မှာ အင်္ဂလန်နိုင်ငံ ကိန်းဘရစ်တက္ကသိုလ်မှ အကျော်ဒေယ ဘောဂဗေဒပညာရှင် John Maynard Keynes ဖြစ်သည်။ စစ်ပြီးခေတ် ကမ္ဘာစီးပွား ရေးမှာ ကိန်းမော်ဒယ် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်ဟု ဆိုရမည်သာဖြစ်သည်။ ၎င်း၏သူငယ်ချင်းလည်းဖြစ်၊ အိုင်ဒီယာပြိုင်ဘက်လည်းဖြစ်သော နောက်ထက် ဘောဂဗေဒ အကျော်အမော်မှာ စီးပွားရေးတွင် အစိုးရကြားဝင်ခြင်းသည် လွတ်လပ်မှုကိုထိခိုက်သည်ဟု ထုတ်ဖော်တင်ပြခဲ့သော သြစတြေး လျလူမျိုး Friedrich Von Hayek ဖြစ်သည်။ သို့သော် ယင်း၏ အယူအဆမှာ စစ်ပြီးခါစ ကမ္ဘာ့စီးပွားရေးတွင် မူဝါဒချမှတ်သူများ အလေးထားခြင်း မခံခဲ့ရ ပေ။

နိုင်ငံအများစုမှာ ကိန်းစီးပွားရေးကို ရာစုနှစ်များစွာ ကျင့်သုံးလာခဲ့ပြီးနောက်တွင် အလုပ်လက်မဲ့ပြဿနာနှင့် ငွေကြေးဖောင်းပွမှုကို ကြုံတွေ့လာ ခဲ့သည်။ သို့နှင့် Milton Friedman ဦးဆောင်သော ကျမ်းရိုးသစ် ဘောဂဗေဒပညာရှင်များ၏ အားထုတ်မှုဖြင့် Hayek၏ လွတ်လပ်မှုဆိုသည့် အယူအဆကို ပြန်လည်တင်ပြလာခဲ့သည်။ ယင်းအိုင်ဒီယာကို တကယ်လက်တွေ့သုံးခဲ့သူ သြဇာရှိမူဝါဒချမှတ်သူ နှစ်ဦးမှာ အမေရိကန်သမ္မတဟောင်း ရောနယ်ရေဂင်နှင့် အင်္ဂလန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာတို့ဖြစ်သည်။ သူတို့နှစ်ဦး ပြုပြင် ပြောင်းလဲမှုများမှာ အတော်တူညီကြသည်ဖြစ်ရာ မီဒီယာများမှ နိုင်ငံရေးအ ရ လက်ထပ်ထားသူများဟု (Political marriage) သတ်မှတ် ခေါ်ဝေါ်ရသည်အထိပင် ဖြစ်သည်။ သို့နှင့် နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်း ပေးအပ်ပြီး ဈေးကွက်၏ လွတ်လပ်မှုကို တဖန် ပြန်လည်အသက်သွင်းခဲ့သည်။  ထိုအချိန်ကတည်းက လွတ်လပ်သော ဈေးကွက်စီးပွားရေးကို တစ်ကမ္ဘာ လုံး ပြန်လည်ကျင့်သုံးလာရာ ၂၀၀၈ခုနှစ် အရောက်တွင် စီးပွားပျက်ကပ်နှင့် တဖန်ပြန်လည်ကြုံတွေ့ခဲ့ရပြန်သည်။ ထိုအခါ ကိန်း၏ဈေးကွက်တွင် အစိုးရ ဝင်ရောက်ရေးမော်ဒယ်ကို အပြည့်အဝမဟုတ်သည့်တိုင် တစ်စုံတစ်ရာသော အတိုင်းအတာထိ အကောင်အထည်ဖော်၍ ကမ္ဘာ့စီးပွားရေး၏ မကျန်းမာမှုကို ကုစားဆဲဖြစ်သည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းစ မြန်မာနိုင်ငံတွင်လည်း ပီပြင်သည့် ဈေးကွက်စီးပွားရေးစနစ်ကို ဖော်ဆောင်ရာတွင် မည်သို့သော မဟာဗျူဟာကို ကျင့်သုံးရမည်နည်းဆိုသည့် မူဝါဒရေးရာဆွေးနွေးပွဲမျိုး ပေါ်ထွန်းစပြုနေပြီ ဖြစ်သည်။ အမျိုးသားစီမံကိန်း မဟာဗျူဟာကို အကောင်အထည်ဖော်ရာတွင် အစိုးရကြားဝင်မှု အလေးပေးမည်လော၊ လွတ်လပ်သောဈေးကွက်ကို အလေးပေးမည်လောဟူ၍ ဖြစ်သည်။ စာရေးသူအမြင်၌ မြန်မာနိုင်ငံ၏ဈေးကွက် တွင် အစိုးရလက်တံများ နဂိုကတည်းကရှိနေပြီး အစိုးရယန္တရားမှာ လိုအပ်သည်ထက် ပိုမိုကြီးမားနေသည်ဟု သုံးသပ်မိပါသည်။ ဤသို့ဆိုလိုက်သည်နှင့် ဈေးကွက်ကိုချည်း လွတ်ပေးထားရမည်ဟုလည်း မဆိုပါ။ မြန်မာနိုင်ငံ ကို ဟိုတလောကရောက်ရှိခဲ့သည့် နိုဘယ်ဆုရကမ္ဘာကျော် ဘောဂဗေဒပညာရှင် စ တင်းဂလစ်က အစိုးရမှာ နိုင်ငံ၏စီးပွားရေးတွင် အချက်အချာကြသော အခန်းကဏ္ဍမှ ပါဝင်သည်ဟု မှတ်ချက်ပြုသွားသည်မှာလည်း အလေးထား သုံးသပ် စရာဖြစ်သည်။

မြန်မာနိုင်ငံမှာ ၂၀၁၅ခုနှစ်တွင် အာဆီယံစီးပွားရေးအသိုက်အဝန်းကို ဝင်ရောက်တော့မည်ဖြစ်ကြောင်း လက်မှတ် ရေးထိုးပြီးပြီဖြစ်သည်။ ထိုအ တွက်ကြောင့် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ဖို့ အထူးလိုအပ်လာသည်။ ယင်းကိုအကောင်အထည်ဖော်ရာတွင် အစိုးရမှာ အရေးကြီးသည့် အခန်းက ဏ္ဍမှာ အဓိကနေရာတွင် ရှိပါသည်။ သို့သော် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် စီးပွားရေးကို အကောင်အထည်ဖော်ဖို့မှာ ပုဂ္ဂလိကပိုင်းတနည်း ဈေးကွက်ကသာ တက်နိုင်သောကိစ္စရပ် ဖြစ်ပါသည်။ ထိုအတွက်ကြောင့် အစိုးရမှ ဈေးကွက်ပေါ် ဝင်ရောက်ရာတွင် ဈေးကွက်၏ လွတ်လပ်သည့် အနှစ်သာရမပျက်သော အမြော်အမြင်ရှိသည့် ဝင်ရောက်မှုမျိုးသာ ဖြစ်သင့်ပါသည်။ ဥပမာ ဆိုရလျှင် ငွေလဲနှုန်းကိုတည်ငြိမ်အောင် ထားနိုင်ခြင်းမျိုး ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ အသွင်ကူးပြောင်းစနိုင်ငံမျိုးတွင် နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများမှာ တည်ငြိမ်မှုရှိနေမှ အသွင်ကူးပြောင်းခြင်း အောင်မြင်နိုင်သည်ဖြစ်ရာ ငွေလဲနှုန်း တည်ငြိမ်အောင် ဈေးကွက်ကိုချည်း လွှတ်မထားဘဲ အစိုးရအင်စတီကျူးရှင်းဖြစ်သော ဗဟိုဘဏ်ကဲ့သို့ အဖွဲ့အစည်းမျိုးမှ တည်ငြိမ်အောင် ထိန်းထားနိုင်ရ မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်များဖြစ်သော ဓာတ်ငွေ့ရောင်းရငွေများဖြင့် တည်ငြိမ်အောင် ထိန်းထားလို့လည်းရနိုင်ပါသည်။ သို့မှသာ စီးပွားရေးလုပ်ငန်းများမှ ငွေလဲနှုန်းကိုခန့်မှန်း၍ ရေတို၊ ရေရှည် သတ်မှတ်၍ စီးပွားရေးလုပ်ဆောင်နိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခုအခါ နိုင်ငံနှင့်ချီသော မူဝါဒအငြင်းအခုံများ မူဝါဒချမှတ်သူများကြား၊ ပညာရှင်ကြားတွင် ဖြစ်ပေါ်နေလျက် ရှိသည်။ ကမ္ဘာ့မီဒီ ယာများမှလည်း မြန်မာနိုင်ငံ၏ ယင်းပြောင်းလဲမှုများအပေါ် အကောင်းဘက်မှ အလေးထားဖော်ပြလာကြသည်။ မူဝါဒ ချမှတ်သူများဖြစ်သော နိုင်ငံ့ခေါင်း ဆောင်များမှာလည်း သန်းခြောက်ဆယ်သောပြည်သူများ၏ အကျိုးစီးပွားအတွက် ဆီလျှော်မှုရှိသည့် အမျိုးသားစီမံကိန်း မဟာဗျူဟာကို အမြော်အမြင်ရှိ စွာ ရေးဆွဲအကောင်အထည်ဖော်ရန် အချိန်ကျရောက်ပြီဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ပါသည်။

              **********************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment