yangonchronicle2011 Op-Ed |
၂၀.၉.၂၀၁၂
ဆောင်းပါးကဏ္ဍ
- နုနယ်သည့်ဒီမိုကရေစီလမ်းကြောင်းပေါ်က ညီညွတ်ရေး
*****************************************
ဆောင်းပါးကဏ္ဍ
နုနယ်သည့်ဒီမိုကရေစီလမ်းကြောင်းပေါ်က ညီညွတ်ရေး
မိုးမြင့်ငြိမ်း
မြန်မာနိုင်ငံသည် ၂၀၁၀ နောက်ပိုင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ သမိုင်းဝင်အချိုးအကွေးများလည်း ဆက်တိုက်ဆိုသလို ပေါ်ပေါက် လာလျက်ရှိနေသည်။ ဘုံလုံတစ်လှည့် ငါးပြန်တစ်လှည့်ဆိုသလို နိုင်ငံရေးအပြောင်းအလဲများသည်လည်း ကောင်းချည်တစ်ခါ ဆိုးချည်တစ်လှည့်ဖြင့် ရှေ့ တိုးတက် ဖြစ်ထွန်းသွားမှုများကို အားရသလောက် နောက်ကြောင်းပြန်လှည့်နိုင်သည့် အခြေအနေမျိုးကိုလည်း စိုးရိမ်မိပါသည်။ မြန်မာနိုင်ငံ၏ အပြောင်း အလဲကို ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်နှစ်ဦးဖြစ်သော သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒီမိုကရက်တစ်အိုင်ကွန် ဒေါ်အောင်ဆန်းစုကြည်တို့ သုံးပွင့်ဆိုင် ဆွေးနွေးညှိနှိုင်းပြီး ပြောင်းလဲခဲ့ခြင်းဖြစ်သည်။
ဤသည်မှာလည်း မြန်မာနိုင်ငံရေးယဉ်ကျေးမှု ချိုးဖောက်လိုက်သည့် ပိုမိုကောင်းမွန်သည့် နိုင်ငံရေးဖြစ်အောင် ဦးတည်သွားစေသော အပြောင်း အလဲဖြစ်သည်။ မြန်မာနိုင်ငံမှာ ဂိုဏ်းဂဏဝါဒ (factionalism) ကြီးစိုးနေသည်ကို နေရာအနှံ့အပြားတွင် တွေ့ရပေမည်။ နိုင်ငံရေးနယ်ပယ်၌သာမက လူမှုရေး၊ စီးပွားရေးအစရှိသည့် နယ်ပယ်အသီးသီးတို့တွင်လည်း ရေရှည်တည်တံ့သည့် အဖွဲ့အစည်းဖြစ်အောင် ဆောင်ရွက်ခြင်းထက် အဖွဲ့အစည်း အတွင်း အုပ်စုဖွဲ့အင်အားပြခွဲထွက်သည့် အကျင့်စရိုက်မျိုး ရှိကြသည်။ ထိုအတွက်ကြောင့် မြန်မာနိုင်ငံရေးသည် ငါတို့နှင့်သူတို့ (us and them mentality) စိတ်အခံဖြင့် ညှိနှိုင်းသည့် ယဉ်ကျေးမှုမျိုးကို တည်ဆောက်၍ မရနိုင်လောက်အောင် တံတိုင်းများတည်ဆောက်ထားသည့် အစွန်းနှစ်ဖက်နိုင်ငံရေး (polarization politic) ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံသည် ယခုအခါတွင် တိုးတက်ဖို့အခွင့်အလမ်းများရှိနေသည့် နိုင်ငံတစ်နိုင်ငံအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်း၏ အမျိုးမျိုးသုံးသပ်မှုများ ရှိနေသည်။ အထူးခြားဆုံး အသွင်ကူးပြောင်းမှုများကို လုပ်ဆောင်နိုင်ခဲ့သည့် မြန်မာနိုင်ငံသို့ မရောက်ဖူးလျှင်ပင် ခေတ်မမီတော့သလို ဖြစ်နေသည်။ သို့သော် ရောက်လာကြသည့်သူတိုင်းလည်း မြန်မာနိုင်ငံတွင် အချိန်အတိုင်းအတာတစ်ခုထိတော့ စောင့်ဆိုင်းနေရဦးမည်ဟု သိသွားကြသူချည်းဖြစ်သည်။ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးတွင် ပါဝင်နေသည့် stakeholder များကလည်း ကုစားစရာတွေ အလွန်များသည့် နိုင်ငံအား နိုင်ငံရေး၊ စီးပွားရေး၏ အရေး ကြီးသောအစိတ်အပိုင်းများမှ စတင်၍ ပြောင်းလဲနေရသည်။ မြန်မာနိုင်ငံသည် ယခုကဲ့သို့ တိုးတက်ဖို့အခွင့်အလမ်းများကို ပါလီမန်ဒီမိုကရေစီခေတ်က လည်း ရရှိခဲ့ဖူးသည်။ ထိုအချိန်အခါတုန်းကလည်း မြန်မာနိုင်ငံသည် အာရှတွင် ဖွံ့ဖြိုးတိုးတက်ဖို့ အလားအလာအကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခြင်း ခံရသည်။ သို့သော် အထက်ကဆိုခဲ့ပြီးသလို စာရေးသူတို့၏ မြန်မာနိုင်ငံရေးယဉ်ကျေးမှုမှာ ဂိုဏ်းဂဏဝါဒသာ ကြီးစိုးခဲ့သည်ဖြစ်ရာ နိုင်ငံရေးသမိုင်းမှာ အကွဲအပြဲသမိုင်းသာဖြစ်ကြောင်း တွေ့ရမည်ပင်ဖြစ်သည်။ ထိုအတွက်ကြောင့် အာရှတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အံ့မခန်းရယူနိုင်ခဲ့သည့်အတွက် အာရှကျားများဟုပင် တင်စားခေါ်ဝေါ်ခြင်းခံရသည့် နိုင်ငံများ တစ်နိုင်ငံပြီးတစ်နိုင်ငံ ပေါ်ထွက်လာခဲ့သော်လည်း မြန်မာနိုင်ငံမှာတော့ ကြွေးမြီးများကို မဆပ် နိုင်သော အဆင်းရဲဆုံးနိုင်ငံအဖြစ် ဒေဝါလီခံခဲ့ရသည်။
နောင်ကြဉ်လောက်သည့် သမိုင်းသင်ခန်းစာများရှိသည့် မြန်မာနိုင်ငံအနေဖြင့် နောက်ကြောင်းပြန်လှည့်နိုင်သည့် အန္တရာယ်၏ ဇစ်မြစ်ဖြစ်သော ဂိုဏ်းဂဏဝါဒကို မြန်မာနိုင်ငံရေးယဉ်ကျေးမှုတွင် မရှိသင့်တော့ဟုဆိုသော အသိမျိုး နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်နေသည့် stakeholder များတွင် ရှိနေပြီဟု ယုံကြည်ပါသည်။ မျှော်လည်းမျှော်လင့်ပါသည်။ ထိုအတွက်ကြောင့်လည်း အားလုံးပါဝင်သည့် နိုင်ငံဖြစ်စဉ်ကို နိုင်ငံ့ခေါင်းဆောင်များ ညှိညှိနှိုင်းနှိုင်း တိုင် တိုင်ပင်ပင် ဆောင်ရွက်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် များမကြာမီကာလတုန်းက နုနယ်သော ဒီမိုကရေစီ နိုင်ငံရေးသက်တမ်းအတွင်း အုပ်ချုပ်ရေးအာ ဏာနှင့် ဥပဒေပြုရေးအာဏာနှစ်ရပ်ကြားလိုအပ်သည်ထက် အချင်းပွားမှုကို ကြုံတွေ့ခဲ့ရသည့်အတွက် ညီညွတ်မှုအပေါ် မေးခွန်းထုတ်စရာရှိနေသည်။ ထို့ အပြင် ပြုပြင်ပြောင်းလဲရေးကို မလိုလားသည့် နိုင်ငံရေးအင်အားစုမှာလည်း အင်အားကောင်းကောင်းဖြင့် ရှိနေသေးသည်ဖြစ်ရာ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးမှာ အကဲဆတ်မှုများ၊ မသေချာမှုများ အပြည့်ရှိနေသေးသည့်အတွက် ပြုပြင်ပြောင်းလဲလိုသူများကြား ညီညွတ်မှုမှာ အမှန်ပင် အရေးကြီးပါသည်ဟု စာရေးသူအနေဖြင့် တိုက်တွန်းလိုပါသည်။
သို့သော် တစ်ဖက်၌လည်း ညီညွတ်မှုကို တွေ့နေရသည့်အတွက် မြန်မာ့ဒီမိုကရေစီအရေးအတွက် စာရေးသူ၏ မျှော်လင့်ချက်ရောင်ခြည်မှာ မှေးမှိန်သွားခဲ့ခြင်းမရှိဘဲ ပိုမို၍ပင် တောက်ပလာလျက်ရှိသည်။ ယခုအခါတွင် သမ္မတဦးသိန်းစိန်နှင့် ကော့မှူးလွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည် တို့မှာ အမေရိကန်သို့ မရှေ့မနှောင်းသွားရောက်၍ နှစ်နိုင်ငံဆက်ဆံရေးအခြေအနေကို တိုးမြှင့်ရေးကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အခြေအနေများကို ပြောဆိုဆွေးနွေးကြမည်ဖြစ်သည်။ သမ္မတဦးသိန်းစိန်၏ မြန်မာနိုင်ငံအတွက် အဓိကဦးစားပေး လုပ်ဆောင်ပေးချင်သည့်အရာထဲတွင် အမေရိကန်နှင့် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုကို ဖယ်ရှားရေးလည်း အပါအဝင်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်အောင်လည်း မီဒီယာများမှ တစ်ဆင့်သော်လည်းကောင်း၊ သံတမန်နည်းလမ်းများဖြင့်သော်လည်းကောင်း ကြိုးစားဆောင်ရွက်ခဲ့ပြီးလည်း ဖြစ်သည်။ ယခုခရီးစဉ်တွင်လည်း ထိုကိစ္စကို ဦးစားပေးပြောကြားမည်ဟုလည်း ယူဆရပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံအား အရေးယူပိတ်ဆို့မှုအပေါ် ဖယ်ရှားပေးရန် အမေရိ ကန်အစိုးရအား ပြောကြားလိုက်ခြင်းအပေါ်မှာတော့ မြန်မာနိုင်ငံရေး၏ ညီညွတ်မှုကို စာရေးသူ တွေ့မြင်လိုက်ရသည်။ အရေးယူပိတ်ဆို့မှုကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလက်နက်အဖြစ် တစ်လျှောက်လုံးဆွဲကိုင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်မှာ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ကမ္ဘာကို တရားဝင်အသိပေးလိုက်သလိုရှိပြီး ယခုလက်ရှိအစိုးရအပေါ် သံသယများကင်းရှင်းရန် တိုက်တွန်းလိုက်ခြင်းလည်း ဖြစ်သည်။ ဤသို့ သော အခင်းအကျင်းမျိုးကို ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းသွားနိုင်လျှင် မြန်မာနိုင်ငံရေးမှာ ပတိရူပအနာဂတ်ဖြစ်တော့မည်ကို စာရေးသူ မြင်ယောင်မိ ပေတော့သည်။
****************************************
Google Drive: create, share, and keep all your stuff in one place.