Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၁.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လူ့အခွင့်အရေး မြှင့်တင်နိုင်စွမ်းအတွက် လေ့လာသင့်သည့် အရာများ

*****************************************

ဆောင်းပါးကဏ္ဍ

 လူ့အခွင့်အရေး မြှင့်တင်နိုင်စွမ်းအတွက် လေ့လာသင့်သည့် အရာများ

သုတေသီစွန်ရဲ

စက်တင်ဘာ၂၁ရက်ထုတ် ရန်ကုန်တိုင်း(မ်)ဂျာနယ် အတွဲ(၈)အမှတ်(၃၆)တွင်ပါရှိသည့် ဆောင်းပါးကို ထုတ်ယူတင်ပြချက်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးသည် တစ်ကမ္ဘာလုံးက အားကိုးအားထား ပြုရလောက်သည့် လူ့အခွင့်အရေး ကြေညာစာတမ်းကြီး(Universal Decleration of Human Rights)ကို ၁၉၄၈ခုနှစ် တွင် အတည်ပြုပြဋ္ဌာန်း ပေးခဲ့ပြီးနောက် နိုင်ငံများစွာတွင် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှု များကို ဖြေရှင်းပေးခြင်း ကြိုတင်ကာကွယ် ပေးခြင်းတို့နှင့် အသိပညာပေး စည်းရုံးလှုံ့ဆော်ပေးခြင်း တို့ကိုပါ တစ်စိုက်မတ်မတ် ပြုလုပ်ခဲ့လေသည်။

ကမ္ဘာကုလသမဂ္ဂ အဖွဲ့ကြီးမှ (အထူးသဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး) ထိုသို့အားထုတ် လုပ်ဆောင်နေမှုများ ရှိနေစဉ်မှာပင် အချိန်ကာလအလိုက် ပြောင်းလဲဖြစ်ပေါ် လာနေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ များထဲတွင် လူ့အခွင့်အရေး ချိုးဖောက်မှု များ လည်း ဆက်လက်ဖြစ်ပေါ် လျက်ရှိ၏။ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကြောင့် နယ်ပယ်ပေါင်းစုံတွင် ကူးလူးဆက်ဆံမှု အပြန်အလှန် ဆက်စပ်မှုတို့ ပိုမိုဖြစ်ပေါ် လာနေချိန်တွင် လူ့အခွင့်အရေးကိုလည်း ပုံစံအမျိုးမျိုးဖြင့် ပိုမိုချိုးဖောက်လာခြင်းများ ရှိလာရာ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ခေတ်သစ် လူ့အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းတည်ငြိမ် သာယာရေးအတွက် အကြီးမားဆုံး စိန်ခေါ်မှုများ ဖြစ်လာနေသည်။ ထို့ကြောင့် လူ့အခွင့် အရေးကို လေးစားလိုက်နာမှု လျော့နည်းလာခြင်းနှင့် အခြေအနေ အရပ်ရပ်ကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှု အသစ်အဆန်းများ ကြားဆက်စပ်မှု အခြေ အနေများသည် ခေတ်သစ်ကမ္ဘာတွင် ပိုမိုဂရုစိုက် လေ့လာကြရမည့် အကြောင်းအရာများ ဖြစ်လာ၏။

ပြစ်ဒဏ်ရှောင်လွှဲနိုင်သော အခြေအနေများရှိနေခြင်း

လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသော်လည်း အလေးအနက်ထား၍ စုံစမ်းစစ်ဆေးမှုများ မပြုလုပ်နိုင်ခြင်း သက်ဆိုင်ရာ ဥပဒေများဖြင့် တရား စွဲဆို အရေးယူခြင်းများ မပြုလုပ်နိုင်ခြင်း စသည့် အခြေအနေများသည် ကျူးလွန်သူများကို ပြစ်ဒဏ်ရှောင်လွှဲမှုများ ဖြစ်ပေါ်လာစေကာ လူ့အခွင့်အရေး ကာ ကွယ် စောင့်ရှောက် မှုများအပေါ် အလေးထားမှုများ လျောနည်းလာကြသည်။

ပြည်တွင်းတွင် တည်ရှိနေပြီးသော ဥပဒေများကို လေးစားလိုက်နာမှုမရှိခြင်း ၊မစောင့်ထိန်းနိုင်ခြင်း၊ တရားဥပဒေ စိုးမိုးရေးကို ထိန်းကျောင်း ဆောင်ရွက် နေကြသော ပြည်သူ့ဝန်ထမ်း အဖွဲ့အစည်းများ၏ ဥပဒေလက်နက်ကို ထိရောက်စွာ အသုံးမပြုနိုင်ခြင်း၊ ကိုယ်ကျိုးရှာ ဘက်လိုက်မှုများ ရှိနေခြင်း၊ တို့သည်လည်း ပြစ်ဒဏ်ရှောင်လွှဲ မှုများအတွက် ပိုမိုအခွင့်အရေးရရှိလာကာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပို၍ဆိုးရွားစွာ ကျူးလွန်မှုများ ဖြစ်ပေါ်လာ စေတော့သည်။

ဆင်းရဲနွမ်းပါးခြင်း

မိမိရရှိထိုက်သည့်  အခွင့်အရေးကိ ငြင်းဆိုခြင်းခံရသော၊ တူညီသော အခြေအနေထဲတွင် ခွဲခြားဆက်ဆံခြင်းခံရသော လူများသည် ယေဘုယျ အားဖြင့် ဘဝရပ်တည်မှု မပြည့်စုံစွာဖြင့် ဆင်းရဲနွမ်းပါးစွာ ရပ်တည်နေရသူများ ဖြစ်လာနိုင်သည်ဟု သုံးသပ်နိုင်သည်။

ယနေ့ကမ္ဘာပေါ်တွင် လူဦးရေး တစ်ဘီလျံကျော်သည် အမေရိကန် ဒေါ်လာတန်ဖိုးအားဖြင့် တစ်ဒေါ်လာအောက် ပမာဏသာရရှိ သည့် ဝင်ငွေဖြင့် အသက်ရှင် ရပ်တည်နေကြသည်ဟု သိရသည်။ ၎င်းတို့သည် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွင် ရသင့်ရထိုက်သော အခြေခံ ဝန်ဆောင်မှုများနှင့် သုံးစွဲခွင့်ရှိ သည့် သံယံဇာတများကိုပင် အနည်းငယ်သာ ရရှိခြင်း သို့မဟုတ် လုံးဝမရရှိခြင်းတို့ဖြင့် ကြုံတွေ့နေရသူများ ဖြစ်သည်။ ယနေ့လူ့အဖွဲ့အစည်း များထဲရှိ  ဝင်ငွေ နည်းပါးသည့် ဆင်းရဲသား လူတန်းစားတို့သည် ပညာရေး၊ ကျန်းမားရေး၊ နေအိမ်အဆောက်အဦ ရရှိမှု ၊စားနပ်ရိက္ခာ ရရှိမှုတို့ကို ၎င်းတို့တတ်စွမ်းနိုင်သော ငွေကြေး ပမာဏတို့ဖြင့် ရရှိခံစားနိုင်မှု အလွန်နည်းသည်။  ထို့ကြောင့်ဆင်းရဲနွမ်းပါးမှုကြောင့် လူသားတစ်ယောက်အဖြစ် ရပ်တည်နိုင်ရေးအတွက် အခြေခံ လိုအပ်ချက် များကိုပင် ပြည်စုံစွာ မရရှိခဲ့သဖြင့် ဆင်းရဲနွမ်းပါးမှုသည် လူ့အခွင့်အရေးအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိလာသည်။

ခွဲခြားဆက်ဆံခံရခြင်း

ခွဲခြားဆက်ဆံခံရခြင်းသည်  လူတစ်ဦး တစ်ယောက်အတွက် စီးပွားရေးအရ ဆုံးရှုံးမှုများဆီသို့ ဦးတည်သွားကာ ဥစ္စာဓန အကျိုးအမြတ်များ လျော့ပါးလာ၍ နောက်ဆုံးတွင် ဆင်းရဲနွမ်းပါးမှုကို ဖြစ်စေသည်။ ဆင်းရဲနွမ်းပါးခြင်းကြောင့် လူ့အဖွဲ့အစည်းအတွင်း ရပ်တည်မှုတွင် ခွဲခြားဆက်ဆံ ခံရခြင်းနှင့် ဖယ်ကြဉ်ခံရခြင်း အခြေအနေကို ပိုမိုတွေ့ကြုံ လာရသည်။ ဆင်းရဲနွမ်းပါးမှု အကြောင်းကြောင့်အပြင် ရိုးရာထုံးတမ်း အစဉ်အလာများ အရသော်လည်း ကောင်း၊ သက်ဆိုင်ရာ ပြည်တွင်းဥပဒေများ အရသော်လည်းကောင်း၊ ကျားမခွဲခြား ဆက်ဆံမှုများ၊ အသားအရောင်၊ ဘာသာစကား၊ ကိုးကွယ်သည့်ဘာသာ စသဖြင့် အယူအဆ အမျိုးမျိုးဖြင့် အချို့နိုင်ငံများတွင် ခွဲခြားဆက်ဆံမှုများသည် နိုင်ငံတကာမှ လက်ခံထားသော လူ့အခွင့်အရေး စံသတ်မှတ်ချက်များ နှင့် ကြည့်ပါက ဆန့်ကျင်ဘက် အသွင်ဆောင်လျက် ရှိသည်ကို တွေ့ရသည်။

လက်နက်ကိုင် ပဋိပက္ခနှင့် အကြမ်းဖက်မှု

ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း၊ မူလအခြေတည် နေထိုင်လျက် ရှိသည့်နေရာမှ အတင်းအကျပ် ရွှေ့ပြောင်းစေခြင်း၊ အုပ်စုလိုက်ဖမ်းဆီး ထိန်း သိမ်းထားခြင်းနှင့် ဖျောက်ဖျက်ပစ်ခြင်းတို့သည် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသည့် နေရာများ၌ ယနေ့တိုင် ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန် လုပ် ဆောင်နေသည့် လူ့အခွင့်အရေး ဖောက်ဖျက်နေသည့် အခြေအနေများ ဖြစ်သည်။ လူသားချင်း စာနာမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေအရ လက်နက်ကိုင် ပဋိပက္ခနှင့် မပတ်သက်သော၊ ပတ်သက်ခဲ့သည့်တိုင် ဆက်လက်၍ မပါဝင်တော့ မပတ်သက်တော့သော သူများကို ထိုပဋိပက္ခ ဖြစ်ပွားနေသည့် အချိန် ကာ လ၌ အကာအကွယ်ပေးမှုများ လုပ်ဆောင်ပေးရန် လိုသည်။ အကြမ်းဖက်မှုသည်လည်း လူ့အခွင့်အရေး ချိုးဖောက်မှု အကြောင်းတရား ဖြစ်သည်။ အကြမ်း ဖက် မှုများကို နှိမ်နင်းရန် ကာကွယ်ရန်နှင့် ကျူးလွန်လုပ်ဆောင် သူများကို ပြစ်ဒဏ်ပေးရန် ဥပဒေ အကြောင်းတရားများအရ နိုင်ငံအစိုးရများ အနေဖြင့် ကိုယ်ပိုင် နည်းလမ်းများဖြင့် တာဝန်ယူလုပ်ဆောင် နေကြသော်လည်း လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေနှင့် ဆက်စပ်လုပ်ဆောင်နိုင်သည့် နည်း လမ်းများကို စီစဉ်ဆောင်ရွက်ထားရန်လိုသည်။

ဒီမိုကရေစီမဲ့ခြင်းနှင့် အားနည်းသော အင်တီကျူးရှင်းများ

ဒီမိုကရေစီ ဆိုသည်မှာ လူ့အခွင့်အရေးများကို လေးစားလိုက်နာစေရန်၊ မြှင့်တင်ပေးနိုင်စေရန်၊ လူ့အခွင့်အရေး ဆိုသည်ကို လူအများ အပြည့်အဝ ခံစားရရှိ နိုင်စေရန် နိုင်ငံများစွာက လက်ခံကျင့်သုံးနေသော နိုင်ငံရေး မိုဒယ်တစ်ခုသာ ဖြစ်သည်။ ဒီမိုကရေစီ သဘောတရားကို လက်ခံနိုင်စွမ်းမရှိသည့် လူ့ အဖွဲ့အစည်း တစ်ခုအတွင်းတွင် လူအခွင့်အရေး ချိုးဖောက်မှုများ ပိုမိုများလာနိုင်သည်။ ထို့အပြင် ကျွမ်းကျင်မှု မရှိသော  ဆိုးရွားသော စီမံအုပ်ချုပ်မှုများ ကြောင့် ဖြစ်ပေါ်လာသော စွမ်းဆောင်ရည် အားနည်းသည့် အင်စတီကျူးရှင်းများသည်လည်း သက်ဆိုင်ရာ လူ့အဖွဲ့အစည်း အတွင်းရှိ လူအများအတွက် လူ့ အခွင့်အရေး အာမခံချက်များကို ကြီးစွာသော ထိခိုက်မှုများ ဖြစ်စေသည်။

ဤသို့ဖြင့် နယ်ပယ်ပေါင်းများစွာ ကူးလူးဆက်ဆံမှု၊ အပြန်အလှန် ဆက်စပ်မှုတို့ အရှိန်ကောင်းလာနေသော ယနေ့အချိန်အခါတွင် လူ့အခွင့်အရေး မြှင့်တင်နိုင်စွမ်းအတွက် ပိုမိုဂရုစိုက် လေ့လာရသည့် အကြောင်းတရားများက တစ်နေ့တစ်ခြား တိုးပွားများပြား လာနေလေပြီ။

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment