Transparency Myanmar

transparency.myanmar@gmail.com

eaglecentre.blogspot.com မှ ကူးယူဖော်ပြသည်။

ရန်ကုန်၊အောက်တိုဘာ ၇

နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသ အနှံ့အပြားတွင် ကြွက်မြီးတစ်ချောင်းလျှင် ၂၅၀ ကျပ်နှင့် ၅၀၀ ကျပ်ကြား အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း လပွတ္တာခရိုင်အတွင်းရှိ ကျေးရွာများမှ ဒေသခံများက ပြောကြားသည်။

နာဂစ်မုန်တိုင်း ဖြစ်ပွားပြီး တစ်နှစ်ကျော်ခန့်အကြာ၌ အဆိုပါ ဒေသတွင် လယ်ကြွက်များ သိသိသာသာပေါများပြီး စပါးခင်းများကို ဖျက်ဆီးနေသဖြင့် စစ်ဒေသမှ အိမ်ထောင်စုတစ်စုလျှင် ကြွက်မြီး ၅ ချောင်းမှ ၁၀ ချောင်းခန့်အထိ စုဆောင်းစေပြီး ကျေးရွာအုပ်စုအလိုက် ကြွက်မြီး မီးရှို့ပွဲများ ကျင်းပရန် ညွှန်ပြထားသဖြင့် ကြွက်မြီးများ ဈေးကွက်ဝင်လာခြင်း ဖြစ်သည်ဟု လျှော်ချောင်းကျေးရွာအုပ်စုမှ ရွာသားတစ်ဦးက ပြောကြားသည်။

“ရွာတွေရောက်လို့ ဥက္ကဋ္ဌကို မေးလို့ရှိရင် ကြွက်မြီးရှို့ပွဲသွားနေတယ်လို့ ရွာတိုင်းပြောကြတယ်” ဟု NGO တစ်ခုမှ စားနပ်ရိက္ခာဝေခြမ်းရေး ဝန်ထမ်းတစ်ဦးက ၎င်းအတွေ့အကြုံကို ပြောကြားသည်။

နာဂစ်မုန်တိုင်းကြောင့် ကြွက်ကို စားသုံးသော မြွေများ သေဆုံးသွားပြီး မြွေပေါက်ဖွားနှုန်းနှင့် ကြွက်ပေါက်ဖွားနှုန်း အချိုးမညီသဖြင့် ကြွက်များ ပေါများလာသည်ဟု ဆိုသည်။ ကြွက်သည် တစ်နှစ်ကို ၄ သား ခန့် ပေါက်ပြီး တစ်ခါပေါက်လျှင် ၅ ကောင်အနည်းဆုံးရှိသည်။ နာဂစ်ကြောင့် သေဆုံးရသူများ၏ ပိုင်ရှင်မဲ့ လယ်မြေလွတ်များတွင် စပါးထွန်ယက်စိုက်ပျိုးသူများ မရှိ၍ ကြွက်များ သိသိသာသာပေါများရခြင်း ဖြစ်သည်ဟု ကညင်ကုန်းရွာသားတစ်ဦးက ပြောကြားသည်။

ပုံမှန်အားဖြင့် လယ်ကြွက်ဆိုသည်မှာ စပါးမှည့်ချိန်ကျမှ ပေါပေါများများ တွေ့ရကြောင်း၊ ယခုစပါးစတင်စိုက်ပျိုးချိန် ပျိုးကြဲစဉ်ကပင် ကြွက်များ ဖျက်ဆီးခြင်းခံရကာ ပြီးခဲ့သည့်နှစ်က နာဂစ်ကြောင့် လယ်အပြီး မစိုက်နိုင်မည်ကို စိုးရိမ်ခဲ့ရကြောင်း ယခုနှစ်တွင် လယ်အပြီးစိုက်နိုင်သော်လည်း ကြွက်ရန်ကြောင့် စပါးမရမှာကို စိုးရိမ်နေရကြောင်း ကတ္တီပါကျေးရွာမှ လယ်သမားတစ်ဦးက ပြောကြားသည်။
ကြွက်ဖမ်းဆီးရန် ကျွမ်းကျင်သော မိသားစုများအနေဖြင့် ကြွက်မြီးကို ဝယ်ယူစုဆောင်းနေသဖြင့် ကြွက်မြီးများ ထူးထူးခြားခြား ဈေးကွက်ဝင်လာသည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

yangonchronicle2010.googlegroups.com

Burma Polls 2010 Sans Suu Kyi!

၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဘေးဖယ်ထားမည်လော!

တပ်မတော်အစိုးရက အဆိုပြုထားသော ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်း စုကြည် နှင့်အခြားနိုင်ငံရေးခေါင်းဆောင်များကို ပါဝင်ခွင့်မပေးဘဲ ထိန်းသိမ်းထားခဲ့လျှင် အဓိပ္ပါယ်ကောရှိပါသေးရဲ့ လား! ဟု ဆောင်းပါးရှင်က မေးခွန်းထုတ်လိုက်ပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူ ပြည်ပရောက်မြန်မာများ သာမက ထင်ရှားသော နိုင်ငံတကာလူ့အခွင့်အရေးအုပ်စုကြီးများက လက်ရှိအစိုးရသည်ဒေါ်အောင်ဆန်းစုကြည် ကို ဘေးဖယ်ထားပါက နိုင်ငံတွင်း တိုးတက်ကောင်းမွန်သောပြောင်းလဲမှုများ ဖော်ဆောင်ရန်အလွန်ခက်ခဲ လိမ့်မည်ဖြစ်ကြောင်း ပြောဆိုထားပါသည်။

ကန္ဒီဂျာယမ်တီ နေ့ထူးနေ့မြတ်တွင် များပြားလှစွာသော ဒီမိုကရေစီဘက်တော်သား အိန္ဒိယလူမျိုးများ နှင့် ပြည်ပရောက် မြန်မာဒီမိုကရေစီအဖွဲ့များသည် ထက်မြက်စူးရှသည့် အယူအဆများဖြစ်သည့် “စုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ပါဝင်ခွင့်ရရန် အချိန်မီလွှတ်မပေးပါက လာမည့် ၂၀၁၀ရွေးကောက်ပွဲသည် အဓိပ္ပါယ်ကင်းမဲ့နေပေလိမ့်မည်။ ၎င်းရွေးကောက်ပွဲသည် လက်ရှိတပ်မတော်ခေါင်းဆောင်များအာဏာကို ဆက်လက်ချုပ်ကိုင်ရန်ခင်းပေးသောလမ်းသာဖြစ်လိမ့်မည်” အစရှိသောအချက်များကို ကိုင်စွဲရန်ထွက်ပေါ်လာခဲ့ ကြသည်။

အောက်တိုဘာ၂ရက်နေ့က နယူးဒေလီတွင် အိန္ဒိယနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၅၀ကျော်ကို ကိုယ်စားပြုသည့် ဘားမားစင်တာဒေလီက အိန္ဒိယနိုင်ငံလုံးဆိုင်ရာကွန်ဂရက်ကော်မတီဥက္ကဌ ဆိုနီယာဂန္ဒီထံ အယူခံလွှာတင်သွင်းခဲ့ကြပြီး ၎င်းစာထဲတွင် “ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား၂၁၀၀ကျော်ကို လွှတ်မပေးပါက မည်သူမဆို ပါဝင်နိုင်သော နိုင်ငံရေးဖြစ်တည်မှုလမ်းစဉ်တစ်ခု ပိုလာမည်မဟုတ်သလို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲလည်း မဖြစ်နိုင်ကြောင်း၊ နိုင်ငံရေးနှင့် လူ့အခွင့်အရေးစံနှုန်းဆိုင်ရာ ချိုးဖောက်မှုများလည်း ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း ရှင်းလင်းစွာဖော်ပြထားသည်။

၎င်းစာတွင် ဆက်လက်၍ ၂၀၁၀ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ် အခြေခံဥပဒေပါ စည်းမျဉ်းစည်းကမ်း များကို ဒီမိုကရေစီစံနှုန်းများနှင့်ကိုက်ညီအောင် ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းနှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ စောင့်ကြည့်လေ့လာရေးနှင့် ပါဝင်ပတ်သက်ခွင့်ပြုရေးတို့ကို ဖော်ဆောင်မည်မဟုတ်ဘဲ တပ်မတော်အစိုးရအာဏာ ဆက်လက်ချုပ်ကိုင်ထားနိုင်ရေးကိုသာ ဖော်ဆောင်လိမ့်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

အဆိုပါဒီမိုကရေစီအဖွဲ့အစည်းများက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့်ဒီမိုကရေစီဆိုင်ရာ စံနှုန်းများ ဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေး စသောအချက်များ ထောက်ခံတောင်းဆိုခဲ့ကြသည်။

ယနေ့ ၂၀၀၉ ခုနှစ် အောက်တိုဘာ(၂)ရက်သည် နိုင်ငံတကာအကြမ်းဖက်မှုပပျောက်ရေးနေ့ ဖြစ်ပြီး မဟတ္တမဂန္ဒီကြီး၏ အကြိမ်၁၄၀မြောက် မွေးနေ့ဖြစ်ပါသဖြင့် မင်္ဂလာရှိသော နေ့ထူးနေ့မြတ်လည်းဖြစ်ပါကြောင်း၊ သင်၏သနားကြင်နာသော အလေးဂရုထားမှုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား အမှတ်ရစေခြင်းအလို့ငှာ ယခုကောင်းချီးမင်္ဂလာများကို ကျွန်ုပ်တို့ဆောင်ကြည်းခဲ့ပါကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခြင်း ခံရသော ငြိမ်းချမ်းရေးနိုဗယ်ဆု အပါအ၀င် အခြားသောနိုင်ငံတကာမှ ဆုများအကြောင်းကို ၎င်းစာထဲတွင် ရေးသားဖော်ပြထားပါသည်။

၁၉၉၀ ရွေးကောက်ပွဲကာလကတည်းကပင် တရားမျှတရေး၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအစိုးရပေါ်ထွန်းရေးစသည့် အချက်များကို ငြိမ်းချမ်းစွာ တောင်းဆိုခဲ့သော မြန်မာဒီမိုကရေစီအရေး လှုပ်ရှားသူများသည် ထောင်သွင်းအကျဉ်းချခြင်း၊ ခြိမ်းခြောက်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့်အသက်ဆုံးရှုံးခြင်း များကို ခံစားခဲ့ကြရသည်။ လက်ရှိအချိန်တွင် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ကျော်ကို ဖမ်းဆီးထားပြီး ၎င်းတို့အနက် အများစုမှာ နှစ်ပေါင်းများစွာ ထောင်ဒဏ်ကျခံနေရပြီး အချို့မှာ ရုံးတင်စစ်ဆေးခြင်းမရှိဘဲ ထောင်ဒဏ်၁၀၆နှစ်ခန့် ချမှတ်ခံရသူများဖြစ်သည်။

“မိမိတို့သည် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ၏ စစ်မှန်သော ဒီမိုကရေစီခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြောင်း၊သူမနှင့် သူမ၏ NLD ပါတီတို့သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင် ရရှိခဲ့သော်လည်း တိုင်းပြည်ကို အုပ်ချုပ်ခွင့်မရခဲ့ကြောင်း၊ တပ်မတော်အစိုးရသည် ပြည်သူလူထု၏ ရပိုင်ခွင့် များကို ကြိတ်ခြေပစ်ခဲ့ပြီး သူမအား ၁၄နှစ်နေအိမ်တွင် အကျယ်ချုပ်ချထားခဲ့ခြင်းဖြစ်ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

၁၉၈၈ခုနှစ်က မြန်မာနိုင်ငံလုံးဆိုင်ရာ ဆန္ဒပြလှုပ်ရှားမှုများဖြစ်ပွားခဲ့စဉ်ကပင်ထိုစဉ်က အိန္ဒိယ ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီက ထောက်ခံအားပေးခဲ့ပြီး ဒီမိုကရေစီအရေး လှုပ်ရှားသူများကိုလည်း လက်ခံ ကာကွယ်ခဲ့ ကြောင်းနှင့် ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးကပင်လျှင် ဒီမိုကရေစီဝါဒီများ အိန္ဒိယသို့ ထွက်ပြေးလွတ်မြောက်နိုင်ရန် ငွေကြေးကူညီပံ့ပိုးခဲ့ကြောင်း နယူးဒေလီအခြေစိုက်ပြည်ပရောက် မြန်မာဒီမိုကရေစီအရေးလှုပ်ရှားမှု အဖွဲ့သား တစ်ဦးက သတိတရပြန်လည်ပြောပြခဲ့သည်။

အထက်ဖော်ပြပါ အယူခံစာလွှာကို နိုင်ငံတကာ NGO နှင့် Advocacy အဖွဲ့အစည်းပေါင်း ၅၈ဖွဲ့က ထောက်ခံလက်မှတ်ထိုးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး မြန်မာ နိုင်ငံတွင် ဒီမိုကရေစီဖြစ်ပေါ်ထွန်းကားရေးစသော ကိစ္စရပ်များတွင် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ပူးပေါင်းဆောင်ရွက်သွားရန် နယူးဒေလီကို တိုက်တွန်းထားသည်။

ယခုနောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသော တရားရုံးဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံတွင် တရားမျှတမှုပျောက်ဆုံးနေခြင်းကို ညွှန်ပြရုံသာမကဘဲ ၂၀၁၀ ရွေးကောက်ပွဲတွင် သူမပါဝင်နိုင် ခြင်းမရှိစေရန် တားမြစ်ထားသော တပ်မတော်အစိုးရ၏ ကြိုးပမ်းမှုပင်ဖြစ်ကြောင်း နယူးဒေလီအခြေစိုက် ဘားမားစင်တာဒေလီမှ ဒေါက်တာ အလာနာဂိုလ်မီးက ပြောကြားခဲ့ပါသည်။

သူမကဆက်လက်၍ ယခုကိစ္စသည် မြန်မာနိုင်ငံတွင်း အမျိုးသားရင်ကြားစေ့ရေး ဖြစ်တည်မှုလမ်းစဉ် တွင် တားဆီးပိတ်ဆို့မှုတစ်ခုဖြစ်ပြီး နိုင်ငံတကာ၏ သဘောထားကို လျစ်လျူရှုကာ ဒီမိုကရေစီဝါဒကို ဖိနှိပ်သော ၎င်းတို့၏ စိတ်ရင်းကိုပြသခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတွင်းစစ်ဖက်အုပ်ချုပ်ရေးကို အမြစ်တွယ်စေမည့် အတုအယောင် အခြေခံဥပဒေနှင့် အယောင်ဆောင်ရွေးကောက်ပွဲကို ထောက်ခံခြင်းမပြုရန် အိန္ဒိယအစိုးရအား အလေးအနက်တိုက်တွန်းအပ်ပါကြောင်း စသဖြင့် ပြောကြားကာ သူမ၏ စကားကို အဆုံးသတ်ခဲ့ပါသည်။

Source: http://eaglecentre.blogspot.com/

အစိုးရမဟုတ်သောအဖွဲ့အစည်းများရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြတာနဲ့ပတ်သက်ပြီး ရှုထောင့်အမျိုးမျိုးကနေ ပြောဆိုတင်ပြကြတာတွေကို စုစည်းထားခြင်းဖြစ်ပါတယ်။ လူထုစိန်ဝင်းရေးတဲ့ အတ္တပရဟိတလုပ်ငန်း၊ အဲဒါကို ပြန်ပြောထားတဲ့ ကိုအောင်သူငြိမ်းရဲ့ counter perspective နဲ့ ခေတ်ပြိုင်မှာ ဖော်ပြထားတဲ့ အင်ဂျီအိုဆိုတဲ့ အစိုးမရ တို့ကို ဖော်ပြခြင်းဖြစ်ပါတယ်။



အတ္တပရဟိတလုပ်ငန်း

လူထုစိန်ဝင်း

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းလို့ခေါ်ကြတဲ့ “အင်ဂျီအို” တွေ “အိုင်အင် ဂျီအို” တွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းလို့ဆိုတဲ့ အဖွဲ့တွေအကြောင်း မ ကြာခဏဆိုသလို ရေးခဲ့ပါတယ်။ အခုတလောတော့ ခပ်စိပ်စိပ်ကလေး ကို ရေးဖြစ်ပါတယ်။ အင်တာဗျူးတွေလည်း ဖြေခဲ့ပြောခဲ့ပါတယ်။ အ ကြောင်းမသိသူတချို့က ဘာကြောင့် ဒါလောက်မျက် မုန်းကျိုးနေတာ လဲလို့ မေးကြပါတယ်။ “မြန်မာတွေ မျောက်ဖြစ်ကုန်မှာစိုးလို့” လို့ပဲ လို တိုရှင်းဖြေလေ့ရှိပါတယ်။

အတုမြင် အတတ်သင်မှာစိုး

ဟုတ်ပါတယ်ခင်ဗျ။ မျောက်ပြဆန်တောင်းသူတွေကြောင့် ကျနော်တို့ လူမျိုး မသိမသာနဲ့ မျောက်ဖြစ်နေကြတာတော့ အတော်လေးကြာနေ ပါပြီ။ ဒါပေမယ့် ဘာမှမပြောခဲ့ပါဘူး။ အခုတော့ ကျနော်တို့ မြန်မာလူမျိုးတွေ ကိုယ်တိုင်က ကိုယ့်လူမျိုးကို မျောက်အဖြစ်လက်ညှိုးထိုးပြပြီး မျောက်ပြဆန်တောင်းသူ ဖြစ်လာကြတာမျိုးတွေ တနေ့တခြား များသထက် များလာနေတာကြောင့် ခပ်စိပ်စိပ်လေး ပြောနေရေးနေရတာဖြစ်တယ်။ စေတနာရှင်းသန့်တဲ့ လူငယ်လေးတွေ “အတုမြင် အတတ်သင်” ဖြစ်ကုန်ကြမှာစိုးလို့ပါ။ တနှစ်ကို တကြိမ်လောက်၊ နှစ်ကြိမ်လောက် သတိပေး ရေး သားနေရင်းကတောင် တန့်သွားမယ့်အစား ပိုပိုပြီး ကျယ်ပြန့်လာတာကြောင့် ခုလို ခပ်စိပ်စိပ် ပြောရရေးရတာ ဖြစ်တယ်။

ဘယ်သူ့မှ အားမကိုးနဲ့

ဘယ်ထိ အခြေအနေဆိုးတယ်ဆိုတာ ပြောပြပါမယ်။ မှတ်မှတ်ရရပြောရရင် ဒီလိုအဖွဲ့အစည်းတွေ အကြောင်းစ ပြီး ဝေဖန်ရေးသားခဲ့တာ ပထမအကြိမ်က ကုလသမဂ္ဂနဲ့ပတ်သက်တာဖြစ်ပြီး နောက်တကြိမ်ကတော့ အိုင်အင် ဂျီအိုတခုနဲ့ ပတ်သက်တာဖြစ်တယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က “ဂမ်ဘာရီ” ဆိုတဲ့ ပုဂ္ဂိုလ်ကြီး မြန်မာ့နိုင် ငံရေးကိစ္စ ကြားဝင် ဖြေရှင်းဖို့ မြန်မာနိုင်ငံကို လာမယ်ဆိုတုန်းက ပြည်တွင်းပြည်ပ နိုင်ငံရေးလေ့လာသူတွေနဲ့ နိုင်ငံရေးဂုရုတွေ၊ နိုင်ငံရေးပါတီကြီးတွေက ဂမ်ဘာရီလာမှာကိုပဲ သိကြားမင်းကြီး ဆင်းလာသလို အူမြူးနေကြ တာတွေကို မြင်တွေ့နေရတဲ့အတွက် မြန်မာ့ကိစ္စကို မြန်မာတွေ ကိုယ်တိုင်ရှင်းမှရမယ်။ ကုလသမဂ္ဂလည်း မ ကယ်နိုင်ဘူး။ အမေရိကန်လည်း မကယ်နိုင်ဘူး။ အီးယူလည်း မကယ်နိုင်ဘူး။ ဘယ်သူ့မှ အားမကိုးနဲ့၊ ကိုယ့် အားကိုယ်ကိုးပြီး ကိုယ်ဟာကိုယ် ဖြေရှင်းကြလို့ ရေးလိုက်ပါတယ်။

အဲဒီတုန်းကလည်း စာဖတ်ပရိသတ်နဲ့ လူငယ်တွေက သဘောကျ ထောက်ခံကြပါတယ်။

ဆရာကောင်း တပည့်တွေ

အဲဒီတုန်းက “ဆရာရေးတာ သိပ်မှန်တာပဲ” တို့၊ “ရေးတာ နည်းတောင်နည်းသေးတယ်” တို့ ပြောခဲ့ကြတဲ့ လူ ငယ်တချို့တောင် အခုတော့ အင်ဂျီအို ဆိုင်းဘုတ်ကိုယ်စီနဲ့ ဖြစ်နေတာကို တွေ့မြင်နေရပါတယ်။ ဒါကြောင့် ရေး ရပြောရပြန်တာပါ။ ဒီလူငယ်တွေဟာ အစကတော့ သန့်ရှင်းတဲ့ အဖြူထည်တွေပါ။ နောက်ကျမှ ဟိုနိုင်ငံ ဒီနိုင်ငံ တွေမှာ ဟိုသင်တန်း ဒီသင်တန်း ဆိုတာမျိုးတွေ တပတ်လောက်၊ နှစ်ပတ်လောက် သွားတက်ခဲ့ကြပြီး ပြန် ရောက်လာတော့ သူတို့ကိုယ်တိုင် ဆိုင်းဘုတ်ထောင်ကုန်ကြတော့တာပါပဲ။ တပတ်နှစ်ပတ် သင်တန်းတက်ပြီး ဘာတွေတတ်လာတယ်ဆိုတာတော့ မသိဘူး။ လက်တွေ့မြင်ရတာကတော့ သူတို့ကိုယ်တိုင် “အင်ဂျီအို” ကုန် ကြတာပဲဖြစ်တယ်။ မဖြစ်ဘဲနေရိုးလား၊ သူတို့ကိုခေါ်ပြီး သင်တန်းပေးသူတွေကိုယ်တိုင်က သူတို့ကို မျောက်အ ဖြစ် လက်ညှိုးထိုးပြပြီး ဆန်လည်းတောင်းသူတွေ ဖြစ်နေကြတာကိုး။ အတုမြင် အတတ်သင်ပဲ ပြောမလား။ “ဆ ရာကောင်း တပည့်ပဲ” ပြောမလား မသိတော့ပါဘူး။

ဂိုရင်းအဘရော့ဒ်

ဆရာကောင်း တပည့်တွေ ပန်းကောင်းပန်နေကြတာတွေကတော့ မမြင်ချင်အဆုံးပါပဲ။ တချို့က အေ့ဒ်စ်ဆိုင်း ဘုတ် ကိုင်ကြတယ်။ တချို့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်းဘုတ်ထောင်ကြတယ်။ တချို့က တောရိုင်းတိရစ္ဆာန်ဆိုင်းဘုတ်၊ တချို့က မိကျောင်းထိန်းသိမ်းရေးဆိုင်းဘုတ်၊ တချို့က ဒီရေတောဆိုင်းဘုတ်၊ တချို့က ပလတ်စတစ်ဆိုင်းဘုတ် စသဖြင့် ... စသဖြင့် ဆိုင်းဘုတ်တွေကတော့ စုံသလား မမေးနဲ့။ အမယ် ... ဆိုင်းဘုတ် ဘယ်လောက်များများ အားလုံးပဲ “လန်း” ကြသဗျ။ “ဝပ်ရှော့” ဆိုတာတွေ တက်ဖို့ “ဂိုးရင်းအဘ ရော့ဒ်” ဆိုတာတွေလည်း ခဏခဏ မြင်နေရ၊ တွေ့နေရ၊ ကြားနေရသဗျ။ နောက်တက်လာတဲ့ ကလေးတွေ ဆက်ပြီး ဆရာကောင်းတပည့် ဖြစ်ကုန်ကြမှာတောင် စိုးရိမ်ရတဲ့ အခြေအနေလို့ပြောရင် မလွန်လှဘူးလို့ ထင် ပါတယ်ခင်ဗျ။

စံပြပုဂ္ဂိုလ်လိုတယ်

ကလေးတွေအတွက် မေတ္တာအပို့ခံပြီး ဒီလို ရေးနေပြောနေရတာပါ။ အင်ဂျီအိုအားလုံး မကောင်းဘူးလို့ ဆိုတာ မဟုတ်ပါဘူး။ စေတနာအစစ်၊ မေတ္တာအစစ်၊ ကရုဏာအစစ်နဲ့ လုပ်နေကြတဲ့ အင်ဂျီအိုတွေနဲ့ ရှင်းသန့်တဲ့ လူ ငယ်တွေလည်း ရှိပါတယ်။ ဒါပေမယ့် အစစ်အမှန်သမားတွေက မျောက်ပြဆန်တောင်းသူတွေလို “ပြေ (ပြည်) ပေါ်မှာ ရွှေကြော်ငြာထုတ်” တဲ့အလုပ်မျိုးတွေ လုပ်လေ့မရှိတော့ သူတို့အကြောင်း ကလေးတွေက မသိကြဘူး။ ကလေးတို့၊ လူငယ်တို့ဆိုတာ သူတို့အားကျ အတုယူရတဲ့ “စံပြုပုဂ္ဂိုလ်” (Role Model) တွေ ရှိဖို့လိုပါတယ်။ ဒါ ကြောင့် ကွယ်လွန်ရှာပြီဖြစ်တဲ့ လူရိုးလူကောင်းကြီး မြန်မာ့အလင်း ဦးတင် အကြောင်းကို နှစ်ကြိမ် သုံးကြိမ် လောက် ရေးပြခဲ့ဖူးပါတယ်။ မြန်မာ့အလင်းသတင်းစာ တိုက်အုပ် ဦးတင်က ဘိုးဘွားရိပ်သာကို မူလနေရာ နှင်း ဆီကုန်းကနေ စစ်ပြီးတော့ လက်ရှိနေရာကို ရွှေ့ပြောင်းနိုင်ဖို့ ကြိုးစားအားထုတ်ခဲ့သူ ဖြစ်ပါတယ်။ ရွှေ့ပြီးတဲ့ ဘိုးဘွားရိပ်သာမှာ မနက်တိုင်း ရုံးလာထိုင်ပါတယ်။ ပြီးမှ မြန်မာ့အလင်းတိုက်ကို သွားပါတယ်။

ပရဟိတသမားစစ်စစ်

ဦးလေးတင် ဘိုးဘွားရိပ်သာ ရုံးခန်းရောက်တော့ ဝန်ထမ်းတွေက ကော်ဖီတို့၊ မုန့်တို့ ယူလာပြီး ဧည့်ခံပါတယ်။ အဲဒီအခါ ဦးလေးတင်က သူ့ခြင်းထဲ အမြဲပါနေကျ ကော်ဖီ ဓာတ်ဘူးနဲ့ ရေနွေးကြမ်းဘူးကို ထုတ်ပြီး “ငါ့မှာ အ ကုန်ပါတယ်။ ဧည့်ခံစရာ မလိုဘူး။ အလှူရှင်တွေ လှူတာက ဘိုးဘွားတွေအတွက် လှူတာ၊ တို့အတွက်မပါဘူး။ ဒါကြောင့် ငါလည်း မစားဘူး။ မင်းတို့လည်း မစားကြနဲ့” လို့ ဆုံးမပါတယ်။ ဦးလေးတင်ဟာ သူ့ကော်ဖီလေး သူ ထည့်သောက်၊ သူ့ရေနွေးကြမ်းလေး သူ ထည့်သောက်တာပါ။ ဦးလေးတင်ရဲ့ စည်းကမ်းတိကျမှုနဲ့ သမာဓိကို သိတာကြောင့် ဖဆပလအမှုဆောင် ရွေးတဲ့အခါမှာ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေး ဘယ်တုန်းကမှ မလုပ်ခဲ့ တဲ့ ဦးတင်ကို မရရအောင်ခေါ်ပြီး ငွေကိုင်ရတဲ့ ဘဏ္ဍာရေးမှူး ခန့်ခဲ့တာဖြစ်တယ်။ နောက်တော့ ဦးနုက သူ့ကိုပဲ ဘဏ္ဍာရေးဝန်ကြီး ခန့်ပါတယ်။ နောက်ဆုံး လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ ပရဟိတသမား ဆိုတာ အဲဒီလိုပုဂ္ဂိုလ်မျိုးကိုမှ ခေါ်နိုင်တာပါ။ ကိုယ်ကျိုးတစုံတရာ ရယူခံစားပြီး လုပ်တယ်ဆိုကတည်းက ပရဟိ တသမား မစစ်တော့ပါဘူး။ (အတ္တဟိတ+ ပရဟိတ) နှစ်ခုပေါင်းပြီး “အတ္တပရဟိတ” သမား “အတ္တပရဟိတ လုပ်ငန်း” လို့ပဲ ခေါ်သင့်တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အတ္တဟိတအတွက် ပရဟိတလုပ်ငန်း လုပ်တာမဟုတ်လား။

လူထုစိန်ဝင်း

(Weekly Eleven Journal - September 9 - 2009 ထုတ်မှ ...)

................................................

လမ်းသစ် (တုံ့ပြန်ချေပချက်ဆောင်းပါး)

အောင်သူငြိမ်း

ဆရာဇော်ဂျီ ဘာသာပြန်ထားတဲ့ “မိုးကြယ်မို့လားနဲ့ လမ်းသစ်ဝတ္ထုတို များ” ထဲက ‘လမ်းသစ်’ ဆိုတဲ့ ၀တ္ထုကလေးကို တခါတလေ သတိရမိ သေးတယ်။ အသေးစိတ်တော့ မမှတ်မိပေမယ့် မျိုးဆက်ကွာခြားလာ တဲ့ သူတွေအကြားက ပြဿနာတွေ၊ ပဋိပက္ခတွေကို ဖော်ပြတာလို့ အ မှတ်ရနေမိတယ်။ ဒီ ‘လမ်းသစ်’ ဆိုတဲ့ ဇာတ်လမ်းလေးက တရုတ်ပြည် ဆိုရှယ်လစ်ခေတ်ပြောင်းကာလ ၁၉၅၀ ကာလများကို အခြေခံထား တာပါ။ မြို့ကလေးတခုမှာ လမ်းသစ်ကြီးတခု ဖြတ်ဖောက်ဖို့လုပ်တော့ ပြဿနာရှိလာပါတယ်။ အဖိုးအိုတယောက်ရဲ့ ရိုးရာစဉ်ဆက် အသက် မွေးဝမ်းကျောင်းလုပ်စားလာတဲ့ (ရေနွေးဆိုင်လို့ထင်တယ်) လုပ်ငန်းပါ လမ်းဖောက်လို့ ဖျက်ရမယ့်အထဲပါလာတယ်။ ဒါပေမယ့် ဒီအဖိုးရဲ့သား လို့ထင်တယ်၊ လူငယ်ကလေးကတော့ လမ်းဖောက်တာကို ထောက်ခံ တယ်။ သူ့အိမ်တစိတ်တပိုင်း ဖျက်ပေးလိုက်ရမှာကိုတောင် စွန့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ သူကတော့ ဒီလမ်းမကြီးဟာ ခေတ်မီရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေကို ဆောင်ကြဉ်းလာ မယ့်အရာလို့ မြင်ထားသလို သူ့ဘ၀အနာဂတ်နဲ့လည်း ယှဉ်မြင်ထားပါတယ်။ အဖိုးအိုကတော့ မြေကြီးထဲမှာ နှစ် ရှည်ကြာ အမြစ်စွဲနေတဲ့ သူ့ရေနွေးအိုးကြီးနဲ့ ဆိုင်ကို မဖျက်ချင်ဘဲ ခင်တွယ်နေတဲ့ ဇာတ်လမ်းပါ။

ခြုံပြောရရင် မျိုးဆက်တွေ ကွာခြားလာတဲ့အလျောက် ရှုမြင်ပုံ၊ သုံးသပ်ပုံ၊ တွေးခေါ်ပုံတွေ ကွာခြားလာတာပါပဲ။

ကျနော် ဒီလိုအစချီရေးရတာက ဆရာလူထုဦးစိန်ဝင်း ဝေဖန်ရေးသားတဲ့ အဲန်ဂျီအို၊ နိုင်ငံတကာ အဲန်ဂျီအိုအ ပေါ် အမြင်မကောင်းတဲ့ကိစ္စ ဆောင်းပါး “အတ္တပရဟိတလုပ်ငန်း” အပေါ် တုံ့ပြန်ရေးသားချင်လို့ပါ။ ယေဘု ယျ သူ့ဆောင်းပါးအပေါ် ကောက်ချက်ချရရင် ...

(၁) မြန်မာတွေ မျောက်ဖြစ်ကုန်မှာ စိုးတယ်။ အဲန်ဂျီအိုတွေက မျောက်ပြဆန်တောင်းနေကြတယ်။

(၂) ဘယ်သူ့အားမှမကိုးနဲ့။ ကိုယ့်အားကိုယ်ကိုး ဖြေရှင်းကြ။

(၃) အဲန်ဂျီအိုတွေ ဆိုင်းဘုတ်စုံလာတယ်။ ပြောနေရင်းနဲ့ များလာတယ်။ နိုင်ငံခြားခဏသွား၊ ခဏ သင်တန်း တက်ပြီး အဲန်ဂျီအို ဖြစ်လာကြတယ်။

(၄) ပရဟိတသမားအစစ် မြန်မာ့အလင်း ဦးတင်လို ရိုးသားသမာဓိရှိတာကို အတုယူကြလို့ ကောက်ချက်ချမိပါ တယ်။

ဒီနေရာမှာ ကျနော် ပြန်လည်ဖြေရှင်းစရာ၊ ထောက်ပြဆွေးနွေးစရာတွေ အများကြီးရှိလာပါတယ်။ ခင်ဗျားက အဲန်ဂျီအိုကို ကိုယ်စားပြုလို့ ဖြေရတာလားဆိုရင်တော့ မဟုတ်ပါဘူး။ မိတ်ဆွေတဦးက ဒီဆောင်းပါးနဲ့ ပတ် သက်လို့ အဲန်ဂျီအိုလူငယ်တွေအကြား ပြောဆိုပွဲဆူဖြစ်ကြရတာလေးတွေကို ပေးပို့လာတော့ ကျနော်အတွက် စဉ်းစားစရာ အများကြီး အထောက်အကူဖြစ်ရပါတယ်။ ပြန်လည်ဖြေရှင်းသင့်တယ် ထင်လို့လည်း ရေးရတာပါ။

ဒီဆောင်းပါးမှာ လူမှုရေးကို အကြောင်းပြလို့ လုပ်စားနေကြတာတွေ သဘောမတွေ့လို့ ထောက်ပြတာဆိုရင် တော့၊ ကြံ့ဖွံ့တို့၊ မြန်မာအမျိုးသမီးအဖွဲ့ချုပ်တို့၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေး စသဖြင့်တို့ရဲ့ လူမှုရေးလုပ်ငန်း တွေကိုလည်း ထောက်ပြဖို့သင့်တာပေါ့၊ ဒါမှ မျှမျှတတဖြစ်မယ်လို့ ထင်မြင်မိပါတယ်။ အဲန်ဂျီအိုတွေကို တင်း တင်းကျပ်ကျပ် ကိုင်တွယ်ရမယ်ဆိုတဲ့ စစ်အစိုးရရဲ့မူအပေါ်မှာလည်း ထောက်ခံရာရောက်နေသလားလို့လည်း အတွေးပွားစရာပါ။

ကျနော်တင်ပြချင်တဲ့ အချက်တွေကတော့ ဒါတွေပါ။

(၁) ဂလိုဘယ်လိုက်ဇေးရှင်း

ဆရာလူထုဦးစိန်ဝင်းက အဲန်ဂျီအိုလို့ ယေဘုယျသမုတ်တဲ့၊ နိုင်ငံတကာစာပေတွေမှာ civil society အရပ်ဖက် လူမှုအဖွဲ့အစည်းလို့ ခေါ်ကြတဲ့ အင်အားစုတွေက ကမ္ဘာလွှမ်းပတ်ဆက်သွယ်မှုမှာ အင်အားကြီးတခုလို ဖြစ်လာ ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းကို မောင်းနှင်နေတဲ့ တွန်းအားတခုလို့ ပြောကြသလို ဂလိုဘယ်လိုက်ဇေးရှင်း ကြောင့် ထွက်ပေါ်လာခဲ့တဲ့ ရလဒ်လည်းဖြစ်ပါတယ်။

အခုအခါ အရင်းရှင်စီးပွားရေးအင်အားစုနဲ့ အစိုးရတွေအကြား ထိန်းညှိပေးနိုင်မယ့် အင်အားစုအဖြစ် အရပ်ဖက် လူထုထူထောင် အဖွဲ့အစည်းတွေကို အင်အားကြီးတရပ်အဖြစ် အသိအမှတ်ပြု လက်ခံလာကြရပါပြီ။ Global civil society လို့ ခေါ်ဆိုလက်ခံကြရတဲ့ အဆင့်ထိတောင် ရှိလာခဲ့ပါပြီ။

ဒီအဖွဲ့တွေက ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင်ရေးလှုပ်ရှားမှုတွေသာမက အခြား အခွင့်အရေးလှုပ်ရှားမှု ခေါင်းစဉ်ပေါင်းစုံ လှုပ်ရှားမှုတွေမှာလည်း ပါဝင်ပတ်သက်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က မရှိ ဘူးတဲ့ နိုင်ငံတကာစာချုပ်စာတမ်းအများက (လက်တွေ့အားကိုးမရသည်ထားဦး) ကမ္ဘာပေါ်မှာ ရှိလာပါတယ်။ အဲဒါအပြင် နိုင်ငံတကာအဖွဲ့အစည်းတွေ ကိုယ်နှိုက်ကလည်း အဲန်ဂျီအိုတွေကို နေရာပေးဆက်ဆံနေကြရပါပြီ။ နောက်ဆုံး ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်ဖ်မှာတောင် သူတို့စီမံကိန်း၊ ပရောဂျက်တွေအတွက် ဒေသခံလူထု၊ အဲန် ဂျီအိုတွေ၊ စိတ်ဝင်စားသူ အုပ်စုတွေ (concerned groups) တွေရဲ့ အသံကို နားထောင်ရမယ်လို့ နေရာပေး လာတာ၊ သူတို့ကို စင်မြင့်ပေးလာရတာတွေ ဖြစ်လာပါတယ်။ နောက်ဆုံး အာဆီယံပဋိညာဉ်စာတမ်းကိုယ်နှိုက် မှာက အဖွဲ့ဝင်အစိုးရတွေက အဲန်ဂျီအိုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အသိအမှတ်ပြုထားကြပါပြီ။ ဒါကို မျောက်ပြ ဆန်တောင်းနေကြတဲ့အဖွဲ့တွေ၊ ဆိုင်းဘုတ်စုံလွန်းတယ်လို့ မြင်ရင်တော့ မသင့်လျော်လှပါလို့ ထင်ပါတယ်။

(၂) ပြဿနာများက နိုင်ငံနယ်နိမိတ်ကို ဂရုမစိုက်ကြပါ။

အချို့ပြဿနာတွေက နိုင်ငံအစိုးရတွေတောင် သူတို့ချည်းသက်သက် မဖြေရှင်းနိုင်ကြဘူး ဖြစ်လာပါတယ်။ အ ခု ကြက်ငှက်တုပ်ကွေးရောဂါ၊ ၀က်တုပ်ကွေးရောဂါ အပါအ၀င်၊ လူကုန်ကူးရောင်းချမှု၊ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီ အက်စ်ပြဿနာတွေ၊ သဘာ၀၀န်းကျင်ပြဿနာတွေက နိုင်ငံအစိုးရတခုတည်း ဖြေရှင်းရလို့ ရနိုင်တာမဟုတ် တော့ပါဘူး။ နိုင်ငံစုံပူးပေါင်းဖြေရှင်းကြရသလို၊ နိုင်ငံအစိုးရမဟုတ်တဲ့ ကျွမ်းကျင်သူအဖွဲ့တွေ၊ အဲန်ဂျီအိုတွေနဲ့ပါ ပူးပေါင်းဖြေရှင်းနေကြရတာတွေ ဖြစ်နေပါတယ်။

နိုင်ငံတကာဆက်ဆံရေးဆိုတာ အစိုးရတွေရဲ့ တာဝန်ပဲ၊ သူတို့လက်ထဲမှာချည်း ထားမှာလား၊ အဲန်ဂျီအိုလို့ခေါ် တဲ့ အဖွဲ့တွေအချင်းချင်းရော နိုင်ငံတကာပူးပေါင်းဆက်ဆံမှုတွေ မလုပ်ရတော့ဘူးလားလို့ ဆရာဦးစိန်ဝင်း ဆောင်းပါးကို ဖတ်ကြည့်ရင် မေးခွန်းပွားစရာပါပဲ။ ကမ္ဘာကြီးမှာ ပြဿနာတွေ များလာတာနဲ့အမျှ အဲန်ဂျီတွေ ပူးပေါင်းဆောင်ရွက်ရေးလည်း တိုးများလာစရာရှိပါတယ်။ နောက်ထပ် ဆိုင်းဘုတ်စုံလာစရာလည်းရှိပါတယ်။

(၃) မြန်မာနိုင်ငံ ပြဿနာဟာ ပြည်တွင်းက ဖြေရုံနဲ့ လုံလောက်နိုင်ပါသလား

အချက်အလက်တွေအရ မြန်မာနိုင်ငံပြဿနာက သူ့ဘာသာ မဖြေရှင်းနိုင်တော့တာ အသေအချာပါပဲ။ အခု ထိုင်းနိုင်ငံထဲမှာတင် နိုင်ငံရေးဒုက္ခသည်တွေ သိန်းချီရှိနေသလို၊ စီးပွားရေးအရ ခိုးဝင်ရွှေ့ပြောင်း အလုပ်လုပ် ကြသူတွေလည်း (၄) သန်းလောက် ရှိနေပါတယ်။ အရင်က ကျနော်တို့က ဗီယက်နမ်လှေစီးပြေး ဒုက္ခသည်ဆို တာမျိုး၊ မြန်မာနိုင်ငံက ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည် ဆိုတာတွေလည်း နိုင်ငံတကာ အစည်းအဝေးတွေမှာ ဆွေးနွေးရတဲ့အဆင့် ဖြစ်လာပါတယ်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းမှာတင် လူတသိန်းလေးသောင်းကျော် အသက်ဆုံးရပြီး၊ (၂.၄) သန်းကျော် အိုးအိမ် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုကပ်ဘေးဒုက္ခတွေကို မြန်မာ့အလင်းဦးတင်လို တပိုင်တနိုင် စေတနာရှင်တွေ လောက်နဲ့တော့ ဖြေရှင်းလို့ မဖြစ်နိုင်တော့ဘူးလို့ ထင်ပါတယ်။ ဒါတင်မကသေးပါဘူး။ လေ့လာချက်တွေအရ လူပေါင်း ၂၄၀,၀၀၀ လောက်က အိပ်ခ်ျအိုင်ဗွီ ကိုယ်ခံအားကျရောဂါပိုး ရှိနေတယ်။ HIV ရောဂါရှင် ၇၆,၀၀၀ လောက် ဆေးသောက်ဖို့ လိုအပ်နေတယ်။ အဲဒါအပြင် တီဘီ၊ ငှက်ဖျား၊ အာဟာရချို့တဲ့မှု၊ အခြားကူးစက်ရော ဂါတွေအတွက် အခြေအနေ အစီရင်ခံစာတွေကလည်း စိုးရိမ်စရာချည်းပါပဲ။ ဒီလိုအစီရင်ခံစာတွေကလည်း မ ဟုတ်မဟတ်လုပ်ဇာတ်ခင်းပြီး မြန်မာလူမျိုးတွေကို မျောက်အဖြစ်ပြနေကြတာလားလို့ စောကြောဖွယ်ရှိလာ တော့တာပေါ့။

(၄) မြန်မာနိုင်ငံမှာ အဲန်ဂျီအိုတွေ သိပ်များနေပြီလား

မြန်မာနိုင်ငံက ဒေသအတွင်းမှာ နိုင်ငံတကာ အကူအညီရတာ အနည်းဆုံးပါ။ စာရင်းတွေအရ မြန်မာနိုင်ငံက ရတဲ့ နိုင်ငံတကာအကူအညီဟာ လူတဦးကို တနှစ်မှာ (၃) ဒေါ်လာပဲရပါတယ်။ တချိန်တည်းမှာပဲ ဗီယက်နမ် နိုင်ငံက လူတဦးချင်းကို (၂၃) ဒေါ်လာရပြီး၊ လာအိုနိုင်ငံကတော့ လူတဦးကို ဒေါ်လာ (၅၀) ရပါတယ်။ တနှစ် ကို (၃) ဒေါ်လာရတာနဲ့တောင် အဲန်ဂျီအိုတွေ သိပ်များလာပြီ၊ စိုးရိမ်စရာဖြစ်နေပြီလို့ ထင်ရင်တော့ နောက်ထပ် ပွင့်လင်းလာလို့ နိုင်ငံတကာအကူအညီတွေ ပိုမိုရရှိလာတဲ့အခါ ဘယ်လို ကျနော်တို့ ခန့်မှန်းထားရမှန်းတောင် မသိတော့ပါဘူး။

တကယ်တော့ နိုင်ငံတကာအဲန်ဂျီအိုတွေ၊ အဲန်ဂျီအိုတွေ၊ အကူအညီတွေနဲ့အတူ နည်းပညာပိုင်းဆိုင်ရာ၊ အခြား ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကိစ္စတွေလည်း အတူကပ်ပါလာလေ့ရှိပါတယ်။ နိုင်ငံတကာဆက်ဆံရေး အတွေ့အကြုံ ကစလို့၊ အရည်အသွေးမြှင့် သင်တန်းတွေကတဆင့် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲမှု စသဖြင့် ကျွမ်းကျင်မှုအရည်အ သွေးတွေကိုလည်း ရလာလေ့ရှိကြပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက စီးပွားရေးကဏ္ဍကလည်း မပွင့်လင်း၊ ပညာရေးကလည်း ခက်ခဲ၊ အစိုးရလုပ်ငန်းတွေ မှာလည်း နေရာနည်းနေတဲ့ကာလမှာ လူငယ်တွေက အဲန်ဂျီအိုကဏ္ဍမှာ ပြုံတိုးနေတာ၊ အခွင့်အလမ်းတခုလို မြင်နေကြတာကတော့ နားလည်မှုပေးနိုင်ပါတယ်။ သိပ်များနေပြီလို့ မဆိုလောက်သေးဘူး ထင်ပါတယ်။

(၅) လူမှုအရင်းအနှီး

လူမှုအရင်းအနှီး (social capital) ဆိုတဲ့ အမြင်နဲ့ အချို့သောသူတွေက ကျနော်တို့နိုင်ငံမှာ အဲန်ဂျီအိုပဲခေါ်ခေါ်၊ လူထုထူထောင်အဖွဲ့အစည်းပဲခေါ်ခေါ် တိုးပွားစေဖို့ ကြိုးစားနေကြပါတယ်။ လူဆိုတာက တဦးတည်းနေရင် အားမရှိလှပါ။ ဒီလူတွေကို ပေါင်းကူးဆက်စပ်ပြီး စုစည်းပေးတဲ့အခါ Bridging and bonding အားဖြစ်လာပါ တယ်။ ဒီအားဟာ အခုကာလ လူမှုရေး၊ ကယ်ဆယ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုတွေအတွက်သာမက တချိန်ပြန် လည် နိုင်ငံထူထောင်ရေးကာလတွေအတွက်ပါ အားဖြစ်စေပါလိမ့်မယ်။

လူမှုအရင်းအနှီးအားကောင်းတဲ့ နိုင်ငံတွေက ပဋိပက္ခဖြေရှင်းဖို့ လွယ်သလို၊ ဒီမိုကရေစီအမြစ်ခိုင်ဖို့၊ တိုးတက်မှု ရစေဖို့လည်း မြန်စေပါတယ်။

"ခဏ သင်တန်းလေးတက်ပြီးတော့ ပြန်လာတဲ့အခါ အဲန်ဂျီအို ဖြစ်ကုန်ကြတယ်" ဆိုတဲ့ ဝေဖန်ချက်ကလည်း မသင့်လှဘူးထင်ပါတယ်။ တကယ်တော့ ဒီသင်တန်းတွေမှာ အဖွဲ့အစည်းတခု လည်ပတ်စီမံပုံ၊ ခေါင်းဆောင်မှု၊ ပွင့်လင်းမြင်သာမှု၊ စီမံချက်တခုကို ဘယ်လိုရလဒ်ရှိရှိ အကောင်အထည်ဖော်ရမယ်ဆိုတဲ့ Logical framework ဆိုတာမျိုး အနည်းနဲ့အများ ရရှိခဲ့ကြပါတယ်။ ဒါ့အပြင် ယခင် ကျနော်တို့နဲ့ ဝေးနေခဲ့တဲ့ gender လိင်ကွဲပြားမှုအ ပေါ် အမြင်ကိစ္စတွေ၊ ပဋိပက္ခဖြေရှင်းနည်းတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သဘောတရားတွေကိုလည်း သူ တို့ လေ့လာရရှိခဲ့နိုင်ပါတယ်။ ဒီသင်တန်းတွေက ဘာမှတတ်လာမှာ မဟုတ်ပါဘူးဆိုတာမျိုးကတော့ အထင်အ မြင်သေးရာကျပါတယ်။

(၆) ခေတ်ပြောင်းခဲ့တယ်

ပထမအချက်ကတော့ ကျနော်တို့က ကိုယ့်ဘာသာ တံခါးပိတ်နေလို့ မရနိုင်တော့ပါဘူး။ ကျနော်တို့က ဘာဖြစ် လို့ မျောက်လို့ အထင်မခံချင်ရတာလဲဆိုတာလည်း မေးခွန်းဖြစ်မိပါတယ်။ နိုင်ငံ့သိက္ခာကျစေတယ်၊ လူမျိုး သိက္ခာကျစေတယ်၊ အရှက်ရစေတယ်လို့ ပြန်ဖြေမယ်ထင်မိပါတယ်။ မြန်မာစစ်အစိုးရလည်း မြန်မာနိုင်ငံမှာ အ လားတူ မကောင်းတာ၊ ဆင်းရဲနေတာ၊ ဆိုးရွားနေတာတွေ နိုင်ငံတကာက မမြင်စေချင်ပါဘူး။ တခါက နိုင်ငံတ ကာအစည်းအဝေးတခုမှာ မြန်မာနိုင်ငံက နိုင်ငံရေးအပြောင်းအလဲလုပ်မယ်ဆိုရင် အကူအညီ (၁) ဘီလီယံဒေါ် လာပေးမယ် ကမ်းလှမ်းတော့ မြန်မာတွေက မျောက်တွေမဟုတ်ဘူးလို့ အဲသည်အချိန်က နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူက ပြန်ပြောတာ အမှတ်ရမိပါသေးတယ်။ တကယ်တော့ ဆင်းရဲတယ်ဆိုတာ ရှက်စရာမဟုတ်ပါ။ တရုတ် နိုင်ငံကြီးကတောင် သူ့ဆီမှာ လူမှုရေးမညီမျှတာ၊ အချို့ဆင်းရဲကျန်နေတဲ့ ဒေသက ပြဿနာတွေကို ဦးစားပေး ဖြေရှင်းရမယ်ပြောနေတာ ဖတ်ရပါတယ်။ အိန္ဒိယကလည်း သူတို့ကိုယ်သူတို့ ဆင်းရဲတဲ့ နိုင်ငံကြီးလို့ ပြောနေ တုန်းပါ။ အရှက်နဲ့ လူလုပ်ပြီး ကိုယ်ဆင်းရဲနေတာ ဖုံးဖိနေ၊ ကိုယ့်ပြဿနာတွေ လူများမသိစေနဲ့ဆိုတဲ့ ခေတ်က တော့ ကုန်ပြီထင်ပါတယ်။

မြန်မာ့အလင်း ဦးတင်လို ပရဟိတ ကိုယ်ကျိုးစွန့် လူမှုရေးဆောင်ရွက်သူတွေကတော့ လေးစားစရာပါ။ သို့ သော်လည်း ခေတ်မီဖွံ့ဖြိုးရေးသဘောတရားနဲ့ ကြည့်တဲ့အခါ သူ့လုပ်ငန်းက အလှူပေးရေး (charity) အဆင့်မျှ သာပဲရှိပါတယ်။ အကယ်၍ မြန်မာပြည်ထဲမှာ သူ့လိုလူတွေပေါ်လာ အဖွဲ့အစည်းတွေ ထူထောင်ကူညီကြတယ် ပဲထားဦး၊ Gender လို့ခေါ်တဲ့ လိင်ကွဲပြားမှုကိစ္စတွေ စဉ်းစားမိဖို့ မဖြစ်နိုင်ပါဘူး။ သဘာဝပတ်ဝန်းကျင်ကိစ္စ တွေလည်း လုပ်ဆောင်မိကြပါ့မလား။ Empowerment လို့ခေါ်တဲ့ လူထုအင်အားဖွံ့ဖြိုးလာစေရေး ကိစ္စတွေ ကိုလည်း စဉ်းစားမိကြဖို့ရှိသလား။ ဒီလိုပြည်တွင်းက အဖွဲ့အစည်းတွေမှာ ခေတ်သစ်ခေါင်းဆောင်မှု၊ စီမံခန့်ခွဲ ရေးပညာတွေကို ဘယ်သူတွေက ပေးမှာလဲ။ ဒီလို ပြည်တွင်းစေတနာရှင်အဖွဲ့တွေက ပညာရေးကို ဘယ်ပုံနဲ့ သစ်ကြမှာလဲ။ နာဂစ်မုန်တိုင်းအပြီး ဆောင်ရွက်ကြသလို စစ်တမ်းကောက်ယူတာတွေ၊ စီမံချက် သေချာဆွဲပြီး ဆောင်ရွက်တာတွေ ရှိမှာလား။ ပြည်တွင်းက အရင်းအမြစ်တွေကရော တချိန်ပြန်လည်စုစည်းလိုက်ရင် လုပ် ငန်းကြီးတွေ လုပ်လောက်အောင် လောက်လောက်လားလားကျန်သေးရဲ့လား။ နိုင်ငံတကာက စာချုပ်စာတန်း တွေ၊ ပဋိညာဉ်တွေ၊ ကမ္ဘာ့အဖွဲ့အစည်းတွေက နေရာပေးထားတဲ့ အဲန်ဂျီအိုတွေအတွက် စင်မြင့်တွေကို ပြည် တွင်းအဲန်ဂျီအိုတွေက ၀င်ယူကြမှာလား။ တို့နဲ့ မဆိုင်ဘူးဆိုပြီး ထားကြမှာလား … ကျနော်ကတော့ ဦးတင်တို့ ခေတ် အခြေအနေနဲ့ အခုအခြေအနေ ကွာခဲ့ပြီလို့ မြင်မိပါတယ်။ သူတို့ရဲ့ သမာဓိကို အတုယူစရာဖြစ်ပေမယ့် အလှူပေးလုပ်ငန်းလောက်နဲ့ မလုံလောက်တော့ဘူးလို့ထင်ပါတယ်။

အဲန်ဂျီအိုတွေမှာ မူမမှန်တာ၊ ခြစားနေတာ၊ ပျံ့ကျဲလွန်းနေတာ အားမရစရာတွေရှိကောင်းရှိနေနိုင်ပါတယ်။ တ ကယ်လိုအပ်နေတဲ့ ပြည်သူတွေအတွက် မထိရောက်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေကိုလည်း ထောက် ပြဖို့လိုသလို သူတို့ လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ် (code of conduct) တွေကိုလည်း ပြန်လည် ထောက်ပြဖို့ လိုပါတယ်။ ဝေဖန်စရာရှိရင်လည်း ဝေဖန်ဖို့လိုပါတယ်။ အခုကာလမှာ လူငယ်တွေက တယောက်ပြီးတ ယောက် အဲန်ဂျီအိုဆိုင်းဘုတ်တွေ ထောင်လာကြတယ်ဆိုတာ မကောင်းတဲ့ကိစ္စလို့ မမြင်မိပါ။ မုဒိတာပွားသင့်ပါ ကြောင်း တင်ပြလိုပါတယ်ခင်ဗျား။

အောင်သူငြိမ်း

.................................................................--

မိမိကိုယ်ကို နှိမ့်ချပြီး ရိုးသားကြိုးစားမှုအစွမ်းဖြင့် အမိမြန်မာပြည်သာယာဝပြောအောင်စွမ်းဆောင်နိုင်ပါစေ။

စိုးမိုးသူ



အန်ဂျီအို ဆိုတဲ့ အစိုးမရ

ဂါမဏိ

၅ အောက်တိုဘာ ၂၀၀၉

ဆောင်းရာသီရောက်ရင် မဲဆောက်မြို့ကို နိုင်ငံခြားသားပညာရှင်တွေ၊ အလွတ်သတင်းထောက်တွေ၊ သာသနာပြုတွေ၊ ရန်ပုံငွေရှာသူတွေ ဖုံးလွှမ်းသွားတတ်ပါတယ်။ တည်းခိုခန်းတွေ၊ ဟိုတယ်ခန်းတွေ မအားတော့သလို အနောက်တိုင်း စားသောက်ဆိုင်တွေ၊ အနောက်တိုင်း ကော်ဖီဆိုင်တွေ ဘားဆိုင်တွေလည်း ပြည့်ကုန်ပါတယ်။ ဒုက္ခသည်စခန်း၊ မယ်တော်ဆေးခန်း၊ (အကျဉ်းသားကူညီရေးအဖွဲ့တို့လို) တက်ကြွလှုပ်ရှားသူတွေဆီ မဖြစ်မနေသွားကြလို့ ချောင်းပေါက်မတတ် ဖြစ်ရပါတယ်။ တိုင်းတပါးသား ကူညီကယ်ဆယ်ရေးအဖွဲ့သားတွေ၊ မြန်မာ့အရေး သို့မဟုတ် လူသားချင်းစာနာရေး တက်ကြွလှုပ်ရှားသူတွေ၊ စေတနာ့ဝန်ထမ်းသမားတွေ၊ စွန့်စွန့်စားစား ကြမ်းကြမ်းတမ်းတမ်း ဝါသနာပါသူတွေဟာ အနောက်တိုင်းအကြိုက် ကော်ဖီဆိုင် ဘားဆိုင်တွေထိုင်ရင်း ခေါင်းဖြတ်လူသတ်မှုတွေအကြောင်း၊ ဒုက္ခသည်စခန်းရန်ပုံငွေတွေ ဘုံးခံရတဲ့အကြောင်း၊ နအဖ-ထိုင်း-စီအိုင်အေ ထောက်လှမ်းရေးတွေအကြောင်း၊ မိုက်ကြေးခွဲငွေညှစ်မှု၊ လောင်းကစားမှု၊ လက်နက်ခဲယမ်း မူးယစ်ဆေးဝါး ပြည့်တန်ဆာနဲ့ လိင်မှုကိစ္စ အကြံအဖန်ရိုက် ခြစားမှုတွေအကြောင်း တယောက်ထက် တယောက်သာအောင် ကြောက်စရာအကောင်းဆုံး အဆိုးဆုံးဖြစ်ရပ်တွေကို ဖောက်သည်ချကြပါတယ်။

ဒါပေမယ့် တကယ်တော့ ဒီအန်ဂျီအိုတွေ၊ အနောက်တိုင်းသားတွေမှာ ဘာမှကြောက်စရာမရှိပါဘူး။ နအဖနဲ့ ထိုင်းထောက်လှမ်းရေး နှစ်ဖက်စလုံးက ဘယ်အနောက်နိုင်ငံသားဟာ ဘာအဖွဲ့အတွက် လုပ်တယ်ဆိုတာ သိနေပါတယ်။ ဒုက္ခသည်တွေကို စာသင်ပေး၊ ဆေးကုပေး၊ ထမင်းကျွေးတဲ့အတွက် ဒီအန်ဂျီအိုတွေကို ရန်သူလို့ ဘယ်သူမှ မသတ်မှတ်ပါဘူး။ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကို ငွေကြေးထောက်ပံ့နေတဲ့ ဘန်ကောက်အခြေစိုက် အနောက်တိုင်း အန်ဂျီအိုအဖွဲ့ကြီးတဖွဲ့က ဆေးခန်းရဲ့ ငွေကြေးသုံးစွဲပုံကို လာရောက်စစ်ဆေးရာမှာ ရုံးခန်းထဲထိုင်ပြီး ဆရာမကြီးကို လုပ်ငန်းတာဝန် ကြေညာစာတမ်း (Mission Statement)၊ ဦးတည်ချက် (Objectives)၊ မဟာဗျူဟာ (Strategy) တွေအကြောင်း နှိုက်နှိုက်ချွတ်ချွတ် အချိန်အများကြီးယူ မေးမြန်းစစ်ဆေးခဲ့ပေမယ့် ဆေးခန်းထဲကိုတော့ ဒါလောက်အချိန်ယူ လှည့်လည်စစ်ဆေးတာ မလုပ်ခဲ့ပါဘူး။ ငွေကြေးသုံးစွဲမှု ထိရောက်ရေးအတွက် လာစစ်ဆေးကြပ်မတ်တဲ့ အဲဒီအန်ဂျီအို ကိုယ်စားလှယ် မိန်းမ (၄) ယောက်ဟာ မဲဆောက်မြို့က ဈေးအကြီးဆုံးဟိုတယ်မှာ တည်းသွားခဲ့ပါတယ်။ အန်ဂျီအို ရုံးချုပ်တွေကနေ နယ်စပ်ကို အချက်အလက်ရှာဖွေရေး ခရီးထွက်လာတဲ့အခါ (၂) ရက်လောက်ပဲ အချိန်ပေးပါတယ်။ သံရုံးတခုကဆိုရင် မယ်လဒုက္ခသည်စခန်းထဲ နာရီပိုင်းလောက် လာကြည့်ပြီးနောက် ထိုင်းနိုင်ငံသား ကရင်ရွာတွေထက် သာတယ်လို့တောင် ပြောသွားပါတယ်။

အန်ဂျီအို စီမံခန့်ခွဲရေး အစီအစဉ်တွေဟာ စာရွက်ပေါ်ရေးထားတာကတော့ ရွှန်းရွှန်းဝေပါပဲ။ ဒါပေမယ့် တကယ့်ပကတိအနေအထားအောက် အများကြီးရောက်နေပါတယ်။ အစိုးရမဟုတ်သော အဖွဲ့အစည်း ဆိုတဲ့စကားမှာ ‘အစိုးရမဟုတ်သော’ ဆိုတဲ့ အဓိပ္ပာယ်က တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာနေတယ်လို့ မကျေနပ်တဲ့ အန်ဂျီအိုဝန်ထမ်းတွေက ပြောကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရတွေ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ချက်တွေအတိုင်း လိုက်လုပ်တဲ့ အန်ဂျီအိုတွေ များလာလို့ ဖြစ်ပါတယ်တဲ့။ အဲသလို လိုက်မလုပ်ရင် အစိုးရတွေဆီက ရန်ပုံငွေမရဘဲ ဖြစ်တတ်ပါတယ်။

နိုင်ငံတကာကူညီရေးအဖွဲ့တွေနဲ့ အန်ဂျီအိုတွေဟာ အစိုးရတွေဆီက အထောက်အပံ့၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (အီးယူ) နဲ့ ဘာသာရေးအသင်းကြီးတွေက အထောက်အပံ့ကို ဘိန်းစွဲသလို စွဲနေပြီဖြစ်ပါတယ်။ အရေးပေါ် ထောက်ပံ့ကူညီရေး လုပ်ငန်းကြီးဟာ တနှစ်ကို ဒေါ်လာဘီလီယံနဲ့ချီ လည်ပတ်နေတဲ့ အထိန်းအချုပ် အကွပ်အကဲမဲ့ (ပွင့်လင်းမြင်သာမှုမဲ့) စီးပွားရေးလုပ်ငန်းကြီးတခု ဖြစ်နေပါပြီ။

အန်ဂျီအိုနဲ့ ကုလသမဂ္ဂအတိုင်ပင်ခံတွေ၊ အကြံပေးပုဂ္ဂိုလ်တွေဟာ တည်းခိုစရိတ်၊ ခရီးစရိတ်အပြင် တိုင်ပင်ခအဖြစ် တရက်ကို ဒေါ်လာ (၁,၀၀၀) အထိ ယူနေတာလည်း ရှိပါတယ်။ ဒီလိုနဲ့ အန်ဂျီအို အတိုင်ပင်ခံတွေနဲ့ ဒေသခံဝန်ထမ်းတွေအကြား မနာလိုတာတွေ ခွက်စောင်းခုတ်တာတွေလည်း ပြင်းထန်လာပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ တခြားထောက်ပံ့ ကူညီရေးအဖွဲ့ကြီးတွေရဲ့ အနောက်တိုင်းသား ဝန်ထမ်းတွေဟာ ဧရာမလစာတွေ ခံစားနေကြပါတယ်။ အတိုင်ပင်ခံအရာရှိတွေနဲ့ ရုံးချုပ်ဝန်ထမ်းတွေရဲ့ လစာတွေ၊ ခရီးစရိတ်၊ စားသောက်ဧည့်ခံစရိတ်တွေ၊ နေ့တွက်စရိတ်တွေ ထုတ်ပေးလိုက်ပြီးရင် သူတို့ကူညီရမယ်ဆိုတဲ့ လူထုတွေအတွက် ကူညီပေးစရာ ဘာမှမကျန်တော့ပါဘူး။ ဒါပေမယ့် စေတနာ့ဝန်ထမ်း လူသားချင်းစာနာရေးသမားတွေကတော့ ဒေသန္တရအခြေအနေနဲ့ ကိုက်ညီတဲ့ လစာနည်းနည်းလေးတွေနဲ့ အကျိုးဆောင်နေကြပါတယ်။

အန်ဂျီအိုတွေရဲ့ နဂိုမူလ လူသားဝါဒ စိတ်ကူးစံတွေကို လက်တွေ့ပဓာနအလုပ်ဖြစ်ရေးဝါဒက ဘေးဖယ်ထုတ်လိုက်ပြီး ကိုယ်ကျိုးစီးပွားနဲ့ ကိုယ့်တည်တန့်ရေးကပဲ လွှမ်းမိုးသွားပါတယ်။ ဒေသခံတွေနဲ့ ဝပ်ရှော့တွေလုပ်တဲ့အခါ ပေါ်လစီအပြောင်းအလဲတွေကို ‘တိုင်ပင်ညှိနှိုင်းပြီးမှ လုပ်တာ’ ‘အောက်ခြေထုတွေ သဘောပေါက်နားလည်ပြီးမှ လုပ်တာ’ ဆိုတဲ့ ပုံစံဖမ်းဖို့ သက်သက်ဖြစ်ပြီး ဒီဝပ်ရှော့တွေ ဆယ်မီနာတွေဟာ လူမကြိုက်တဲ့ ပေါ်လစီတွေကို ‘ရာဘာတံဆိပ်တုံးထု အတည်ပြုပေးတဲ့ လုပ်ရပ်တွေ’ လို့ စိတ်ပျက်နေတဲ့ ဒေသခံဝန်ထမ်းတွေက သမုတ်ကြပါတယ်။

မဲဆောက်မှာ အန်ဂျီအို အနည်းဆုံး (၅၀) လောက် (၂၀၀၆ ခုစာရင်း) ရှိနေပေမယ့် မဲဆောက်နဲ့ ပတ်ဝန်းကျင်မှာ ပုလိပ်အဖမ်းခံရ၊ အရိုက်ခံရ၊ အလုခံရ၊ အသတ်ခံရ၊ မုဒိမ်းကျင့်ခံရတဲ့ ဗမာ၊ မွန်၊ ကရင် စတဲ့ တိုင်းရင်းသားဦးရေက တနှစ်ထက်တနှစ် များလာပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်မဟာမင်းကြီးရုံးအပါအဝင် အန်ဂျီအိုတွေက အများအားဖြင့် အဲဒါတွေနဲ့ ပတ်သက်ပြီး အသံထွက်တာ အတော်နည်းပါတယ်။ ထိုင်းအာဏာပိုင်တွေ၊ ထိုင်းလူဆိုးဂိုဏ်းတွေ လက်တုံ့ပြန်မှာကို ကြောက်ကြပါတယ်။ ဒါပေမယ့် အသံထွက်ပေးတဲ့ အနည်းစု အန်ဂျီအိုတွေ၊ သတင်းထောက်တွေအနေနဲ့တော့ အသံထွက်ပေးရင် ထွက်ပေးသလောက် မတရားမှုကျူးလွန်ခံရသူတွေအတွက် သက်သာရာရသွားစေတာ တွေ့ရပါတယ်။

Source: http://www.padaukmyay.blogspot.com/
မောင်စူးစမ်း

(စက်တင်ဘာလ ၂၈ရက်နေ့ထုတ် Favourite News ဂျာနယ် မှာဖော်ပြထားတဲ့ ဆရာ မောင်စူးစမ်း၏ ဆောင်းပါး ဖြစ်ပါ တယ်။အခုတစ်လောခေတ်စားနေတဲ့ တတိယအုပ်စုဆိုတဲ့အယူအဆအပေါ် သုံးသပ်ချက်ဖြစ်ပါတယ်။ )

အလယ်ဗဟိုရွှေ့

နိုင်ငံရေးပါတီတို့ကို လက်ဝဲယိမ်း၊ လက်ယာယိမ်။ စသည်ဖြင့် ခွဲခြားလေ့ ရှိသည်။ လက်ဝဲယိမ်းနှင့် လက်ယာယိမ်းတို့ ခေတ်စားခဲ့ပြီးသည့် နောက် လက်ဝဲယိမ်းကလည်း အလယ်ဗဟိုသို့ ရွှေ့သည်။ လက်ယာယိမ်းကလည်း အလယ်ဗဟိုသို့ ရွှေ့သည်။ အလယ်ဗဟိုသို့ မရွှေ့ဘဲ၊ အစွန်းဘက်ရွှေ့ သွားသော ပါတီတို့လည်း ပေါ်လာတတ်သည်။ လက်ဝဲ အစွန်းရောက် လက်ယာ အစွန်းရောက် ဆိုပြီး ပေါ်တတ်သည်။ မြန်မာ့နိုင်ငံရေး သမိုင်းတွင် အခြား ထူးခြားချက် နှစ်မျိုး ပေါ်ခဲ့သည်။

ပထမ ထူးခြားချက်မှာ ဝိုင်အမ်ဘီအေလို၊ ဂျီစီဘီအေလို၊ ဖဆပလလို အမျိုးသား အဖွဲ့အစည်းများ ပေါ်ခြင်းဖြစ်သည်။ ဒုတိယ ထူးခြားချက်သည် ပါတီချင်း၊ ဖွဲ့ခြင်းဖြစ်သည်။ ပါတီစနစ်၊ အမျိုးသား ညီညွတ်ရေး စနစ်စသည်ဖြင့် ပေါ်သည်။ လူမျိုးစုတို့ ကလည်း လူမျိုးစုချင်း စုဖွဲ့ကြသည်။ ရွေးကောက်ပွဲဝင်လျှင် ပါတီလိုက် ဝင်ခြင်းလည်း ရှိသည်။ ပါတီတွေ မဟာမိတ် ဖွဲ့၍ ဝင်ခြင်းလည်း ရှိသည်။

နိုင်ငံရေးယဉ်ကျေးမှု

ပါတီစနစ်တို့ဖြင့် ပါတီနိုင်ငံရေး လုပ်ကြရင်း စစ်ဘက် အာဏာသိမ်းမှု တို့လည်း ပေါ်ခဲ့သည်။ လက်တင်အမေရိက နိုင်ငံရေးနှင့် ခပ်ဆင်ဆင်တူသည်။ ထို့ကြောင့် နိုင်ငံရေး သိပ္ပံပညာရှင်တို့က နိုင်ငံရေးယဉ်ကျေးမှု အကြောင်းကို သုံးသပ်ကြရာတွင် -

(၁) လူထု၏ပါဝင်မှု၊

(၂) နိုင်ငံရေးပါတီတို့ ပါဝင်မှု၊

(၃) မဟာမိတ် စုဖွဲ့၍ ပါဝင်မှုနှင့်

(၄) အာဏာသိမ်းမှုတို့ကို ထည့်သွင်း တွက်ချက်သည်။ အာဏာသိမ်းမှု coup ကို နိုင်ငံရေး ယဉ်ကျေးမှုထဲ ထည့်သွင်း သည်မှာ သဘာဝကျသည်။

ပါဝင်ပုံ နှစ်မျိုး

နိုင်ငံရေး သိပ္ပံပညာရှင်တို့က လူထု၏ ပါဝင် ပတ်သက်မှုကို နှစ်မျိုးခွဲသည်။ သမားရိုးကျ ပါဝင်ပတ်သက်မှုနှင့် သမားရိုးကျ မဟုတ်သော ပါဝင်ပတ်သက်မှုတို့ ဟူ၍ ဖြစ်သည်။ သမားရိုးကျ ပါဝင် ပတ်သက်မှုသည် ရွေးကောက်ပွဲဖြစ်၍ သမားရိုးကျ မဟုတ်သော ပါဝင်ပတ်သက်မှု နိုင်ငံရေး ထိပ်လွှာ Political elite တို့က ကြီးမှူး ကျင်းပသော ဆန္ဒပြပွဲတို့တွင် ပါဝင်ခြင်း ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေး သိပ္ပံပညာရှင်တို့က နိုင်ငံရေး ယဉ်ကျေးမှုကို သုံးသပ်ရာတွင် လမ်းပေါ် နိုင်ငံရေးတို့ကိုလည်း ထည့်သွင်း စဉ်းစားသည်။

အချို့ နိုင်ငံရေး သိပ္ပံပညာရှင်တို့က အိုင်ဒီအိုလိုဂျီခေါ် နိုင်ငံရေး ဝါဒတို့ကိုလည်း နိုင်ငံရေး ယဉ်ကျေးမှုထဲ ထည့်သွင်း စဉ်းစား သည်။ နိုင်ငံရေး ပါတီတို့၏ ဝါဒစွဲ၊ လူထု၏ ဝါဒစွဲတို့ကို ထည့်သွင်း သုံးသပ်သည်။ အထက်တွင် ဖော်ပြသည့် လက်ယာယိမ်း၊ လက်ဝဲယိမ်း ဆိုပြီး ခွဲကြည့်သည်မှာ ဝါဒအပေါ် အခြေခံခွဲခြင်း ဖြစ်သည်။ တစ်ချိန်တစ်ခါက ဝါဒစွဲတွေ သိပ်ပြင်းထန်ခဲ့သည်။ ဝါစွဲ ပြင်ထန်သလို ပါတီစွဲတို့လည်း အတော် ပြင်းထန်ခဲ့သည်။ သို့သော် နိုင်ငံရေး ရင့်ကျက်လာလျှင် အလယ်ဗဟိုသို့ ရွှေ့ကြ သည်။

လာမည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ဝါဒ အခြေခံဖြင့် ပါတီတွေ ကွဲပြားမှာလား သို့မဟုတ် ခေါင်းဆောင်မှု အခြေခံပြီး ကွဲပြားမှာလား မသိနိုင်သေးပေ။ ဤအချက်သည် ရွေးကောက်ပွဲ ဥပဒေနှင့် ပါတီများ ဥပဒေတွေ ထွက်လာပြီးမှ အကဲခတ်နိုင် လိမ့်မည်ဟု ထင်သည်။

ထိမ်းမြား

မည်သို့ပင် ဖြစ်စေ၊ အလယ်ဗဟိုသို့ ဦးတည်စေမည့် အိုင်ဒီယာ တစ်မျိုးတော့ ပေါ်လာသည် ဤအိုင်ဒီယာကို တတိယလမ်း third way ဟု ခေါ်သည်။ ဤ တတိယလမ်းကို ဥရောပမှ စသည်။ ဈေးကွက် စီးပွားရေးနှင့် နိုင်ငံရေးဝါဒ အတွဲအစပ်ကို အခြေခံ ကြည့်ခြင်းဖြစ်သည်။ ပထမလမ်း၌ ဈေးကွက် စီးပွားရေးသည် လစ်ဘရယ်ဝါဒနှင့် တွဲစပ်သည်။ အမေရိကန် ပုံစံ ဖြစ်သည်။ ဒုတိယလမ်းသည် ဈေးကွက်စီးပွားရေးနှင့် အာဏာရှင် စနစ်တို့ တွဲစပ်သည့် တရုတ်ပုံစံ ဖြစ်သည်။ ယခု တတိယ လမ်း တို့ ပေါ်ထွက်လာသည်။ ယင်းမှာ ဈေးကွက်စီးပွားရေးကို ဆိုရှယ်ဒီမိုကရေစီနှင့် ဖက်စပ်ခြင်း၊ ထိမ်းမြားခြင်း ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီသည် ပဲ့ကိုင် ဒီမိုကရေစီ ဖြစ်မည် ဖြစ်လေရာ အကယ်၍ တတိယလမ်း လိုက်ရမည်ဟု ဆိုလျှင် ဈေးကွက် စီးပွားရေးနှင့် ပဲ့ကိုင် ဒီမိုကရေစီကို ထိမ်းမြားပေးရမည်။ ဆိုရှယ် ဒီမိုကရေစီ ဆိုသည်မှာ ဈေးကွက်၏ ဒိုင်းနမစ်ပါဝါ ဖြစ်စဉ်ကို ဖန်တီးပြီးလျှင် ဓနကို တရားမျှတစွာ ခွဲဝေပေးရန်ဟု ဟောခြင်းဖြစ်သည်။

ယခု တတိယလမ်း ဆိုသော လေသံကြားရသည်။ ဤတတိယလမ်းသည် ဈေးကွက် စီးပွားရေးနှင့် ဆိုရှယ်ဒီမိုကရေစီကို ပေါင်းစပ်ပေးသော တတိယလမ်းလား၊ သို့တည်းမဟုတ် လက်ဝဲလည်း မဟုတ် လက်ယာလည်း မဟုတ် အလယ်ဗဟို အနေအထားကို ညွှန်းသော တတိယလမ်းလား ဟူ၍ သဲကွဲစွာ မသိရသေးပေ။ မည်သို့ပင် ဖြစ်စေ ဗြိတိန် ရွေးကောက်ပွဲ၌ ဈေးကွက် စီးပွားရေးသည် လစ်ဘရယ်ဝါဒနှင့် ပေါင်းစပ် ခဲ့ပြီးသည့်နောက် ယခု ဈေးကွက် စီးပွားရေးနှင့် ဆိုရှယ် ဒီမိုကရေစီကို ထိမ်းမြား ပေးရမည် ဟု ဟောနေကြသည်။ ဤ ထိမ်းမြားမှုကိုပင် တတိယလမ်းဟု ခေါ်နေသည်။

Source: http://eaglecentre.blogspot.com/
စက်တင်ဘာ ၂၃ ရက်နေ့ထုတ်ဝေတဲ့ ကြေးမုံသတင်းစာပါ ကျော်ရဲမင်းရဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး မနေနိုင် မထိုင်နိုင်ဖြစ်လာတာနဲ့ ဒီစာ ရေးလိုက်ပါတယ်။ လက်ရှိအစိုးရပိုင် သတင်းစာတွေရဲ့ ဆောင်းပါးတွေဟာ တစ်ခါတစ်ရံမှာ မသတီစက်ဆုပ်ဖွယ်ရာ အရေးအသားတွေနဲ့ စာဖတ်သူကို စော်ကားနေတယ်လို့ ခံစားရလို့ပါ။ အခုလည်း ကြေးမုံသတင်းစာမှာ ကျော်ရဲမင်းက နိုင်ငံတော်အစိုးရဆိုတာ ပြည်သူများရဲ့ မိဘသာ ဖြစ်တဲ့အတွက် အကျဉ်းကျခံရသူတွေကို အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း ဖြစ်တယ်။ နိုင်ငံတော်အစိုးရဟာ မိဘဖြစ်တယ်။ ပြည်သူဟာ သားသမီးဖြစ်တယ်လို့ ရေးထားတာ တွေ့ရတယ်။

ကျော်ရဲမင်းဟာ နိုင်ငံတော်နဲ့ အစိုးရကို ကွဲကွဲပြားပြား မသိတာလား။ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို မသိလို့ပဲလား။ ဒါမှမဟုတ် အဲဒီနှစ်ခုကို ပေါင်းပြီး နိုင်ငံတော်အစိုးရဆိုတဲ့ စကားလုံးနဲ့ စာဖတ်သူကို မလိမ့်တပတ်လုပ်ပြီးတော့မှ ပြည်သူဆိုတာ နိုင်ငံတော်အစိုးရရဲ့ သားသမီးတွေသာ ဖြစ်တယ်လို့ အပြီးသတ်စော်ကားပြီး ဆောင်းပါးကို စဖွင့်ထားပါတယ်။

အစိုးရဆိုတာ ဘာလဲ၊ နိုင်ငံတော်ဆိုတာ ဘာလဲ၊ ဆိုတာ အဘိဓာန်ဖွင့်ပြီး ရှင်းပြစရာ မလိုသလို ပြည်သူဆိုတာ အစိုးရကို ရွေးချယ်ပေးတဲ့သူ၊ ပြည်သူကသာ မိဘဆိုတာ ဖြစ်တယ်ဆိုတာ အထူးရှင်းပြစရာ မလိုပါဘူး။ ကျော်ရဲမင်းက ဒါနဲ့တင် အားမရလို့ လက်ရှိနိုင်ငံတော် အစိုးရဆိုတာ မိဘဖြစ်လို့ ပြည်သူကို လိုအပ်ရင် ရိုက်နှက်ဆုံးမရမယ်လို့တောင် အဆင်အခြင်မဲ့ ဆင်ဆာမဲ့ ထပ်မံစော်ကားထားတာ တွေ့ရပါတယ်။

သူ့ဆောင်းပါးမှာ- လက်ရှိလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်လို့ အစိုးရအဆက်ဆက်အပေါ် ချီးမွမ်းခန်းအမျိုးမျိုးနဲ့ ပြည်သူကို နှိမ်ချရေးသားထားတယ်။ ဒို့တာဝန်အရေးသုံးပါးနဲ့ အချုပ်အခြာအာဏာသုံးရပ်ကို ရောထွေးပုံမှားရိုက်ပြီး လက်ရှိအစိုးရရဲ့ ကျေးဇူးတော်ရဲ့ ဘုန်းတော်ဘွဲ့တွေကို ထပ်ခါတလဲလဲ အော်ဂလီဆန်ရလောက်အောင် ချီးမွမ်းထားပြန်တယ်။

လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား လုံးဝမရှိဘူး၊ နိုင်ငံအကျိုးစီးပွား ဖျက်ဆီးသူတွေသာ အကျဉ်းကျခံနေရတယ်။ လက်ရှိအကျဉ်းကျသူ အားလုံးဟာ နိုင်ငံသား အကျဉ်းသားတွေသာ ဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားနဲ့ နိုင်ငံသားအကျဉ်းသား အတူတူပဲလို့ သူက ပြောထားသေးတယ်။

လက်ရှိမြန်မာပြည်မှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ အဖမ်းခံထားရသူတွေဟာ နိုင်ငံအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် လုပ်ခဲ့တာလား ? စစ်ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေလို့လားဆိုတာ တစ်ကမ္ဘာလုံးက အသိပါ။ နိုင်ငံရေးအကျဉ်းသားနဲ့ နိုင်ငံသားအကျဉ်းသား အတူတူပဲဆိုတာကလည်း ဒီအစိုးရလက်ထက်မှာပဲ ရှိတယ်။ တိုင်းတပါးအစိုးရ (အင်္ဂလိပ်) အောက်ကတောင် နိုင်ငံရေးအကျဉ်းသားကို (B Class) ပေးပြီး သာမန်အကျဉ်းသားနဲ့ ခွဲခြားပြီး ဆက်ဆံခံရတယ်။ ကိုယ့်လူမျိုးချင်း အာဏာသိမ်း အုပ်ချုပ်တော့မှပဲ နိုင်ငံရေးအကျဉ်းသားဟာ ခါးပိုက်နှိုက်၊ သူခိုး ဂျပိုးနဲ့ တန်းတူဖြစ်သွားရတော့တယ်။

ဒါတွေအားလုံးကို ခြုံပြီး ကြည့်ရင် ကျော်ရဲမင်းရဲ့ ဆောင်းပါးဟာ

၁ - ပြည်သူဆိုတာ သက်ဆိုင်ရာ အစိုးရတစ်ရပ်ကို ပြဌာန်းသတ်မှတ်တာ မဟုတ်ဘဲ အစိုးရဆိုတာ နိုင်ငံတော်ကဲ့သို့ အစဉ်အဓွန့်ရှည် တည်တံ့နေသော မိုးကျရွှေကိုယ် ဘုန်းတော်ရှင် ဖြစ်တယ်။

၂ - အစိုးရဆိုတာ မိဘဖြစ်လို့ လိုအပ်ရင် ပြည်သူကို ရိုက်နှက်ဆုံးမမယ်

၃ - လက်ရှိအစိုးရရဲ့ အကျိုးစီးပွားကို ထိခိုက်လာရင် နိုင်ငံရေးအကျဉ်းသားလည်း သူခိုး ဂျပိုးလို အဆက်ဆံခံရမယ်။

တကယ်ကတော့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာဟာ လွှတ်ပေးရန်မသင့်တဲ့ ရာဇဝတ်သားများကို လွှတ်ပေးပြီး ကျော်ရဲမင်းပြောတဲ့ နိုင်ငံတော်သစ်ကို ရာဇဝတ်သားများ၊ ရာဇဝတ်မှုများနဲ့ ဖြည့်ဆည်းပေးတဲ့ လုပ်ဆောင်ချက်တစ်ခုထက် မပိုပါဘူး။

ခေတ်မီဖွံ့ဖြိုးပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ်ကို သွားဖို့ ကြိုးစားနေပါတယ်ဆိုတဲ့ လက်ရှိအစိုးရရဲ့ မီဒီယာတွေကနေ Power Struggle မလုပ်ဘဲ ကိုယ့်အိမ်ထဲ ကိုယ်နေတဲ့ ပြည်သူကို အသားလွတ်စော်ကားနေတာကတော့ ရပ်တန်းက ရပ်သင့်တယ်လို့ ပြောချင်ပါတယ်။

Source: http://eaglecentre.blogspot.com/

ကျိုင်းတုံကားလေလံ စိတ်ဝင်စားမှုကျဆင်း

လိုင်စင်မဲ့ မော်တော်ယာဉ်များ တင်သွင်း၍ လိုင်စင်ရှိမော်တော်ယာဉ်နှင့် လဲလှယ်သော လုံးချိန်းစနစ်ကို အဆင်ပြေပြေ ဖြစ်အောင် စီစဉ်ပေးထားသော လုပ်ငန်းစဉ်များကို နအဖမှ ခက်ခဲအောင် ပြုလုပ်လိုက်၍ လာမည့်အပတ် ကျိုင်းတုံတွင် ပြုလုပ်မည့် လေလံပွဲသည် စိတ်ဝင်စားစရာ မကောင်းတော့ကြောင်း ကားဝယ်ရောင်းများက ပြောဆိုသည်။

လိုင်းပေါ်ကကား ဟု ဝယ်ရောင်းများက ခေါ်ကြသည့် တိုယိုတာဗင် အပါအဝင် ကားများအစီး ၈၀၀ ကျော် လေလံတင်မည့် ကျိုင်းတုံလေလံသည် လိုင်စင်မဲ့ကားတင်သွင်းခွင့် လိုင်စင်ခက်ခဲခြင်း၊ ကညနလုပ်ငန်း ခက်ခဲခြင်းတို့ကြောင့် စိတ်ဝင်စားမှုလျော့သွားသည်ဟု ဆိုသည်။ ကညနသည် လုံးချိန်းကားများကို အလွယ်တကူ လိုင်စင်ထုတ်ပေးခဲ့သော်လည်း ယခုအခါ အမှတ်(၂) စက်မှုထုတ်သည်ဆိုသော စက်မှု(၂)က တင်သွင်းရောင်းချသည့် လိုင်စင်မဲ့ကားများကိုပင် လိုင်စင်ပေးရန် ငြင်းဆန်ခဲ့သဖြင့် စက်မှု(၂) ပါဂျရိုကို ဗိုလ်ချုပ်များထံမှ ဝယ်ယူထားသူများ၊ D4D ပစ်ကပ် ဝယ်ယူထားသူများ လိုင်စင်မရနိုင်တော့ကြောင်း သိရသည်။

အဓိက အခက်အခဲမှာ ကညနက အင်ဂျင်ပြောင်းနှင့် ဘော်ဒီပြောင်း ပြိုင်တူပြုလုပ်ခွင့်ကို ရပ်ဆိုင်းလိုက်၍ ဖြစ်သည်။ မြဝတီ ရန်ကုန် With-out တင်သွင်းသည့် လမ်းကြောင်းကိုလည်း ပိတ်ခဲ့သည်ဟု ဆို၏။

yangonchronicle2010.googlegroups.com

လူ့အခွင့်အရေးကောင်စီ ဓလေ့ထုံးတမ်းဆိုင်ရာတန်ဖိုးများ မဲခွဲမှုနှင့် ဂါဇာ လောင်းရိပ်မိသွားသော တိုးတက်မှုဆောင်ရွက်ချက်များ
Geneva (Oct 2, 2009)

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းဝေးတွင် အမျိုးအမျိုးသောရလာဒ်များ ဖြင့်အဆုံးသတ်ခဲ့ကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က အောက်တိုဘာ နှစ်ရက်က ထုတ်ပြန်ကြေငြာခဲ့သည်။
ယင်းကောင်စီသည် မြန်မာနိုင်ငံ ဆိုမာလီယာ ဟွန်ဒူးရပ်စ် နှင့် ကမ္ဘောဒီးယားနိုင်ငံ များ၏ လူ့အခွင့်အရေးအခြေအနေများကို စေ့စပ်အဖြေရှာရာတွင် အသုံးတည့်မည့် ဆုံးဖြတ်ချက် များနှင့်လွတ်လပ်စွာရေးသားဖော်ပြနိုင်ခွင့်၊ရွေ့ပြောင်းနေထိုင်သူများ၏ အခွင့်အရေးများ၊ HIV နှင့် AIDS ဆိုင်ရာ ကိစ္စရပ်များတွင် အထောက်အကူပြုမည့် တခဲနက်ဆုံး ဖြတ်ချက်များကို ချမှတ်လက်ခံခဲ့သည်။
သို့ရာတွင် လတ်တလော ဂါဇာအကြပ်အတည်းနှင့် မြေဇာပင်ဖြစ်နေရသော အရပ်သားများအတွက် တရားမျှတမှုများပျောက်ဆုံးနေမှုနှင့်ပတ်သက်သော Richard Rolestone ၏ အစီရင်ခံစာပေါ်တွင် အရေးယူ လှုံ့ဆော်မှုမရှိခဲ့ပေ။
၎င်းအပြင် ဓလေ့ထုံးတမ်းဆိုင်ရာတန်ဖိုးများ၊လူ့အခွင့်အရေးစံနှုန်းများ၊ဘောင်မဝင် သောအလွဲသုံးစားချိုးဖောက်မှုများကို လစ်လျှူရှုခြင်းများနှင့်ပတ်သက်၍ အငြင်းပွားဖွယ်အန္တ ရာယ်များသော ဆုံးဖြတ်ချက်များကို လက်ခံခဲ့ခြင်းလည်းဖြစ်သည်။
လူ့အခွင့်ရေးကောင်စီသည် ဟွတ်ဒူးရပ်စ်ကိစ္စကို ကိုင်တွယ်ဆောင်ရွက်နေခြင်းနှင့် အခြားသော နိုင်ငံများ၏ လူ့အခွင့်အရေးစံနှုန်းဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်နိုင်ခဲ့ခြင်း အတွက်မူ ချီးကျူးလေးစားထိုက်ပါကြောင်း ဂျနီဖာလူ့ခွင့်အရေးစောင့်ကြည့်လေ့လာရေးအ ဖွဲ့ညွှန်ကြားရေးမှူး Julie De Rivero ကပြောကြားခဲ့ပြီး အာဖကန်နစ္စတန်၊ရုရှ၊အီသီရိုးပီးယားနှင့် သီရိလင်္ကာအပါအဝင် အခြားဒေသတော်တော်များများရှိလူ့အခွင့်အရေးချိုးဖောက် မှုများကို လူ့အခွင့်အရေးကောင်စီက လစ်လျူရှုနေခြင်းနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင် ကြမည်နည်းဟုလည်းမေးခွန်းထုတ်လိုက်သည်။
ဟွန်ဒူးရပ်စ်နိုင်ငံအရေးနှင့်ပတ်သက်၍ ကောင်စီ၏ဖြေရှင်းမှုသည် အစီအစဉ်သစ် တစ်ခုဖြစ်ပြီး မူလအစီအစဉ်တွင်မပါဝင်သော နိုင်ငံတစ်နိုင်ငံအား ပထမဆုံးအကြိမ်အရေး ယူဆောင်ရွက်ခြင်းဖြစ်သည်။
ယင်းဆုံးဖြတ်ချက်အရ ဟွတ်ဒူးရပ်စ်နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ကိုအမြန်ဆုံးရပ်ဆိုင်းရန်နှင့် ဒီမိုကရေစီနှင့် တရားဥပဒေကို ပြန်လည်တည်ဆောက်ရန် တိုက်တွန်းခဲ့သည်။
ထို့ပြင်အာဏာသိမ်းပွဲအပြီးမှစတင်ကာကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက် မှုနှင့်ပတ်သက်သော အစီရင်ခံစာကို ကုလအထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင် စီ၏ နောက်တစ်ကြိမ်အစည်းဝေးသို့တင်ပြရန် လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂ ဝန်ရှင်တော်မင်းကြီးရုံးအားတောင်းဆိုထားသည်။
ရိုးရာဓလေ့များနှင့် ဆက်နွယ်နေသော လူ့အခွင့်အရေးစံနှုန်းများကို လက်ခံရန် ဆုံးဖြတ်ခဲ့ကြခြင်း၏ အကြောင်းရင်းကို လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဤသို့ပြောကြားခဲ့သည်။ လူ့အခွင့်အရေးစံနှုန်းများကို ကာကွယ်ရန်နှင့် မြင့်တက်လာစေရန် အထူးဆောင်ကြဉ်း ပံ့ပိုးပေးနိုင်သော ရိုးရာဓလေ့ထုံးစံများလည်း ရှိသည်ဟု ယူဆသောကြောင့် မိမိတို့ လက်ခံဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး အမျိုးသမီးအင်္ဂါ ဖြတ်တောက်ခြင်းကဲ့သို့ ဘေးအန္တရာယ်များသော ဓလေ့ထုံးစံများမှာမူ ၎င်းတို့မှန်ကန်ကြောင်းအလို့ငှာ ရိုးရာဓလေ့ကို သက်သေထူနေခြင်းဖြစ်ရာ လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။ မက်ဆီကန်သံအမတ်ကြီးက ရိုးရာဓလေ့ တန်ဖိုးများဟူသော စကားလုံးကို အထက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုခြင်း မပြုပါက ယဉ်ကျေးမှုဓလေ့ ကွဲလွဲခြင်း၏ မှားယွင်းသော အယူအဆများကို မိတ်ဆက်ပေးသကဲ့သို့ ဖြစ်သွားနိုင်ကြောင်း ဆက်လက် ပြောကြားသွားသည်။
ယခုဆုံးဖြတ်ချက်ကို ၂၆ မဲ/ ၁၅ မဲ (ကြားနေ ၆ မဲ) ဖြင့် အတည်ပြု လက်ခံခဲ့ခြင်းဖြစ်သည်။ ယခုဆုံးဖြတ်ချက်ကို အားလုံးက လက်ခံ အသိအမှတ်ပြုရန် ခက်ခဲမည်ဖြစ်ကြောင်းနှင့် နိုင်ငံရေးနှင့် ဘာသာရေးခေါင်းဆောင်များက ရိုးရာဓလေ့တန်ဖိုးဟု အဓိပ္ပါယ်ဖွင့်မည့် ဓလေ့ထုံးစံပေါင်းများစွာမှာ နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာ ဥပဒေနှင့် လွဲချော်နေလိမ့်မည် ဖြစ်ကြောင်း ရီဗီယိုက ဆက်လက် ပြောကြားခဲ့သည်။
လူ့အခွင့်အရေးကောင်စီက ဆက်လက်၍ လူဦးရေ ၂၅ သန်းခန့်မှာ HIV/ AIDS ရောဂါကြောင့် သေဆုံးခဲ့ကြပြီး ၂၀၀၇ ခုနှစ်အတွင်းက လူဦးရေ ၂.၇ သန်းခန့်မှာ ရောဂါကူးစက်ခံခဲ့ရကြောင်း စာရင်းများအရ တင်ပြခဲ့သည်။ သို့ရာတွင် မူးယစ်ဆေးသုံးစွဲသူများ၊ လိင်မှုဆိုင်ရာလုပ်သားများ၊ လိင်တူဆက်ဆံသူများ အစရှိသော ရောဂါကူးစက် ဖြစ်ပွားနိုင်ခြေရှိသူများအား ကာကွယ်မှုပေးရာတွင် လိုအပ်သည့်အရာများ မလုံလောက်ကြောင်းလည်း သိရှိရသည်။
အမျိုးသမီးများ ခွဲခြားဆက်ဆံခံရခြင်း ကိစ္စများ ပပျောက်ရေး ဆောင်ရွက်မည့် အစီအစဉ်များ ဖော်ဆောင်မှု အားနည်းနေခြင်းကို ဆွေးနွေးရန် စိတ်မကောင်းစွာရပ်ဆိုင်းခဲ့ပြီး ၎င်းအစား ကုလသမဂ္ဂ ဝန်ရှင်တော်မင်းကြီး ရုံးမှ ကျယ်ပြန့်စွာ ဆောင်ရွက်ပြီးစီးနေသော အမျိုးသမီးများ သာတူညီမျှရေး၊ ဥပဒေထုတ်ပြန်ရေး စီမံကိန်းကို လေ့လာရေး၊ ကြိုတင်ပြင်ဆင်ရေးအတွက် တိုက်တွန်းနှိုးဆော်ကြောင်း ဆုံးဖြတ်ခဲ့သည်။
မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရာတွင် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အားလုံးသော နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၀၀ ကျော် အကျဉ်းကျခံနေရပြီး လွန်ခဲ့သော ၂ နှစ်ကထက် ၂ ဆခန့် များပြားလာခဲ့သည်ဟု ဆိုသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ပြစ်တင်ဝေဖန်ခံနေရသော မြန်မာနိုင်ငံကို ယခင်က ကာကွယ်ပေးနေကျ အိန္ဒိယနှင့် တရုတ်နိုင်ငံများကပင် ယခုတောင်းဆိုချက်ကို ထောက်ခံခဲ့ကြပြီး နိုင်ငံအားလုံး၏ တခဲနက် ဝိုင်းဝန်းထောက်ခံမှုဖြင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်အား ဆက်လက်ထိန်းသိမ်းထားခြင်းကို လက်ခံနိုင်ဖွယ်မရှိကြောင်း၊တပ်မတော်အစိုးရက လွဲလျှင် လူတိုင်း နားလည်သဘောပေါက်ကြောင်း ဒီရီဗီယိုက ပြောကြားခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများကို လွှတ်မပေးပါက လာမည့်နှစ် ကျင်းပမည့် ရွေးကောက်ပွဲသည် အတုအယောင်သာ ဖြစ်လိမ့်မည်ဟူသည့် တိကျရှင်းလင်းသော အကြောင်းကြားလွှာကို လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံသို့ ပေးပို့ခဲ့သည်။
ထို့ပြင် ကမ္ဘောဒီးယားနှင့် ဆိုမာလီယာနိုင်ငံများအား ဆက်လက် စောင့်ကြည့်လေ့လာသွားရန် မှန်ကန်စွာ ဆုံးဖြတ်ခဲ့ပြီး ကမ္ဘောဒီးယားမှ အထူးအရာရှိကို သက်တမ်း တစ်နှစ် တိုးမြှင့်ခဲ့သည်။ ဆိုမာလီယာနိုင်ငံ၏ လူ့အခွင့်အရေးစံနှုန်းများ၊ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များအပေါ်တွင် များစွာ စိတ်ပူပန်နေပြီး နိုင်ငံတွင်း နေရာဖယ်ရှားခံရသူများနှင့် စစ်ပြေးဒုက္ခသည်များ၏ အခြေအနေများ ဆိုးဝါးနေမှုကို သတိထားစောင့်ကြည့်နေကြောင်း ဖော်ပြခဲ့သည်။
ဆိုမာလီယာနိုင်ငံရှိ ကုလ ကျွမ်းကျင်သူများကို တစ်နှစ် သက်တမ်းတိုးလိုက်ပြီး ၎င်းအစီရင်ခံစာကို ၂၀၁၀ မတ်လနှင့် စက်တင်ဘာ အစည်းအဝေးများတွင် တင်ပြရမည်ဖြစ်သည်။ စောင့်ကြည့်လေ့လာရေး အဖွဲ့သည် ဆိုမာလီယာပြည်တွင်းမှ ထိန်းချုပ်စစ်ဆေးမှုမရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် စိုးရိမ်ပူပန်နေပြီး ၎င်းပြစ်မှုများကို အသေးစိတ် ကိုင်တွယ်ဆောင်ရွက်၍ လုပ်ငန်းအရှိန် မြှင့်တင်ရန် လူ့အခွင့်အရေးကောင်စီကို တောင်းဆိုထားသည်။
လူ့အခွင့်အရေးကောင်စီသို့ အမေရိကန် ပြန်လည်ဝင်ရောက်လာမှုအပေါ် အကြီးအကျယ် မျှော်လင့်ချက်ထားရှိကြောင်း သိရှိရသည်။ အစည်းအဝေးမတိုင်မီ တစ်ပတ်က အီဂျစ်နိုင်ငံတွင်း လွတ်လပ်စွာ ရေးသားဖော်ပြခွင့်အတွက် ဆွေးနွေးနိုင်ခဲ့ကြောင်း အမေရိကန်က ကြေငြာခဲ့ပြီး ယင်းကိစ္စသည် ကောင်စီအတွင်း အယူအဆကွဲလွဲမှုများအနက်မှ တစ်ခုဖြစ်လေသည်။
ဒေသများစွာကို စည်းရုံးဆောင်ရွက်နိုင်သော အမေရိကန်၏ စွမ်းရည်နှင့် ယခုအောင်မြင်မှုသည် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ကောင်စီတွင်း အယူအဆ ကွဲလွဲမှုများကို လျော့ပါးသွားစေမည် ဖြစ်သည်။ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ရှိရေး ဆုံးဖြတ်ချက်ကို မဲဆန္ဒ မခံယူဘဲ လက်ခံချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဂိုးလ်စတုန်း ဦးဆောင်သော အချက်အလက်စုဆောင်းရေး အဖွဲ့၏ “ဂါဇာ” နှင့် ပတ်သက်သော အစီရင်ခံစာကို မဲခွဲဆုံးဖြတ်ရန် ၂၀၁၀ မတ်လ အစည်းအဝေးအထိ ဆိုင်းငံ့ထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ဦးမည် ဖြစ်သည်။ အမေရိကန်နှင့် အီးယူက ၎င်းအစီရင်ခံစာကို ထောက်ခံရန် ငြင်းပယ်ခဲ့အပြီး၌ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အမှားအယွင်းတွေ ဗလပွနဲ့ အစီရင်ခံစာဟု အမေရိကန်က ဝေဖန်ထားသည်။
လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ရရှိရေးအတွက် အမေရိကန်၏ ကြိုးပမ်းမှုကို နိုင်ငံအားလုံးက ထောက်ခံကြဖွယ် ရှိပြီး အမှန်စင်စစ် ထောက်ခံပြီးသလောက်ပင် ဖြစ်သည်ဟု ဒီရီဗီယိုက ပြောကြားခဲ့သည်။ သို့ရာတွင် ဂိုးလ်စတုန်း၏ “ဂါဇာ” အစီရင်ခံစာကို ဆိုင်းငံ့ထားခဲ့သော အမေရိကန်၏ ရပ်တည်ချက်ကြောင့် ယခုအောင်မြင်မှုမှာ လောင်းရိပ်မိသွားခဲ့ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။

yangonchronicle2010.googlegroups.com

တရုတ်ဝန်ကြီးချုပ်အား မြောက်ကိုရီးယားခေါင်းဆောင်က လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်
VOA News
05th October, 2009
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီသည် တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်အား ပြုံးယမ်းလေဆိပ်သို့ အရောက်တွင် ကြိုဆိုနှုတ်ဆက်ပါသည်။ ကင်ဂျုံအီသည် လူထုရှေ့သို့ အလွန်တရာထွက်ခဲသော ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။
ကင်ဂျုံအီသည် တနင်္ဂနွေနေ့က ပြုံးယမ်းလေဆိပ်တွင် တရုတ်ဝန်ကြီးချုပ်အား ကြိုဆိုရန် ရောက်ရှိနေခြင်း ဖြစ်သည်။ သူတို့သည် တနင်္လာနေ့တွင် တွေ့ဆုံဆွေးနွေးလိမ့်မည်ဟု မျှော်လင့်ရသည်။ တရုတ်နိုင်ငံသည် မြောက်ကိုရီးယားတို့အား ၎င်း၏ နျူကလီယားလက်နက် အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးနေသော ခြောက်နိုင်ငံအစည်းအဝေးသို့ ပြန်လာနိုင်ရန် ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်နေပါသည်။
တစ်ချိန်တည်းမှာပင် တရုတ်ဝန်ကြီးချုပ်သည် ကင်ဂျုံအီနှင့် ဆွေမျိုးတော်စပ်ခြင်း မရှိသူ မြောက်ကိုရီးယားဝန်ကြီးချုပ် ကင်ရောင်အီနှင့်လည်း တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ပါသည်။ ကင်ရောင်အီက ၎င်းတို့၏ နျူကလီယာအစီအစဉ်အတွက် စကားပြောရန် လမ်းဖွင့်ပေးထားပါကြောင်း ဝမ်ကျားပေါင်အား ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံမီဒီယာမှ ဝန်ကြီးချုပ် ကင်ရောင်အီ၏ ပြောဆိုချက်ကို ကိုးကား၍ ဖော်ပြရာတွင် မြောက်ကိုရီးယားသည် ရည်မှန်းချက်ပန်းတိုင်ဖြစ်သော နျူကလီယာကင်းမဲ့သော ကိုရီးယားကျွန်းဆွယ် ဖြစ်ရေးကို ဘယ်သောအခါမှ စွန့်လွှတ်လိမ့်မည် မဟုတ်ကြောင်း ရေးသားထားပါသည်။ သို့သော် ပြုံးယမ်းကမူ ပြီးခဲ့သည့် ဧပြီလက ရပ်ဆိုင်းထားခဲ့သော ခြောက်နိုင်ငံနျူကလီယာဆွေးနွေးပွဲ ပြန်လည်စတင်ရေးနှင့် ပတ်သက်၍ တိကျသော ပြောဆိုမှုများ မရှိသေးပါ။
ကိုရီးယားကျွန်းဆွယ်ကို နျူကလီယားကင်းမဲ့ဇုံ ပြုလုပ်ရေး ရည်မှန်းချက် အောင်မြင်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းသုံး၍ ဖော်ဆောင်သွားရေးသည် နိုင်ငံတကာ၏ စိတ်ဝင်စားမှုတစ်ရပ် ဖြစ်ကြောင်း ဝမ်ကျားပေါင်က ကင်ရောင်အီကို ပြောကြားကြောင်း တရုတ် ရုပ်မြင်သံကြားသတင်းဌာနက လွှင့်ထုတ်ပါသည်။
ဝမ်ကျားပေါင်သည် ပြုံးယမ်းသို့ တနင်္ဂနွေနေ့က ရောက်ရှိလာရာ နှစ်နိုင်ငံ ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် သုံးရက်ကြာ နေထိုင်မည် ဖြစ်သည်။ ဝမ် ခေါင်းဆောင်သော တရုတ်ကိုယ်စားလှယ် အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီး Yang Jiechi နှင့် နျူကလီယာစေ့စပ်ဆွေးနွေးသူ (Nuclear Negotiator) Wu Dawei လည်းပါဝင်ပါသည်။ အဆိုပါ တရုတ်ကိုယ်စာလှယ်အဖွဲ့သည် တနင်္ဂနွေနေ့က စီးပွားရေးနှင့် အခြားသဘောတူချက်များကို လက်မှတ်ရေးထိုးကြပါသည်။
ဆင်းရဲနွမ်းပါးပြီး အထီးကျန်ဖြစ်နေသော မြောက်ကိုရီးယားသည် စီးပွားရေးနှင့် သံတမန်ရေး ကိစ္စများတွင် တရုတ်နိုင်ငံမှာ တစ်ခုတည်းသော မှီခိုအားထားရာ နိုင်ငံဖြစ်နေပါသည်။
မြောက်ကိုရီးယားနိုင်ငံသည် ၎င်း၏ ဒုံးပျံလွှတ်တင်မှု အစီအစဉ်များအပေါ် နိုင်ငံတကာ၏ ဝေဖန်မှုများကြောင့် ယခုနှစ်အစောပိုင်းက ခြောက်နိုင်ငံ နျူကလီယားဆွေးနွေးပွဲကို ရပ်ဆိုင်းခဲ့ပါသည်။
တရုတ်၊ ရုရှား၊ တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့သည် စေ့စပ်ဆွေးနွေးခြင်းကို အသုံးပြုလျက် ပြုံးယမ်းအား နျူကလီယာလက်နက် အစီအစဉ်များ ဖြုတ်သိမ်းရေးအတွက် အကူအညီများနှင့် သံတမန်ရေးရာ မက်လုံးများပေးပြီး ဆွဲဆောင်နားချနေကြပါသည်။

yangonchronicle2010.googlegroups.com

မြန်မာနှင့်ကျူးဘားတို့ကို စကားပြော ခြင်း

ဤကမ္ဘာပေါ်တွင်ပြောရ၊ဆိုရအခက် ခဲဆုံးဖြစ်ပြီး ပြစ်တင်ဝေဖန်မှုများနှင့်အ ထိုက်တန်ဆုံးသော နိုင်ငံများစာရင်းချ ရေးရန်ကြိုးစားမည်ဆိုပါက မြန်မာနိုင်ငံသည် ထိုစာရင်း၏ထိပ်ဆုံးနေရာကိုရ ယူရန် ယှဉ်ပြိုင်သူတစ်ဦးဖြစ်နေပေလိမ့် မည်။ မြန်မာစစ်ဗိုလ်များ၏ ရက်စက် ကြမ်းတမ်းသော အာဏာရှင်ဆန်မှုများ၊ ပြည် သူလူထုကို ဆင်းရဲတွင်းထဲမှမ တက်နိုင် အောင်ကန့်သတ်ပိတ်ပင်မှုများ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် အထီး ကျန်တစ်ကိုယ်တည်းဖြစ်နေမှုများ၊ သ ဘောထားကွဲလွဲသူများအပေါ်လူမဆန် သည့်နည်းလမ်းဖြင့် ညှဉ်းပန်းနှိပ်စက် မှုများ၊ ဒီမိုကရေစီတိုက်ပွဲဝင်သူတို့အား မတရားထောင်သွင်းအကျဉ်းချမှုများနှင့် နိုင်ငံတကာက အသိအမှတ်ပြုထား သော နိုဗယ်ငြိမ်းချမ်းရေးဆုရှင်၊ဒီမိုက ရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်အား နေအိမ်အကျယ်ချုပ်ပစ်ဒဏ် များမတရားချမှတ်ထားမှုများက အဆိုပါ နိုင်ငံများစာရင်း၏ ထိပ်ဆုံးနေရာကိုရ ယူရန်ကြိုးပမ်းနေသည့်အလားပင်ဖြစ် သည်။
အမေရိကန်သမ္မတဟောင်းများဖြစ် ကြသော ဘီကလင်တန်နှင့် ဂျောဒဗလျူ ဘွတ်ရှ်တို့က ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင် ငံရေးအကျဉ်းသား ၂၀၀၀ကျော်အား ပြန်လည်စေလွှတ်ပြီးလွတ်လပ်ခွင် မပေး သေးသရွေ့သော်လည်းကောင်း၊ လွတ် လပ်ပြီးတရားမျှတသော ဒီမိုကရေစီရွေး ကောက်ပွဲပြုလုပ်ပြီး သိသာထင်ရှား သောပြုပြင်ပြောင်းလဲမှုများမပြုလုပ်သေး သရွေ့သော်လည်းကောင်း မြန်မာစစ် အစိုးရနှင့် မည်သည့်အခါမှတွေ့ဆုံစ ကားပြောမည်မဟုတ်ဟု သဘောထား ထုတ်ဖော်ခဲ့ပြီး မြန်မာနိုင်ငံအပေါ်တင်း ကျပ်သော စီးပွာရေးပိတ်ဆို့မှုမူဝါဒများ ချမှတ်ခဲ့ကြသည်။ သို့သော်လည်း အမေရိကန် အစိုးရ၏အပြစ် ပေး အရေးယူသည့် သဘောထားအပေါ် အခြေတည်ထားသော မူဝါဒမှာ သူချည်း သက်သက်ဖြင့် အလုပ်ဖြစ်အဖြေထုတ် နိုင်ခြင်းမရှိခဲ့ပေ။ အပြစ်ပေးရုံမျှဖြင့် ထိ ရောက်မှု မရှိခဲ့သည်ကို တွေ့မြင်ရသည်။
မည်သို့ပင်ဖြစ်စေ ယခုအခါတွင် ထို သမ္မတနှစ်ဦးချမှတ်ခဲ့သော မူဝါဒကို လက်ရှိသမ္မတအိုဘားမာက အနည်းငယ် ပြုပြင်ပြောင်းလဲရန်ကြိုးစားလာသည်ကို တွေ့ရသည်။ အိုဘားမားက မြန်မာစစ် အစိုးရခေါင်းဆောင်များနှင့်တိုက်ရိုက် တွေ့ဆုံမည်ဟူသောမူဝါဒကိုကျင့်သုံးရန် ဆုံးဖြတ်လိုက်သည်။ စစ်အစိုးရက ဒေါ် အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်သ ဘောမတူသေးသော်လည်း ဆွေးနွေးမှု များလက်ခံပြုလုပ်လာရန်ရှိနေသည်။ ဆွေးနွေးမှုများထဲတွင် ဒုတိယကမ္ဘာစစ် အတွင်းက မြန်မာနိုင်ငံ၌သေဆုံးခဲ့သော အမေရိကန်များ အောက်မေ့အမှတ်ရ ဖွယ်ကိစ္စများနှင့် မြောက်ကိုရီးယားမှ နျူ ကလီးယားအကူအညီအထောက်အပံများ ရယူရန်ကြိုးပမ်းနေသောကိစ္စများပါဝင် နိုင်သည်။
မြန်မာ့ဒီမိုကရေစီရေးအတွက်အား တက်သရောဆောင်ရွက်ခဲ့သူ အမေရိ ကန်ဆီနိတ်ခေါင်းဆောင်တစ်ဦးဖြစ် သော မစ်ခ်ျမက်ကော်နယ်လ်က စစ်အစိုး ရသည် ပိတ်ဆို့အရေးယူမှုများ ပယ်ဖျက် ပေးနိုင်ရေးအတွက် တစ်စုံတရာကောင်း မွန်အောင်မပြုလုပ်ခဲ့ကြောင်းသတိပေး ပြောဆိုသည်။ မက်ကော်နယ်လ် ယင်း သို့သတိပေးသည်မှာမှန်ကန်သောလုပ်ရပ် ဖြစ်ပါသည်။ သို့အတွက်ကြောင့်လည်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင် တန်က စေ့စပ်ညှိနှိုင်းမှုများပြုလုပ်မည် ဆိုသော်လည်း ပိတ်ဆို့အရေးယူသည့် မူ ၀ါဒများကို ဆက်လက်ကျင့်သုံးသွားမည် ဟုပြောဆိုခဲ့သည်။ သို့သော် ပိတ်ဆို့ အရေးယူမှုချည်းသက်သက် ဖြင့်အလုပ် မဖြစ်နိုင်သလို စေ့စပ်ညှိနှိုင်းရုံသက်သက် ဖြင့်လည်း အလုပ်ဖြစ်အဖြေမထွက်နိုင် သည်ကို ၀ါရှင်တန်ကကောင်းစွာနား လည်သဘောပေါက်သည်။ ထို့ကြောင့် မူဝါဒနှစ်ရပ်လုံးကို တဖြည်းဖြည်းချင်း ရောနှောကျင့်သုံးသွားရန်ဆုံးဖြတ်ခြင်း ဖြစ်သည်။သို့မှသာ နိုင်ငံရေးတိုးတက် မှုလမ်းကြောင်းကိုဦးတည်နိုင်လိမ့်မည် ဟု အမေရိကန်ကယုံကြည်သည်။
ဤကာလအတွင်းအမေရိကန် ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဘီဆာ ၀ီလျံသည် ကျူဘားနိုင်ငံမှ အဆင့်မြင့် ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးမှု များပြုလုပ်သည်။ စစ်အေးခေတ်ကာလ လောက်ကတည်းက ကျူးဘားအပေါ် လက်နက်တင်ပို့မှုပိတ်ပင်ရေးမူပြုလုပ် ခဲ့သော်လည်း မည်သည့်အဓိပ္ပာယ်ကိုမှ မဖော်ဆောင်နိုင်ခဲ့ဟုဆိုသည်။ ပိတ်ပင် တားဆီးရေးမှုဝါဒများကို အမေရိကန်၏ ရွေးကောက်ပွဲနိုင်ငံရေးတစ်ရပ်အဖြစ်အစွမ်း ကုန်အသုံးပြုခဲ့သည်။ ကျူးဘားနှင့်ဆက် ဆံရေးပုံမှန်ပြန်ဖြစ်စေရန်ကြိုးပမ်းမှုများ ကြောင့် ကျူးဘားအမေရိကန်လူငယ် များ၏အားပေးမှုများကိုသာရရှိခဲ့သည်။ သို့သော် ထိုလူငယ်များတွင် ကက်စထရို ကို ဆန့်ကျင်မုန်းတီးသည့် စိတ်ဓာတ် လျော့နည်းနေသောကြောင့် အလုပ်ဖြစ် သည်ဟုမဆိုနိုင်ပေ။
ဆိုပါက စစ်အစိုးရ အုပ်ချုပ်သော မြန်မာ နှင့် ကျူးဘားကဲ့သို့သော နိုင်ငံ များနှင့် စကားပြောရသည့်ကိစ္စမှာ အပြောင်းအလဲများဆီကို ဦးတည်မည် မဟုတ်ပေ။ သို့သော် မဟာဗျူဟာကျ သောမူဝါဒများကျင့်သုံးကာ မတူညီသော အခြားအကြောင်းကိစ္စများကို စေ့စပ်ညှိ နှိုင်းခြင်းသည်ခရီးရှည်ကြီးဖြစ်နိုင်သော် လည်း အပြောင်းအလဲတစ်စုံတရာကို သွားမည့် ခြေလှမ်းတစ်လှမ်းဖြစ်နိုင်ပါ သည်။
အောက်တိုဘာလ ၃ ရက်နေ့ထုတ် Courier Journal တွင်ပါသော Burma's and Cuba's ear သတင်းကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

yangonchronicle2010.googlegroups.com

တရားမဝင်ဖြတ်ကျော်သူ ထိုင်းများအား ဟွန်ဆန်ပစ်မိန့် ပေး

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) သည် ထိုင်းနိုင်ငံနှင့် အငြင်းပွားမှုဖြစ်နေသော နယ်ခြားဒေသအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်လာသည့် ထိုင်းလူမျိုးများအား ပစ်မိန့်ကို ၎င်း၏တပ်ဖွဲ့ဝင်များကို ပေးထားကြောင်း တနင်္လာနေ့က ပြောကြားသည်။ ထိုင်းတို့၏ နယ်မြေပိုင်ဆိုင်မှု တောင်းဆိုခြင်းကို ဒေါသကြီးစွာဖြင့် တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းဆန္ဒပြသူများက (၁၁) ရာစု ပရီဗီဟာ (Preah Viheur) ဘုရားကျောင်းအနီးရှိ အငြင်းပွားနယ်မြေတွင် ဆန္ဒပြပြီး နောက်တစ်ပတ်တွင် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ အဆိုပါ ဒေသအတွင်း လွန်ခဲ့သည့်နှစ်က စတင်ခဲ့သည့် မပြေမလည်ဖြစ်မှုကြောင့် စစ်သား (၇) ဦး သေဆုံးခဲ့ပြီး ဖြစ်ပါသည်။
“သူတို့တပ် ဝင်လာလျှင် ပစ်ပါ”ဟု၎င်းအား သြဘာပေးနေသော အာဏာပိုင်များရှေ့တွင် လူသိရှင်ကြား ပြောကြားခဲ့သည်။ အရပ်သားဖြစ်စေ၊ စစ်တပ်ဖြစ်စေ၊ ကျူးကျော်သူရန်သူများကို တရားမဝင် ဝင်ရောက်ပါက ပစ်ရန် ပစ်မိန့်ပေးခဲ့သည်။
စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး အမိန့်ကို နာခံရမည်။ ကျူးကျော်ဝင်ရောက်သူများကို အကာအရံများဖြင့် ကာကွယ်မည်မဟုတ်ဘဲ ကျည်ဆန်ဖြင့် ကာကွယ်မည် ဖြစ်ကြောင်း ကမ္ဘောဒီးယား ကမ္ဘာလှည့်ခရီးသည် ဝန်ကြီးဌာနရုံးသစ်ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသွားသည်။ ထိုင်းနိုင်ငံမှ တောင်းဆိုထားသော Preah Vihear အနီးရှိ ၄.၆ စတုရန်းကီလိုမီတာရှိသည့် နယ်မြေကိစ္စကို ရှေ့လ အာဆီယံအစည်းအဝေးတွင် တင်ပြမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ နယ်မြေပိုင်ဆိုင်မှုကို တစ်ဘက်အမြင်ဖြင့် တောင်းဆိုခြင်းဖြစ်ကြောင်း၊ အကယ်၍ ထိုင်းဝန်ကြီးချုပ်ကသာ တစ်ဖက်သက်ရေးဆွဲထားသော မြေပုံ ကျွန်ုပ်ရှေ့တွင် ရှိလျှင် ဆုတ်ဆွဲပစ်မည်ဖြစ်ကြောင်း ပြောသည်။ ကမ္ဘောဒီးယားနိုင်ငံသည် စစ်ကို မလိုလားကြောင်း၊ သို့သော် မိမိပိုင်နက်အတွင်း ဝင်ရောက်နေသော ရန်သူများအား နှိမ်နင်းခွင့်ရှိကြောင်း ပြောကြားသည်။ ထိုင်းနိုင်ငံမှ ပြင်းထန်သော တုန့်ပြန်မှုများ ပြုလုပ်လာပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ အဆိုပါကိစ္စကို တင်ပြမည်ဖြစ်ကြောင်း ပြောကြားသည်။
ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့၏ အဆိုပါဒေသအတွင်း အငြင်းပွားမှုမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း လွန်ခဲ့သည့် ဇူလိုင်လက ဘုရားကျောင်းကို ကုလသမဂ္ဂ ကမ္ဘာ့အမွေအနှစ် အမည်စာရင်းဝင်အဖြစ် ကြေညာပြီးနောက် မငြိမ်မသက်မှုနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားလာရခြင်း ဖြစ်ပါသည်။
ကမ္ဘာ့တရားရုံးမှ ၁၉၆၂ တွင် အဆိုပါဒေသကို ကမ္ဘောဒီးယားက ပိုင်ဆိုင်ကြောင်းဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း အဆိုပါရှေးဟောင်းဘုရားကျောင်း၏ အဝင်ကျောက်ဆစ်လှေကားနှင့် လက်ရာမြောက်ကျောက်ဆစ်နှင့် ပန်းပုတို့သည် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
ကမ္ဘောဒီးယားနှင့် ထိုင်းစစ်သားများက အဆိုပါဒေသတွင် ကင်းလှည့်မှုများပြုလုပ်နေကြပြီး လွန်ခဲ့သည့် ဧပြီလတွင် အပြန်အလှန်ပစ်ခတ်မှုများကြောင့် လူ ၃ ဦး သေဆုံးခဲ့ရသည်။ အဆိုပါဒေသရှိ နယ်ခြားစည်းမျဉ်းကို သတ်မှတ်ထားခဲ့ခြင်း မရှိခဲ့ဘဲ ယင်းနယ်မြေအတွင်း ကမ္ဘောဒီးယားစစ်ပွဲ အတွင်းက မြေမြှုပ်မိုင်းများသာ ကျန်ရှိနေပါသည်။