Transparency Myanmar

transparency.myanmar@gmail.com

AFP from news.yahoo.com,1 Feb 2009

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Ban Ki-moon ၏ ထိပ်တန်း နိုင်ငံရေး အကြံပေး Lynn Pascoe သည် ဖေဖော်ဝါရီလတွင် မြောက်ကိုရီးယားသို့ သွားရောက်လိမ့်မည် ဖြစ်ကြောင်း၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများသို့ပါ သွားရောက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂက တနင်္ဂနွေနေ့က သတင်းထုတ်ပြန် ခဲ့ပါသည်။

Ban Ki-moon ၏ သတင်း ထုတ်ပြန်ရေးဌာနက ပြောကြားရာတွင် Pascoe သည် မြောက်ကိုရီးယားသို့ ဖေဖော်ဝါရီလ (၉) ရက် မှ (၁၂) ရက်နေ့အထိ လေးနိုင်ငံတွင် ပထမဦးဆုံး နိုင်ငံအဖြစ် စတင် သွားရောက်မည် ဖြစ်သည်ဟု ဆိုပါသည်။

Pascoe သည် မြောက်ကိုရီးယား အာဏာပိုင်များနှင့် နှစ်ဦးနှစ်ဖက်နှင့် သက်ဆိုင်သော ကိစ္စရပ်များကို ကျယ်ပြန့်စွာ ဆွေးနွေးမည်ဖြစ်ကြောင်း စီစဉ်ထားသည်ဟု ဆိုပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလက Ban Ki-moon သည် မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Park Gil Yon နှင့် ကုလသမဂ္ဂ ဌာနချုပ်တွင် မြောက်ကိုရိးယား နျူကလီးယား အစီအစဉ်များ၊ လူသားချင်း စာနာထောက်ထားသော အစီအစဉ်များနှင့် လူ့အခွင့်အရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

တနင်္ဂနွေနေ့ အစောပိုင်းက Yonhap သတင်းဌာန၏ သတင်းပို့မှုတွင် Pascoe နှင့် Ban Ki-moon ၏ အကြံပေးတစ်ဦး ဖြစ်သူ Kim Won-Soo တို့သည် မြောက်ကိုရီးယားသို့ ကုလသမဂ္ဂနှင့် ပြုံယမ်းအကြား အဆင့်မြင့် ပုဂ္ဂိုလ်များ ဆွေးနွေးမှုများ ပြန်လည် စတင်နိုင်ရေးကို ရည်ရွယ် သွားရောက်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

၎င်းတို့ နှစ်ဦးသည် မြောက်ကိုရီးယား နျူကလီးယား လက်နက်များ အစီအစဉ်နှင့် လူသားချင်း စာနာထောက်ထားသော အကူအညီများ ကိစ္စတို့ကို ဆွေးနွေးမည်ဟု Yonhap က ဆိုပါသည်။

ကုလသမဂ္ဂသည် ပြီးခဲ့သည့် နှစ်အစောပိုင်းကတည်းက ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရန် စီစဉ်ခဲ့သော်လည်း၊ ပြုံယမ်းက လက်မခံခဲ့ဟု Yonhap က ပြောကြားခဲ့ပါသည်။

နိုင်ငံတကာက မြောက်ကိုရီးယားကို ၎င်းကိုးလကြာ သပိတ်မှောက်ထားသော ခြောက်နိုင်ငံ နျူကလီးယား လက်နက် ဖျက်သိမ်းရေး အစည်းအဝေးပွဲသို့ ပြန်လာရန် ဖိအားပေးလျက် ရှိနေပါသည်။

ယခင်နှစ်က မြောက်ကိုရီးယားတွင် ဒုံးကျည်နှင့် နျူကလီးယား စမ်းသပ်မှု ပြုလုပ်စဉ်ကပင် တင်းကျပ်သော ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ဖြစ်သည်။

မြောက်ကိုရီးယား၏ လက်နက် တင်ပို့မှုအပေါ် တားမြစ်သော အရေးယူမှုများကြောင့် ၎င်း၏ စီးပွားရေးမှာ အထိနာခဲ့ပါသည်။ ၁၉၉၀ ခုနှစ်များတွင် သဘာဝ ဘေးအန္တရာယ်များ ကျရောက် ခဲ့ပြီးချိန်မှစ၍ ၎င်း၏ ပြည်သူများကို ကျွေးမွေးရန် ပြည်ပ ကယ်ဆယ်ရေး အထောက်အပံ့များကို မှီခိုခဲ့ရပါသည်။

ဂျပန်၊ တရုတ်၊ ရုရှား၊ အမေရိကန်နှင့် ကိုရီးယား နှစ်နိုင်ငံ ပါဝင်သော ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် အဓိက ကျသော တိုးတက်မှုများ ရှိလာပါက အရေးယူ ပိတ်ဆို့မှုများကို ဖြေလျှော့ပေးရန် ကုလသမဂ္ဂက ဆုံးဖြတ်နိုင်ဖွယ် ရှိပါသည်။

သို့သော်လည်း ဆွေးနွေးပွဲသို့ ပြန်လည် တက်ရောက်ခြင်း မပြုမီ မြောက်ကိုရီးယားက အရေးယူမှုများ အဆုံးသတ်ရန်နှင့် ၁၉၅၀ - ၅၃ တွင် ကိုရီးယားစစ်ပွဲကို တရားဝင် အဆုံးသတ်မည့် ငြိမ်းချမ်းရေးစာချုပ်နှင့် ပတ်သက်ပြီး ဆွေးနွေးရန် တောင်းဆိုနေခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

1-Feb -2010, Bangkok Post Editorial

          မြန်မာနိုင်ငံသည် အမေရိကန် ပြည်ထောင်စု၏ တွေ့ဆုံ ဆွေးနွေးရန် ကြိုးစားမှု၊ အာဆီယံ မိတ်ဆွေများ၏ မျှော်လင့်ချက် ပြည့်ဝသော ကြေငြာချက်များနှင့် ဥရောပနိုင်ငံများ၏ တစ်နှစ်ပတ်လုံး ဝေဖန် ပြစ်တင်မှုများကို ကျော်လွှားရန် ရှင်းလင်း ပြတ်သားစွာ တုန့်ပြန်ခဲ့ပြီ ဖြစ်သည်။

၎င်း တုန့်ပြန်မှုသည် အိမ်နီးခြင်းများနှင့် အခြားနိုင်ငံများကို ဂရုမစိုက်ရုံသာမကပါ၊ ပြည်သူတွေ အပေါ်တွင်လည်း နောက်ထပ် ပြင်းထန်၍ ကြောက်စရာကောင်းသည့် နှိပ်ကွပ်မှုများ ပြုလုပ်ခဲ့ပါသည်။ လတ်တလော သီတင်းပတ်များအတွင်း မြန်မာနိုင်ငံ အာဏာပိုင်များသည် နိုင်ငံအတွင်းရှိ အရာရာကို ပိုမိုဆိုးဝါးအောင် ပြုလုပ်နေသည့်အပြင် ကမ္ဘာ့သဘောထားကိုလည်း အရေးမစိုက်သည့် သဘောဖြင့် ရိုင်းပြစွာ ပုတ်ထုတ်ခဲ့ပါသည်။

စီစဉ်ထားသည့် ရွေးကောက်ပွဲများသည် ဒီမိုကရေစီ စနစ်သို့ ရှေ့ရှုပြောင်းလဲ၍ နိုင်ငံကို တိုးတက် စေလိမ့်မည် ဟူသော အခွင့်အရေးမှာ အမှန်တကယ် မရှိကြောင်း ယခုအခါ ရှင်းလင်း သဲကွဲ သွားပြီ ဖြစ်သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီ စနစ်သို့ ဦးတည်ရည်ရွယ်နေခြင်း မဟုတ်ကြောင်းပြသသည့် ပထမလက္ခဏာမှာ ဇန်နဝါရီလဆန်း တရားစီရင်မှုတွင် ပေါ်ထွက်လာပါသည်။

နိုင်ငံတော်၏ လျှို့ဝှက်ချက်များဟု ၎င်းတို့ခေါ်ဆိုသော သတင်းများပေါက်ကြားမှုဖြင့် တပ်မတော် အရာရှိ တစ်ဦးကို သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ပြုံယမ်း၏ အကူအညီဖြင့် တိတ်တခိုး ထည်ဆောက်နေသော ဥမင်လှိုဏ်ခေါင်း ကွန်ယက် အပါအဝင် မြောက်ကိုးရီးယား ဆက်ဆံရေးနှင့် ပတ်သက်သည့် သတင်းနှင့် ဓါတ်ပုံများကို ပြည်ပ မြန်မာသတင်းဋ္ဌာန များသို့ ပေးပို့သည်ဟု ၎င်းတို့အား စွပ်စွဲခဲ့ပါသည်။

လှိုဏ်ခေါင်းဓါတ်ပုံများကို အင်တာနက်ပေါ်တွင် တင်ထားသည့်တိုင်အောင် အဆိုပါလျှို့ဝှက်ချက် ဆိုသော သတင်းများသည် အမှန်တကယ် လျှို့ဝှက်ချက် ဟုတ်မဟုတ် မေးခွန်းထုတ်စရာရှိပါသည်။ ဗိုလ်မှူး ဝင်းနိုင်ကျော်နှင့် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနမှ သူရကျော်တို့အား တရားစီရင်ခြင်းသည် ရည်ရွယ်ချက် ၂ခု ရှိကြောင်း ထင်ရှားပါသည်။

ပထမ တစ်ချက်မှာ နိုင်ငံခြားသားများ၊ အစိုးရ ဆန့်ကျင်သူများနှင့် ဆက်သွယ်ခြင်း မပြုရန် အတွက် မြန်မာပြည်သူ အားလုံးကို ခြောက်လှန့်ရန် ဖြစ်သည်။ ဒုတိယ အချက်မှာ စစ်အစိုးရသည် မေးခွန်း အထုတ်ခံမည် မဟုတ်သလို လုံးဝ အဝေဖန်ခံမည် မဟုတ်ကြောင်း ရှင်းလင်းစွာ အသိပေးခြင်း ဖြစ်သည်။

ကျော်ဇောလွင်၏ အမှုသည်လည်း စစ်ဖက် အစိုးရ၏ သံလက်သီးနှင့် နောက်ထပ် အချက်ပြမှုတစ်ခု ဖြစ်သည်။ ၎င်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ ထောက်ခံသော လှုပ်ရှားမှုတွင် စည်းရုံး ဆောင်ရွက်သူများထဲမှ တစ်ဦး ဖြစ်သည်။

၎င်းသည် ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး အမေရိကန် နိုင်ငံသားတစ်ဦး ဖြစ်လာခဲ့ပါသည်။ နိုင်ငံရေး ပြစ်မှုများကြောင့် ထောင်ဒဏ်ကျခံနေရသော မကျန်းမာသည့် မိခင်ကြီးထံသွားရောက် တွေ့ဆုံရန် အတွက် ယခင်နှစ်နှောင်းပိုင်းတွင် ဗီဇာ ရရှိခဲ့ပါသည်။ ၎င်း ရန်ကုန်လေဆိပ် အရောက်တွင် တရားမဝင် နိုင်ငံသားကဒ် ကိုင်ဆောင်မှုနှင့် နိုင်ငံခြားငွေ ကြေငြာရန် ပျက်ကွက်မှုတို့ဖြင့် ဖမ်းဆီးခြင်းခံရပါသည်။ ၎င်းအား နှိပ်စက် ညှင်းပန်းခဲ့ပြီး တိုက်ပိတ်နှောင်ထားသည် ဟု ကြားသိရပါသည်။

၎င်းအပေါ် နှိပ်ကွပ် ဆက်ဆံမှုများသည် လွန်ခဲ့သည့် အနှစ်၂၀ က ရွေးကောက်ပွဲတွင် အနိုင်ရရှိသူ ဒေါ်အောင်ဆန်းစုကြည်၏ ကိစ္စတွင် မြန်မာ အစိုးရ၏ ရက်စက် ကြမ်းကြုတ်မှုများကို ပြန်လည် သတိရစေပါသည်။

သူမ၏ အမျိုးသား ကွယ်လွန်စဉ်က သူမအား သွားရောက်ခွင့်ပြုရန် အစိုးရက ငြင်းပယ်ခဲ့ပါသည်။ သူမထံ လာရောက်ရန် သူမ၏ သားများတောင်းဆိုမှုကိုလည်း ပယ်ချခဲ့ပါသည်။ နိုင်ငံခြားသားတစ်ဦးကို လက်ထပ်မှုကြောင့် သူမသည် အဆက်မပြတ် သိက္ခာချ စွပ်စွဲခြင်း ခံနေရပါသည်။

ထို့အပြင် မြန်မာ အစိုးရသည် ၎င်းတို့၏ အာဏာပါဝါကို ပြသရန် နောက်ဆုံးစီမံချက် အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ် အသုံးပြုခဲ့ရပါသည်။ သူမသည် ပြည်သူများ လွတ်လပ်ခွင့်ရှိရမည်။ အစိုးရသည် ဝေဖန်ခံနိုင်ရမည် ဟူသော အချက်များအတွက် ငြိမ်းချမ်းစွာ ရပ်တည်နေသည့် ကမ္ဘာ့သင်္ကေတ တစ်ခု အဖြစ် အားလုံးက လက်ခံ ဆုံးဖြတ်ထားခြင်း ဖြစ်ရာ အဆိုပါ စံပြ သင်္ကေတများအတွက် သူမအား အရေးယူ အပြစ်ပေးရန် စီစဉ်ခဲ့ခြင်းပင် ဖြစ်သည်။

လွန်ခဲ့သော သီတင်းပတ်ကမူ တရားဥပဒေ ရှိလေဟန် ပါးပါးလေး ဟန်ဆောင် ဖုံးအုပ်ထားသော အစိုးရက အပေါ်စီးမှ သရော်သလို ဆက်ဆံခဲ့ပြန်ပါသည်။

ဗဟိုတရားရုံးက ချမှတ်ထားသော သူမ၏ နေအိမ် အကျယ်ချုပ် သက်တမ်း ကုန်ဆုံးရက် နီးလာခြင်းနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားရာတွင် မည့်သည့်ပြဿနာမှ မရှိပါဟု ဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလတွင် လွတ်မြောက်နိုင်ဖွယ် ရှိခြင်းမှာ စစ်ဖက် ခေါင်းဆောင်များက ကြိုတင် ဆုံးဖြတ်ထားပြီး ဖြစ်ပုံရပါသည်။

အလွယ်တကူ ချမှတ်လိုက်သော ယခု ဆုံးဖြတ်ချက်သည် နိုင်ငံ၏ ဒီမိုကရေစီ ဦးဆောင် လှုပ်ရှားသူ၊ ထင်ရှားလှသော အတိုက်အခံ ခေါင်းဆောင်အား ရွေးကောက်ပွဲ အသစ်များတွင် ပါဝင်ခြင်းမပြုရန် တားဆီးထားမည် ဖြစ်ကြောင်း ဆိုလိုခြင်း ပင်ဖြစ်သည်။

စကားမစပ် ပြောရပါလျှင် ရွေးကောက်ပွဲ ကျင်းပမည့် အချိန်သည် နိုင်ငံတော် အဆင့် လျှို့ဝှက်ချက် တစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ယခုနှစ်နှောင်းပိုင်း တစ်ချိန်ချိန်တွင် ဖြစ်နိုင်ဖွယ်ရှိပြီး ရွေးကောက်ပွဲဝင်ခြင်း၊ မဲပေးခြင်း မပြုနိုင်အောင် ဒေါ်အောင်ဆန်းစုကြည်အား သော့ခတ် ထားပါလိမ့်ဦးမည်။

မြန်မာ အစိုးရက ဒီမိုကရေစီ လှုပ်ရှားသူများသည် ဥပဒေ ချိုးဖောက်မှုကြောင့် ၎င်းတို့၏ လွတ်မြောက်ခွင့် ဆုံးရှုံးရခြင်း ဖြစ်ကြောင်း အကြောင်းပြကာ ရွေးကောက်ပွဲသည် တရားဝင်ကြောင်း အခိုင်အမာ ခုခံ ကာကွယ်မည် ဖြစ်ပြီး ဒီမိုကရေစီကို ဘေးချိတ် ထားပါလိမ့်မည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press,30th – Feb – 2009

တရုတ်နိုင်ငံသည် အမေရိကန် ပြည်ထောင်စုနှင့် စစ်ဖက်ဆိုင်ရာ အပြန်အလှန် ဆက်ဆံမှုကို ရပ်ဆိုင်းလိုက်ပြီး အမေရိကန် ကာကွယ်ရေး ကုမ္ပဏီများကိုလည်း ယခင်က မလုပ်ဖူးသည့် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက် လိုက်ပါသည်။

ထိုင်ဝမ်သို့ ဒေါ်လာ (၆.၄) ဘီလျံ တန်ဖိုးရှိ လက်နက်များ ရောင်းချပေးရန် စီစဉ်နေကြောင်း ဝါရှင်တန်က ကြေညာခဲ့ပြီးနောက်တွင် စနေနေ့က အထက်ပါအတိုင်း သတိပေးလိုက်ခြင်း ဖြစ်ပါသည်။

အမေရိကန်၏ သောကြာနေ့ ကြေညာချက် အပေါ် တရုတ်၏ တုန့်ပြန်မှုသည် လုံးဝ မျှော်လင့် မထားခြင်း မဟုတ်သော်လည်း မြန်ဆန်လွန်းပြီး ကြီးမားသော စိမ်ခေါ်မှုများကို ပုံမှန်ထက် ပို၍ တုန့်ပြန် ရင်ဆိုင်ရန် တရုတ်က စီစဉ်နေကြောင်း ရည်ညွှန်း ပြသနေပါသည်။ ယခု ကိစ္စသည် တရုတ် အမေရိကန် ဆက်ဆံရေးတွင် သတိကြီးစွာ ထားရမည့် ကိစ္စလည်း ဖြစ်နေပါသည်။

လက်ရှိနှစ်များအတွင်း တွေ့ဖူးသမျှတွင် အပြင်းထန်ဆုံး တုန့်ပြန်မှု ဖြစ်သည်ဟု International Crisis Group ၏ အရှေ့မြောက် အာရှ စီမံကိန်း ဒါရိုက်တာ Stephanie T. Kleine Ahlbrandt က ပြောကြားပါသည်။ ယခုကိစ္စနှင့် ပတ်သက်၍ အိုဘားမားထံမှ မည်သည့် ပုံစံဖြင့် တုန့်ပြန်လာမည် ဆိုသည်ကို တရုတ်က အမှန်တကယ် စောင့်ကြည့်နေပုံ ရပါသည်။

ပြည်မကြီးက ၎င်းပိုင်ဆိုင်ကြောင်း ကြေညာထားသော ထိုင်ဝမ်သို့ လက်နက်များ ရောင်းချမှုသည် တရုတ် အမေရိကန် ပူးပေါင်း ဆောင်ရွက်မှု အကုန်လုံးကို ပြင်းထန်စွာ ထိခိုက်စေသည်ဟု တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားကြောင်း နိုင်ငံပိုင် Xinhua သတင်းဌာနမှ ထုတ်ပြန်ပါသည်။ လက်နက် ထိန်းချုပ်ရေးနှင့် မဟာဗျူဟာ လုံခြုံရေးဆိုင်ရာ ဒုတိယ ဝန်ကြီးအဆင့် ဆွေးနွေးပွဲများကိုလည်း ဆိုင်းငံ့ထားလိုက်ပါသည်။

ယခုကဲ့သို့ သတိပေးမှု ထွက်ပေါ်လာခဲ့ခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ ငွေကြေး အကျပ်အတည်းနှင့် မြောက်ကိုရီးယား၊ အီရန်ရှိ နျူကလီးယား အစီအစဉ်များ ရပ်ဆိုင်းရေး ကိစ္စများတွင် အမေရိကန်က ဘီဂျင်း၏ အကူအညီကို ယူခဲ့ရသောကြောင့် ဖြစ်ပါသည်။

ထို့အပြင် အင်တာနက် လွတ်လပ်ခွင့်များ၊ Google နှင့် တရုတ်နိုင်ငံအကြား အငြင်းပွားမှုများ အပေါ် အမေရိကန်၏ လတ်တလော မှတ်ချက်ပေး ဝေဖန်မှုများ အပါအဝင် သမ္မတ ဘားရက် အိုဘားမားနှင့် တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်လားမားတို့ ယခုနှစ်တွင် တွေ့ဆုံမည့် အစီအစဉ်များကြောင့် တင်းမာမှုများ ရှိနှင့်နေခဲ့ပြီး ဖြစ်သည်။

ထိုင်ဝမ်သို့ Black Hawk ရဟတ်ယာဉ်များ၊ ပက်ထရီယော့ အဆင့်မြင့်စနစ် နံပါတ် (၃) ဒုံးကျည်များနှင့် အခြားလက်နက် ပစ္စည်းများ ရောင်းချခြင်းသည် မိမိတို့ နှစ်နိုင်ငံစလုံး မမြင်တွေ့လိုသော အကျိုးဆက်များ ဖြစ်ပွားစေလိမ့်မည်ဟု တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဟီယာဖိုင်က အမေရိကန် သံအမတ်ကြီး John Huntsman ကို ပြောကြားခဲ့ကြောင်း ဝန်ကြီးဌာန သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ယခင် ထိုင်ဝမ်သို့ လက်နက် ရောင်းချမှုများတွင် မဖြစ်ခဲ့ဖူးသော အရေးယူ ပိတ်ဆို့မှုများ ချမှတ်မည် ဖြစ်ကြောင်း ယခု လက်နက် ရောင်းချမှုတွင် ပါဝင်သည့် အမေရိကန် ကုမ္ပဏီများကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ခြိမ်းခြောက် လိုက်ပါသည်။

မိမိတို့၏ ဆောင်ရွက်ချက်သည် ဒေသတွင်း တည်ငြိမ်မှု ရှိစေရန် မိမိတို့ ကတိပေးထားခြင်း အပေါ် ထိုင်ဝမ်က အကူအညီ တောင်းခံမှုနှင့် သက်ဆိုင်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှသို P.J Crowley က စနေနေ့တွင် ပြောကြားပါသည်။ တရုတ်နိုင်ငံမှာ ကွဲပြား ခြားနားတဲ့ အမြင်ရှိတယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ တရုတ်နဲ့ ကျယ်ပြန့်တဲ့ ဆက်ဆံရေး ရှိခဲ့ပြီးသားပါ။ အခုကိစ္စကို အရင်တုန်းကလိုဘဲ စီမံခန့်ခွဲသွားမှာပါဟု ၎င်းက ဆိုပါသည်။

အမေရိကန် ပြည်ထောင်စုသည် ထိုင်ဝမ်၏ အရေးကြီးဆုံး မဟာမိတ်နှင့် အများဆုံး လက်နက် ရောင်းချပေးသူ ဖြစ်ပြီး တရုတ်၏ ခြိမ်းခြောက်မှု အပေါ် ထိုင်ဝမ်က တုန့်ပြန်ရာတွင် ကူညီရန် ဥပဒေလည်း ရှိခဲ့ပြီး ဖြစ်သည်။

မည်သို့ပင် ဖြစ်စေ၊ မည်သည့် လက်နက် ရောင်းချမှုမျိုးကို မဆို၊ တရုတ်က ဒေါသတကြီး တုန့်ပြန်မည်သာ ဖြစ်သည်။ ယခင် သမ္မတ ဘွတ်ရှ် အစိုးရက ဒေါ်လာ ဘီလျံပေါင်းများစွာ တန်ဖိုးရှိသည့် လက်နက်များ ထိုင်ဝမ်သို့ ရောင်းချရန် ကြေညာခဲ့ပြီးနောက် ၂၀၀၈ တွင် အမေရိကန်နှင့် စစ်ဖက် ဆက်ဆံရေးကို တရုတ်က ဖြတ်တောက်ခဲ့ပြီး ဖြစ်သည်။

ယခုတစ်ကြိမ်တွင်လည်း အလားတူ စစ်ဖက် ဆက်ဆံရေး ဖြတ်တောက်မှုမျိုးကို မျှော်လင့်ထားပြီး ဖြစ်သော်လည်း နှစ်နိုင်ငံ လက်နက်ကိုင် တပ်ဖွဲ့များအကြား ပုံမှန် အေးစက်သော ဆက်ဆံရေးကို တိုးတက်လာစေရန် ဝါရှင်တန်နှင့် ဘီဂျင်းက အလိုရှိနေသော အချိန်တွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ဘီဂျင်းနှင့် ယုံကြည်မှု တည်ဆောက်ရန်၊ တရုတ်၏ ကြီးမားသော စစ်ရေး တည်ဆောက်မှု ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ပိုမို သိရှိရန် အမေရိကန်က စစ်ဖက် အလည်အပတ် ခရီးစဉ်များ အသုံးပြု၍ ကြိုးစားခဲ့ခြင်း ဖြစ်သည်။

အရင်ကတော့ အခုလို ရပ်ဆိုင်းမှုမျိုးဟာ (၃ လ) ကနေ (၆ လ) အထိပဲ ကြာတတ်ပါတယ်။ အဲဒီနောက်ပိုင်း စစ်တပ်ချင်း ဆက်ဆံရေးရဲ့ အပိုင်း တချို့လောက်ပဲ ဆိုင်းငံ့မှု ရှိတာပါဟု ဝါရှင်တန် National Defense University မှ နာမည်ကျော် သုတေသန ပညာရှင် Phillip Saunders က ပြောကြားပါသည်။ ယခုအကြိမ်တွင်လည်း အလားတူသာ ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆိုပါသည်။

သမ္မတ ဟူကျင်းတောင် မျှော်လင့်ထားသော ယခုနှစ် အမေရိကန် ခရီးစဉ် (သို့) ယခုနှစ် နွေဦး အမေရိကန်တွင် ပြုလုပ်မည့် နျူကလီးယား လုံခြုံရေး ထိပ်သီး ဆွေးနွေးပွဲကို ယခု လက်နက် ရောင်းချမှုက သက်ရောက်မှု ရှိမရှိကိုမူ မသိနိုင်သေးပါ။

ဘီဂျင်းသည် ၎င်းအသစ် တွေ့ရှိထားသော ပါဝါနှင့် ကမ္ဘာရေးရာများတွင် ယုံကြည်မှု ရှိလာခြင်းကို ပြသရန် အမေရိကန် ပြည်ထောင်စုကို ပညာပေးမည့် အစီအစဉ်များ ရှေ့ဆက်၍ လုပ်ဆောင်နိုင်ဖွယ်ရှိသည်ဟု တရုတ်ရေးရာ ကျွမ်းကျင်သူများက သတိပေးထားပါသည်။

China's Renmin University မှ နိုင်ငံတကာ လေ့လာရေး ပါမောက္ခ Jin Canrong ကမူ ယခု လက်နက် ရောင်းချမှုကြောင့် ဘီဂျင်းအား လက်နက် စမ်းသပ်မှု အရှိန်မြှင့်တင်ရန် မျှတ၍ စစ်မှန်သည့် အကြောင်းပြချက် ရရှိသွားလိမ့်မည်ဟု ပြောကြားပါသည်။ လတ်တလော သီတင်းပတ်များ အတွင်း ဒုံးခွင်းဒုံး ကာကွယ်ရေးစနစ် အတွက် တရုတ်က ဒုံးကျည် စမ်းသပ် စေလွှတ်ခြင်းသည် ယခုလာမည့် လက်နက် ရောင်းချမှု အပေါ် စိတ်ဆိုးကြောင်း ပြသခြင်း ဖြစ်သည်ဟု လုံခြုံရေး ကျွမ်းကျင်သူများက ဆိုပါသည်။

ဒီကိစ္စအတွက် အမေရိကန်ဟာ တန်ဖိုးတစ်ခုတော့ ပေးဆပ်ရပါလိမ့်မယ်။ တူညီတဲ့ တုန့်ပြန်မှု အချို့ကို တရုတ်က လုပ်တော့မှာပါ။ မြောက်ကိုရီးယားနဲ့ အီရန် နျူကလီးယား ကိစ္စတွေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်မှု လျော့ချတာမျိုးပေါ့။ အခုကို စနေပါပြီဟု Jin က ဆက်လက် ပြောကြားပါသည်။

ယခု နောက်ဆုံး စစ်ဖက် ဆက်ဆံရေး ရပ်ဆိုင်းမှုအရ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Robert Gates နှင့် အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဌ ရေတပ် ဗိုလ်ချုပ်ကြီး Michael Mullen တို့ စီစဉ်ထားသော တရုတ်ပြည် ခရီးစဉ်ကို သက်ရောက်မှု ရှိနိုင်ပြီး တရုတ် တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Chen Bingde ၏ အမေရိကန် ခရီးစဉ်ကိုလည်း ဖျက်သိမ်းနိုင်ဖွယ် ရှိနေပါသည်။

ယခု နောက်ဆုံး ထိုင်ဝမ်သို့ လက်နက် ရောင်းချခြင်းကို ရှေ့ဆက် မဆောင်ရွက်မီ အမေရိကန် ကွန်ဂရက် လွှတ်တော်က မှတ်ချက်ပေးရန် ရက် (၃၀) အချိန် ရပါသည်။ ယခု ရောင်းချမှုမျိုးကို လွှတ်တော် အမတ်များက ထောက်ခံခဲ့သည့် အစဉ်အလာ ရှိပါသည်။

လွန်ခဲ့သော (၂) နှစ်က ထိုင်ဝမ် သမ္မတ မာရင်ကျိုး အာဏာရလာပြီးနောက် တရုတ် -  ထိုင်ဝမ် ဆက်ဆံရေး နွေးထွေး လာခဲ့သည်ဟု ဆိုနိုင်သော်လည်း အကယ်၍ ထိုင်ဝမ်က လုံးဝ လွတ်လပ်ရေးကို တရားဝင် ကြေညာမည် ဆိုပါက ဝင်ရောက် သိမ်းပိုက်မည်ဟု ဘီဂျင်းက ခြိမ်းခြောက် ထားပါသည်။ တရုတ်က ပဲထိန်း ဒုံးကျည် (၁၀၀၀) ကျော်ဖြင့်လည်း ထိုင်ဝမ်ကို ချိန်ရွယ် ထားပါသည်။

ထိုင်ဝမ်သို့ လက်နက် ရောင်းချမှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေသည်ဟု တရုတ်က မကြာခဏ အငြင်းပွားခဲ့သော်လည်း ယခု ရောင်းချမှုနှင့် ၂၀၀၈ ရောင်းချမှုများ မရှိခဲ့လျှင်လည်း အပြန်အလှန် ဆက်ဆံရေးမှာ လုံးဝ ကောင်းလာမည် မဟုတ်ပါဟု Saunders က ပြောကြားပါသည်။

သောကြာနေ့က ကြေညာသော ရောင်းချမည့် လက်နက်များတွင် ပြဿနာ မီးပွားတစ်ခုကို ရှောင်ရှား ထားပါသည်။ ထိုင်ဝမ်က လိုချင်နေသော ပိုမို အဆင့်မြင့်သည့် F-16 တိုက်လေယာဉ်များ အဆိုပါ စာရင်းတွင် မပါဝင်ပါ။

ပင်တာဂွန် ဆုံးဖြတ်ချက်တွင် ထိုင်ဝမ်က အလွန်အမင်း လိုချင်နေသည့် ပစ္စည်း (၂) ခု ဖြစ်သော ဂျက်တိုက်လေယာဉ်များနှင့် ဒီဇယ်သုံး ရေငုတ်သင်္ဘော အတွက် ဒီဇိုင်းများ မပါဝင်ခြင်းသည် တရုတ်နိုင်ငံ၏ တုန့်ပြန်မှုနှင့် ပတ်သက်၍ အိုဘားမား အစိုးရက အလွန် စိုးရိမ်နေကြောင်းကို ပြသခြင်းပင် ဖြစ်သည်ဟု တိုင်ပေ Tamkang University မှ ကာကွယ်ရေး ကျွမ်းကျင်သူ ဝမ်ကိုချိန်က မှတ်ချက် ပေးပါသည်။

ယခု ဝယ်ယူမည့် လက်နက်များသည် ခုခံ ကာကွယ်ရန်သာ ဖြစ်ပြီး ကျူးကျော်ရန် မဟုတ်သောကြောင့် ပြည်မကြီး အနေနှင့် ဒေါသမထွက်သင့်ဟု ထိုင်ဝမ် သမ္မတ မာရင်ကျိုးက သတင်းထောက်များအား စနေနေ့တွင် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာအစိုးရပိုင် သတင်း အေဂျင်စီဖြစ်သော မြန်မာ့သတင်းအေဂျင်စီ (မြန်မာ့သတင်းစဉ်- MNA) သည် ယခုအခါ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို ပြည်တွင်း သတင်းဂျာနယ်များအား ထုတ်ပေးခြင်း မပြုလုပ်တော့ကြောင်း ပြည်တွင်းဂျာနယ် အယ်ဒီတာများထံမှ စုံစမ်းသိရှိရပါသည်။ 

MNA သည် စစ်အစိုးရ၏ သတင်းအေဂျင်စီ တစ်ခုလည်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း လက်အောက်တွင်ရှိပါသည်။ မြန်မာစစ်အစိုးရ၏ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် ပတ်သက်သော သတင်း၊ သတင်းဓာတ်ပုံများကို ထုတ်ပေးနိုင်သည့် သီးသန့်အခွင့်အရေးလည်း ရှိသော သတင်းအေဂျင်စီ တစ်ခုလည်း ဖြစ်ပါသည်။ 

MNA သည် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန (ဆင်ဆာဘုတ်အဖွဲ့) ကဲ့သို့ စာစောင်များတွင် ပါဝင်သော အကြောင်းအရာများကို ဆင်ဆာဖြတ်မှုများ မပြုလုပ်သော်လည်း အစိုးရ ကိုယ်စားပြုမည့် သတင်း အချက်အလက်များ သီးသန့်ကိုသာ ရွေးချယ်ဖော်ပြလေ့ရှိသည်။ 

ပြည်တွင်းထုတ် သတင်းဂျာနယ် အယ်ဒီတာများသည် မြန်မာစစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သည့် သတင်းနှင့် သတင်းဓာတ်ပုံများကို ရယူသည့် ကိစ္စတွင် MNA ကိုသာ မှီခို အားထားကြရပါသည်။ 

"MNA (မြန်မာ့သတင်းစဉ်) u ကျွန်တော်တို့ကို ဓာတ်ပုံတွေ ထုတ်ပေးတဲ့ ကိစ္စကို ရပ်ဆိုင်း လိုက်ပေမယ့် ဆင်ဆာဘုတ် အဖွဲ့ကတော့ အသုံးပြုခွင့် ပေးနေတုန်းပါပဲ။ ကျွန်တော် ထင်တာတော့ ပြည်တွင်း ဂျာနယ်တွေကို အဲဒီလိုဓာတ်ပုံတွေ မပေးဖို့ သူတို့ကို ညွှ့န်ကြားထားတာ ဖြစ်ပါလိမ့်မယ်" ဟု ရန်ကုန်အခြေစိုက် ပြည်တွင်းဂျာနယ်တစ်စောင်၏ အယ်ဒီတာတစ်ဦးက Mizzima သတင်းဌာနသို့ ပြောပါသည်။ 

"MNA က ဓာတ်ပုံတွေ မရတော့တာကြောင့် ကျွန်တော်တို့မှာ သိမ်းထားတဲ့ ဓာတ်ပုံ အဟောင်းတွေကို ပြန်သုံးနေကြရပါတယ်၊ အခုထိတော့ အဲဒီဓာတ်ပုံတွေ မသုံးဖို့ သတိပေး ကြေညာတာမျိုး မရှိသေးပါဘူး" ဟု အခြားဂျာနယ် အယ်ဒီတာတစ်ဦးကလည်း ပြောပါသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ၏ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံသည့် သတင်းကို ပြည်တွင်းထုတ် The Voice Weekly သတင်းဂျာနယ်က ဖော်ပြခဲ့သော်လည်း သတင်းဓာတ်ပုံ ပါဝင်ခြင်းမရှိပေ။ 

အစောပိုင်း ကာလများအတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန် အထူးသံတမန် ကိုယ်စားလှယ်အဖွဲ့၊ ဦးအောင်ကြည် စသည့် ပုဂ္ဂိုလ်များ တွေ့ဆုံသည့် သတင်းနှင့် သတင်း ဓာတ်ပုံများကို MNA က ထုတ်ပေးခဲ့ သေးသည်။  

ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် The Weekly Eleven ဂျာနယ်တွင် ဒေါ်စုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးသည့် သတင်း ဖော်ပြခဲ့သော်လည်း တိုက်တွင်း သိမ်းဆည်း ထားသော ဓာတ်ပုံအဟောင်း ကိုသာ အသုံးပြုထားသည်ကို တွေ့ရပါသည်။

ဤအတောအတွင်းမှာပင် စာပေစိစစ်ရေးက ပြည်တွင်း ဂျာနယ်များတွင် နိုင်ငံရေးအရ အရေးကြီးပြီး အကဲဆတ်မည့် သတင်းများကို မဖော်ပြရန် တင်းကြပ်စွာ ဆင်ဆာဖြတ်လျက် ရှိသည်။ ထို့အတူ စစ်အစိုးရ၏ မျက်နှာသာပေးခြင်း ခံထားရသော စီးပွားရေးသမား ဦးဇော်ဇော်ဥက္ကဋ္ဌ အဖြစ် လုပ်ကိုင်နေသည့် မြန်မာ့ဘောလုံးအဖွဲ့ချုပ် (MFF) ကလည်း တရားဝင် သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်သည့် အခါများတွင် ပြည်တွင်းသတင်းထောက်များသတင်းရယူမှုကို တင်းကြပ်ထားသည်။ ဘောလုံး ပြိုင်ပွဲများ ပြုလုပ်သည့် အခါများတွင်လည်း သတင်းထောက်များကို အကန့်အသတ်ဖြင့်သာ ကွင်းအတွင်းသို့ ဝင်ရောက်ခွင့် ပြုလျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။ 

MFF နှင့် နီးစပ်သော သတင်းရင်းမြစ်၏ အဆိုအရ MFF က ယင်းသို့ တင်းကြပ်မှုများ ပြုလုပ်နေခြင်းမှာ ပြည်ပအတိုက်အခံ မီဒီယာများက ဘောလုံးပွဲများအတွင်း ဘောလုံးသမား အချင်းချင်း၊ ပရိသတ် အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများကို ထုတ်လွှင့် ရေးသားသောကြောင့် ဖြစ်သည်။ 

MFF က ဦးစီးကျင်းပပေးသည့် ဘောလုံးပွဲများကို စိတ်ပါဝင်စားစွာ သတင်းဖော်ပြလိုသော မီဒီယာများ အနေဖြင့် တစ်တိုက်လျှင် သတင်းထောက်တစ်ဦးနှင့် သတင်းဓာတ်ပုံဆရာ တစ်ဦးစီ ဝင်ရောက်ခွင့်ပြုမည်ဟု ကြေညာချက် ထုတ်ပြန်ထားပါသည်။  

MFF က ယခုလို သတင်းစာဆရာများ အပေါ် ကန့်သတ်ချက်များ ပြုလုပ် နေခြင်းမှာ သတင်း လွတ်လပ်ခွင့် အတွက် အဟန့်အတားတစ်ခု ဖြစ်ကြောင်း သတင်းစာဆရာ ဟောင်းတစ်ဦး ဖြစ်သော ဦးဝင်းတင်က ဆိုပါသည်။ 

" MFF က ဂျာနယ်လစ်တွေရဲ့ လွတ်လပ်ခွင့် တွေကို ပိတ်ပင်နေပါတယ်။ အားကစားဆိုတဲ့ ကဏ္ဍကလည်း မီဒီယာတွေအတွက် အရေးကြီးပါတယ်။ ဒီပုံစံမျိုးနဲ့ဆိုရင် နောင်အနာဂတ်မှာ နိုင်ငံရေး၊ လူမှုစီးပွားရေး ကဏ္ဍတွေမှာ ပိုပြီးကန့်သတ်ပိတ်ပင်မှုတွေ လုပ်လာမှာကို စိုးရိမ်ရပါတယ်" ဟု ဦးဝင်းတင်က ပြောပါသည်။ 

"ပြည်ပမီဒီယာတွေက ဘောလုံးပွဲအတွင်း ကစားသမားအချင်းချင်း၊ ပရိသတ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားတဲ့ သတင်းကို ထုတ်လွှင့်ရေးသားနေကြလို့ တင်းကြပ်မှုတွေ လုပ်ရတာပါလို့ ကျွန်တော်တို့ကို ခေါ်ပြောပါတယ်။ စစ်အစိုးရက ဘောလုံးပွဲတွေမှာဖြစ်တဲ့ ပြဿနာတွေကို ဖုံးကွယ်ထားချင်တဲ့ သဘောရှိပါတယ်" ဟု ရန်ကုန်အခြေစိုက် သတင်းစာဆရာတစ်ဦးက Mizzima သို့ပြောပါသည်။  

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်သော ရန်ကုန်ယူနိုက်တက် နှင့် ရတနာပုံ ကလပ်အသတင်းတို့ ယှဉ်ပြိုင်ပွဲတွင် ခိုက်ရန်ဖြစ်ပွားမှု တစ်ရပ် ဖြစ်ပေါ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ အင်အား ၁၀၀ ခန့်ဖြင့် ဖြေရှင်းခဲ့ရကြောင်း သိရပါသည်။ အဆိုပါ ဖြစ်ရပ်ကို ပြည်တွင်းမီဒီယာများက ရေးသား ဖော်ပြခွင့် မရရှိခဲ့သော်လည်း ပြည်ပမီဒီယာများကမူ နေ့တွင်းချင်းပင် ကျယ်ပြန့်စွာ ထုတ်လွှင့် ရေးသားခဲ့ကြသည်။ 

Mizzima သတင်းဌာန၏ MNA stops providing Suu Kyi ကိုဘာသာပြန်ဆိုပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယားအစိုးရက မိမိတို့နိုင်ငံအတွင်းသို့ တရုတ်နိုင်ငံနယ်စပ်ဒေသမှ တစ်ဆင့် တရားမဝင် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား တစ်ဦးအား ဖမ်းဆီးထိန်းသိမ်း ခဲ့သည်ဟု သတင်း ထုတ်ပြန်လိုက်သည်။ 

မြောက်ကိုရီးယား အစိုးရပိုင် KCNA ၏ အဆိုအရ ဇန်နဝါရီလ ၂၅ ရက် နေ့တွင် တရုတ်နိုင်ငံ နယ်စပ်ဒေသမှ တစ်ဆင့် တရားမဝင် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသားတစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ ယခုအခါ ၎င်းအား စစ်ဆေး မေးမြန်းမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ သို့သော် အဆိုပါ အမေရိကန်နိုင်ငံသားမှာ မည်သူမည်ဝါ ဖြစ်သည်ဟူသော ကိစ္စကို သတင်း ထုတ်ပြန်ခြင်းမရှိပေ။  

လတ်တလော ကာလအတွင်း မြောက်ကိုရီးယား အစိုးရသည် ဒီဇင်ဘာလ ၂၅ ရက်နေ့က တရုတ်နယ်စပ် ဒေသရှိ ရေခဲမြစ်တစ်ခုကို ဖြတ်၍ ဝင်ရောက်လာသော အမေရိကန်နိုင်ငံသား Robert Park ဆိုသူကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားသည်။ Robert Park မှာ မြောက်ကိုရီးယား ကွန်မြူနစ် အစိုးရ၏ ဖိနှိပ်ချုပ်ခြယ်မှုများကို ဆန့်ကျင် ဆန္ဒပြရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ပါသည်။ 

အမေရိကန်အစိုးရက ပြုံယမ်းတွင် အခြေစိုက်သော ဆွီဒင်နိုင်ငံ သံရုံးမှတစ်ဆင့် Robert Park နှင့် အဆက်အသွယ် ရရှိနိုင်မည့် နည်းလမ်း ရှာဖွေလျက်ရှိသည်။ မြောက်ကိုရီးယား အစိုးရသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် အတွင်းကလည်း အမေရိကန် အမျိုးသမီးဂျာနယ်လစ် နှစ်ဦးဖြစ်သော Laura Ling နှင့် Euna Lee တို့အား အဆိုပါ တရုတ်နယ်စပ်မှပင် တရားမဝင် ဝင်ရောက်ခဲ့သောကြောင့် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ 

အဆိုပါ အမျိုးသမီး ဂျာနယ်လစ်နှစ်ဦးကို မြောက်ကိုရီးယား အစိုးရက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ သို့သော် လေးလခန့်အကြာတွင် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်က အထူးသံတမန် မစ်ရှင်ဖြင့် ပြုံယမ်းသို့ ရောက်ရှိလာပြီးနောက် မြောက်ကိုရီးယား အစိုးရက ၎င်းတို့နှစ်ဦးအား လွှတ်ပေးခဲ့သည်။  

BBC သတင်းဌာန၏ US man detained in North Korea ကိုဘာသာပြန်ဆိုပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသရှိ နိုင်ငံရေး လှုပ်ရှားသူများနှင့် သတင်းစာ ဆရာများသည် ၂၀၁၀ ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်၍ စာတမ်းဖတ်ပွဲတစ်ခု ကျင်းပ ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

မြန်မာနှင့် အိန္ဒိယမှ နိုင်ငံရေး လှုပ်ရှားသူများ၊ Forum of Assam မှ ဂျာနယ်လစ်များ ပါဝင်သည့် Burma Center Delhi မှ ဦးဆောင်ပြီး မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၀ ဒီမိုကရေစီ ရွေးကောက်ပွဲ နှင့်ပတ်သက်၍ ဦးနှောက် မုန်တိုင်းဆင်မည့် ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပပြုလုပ်မည် ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ၂၀၁၀ ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမည့် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး ဂယက်ရိုက်ခတ်မှုများ အကြောင်း ကိုလည်း ထည့်သွင်း ဆွေးနွေးမည် ဖြစ်သည်။ 

မြန်မာ စစ်အစိုးရသည် ယခုနှစ်အတွင်း ၂၀၁၀ ရွေးကောက်ပွဲ တစ်ရပ် မဖြစ်မနေ ကျင်းပပေးမည်ဟု အတိအလင်း ထုတ်ဖော် ပြောဆိုထား သည့် တိုင် မည်သည့် နေ့ရက်တွင် ကျင်းပမည် ဟူသော ကိစ္စကိုမူ ကြေညာခြင်း မရှိသေးပေ။ သို့အတွက်ကြောင့် စစ်အစိုးရသည် အတိုက်အခံများ အနေဖြင့် ရွေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင်ချိန် အနည်းငယ်သာ ရရှိစေရန် ရည်ရွယ်ပြီး ယင်းသို့ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း အတိုက်အခံ နိုင်ငံရေး သမားများက ထင်မြင် သုံးသပ်ချက်များ ပေးကြပါသည်။ 

ယခု ကျင်းပရန် စီစဉ်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲ ဆိုင်ရာ စာတမ်းဖတ် ဆွေးနွေးပွဲကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ Guwahati မြို့ရှိ သတင်းစာဆရာများ ကလပ်တွင် ပြုလုပ်မည်ဟု သိရပါသည်။ ထိုဆွေးနွေးပွဲသို့ အဝေးရောက် မြန်မာနိုင်ငံ ညွန့်ပေါင်း အစိုးရအဖွဲ့ (NCGUB) မှ ရွေးကောက် တင်မြှောက်ခံ ပါလီမန် အဖွဲ့ဝင်များလည်း ပါဝင်ဆွေးနွေးကြမည် ဖြစ်သည်။  

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အတွင်း ရေးဆွဲခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြု ထောက်ခံသည့် မဲ ၉၀ ရာခိုင်နှုန်းကျော် ရရှိခဲ့သည် ဟူသော မြန်မာစစ်အစိုးရ၏ ထုတ်ပြန် ကြေညာချက်မှာ လွန်စွာ ပျက်ရယ်ပြုစရာ ကိစ္စတစ်ခု ဖြစ်ခဲ့ပါသည်။ 

အဆိုပါဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် M Kim ဆိုသူက "နိုင်ငံသား တစ်ယောက်ချင်းစီ အတွက် အခြေခံ လွတ်လပ်ခွင့်တို့၊ နိုင်ငံရေး လွတ်လပ်ခွင့်တို့ မပါဝင်ဘဲ လုပ်တဲ့ လူထုဆန္ဒခံယူပွဲတို့၊ ရွေးကောက်ပွဲ တို့ဆိုတာ ဘယ်လိုမှ မျှတမှု မရှိနိုင်ပါဘူး" ဟု ပြောကြားပါသည်။ 

"နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်ပေးဘဲ၊ နိုင်ငံရေး ပါတီတွေ အနေနဲ့ လွတ်လပ်စွာ စည်းရုံး လှုံ့ဆော်ခွင့် မရရှိဘဲ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်အောင် မလုပ်ဘဲ ကျင်းပပြုလုပ်တဲ့ လူထု ဆန္ဒခံယူပွဲတို့၊ ဒီမိုကရေစီ ရွေးကောက်ပွဲတို့ဆိုတာ ဘယ်လိုမှ အသိအမှတ်ပြုလို့ မရနိုင်ပါဘူး" ဟု ၎င်းက ပြောပါသည်။  

ဒီမိုကရေစီ ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်းပခွင့် ပြုပေးရေး၊ အတိုက်အခံ နိုင်ငံရေး သမားများ အားလုံးပါဝင်ခွင့် ရရှိရေးစသည့် တောင်းဆိုမှုများအပေါ် စစ်အစိုးရက မသိကျိုးနွံ ပြုလုပ်နေခြင်းကို ကြည့်လျှင် စစ်အစိုးရသည် ယခု အကွက်ချ စီစဉ်ထားသည့် ရွေးကောက်ပွဲကို အသုံးချပြီး ၎င်း၏ အာဏာတည်မြဲရေးကိုသာ ဦးတည်လျက် ရှိသည်ကို တွေ့မြင်နိုင်ကြောင်း နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြပါသည်။ 

ယခု အိန္ဒိယတွင် ကျင်းပပြုလုပ်မည့် ဆွေးနွေးပွဲ၌ နိုင်ငံရေးသမားများနှင့် သတင်းစာ ဆရာများသည် ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း ဂယက်ရိုက်ခတ် လာနိုင်ဖွယ်ရှိသော အရေး ကိစ္စများအပေါ် ဦးနှောက်မုန်တိုင်း ဆင်ကြမည်ဟု ဆိုပါသည်။ 

ဆွေးနွေးပွဲ ပြုလုပ်ရန် တာဝန်ယူ စီစဉ်ပေးသည့် အသင်းအဖွဲ့များ၏ အဆိုအရ  ယခု ဆွေးနွေးပွဲကို ကျင်းပပေးခြင်းအားဖြင့် စစ်အစိုးရ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲများ အကြောင်းကို ပိုမိုနားလည် သဘောပေါက် လာနိုင်မည်ဖြစ်သည်။ 

Mizzima သတင်းဌာန၏ Indian activists to brainstorm Burmese junta's intentions. ကို ဘာသာပြန်ဆို ပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima, By Salai Pi Pi, 29th January 2010

          မကြာသေးမီက ထုတ်ဝေသော ကုလသမဂ္ဂ အစီရင်ခံစာတွင် မြန်မာနိုင်ငံအား ဆင်းရဲမွဲတေမှု တိုက်ဖျက်ရန်၊ စိုက်ပျိုးရေး ကဏ္ဍအား ဦးစားပေး လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ အဘယ်ကြောင့် ဆိုသော် စိုက်ပျိုးရေး ကဏ္ဍသည် တိုးတက်ရန် အလားအလာ အများကြီး ရှိသောကြောင့်ဟု ဆိုသည်။ သို့သော် စီးပွားရေး ကျွမ်းကျင်သူများက အာဏာရှင်စနစ် အောက်တွင် စိုက်ပျိုးရေး ပြုပြင် ပြောင်းလဲရေးများ ပြုလုပ်နိုင်လိမ့်မည် ဆိုသည်ကို သံသယ ရှိနေဆဲ ဖြစ်သည်။

          ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့တွင် ပြုလုပ်သော Myanmar Humanitarian Partnership Group အစည်းအဝေးတွင် ကျွမ်းကျင်သူ ပညာရှင် ၇၀ ခန့် တက်ရောက်ခဲ့ရာ ကုလသမဂ္ဂ အေဂျင်စီများ၏ ဌာနမှူးများ၊ သံတမန်များနှင့် ကူညီရေး လုပ်သားများ တက်ရောက်ကြပြီး၊ မြန်မာနိုင်ငံတွင် လက်ရှိ ကြုံတွေ့နေရသော စီးပွားရေး စိန်ခေါ်မှုများအတွက် အရေးတကြီး မြှင့်တင်ရန် လိုအပ်နေသော စိုက်ပျိုးရေး ကဏ္ဍကို မီးမောင်းထိုး ဆွေးနွေးခဲ့သည်။

          စီးပွားရေး တိုးတက်မှုနှင့် ဆင်းရဲ မွဲတေမှု လျော့ချရေးသည် ထုတ်ကုန် တိုးတက်မှုနှင့် သီးနှံ စိုက်ပျိုးရေး၊ ငါး လုပ်ငန်းနှင့် မွေးမြူရေး လုပ်ငန်း တိုးတက်မှုများ အပေါ်တွင် တည်မှီနေကြောင်း UNDP မူဝါဒ အကြံပေး Shafique Rahman က ကုလသမဂ္ဂ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လူဦးရေ၏ ၇၀ % ကျော်သည် ကျေးလက်များတွင် နေထိုင်ကြရာ၊ ညွှန်းကိန်းများ အားလုံးက စိုက်ပျိုးရေး ကဏ္ဍ သည် တိုးတက်ရန် အလားအလာများ ရှိကြောင်း ညွှန်းဆိုနေသည်ဟု ဆက်လက် ဖော်ပြထားသည်။

          Myanmar Humanitarian Partnership Group အစည်းအဝေးသည် လစဉ် ကျင်းပပြီး ကုလသမဂ္ဂ အေဂျင်စီများ၊ NGO များ၊ အလှူရှင်များနှင့် မြန်မာနိုင်ငံရှိ လူသားချင်း စာနာ ထောက်ထားမှု အသင်းများမှ အဖွဲ့ဝင်များ တက်ရောက်ကြပြီး ပညာရေး၊ ကျန်းမာရေးမှ စ၍ စိုက်ပျိုးရေး ကဏ္ဍအထိ တိုးတက်မှုများနှင့် လူသားချင်း စာနာထောက်ထားသည့် အရေးကိစ္စများကို ဆွေးနွေးရန် ကျင်းပကြသည်။

          ပြီးခဲ့သည့် လက နိုဘယ်ဆုရ ပါမောက္ခ Joseph Stiglitz မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး နောက်ပိုင်း စိုက်ပျိုးရေးကဏ္ဍကို တိုးမြှင့်ရန် တောင်းဆိုမှုများ ပေါ်ထွက်လာခြင်း ဖြစ်သည်။ Stiglitz သည် မြန်မာ အစိုးရအား စီးပွားရေး တိုးတက်မှုအတွက် လယ်ယာကဏ္ဍ ချေးငွေစနစ်ကို ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန်၊ ပညာရေးတွင် ပိုမို ရင်းနှီး မြှုပ်နှံရန်၊ နိုင်ငံရေးတွင် ပါဝင် လှုပ်ရှားလာရန် လမ်းဖွင့်ပေးရန်၊ အကြံ ပြုခဲ့သည်။

          မကြာသေးမီက အစည်းအဝေးတွင် Stiglitz ၏ စီးပွားရေး မူဝါဒများနှင့် ကျေးလက် ချေးငွေ၊ ဈေးကွက် တန်ဖိုး အကဲဖြတ်ခြင်း၊ စိုက်ပျိုးရေး မဟုတ်သော စီးပွားရေး ကဏ္ဍ၊ အခြေခံ အဆောက်အဦ များနှင့် တုံ့ပြန်မှုများကို အလေးပေး ဆွေးနွေးကြသည်။

          သြစတြေးလျ Macquarie University နှင့် Burma Economic Watch မှ Sean Turnell ကလည်း မြန်မာနိုင်ငံ၏ စီးပွားရေး စိန်ခေါ်မှုများ အတွက် စိုက်ပျိုးရေး ကဏ္ဍ တိုးတက်အောင် ပြုလုပ်ရန် လိုအပ်ပုံကို သဘောတူခဲ့ပြီး၊ သို့သော် ဘက်စုံ စီးပွားရေး ဖွံ့ဖြိုးမှုကို မမြှင့်တင်ဘဲ တစ်ခုတည်း လုပ်၍ မဖြစ်နိုင်ကြောင်း ဆိုသည်။

          မြန်မာနိုင်ငံ ကြီးပွား တိုးတက်ရေးအတွက် စိုက်ပျိုးရေး ကဏ္ဍသည် အရင်းအမြစ် ကောင်းတစ်ခု ဖြစ်နေဆဲ ဖြစ်ပြီး၊ လွန်ခဲ့သော နှစ်လေးဆယ် အတွင်း ၎င်း၏ စွမ်းအားဖြည့် မဟုတ်ပဲ ဖြစ်နိုင်သည့် စွမ်းအား အနည်းငယ်ကိုသာ အသုံးပြုနိုင်ခဲ့ကြောင်း Sean Turnell က ဆိုသည်။

          စိုက်ပျိုးရေး ကဏ္ဍ ပြုပြင် ပြောင်းလဲရေးသည် အကြီးအကျယ် လိုအပ်နေသော စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွင် ကြီးမားသော လုပ်ငန်းစဉ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍအတွက် ဖြစ်နိုင်သော ပြုပြင် ပြောင်းလဲမှုတိုင်းသည် တိုင်းပြည်၏ နိုင်ငံရေးနှင့် သက်ဆိုင်သော စီးပွားရေး၏ ဗဟိုကို လာရောက် ရိုက်ခတ်သည်ဟု ၎င်းက ဖြည့်စွက် ပြောသည်။

          ဧရိယာ ၆၇၆၅၀၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသော မြန်မာနိုင်ငံသည် တစ်ချိန်က အရှေ့တောင် အာရှ၏ ဆန်အိုးကြီး ဖြစ်ခဲ့ပြီး၊ အာရှတိုက်၏ အကြီးဆုံး ဆန်တင်ပို့သူ ဖြစ်ခဲ့သည်။ သို့သော် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ကျင့်သုံးသော ဗိုလ်ချုပ်ကြီးနေဝင်း၏ စစ်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်လာခဲ့သည်။

          ယခု လက်ရှိ စစ်အစိုးရသည် ၁၉၈၈ အရေးအခင်း အပြီးတွင် ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးမည်ဟု ကြေညာခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှုကို အနည်းငယ်သာ စတင်နိုင်ခဲ့သည်။

          မကြာသေးမီက မြန်မာ့ စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်သည် Stiglitz ၏ အကြံပေးချက်ကို ထပ်မံ ထင်ဟပ်စေလျက် တိုင်းပြည်ရှိ လယ်သမားများ၏ ဆင်းရဲ မွဲတေမှုကို တိုက်ဖျက်ရန် ဆန်အား အဓိကပို့ကုန် ဖြစ်လာရန် ကြိုးစားသင့်ကြောင်း အကြံပြုခဲ့သည်။

          တရားဝင် ကိန်းဂဏန်းများအရ ၁၉၃၈-၃၉ တွင် ဆန် တင်ပို့မှုသည် မြန်မာနိုင်ငံ ပို့ကုန် စုစုပေါင်း ၏ ၄၇ % ရှိခဲ့သော်လည်း ၂၀၀၇-၀၈ တွင် ပို့ကုန် စုစုပေါင်း၏ ၁.၂ % သာ ရှိခဲ့သည်။

          Turnell က ပြောကြားရာတွင် ယခု အချိန်တွင် မြန်မာ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍသည် အရင်းအနှီး ငွေ ပြတ်လပ်မှုကို ကြုံတွေ့နေရကြောင်း၊ တိုင်းပြည်၏ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ အရင်းအမြစ်များကို အစိုးရကသာ လုပ်ကိုင်နေပြီး ရသည့် ငွေများကို စစ်အင်အား တိုးချဲ့ရာတွင် အသုံးပြုနေသည်ဟု ပြောကြားခဲ့သည်။

          လယ်သမားများ လိုအပ်သော ပစ္စည်း ဝယ်နိုင်မည့် လိုအပ်သော ချေးငွေအပါအဝင် ကျေးလက် စီးပွားရေးကို ဖြည့်ဆည်း ဆောင်ရွက်မည် ဆိုလျှင် အများဆုံး ဒေါ်လာ တစ်ဘီလီယံခန့် ကုန်ကျမည် ဖြစ်ပါကြောင်း၊ Turnell က တွက်ချက်ပြသည်။ ယခုမူ ထိုသို့ အသုံးပြု ရမည့်အစား အစိုးရသည် Mig 29 တိုက်လေယာဉ် ဝယ်ရာတွင် ဒေါ်လာသန်း ၆၀၀ အသုံးပြုခဲ့ပါသည်ဟု ၎င်းက ဆိုသည်။

          ထိုင်းနိုင်ငံ အခြေစိုက် Vahu Development Institute မှ မြန်မာ့စီးပွားရေး သုတေသန ပညာရှင် အောင်သူငြိမ်းက ပြောရာတွင် လယ်သမား တစ်ဦးလျှင် စိုက်ပျိုးစရိတ် တစ်ဧကလျှင် ကျပ်ငွေ ၇၀၀၀၀ မှ တစ်သိန်း (ကန်ဒေါ်လာ ၇၀-၁၀၀) လိုအပ်သော်လည်း အစိုးရက တစ်ဧကလျှင် ကျပ်ငွေ ၇၀၀၀ - ၈၀၀၀ သာလျှင် ထုတ်ချေးသည်။

          ချေးငွေ မလုံလောက်မှုကြောင့် လယ်သမားများသည် အပြင်မှ အတိုးနှုန်း မြင့်မားစွာဖြင့် ချေးရပြီး၊ အတိုး တစ်နှစ်လျှင် ၁၈၀ % ခန့် ပေးနေရပါသည်။ ထို့ကြောင့် ၎င်းတို့ အမြတ် မကျန်တော့ကြောင်း အောင်သူငြိမ်းက မဇ္ဇျိမသို့ ပြောသည်။ ထို့ကြောင့် အစိုးရသည် လယ်ယာကဏ္ဍ ပြုပြင် ပြောင်းလဲရေး မလုပ်နိုင်လျှင် ဆင်းရဲတွင်းမှ လွတ်နိုင်လိမ့်မည် မဟုတ်ဟု ၎င်းက ဆက်လက် ပြောသည်။

          ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရှိ ဆင်းရဲသား သန်းပေါင်းများစွာသည် ငွေချေးစားသူ များထံမှ အတိုးနှုန်း မြင့်မားစွာ ပေး၍ ငွေချေးနေရပြီး၊ ကြွေးသံသရာတွင် နစ်နေပြီး UNDP နှင့် ဘဏ်များ က လိုအပ်သည့် ပမာဏ၏ ၁၀ % လောက်သာ ချေးပေးနိုင်သည်ဟု သိရှိရသည်။

          မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ မိုက်ခရိုငွေကြေး လိုအပ်ချက်မှာ အမေရိကန် ဒေါ်လာသန်း ၃၄၀ အတွင်း ရှိကြောင်း ကုလသမဂ္ဂ၏ အဆိုအရ သိရှိရသည်။

          အောင်သူငြိမ်းက ဆက်လက် ပြောကြားရာတွင် မြန်မာ့ လယ်ယာကဏ္ဍ မတိုးတက်ရသည့် အချက်တစ်ခုမှာ အစိုးရ ကိုယ်တိုင်ကြောင့် ဖြစ်ကြောင်း၊ အစိုးရသည် လယ်သမားများထံမှ ပြင်ပပေါက်ဈေးထက် လျော့ပေး၍ ဝယ်ယူခြင်း၊ တိုင်းပြည်ရိက္ခာအတွက် ဆန်ဈေးနိမ့်၍ ဝယ်ယူခြင်းများကို ပြုလုပ်ခြင်း ဖြစ်သည်။

          ထို့ကြောင့် ပညာရှင်များက လယ်ယာ စိုက်ပျိုးရေး ကဏ္ဍကို ဦးစားပေးရန် တောင်းဆိုနေသော် လည်း အောင်သူငြိမ်းကမူ မြန်မာအစိုးရသည် ချက်ချင်း အရေးယူ ဆောင်ရွက်မှု ပြုလိမ့်မည်ဟု မထင်ကြောင်း အစိုးရသည် နေပြည်တော် အပြီးသတ်ရေး၊ စစ်တပ် ခေတ်မီရေးနှင့် နျူကလီယာ ပါဝါ ရရှိရေးတို့ ကိုသာ ဦးစားပေးလိမ့်မည်ဟု ထင်ကြောင်း ပြောသည်။

          Turnell ကလည်း အဓိပ္ပါယ်ရှိသော လယ်ယာ စိုက်ပျိုးရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ် လိမ့်မည်ဟု မမျှော်လင့်ကြောင်း ဆိုသည်။

          ယခုအခါ အစိုးရသည် လမ်းညွှန် မြေပုံ ၇ ချက်အရ ယခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဆိုသော်လည်း၊ ဝေဖန်သူများက စစ်တပ် အုပ်ချုပ်ရေး အမြစ်တွယ်ရန်သာ ပြုလုပ်လိမ့်မည်ဟု ထင်ကြောင်း ပြောကြားခဲ့ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.burmanet.org , 29th January 2009

          ယခု နှစ်တွင် ပထမဦးဆုံး အကြိမ်အဖြစ် ကချင် လွတ်မြောက်ရေးအဖွဲ့ KIO မှ အကြီးတန်း ခေါင်းဆောင်များနှင့် အစိုးရတို့ မြစ်ကြီးနားတွင် သောကြာနေ့က တွေ့ဆုံပြီး ကချင် လွတ်မြောက်ရေး တပ်မတော် KFA ကို ပြောင်းလဲ ဖွဲ့စည်းရေးအတွက် အဖြေ ရှာခဲ့ကြကြောင်း ကချင် ကိုယ်စားလှယ်များနှင့် နီးစပ်သော အသိုင်းအဝိုင်းမှ သတင်းများက ဆိုသည်။

လိုင်ဇာရှိ KIO ဌာနချုပ်မှ ခေါင်းဆောင်များသည် မြန်မာအစိုးရမှ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် မြောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းတို့ နှစ်ဦးနှင့် တွေ့ဆုံကြောင်း KIO တာဝန်ရှိသူက ပြောသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်မှာ တိုင်းရင်းသား လက်နက်ကိုင်များ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး၊ ညှိနှိုင်း စေ့စပ်ရေးအတွက် နေပြည်တော်မှ ခန့် အပ်ထားသူ ဖြစ်သည်။

          ယခု အစည်းအဝေးသည် ပြီးခဲ့သည့်နှစ် ဧပြီလမှ စတင်ရာ ၁၀ ကြိမ်မြောက် အစည်းအဝေး ဖြစ်ပြီး၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မလိခရိပ်သာတွင် သောကြာနေ့က နေ့လည် တစ်နာရီမှ နှစ်နာရီ အတွင်း ပြုလုပ်ခဲ့သည်ဟု မြစ်ကြီးနားရှိ KIO တာဝန်ရှိသူ၏ အဆိုအရ သိရှိရသည်။

          KIO ကိုယ်စားလှယ် အဖွဲ့တွင် ဥက္ကဋ္ဌ Lanyaw Zawng Hral ၊ ဥက္ကဋ္ဌ No.1 LT-Gen Gauri Zau Seng ဒု ဦးစီးချုပ် ဗိုလ်မှူးချုပ် Sumlut Gun Maw နှင့် အခြား အကြီးတန်း တာဝန်ခံများ ပါဝင်သည်။ သို့သော် KIO အထွေထွေ အတွင်းရေးမှူး Dr.Lahkyen La Ja  ခွင့်ယူထားသဖြင့် မပါဝင် ကြောင်း KIO တာဝန်ရှိသူ တစ်ဦးက လိုင်ဇာတွင် ပြောကြားခဲ့သည်။

          KIO ကိုယ်စားလှယ်များသည် ထိုနေ့ ညနေအထိ လိုင်ဇာသို့ ပြန်မရောက် သေးသောကြောင့် အစည်းအဝေးမှ ရလဒ်များကို မသိရသေးကြောင်း၊ ကိုယ်စားလှယ်များနှင့် နီးစပ်သော သတင်းများ အဆိုအရ သိရှိရသည်။

          မြန်မာ အစိုးရ အဆိုပြုသော KIA ကို နယ်ခြား စောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ရလဒ် မရှိသော ညှိနှိုင်း ဆွေးနွေးမှုများကို ကချင် နိုင်ငံရေးသမားများက ခါးခါးသီးသီး အဆိုးမြင်လျက် ရှိကြသည်။

          လိုင်ဇာရှိ သတင်းများက ပြောရာတွင် KIO သည် အစမှ ပြန်စရန် တောင်းဆိုမည် ဖြစ်ပြီး၊ ယခင် တောင်းဆိုထားသော KIA ကို လက်ရှိ စစ်ရေး အဆင့်အတန်းအတိုင်း ပြောင်းလဲ ဖွဲ့စည်းရန်နှင့် ပင်လုံစာချုပ်အတိုင်း လိုက်နာရန် တောင်းဆိုမှုများကို ပြန်လည် ရေးဆွဲ၍ အစမှ ပြန်ဆွေးနွေးရန် တောင်းဆိုမည်ဟု ဆိုသည်။

          ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က တိုင်မှူး ဗိုလ်ချုပ်စိုးဝင်းက KIO ၏ ပင်လုံစာချုပ်နှင့် သက်ဆိုင်သော တောင်းဆိုချက်နှင့် ပတ်သက်၍ တုံ့ပြန်ရာတွင် ပင်လုံစာချုပ်ခေတ်မှာ ကုန်သွားပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု KIO ကိုယ်စားလှယ်များ၏ အဆိုအရ သိရှိရသည်။

          ယခုအခါ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယခုနှစ်တွင် ရွေးကောက်ပွဲ လုပ်ရန် စိုင်းပြင်းလျက် ရှိပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ဆက်လက် ချထားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

burmanet.org, By Amitabh Pal, 29th January 2009

          မြန်မာ အစိုးရသည် ငြိမ်းချမ်းရေး နိုဘယ်ဆုရ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလတွင် လွတ်ပေးမည်ဟု ဆိုခဲ့သည်။ သို့သော် လွှတ်သည့် အချိန်တွင် ရွေးကောက်ပွဲ ကျင်းပပြီး တစ်လအကြာတွင် ဖြစ်လိမ့်မည် ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် အား မပါဝင် နိုင်ရန် တားဆီး ထားခြင်း ဖြစ်သည်။

          သူမအား အမေရိကန်တစ်ဦး ရေကူး ဝင်ရောက်လာသော အမှုဖြင့် နေအိမ် အကျယ်ချုပ် ၁၈ လ ထပ်မံ ချထားခဲ့သည်။

          စိတ်ဝင်စားစရာ ကောင်းသည်မှာ ထိုသို့ လွှတ်ပေးမည်ဟု ပြောသည်မှာ တစ်နှစ်တာ ကာလ အတွင်း အမေရိကန်-မြန်မာ မူဝါဒအား ပြန်လည် သုံးသပ်နေသည့် အချိန် ဖြစ်နေခြင်းပင် ဖြစ်သည်။ Obama အစိုးရသည် ကိုးလကြာ ပြန်လည် သုံးသပ်ပြီး မြန်မာ အစိုးရနှင့် ဆက်ဆံရေးများ ပြန်လည် ပြုလုပ်ရန်နှင့် သမ္မတ ကလင်တန် လက်ထက်က ချထားသော အရေးယူမှုများကို ဆက်လက် ထားရှိရန် ပြောကြားခဲ့သည်။ မြန်မာ အဏာရှင်များနှင့် ၂ ကြိမ် တွေ့ဆုံခဲ့သည်။

          သို့သော် အိုဘားမား၏ ချဉ်းကပ်မှုသည် အလုပ်ရော ဖြစ်ရဲ့လားဟု မေးခွန်း ထုတ်စရာ ရှိပေသည်။ ၎င်းမှာ သင် မည်သူ့ကို မေးသနည်း ဆိုသည့်အပေါ် မူတည်သည်။ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူ Nehginpao Kipgen ကမူ အမေရိကန်၏ မူဝါဒ ပြောင်းလဲမှုအား ချီးကျူးလိုက်ပြီး Obama အစိုးရကို ထိုလမ်းစဉ်အတိုင်း ဆက်သွားရန် တောင်းဆိုခဲ့သည်။

          မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေးတွင် မသေချာမှုများ ပတ်လည်ဝိုင်းလျက် ရှိနေသေးသော်လည်း၊ အမေရိကန် အစိုးရအနေဖြင့် ဆက်၍ ဆက်ဆံသွားရန် အရေးကြီးကြောင်း Kipgen က ရေးသားခဲ့သည်။    ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ကြားတွင် အဓိပ္ပါယ် ရှိသော တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်ရေးကို အားပေးရမည် ဖြစ်ပြီး၊ သို့မှသာ အမျိုးသား ပြန်လည် ပေါင်းစည်းရေးအတွက် လမ်းခင်း ပေးမည့် ရည်မှန်းချက်ကို ပြည့်စုံစေမည် ဖြစ်သည်ဟု ရေးသား ခဲ့သည်။

          လန်ဒန်မှ စောင့်ကြည့် လေ့လာသူ Nick Cohen ကမူ မြန်မာ အမေရိကန် ညီညီအောင်အား ထောင်ထဲတွင် တိုက်ပိတ်ထားခြင်းနှင့် စပ်လျဉ်း၍ Obama အစိုးရက ဘာမျှ မပြောခြင်းကို ကန့်ကွက်ခဲ့ပြီး၊ ဆိုးဝါးသော မြန်မာ အစိုးရကို ၎င်းတို့နှင့် ဆက်ဆံရေး ပြန်ကောင်းရန် ငြိမ်နေသည့် သဘောဟု ဆိုသည်။

          Burma Campaisn UK အဖွဲ့မှ Mark Farmaner ပြောသကဲ့သို့ လူ့အခွင့်အရေးနှင့် ပတ်သက် ၍ မကန့်ကွက်ကြသော ဥရောပနှင့် အာရှနိုင်ငံများသည် ငွေရှာရေးကိုသာ လိုလားနေကြပြီး၊ ထိုတိုင်းပြည်များကို အမေရိကန်က မြန်မာနိုင်ငံအား အရေးယူရေး ဖိအားပေးခြင်း မပြုဟု Coben က ရေးသား ထားပါသည်။ Obama ကို ရွေးကောက် တင်မြှောက်ခဲ့စဉ်က မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားသူများ ထားရှိသော မျှော်လင့်ချက်များလည်း ကုန်သွားပြီ ဖြစ်သည်ဟု ရေးသား ထားသေးသည်။

          မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုများ ကြားတွင် နှစ်ပေါင်း များစွာ ဖြစ်ပေါ်ခဲ့သော ငြင်းခုန်မှုများ ရှိနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံကို နိုင်ငံတကာက အထီးကျန် ပြုရန် တောင်းဆိုခဲ့သည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကို ၁၉၆၁ မှ ၁၉၇၁ ထိ ထမ်းဆောင်ခဲ့သည့် ဦးသန့်၏ မြေးဖြစ်သူ မြန်မာ - အမေရိကန် သန့်မြင့်ဦးက ဒေါ်အောင်ဆန်းစုကြည်၏ နေရာကို ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။

          Obama အစိုးရ၏ မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒ အသစ်မှာ ယခု နှစ်ကုန်တွင် ပြောင်းလဲမှု ဖြစ်ပေါ်ခြင်း ရှိမရှိပေါ် မူတည်၍ အစမ်းသပ် ခံရမည် ဖြစ်သည်။ ယခု လတ်တလော အားဖြင့်မူ၊ အကောင်းမြင်ဝါဒ သက်သက်သာ ထားရှိရမည် ဖြစ်ပြီး၊ ဘာမျှ မယ်မယ်ရရ ဆုပ်ကိုင် မပြနိုင်သေးပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Economist online, 29th January 2010

          ၂၀၁၀ ကို ခက်ခဲမှုများဖြင့် စတင် ခဲ့ပြီးနောက်တွင် ဘားရက် အိုးဘားမားသည် ၎င်း၏ နိုင်ငံရေး အခက်အခဲများ အပေါ် အာရုံ စူးစိုက်နေမှုကို လွှဲဖယ်ရန် အတွက် စီးပွားရေး ကဏ္ဍမှ သတင်း ကောင်းများကို တောင်းဆို နိုင်လိမ့်မည် မဟုတ်ပါ။

ယခင်နှစ် စတုတ္ထ လေးလပတ်တွင် အမေရိကန် ဂျီဒီပီသည် ချီးကျူးဖွယ်ရာ ၅၇ % တိုးတက် ခဲ့ပြီး ၂၀၀၃ ခုနှစ် နောက်ပိုင်း အကောင်းဆုံး လေးလပတ် စွမ်းဆောင်ချက် တစ်ရပ် ဖြစ်ပါသည်။ ဤသို့ တိုးတက်ခဲ့ခြင်းသည် ပုဂ္ဂလိက သိုလှောင် သိမ်းဆည်းမှုများ ကြီးထွားလာခြင်းနှင့် ပို့ကုန် လုပ်ငန်း တိုးမြင့်လာခြင်း တို့ကြောင့် ဖြစ်သည်။

၂၀၀၉ တစ်နှစ်လုံး အတွက် ထုတ်လုပ်မှုမှာ ၂.၄ % ကျဆင်းခဲ့သော်လည်း ၂ နှစ် ဆက်တိုက် အလုပ်အကိုင် ရှားပါး ကျဆင်းမှုကို ကြုံတွေ့ခဲ့ရသူ အမေရိကန်များ အတွက်မူ ယခု လေးလပတ် စာရင်းဇယားများက အဆိုးများ ကျော်လွန်သွားပြီ ဖြစ်ကြောင်း သဲသဲကွဲကွဲ အချက်ပြ လိုက်ခြင်းပင် ဖြစ်သည်။

          အထက်ပါ တိုးတက်မှုကို ယခုအချိန်ထိ သတိကြီးကြီး ထား၍ ကြိုဆိုခဲ့ကြသည်။ အကြောင်းမှာ ယခု ချီးကျူးလောက်ဖွယ် လေးလပတ် စွမ်းဆောင်မှုမျိုးသည် လာမည့် လများတွင်လည်း ရရှိနိုင်ခြင်း ရှိမရှိ သံသယ ပွားရန် အကြောင်းအရင်းများ ရှိနေသည်။ အားနည်းသော အခြေခံ စည်းမျဉ်း များက အမေရိကန် စီးပွားရေး အဆက်မပြတ် လျင်မြန်စွာ ကြီးထွားခြင်းကို တားဆီးပါလိမ့်မည်။

           ယခု တိုးတက်ခဲ့သော ၅.၇ % တွင် ၃.၄ % မှာ သိုလှောင် သိမ်းဆည်း ပိုင်ဆိုင်မှု စာရင်းများ ပြောင်းလဲမှုမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး စီးပွားရေး အကျပ်အတည်း ကာလတွင် ငွေကြေး နည်းပါးစွာဖြင့် လုပ်ကိုင်ခဲ့ကြသော လုပ်ငန်း ကုမ္ပဏီများက ပိုင်ဆိုင်မှု အရပ်ရပ်ကို ပုံမှန်အဆင့်သို့ ပြန်ရောက်အောင် စွမ်းဆောင် ခဲ့ကြခြင်းကြောင့် ဖြစ်သည်။

အချိန်တိုအတွင်း ယင်းကဲ့သို့ လုပ်ဆောင်ခဲ့မှုကြောင့် အလုပ်သမား အချို့ကို စက်ရုံ များသို့ ပြန်လည် ရောက်ရှိစေခဲ့သော်လည်း ဝယ်လိုအား အသစ် မရှိသဖြင့် စတော့ရှယ်ယာ အားဖြည့်မှု မှာ ပြန်လည် ကျဆင်းဖွယ် ရှိပြီး တိုးတက်မှု နှေးကွေး သွားလိမ့်မည်။

          စွမ်းရည် ကျဆင်းသွားသော လက္ခဏာများကလည်း ရှိနှင့်နေပြီး ဖြစ်သည်။ မက်ခရို စီးပွားရေး ကုန်ပစ္စည်း သိုလှောင်မှု အင်အား ကောင်းခဲ့ပြီး နှစ်စဉ် တိုးတက်မှုနှုန်း     ၁၆.၄% အထိ ရောက်ရှိခဲ့ပြီး နိုဝင်ဘာလတွင်မူ ပြန်လည် ငြိမ်သက်သွားခဲ့သည်ဟု ဆိုသည်။ စတုတ္ထ လေးလပတ် တစ်လျှောက်လုံးတွင် အလုပ်အကိုင်များ ဆက်လက် ကျင်းဆင်းခဲ့သည်။ အလုပ်အကိုင်များ တိုးမြင့်လာခြင်း မရှိဘဲ အဆက် မပြတ် ကြီးထွား ဖွံ့ဖြိုးရန် ခက်ခဲလှသည်။

          ဝယ်လိုအား အသစ်များ မည်သည့်နေရာမှ ပေါ်လာမလဲ ဆိုသည်မှာ မသဲကွဲသေးပါ။ ဂျီဒီပီ အစီရင်ခံစာတွင် ရိုးရှင်းစွာ ဖော်ပြမှုအရ ပုဂ္ဂလိက စားသုံးမှုမှာ အလွန်အမင်း ကျဆင်းနေဆဲ ဖြစ်ပြီး နောက်ဆုံး လေးလပတ် ကာလ ပုဂ္ဂလိက စားသုံးမှုမှာ ၂ % သာ မြင့်တက်ခဲ့သဖြင့် ယခင် လပိုင်းများက ၂.၈ % မြင့်တက်မှုထက် လျော့နည်းနေသည်။

၂၀၁၀ ပြည့်နှစ်အတွင်း ငွေကြေး သုံးစွဲနိုင်မှု ဆက်လက် ကျဆင်းနေဦးမည့် အလားအလာ ရှိနေသည်။ လတ်တလော IMF သုတေသန အစီရင်ခံစာ အရ ယခု ဖြစ်ပွားခဲ့သော စီးပွားရေး အကျပ်အတည်းနှင့် ပြဿနာများသည် အိမ်ထောင်စုပိုင် ဓနဥစ္စာများကို သိသိသာသာ ထိခိုက်စေခဲ့ပြီး စီးပွားရေး နာလံထူလာမည့် ကာလတွင် ငွေကြေး စုဆောင်းမှုနှုန်း မြင့်လာလိမ့်မည်ဟု တင်ပြထားသည်။

          စားသုံးမှု ကဏ္ဍအပေါ် သက်ရောက်မှုများကြောင့် ဂျီဒီပီ နှုန်းထားမှာ အကျပ်အတည်း မတိုင်မီ အဆင့်များထက် ၃ % ခန့် လျော့ကျ သွားနိုင်သည်။ အမှန်စင်စစ် စတုတ္ထ လေးလပတ်၏ ငွေကြေး စုဆောင်းမှု နှုန်းမှာ ၄.၆ % ရှိပြီး ယခင် လေးလပတ်များတွင် ၄.၅ % မှာ မြင့်တက်လာခြင်း ဖြစ်သည်။ ဝယ်လိုအား ကြီးထွားမှု အသစ်မှာ တစ်နေရာရာမှ ပေါ်ထွက်လာလိမ့်မည် ဖြစ်သည်။

          ၂၀၁၀ အတွင်း ရင်းနှီး မြှုပ်နှံမှုများမှာလည်း ပမာဏ ကျော်လွန်မှုကြောင့် စိတ်ပျက်စရာ ရလဒ်များ ရှိနေဦးမည် ဖြစ်သည်။ နေအိမ် အဆောက်အဦးနှင့် စီးပွားရေးဆိုင်ရာ အဆောက်အဦး ပိုင်ဆိုင်မှုများအပေါ် အလွန်အကျွံ ဖြည့်ဆီးထားမှုကြောင့် အဆိုပါ ကဏ္ဍများအပေါ် ရင်းနှီးမြှုပ်နှံမှုအား အနှောင့်အယှက် ဖြစ်နေခဲ့ပြီး ဆောက်လုပ်ရေး အလုပ်အကိုင် တိုးတက်လာတော့မည် မဟုတ်ပါ။ အိမ်ရာ စီမံကိန်းများသည် ပုံမှန် အနေအထား၏ သုံးပုံ တစ်ပုံခန့်တွင်သာ ဆက်လက် ရပ်တည်နေရန် အစပျိုးနေသည်။ စက်မှုကဏ္ဍ၏ စွမ်းဆောင်ရည်မှာလည်း အလားတူပင် စီးပွားကျကပ် မတိုင်မီ အနေအထားထက် နိမ့်ကျလျက် ရှိသည်။ လက်ရှိ စွမ်းဆောင်ရည် အများစုကို ထိထိရောက်ရောက် အသုံးပြု လာနိုင်သည့်တိုင်အောင် စီးပွားရေး လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှု အသစ် ပြုလုပ်ရန် အကြောင်းရင်း အနည်းငယ်သာ ရှိလိမ့်မည် ဖြစ်သည်။

          အကယ်၍ ကူညီရာ မရောက်ဟုသာ ယူဆပါက အစိုးရ စီးပွားရေး အထောက်အပံ့များသည် ၂၀၁၀ တွင် ပျောက်ကွယ် သွားလိမ့်မည်။ ဗဟို အစိုးရ၏ စီးပွားရေး လှုံ့ဆော် ဆောင်ရွက်မှုသည် စတုတ္ထ လေးလပတ် တိုးတက်မှု၏ ၂ % ကို စွမ်းဆောင်ပေးခဲ့သည်ဟု Moody's Economy.com မှ စီးပွားရေး ပညာရှင် Mark Zandi က ခန့်မှန်းသည်။ အဆိုပါ တိုးတက်မှုသည် နှစ်လယ်ခန့်တွင် ၁ % ခန့် ကျဆင်းဖွယ် ရှိ၍ ထို့နောက်တွင်မူ ၀ % အထိ ကျဆင်းသွားလိမ့်မည် ဖြစ်သည်။

          စီးပွားကျကပ်၏ ပြဿနာ အများစုကို ဖြေရှင်းပေးခဲ့သည့် အားလျော်စွာ နိုင်ငံတော် ဘတ်ဂျက် ဖြတ်တောက်မှုများလည်း အသုံးလျော့မှုအဖြစ် ထွက်ပေါ်လာပါတော့မည်။ အစိုးရ အသုံး လျှော့ချမှု ကြောင့် ၂၀၀၉ တစ်နှစ်လုံး၏ သုံးငွေတွင် ၀.၁ % သက်သာခဲ့သည်။

          စတုတ္ထ လေးလပတ် ကာလ၏ အားတက်ဖွယ် စွမ်းဆောင်မှုမှာ အလွန်အကျွံ ဖော်ပြခြင်း ဖြစ်နိုင်သည်ဟု ဆိုသော်လည်း တတိယ လေးလပတ် ဖွံ့ဖြိုးမှုမှာ မူလကပင် ၃.၅ % ဟု အစီရင် ခံခဲ့ရာ နောက်ပိုင်းတွင် ၂.၂ % သို့ ပြင်ဆင် သတ်မှတ်ရန် တစ်ခုသာ ရှိသည်။

          သို့ဖြစ်ပါသော်လည်း စတုတ္ထ လေးလပတ် ကာလအတွင်း အမေရိကန် စီးပွားရေး စွမ်းဆောင်မှုသည် စီးပွားရေး အကျပ်အတည်းမှ လွတ်မြောက်ရန် အမေရိကန်က ဆွဲထုတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း အခိုင်အမာ အားပေး တင်ပြနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုတိုင် သတိကြီးစွာ ထားနေရဆဲလည်း ဖြစ်ပါသည်။ အကယ်၍သာ စီးပွားရေး ကဏ္ဍအတွက် ဘဏ္ဍာရေးနှင့် ငွေကြေး ထောက်ပံ့ ကူညီမှုကို လျင်မြန်စွာ ပြန်လည် ဖြတ်တောက်လိုက်ပါက ယခု လင်းလက်လာသော တိုးတက်မှုသည် အမြန် ထွက်ပေါ်ခဲ့သည့် နည်းတူ အမြန်ဆုံး ပျောက်ဆုံးသွားလိမ့်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.