Transparency Myanmar

transparency.myanmar@gmail.com

VOA news, 29th April 2010

(နိုင်ငံတကာ လွတ်လပ်စွာ ကိုးကွယ်ခွင့် ဆိုင်ရာ အမေရိကန် ပြည်ထောင်စု ကော်မရှင်မှ ထုတ်ပြန်သော နှစ်လည် အစီရင်ခံစာ မျက်နှာဖုံး ဆောင်းပါးဖြစ်သည်။)

မြန်မာ စစ်ဖက်အစိုးရသည် ကမ္ဘာအဆိုးဆုံး လူ့အခွင့်အရေး ချိုးဖောက်သူများထဲတွင် တစ်ဦး အဖြစ်ပါဝင်နေဆဲ ဖြစ်သည်ဟု အမေရိကန် ပြည်ထောင်စု အစိုးရက လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နှင့် ပတ်သက်၍ သတင်း ထုတ်ပြန်သည်။

နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ အမေရိကန် ကော်မရှင်က ကြာသပတေးနေ့တွင် ထုတ်ပြန်သော နှစ်လည် အစီရင်ခံစာတွင် မြန်မာ အစိုးရသည် ၂၀၀၇ ခုနှစ်က အစိုးရ ဆန့်ကျင်သော ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက် ဖြိုခွဲခဲ့ပြီးနောက်ပိုင်း ဗုဒ္ဓဘာသာဝင်များ အပေါ် ဆက်လက် ချုပ်ချယ် ဖိနှိပ်နေဆဲ ဖြစ်သည်ဟု ဖော်ပြထားသည်။

အစီရင်ခံစာတွင် မြန်မာ မူဆလင်များ အပေါ် ဖိနှိပ်မှုကိုလည်း ဖော်ပြထားပြီး အထူးသဖြင့် ရိုဟင်ဂျာ လူမျိုးစု အပေါ်တွင် ဖြစ်ကြောင်း၊ ၎င်းတို့ကို မြန်မာ အစိုးရက နိုင်ငံသား အဖြစ် အသိအမှတ် မပြုကြောင်း တင်ပြထားသည်။

ဒီမိုကရေစီ စနစ် ပြန်လည် တည်ဆောက်ရေး အတွက် စစ်ဖက် အုပ်ချုပ်သူများအား တိုက်တွန်း အားပေးနေချိန်တွင် အရေးယူ ပိတ်ဆို့ မှုများဖြင့်လည်း မြန်မာ အစိုးရကို ဖိအားပေးသင့်သည်ဟု ကော်မရှင်က အမေရိကန် ပြည်ထောင်စုကို အကြံပေးပါသည်။ ထို့အပြင် သံတမန်ဆိုင်ရာ ဆောင်ရွက်ချက်များကို ညှိနှိုင်းရန်နှင့် အာရှနှင့် ဥရောပ မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအရာရှိ တစ်ယောက်ကို အမေရိကန်ပြည်ထောင်စု အနေဖြင့် ခန့်အပ်သင့်သည်ဟုလည်း အစီရင်ခံစာတွင် တိုက်တွန်းထားပါသည်။

အမေရိကန်ပြည်ထောင်စုသည် ၁၉၉၂မှစ၍ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ရာထူးကို ခန့်ထားခြင်း မရှိတော့ပါ။

လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ငြိမ်းချမ်းစွာ ကျင့်သုံးနေကြောင်း ပြသသည့် အနေဖြင့် အထိန်းသိမ်းခံ ဘုန်းတော်ကြီးများ လွှတ်ပေးရန် အတွက် မြန်မာ အစိုးရနှင့် ကြိုးစားညှိနှိုင်းရေးကို အမေရိကန် အစိုးရအား အစီရင်ခံစာတွင် တိုက်တွန်းထားပါသည်။ ထို အစီရင်ခံစာတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး အကျဉ်းသား အားလုံးကိုလည်း လွှတ်ပေးရန် တောင်းဆိုထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

United Press International,29th April 2010

မြန်မာနိုင်ငံတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ကူညီနေသော ကယ်ဆယ်ရေး ဝန်ထမ်းများ အပေါ် တင်းကြပ်မှုများ ဖြေလျှော့ပေးရေး အတွက် မြန်မာ အစိုးရ အပေါ် နိုင်ငံတကာက ဖိအားပေးရန် Human Rights Watch က ကြာသပတေးနေ့တွင် တောင်းဆိုလိုက်ပါသည်။

၂၀၀၈ ခုနှစ် မေလတွင် လူပေါင်း တစ်သိန်း လေးသောင်းခန့် သေဆုံး၍ လူပေါင်း ၂သန်းခွဲခန့်ကို ဒုက္ခရောက်စေခဲ့သော နာဂစ်စ် ဆိုက်ကလုံး မုန်တိုင်း အပြီးမှစ၍ နိုင်ငံတွင်း လာရောက် ကူညီ လုပ်ကိုင်နေကြသော ကယ်ဆယ်ရေး ဝန်ထမ်းများ အပေါ် မြန်မာ အစိုးရက လိုသည်ထက်ပိုသော တင်းကျပ် ချုပ်ချယ်မှုများ ပြုလုပ်နေသလို အခြေခံ လွတ်လပ်ခွင့်များကိုလည်း ဆက်လက် ပိတ်ပင်ထားသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာတွင် စွပ်စွဲထားသည်။

အခြားနိုင်ငံရေး အကျဉ်းသားများနှင့် အတူ အကျဉ်းကျနေသော ဒေသခံ လူမှု ဝန်ထမ်း ကယ်ဆယ်ရေး လုပ်သား ၂၀ ကျော်ကို လွှတ်ပေးရန်နှင့် လူသားခြင်း စာနာထောက်ထားသော အကူအညီများ တနိုင်ငံလုံးသို့ ပြန့်နှံရောက်ရှိနိုင်ရေးအတွက် ထပ်မံ ကြိုးပမ်းကြရန် Human Rights Watch က တောင်းဆိုခဲ့သည်။

ဆိုးဝါးသော သဘာဝ ဘေးအန္တာရာယ်ကြီး ဖြစ်သည့် နာဂစ်စ် ဆိုက်ကလုံး အပြီး ၂နှစ်ခန့်တွင် ဒေသခံ လူမှု ကယ်ဆယ်ရေး ဝန်ထမ်းများမှာ မြန်မာအစိုးရ၏ အဆက်အပြတ် ဖိနှိပ်မှုကို ခံစားနေကြရဆဲ ဖြစ်သည်ဟု HRW မှ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Elaine Pearson ကပြောကြားပါသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် လူမှု ကယ်ဆယ်ရေး ဝန်ထမ်းများနှင့် အဖွဲ့အစည်းများ အပေါ် လွတ်လပ်စွာ ပြောဆို၊ စည်းရုံး၊ လှုပ်ရှား နိုင်ခွင့် အခွင့်အရေးများကို ပိတ်ပင် ချိုးဖောက်လျက်ရှိကြောင်း အစီရင်ခံစာတွင် အသေးစိတ် ဖော်ပြထားသည်။

ရေ ရရှိရေး၊ မိလ္လာစနစ်၊ အိမ်ယာ တည်ဆောက်မှု၊ အခြေခံ ကျန်းမာရေး လိုအပ်ချက်နှင့် အလုပ်အကိုင် ကဏ္ဍများ အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသ ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် အခက်အခဲများ ဆက်လက် ဖြစ်ပေါ်နေသည်ဟု Human Rights Watch က ဆိုပါသည်။

မြန်မာ အစိုးရသည် သဘာဝ ဓါတ်ငွေ့ရောင်းချမှုမှ ရရှိသော ဘဏ္ဍာငွေများဖြင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို လုံလောက်စွာ ထောက်ပံ့ ကူညီရန် ပျက်ကွက်နေသည့် အပြင် စနစ်တကျ အကျင့်ပျက် ခြစားမှုနှင့် ဖိနှိပ် ချုပ်ချယ်မှုများကြောင့် သန်းပေါင်းများစွာသော ပြည်သူလူထုမှာ မလိုလားအပ်သော ဆင်းရဲတွင်း၌ ရှင်သန်နေကြရသည်ဟု HRW က ပြောကြားပါသည်။

မြန်မာ စစ်ဖက်အစိုးရသည် လူမှု ကယ်ဆယ်ရေး လုပ်ငန်းများ အပေါ် အလွန် အမင်း ချုပ်ချယ် တင်းကြပ်ထားသလို နှစ်ပေါင်းများစွာ စီးပွားရေး မှားယွင်းခန့်ခွဲမှုများကြောင့် စားနပ်ရိက္ခာ ဖူလုံရေး၊ သန့်ရှင်းသော ရေရရှိရေးနှင့် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု စသော မြန်မာပြည်သူများ၏ လူသားခြင်း စာနာထောက်ထားသော လိုအပ်ချက်များမှာ အလွန်အမင်း ကြီးမားနေသည်ဟု Pearson ကပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဧပြီ ၂၇ ရက် အင်္ဂါနေ့ပါ "ဗိုလ်ချုပ်မှူးကြီးလေယာဉ် ဆင်ဖြူတော်ဟု အမည်ပေး" သတင်းတွင် " ဗိုလ်ချုပ်မှူးကြီးနှင့် သူ့ဇနီးသည် ကဆုန်လပြည့်နေ့တွင် ဘုရားကိုးဆူ ပူဇော်ပွဲ ကျင်းပကြောင်း" နှင့် "ဘုရားကိုးဆူ 
 
ပူဇော်ပွဲသည် မြန်မာဘုရင်များနှင့် ဆွေတော်မျိုးတော်များ၏ အလေ့အထတစ်ခုဖြစ်သည်ဟု မြန်မာမှု ကျွမ်းကျင်သူများက ပြောကြားပါသည်။" ဆိုသည့် နေရာတွင်  ဘုရားကိုးဆူ ပူဇော်ပွဲ အစား "ကိုးပါးသီလ
 
စောင့်ထိန်းကြကြောင်း" ဟု ပြင်ဆင်ဖတ်ရှုပေးပါရန် နှင့် အယ်ဒီတာ၏ ပေါ့လျော့မှုကြောင့် အချက်အလက်မှားယွင်းသွားခြင်းကို စာဖတ်သူများအား လေးစားစွာ တောင်းပန်အပ်ပါသည်။
 
 
 
အယ်ဒီတာ

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

စစ်အစိုးရ၏ ကမ်းလှမ်းချက် တစ်ရပ် ဖြစ်သော နယ်စပ် ဒေသစောင့် တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေး ကိစ္စအပေါ် သဘောထား ကွဲလွဲမှုနေမှုကြောင့် အပစ်အခတ် ရပ်စဲရေး လက်နက်ကိုင် အဖွဲ့ ဖြစ်သော ရှမ်းပြည် မြောက်ပိုင်း တပ်ဖွဲ့ (SSA-N) အတွင်း ဂိုဏ်းနှစ်ဂိုဏ်း ကွဲမည့် အလားအလာ ရှိနေကြောင်း သိရသည်။

SSA-N ၏ တပ်မဟာ သုံးခုအနက် နှစ်ခု (တပ်မဟာ-၃ နှင့် တပ်မဟာ-၇) တို့က နယ်ခြား ဒေသစောင့် တပ်ဖွဲ့ အဖြစ် ပြောင်းလဲ ဖွဲ့စည်းရေးကို သဘော တူညီသော်လည်း တပ်မဟာ-၁ က ငြင်းပယ်ခဲ့ကြောင်း Shan Herald News Agency မှ အယ်ဒီတာ Saengjuen က Irrawaddy သို့ ပြောကြားသည်။

"ကျွန်တော်တို့ ကြားတာတော့ နယ်ခြား ဒေသစောင့် တပ်ဖွဲ့ ပြောင်းလဲ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး SSA-N ဟာ အဖွဲ့တွင်း နှစ်ပိုင်း ကွဲနေပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ပြည်သူတွေရဲ့ လွတ်လပ်ရေး တိုက်ပွဲအတွက် လာရောက် ပူးပေါင်းဖို့ သူတို့ကို ကြိုဆိုပါတယ်" ဟု ရှမ်းပြည် တောင်ပိုင်း တပ်ဖွဲ့ (SSA-S) မှ ပြောခွင့်ရ ပုဂ္ဂိုလ် Sai Sheng Murng က ပြောကြားသည်။

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် နှင့် စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် SSA-N တပ်မဟာ ၃ နှင့် တပ်မဟာ-၇ မှ ဗိုလ်ချုပ် Loimao နှင့် ဗိုလ်ချုပ် Gaifa တို့က ဧပြီလ ၂၂ နေ့တွင် နယ်ခြား ဒေသစောင့်တပ် အဖြစ် ပြောင်းလဲဖွဲ့စည်းရန် သဘော တူညီခဲ့သည်။

သို့သော် ဗိုလ်ချုပ် Loimao မှာ ဗိုလ်ချုပ် Parngfa ကွပ်ကဲသော တပ်မဟာ-၁ အား နယ်ခြား ဒေသစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် အမိန့် မပေးနိုင်ခဲ့ကြောင်း Sarawin က ပြောကြားသည်။ တပ်မဟာ-၁ မှာ SSA-N တွင် အင်အား အကောင်းဆုံး တစ်စုတစ်ခု ဖြစ်ပြီး အင်အား ၂၅၀၀ ခန့်ရှိသည်။

တပ်မဟာ-၁ မှာ ရှမ်းပြည် တောင်ပိုင်း Kehsi မြို့နယ်တွင် အခြေစိုက်ပြီး တပ်မဟာ ၃ မှာ Mongyai မြို့နယ်တွင် အခြေစိုက်ကာ တပ်မဟာ ၇ မှာ သီပေါမြို့နယ်တွင် အခြေစိုက်သည်။

SSA-N သည် ၁၉၈၉ ခုနှစ်တွင် မြန်မာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့သည်။ မူလ သဘော တူညီချက်များအရ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် လက်နက် ဆက်လက် ကိုင်ဆောင်ခွင့်နှင့် စီးပွားရေး လုပ်ကိုင်ခွင့် ရရှိသည်။ အထူးသဖြင့် သစ် ထုတ်လုပ်ခွင့်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နေရာများတွင် အခွန် ကောက်ခံခွင့်တို့ ရရှိကြခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ စစ်အစိုးရသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်မှ စကာ အပစ်အခတ် ရပ်စဲရေး တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအားနယ်ခြား ဒေသစောင့်တပ် အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် ဖိအားပေး လာခဲ့တော့သည်။ ယင်းသို့ ပြောင်းလဲ ဖွဲ့စည်းရေးအတွက် စစ်အစိုးရက သတ်မှတ် ပေးထားသော နောက်ဆုံး နေ့ရက်မှာ ဧပြီ ၂၂ ရက် ဖြစ်သည်။

နယ်ခြား စောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းမည့် ကိစ္စကို ငြင်းပယ်ခဲ့သည့် အဖွဲ့အစည်းများတွင် SSA-N ၏ တပ်မဟာ ၁ လည်း အပါအဝင် ဖြစ်လာသည်။ ယင်းသို့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း အမြောက်အမြားက အစိုးရ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ကြသောကြောင့် နှစ်ဦးနှစ်ဖက် တင်းမာမှုများ ကြီးထွားလျက် ရှိသည်။

Irrawaddy သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asianenergy.blogapot.com, 28th April 2010

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှု FDI စုစုပေါင်း တန်ဖိုးသည် ရေအားလျှပ်စစ်၊ ရေနံနှင့် ဓါတ်ငွေ့၊ သတ္တု တူးဖောက်ရေး ကဏ္ဍများတွင် သိသိသာသာ သုံးစွဲ ထည့်ဝင်ခြင်းနှင့် အတူ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အပြီးတွင် အမေရိကန် ဒေါ်လာ ၁.၈၅ ဘီလီယံ သို့ ရောက်ရှိခဲ့သည့်ဟု တရားဝင် စာရင်း ဇယားများက ညွှန်ပြနေသည်။

မည်သို့ပင် ဖြစ်စေ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၅ သန်းမျှသာ တိုးတက်ခဲ့သော်လည်း တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံနှင့် ယူကေနိုင်ငံ ပြီးလျှင် မြန်မာနိုင်ငံတွင်း တတိယ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ အဖြစ် ရပ်တည်ခဲ့သည်။

"တရုတ်နိုင်ငံရဲ့ FDI က ကျွန်တော်တို့ရဲ့ နိုင်ငံရဲ့ စုစုပေါင်း FDI တန်ဘိုးရဲ့ ၁၂ % လောက် ရှိနေပါပြီ" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ  အုပ်ချုပ်မှုဆိုင်ရာ ညွှန်ကြားမှု ဦးစီးဋ္ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ကုန်သည်ကြီးများ ဟိုတယ်တွင် မကြာသေးမီက ကျင်းပသော တရုတ်-မြန်မာ စီးပွားရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

၂၀၁၀ မတ်လ ၃၁ ရက် အထိ မြန်မာနိုင်ငံတွင်း စုစုပေါင်း FDI တန်ဘိုးမှာ အမေရိကန် ဒေါ်လာ ၁၆.၀၅ ဘီလီယံ ခန့်ရှိသည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှု ဝန်ကြီး ဋ္ဌာနမှ စာရင်းဇယားများ အရ သိရှိရသည်။

"ထိုင်း၊ ယူကေ၊ တရုတ်၊ စင်ကာပူနဲ့ မလေးရှားတို့ဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ဦးဆောင် နိုင်ငံတွေပါ" ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဋ္ဌေးချွန်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် လာရောက် မြှုပ်နှံ နေသော တရုတ် ကုမ္ပဏီ ၆၃ခု ရှိသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Washington Post, By Cdum Lynch, 28th April 2010

အီရန်သမ္မတ Mahmoud Ahmadinejad သည် လာမည့် အပတ်တွင် နယူးယောက် သို့လာရောက်ရန် ဗီဇာ တောင်းခံလျက် ရှိသည်။ ၎င်းသည် နျူကလီယာ လက်နက် ပြန့်ပွားမှု ရပ်ဆိုင်းရေး အတွက် ရည်ရွယ် ကျင်းပသော ကုလသမဂ္ဂ ကွန်ဖရင့်တွင် မိန့်ခွန်း ပြောကြားလိုခြင်း ဖြစ်ပါသည်။ အဆိုပါ ကွန်ဖရင့်သည် တီဟီရန်၏ နျူကလီယာ ရည်မှန်းချက်များ အပေါ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ထိပ်တိုက် ရင်ဆိုင်မှုများ ပြုလုပ်လာနိုင်သောကြောင့် ပြောဆိုနိုင်ရန် လမ်းဖွင့်ပေးရန် ဖြစ်သည်။

အဆိုပါ နျူကလီယာ ကွန်ဖရင့်တွင် Ahmadinejad က မိန့်ခွန်းပြောရန် ဆုံးဖြတ်ချက် ချခဲ့ရခြင်းမှာ အမေရိကန်နှင့် အခြား ကုလသမဂ္ဂ ပါဝါ နိုင်ငံများသည် အီရန်က ၎င်း၏ ယူရေနီယံ သန့်စင်မှုကို ကန့်သတ် လျှော့ချရန် ကုလသမဂ္ဂ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာရန် ပျက်ကွက်မှုကြောင့် အရေးယူ ပိတ်ဆို့ရေး အတွက် ညှိနှိုင်းနေကြခြင်းကြောင့် ဖြစ်သည်။ ထိုသို့ ပြုလုပ်ရန် အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့သည် လေးပတ်ကြာ ပြုလုပ်မည့် အဆိုပါ နျူကလီယာ ကွန်ဖရင့်၏ အရန် ဆွေးနွေးပွဲ အဖြစ် ဆွေးနွေးလိမ့်မည် ဟု မျှော်လင့်ရသည်။

အီရန်၏ နျူကလီယာ အစီအစဉ်များသည် ၁၉၇၀ က ချုပ်ဆိုခဲ့သော နျူကလီယာ မပြန့်ပွားရေး စာချုပ် ပြန်လှန် သုံးသပ်ခြင်း ရှစ်ကြိမ်မြောက် ကွန်ဖရင့်တွင် ပြဿနာ ဖြစ်လာနိုင်သော အကြောင်းအရာ ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Susan E.Rice က ပြောကြားခဲ့သည်။ အဆိုပါ ကွန်ဖရင့်ကို တနင်္လာနေ့က ကုလသမဂ္ဂ ဋ္ဌာနချုပ်တွင် ဖွင့်လှစ်ခဲ့သည်။ Rice က အဆိုပါ ၁၉၇၀ စာချုပ်သည် မိမိတို့၏ အမျိုးသား လုံခြုံရေး အတွက် အရေးပါကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် Rice က အမေရိကန် အနေဖြင့် ယခု လေးပတ်ကြာ အစည်းအဝေးတွင် အဆိုပါ စစ်အေးကာလ စာချုပ်အား ပိုမို အားကောင်းစေရန် ပြုလုပ်မည်ဟု ဆိုသည်။ ကလင်တန်သည် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်မည် ဖြစ်သည်။ Rice က အီရန် သမ္မတ၏ ဗီဇာ တောင်းဆိုမှုမှာ မှန်ကန်ကြောင်း အတည်ပြုခဲ့သည်။

Obama အစိုးရသည် ကုလသမဂ္ဂက နိုင်ငံများ၏ နျူကလီယာ အစီအစဉ်များကို စစ်ဆေးပြီး၊ ကုလသမဂ္ဂ နျူကလီယာ စာချုပ်ကို လိုက်နာရန် ပျက်ကွက်သူများကို ဒဏ်ပေးမည့် ကိစ္စအား ပိုမို အားကောင်းလာစေရန် ကြိုးပမ်း ပြုပြင်လျက် ရှိရာ၊ အီရန် အနေဖြင့် အဆိုပါ Obama၏ ကြိုးပမ်းမှုများကို ဈေးဆစ်နိုင်ရန် လုပ်ဆောင်လာလိမ့်မည်ဟု မျှော်လင့်နေကြသည်။ စာချုပ်အဖွဲ့ဝင် နိုင်ငံများ၏ ဆုံးဖြတ်ချက်မှာ တစ်ဦး မကျန် သဘောတူမှ ရမည်ဖြစ်ပြီး၊ ထွက်ပေါ်လာသော အဖြေကို ဗီတို အာဏာ အသုံးပြု ခွင့်ပေးထားမည် ဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတင်းထောက်များသို့ ဗုဒ္ဓဟူးနေ့က နေ့လယ်စာ စားသုံးစဉ် ပြောကြားခဲ့ရာ၌ အကယ်၍ အီရန် ခေါင်းဆောင် အနေဖြင့် ၎င်း၏ နျူကလီယာ ကိစ္စများ အဖြေအတွက် အပြုသဘော ဆောင်သော အဆိုပြုချက်များဖြင့် နယူးယောက်သို့ လာရောက်ပါက များစွာ အထောက်အကူ ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် နျူကလီယာ ကွန်ဖရင့်တွင် Ahmadenejad အနေဖြင့် ၎င်း၏ ခိုင်မာသော အိုင်ဒီယာများကို လာရောက် ဖွင့်ချမည် ဟုတ်မဟုတ် ဆိုသည်ကိုလည်း မိမိ အနေဖြင့် မသိနိုင်ကြောင်း ဘန်ကီမွန်းက ပြောသည်။

Ban က ဆက်လက် ပြောကြားရာတွင် တီဟီရန် အနေဖြင့် နျူကလီယာ လက်နက်များ ထုတ်လုပ်နေခြင်း မဟုတ်ပါဟု နိုင်ငံတကာ အသိုင်းအဝိုင်းအား သေချာရန် အသိပေးရမည့် ကိစ္စမှာ အီရန် ခေါင်းဆောင် အပေါ်တွင် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းအပေါ်တွင်သာ တာဝန်ရှိကြောင်း၊ အီရန်၏ နျူကလီယာ အစီအစဉ်သည် ငြိမ်းချမ်းပါကြောင်း သက်သေပြရန် နိုင်ငံတကာ အသိုင်းအဝိုင်း၏ တောင်းဆိုမှုကို ၎င်းက ကျေနပ်မှု မရှိကြောင်း Ban က ပြောသည်။

အမေရိကန်နှင့် ၎င်း၏ မဟာမိတ် ဥရောပနိုင်ငံများသည် ဆုံးဖြတ်ချက် ချနိုင်မည့် လမ်းကြောင်းကို ရှာဖွေနေကြသည်။ အဆိုပါ ဆုံးဖြတ်ချက်သည် တီဟီရန်သို့ လက်နက် ရောင်းဝယ်မှု ပိတ်ပင်ခြင်း၊ အီရန် စွမ်းအင် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်ခြင်း၊ နိုင်ငံများအား အီရန် သင်္ဘောများ ပိတ်ပင်ထားသော လက်နက်များ မသင်္ကာဖွယ် တင်ဆောင်လာပါက ဖမ်းဆီးခွင့် အာဏာပေးခြင်းများ ပါဝင်သည်။ အမေရိကန်နှင့် ဥရောပ တာဝန်ရှိ ပုဂ္ဂိုလ်များသည် နျူကလီယာ ကွန်ဖရင့် မစတင်မီ အဆိုပါ စကားပြောမှု ပြီးဆုံးရန် မျှော်လင့်ကြသည်။

ပြီးခဲ့သည့် အပတ်က ဒုသမ္မတ Biden က လာမည့် အပတ်တွင် အမေရိကန် အနေဖြင့် အရေးယူမည့် ဆုံးဖြတ်ချက် ချမှတ်နိုင်မည့် လမ်းကြောင်းကို တွေ့ရှိမည် ဖြစ်ကြောင်း ယုံကြည်ချက် အပြည့်ဖြင့် ပြောကြားခဲ့သည်။ ''ဒီလ အကုန်၊ နောက်လ အစမှာ အရေးယူထားတဲ့ အစိုးရကို ခင်ဗျားတို့ တွေ့ရမှာပါ'' ဟု Biden က ကြာသပတေးနေ့က ABC ရုပ်သံ၏ The View စကားဝိုင်း အစီအစဉ်တွင် ပြောကြားခဲ့သည်။

သို့သော် လုံခြုံရေး ကောင်စီ အဖွဲ့ဝင်များက ပြောကြားရာတွင် အမေရိကန်နှင့် အင်အားကြီးနိုင်ငံများက အီရန် အပေါ် အရေးယူရေး ဆုံးဖြတ်ချက် အတွက် ဆွေးနွေးမှုသည် ပြီးစီးရန် အဝေးကြီး လိုအပ်သေးကြောင်း ပြောခဲ့သည်။ တာဝန်ရှိသူ တစ်ဦးက ပြောကြားရာတွင် ညှိနှိုင်းမှုများ မေလ တစ်လလုံး ဆက်လက် ပြုလုပ်ရဦးမည် ဖြစ်ကြောင်း ပါဝင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy, 27th April 2010

ယခုနှစ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် အစိုးရ နောက်ခံ ပါတီသစ်ကို ခေါင်းဆောင်ရန် အတွက် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အခြား ဝန်ကြီး ၂၀ ခန့်သည် ၎င်းတို့၏ စစ်ဖက် ရာထူးများကို စွန့်လွှတ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်ဟု နေပြည်တော် သတင်းရပ်ကွက်မှ ပြောကြားသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် အတူ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး ဗိုလ်ချုပ် ဌေးဦး၊ ဆက်သွယ်ရေး၊ စာတိုက်၊ ကြေးနန်း ဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်၊ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်တို့ အပါအဝင် အခြား စစ်ဗိုလ်ချုပ်များက ပါတီသစ်ကို ဦးဆောင်ကြမည်ဟု သတင်းများက ဆိုသည်။

အဆိုပါ ဝန်ကြီးများသည် စစ်ဖက် ရာထူးကို စွန့်လွှတ်မည် ဖြစ်သော်လည်း အစိုးရ အတွင်း လက်ရှိ ရာထူးကိုမူ ဆက်ယူထားကြဦးမည် ဟုလည်း သိရှိရသည်။

နိုင်ငံပိုင် သတင်း မီဒီယာများက ဗိုလ်ချုပ်ကြီး သိန်းစိန်၏ ရာထူး အသုံးအနှုန်းသစ်ကို ယနေ့ အထိ ဖော်ပြခြင်း မရှိသော်လည်း တနင်္လာနေ့က နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့်အတူ ဘာသာရေး အခမ်းအနား တက်ရောက်နေသော ဝန်ကြီးချုပ်နှင့် အခြား ဗိုလ်ချုပ်များ သတင်းကို ထုတ်လွှင့်သွားသည်။

မည်သို့ပင် ဖြစ်စေ၊ နေပြည်တော်မှ အရာရှိများက အဆိုပါ သတင်းကို ငြင်းဆိုခြင်း မရှိပါ။ "သတင်း ကြေညာတာကိုသာ စောင့်နားထောင်ပါ။ သေချာပေါက် ကြားရပါလိမ့်မယ်" ဟု ၎င်းတို့က ဧရာဝတီသို့ အင်္ဂါနေ့တွင် ပြောကြားသည်။

ရန်ကုန်မှာ ဂျာနယ် အယ်ဒီတာ တစ်ဦးကမူ "ကျွန်တော် သိသလောက်တော့ သတင်းက သေချာတယ်။ မကြာမီ အတွင်း ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ ပါတီကို အစိုးရက ကြေညာလိမ့်မယ်လို့ နေပြည်တော်က ဝန်ထမ်းတွေက ပြောကြတယ်" ဟု ပြောကြားသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း ကိုယ်စားပြု ဖြစ်ဖွယ်ရှိသော အစိုးရ နောက်ခံပါတီကို ဗိုလ်ချုပ်ကြီး သိန်းစိန်က ဦးဆောင်မည် ဖြစ်ပြီး၊ ပြည်တွင်း အသိုင်းအဝိုင်းတွင် အများလေးစားသော ပုဂ္ဂိုလ်များကိုလည်း ၎င်းတို့ပါတီ အတွက် ကိုယ်စားလှယ်လောင်းများ အဖြစ် ရွေးချယ်နေကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် ရန်ကုန် စီးပွားရေး လုပ်ငန်းရှင်များ ကြားတွင် သတင်းများ ပျံ့နှံ့နေသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်အား ပါတီ ခေါင်းဆောင် အဖြစ် တာဝန်ယူရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ညွှန်ကြားခြင်း ဖြစ်ကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း တာဝန်ရှိသူ တစ်ဦးက ဧရာဝတီသို့ အင်္ဂါနေ့တွင် ပြောကြားသည်။

"ဒီသတင်းက မှန်ဖို့ များပါတယ်" ဟု ရွေးကောက်ပွဲ ဝင်မည့် အမျိုးသားနိုင်ငံရေး တပ်ပေါင်းစု ပါတီမှ ဦးအုန်းလွင်က ပြောကြားခဲ့ပြီး၊ "ဗိုလ်ချုပ်ကြီး သိန်းစိန်က ပါတီကို ဦးဆောင်သလို သမ္မတသစ်လည်း ဖြစ်လာနိုင်ပါတယ်" ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ရွေးကောက်ပွဲ အပြီး အစိုးရသစ်တွင် ဦးဆောင်ကဏ္ဍမှ ပါဝင်လိမ့်မည်ဟု အများစုက ထင်မြင်ချက် ပေးထားကြသည်။

"ရွေးကောက်ပွဲ မဝင်ဖို့ NLD ဆုံးဖြတ်ပြီးတဲ့ နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သဘောထား ပြောင်းသွားတယ်။ သူ့ရဲ့ အစီအစဉ်သစ်မှာ ဗိုလ်ချုပ်ကြီး သိန်းစိန်က သမ္မတ ဖြစ်လာမယ်" ဟု အစိုးရ သတင်း ရပ်ကွက်က ဆိုသည်။

"ဗိုလ်ချုပ်ကြီး သိန်းစိန် နဲ့အတူ အထူး စစ်ဆင်ရေး အဖွဲ့မှူး နှစ်ယောက်ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်တို့လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စာရင်းထဲမှာ ပါတယ်" ဟု ၎င်းက ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် ဌေးဦးအား လာမည့် အစိုးရသစ်ကို ဦးဆောင်ရန် ယခင်က ရွေးချယ်ထားခဲ့သည်ဟု သတင်းများအရ သိရှိရသည်။

ဗိုလ်ချုပ် ဌေးဦးသည် နိုင်ငံတကာ အသိုင်းအဝိုင်း ရှေ့မှောက်တွင် လွတ်လပ်၊ မျှတသော ရွေးကောက်ပွဲများ ကျင်းပရန် လိုလားသူ တစ်ဦးဟု ယူဆရသော်လည်း ယခင်နှစ် အစိုးရ အစည်းအဝေး တစ်ခုတွင် လွှတ်တော် နေရာ ၃၀ % မှ ၄၀ % ကို အတိုက်အခံများအား ခွင့်ပြုရန် ၎င်းက ထောက်ခံခဲ့သည်ဟု အစိုးရ သတင်းရပ်ကွက်က ပြောကြားခဲ့သည်။

ယခင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ လက်ရှိ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး လှဌေးဝင်းမှာ မြန်မာ့ တပ်မတော်တွင် အရေးကြီးသော ရာထူးကို ရယူရန် ရှိသည်ဟု စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သော လုပ်ငန်းရှင်များက လတ်တလော ခန့်မှန်းနေကြသည်။

သို့ရာတွင် လက်ရှိ အစိုးရ အဖွဲ့တွင် နံပါတ် ၃ နှင့် နံပါတ် ၅ အဆင့် ရှိနေသော  ပူးတွဲ စစ်ဦးချုပ်များ ဥက္ကဌနှင့် ကြည်းရေလေ အထူး စစ်ဆင်ရေး ညှိနှိုင်းရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် အတွင်းရေးမှူး (၁)၊ စစ်ထောက်ချုပ် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့၏ အနာဂတ်မှာမူ လက်ရှိတွင် သေချာမှု မရှိဟု ယူဆနေကြပြီး ၎င်းတို့နှစ်ဦးမှာ ပြိုင်ဘက်များ ဖြစ်လာဖွယ် ရှိသည်ဟုလည်း ကြားသိရသည်။

နေပြည်တော်တွင် တနင်္လာနေ့က ပြုလုပ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဘာသာရေး အခမ်းအနားတွင် ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး ပျောက်နေပြီး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း တက်ရောက်ခဲ့သော သတင်းကို နိုင်ငံပိုင် သတင်းစာများတွင် ဖတ်ရသည့်အခါ အံအားသင့်ခဲ့ရကြောင်း မြန်မာနိုင်ငံရေး အကဲခတ်များက ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVD News, By Than Win Htut, 28th April 2010

နော်ဝေ နိုင်ငံခြားရေး ဝန်ကြီး Gry Larsen သည် ပြီးခဲ့သည့် အပတ်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး အစိုးရ တာဝန်ရှိသူများနှင့်ရော အတိုက်အခံ အဖွဲ့များနှင့်ပါ တွေ့ဆုံခဲ့ပြီး၊ မြန်မာနိုင်ငံ အလယ်ပိုင်းသို့ သွားရောက်ခဲ့သည်။ နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံ ပြင်ပရှိ မီဒီယာနှင့် ဒီမိုကရေစီ လှုပ်ရှားမှု အဖွဲ့များကို အဓိက ငွေကြေး ထောက်ပံ့သူ ဖြစ်ပြီး၊ ၁၉၈၈ အရေးအခင်း အပြီး မြန်မာနိုင်ငံရေး ဒုက္ခသည်များကို လက်ခံ နေထိုင်ခွင့် ပေးခဲ့သော ပထမဆုံး နိုင်ငံ ဖြစ်သည်။

သူမအား မြန်မာနိုင်ငံရှိ စစ်ရာဇဝတ်မှုများကို ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် ကိစ္စအား မေးမြန်းရာ၊ Larsen က လုံခြုံရေး ကောင်စီတွင် ရှိသော အကန့်အသတ်များကို ပြောကြားခဲ့ပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းအား မြန်မာနိုင်ငံအား ချဉ်းကပ်ရာတွင် ညီညွတ်မှု ရှိရန် တောင်းဆိုခဲ့သည်။

မေး။    ။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို အကဲဖြတ်ပေးပါဦး။

ဖြေ။    ။ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး၊ တရားမျှတဖို့နဲ့ အားလုံး ပါဝင်ဖို့ လိုအပ်ပါတယ်။ အရေးကြီးတာ တစ်ခုက အခု အစိုးရက လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ခြေလှမ်းတွေ စနေပါတယ်။ ကျွန်မ NLD နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့ ပါတီ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့တာကို လေးစားပါတယ်။ နောက်ပြီး ကျွန်မ အနေနဲ့ မြန်မာနိုင်ငံက တခြား ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အသံတွေ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှုထက် ဒီမိုကရေစီ အတွက် ခြေလှမ်းတစ်ရပ် အဖြစ် မြင်လိုပါတယ် ဆိုတဲ့ အသံတွေကိုလည်း လေးစားပါတယ်။

မေး။    ။ ရွေးကောက်ပွဲနှင့် ပတ်သက်လို့ အကောင်းမြင်ပါသလား။

ဖြေ။    ။ ရွေးကောက်ပွဲ ဥပဒေတွေဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ နိုင်ငံတကာ စံကို မမှီပါဘူး။ ဒါ့ကြောင့် ကျွန်မ ထင်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ မြန်မာ အစိုးရကို နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့၊ သတင်း လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ စုဝေးခွင့် ရရှိရေးတွေ အတွက် အားကောင်းတဲ့ အသံတွေဟာ အရေးကြီးတယ်လို့ ထင်ပါတယ်။ ရွေးကောက်ပွဲ လုပ်ရုံနဲ့တော့ ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်မလာပါဘူး။ အခုမှ ရွေးကောက်ပွဲ ကျင်းပဖို့ လုပ်ငန်းစဉ်တွေ လုပ်နေတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ပြီးရင် ဖြစ်လာမယ့် အရာတွေရယ်၊ ပြည်သူလူထုရဲ့ လိုလားချက်တွေကို လေးစားရပါ့မယ်။

မေး။    ။ ရွေးကောက်ပွဲဟာ အခွင့်အလမ်း အတွက် ပြတင်းပေါက် တစ်ခုလို့ ခံစားရပါသလား။

ဖြေ။    ။ ကျွန်မ မပြောလိုပါဘူး။ မြန်မာနိုင်ငံ အတွင်းက တချို့လူတွေက ရွေးကောက်ပွဲဟာ အခွင့်အလမ်း အတွက် ပြတင်းပေါက် တစ်ခု ဖြစ်လာမယ်လို့ ထင်ပါတယ်လို့ ပြောနေကြပါတယ်။ မှန်ကန်တဲ့ လမ်းကြောင်းကို သွားနိုင်မယ့် ခြေလှမ်းတစ်ရပ် ဖြစ်လိမ့်မယ်လို့ ပြောနေကြပါတယ်။ ဒါပေမယ့် အဲဒီလို ပြောဖို့ သိပ်ကို စောလွန်းသေးတယ်လို့ ကျွန်မ ထင်ပါတယ်။

မေး။    ။ ခင်ဗျား ပြောခဲ့တယ်နော်။ ယာဉ်မောင်း ထိုင်ခုံမှာ ရှိတဲ့ လူနဲ့ ဆက်ဆံရေး ပြုလုပ်သင့်တယ်လို့။ အဲဒါဆိုရင် လမ်းကြောင်း ဘယ်လိုရှိမလဲ။ ခင်ဗျားရဲ့ ခံစားချက်လေး ပြောပါဦး။

ဖြေ။    ။ နိုင်ငံတကာမှာ စကား အခြေအတင် ပြောမယ်ဆိုရင်တော့ အရေးယူမှု လုပ်မလား။ စကားပြောမလား တစ်ခုကိုပဲ ရွေးလို့ ပြောကြမယ်လို့ ကျွန်မ ထင်ပါတယ်။ ဒါပေမယ့် နှစ်ခုလုံး ပြုလုပ်ဖို့ အရေးကြီးပါတယ်။ အရေးယူ ပိတ်ဆို့မှုရော၊ စကားပြောဖို့ရော တပြိုင်နက်တည်း အသုံးပြုနိုင်ပါတယ်။ မုန့်ရော တုတ်ရော ဝေပေးမယ့် အစီအစဉ်ပေါ့။ ဒါ့ကြောင့် ကျွန်မ ပြောခဲ့ပါတယ်။ မြန်မာ အစိုးရဟာ လမ်းဆုံ လမ်းခွကို ရောက်နေပြီလို့။ သူတို့ ဆုံးဖြတ်ရပါလိမ့်မယ်။ အကယ်၍ သူတို့က ဒီမိုကရေစီ လမ်းကြောင်းကို ရွေးပြီး၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းက အဲဒါကို အသိအမှတ်ပြုကြမှာပါ။ ဒါပေမယ့် ခြေလှမ်းတချို့ လှမ်းဖို့တော့ လိုပါတယ်။

မေး။    ။ မြန်မာနိုင်ငံက ဆင်းရဲ မွဲတေမှုတွေကို နော်ဝေ အနေနဲ့ ဘာတွေ လုပ်မလဲ။

ဖြေ။    ။ နာဂစ်မုန်တိုင်း အပြီးမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နော်ဝေ အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံတွင်းမှာ လူသားချင်း စာနာစွာ အလုပ်လုပ်ပေးခဲ့ပါတယ်။ အဲဒီလို လုပ်ပေးခဲ့လို့ လူတွေ အမိုးအကာနဲ့ ပြန်နေနိုင်ပြီး ကလေးတွေလည်း ကျောင်းတွေကို ပြန်တက်နိုင်ခဲ့ကြပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံကို လူသားချင်း စာနာ ထောက်ထားတဲ့ အကူအညီတွေ ဆက်ပေးသွားဦးမှာပါ။ ဒါပေမယ့် မြစ်ဝကျွန်းပေါ်ဒေသ တစ်ခုထဲမှာ မဟုတ်ပါဘူး။ တခြား လူသားချင်း စာနာဖွယ်ရာ စိန်ခေါ်မှုတွေ ခံစားနေရတဲ့ ဧရိယာတွေမှာလည်း ပေးသွားပါမယ်။ ကျွန်မကိုယ်တိုင် ဒီတစ်ခေါက် မြန်မာနိုင်ငံ အလယ်ပိုင်း မိုးခေါင် ရေရှားဒေသကို သွားခဲ့တော့၊ အဲဒီ ဒေသက လယ်သမားတွေ အတော် ရုန်းကန်နေရတာ တွေ့ရတယ်။

မေး။    ။ တိုင်းရင်းသားတွေရဲ့ ဒေသတွေကိုရော သွားနိုင်ခဲ့ပါသလား။

ဖြေ။    ။ တိုင်းရင်းသားတွေ နေတဲ့ နေရာ သွားလည်ဖို့ ကျွန်မ မတောင်းဆိုခဲ့ပါဘူး။ လူသားချင်း စာနာတဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေဟာ အဲဒီ ဒေသတွေမှာ လွတ်လွတ်လပ်လပ် အလုပ်လုပ်လို့ မရပါဘူး။ ဒါ့ကြောင့် အဲဒီကိစ္စက သီးခြား ဆွေးနွေးရမယ့် ကိစ္စလို့ ထင်ပါတယ်။ တိုင်းရင်းသား လူမျိုးများရဲ့ အရေးကိစ္စကို မြန်မာ အာဏာပိုင်တွေနဲ့ ကျွန်မ ဆွေးနွေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကျွန်မရဲ့ ခရီးစဉ်ဟာ နော်ဝေကနေ ပထမဆုံး နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ခရီးစဉ် အဖြစ်၊ အချိန် အတော် အကြာကြီး အတွင်းမှာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ မြန်မာ အစိုးရ အပေါ် မှန်ကန်တဲ့ ချဉ်းကပ်မှုလို့လည်း ကျွန်မ ထင်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံနှင့် အဆက်အသွယ်ကို ဒီထက်ပိုပြီး တိုးချဲ့သွားမှာပါ။ အစိုးရနဲ့တင် မကပါဘူး။ NLD နဲ့ရော အခြား အရပ်ဖက် အဖွဲ့အစည်း အမျိုးမျိုးနဲ့ပါ။ ဆက်လုပ်သွားပါ့မယ်။

မေး။    ။ မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေကို စုံစမ်း စစ်ဆေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ အဆိုပြုချက် အပေါ် နော်ဝေ နိုင်ငံက ဘယ်နေရာက ရပ်တည်မလဲ။

ဖြေ။    ။ အခု လောလောဆယ်တော့ ကျွန်မတို့ဟာ ရွေးကောက်ပွဲအထိ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို အာရုံပြုနေပါတယ်။ နိုင်ငံတကာကလည်း ရွေးကောက်ပွဲကို ပိုပြီး လွတ်လပ် တရားမျှတဖို့ သေချာရေးကိုဘဲ အလေး ဂရုပြုနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ ရိုးသားဖို့ လိုအပ်ပါတယ်။ ဒီကိစ္စကို လုံခြုံရေးကောင်စီမှာ သဘော တူညီချက်ရဖို့ အတော် ခက်ပါတယ်။ ဒါပေမယ့် အရေးကြီးတာက မြန်မာ အာဏာပိုင်တွေဟာ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး ကုလသမဂ္ဂ ကိုယ်စားလှယ်တွေကို နိုင်ငံတွင်းမှာ လွတ်လပ်စွာ လေ့လာခွင့်ပေးဖို့ပါပဲ။ ဒါမှသာ အခြေအနေမှန်ကို သူတို့ ကိုယ်တိုင် စောင့်ကြည့်နေနိုင်မှာပါ။

မေး။    ။ မြန်မာ အစိုးရနဲ့ ဆက်ဆံရေး အတွက် စံပြုထားတဲ့ အချက်များ ရှိပါသလား။

ဖြေ။    ။ ဒီကိစ္စကို အချိန် အကန့်အသတ် လုပ်ထားဖို့ ခက်ခဲပါတယ်။ အရေးကြီးတာက နိုင်ငံတကာ အသိုင်းအဝိုင်းက မှန်ကန်တဲ့ ချဉ်းကပ်မှု ဟုတ်မဟုတ်၊ ကိုယ်လိုချင်တဲ့ အရာတွေ ဖြစ်မဖြစ် အမြဲတမ်း ဆွေးနွေးဖို့ ကြိုးစားနေရပါမယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ကျွန်မတို့ ဖြစ်ချင်တာ ဘာမှ မဖြစ်ခဲ့ပါဘူး။ အခုတော့ ကျွန်မ ယုံကြည်တာက နိုင်ငံတကာ အသိုင်းအဝိုင်းက မုန့်ရော တုတ်ရော ဝေမှာဟေ့လို့ တစ်လေသံတည်း ထွက်ဖို့ရာ အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းက အဆုံးအဖြတ် ပေးရမှာ မဟုတ်ပါဘူး။ မြန်မာ အာဏာပိုင်တွေကသာ ငါတို့ ဘယ်လမ်းကို လျှောက်ချင်တာလဲဆိုတာ ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ သူတို့က ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အဲဒါကို ကြည့်ပြီး နောက်က ပံ့ပိုးပေးကြမှာပါ။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

voanews.com, By Kate Woodsome, 27th April 2010

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ တရုတ် အလံထူထားသော နယ်စပ်မြို့ နန်ဆန်အနီး မြန်မာဘက်ခြမ်း တိုက်ခေါင်မိုး တစ်ခုပေါ်တွင် မြန်မာ အစိုးရ တပ်ဖွဲ့ဝင်များ ရပ်နေကြသည်ကို ၂၀၀၉ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က မြင်တွေ့ခဲ့ရသည်။

မြန်မာနိုင်ငံ အစွန်အဖျားမှ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှာ အစိုးရ ပြည်သူ့စစ် အဖြစ် ပူးပေါင်းမည်လား (သို့) တရားမဝင် အဖွဲ့အစည်း အဖြစ် ရပ်တည်မည်လား ဆိုသည့် ရွေးချယ်မှုနှင့် ဗုဒ္ဓဟူးနေ့က ရင်ဆိုင်နေကြရပြီး တိုက်ခိုက်မှုများ ဖြစ်နိုင်သော အခြေအနေနှင့်လည်း ရင်ဆိုင် နေရသည်။ နှစ်ဖက် အဖွဲ့များ အကြား လိပ်ခဲတည်းလည်း အခြေအနေက တရုတ် မြန်မာ နယ်စပ် တလျှောက် တိုက်ပွဲများ ဖြစ်ပွားနိုင်ခြင်း အပေါ် အသစ်တဖန် စိုးရိမ်မှုများ ဖြစ်ပေါ်စေသည်။

မြန်မာ စစ်ဖက် အစိုးရက တစ်နိုင်ငံလုံး နီးနီးကို တင်းကြပ် ထိန်းချုပ်ထားသော်လည်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် နယ်ခြား တလျှောက်တွင်မူ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များက ထိရောက်စွာ စိုးမိုးထားသည်။ ယခုနှစ် ရွေးကောက်ပွဲများ မတိုင်မီ အစိုးရ လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့သို့ ပူးပေါင်းရန် အစိုးရက ဖိအားပေးနေခြင်းကို လက်ခံရန် အင်အားကြီး သူပုန် အဖွဲ့များက ငြင်းဆန်ထားကြသည်။

အကြီးဆုံး လက်နက်ကိုင် အဖွဲ့ (UWSA) ဝ တပ်ဖွဲ့က ရေရှည် စစ်ပွဲ အတွက် ပြင်ဆင်နေကြောင်းနှင့် ဝ ခေါင်းဆောင်များမှာ စစ်တိုက်ရန် ဆန္ဒမရှိသော်လည်း အစိုးရက ရွေးချယ်စရာ အနည်းငယ်သာ ပေးခဲ့သည်ဟု ယူဆနေကြကြောင်း တရုတ် နယ်စပ် အခြေစိုက် စစ်ရေး ကျွမ်းကျင်သူ အောင်ကျော်ဇောက ပြောကြားသည်။

ဝ နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင်များသည် အစိုးရနှင့် အပစ်ရပ် သဘော တူညီချက်ကို လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုခန့်က လက်မှတ် ရေထိုးခဲ့ကြခြင်း ဖြစ်သည်။ အစိုးရက တင်းကြပ်စွာ ထိန်းချုပ်ထားသော ဗမာ တိုင်းရင်းသားများနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့မှာ နိုင်ငံရေးနှင့် ဘာသာရေး လွတ်လပ်ခွင့်များ ပိုမို ရရှိကြသည်။ လျှပ်စစ် မီးပျက်၍ မှောင်မိုက်နေသော ကျန်တစ်နိုင်ငံနှင့် မတူ ခြားနားစွာပင် ဒေသတွင်း သစ်လုပ်ငန်း၊ တရားမဝင် မူးယစ်ဆေး ရောင်းဝယ်မှု၊ နယ်စပ် ကုန်သွယ်ရေးတို့မှ ရရှိသော ဝင်ငွေဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှုကို ကောင်းစွာ ပြုလုပ်နိုင်ကြသည်။

တိုက်ရန် အဆင်သင့်

အစိုးရ နယ်ခြားစောင့်တပ်သို့ ပူးပေါင်းခြင်းသည် ၎င်းတို့၏ ရပိုင်ခွင့်များကို စွန့်လွှတ်ရန် အတွက် ပထမ အဆင့် ဖြစ်နိုင်သည်ဟု ဝ တို့က ပြောကြားသည်။ တိုက်ရန် အဆင်သင့် ဖြစ်နေသော ရှမ်းပြည် မြောက်ပိုင်းမှ ဝတပ်ဖွဲ့တွင် အနည်းဆုံး တပ်ဖွဲ့ဝင် ၂၀၀၀၀ ခန့် ရှိသည်ဟု ၎င်းတို့က ဆိုသည်။ ဒေသတွင်းမှ ရရှိသော သတင်းများအရ အဆိုပါ နယ်မြေတွင် မြန်မာ အစိုးရ တပ်ဖွဲ့ဝင် ၅၀၀၀ ခန့် အနည်းဆုံး တပ်စွဲထားသည်ဟု သိရသည်။

အစိုးရက အင်အားပြသည့် အနေဖြင့် ဂျက်တိုက် လေယာဉ်များ၊ တင့်ကားများကို ပြင်ဆင် ထားသော်လည်း ဇွန်လတွင် မုတ်သုံ မိုးရာသီ ဝင်လာတော့မည် ဖြစ်၍ စစ်ပွဲကြီး ဆင်နွှဲရန် တပ်မတော်တွင် အချိန် မရှိတော့ဟု အောင်ကျော်ဇောက မှတ်ချက် ပေးသည်။

နှစ်ဖက် စစ်အင်အား တည်ဆောက်မှုများက ပြည်သူ အချို့ကို ထိတ်လန့်စေပြီး၊ အချို့ ဒေသခံများမှာ ၎င်းတို့၏ ကားနှင့် တန်ဖိုးကြီး ပစ္စည်းများကို အိမ်နီးချင်း တရုတ်ပြည်တွင်းသို့ ရွှေ့ပြောင်းလျက်ရှိကာ သက်ကြီးရွယ်အိုများနှင့် ကလေးများမှာလည်း တရုတ်နိုင်ငံဖက်သို့ ရွှေ့ပြောင်းနေကြသည်ဟု အောင်ကျော်ဇောက ဆက်လက် ပြောကြားသည်။

မြန်မာ အစိုးရ၏ ဆိုးဝါးလှသော လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများက အရပ်သားများကို စိုးရိမ် ပူပန်မှုများ ဖြစ်ပွားစေသည်ဟု ပြောကြားသူမှာ ဝါရှင်တန် အခြေစိုက် US Campaign for Burma မှ ဒါရိုက်တာ Jennifer Quigley ဖြစ်သည်။

'ဒီကိစ္စက သိပ်ကို အန္တရာယ် ကြီးလာနိုင်ပါတယ်' ဟု Quigley က ဆိုသည်။ "အရပ်သားတွေကို တိုက်ခိုက်တာက  မြန်မာ အစိုးရ အတွက်တော့ လုပ်နေကျ ထုံးစံလို ဖြစ်နေပြီ။ လယ်တွေ၊ မြေတွေ သိမ်းတာ၊ အတင်း အဓမ္မ ခိုင်းစေတာ၊ ကလေး စစ်သားတွေ စုဆောင်းတာ စတဲ့ ကိစ္စတွေ ဖြစ်လာဖို့ အလားအလာ အရမ်းများနေပါတယ်" ဟု သူမက ပြောကြားသည်။

ပြီးခဲ့သော နှစ်အတွင်း မြန်မာ စစ်တပ်က တရုတ်မျိုးနွယ်စုဝင် ကိုးကန့် တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့စဉ် စစ်ပြေး ဒုက္ခသည်ပေါင်း ၃၀၀၀၀ ခန့် တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြသည်။ ယခု ဝတပ်ဖွဲ့နှင့် ဝအရပ်သား အရေအတွက်မှာ ကိုးကန့်များထက် လွန်စွာ များပြားသည်။

ဝ တပ်ဖွဲ့နှင့် ပဋိပက္ခ ဖြစ်ပွားပါက တရုတ်နိုင်ငံ အတွက် ခက်ခဲသော ပြဿနာများ ဖြစ်ပေါ်စေနိုင်သည်ဟု Quigley က ပြောကြားခဲ့သည်။ "ဒီတခါ တရုတ်နိုင်ငံထဲ ထွက်ပြေးမယ့် ဒုက္ခသည် အရေအတွက် တစ်သိန်းလောက် ရှိတာကို တွေ့ရလိမ့်မယ်" ဟု သူမက ဆိုသည်။

သွက်လက်စွာ ရောင်းဝယ်နေသော ကုန်သွယ်ရေးမှ ဝင်ငွေ ကြီးမားစွာ ရရှိနေသည့် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ ယူနန်ပြည်နယ် ဘက်ခြမ်းတွင် တရုတ် တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ စောင့်ကြပ်လျက် ရှိသည်။ ၂၀၀၈ ခုနှစ် အတွင်း မြန်မာနိုင်ငံသို့ ပို့ကုန် လုပ်ငန်းမှ ဒေါ်လာ ၂ ဘီလျံ နီးပါး ရရှိခဲ့သည်ဟု တရုတ်နိုင်ငံက သတင်း ထုတ်ပြန်ခဲ့သည်။

နယ်စပ် တိုင်းရင်းသားတို့နှင့် မြန်မာ အစိုးရတို့ အကြား တင်းမာမှုများကို ပြေငြိမ်းစေရန် ကြိုးစားသည့် အနေဖြင့် မြန်မာနိုင်ငံသို့ တရုတ် တာဝန်ရှိ ပုဂ္ဂိုလ်များ ပုံမှန် လာရောက်လျက် ရှိပြီး မြန်မာ အာဏာပိုင်များနှင့် ဝ တို့၏ လတ်တလော ဆွေးနွေးပွဲများတွင် ဝ တို့၏ လုံခြုံရေးကို အာမခံရန် ၎င်းတို့ လိုက်ပါလာလေ့ ရှိသည်။

အာဏာ စုစည်းနေသူ

ဆင်းရဲ နွမ်းပါးကာ၊ ပစ်ပယ်ခံနေရသော အခြား မည်သည့် နိုင်ငံမဆို ၎င်းတို့၏ အိမ်နီးချင်း အင်အားကြီး သူဌေးနိုင်ငံ၏ စိုရိမ် ပူပန်မှုကို အလေးထားရမည် ဖြစ်သည်ဟု နိုင်ငံရေး ပညာရှင်များက ဆိုသည်။ သို့ရာတွင် မြန်မာနိုင်ငံ ကိစ္စမှာမူ ၎င်းတို့၏ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကြောင့် မတူ ခြားနားသော ဇာတ်လမ်းတစ်ပုဒ် အဖြစ် လာနိုင်သည်။

"ဒါက မေးခွန်းကြီး တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လူအများ နားလည်ရခက်တဲ့ လူစားမျိုး ဖြစ်နေလို့ပါ" ဟု Quingley က ပြောကြားသည်။

"တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ခိုက်ဖို့ တိုင်းမှူးတွေက လိုလားပုံ မရပေမယ့် ဗိုလ်ချုပ်မှူးကြီးကတော့ သူ့ရဲ့အာဏာကို စုစည်းဖို့ကိုပဲ အာရုံထားနေပါတယ်" ဟု သူမက ဆိုသည်။

"ဗမာ တစ်နိုင်ငံပဲ ရှိရမယ်။ စစ်တပ် တစ်ခုပဲ ရှိရမယ်။ အနှောင့်အယှက် ပေးနေတဲ့ ပြည်တွင်း တိုင်းရင်းသား ပြဿနာတွေ မရှိရဘူး။ ဒီလိုဆိုတော့ သူတို့ရဲ့ နောက်ဆုံး ဖြေရှင်းနည်းကို ရဖို့အတွက် တရုတ်နဲ့ ဆက်ဆံရေး ပျက်ပြားဖို့ ဗိုလ်ချုပ်မှူးကြီး ဆန္ဒ ရှိမရှိ နောက်ပြီးတော့ ရွေးကောက်ပွဲ မတိုင်ခင် စစ်တိုက်မတိုက်။ ဒါတွေပဲ ရှိတော့တယ်လေ" ဟု Quingley က ပြောဆိုခဲ့သည်။

တရုတ် နယ်စပ်မှ တိုင်းရင်းသား လက်နက်ကိုင်ဟောင်း၊ စစ်ရေး အကဲခတ် အောင်ကျော်ဇောကမူ "အစိုးရက ဘယ်လိုပဲ ဆုံးဖြတ်ပါစေ။ ကိစ္စမရှိဘူး။ ဝ တွေက အဆင်သင့် ဖြစ်နေပြီ" ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.


29 April 2010

အမေရိကန်ပြည်ထောင်စုရဲ့  အောက်လွှတ်တော်အမတ် Mr. Dana Rohrabacher နဲ့ အကြီးတန်းသံတမန် (အမေရိကန်သံရုံး မြန်မာပြည် - အငြိမ်းစား) Ms. Priscilla Clapp တို့ရဲ့  မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အမြင်တွေကို နှိုင်းယှဉ်လေ့လာနိုင်အောင် ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြပေးထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုအခါမှာ မြန်မာစစ်အစိုးရကို မျက်တောင်တခတ်အတွင်း ဖြုတ်ချနိုင်တယ်လို့ အမေရိကန် အောက်လွှတ်တော်အမတ် Mr. Dana Rohrabacher လွှတ်တော်မှာပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုခြင်းက လွယ်လင့်တကူ ဖြစ်မနေဘူးလား။ အပြောလွယ်သလောက် အလုပ်ခက်တဲ့ ကိစ္စတရပ် မဟုတ်ဘူးလား။

Mr. Rohrabacher။ ။ ကျနော် အမေရိကန်ပြည်ထောင်စုရဲ့  နိုင်ငံခြားဆက်ဆံရေးမှာ ထဲထဲဝင်ဝင် ပါဝင်နိုင်ပြီး မြန်မာ့အရေးကို စောင့်ကြည့်လာခဲ့တဲ့ (၂၁) နှစ်တာ ကာလအတွင်း အခုအချိန်ဟာ မြန်မာပြည်သူတွေအနေနဲ့ အာဏာရှင်စံနစ်အောက်က လွတ်မြောက်အောင်လုပ်ဖို့၊ တရုတ်နိုင်ငံ ကျွန်ပြုနိုင်မယ့်အရေးက လွတ်မြောက်အောင်လုပ်ဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ ဒါက သူတို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံ၊ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံဖြစ်အောင် ထူးထောင်ဖို့ အကောင်းဆုံးအခွင့်အလမ်းလည်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီအချိန်ဟာ အကောင်းဆုံးအခွင့်အလမ်း၊ အကောင်းဆုံးအချိန်ဆိုတော့ အခုအချိန်ဟာ အရင်အချိန်တွေထက် ဘာများ ထူးခြားနေလို့လဲ။

Mr. Rohrabacher ။ ။ ကျနော်တို့ဟာ ပွင့်လင်းနေတဲ့ တံခါးဝတခုကို ရောက်နေတာပါ။ မြန်မာပြည်က လူထုအင်အားစုအမျိုးမျိုးတို့ဟာ မင်းဆိုးမင်းညစ် ဆန့်ကျင်နေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားပုဂ္ဂိုလ်တွေ ဦးဆောင်တဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေထဲက ဗမာပြည်သူတွေ တိုင်းရင်းသားအင်အားစုတွေဟာ စစ်အာဏာရှင်စံနစ်ကို မုန်းတီးစက်ဆုတ်လို့ တိုက်ဖျက်ဖို့ အားထုတ်နေပါတယ်။ တခါ ပြီးခဲ့တဲ့ အနှစ် (၂၀) အတွင်း မြန်မာပြည်သူတွေရဲ့  ဆင်းရဲဒုက္ခကလည်း ဒီလောက်အထိ ဘယ်တုန်းကမှ နက်ရှိုင်းဆိုးဝါးခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ဒီအချိန်ဟာ အာဏာရှင်စံနစ်ကို ဆန့်ကျင်နေကြတဲ့ ဗမာတွေနဲ့ တိုင်းရင်းသားတွေ ပြန်လည်သင့်မြတ်နိုင်ဖို့ အကောင်းဆုံးအခြေအနေ ဖြစ်ပါတယ်။ အလားတူပဲ ပြည်သူလူထုရဲ့  လေးစားချစ်ခင်မှုကို တောင့်တပြီး ပြည်သူ့တပ်မတော် ဖြစ်ချင်နေတဲ့ တပ်မတော်ထဲက ပုဂ္ဂိုလ်တွေ၊ တပ်မတော်သားတွေ၊ ခြစားပျက်စီးနေတဲ့ အစိုးရထိန်းချုပ် စစ်တပ်မဖြစ်ချင်တဲ့ တပ်မတော်သားတွေ၊ တရုတ်နိုင်ငံလို ပြည်ပသြဇာခံ မဖြစ်ချင်တဲ့ တပ်မတော်သားတွေလည်း ရှိနေကြပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ ဗမာစစ်တပ်ဆိုတာ တရုတ်ရဲ့  အထောက်အပံ့နဲ့ အထူးသဖြင့် တရုတ်ရဲ့  စစ်လက်နက်ပစ္စည်းတွေကို အဓိက အားထားပြီး ရပ်တည်နေရတဲ့ စစ်တပ်ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရဟာလည်း စီးပွားရေး၊ နိုင်ငံရေး၊ သံတမန်ရေး အဖက်ဖက်မှာ တရုတ်ကို အားကိုးနေရတာပါ။ ဒီလို အကျိုးကျေးဇူးတွေကြောင့်လည်း စစ်တပ်ရပ်တည်နေနိုင်တယ်ဆိုတာ မှားမယ်မဟုတ်ပါဘူး။ ဒီလိုစစ်တပ်မျိုးက တရုတ်ကို တွန်းလှန်ဖို့ဆိုတာ လွယ်ပါ့မလား။

Mr. Rohrabacher ။ ။ မြန်မာတပ်မတော်ထဲမှာ မျိုးချစ်ပုဂ္ဂိုလ်တွေ ရှိပါတယ်။ သူတို့က မြန်မာနိုင်ငံကို တရုတ်က လွမ်းမိုးသွားမှာကို လုံးဝမလိုလားပါဘူး။ တရုတ်တို့အနေနဲ့ မြန်မာစစ်အစိုးရကို ကူညီပံ့ပိုးပေးထားနိုင်ပေမယ့် တိုင်းပြည်ကို၊ ပြည်သူလူထုကို တရုတ်က ချုပ်ကိုင်လာမယ့် ကိစ္စကိုတော့ လက်ခံကြမှာ မဟုတ်ပါဘူး။ ဒီအချက်ဟာ တနေ့တခြား ပေါ်လွှင်ထင်ရှားလာပါတယ်။ တပ်မတော်ထဲက အဲဒီ အစိတ်အပိုင်းကို လက်ကမ်းကြိုဆိုရပါလိမ့်မယ်။ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေလည်း စစ်တပ်ကို စည်းရုံးကြရပါလိမ့်မယ်။ ဒီအချိန်ဟာ လက်တွဲကြရမယ့် အချိန်လို့ ပြောကြားရပါလိမ့်မယ်။ တပ်မတော်ထဲက အဲဒီ အစိတ်ပိုင်းက အမျိုးသားရင်ကြားစေ့ရေးကို လုပ်နိုင်မယ်။ ပြည်သူ့ဝန်ထမ်းတပ်မတော် ဖြစ်စေချင်တယ်။ တရုတ်အကျိုးစီးပွားနဲ့ ခြစားယိုးယွင်တဲ့ အစိုးရရဲ့  သက်တော်စောင့်တွေ မဖြစ်ချင်ကြဘူးလို့ ကျနော်ယုံကြည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဒီလိုအခြေအနေမျိုးမှာ အမေရိကန်သမ္မတ အိုဘားမား အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းဆီက မြန်မာ့ဒီမိုကရေစီအရေးအတွက် တစုံတရာ ကူညီပေးမယ့် အလားအလာရှိပါသလား။

Mr. Rohrabacher ။ ။ တကယ်လို့ မြန်မာလူထုက လုပ်လာရင် တပ်မတော်ထဲက မျိုးချစ်တွေ၊ တိုင်းရင်းသားလူမျိုးစုတွေ၊ ဗမာလူမျိုးတွေ အားလုံး ဒီမိုကရေစီ လှုပ်ရှားမှုမှာ စုပေါင်းပါဝင်လာကြရင် စုပေါင်းလှုပ်ရှားလာကြမယ်ဆိုရင် ကမ္ဘာ့ပြည်သူတွေ၊ လွတ်လပ်သော ကမ္ဘာ့ပြည်သူတွေက သူတို့ဖက်က စကားနဲ့သာမက လက်တွေ့အကျိုးရှိတဲ့နည်းနဲ့ ရပ်တည်ပေးကြမှာပါ။ သူတို့ လှုပ်ရှားမှုကို ချက်ချင်းထောက်ခံပြီး စစ်အာဏာရှင်အစိုးရအပေါ် တရားဝင်အသိအမှတ် ပြုထားတာတွေကို ရပ်ပြီး ဒီမိုကရေစီကြကြ ပြည်သူကိုယ်စားပြုသူတွေကို မဆိုင်မတွ အသိမှတ်ပြုကြမှာပါ။ ဒီတော့ မျိုးချစ်တပ်မတော်သားတွေ၊ ဗမာဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသားအုပ်စုတွေ မဟာမိတ်တရပ် ဖွဲ့စည်းနိုင်ရင် အနောက်ကမ္ဘာခြမ်းက ပြည်သူတွေ၊ အနောက်ဒီမိုကရေစီပြည်သူတွေရဲ့  ထောက်ခံမှုကိုရမှာ မလွယ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးအတွက် အမေရိကန်အစိုးရအနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို စတေးပါ့မလား။

Mr. Rohrabacher ။ ။ မြန်မာနိုင်ငံ တစုံတရာပြောင်းလဲဖို့ ကိစ္စမှန်သမျှကို တရုတ်နိုင်ငံတော့ ဆန့်ကျင်သွားမယ်ဆိုတာ ထင်ရှားပါတယ်။ တရုတ်က မြန်မာအစိုးရကို အခြေခံကအစ ချုပ်ကိုင်ထားပြီး မြန်မာနိုင်ငံရဲ့  သဘာဝ သံယဇာတတွေကိုလည်း ရိတ်သိမ်းယူငင်နေတာပါ။ ပြီးတော့ မြန်မာနိုင်ငံကို သူတို့ရဲ့  တဆင့်ခံ နိုင်ငံလို သဘောထားနေတာပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်မယ့်ကိစ္စကို တရုတ်က လိုလားမှာမဟုတ်ပါဘူးဆိုတာ သေချာပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေ အထူးသဖြင့် တပ်မတော်ထဲက မျိုးချစ်တွေက ဒါကို ကြောက်စရာ မလိုပါဘူး။ တရုတ်ကို ကြောက်စရာ မလိုပါဘူး။ အားလုံး သတိယသင့်တဲ့ကိစ္စတခုကို ပြောချင်ပါတယ်။ ကျနော်တို့ အမေရိကန်ပြည်ထောင်စုဟာ တချိန်က ကမ္ဘာပေါ်မှာ အင်အားအကြီးမားဆုံးဖြစ်တဲ့ ဗြိတိသျှအင်ပါယာကို တော်လှန်တိုက်ခိုက်ပြီး လွတ်လပ်ရေး ရယူခဲ့တာပါ။ အဲဒီတုန်းက အမေရိကန်တွေ တိုက်ခိုက်ခဲ့တဲ့ပွဲဟာ အခုမြန်မာတွေ တရုတ်နဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေထက် အဆပေါင်းများစွာ ခက်ခဲကြမ်းတမ်းပါတယ်။ ပြီးတော့ မြန်မာတွေက ကျနော်တို့ လွတ်လပ်ရေးတိုက်စဉ်ကထက် အများကြီး ပိုစည်းလုံးညီညွှတ်ကြပါတယ်။ ဒါကြောင့် မြန်မာတွေ ယုံကြည်မှုအပြည့်အဝ ရှိသင့်ပါတယ်။ တခြားသော ဒီမိုကရေစီလူထုက သူတို့ကို ထောက်ခံအားပေးနေပါတယ်။ သူတို့မှာ အခွင့်အလမ်း အထူးကောင်းနေပါတယ်။ ဒီမိုကရေစီအင်အားစုနဲ့ စစ်တပ်ထဲက မျိုးချစ်တွေ ပေါင်းစည်းမိတာနဲ့ တပြိုင်တည်း ကျနော်တို့ဟာ မြန်မာနိုင်ငံကို တရုတ်သြဇာ စက်ကွင်းကနေ လွတ်ပြီး သာယာဝပြောတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် မျက်တောင်တခတ်အတွင်း လုပ်နိုင်ကြမှာပါ။

ဦးကျော်ဇံသာ ။ ။ စစ်တပ်က လူထုနဲ့ပေါင်းပြီး စစ်အစိုးရကို ဖြုတ်ချဖို့ဆိုတော့ ဒါဟာ ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ သဘောမျိုးလဲ။ စစ်တပ်ကလူတွေ လက်နက်ကိုင် ထကြွကြဖို့ ပြောတာလား။ ဒီလိုဆိုရင်တော့ အမျိုးသားဒီမိုကရေစီမူနဲ့ ကိုက်ညီမှုမရှိဘူးလို့ ထင်ပါတယ်။ သူတို့က အကြမ်းမဖက်တဲ့နည်း၊ အနုနည်းနဲ့ အာဏာဖိဆန်ရေးနည်းကိုသာ ရွေးချယ်ထားတာ ဖြစ်ပါတယ်။

Mr. Rohrabacher ။ ။ အခု မြန်မာနိုင်ငံမှာ တရုတ်သြဇာ ခံချင်နေတဲ့ အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ ငြိမ်းချမ်းသောနည်းလမ်းဆိုတာ မရှိနိုင်ပါဘူး။ ဒါပေမဲ့ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်ဖို့အတွက် သွေးထွက်သံယိုးမှုတွေ အများအပြားရှိရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ လူထုက ထွက်လာပြီး သူတို့နည်းသူတို့လမ်းနဲ့ ဆောင်ရွက်ဖို့ လိုတာပါ။ အာဏာဖိဆန်ရေးလိုမျိုး ဆောင်ရွက်နိုင်ပါတယ်။ ကျနော်တွက်တာကတော့ ဒီလိုပြည်သူတွေရဲ့  လှုပ်ရှားမှုကို တပ်မတော်ထဲက မျိုးချစ်တွေ ပါဝင်ပူးပေါင်းလိုက်တာ တပြိုင်တည်း ဆုံးရှုံးနစ်နာမှု မရှိသလောက်နဲ့ ချက်ချင်း ဒီမိုကရေစီအသွင်ပြောင်းသွားမယ်လို့ ထင်ပါတယ်။ အဲဒါနဲ့ တဆက်တည်း ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းခဲ့တဲ့ တပ်မတော်သားတွေလည်း ချက်ချင်း သူရဲကောင်းတွေ ဖြစ်သွားပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားတွေရဲ့  ဒီမိုကရေစီအင်အားစုနဲ့ ပူးပေါင်းလိုက်တဲ့ တပ်မတော်ထဲက အကြီးအကဲတယောက် ဗိုလ်ချုပ်တယောက်ကလည်း မြန်မာနိုင်ငံရဲ့  ဂျော့ခ်ျ ဝါရှင်တန် (George Washington) ဖြစ်သွားပါလိမ့်မယ်။ သူတို့ရဲ့  အတိတ်လုပ်ရပ်တွေကိုလည်း ဘယ်သူကမှ ကြည့်တော့မှာ မဟုတ်ဘဲ ဝမ်းပမ်းတသာ ကြိုဆိုကြမှာပါ။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုမှာ အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်အတိုင်းအတာအထိ ပါဝင်ပံ့ပိုးနိုင်သလဲဆိုတဲ မေးခွန်းကို မြန်မာနိုင်ငံ အမေရိကန်သံအဖွဲ့ အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့ဘူးတယ့် Ms. Priscilla Clapp က အောက်ပါအတိုင်း ဖြေကြားခဲ့ပါတယ်။

Ms. Priscilla ။ ။ ကျမတို့ သိပ်ပြီးဘာမှ မလုပ်နိုင်ကြပါဘူး။ ကျမတို့က မြန်မာနိုင်ငံကို ဝင်ပြီးတော့ အပြောင်းအလဲဖြစ်အောင် လုပ်ပေးနိုင်တာ မဟုတ်ပါဘူး။ ဒါက မြန်မာပြည်သူတွေ လုပ်ရမယ့်ကိစ္စ ဘယ်လိုပုံစံမျိုး ပြောင်းလဲချင်တယ်ဆိုတာကို သူတို့ ဆုံးဖြတ်ကြရမှာပါ။ လူတိုင်းက အပြင်ကို မျှော်လင့်ပြီး ဘာလုပ်ပေးမလည်း စောင့်ကြည့်နေကြပါတယ်။ ဒါတော့ ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါလက်တွေ့မကျပါဘူး။ မြန်မာတွေအတွက် မဖြစ်နိုင်တဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။ အမေရိကန်အတွက်လည်း ဒါမျိုးလုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီတော့ အမေရိကန်တို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အပြောသက်သက်ဆိုနေတာပေါ့။ ဖိအားပိုပေးမယ်၊ ဘာညာဆိုတာတွေက ဘယ်လိုလဲ။

Ms. Priscilla ။ ။ ရှင်က ဘာများမျှော်လင့်နေသလဲ။ ဘယ်လိုပြောင်းလဲလာအောင် လုပ်နိုင်မယ်လို့ ရှင်က ထင်နေလို့လဲ။ အမေရိကန်က ဘာများလုပ်ပေးနိုင်မလည်းလို့ ထင်သလဲ။ တရုတ်လို နိုင်ငံက ခါတိုင်းလို ဘာမှထိထိရောက်ရောက် ပြောတာမဟုတ်ဘူး။ အခုတောင် တရုတ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ပြောဆိုလာပြီ။ ဒါတောင် ဘာမှမဖြစ်တာဘဲ။

ဦးကျော်ဇံသာ ။ ။ တရုတ်ကတောင် နည်းနည်းပြောလာပြီဆိုတော့ အဲဒီလိုပဲ နိုင်ငံတကာအသိုင်းအဝိုင်းတခုလုံးက တသံတည်း တညီတညွှတ်တည်း ပြောဆိုလာရင် တစုံတရာ ပြောင်းလဲလာနိုင်စရာ အကြောင်းမရှိတော့ဘူးလား။

Ms. Priscilla ။ ။ နေစမ်းပါအုံး။ ရှင်က ဒီမေးခွန်းကို ဘာကြောင့် မေးနေရတာလဲ။ စစ်အစိုးရ နိုင်ငံတကာ သဘောထားကို ဘယ်တုန်းကများ လိုက်လျောတုံ့ပြန်ခဲ့ဘူးလို့လဲ။ ရှင်ပြောစမ်းပါအုန်း။ အခု သူတို့ လိုက်နာမယ်လို့ ကျမက ဘာကြောင့် ပြောရမှာလဲ။ ကျမ ဘယ်လိုမှ မပြောနိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီလိုဆိုရင် အန်အယ်လ်ဒီက ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် ဘာဘဲလုပ်လုပ် နိုင်ငံတကာက ဘာဘဲပြောပြော မြန်မာနိုင်ငံ မပြောင်းမလဲဘဲ ဒီအတိုင်း မပြောင်းမလဲ ဆက်လျှက်ရှိနေတော့မယ့် သဘောလား။

Priscilla Clapp ။ ။ ဒီလိုပဲ ထင်တယ်။ ရှင်က ကျမကို ဘာပြောစေချင်လို့ ဒီလိုမေးနေသလဲဆိုတာ ကျမနားမလည်းနိုင်ဘူး။ အန်အယ်လ်ဒီရဲ့  ဆုံးဖြတ်ချက်ကြောင့် အားလုံးပြောင်းလဲသွားရမယ်လို့ ထင်နေသလား။ အန်အယ်လ်ဒီက သူ့မူနဲ့အညီ ဆုံးဖြတ်တာ။ ဒါကို ကျမပြောစရာ မရှိဘူး။ အခု ရှင်ကမေးနေတယ် ဒီဆုံးဖြတ်ချက်ကြောင့် အကြီးအကျယ် ရိုက်ခတ်မှုတွေ ရှိလာလိမ့်မယ်ဆိုတာကို ကျမက မပြောပြောအောင် ရှင်ကမေးနေတယ်။ အဲဒီလို မဖြစ်လာနိုင်ဘူး။ စစ်အစိုးရက သူတို့ရဲ့  အမှားအယွင်းကို ဆက်လက်ကိုင်စွဲနေမှာ။
 
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ မပြောင်းလဲတဲ့အရာဆိုတာ ဘယ်ရှိမှာလည်း။ ဘယ်တော့ပြောင်းလဲနိုင်မယ်ဆိုတာ ကြည့်ပြီးလုပ်သင့်တာ မလုပ်သင့်တော့ဘူးလား။

Ms. Priscilla ။ ။ ဒီလိုပြောင်းလဲအောင် ကျမတို့ အပြင်ကနေ မလုပ်နိုင်ဘူးလေ။ ဘာမှ မလုပ်နိုင်ဘူး။ တိုင်းပြည်ထဲကနေ လုပ်ရမှာ။ ကျမပြောနေတာ လူတိုင်းက အပြင်ကနေပြီး မြန်မာပြည်မှာ အပြောင်းအလဲဖြစ်ရမယ်လို့ အော်နေကြတယ်။ ဒါက အရူးထနေကြတာ။ ဘယ်လိုမှ ဖြစ်လာမှာ မဟုတ်ဘူး။ ပြည်တွင်းက လုပ်ရမှာ ပြီးတော့ ဒီရွေးကောက်ပွဲတွေဟာ ရှည်လျားတဲ့ ပြောင်းလဲမှုဖြစ်စဉ်ရဲ့  အစဖြစ်လာလိမ့်မယ်။ စစ်တပ်ခေါင်းဆောင်မှုမှာလည်း မျိုးဆက်သစ်တွေ တက်လာပါလိမ့်မယ်။ ဒီလိုနဲ့ တဖြည်းဖြည်း ပြောင်းလဲစရာတွေ တွေ့လာပါလိမ့်မယ်။ ဒီမိုကရေစီ အမြစ်တွယ်စရာတွေ ရှိလာပါလိမ့်မယ်။ ဒါပေမဲ့ ဒါတွေဟာ ဒီရွေးကောက်ပွဲမှာတော့ ဖြစ်မလာနိုင်သေးပါဘူး။

ဦးကျော်ဇံသာ ။ ။ အဲဒီလို ဖြစ်လာအောင် လူတွေအားလုံး ထိုင်ကြည့်နေရုံပဲပေါ့။ အဲဒီလို တဖြည်းဖြည်း ပြောင်းလဲလာအောင် ထိုင်ကြည့်နေရမယ်ပေါ့။

Ms. Priscilla ။ ။ ပြည်တွင်းက လူတွေလုပ်ရမယ်လေ။ ပြည်တွင်းကလူတွေက စစ်အစိုးရလုပ်တာကို ခေါင်းငုံခံနေစရာ မလိုဘူး။ သူတို့ဆန္ဒအတိုင်း လုပ်ကြရလိမ့်မယ်။ သူတို့လုပ်နိုင်ပါတယ်။ ကျမယုံကြည်တယ်။ ဒီအချိန်မှာ အန်အယ်လ်ဒီ အနေနဲ့လည်း ဘယ်လိုပုံစံနဲ့ ရှိနေရှိနေ ဒါဟာလူထုအတွက် အထောက်အပံ့ဖြစ်စေပါလိမ့်မယ်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.