Transparency Myanmar

transparency.myanmar@gmail.com

      ယခုအခါ ရွေးကောက်ပွဲ ဥပဒေအရ တရားဝင် ပယ်ဖျက် ခံလိုက်ရပြီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပါတီဝင် လေးဦးက နိုင်ငံရေး ပါတီသစ် တစ်ခု တည်ထောင်ကာ ယခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် မှတ်ပုံတင်မည် ဖြစ်ကြောင်း NLD မှ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

      NLD ဗဟို အလုပ် အမှုဆောင် ကော်မတီဝင်နှင့် ပြောရေးဆိုခွင့် ရှိသူ ဦးခင်မောင်ဆွေက ၎င်းသည် NLD ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် အချိန် ကာလ ကြာမြင့်စွာ ပြောဆိုခဲ့သူ စီနီယာများနှင့် ပူးပေါင်းကာ နိုင်ငံရေးပါတီသစ် တစ်ခု ထူထောင်မည် ဖြစ်ကြောင်း ပြောကြားသည်။

      အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မှု မပြုဘဲ သပိတ် မှောက်သည်ဟု ဆုံးဖြတ်ခဲ့သောကြောင့် နှစ်ပေါင်း ၂၀ ကျော် ကြိုးပမ်း လုပ်ကိုင်ခဲ့သော နိုင်ငံရေး လှုပ်ရှားမှုများသည် မေလ ၇ ရက်နေ့တွင် တရားဝင် ရပ်ဆိုင်းသွားပြီ ဖြစ်သည်။ စစ်အစိုးရက ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေများ တရားမျှတမှု မရှိသောကြောင့် ယင်းသို့ သပိတ် မှောက်ခြင်း ဖြစ်သည်ဟု NLD က ထုတ်ဖော်ခဲ့သည်။

      NLD ၏ ပြောရေးဆိုခွင့် ရှိသူအဖြစ် ကာလ ကြာရှည်စွာ လုပ်ကိုင်ခဲ့သူ ဦးဉာဏ်ဝင်းက ယခု ပါတီသစ် ထူထောင်ရန် ကြိုးပမ်းနေသော အဖွဲ့ဝင်ဟောင်းများအား ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မှု မပြုရန် တိုက်တွန်းသည်။

      "သူတို့အနေနဲ့ NLD မှာ တညီတညွတ်တည်း ချမှတ်ထားတဲ့၊ ရွေးကောက်ပွဲ သပိတ်မှောက်ရေး ဆုံးဖြတ်ချက်ကို လိုက်နာသင့်ပါတယ်။ သူတို့ NLD ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာတယ်၊ မလိုက်နာဘူး ဆိုတာ သူတို့ရဲ့ ရွေးချယ်မှုပါ၊ ဒါပေမဲ့ ကျွန်တော်ကတော့ သူတို့ကို ကာကွယ် ဟန့်တားမှာ မဟုတ်ပါဘူး" ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

      NLD အဖွဲ့ဝင်ဟောင်းများက အသစ် ထူထောင်မည့် ပါတီ၏ နာမည်ကို အမျိုးသား ဒီမိုကရက်တစ် အင်အားစု (National Democratic Force) ဟု ယာယီ အမည်ပေးထားပြီး NLD ၏ နိုင်ငံရေးအတိုင်း ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ မြန်မာ ပြည်သူလူထု အတွက် လုပ်ဆောင်ပေးစရာ ရှိသည့် တာဝန်များ၊ ကတိစကားများကို ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ဦးခင်မောင်ဆွေက ပြောကြားသည်။

      အခြားသော ပါတီဝင်များမှာ ယခင် NLD ၏ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင်များ ဖြစ်ခဲ့ကြသော ဒေါက်တာ သန်းငြိမ်း၊ ဦးသိန်းညွန့်နှင့် ဦးစိန်လှဦးတို့ ဖြစ်သည်။ ယခုကဲ့သို့ ပါတီသစ် ထူထောင်လိုက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) NLD ကို တိုက်ခိုက်လိုသည့် ဆန္ဒကြောင့် မဟုတ်ပါကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

      "အခု ပါတီ ထူထောင်မယ့်သူတွေ အားလုံးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အခု အချိန်အထိ ခေါင်းဆောင်တစ်ဦးပါပဲ။ နောက်လည်း ခေါင်းဆောင် ဖြစ်နေအုံးမှာ ပါ" ဟု ၎င်းက ဆိုသည်။

      NDF ပါတီသည် ရွေးကောက်ပွဲ လွန်ကာလ ပါလီမန်တွင် အငြင်းပွားဖွယ် ဖြစ်နေသော ဥပဒေ အချို့ကို ပြုပြင် ပြောင်းလဲသွားမည်ဟု မျှော်မှန်းထားသည်။

      "ပါလီမန်မှာ ခိုင်မာတဲ့ ဒီမိုကရေစီ အင်အားစုတွေ ရှိမယ်ဆိုရင် လူနည်းစုကိုပဲ အကျိုး ဖြစ်ထွန်းစေပြီး ပြည်သူလူထုကို ဖိနှိပ်သလို ဖြစ်နေတဲ့ ဥပဒေတချို့ကို ကျွန်တော်တို့ ပြင်ဆင် ရေးဆွဲသွားနိုင်မှာပါ" ဟု ဦးခင်မောင်ဆွေက ပြောသည်။

      "ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သဘောအရ ပါလီမန် အဖွဲ့ဝင် ၇၅ ရာခိုင်နှုန်းက သဘော တူညီပါမှ ဥပဒေကို ပြင်ဆင် ရေးဆွဲနိုင်မှာပါ။ ဒါပေမဲ့ အခြေခံ ဥပဒေ ပြင်ဆင် ရေးဆွဲဖို့ အတွက် ၂၀ ရာခိုင်နှုန်းက ကနဦး ဆင့်ခေါ်ပြီ ဆိုရင် ပါလီမန်က စတင် လက်ခံ စဉ်းစားပေးရမှာပါ။ အဲဒီတော့ ကျွန်တော်တို့ အနေနဲ့ ဘာမှမလုပ်ဘဲ ထိုင်နေမယ့်အစား ဒီအခွင့်အရေးကို လက်လွတ် မခံသင့်ပါဘူး" ဟု ၎င်းက ဆိုသည်။

      ယခုအခါ ၁၉၈၈ ခုနှစ် လူထု အရေးတော်ပုံ နှင့်အတူ ထွက်ပေါ်လာသော သက်တမ်း ၂၂ နှစ်ကြာ NLD ပါတီ၏ ရှေ့ရေး ကံကြမ္မာ မည်သို့ ဖြစ်လာမည် ဟူသော အချက်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ ဥပဒေကြောင်းအရ NLD သည် တရားဝင် အဖွဲ့အစည်း အဖြစ်မှ ပျက်ပြယ်သွားပြီ ဖြစ်သည်။ သို့သော် အဖွဲ့ဝင်များက NLD သည် လူမှုရေး အသင်းအဖွဲ့အဖြစ် ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်သည်ဟု ပြောသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Korea Times, 6th May 2010

ကောလဟာလများနှင့် သတင်းမှားများ လအတန်ကြာ ထွက်ပေါ်ခဲ့ပြီး နောက်ဆုံးတွင်မူ ကင်ဂျုံအီသည် တရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီ ဖြစ်သည်။ ယခုတခေါက် ၎င်း၏ ခရီးစဉ်သည် 'ဆိုးလ်' ကို သိသိသာသာ အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ချိုနန် သင်္ဘောနစ်မြှုပ်မှုတွင် မြောက်ကိုရီးယား ပါဝင် ပတ်သက်သည်ဟု သံသယများ ကြီးထွားလာပြီး၊ တရုတ်နိုင်ငံသည် ပြုံယမ်း၏ မူဝါဒကို ထောက်ခံသည့် လက္ခဏာ အဖြစ် မြောက်ကိုရီးယား ခေါင်းဆောင်ကို လိုလိုလားလား ဖိတ်ခေါ်ခဲ့သည်ဟု တောင်ကိုရီးယား နိုင်ငံရေးသမား အချို့က ရှုမြင်ကြသည်။ ဤကိစ္စကြောင့် အပြစ်တင်သော ကြေညာချက်များ ထွက်ပေါ်လာခဲ့သော်လည်း တရုတ်နိုင်ငံ၏ ဆောင်ရွက်ချက်များ အပေါ် သက်ရောက်နိုင်မည် မဟုတ်သည်မှာ သေချာသလောက်ပင် ဖြစ်သည်။

အစမှ ပြန်၍ ပြောရမည်ဆိုလျှင် တရုတ်နိုင်ငံသည် "ထာဝရ အဓွန့်ရှည်မည့် ချစ်ကြည် ရင်းနှီးမှု" ဟု စကားကြီး စကားကျယ် အသုံးအနှုန်းများကို ပြောဆိုနေသော်လည်း အမှန်တကယ်တွင် ကင်ဂျုံအီကို လုံးဝ ကြည်ညို လေးစားမှု မရှိသလို မြောက်ကိုရီးယား၏ ကိုးယို့ကားယား အပြုအမူများ အပေါ် မကြာခဏ စိတ်အနှောင့်အယှက် ဖြစ်ခဲ့သည်။ တရားဝင် နျူကလီးယား ပါဝါနိုင်ငံ အဖြစ် ရပ်တည်နေသော တရုတ်၏ မူပိုင်အခွင့်ထူးကို မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်မှုများဖြင့် ခြိမ်းခြောက်သည်မှစ၍ ပြုံယမ်း၏ နျူကလီးယား လမ်းစဉ်ကို တရုတ်က လိုလားခြင်း မရှိတော့ပါ။

မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်ကြောင့် အရှေ့အာရှတွင် နျူကလီးယား လက်နက် ပြိုင်ပွဲ ပေါ်ပေါက်ကာ နျူကလီးယား ဂျပန်နှင့် နျူကလီးယား ထိုင်ဝမ်တို့ ပေါ်ပေါက်လာမည်ကိုလည်း တရုတ်က စိုးရိမ်နေသည်။ ထို့အပြင် မြောက်ကိုရီးယား၏ စီးပွားရေး စနစ်သည် မှန်ကန် ဆီလျော်မှု မရှိပဲ အလေအလွင့် များသည်ဟု တရုတ်က မှန်ကန်စွာ ရှုမြင်ထားသည်။

မည်သို့ ဆိုစေကာမူ ယခုအချိန်အထိ တရုတ်က မြောက်ကိုရီးယားကို ထောက်ခံ အားပေးလျက် ရှိသည်။ လွန်ခဲ့သည့်နှစ် အနည်းငယ် အတွင်း တောင်ကိုရီးယားနှင့် အမေရိကန် အကူအညီများ ခြောက်ခမ်းသွားချိန်တွင် တရုတ်နိုင်ငံမှ အခမဲ့ ကူညီသော ကောက်ပဲသီးနှံ တင်ပို့မှုများကြောင့် မြောက်ကိုရီးယားမှ သဘာဝ ကပ်ဘေး ဆိုးကျိုးများကို တားဆီးနိုင်ခဲ့သည်။ တရုတ်နိုင်ငံသည် မြောက်ကိုရီးယားတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသလို အဓိက ကုန်သွယ်ဖက်လည်း ဖြစ်သည်။ တရုတ်နိုင်ငံသည် ၎င်းတို့ အမှန်တကယ် မနှစ်သက်သော၊ စိတ်ချရသော မဟာမိတ် အဖြစ် မယူဆသော ပြုံယမ်း အစိုးရ အပေါ် ထောက်ခံ အားပေးသည့် အနေဖြင့် ဆက်လက် ရင်းနှီးမြှုပ်နှံနေခြင်းမှာ အဘယ်ကြောင့်နည်းဟု မေးစရာ ရှိလာသည်။

မြောက်ကိုရီးယားကို ထောက်ခံနေမှုအား ရပ်ဆိုင်းရန် တရုတ်နိုင်ငံကို စည်းရုံးနိုင်လိမ့်မည် (သို့မဟုတ်) ပြုံယမ်း၏ မူဝါဒကို လွှမ်းမိုး ထိန်းချုပ်ရန် (နျူကလီးယား လက်နက် ဖျက်သိမ်းရေး ဖိအားပေးရန်) တရုတ်၏ စွမ်းရည်ကို အသုံးပြုနိုင်လိမ့်မည် စသဖြင့် ဝါရှင်တန်နှင့် ဆိုးလ်မှ ပုဂ္ဂိုလ် အချို့က ၎င်းတို့၏ မျှော်လင့်ချက်ကို မကြာခဏ ထုတ်ဖော် ပြောကြားနေသည်။ ၂၀၀၉ ခုနှစ်တွင် မြောက်ကိုရီးယားက ဒုတိယအကြိမ် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ပြီး နောက်ပိုင်း တရုတ်နိုင်ငံက ကုလသမဂ္ဂ၏ အရေးယူ ပိတ်ဆို့မှုများကို ထောက်ခံရန် ရွေးချယ်ခဲ့ပြီး တရုတ်နိုင်ငံသည် နောက်ဆုံး၌ အမေရိကန် ပြည်ထောင်စုနှင့် 'တစ်လှေတည်းစီး' ဖြစ်ကြောင်း ကြေညာချက်များ ထွက်ပေါ်ခဲ့သည်။ ဤသည်မှာ လိုလားထိုက်သည့် ဆန္ဒတစ်ခု ဖြစ်သော်ငြားလည်း တရုတ်သည် တစ်လှေတည်းစီးသူ မဟုတ်သလို နောင်တစ်ချိန်တွင်လည်း ဖြစ်လာမည် မဟုတ်ပါ။ တရုတ်သည် မြောက်ကိုရီးယားအား ထောက်ခံ အားပေးခြင်း အတွက် အကောင်းဆုံး အကြောင်းပြချက်များ ရှိနေပြီး ၎င်း အကြောင်းပြချက်များသည် အနာဂတ်ကာလအထိ ဆက်လက် တည်မြဲနေမည့် လက္ခဏာ ရှိနေသည်။

မှန်ပါသည်။ တရုတ်သည် ၎င်း၏ အိမ်နီးချင်းများထဲတွင် နျူကလီးယား လက်နက် ပိုင်ဆိုင်သော နိုင်ငံရှိလာမည်ကို မလိုလားပါ။ စစ်ရေးအရ ရန်စမှု တစုံတရာနှင့် ပတ်သက်၍လည်း ပျော်ရွှင်လိမ့်မည် မဟုတ်ပါ။ သို့ရာတွင် တရုတ်နိုင်ငံ အတွက် ယခုအချိန်အထိ ပိုမို အရေးကြီးသော စိုးရိမ် ပူပန်မှု ၂ ခုမှာ ဒေသတွင်း တည်ငြိမ်မှု ထိန်းသိမ်းရန်နှင့် ကိုရီးယား ၂ နိုင်ငံကို ဆက်ခွဲထားရန်ပင် ဖြစ်သည်။

တည်ငြိမ် အေးချမ်းရေးသည် တရုတ် မူဝါဒ အတွက် အဓိက ဆောင်ပုဒ် တစ်ခု ဖြစ်သည်။ စီးပွားရေး ဖွံ့ဖြိုးကြီးထွားမှုကို အာရုံစိုက်နေသော တရုတ်နိုင်ငံသည် ထိုပန်းတိုင်မှ လမ်းချော် မသွားစေရန် အတွက် တည်ငြိမ် အေးချမ်း၍ ကြိုတင် မှန်းဆနိုင်သော ပတ်ဝန်းကျင်ကို လိုအပ်နေသည်။ သို့ဖြစ်၍ တရုတ်နိုင်ငံ ပတ်ဝန်းကျင် အနီးအနားမှ ပြဿနာ မီးပွားသည် တရုတ် မဟာဗျူဟာ ချမှတ်သူများ အတွက် မုန်းတီးသော အရာတစ်ခု ဖြစ်နေသဖြင့် ဖြစ်သည့်နည်းဖြင့် ရှောင်ရှားသင့်ပေသည်။

အရေးသိပ်မကြီးသည့် နောက်ထပ် ရည်မှန်းချက်တစ်ခုမှာ ကိုရီးယား ၂ နိုင်ငံ ဆက်ခွဲထားရန် ဖြစ်သည်။ လက်ရှိ အင်အား ချိန်ခွင်လျှာကို သုံးသပ်ကြည့်မည် ဆိုပါက နှစ်နိုင်ငံ ပေါင်းစည်းရာတွင် ချမ်းသာသည့် တောင်ဘက်က ဆင်းရဲသည့် မြောက်ဘက်ကို စုတ်ယူ ဝါးမြိုသွားမည့် အလားအလာက များပါသည်။ တရုတ်နိုင်ငံ အတွက်မူ သန်မာ တောင့်တင်းသော အမေရိကန် မဟာမိတ် နိုင်ငံတစ်ခု ပေါ်ထွက်လာခြင်းဟု သတ်မှတ်ရမည် ဖြစ်ပြီး ဤသို့ မယူဆပါကလည်း အနည်းဆုံး ၎င်း၏ နယ်နမိတ် ညာဘက်တွင် ထိန်းရန် မလွယ်သော ဒီမိုကရေစီ နိုင်ငံတစ်ခု ပေါ်ထွက်လာသည်ဟု သတ်မှတ်ပေလိမ့်မည်။ ယခုကဲ့သို့ တဆစ်ချိုး ဖြစ်ရပ်များတွင် တရုတ်နိုင်ငံ ရှင်သန်နိုင်သော်လည်း ပို၍ သေချာစေရန် အတွက် မြောက်ကိုရီးယားကို မဟာဗျူဟာမြောက် ကြားခံဇုံ အဖြစ် ဆက်၍ ထားရန် ပိုမို နှစ်သက်လိမ့်မည်။

သို့ဖြစ်ရာ မြောက်ကိုရီးယား၏ အမူအကျင့်ကို အမှန်တကယ် ထိန်းချုပ် လွှမ်းမိုးရန် ရည်ရွယ်နေသော်လည်း တရုတ်နိုင်ငံ အတွက်မူ ခက်ခဲသော ကစားပွဲ တစ်ခု ဖြစ်နေသည်။ မြောက်ကိုရီးယား အစိုးရသည် တိုင်းပြည် စီးပွားရေး (သို့မဟုတ်) ယုတ်စွအဆုံး ၎င်းပြည်သူတို့၏ ရှင်သန်နိုင်ရေးကို များစွာ ဂရုမစိုက်သည့် အကျင့်ဆိုး ရှိနေသည် ဖြစ်၍ မသိမသာ သွယ်ဝိုက် အရေးယူမှုများသည် အလုပ်ဖြစ်မည် မဟုတ်ပါ။ အမှန်တကယ် သက်ရောက်မှု ရှိလိုပါက တရုတ်နိုင်ငံသည် မြောက်ကိုရီးယားနှင့် နယ်စပ်ကို လုံးဝ ဥသုံ ပိတ်ပစ်ကာ ကုန်သွယ်ရေး အားလုံးကို ရပ်ဆိုင်းရမည် ဖြစ်သည်။ ဝါရင့် တောင်ကိုရီးယား သံတမန် တစ်ဦးက ယခုပြဿနာကို ကိုယ်ပိုင် အယူအဆဖြင့် ဆွေးနွေးရာတွင် ဥပမာ ကောင်းကောင်းဖြင့် ဤသို့ တင်စားခဲ့သည်။ "မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ ကြုံလာတဲ့အခါမှာ တရုတ်ရဲ့ စွမ်းရည်တွေ ဘယ်ရောက်ကုန်မှန်း မသိပါဘူး။ တရုတ် လက်ထဲက တူဆိုတာ ဘယ်မလဲဗျာ"။

သို့ရာတွင် လက်ထဲမှ တူကို မထုပဲ ကိုင်ထားသည့် တရုတ် အနေဖြင့် အလွန်ကောင်းမွန်သော အကြောင်းပြချက် ရှိရမည်။ မှန်ပါသည်။ အလွန်ပြင်းထန်သော ဖိအားသည် စနစ်တစ်ခုကို အလွယ်တကူ ပြိုလဲသွားစေနိုင်သောကြောင့်ပင် ဖြစ်သည်။ ယင်းကဲ့သို့ ပြိုလဲမှုမျိုးသည် မျှော်လင့်မထားသော အနေအထားမျိုးကို ရုတ်တရက် ဖြစ်ပေါ်စေတတ်သည်။ ဒုက္ခသည် အစုအဝေးကြီး ပေါ်ပေါက်လာခြင်း၊ နျူကလီးယား လက်နက်နှင့် ပစ္စည်း ကရိယာများ မှောင်ခို ဈေးကွက်သို့ ရောက်ရှိသွားခြင်း၊ သံတမန် ဆိုင်ရာ ရှုပ်ထွေးမှု မြောက်မြားစွာ ဖြစ်ပွားခြင်း စသော ပြဿနာ ပေါင်းစုံကို တရုတ်နိုင်ငံက လိုလိုလားလား လက်ခံလိမ့်မည် မဟုတ်ပါ။ ပြုံယမ်း ပြိုလဲမှုကြောင့် နောက်ဆုံးတွင် ဖြစ်ပေါ်လာမည့် ကိုရီးယား ပေါင်းစည်းမှုသည် တရုတ်နိုင်ငံ အနှစ်သက်ဆုံး ရလဒ်တစ်ခု မဟုတ်ပါ။

သို့ဖြစ်၍ လက်ရှိ ရှေ့မတိုး နောက်မဆုတ် အနေအထားကို ဆက်ထိန်းထားရန် ရည်ရွယ်၍ ပြုံယမ်း အစိုးရ အသက်ရှုချောင်စေရေး အတွက် သံယံဇာတ အချို့ သုံးစွဲရန်နှင့် အဓိက ပြဿနာကြီးကို တားဆီးရန် (သို့) အနည်းဆုံး ဆိုင်းငံ့ထားရန် တရုတ်နိုင်ငံက လိုလားနေသည်။ ထို့အပြင် အလွန့်အလွန် အန္တရာယ်များသော လှုပ်ရှားမှုများတွင် ပါဝင် ပတ်သက်နေသည့် မြောက်ကိုရီးယား၏ စွန့်စားမှုကို လျော့ချစေလိုသော်လည်း ဤရည်မှန်းချက်မှာ ဒုတိယ ဦးစားပေးသာ ဖြစ်သည်။

ဖြစ်နိုင်ချေ အားလုံးထဲတွင် ယခုတစ်ကြိမ်၌ နောက်ထပ် ဂိမ်းအဟောင်းတစ်ခု ပြန်ပေါ်လာသည်ကို တွေ့ရလိမ့်မည်။ မြောက်ကိုရီးယား အနေဖြင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲ (ဘီဂျင်း၏ ကြိုးဆွဲ စီမံကိန်း) သို့ ပြန်လာသင့်ကြောင်းနှင့် မိမိကိုယ်မိမိ ထိန်းချုပ်သင့်ကြောင်းကို တရုတ်က အခိုင်အမာ ပြောကြားပါလိမ့်မည်။ အရေးမပါသော လိုက်လျောမှု အချို့အတွက် အကူအညီ မည်မျှ ပြန်လည် ရရှိသည်ကို တွက်ချက်ရင်း ကျေနပ်နေသော ကင်ဂျုံအီကလည်း ၎င်း၏ နိုင်ငံအပေါ် ၎င်း၏ အချုပ်အခြာ အာဏာပိုင်ခွင့်ကို စောဒက တက်လိမ့်မည်။ ချိုနန် စစ်သင်္ဘော ကိစ္စကိုလည်း အလုံးစုံ ဆွေးနွေးမည့် အလားအလာ မရှိပါ။ အကယ်၍ တရုတ်နိုင်ငံက မေးခွန်း ထုတ်ခဲ့သည့် တိုင်အောင် မြောက်ကိုရီးယားက တာဝန်ရှိမှုကို ငြင်းဆိုမည် ဖြစ်ပြီး စွပ်စွဲချက် အားလုံးသည် တောင်ကိုရီးယား စစ်လိုလားသူများ၏ အကွက်ဆင် အပုတ်ချမှုသာ ဖြစ်သည်ဟု စောဒက တက်လိမ့်မည်။

သို့ဖြစ်ရာ နောက်ဆုံး ရလဒ်သည် မည်သို့ ဖြစ်လာမည်နည်း။ မိမိတို့ မြင်တွေ့နိုင်သည့် အလားအလာ အများဆုံး ပုံစံမှာ ဘီဂျင်းက ပြုံယမ်းသို့ ကယ်ဆယ်ရေးနှင့် ကုန်သွယ်ရေး အကူအညီများ ဆုချသည့် အချိန်တွင် မြောက်ကိုရီးယားက ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာပါမည်ဟု ကတိပေးလိမ့်မည်။ ထိုအခါ တရုတ်ကလည်း ၎င်း၏ နိုင်ငံတကာ ဂုဏ်သိက္ခာနှင့် ဒေသတွင်း တည်ငြိမ်မှု ၂ခု စလုံးကို ထိန်းသိမ်းနိုင်သည့် အတွက် ခြောက်နိုင်ငံ ဆွေးနွေးပွဲကိုလည်း နောက်ဆုံးတွင် ပြန်လည် စတင်ကာ နောက်တစ်ကြိမ် ပြဿနာ မပေါ်မီအထိ ခဏတာမျှ ဆက်လက် ဆွေးနွေးကြလိမ့်မည်။ မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်ကို လုံးဝဥသုံ စစ်ဆေး ဖယ်ရှားရေး ဟူသော ၎င်းတို့၏ မျှော်မှန်းရလဒ်ကို ဆွေးနွေးပွဲများမှ ရရှိနိုင်ပါသလားဟု မေးခဲ့ပါက အမှန်တကယ်ပင် မရပါ ဟု ဆိုရမည်။ သို့ရာတွင် နှစ်ပေါင်းများစွာ မပြီးပြတ်နိုင်သည့် ရလဒ်ကို ရရှိသည်ဟု ဆိုနိုင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, news.yahoo.com, 7th May 2010

စစ်ဖက် အစိုးရက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား အတိုက်အခံ ပါတီဝင်များနှင့် တွေ့ဆုံခွင့်ပြုမည် ဆိုပါက အမေရိကန် ကိုယ်စားလှယ် Kurt Campbell မြန်မာနိုင်ငံသို့ လာရောက်လိမ့်မည်ဟု ဝါရင့် အမေရိကန် အစိုးရ အရာရှိ တစ်ဦးက သောကြာနေ့တွင် ပြောကြားလိုက်သည်။

"ကျွန်တော်တို့ရဲ့ ကြိုတင် ကမ်းလှမ်းမှုတွေကို မြန်မာ အစိုးရက သဘောမတူဘူးဆိုရင် မြန်မာနိုင်ငံကို သူသွားမှာ မဟုတ်ပါဘူး" ဟု အမည်မဖော်လိုသော နိုင်ငံခြားရေးဌာန အရာရှိက သတင်းထောက်များအား ပြောကြားသည်။

ကြိုတင် ကမ်းလှမ်းမှုတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့။ NLD ပါတီဝင်တွေ အပါအဝင် အခြား အတိုက်အခံ ခေါင်းဆောင်တွေ အားလုံးနဲ့ တွေ့ဆုံဖို့ ကိစ္စတွေပါပဲ။ ဒီအချက်တွေ ပါဝင်နိုင်အောင် ကျွန်တော်တို့ စေ့စပ် ညှိနှိုင်းနေဆဲပဲ ဖြစ်ပါတယ်ဟု အဆိုပါ အရာရှိက ပြောကြားသည်။

အရှေ့အာရှနှင့် ပစ္စဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် "၁၄ နှစ် အတွင်း အမေရိကန် အဆင့်မြင့် အရာရှိ တစ်ဦး၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်" အဖြစ် ပြီးခဲ့သော နိုဝင်ဘာလက ရန်ကုန်သို့ သွားရောက်ခဲ့ပြီး NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

သမ္မတ ဘားရက် အိုဘားမား အစိုးရသည် ဒီမိုကရေစီ ထွန်းကားရေးနှင့် လူ့အခွင့်အရေး တိုးတက်ရေးတို့ကို အားပေးမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် စစ်ဖက် အစိုးရနှင့် တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒကို ယခင်နှစ်က စတင် ကျင့်သုံးခဲ့သော်လည်း ထိုနောက်ပိုင်းတွင် မြန်မာ အစိုးရ၏ ရွေးကောက်ပွဲများ အပေါ် ကိုင်တွယ်ပုံကို အပြင်းအထန် ပြစ်တင် ဝေဖန်ခဲ့သည်။

တချိန်တည်းတွင် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Philip Crowley က "NLD ပါတီကို ရွေးကောက်ပွဲ မတိုင်မီ ဖျက်သိမ်းပြီး ပါတီသစ်တစ်ခု ဖွဲ့စည်းဖို့ ဖိအားပေးခဲ့ရတဲ့ အခြေအနေကို စစ်ဖက် အစိုးရက ဖန်တီးခဲ့ခြင်းဟာ အလွန် စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်"  ဟု ပြောကြားခဲ့သည်။

NLD ပါတီသည် ၎င်းတို့၏ ခေါင်းဆောင်ကို ပါတီမှ ထုတ်ပယ်ရန် ဖိအားပေးထားသည့် ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်ခြင်းကို ငြင်းဆန်ခဲ့ပြီး၊ အာဏာကို ရာစုနှစ် ထက်ဝက်ကျော် ချုပ်ကိုင်ထားသည့် စစ်အစိုးရ တရားဝင်စေရန် စီစဉ်လှည့်ဖြားမှု ဖြစ်သည်ဟု ဝေဖန်သူများက ပြောကြနေသော ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။

မြန်မာ ပြည်သူများ အတွက် ဆက်လက် အလုပ်လုပ်ရန် NLD က ဆုံးဖြတ်ခဲ့ခြင်းကို မိမိတို့ ထောက်ခံ အားပေးသည်ဟု Crowley က သောကြာနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့ပြီး "မြန်မာနိုင်ငံ" ကို ယခင်အတိုင်း "Burma" ဟု ခေါ်ဝေါ် သုံးစွဲခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, news.yahoo.com, 7th May 2010

စစ်ဖက် အစိုးရ၏ ဖျက်သိမ်းခြင်း ခံရသော အဓိက အတိုက်အခံ ပါတီ (NLD) နှင့် သဘောထား အယူအဆချင်း တူညီကြောင်း အမေရိကန် ဆီနိတ် လွှတ်တော်က သောကြာနေ့တွင် ထုတ်ဖော် ပြောကြားလိုက်ပြီး၊ ပိုမို တင်းကြပ်စွာ အရေးယူရေးကို စဉ်းစား သုံးသပ်ရန် အိုဘားမား အစိုးရကို တောင်းဆိုလိုက်သည်။

အထိန်းသိမ်းခံ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန်နှင့် NLD ပါတီအား တွေ့ဆုံ ဆွေးနွေးရန် မြန်မာ အစိုးရအား တိုက်တွန်းထားသော ဆုံးဖြတ်ချက်ကို ဆီနိတ် လွှတ်တော်က အတည်ပြုလိုက်သည်။

အကယ်၍  စစ်ဖက် အစိုးရသည် လူ့အခွင့်အရေး စနစ်တကျ ချိုးဖောက်မှုများကို ဆက်လက် ကျူးလွန်ပြီး မြန်မာ ပြည်သူတို့၏ ပြင်းပြသော ဒီမိုကရေစီ ရည်မှန်းချက်ကို ဖြည့်ဆည်းရန် ပျက်ကွက်နေပါက အရေးယူမှုများ ဆက်လက် ချမှတ်ရေးနှင့် ပိုမို တင်းကြပ်ရေးကို စဉ်းစား သုံးသပ်ရန် အစိုးရကို ဆီနိတ်က တိုက်တွန်းထားသည်။

NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အာဏာ မရခဲ့ပါ။ ယခု တစ်ကြိမ်တွင်လည်း အစိုးရ၏ လှည့်ဖြားမှုဟု အတိုက်အခံများက ယူဆကာ သပိတ်မှောက်ရန် စီစဉ်နေသော ရွေးကောက်ပွဲများ မတိုင်မီ NLD ပါတီကို အစိုးရက ဖျက်သိမ်းလိုက်သည်။

နိုင်ငံတွင်းရှိ အဓိက နိုင်ငံရေး အင်အားစုများကို အစိုးရက ဖယ်ရှားလျက် ရှိသဖြင့် လာမည့် ရွေးကောက်ပွဲများသည် "လူတိုင်းသိသည့် ပဟေဠိ" သာ ဖြစ်လိမ့်မည်ဟု ဆီးနိတ် ဆုံးဖြတ်ချက်ကို ဦးဆောင်ခဲ့သူ အထက်လွှတ်တော် အမှတ် Judd Gregg က ပြောကြားလိုက်သည်။

NLD ပါတီ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြုလုပ်နေသည့် အစိုးရ၏ သိမ်ဖျင်းသော လုပ်ဆောင်ချက်များ ကြားမှပင် NLD ပါတီသည် ဒီမိုကရေစီ တန်ဖိုးနှင့် မြန်မာနိုင်ငံ လွတ်မြောက်ရေး ကြွေးကြော်သံအဖြစ် အမြဲတမ်း ဂုဏ်ပြု ရည်ညွှန်းခံရမည် ဖြစ်သည်ဟု New Hampshire ပြည်နယ်မှ ရီပတ်ဘလီကန် အမတ် Gregg က ပြောကြားခဲ့သည်။

မြန်မာ အစိုးရကို အနောက်နိုင်ငံများက နှစ်ပေါင်းများစွာ ပစ်ပယ်ထားခြင်းသည် ရလဒ်ကောင်းများ ထွက်ပေါ်ခဲ့ခြင်း မရှိဟု ကောက်ချက်ချကာ အိုဘားမား အစိုးရသည် မြန်မာ အစိုးရနှင့် တွေ့ဆုံညှိနှိုင်းရေး မူဝါဒသစ်ကို မနှစ်က စတင် ကျင့်သုံးခဲ့သည်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က မြန်မာသို့ အချိန်တို ခရီးစဉ် သွားရောက်ရန် စဉ်းစားနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမည် ဆိုမှသာ သွားမည်ဟု သိရသည်။

အမေရိကန် အစိုးရသည် မြန်မာနိုင်ငံ အပေါ် အရေးယူမှုများကို ဆက်လက် ချမှတ်ထားသော်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ တိုးတက် ပြောင်းလဲမှုများ ရှိလာပါက အပြန်အလှန်အားဖြင့် ပိတ်ဆို့မှုများကို ဖြေလျော့ပေးရန် စီစဉ်ထားသည်။

ရီပတ်ဘလီကန် လွှတ်တော်အမတ် Mitch McConell ကလည်း ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံ အပေါ် လက်ရှိ အရေးယူမှုများကို အသစ် ထပ်မံချမှတ်မည့် အစီအစဉ် တစ်ခုကို မိတ်ဆက် တင်ပြခဲ့ပြီး ဤသို့ မလုပ်ပါက မြန်မာ အစိုးရနှင့် မထိုက်တန်သော တရားဝင် ရပ်တည်ခွင့်ကို ကမ်းလှမ်းသလို ဖြစ်သွားလိမ့်မည်ဟု ပြောကြားခဲ့သည်။

အဆိုပါ အစီအစဉ်တွင် မြန်မာမှ ကုန်စည် တင်သွင်းမှု ပိတ်ပင်ခြင်း၊ တပ်မတော် ခေါင်းဆောင်များ ပိုင်ဆိုင်သော အမေရိကန် ငွေကြေး ပစ္စည်းများကို ထိန်းချုပ်ခြင်း၊ မြန်မာ အစိုးရကို ကူညီနေသည့် နိုင်ငံစုံ ငွေချေး အဖွဲ့အစည်းများကို ကန့်ကွက်ခြင်းနှင့် အစိုးရ ခေါင်းဆောင်များ အမေရိကန်သို့ လာရောက်ခွင့် ပိတ်ပင်ခြင်း စသော အချက်များ ပါဝင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 7th May 2010

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် ၎င်း၏ နျူကလီးယား အစီအစဉ်များကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာများက ပြောသည်။ ကင်ဂျုံအီ၏ ဘီဂျင်းသို့ ခရီးစဉ် ပြီးဆုံးချိန်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

၎င်းသည် ဆွေးနွေးပွဲများ အတွက် အခြေအနေကောင်းများ ဖန်တီးနိုင်ရန် တရုတ်နှင့်အတူ အလုပ်လုပ်မည် ဖြစ်ကြောင်း ကင်ဂျုံအီက တရုတ်သမ္မတ ဟူကျင်တောင်သို့ ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံပိုင် Xinhua က သတင်း ပေးပို့ခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယားများ ဖျက်သိမ်းရေး အတွက် ကျင်းပသော ခြောက်နိုင်ငံ အစည်းအဝေးကို တရုတ်က ကြီးမှူး ကျင်းပပြီး ကိုရီးယား နှစ်နိုင်ငံ၊ အမေရိကန်၊ ဂျပန်နှင့် ရုရှားတို့ ပါဝင်သည်။

မြောက်ကိုရီးယားသည် ၂၀၀၉ ခုနှစ် ဧပြီလတွင် အစည်းအဝေးမှ ထွက်ခွာခဲ့ပြီး၊ ၎င်း၏ ဒုံးကျည် စမ်းသပ်မှုများကြောင့် ကုလသမဂ္ဂက အရေးယူမှုများ ပြုလုပ်ခဲ့သည်။

ကင်ဂျုံအီသည် တရုတ်နိုင်ငံသို့ တနင်္လာနေ့က ရောက်ရှိပြီး ယခုအခါ ပြုံယမ်းသို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်ကာ တရုတ် ထိပ်တန်း ခေါင်းဆောင် အားလုံးနှင့် တွေ့ဆုံခဲ့သည်။

"မြောက်ကိုရီးယားဟာ ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် ကျင်းပရေး အတွက် အခြေအနေကောင်းတွေ ဖန်တီးနိုင်ဖို့ အဆွေတော်နှင့်အတူ အလုပ်လုပ်ဖို့ စိတ်အား ထက်သန်လျက် ရှိပါတယ်" ဟု ကင်ဂျုံအီက သမ္မတ ဟူကျင်တောင်အား ပြောကြားခဲ့ခြင်းကို ကိုးကား၍ Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

BBC မှ Michael Bristow က ဘီဂျင်းတွင် ပြောကြားခဲ့ရာ၌ ကင်၏ အဆိုပါ မှတ်ချက်ကို အနီးကပ် လေ့လာပါက မြောက်ကိုရီးယား၏ နျူကလီးယား ရည်မှန်းချက်များ စွန့်လွှတ်ရန် နားချမည့် ရည်ရွယ်ချက်မှာ မလွယ်သေးကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

မြောက်ကိုရီးယား ခေါင်းဆောင်သည် ခြောက်နိုင်ငံ ဆွေးနွေးပွဲသို့ ပြန်လာရန် စိတ်ရောကိုယ်ပါ ကတိပြုခဲ့ခြင်း မရှိကြောင်း BBC သတင်းထောက်က မှတ်ချက်ပြုသည်။

တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကလည်း ကင်ဂျုံအီအား အခြား အစည်းအဝေး တစ်ခုတွင် "တရုတ်ဟာ အရင်လိုပဲ DPRK ရဲ့ စီးပွားရေး တိုးတက်မှုနဲ့ ပြည်သူတွေရဲ့ လူနေမှု ဘဝ တိုးတက်ရေးအတွက် ကူညီနေဦးမှာပါ" ဟု ပြောခဲ့သည်ဟု ဆိုသည်။

နှစ်ဘက်စလုံးမှ ပြောကြားရာတွင် ၎င်းတို့သည် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ပိုမို ခိုင်မာအောင် ပြုလုပ်ပြီး၊ ရင်းနှီးမြှုပ်နှံမှု ပရောဂျက် အသစ်များကိုလည်း ရှာဖွေသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံပိုင် TV မှ ကင်ဂျုံအီအား ပြသရာတွင် အသက် ၆၈ နှစ်ရှိ ခေါင်းဆောင်သည် အားနည်းပုံပေါက်ပြီး ပိန်နေသည်။

၎င်းသည် ၂၀၀၈ ခုနှစ်က နှလုံးရောဂါ ခံစားခဲ့ရသည်ဟု ယုံကြည်ရသည်။

၎င်း၏ ကျန်းမာရေးကို ကြည့်ပြီး ခန့်မှန်းမှုများသည် ၎င်းနေရာ ဆက်ခံမှု အတွက် မသေချာမှုများနှင့် ပြုံယမ်း၏ နျူကလီးယား စွမ်းဆောင်ရည် အပေါ် သက်ရောက်မှုများကို များစွာ တိုးပွားလာစေသည်။

မြောက်ကိုရီးယား ဗဟို သတင်းဌာနက ပြောကြားရာတွင် ကင်ဂျုံအီ၏ တရားဝင်မဟုတ်သော ခရီးစဉ်သည် သောကြာနေ့က ပြီးဆုံးခဲ့သည်ဟု ဆိုသည်။

DPRK ခေါင်းဆောင်မှာ တရုတ်ပြည် သွားလေရာ နေရာတိုင်းတွင် တရုတ် ပြည်သူများ၏ ရိုးသား၍ နွေးထွေးသော ကြိုဆိုမှုကို ရရှိသည်ဟု သတင်း ပေးပို့မှုများအရ သိရှိရသည်။ ကင်ဂျုံအီသည် ၎င်း၏ ခရီးစဉ် အတွက် စိတ်ကျေနပ်မှု ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်ဟု ဆိုသည်။

ယခု ၎င်း၏ တရုတ်ပြည် ခရီးစဉ်သည် ၁၉၉၄ ခုနှစ်တွင် ၎င်း၏ ဖခင်ထံမှ အာဏာ ဆက်ခံပြီးနောက် ပဉ္စမအကြိမ် ဖြစ်ပြီး၊ ယခု ခရီးစဉ် မတိုင်မီက ၂၀၀၆ ခုနှစ်က နောက်ဆုံး သွားရောက်ခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(www.thejakartaglobe.com မှ 7th May 2010 ရက်စွဲပါ Roger Huang ၏ Burma's Imperfect Polls Offer the Best Hope for Change ကို တိုက်ရိုက်ဘာသာ ပြန်သည်။)

မြန်မာနိုင်ငံတွင် အနှစ်နှစ်ဆယ် အတွင်း ပထမဆုံး အကြိမ် ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ရာ ယခုနှစ်သည် အရေးကြီးသော အချိန်ကို ရောက်နေပြီ ဖြစ်သည်။

မြန်မာနိုင်ငံသည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အုပ်ချုပ်သူ စစ်အစိုးရတို့ကြောင့် လူသိများခဲ့ပြီး ယခု မကြာသေးမီက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေးသမားများကို လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မရအောင် တားဆီးထားခြင်းမှာ အံ့သြစရာတော့ မကောင်းလှပေ။

ဒီမိုကရေစီ အင်အားစုများကရော နိုင်ငံခြား အစိုးရများကပါ ရွေးကောက်ပွဲ ဥပဒေကို အကြီးအကျယ် ဝေဖန်ခဲ့သော်လည်း ထိရောက်မှု မရှိလှပေ။ သေချာသော အချက်တစ်ခုမှာ ပါတီစုံ ရွေးကောက်ပွဲသည် အစိုးရ မလိုလားသော ပါတီများ ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ ကျင်းပတော့မည် ဖြစ်သည်။ ထိုကိစ္စသည် အတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီနှင့် အခြားနိုင်ငံရေးအရ ပါဝင် ပတ်သက်နေသူများ အတွက် ကြီးမားသော စိန်ခေါ်မှုပင် ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲအား ဒီမိုကရေစီ လုပ်ငန်းစဉ်များနှင့်အညီ ပြုလုပ်ရန် ဝေဖန်နေသည်များကို လစ်လျူပြု၍ အတိုက်အခံ အစစ်အမှန်များ ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မရှိပါက၊ တိုင်းပြည်အဖို့ ပိုမို ကြီးမားသော လေလုံး တိုက်ခိုက်မှုကို ခံရဖွယ် ရှိသည်။ ဥပဒေ အသစ်အရ NLD သည် ယခုအတိုင်း ရွေးကောက်ပွဲကို သပိတ်မှောက်မည် ဆိုပါက တရားဝင် ပါတီ အဖြစ် ရပ်တည်ခွင့် ဆုံးရှုံးမည် ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲသည် ဒီမိုကရေစီ နည်းမကျသော အပိုဒ်များ ပါဝင်သော ၂၀၀၈ အခြေခံ ဥပဒေ အပေါ် အခြေခံထားသောကြောင့်၊ ရွေးကောက်ပွဲ အပြီးတွင် အရပ်သား အစိုးရ အစစ် မဟုတ်သော အစိုးရ အဖွဲ့တစ်ခုကို မြင်တွေ့ရမည် ဖြစ်သည်။ စစ်တပ်မှ ၂၅% နေရာယူထားသော ပါလီမန် စနစ်ကိုလည်း မြန်မာနိုင်ငံတွင် ပြန်လည် အသက်သွင်းလာသည်ကို တွေ့ရသည်။ အတိုက်အခံများအဖို့ တရားမျှတမှု မရှိသော လုပ်ထုံးလုပ်နည်းများ၊ စိန်ခေါ်မှုများကို ကြုံတွေ့ရမည် ဖြစ်သော်လည်း၊ အတိုက်အခံများသည် ရွေးကောက်ပွဲတွင် အစိုးရ ကျောထောက်နောက်ခံပြု ပါတီများနှင့် ယှဉ်ပြိုင်ခြင်းအားဖြင့် တပ်မတော်အစိုးရအား စိန်ခေါ်နိုင်မည့် အခွင့်အရေး ရရှိမည် ဖြစ်သည်။

NLD ၏ လက်အောက်ခံ မဟုတ်သော၊ ဒီမိုကရေစီ အစစ်အမှန်ကို စိတ်အား ထက်သန်နေသော ရာပေါင်းများစွာသော သူများသည် ရွေးကောက်ပွဲတွင် ပါဝင်ရန် စိတ်အားထက်သန်စွာ စောင့်နေပြီ ဖြစ်သည်။ ထိုအထဲမှ အချို့သည် အစိုးရ၏ ခြောက်လှန့်မှုများ၊ ကြိုးကိုင်မှုများ ကြားမှပင် ရွေးကောက်ပွဲတွင် အနိုင်ရကြလိမ့်ဦးမည် ဖြစ်သည်။

ရွေးကောက်ပွဲတွင် NLD မပါဝင် သော်လည်းကောင်း၊ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် သဘောတူညီချက် မရှိလျှင် သော်လည်းကောင်း၊ အမှန်တကယ်တွင်မူ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းအားဖြင့် အတိုက်အခံ အုပ်စုများသည် မြန်မာ့နိုင်ငံရေး ရှုခင်းတွင် တရားဝင် ရပ်တည်နိုင်သည့် ပလေယာများ အဖြစ် စုပေါင်းမိကြလိမ့်မည်မှာ အမှန်ပင် ဖြစ်သည်။ ဖြည့်စွက် ပြောရမည် ဆိုလျှင် အတိုက်အခံ နိုင်ငံရေးသမားများသည် အစိုးရ ချမှတ်ထားသော ဘောင်အတွင်းမှာပင် တဖြည်းဖြည်း နိုင်ငံရေးအရ လစ်ဘရယ် ဖြစ်လာရေးကို ပုံဖော်နိုင်မည့် တရားဝင် ပလက်ဖောင်းတစ်ခု နောက်ဆုံး ရရှိလိမ့်မည် ဖြစ်သည်။ ပို၍ အရေးကြီးသော အချက်မှာ ယခု ပါလီမန်မှာ နှစ်ပေါင်းများစွာကြာမှ ပြန်လည် ပေါ်ပေါက်လာရာ ပါလီမန်တွင် တိုင်းပြည် အတွက် အဓိက ကျသော လူမှုရေးနှင့် စီးပွားရေး ကိစ္စများ၌ လက်တွေ့ကျသော အချက်များကို ဖော်ပြနိုင်မည် ဖြစ်သည်။

လွန်ခဲ့သည့် နှစ် ၂၀ အတွင်း NLD ရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ SPDC ကို အဆက်မပြတ် ဝေဖန် ရှုတ်ချခဲ့ပြီး၊ စာရင်းထဲ မသွင်းခဲ့ပေ။ သို့သော် အထီးကျန်ပြုမှုများ၊ အနောက်နိုင်ငံ၏ အရေးယူမှုများနှင့် ဗိုလ်ချုပ်များကို စိတ်ဓာတ်ရေးရာအရ ရှုတ်ချမှုများ ရှိနေဆဲ ဖြစ်သည့်တိုင် မြန်မာ အစိုးရ၏ နေရာကို လှုပ်သွားအောင် မလုပ်နိုင်ခဲ့ပေ။ အဆိုပါ မူဝါဒများသည် မြန်မာ စစ်အစိုးရအား မြန်မာ့ရေးရာကိစ္စများတွင် သူ့နှုန်းနှင့်သူ၊ သူ့သဘောနှင့်သူ ဖြေရှင်းရန် ပိုမို တွန်းအားပေးသလို ဖြစ်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်၊ သူမနှင့် အခြားနိုင်ငံရေးသမားများ၏ ဒီမိုကရေစီ အတွက် မြင့်မြတ်သော စွန့်လွှတ်မှုများသည် အရာမထင်ခဲ့ပေ။ အမှန်တရားမှာ အနောက် နိုင်ငံများသည် အရေးယူ ပိတ်ဆို့မှုများနှင့်အတူ ၎င်းတို့၏ အာရုံပြုမှု၊ ထောက်ခံမှုများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အပေါ်တွင်သာ ရှိခဲ့ရာ လက်ရှိ စစ်အစိုးရကို သြဇာ လွှမ်းမိုးနိုင်ရေးမှာ ဆုံးရှုံးခဲ့ရသည်။

စစ်အစိုးရ ချမှတ်ထားသော အကန့်အသတ်များ ကြားတွင် ရွေးကောက်ပွဲ ဝင်ရခြင်းသည် စစ်အစိုးရ အလိုကျ လိုက်နာသည်ဟု အထင်ရှိမည် ဖြစ်ပြီး၊ အများ လက်ခံစေမည့် ဒီမိုကရေစီ လုပ်ငန်းစဉ်များတွင် နိုင်ငံတကာ စံများနှင့်မူ ဝေးနေဦးမည် ဖြစ်သည်။ သို့သော် လွတ်လပ်ရေး ရပြီးကတည်းက ပြည်တွင်းစစ်များ ဖြစ်ပွားခြင်း၊ တိုင်းရင်းသားများနှင့် တင်းမာမှု ဖြစ်ပွားခြင်း၊ ရန်ဖြစ်နေသော နိုင်ငံရေးနှင့် ဗျူရိုကရေစီ စွမ်းရည် မရှိခြင်း တို့ကဲ့သို့သောကိစ္စများအတွက် နိုင်ငံ၏ ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည်သာ လက်ရှိ အခြေအနေတွင် အပြုသဘော ဆောင်သော တိုးတက်မှုများ အတွက် ရှင်သန်နိုင်မည့် ရွေးချယ်စရာ လမ်းကြောင်း ဖြစ်ပေလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်မှာမူ အနာဂတ် မြန်မာနိုင်ငံတွင် အရေးကြီးသော ခေါင်းဆောင် တစ်ဦး ဖြစ်နေဦးမည် ဖြစ်သည်။ သက်ရှိ အာဇာနည် တစ်ဦးအဖြစ် သော်လည်းကောင်း၊ နိုင်ငံရေးအရ လွတ်လပ်လာမည့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး အတွက်လည်းကောင်း၊ ပြန်လည် ပေါင်းစည်းရေး အတွက် လည်းကောင်း စံပြုရမည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေဦးမည် ဖြစ်သည်။ သို့သော် ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ပတ်သက်သော အမှန်တရားမှာ ဒီမိုကရေစီနှင့် ရိုးရှင်းအောင် ပြုထားသော စိတ်ဓာတ်ရေးရာ အိုင်ဒီယာများ ပေါ်တွင်သာ ဆုတ်ကိုင်ထားခြင်းထက် ပြဿနာကို လက်တွေကျကျ ရင်ဆိုင်ဖြေရှင်းရေး ဝါဒကို တွန်းအားပေးခြင်းသာဖြစ်သည်။ မြန်မာပြည်သူများ၏ ဘဝ ပိုမို ကောင်းမွန်ရေး အတွက် မြန်မာနိုင်ငံအား ချက်ချင်း ဒီမိုကရေစီ ရရှိရေးကို ရည်ရွယ်သော မပြတ်မသား၊ အမှန်တရားနှင့် မနီးစပ်သော ရည်မှန်းချက်များကို ဆုတ်ကိုင်ကာ မပြောင်းမလဲ ရပ်တည်နေခြင်းထက် စာလျှင် တဖြည်းဖြည်း တိုးတက်သော နိုင်ငံရေး ပြောင်းလဲမှုများကသာ ပို၍ အပြုသဘောဆောင် လိမ့်မည် ဖြစ်သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မြန်မာလူမျိုး ဦးသန့် တခါက ပြောခဲ့ဖူးသည်မှာ "အစိုးရတွေ၊ စနစ်တွေ၊ အယူဝါဒတွေကတော့ ဖြစ်၊ ပျက်နေကြတာပါပဲ။ ဒါပေမယ့် လူသားဆန်မှု (humanity) ကသာ နောက်ဆုံး ကျန်ခဲ့မှာပါ" ဟူ၍ ဖြစ်သည်။ ထို့အတူပင် မြန်မာနိုင်ငံတွင် လက်ရှိ မည်သို့မျှ သဘောတူညီမှု မရနိုင်ဟု ထင်ရသော နိုင်ငံရေး အခြေအနေကို လွန်မြောက်နိုင်ရေး အတွက် တင်းကြပ်သော တရားသေဝါဒ (Strict dogmatism) ကို NLD နှင့် အခြား အတိုက်အခံ နိုင်ငံရေးနှင့် ပါဝင် ပတ်သက်သူများက ဖယ်ရှားပစ်ကြရမည် ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ အင်အားစုများ ရှင်သန်နေသည်နှင့်အမျှ မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်များ ဆက်လက် ရှိနေဦးမည် ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

      မြန်မာ့နိုင်ငံရေးတွင် ပင်မ အတိုက်အခံ ပါတီကြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ (NLD) ပယ်ဖျက်ခြင်း မခံရအောင် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဥပဒေကြောင်း အရ ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ကြောင်း NLD က ထုတ်ဖော် ပြောဆိုလိုက်သည်။

      အကယ်၍ ဒေါ်အောင်ဆန်းစုကြည်၏  အမျိုးသား ဒီမိုကရေစီ ပါတီသည် မေလ ၇ ရက်နေ့ မတိုင်မီ ရွေးကောက်ပွဲ ကော်မရှင်တွင် ပြန်လည် မှတ်ပုံ တင်ခြင်း မရှိပါက ရွေးကောက်ပွဲ ဥပဒေအရ ပါတီအဖြစ်မှ တရားဝင် ပယ်ဖျက်ရမည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့အတွက်ကြောင့် သတ်မှတ်ရက် မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်က ဥပဒေ နည်းလမ်းဖြင့် ပါတီ ပယ်ဖျက်ခြင်း မခံရအောင် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

      ဒေါ်အောင်ဆန်းစုကြည်က မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မြန်မာနိုင်ငံ ဗဟို တရားရုံးတော်မှ တစ်ဆင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။ မြန်မာနိုင်ငံ အစိုးရက ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေအရ NLD အနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီဝင် အဖြစ်မှ ထုတ်ပယ်ရမည် ဖြစ်ရာ အဆိုပါ ဥပဒေအပိုင်း အချို့ကို ပြန်လည် ပြင်ဆင်ပေးရန် ဗဟိုတရားရုံးသို့ အမှုဖွင့် လျှောက်ထားခဲ့ကြောင်း NLD က ဆိုသည်။

      NLD ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်း၏ အဆိုအရ ဗဟို တရားရုံး ညွှန်ကြားရေးမှူးချုပ်က အမှုနှင့် ပတ်သက်၍ အကြောင်းကြား ပြောဆိုရန် NLD မှ ခေါင်းဆောင်များကို ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။

      "ဗဟို တရားရုံးတော်ကို ကျွန်တော်တို့ရဲ့ လျှောက်ထားစာတွေကို သူက ပြန်ပေးပါတယ်။ ဥပဒေတွေက တရားဝင် ဖြစ်သွားပြီလို့ ပြောတယ်။ လောလောဆယ် ကျွန်တော်တို့မှာ ဘာဆက် လုပ်မယ်ဆိုတဲ့ အစီအစဉ် တစ်ခုမှ မရှိသေးပါဘူး" ဟု ဦးဉာဏ်ဝင်းက ပြောသည်။

      အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဘဲ သပိတ်မှောက်ကြောင်း ပြီးခဲ့သည့်လက ထုတ်ဖော် ကြေညာခဲ့သည်။ ယခု ဗဟို တရားရုံးတော်သို့ အမှုဖွင့် လျှောက်ထားရာ၌ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သူများနှင့် ဖွဲ့စည်းထားသော ပါလီမန် လွှတ်တော်တစ်ရပ် ပေါ်ထွန်းရေးလည်း ပါဝင်သည်။

      NLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် မဲရာခိုင်နှုန်း အပြတ်အသတ်ဖြင့် အနိုင် ရရှိခဲ့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်များကို မသိကျိုးနွံပြုကာ အာဏာလည်း လွှဲပြောင်းပေးခဲ့ခြင်း မရှိပေ။

Bangkokpost မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

      ၁၉၉၅ ခုနှစ်လောက်က ဖြစ်သည်။ စစ်အစိုးရ၏ ဖမ်းဆီး ချုပ်နှောင်ခြင်း ခံထားရသော မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို The Economistစာစောင်က မျှော်လင့်ချက် ကင်းမဲ့နေသော မြန်မာနိုင်ငံအတွက် အခြား မျှော်လင့်ချက် တစ်စုံတရာများ ရှိသည်ဟု ထင်မြင်မိပါသလားဟု မေးခဲ့ရာ သူမက "ကျွန်မ မမျှော်လင့်မိဘူး" ဟု ခပ်ပြတ်ပြတ်ပင် ပြန်ဖြေခဲ့သည်။ ထိုစဉ်က ဒေါ်စုကြည်၏ အသံမှာ ကျောင်းအုပ်ဆရာမကြီး တစ်ယောက်၏ လေသံနှင့်ပင် တူနေသေးသည်။ သူမက "ကျွန်မ အစွမ်းကုန်ကြိုးစားနေပါတယ်" ဟု ထပ်မံ ပြောခဲ့သေးသည်။

      ယခုဆိုလျှင် နှစ်ပေါင်း ၁၅ နှစ်တိတိ ကြာမြင့်သွားပြီ ဖြစ်သည်။ စစ်အစိုးရက အရပ်ဘက် အစိုးရ တစ်ရပ် ထွက်ပေါ်စေနိုင်မည့် ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပေးရန် မည်သို့ပင် အစီအစဉ်များ ရေးဆွဲနေသော်ငြားလည်း မြန်မာနိုင်ငံအတွက် မျှော်လင့်ချက် ဟူသည့် ပေါ့ပြက်ပြက် ဆန်သော နှစ်သိမ့်မှု တစ်ခုသဖွယ်သာ ဖြစ်နေသေးသည်။ ပေါ့ပြက်ပြက် နိုင်သည်ဟု ဆိုရခြင်းမှာ ခြေခြေမြစ်မြစ် မရှိဘဲ ပြောခြင်း မဟုတ်။ သက်သေ အထောက်အထားများ ရှိ၍ ဖြစ်သည်။ ၂၀၀၈ ခုနှစ်၊ မေလတွင် ဖြစ်ပွားခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းအပေါ် စစ်အစိုးရ၏ တုံ့ပြန်မှုကို ကြည့်ပါက သိနိုင်သည်။ နာဂစ်ကိစ္စသည် စစ်အစိုးရအပေါ် အပြုသဘော ဆောင်သည့် အမြင်မျိုး မထားရှိသင့်ဟု သတိပေး နေသကဲ့သို့ ရှိသည်။

      သေသေချာချာ ဆန်းစစ်ကြည့်ပါ။ "များစွာသော ပြည်သူလူထု၏ အသက်ကို ကယ်တင်ပေးမည့် အကူအညီများကို နှောင့်နှေး ကြန့်ကြာအောင် မည်သို့သော အစိုးရမျိုးက အားတက်သရော လုပ်မည်နည်း"။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ ဝင်ရောက် မွှေနှောက်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် လူပေါင်း ၁၃၈၃၀၀ သေဆုံး (သို့မဟုတ်) ပျောက်ဆုံးခဲ့ရသည်။ သို့တိုင်အောင် စစ်အစိုးရက အခြားနိုင်ငံများက ပေးသော အကူအညီများ၊ အထောက်အပံ့များကို လက်သင့်ခံ ရယူပါမည်ဟု ခေါင်းမငြိမ့်ဘဲ ရက်ရက်စက်စက်ပင် ခေါင်းခါခဲ့သည်။ ကုလသမဂ္ဂ၊ မရေမတွက် နိုင်သော NGO များနှင့် အမေရိကန် ရေတပ်တို့သည်ပင် နာဂစ် ဒုက္ခသည်များကို ကူညီရန် စိတ်ဆန္ဒ ပြင်းခဲ့သည့်တိုင် စစ်အစိုးရ၏ ခါးခါးသီးသီး ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။ အချိန် အတန်ကြာသောအခါ ရောက်မှ အချို့သော အကူအညီများ ဝင်ရောက်ခွင့် ရရှိခဲ့သည်။ သို့သော် ဒုက္ခသည် အများစုအတွက် အလာကောင်းသော်လည်း အခါနှောင်းသွားသည့် အကူအညီများ ဖြစ်ခဲ့ရသည်။

      ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် Emma Larkin ဟူသော ကလောင် အမည်ဖြင့် အမေရိကန် နိုင်ငံသူ တစ်ဦး အခြေစိုက် နေထိုင်သည်။ Emma သည် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မြန်မာနိုင်ငံသို့ သွားရောက်ရန် ပြည်ဝင်ခွင့် ဗီဇာ ရရှိခဲ့သည်။ Emma သည် ဗီဇာ ရရှိလိုက်သောကြောင့် အထီးကျန် ဧကစာ ဖြစ်နေသော မြန်မာ စစ်အစိုးရနှင့် ပြင်ပနိုင်ငံများ အကြားတွင် ဖြစ်ပေါ်နေသော ပဋိပက္ခကို အနီးကပ် လေ့လာခွင့် ရရှိခဲ့သည်။ "သတင်း အချက်အလက်တွေ၊ ဒေတာတွေ ဘယ်မှာ ရနိုင်မလဲ ဆိုတာ သိတဲ့လူများ ရှိပါသလား" ဟု မေးခွန်းထုတ်ခဲ့သည်။ မြန်မာနိုင်ငံတွင် တိကျ မှန်ကန်သော သတင်း အချက်အလက် ရယူနိုင်ရေး ဟူသည် အိပ်မက်သဖွယ်ပင် ဖြစ်သည်။ အကယ်၍ ရယူနိုင်သည့် နေရာ ရှိသည် ဆိုပါကလည်း စစ်အစိုးရ၏ ခြိမ်းခြောက်မှု၊ ကြမ်းကြမ်းတမ်းတမ်း ငြင်းပယ်မှုနှင့်သာ ထိပ်တိုက် တိုးပေလိမ့်မည်။

      သို့အတွက်ကြောင့် Emma အနေဖြင့် စစ်အစိုးရ အဘယ့်ကြောင့် အကြင်နာတရား ကင်းမဲ့စွာ ပြုမူ နေထိုင်နေရသနည်း ဟူသည့် ဆိုလိုရင်းကို ပေါ်လွင်စေမည့် စာအုပ် ရေးသားရာတွင် များစွာ အခက်တွေ့ရသည်။ ဖြစ်နိုင်ခြေ ရှိသော အချက်မှာ စစ်အစိုးရသည် နိုင်ငံခြား အကူအညီ အထောက်အပံ့များကို ရယူရန် ထိတ်လန့်နေသူ ဖြစ်သည်။ အကူအညီ ပေးရေး၊ ကယ်ဆယ်ရေး ဟူသော ကြိုးပမ်းချက်များက ကျူးကျော် ဝင်ရောက်မှု ဟူသည့် သဘောမျိုး ဖြစ်နေမည်ကို စစ်အစိုးရက ကြောက်လန့်နေဟန် ရှိသည်။ ပို၍ ဖြစ်နိုင်ခြေ ရှိသည်မှာ စစ်အစိုးရသည် ၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြမှုကို ရက်ရက်စက်စက် နှိမ်နင်းခဲ့သောကြောင့် နိုင်ငံခြားသား အကူအညီ ပေးရေး အဖွဲ့များကို ဝင်ရောက်ခွင့် ပြုရန် အလွန်အမင်း ထိတ်လန့်နေခြင်း ဖြစ်နိုင်သည်။ မြန်မာပြည်သူ ဒုက္ခသည်များအပေါ် အမှန်တကယ် အကူအညီ ပေးမည့် နိုင်ငံခြား အဖွဲ့အစည်းများကို စစ်အစိုးရက လွန်စွာ ယုံမှားသံသယ ဖြစ်နေခြင်းပင် ဖြစ်သည်။

      မြန်မာ စစ်အစိုးရနှင့် ပတ်သက်၍ ထွက်ပေါ်နေသော ရှင်းမရ နိုင်သည့် ကောလာဟလများကို ရှင်းထုတ် ရေးသားနိုင်ရန် Emma က ကြိုးပမ်းခဲ့သည်။ မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ အယူသည်းကြသည် ဟူသည်မှာ ယုံမှား သံသယ ဖြစ်ဖွယ် မရှိပေ။ မှန်လည်း မှန်ကန်သည်။ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ညချမ်း တစ်ခုတွင် စစ်အစိုးရ နံပါတ်-၁ ခေါင်းဆောင်ကြီး၏ ဇနီးဖြစ်သူသည် မြန်မာပြည်သူများ ဘာသာရေးအရ အထွတ်အမြတ်ထားရာ ရွှေတိဂုံစေတီ ပရဝုဏ် တစ်ဝိုက်တွင် ခွေးတစ်ကောင်၊ ဝက်တစ်ကောင် နှင့်အတူ လမ်းလျှောက်ထွက်ခဲ့သည် ဟူသော ကောလာဟလ ရှိခဲ့ဖူးသည်။ နံပါတ်-၁ စစ်ခေါင်းဆောင်ကြီး၏ ဇနီးဖြစ်သူ ယင်းသို့ လမ်းလျှောက်ထွက်သည့် သတင်းကို အများစုကလည်း ယုံကြည်ကြသည်။ ခွေးသည် တနင်္လာနံကို ကိုယ်စားပြုပြီး ဝက်က ဗုဒ္ဓဟူးနံကို ကိုယ်စားပြုသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ အင်္ဂါနေ့တွင် မွေးသူဖြစ်ရာ ယင်းသို့ ခွေး၊ ဝက်တို့နှင့် စိမ်ပြေနပြေ လမ်းလျှောက်ပေးရုံဖြင့် သူမအား သြဇာအာဏာ တစ်ပြားသားမှ မရှိအောင် လုပ်ပေးရာ ရောက်သွားသည်။

      သို့ဖြစ်ရာ နာဂစ်ကိစ္စကို ကြည့်လျှင် ဗေဒင်ဆရာများ၊ အကြားအမြင် ဆရာများက နိုင်ငံခြားမှ အကူအညီများ လက်သင့်မခံရန် အကြံပေးခဲ့ကြခြင်းလည်း ဖြစ်ဟန် ရှိသည်။ မြန်မာ စစ်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်ကလည်း ၎င်းကိုယ်၎င်း မြန်မာ ဘုရင်ကြီး တစ်ပါးကဲ့သို့ ထင်မှတ်နေပုံ ရသည်။ ထို့ကြောင့် အောက်လက်ငယ်သား ကျေးကျွန်များ ဘာဖြစ်နေသည်၊ ဘာတွေ လုပ်နေသည် ဟူသော ကိစ္စကို စိတ်ဝင်စားခြင်း မရှိပေ။ "ပြည်သူတွေ သေသည် ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ဘုရင်မင်းမြတ်ကြီး သန်းရွှေ၏ အရေးမဟုတ်" ဟူ၍ ဖြစ်နေသည်။

      ဤသို့သော အယူအဆ မျိုးများကြောင့် နောက်ထပ် စိတ်ဝင်စားစရာ ကောင်းသော ဇာတ်လမ်းတစ်ပုဒ်လည်း ပေါ်ထွက်ခဲ့ရသည်။ ယင်းမှာ မြန်မာ ပြည်သူလူထု၏ ယဉ်ကျေးမှု အလေ့အထများနှင့် စိတ်ခံစားချက်များ၊ အကြင်နာ တရားများသည် မြန်မာစစ်တပ်၏ ကိုလိုနီ ပြု ခံရခြင်းပင် ဖြစ်တော့သည်။ ဆိုရလျှင် မြန်မာ နိုင်ငံရေးအတွက် အစွမ်းကုန် ကြိုးပမ်း အားထုတ်ရာ၌ သင်ခန်းစာကောင်း တစ်ရပ် လိုအပ်နေသည်ဟုပင် ပြောရမည် ဖြစ်တော့သည်။

The Economist စာစောင်မှ ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 

BBC News, By Anna Jones, 6th May 2010

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲ ဥပဒေအား တရားမျှတမှု မရှိဟု ဆိုကာ ရွေးကောက်ပွဲ အတွက် ပါတီကို မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ယခု ညသန်းခေါင် ပြီးလျှင် ပါတီ အဖြစ် ရပ်တည်ခွင့် ရှိတော့မည် မဟုတ်ပေ။

NLD ပါတီသည် ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အာဏာ ရရှိခဲ့ခြင်း မရှိပေ။ ထိုအချိန်မှ စ၍ ဒီမိုကရေစီ အတွက် မည်သည်ကိုမျှ လုပ်ကိုင်နိုင်ခြင်း မရှိဘဲ၊ ၎င်း၏ ထိပ်ပိုင်း ခေါင်းဆောင် အတော်များများမှာလည်း နှစ်ရှည် ထောင်ဒဏ်များ ကျခံခဲ့ရသည်။

ဦးဝင်းတင်သည် NLD ကို တည်ထောင်ခဲ့သူများတွင် တစ်ဦး အပါအဝင် ဖြစ်ပြီး၊ အင်းစိန်ထောင်တွင် နိုင်ငံရေး အကျဉ်းသား အဖြစ် ၂၄ နှစ်ခန့် နေခဲ့ရသည်။

NLD ၏ ရပ်တည်ခွင့် ရပ်ဆိုင်းသွားသည့်တိုင် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပါတီ၏ ဆုံးဖြတ်ချက်ကို နောင်တ မရမိကြောင်း ဦးဝင်းတင်က BBC သို့ ပြောသည်။

"ဥပဒေက ဆိုးပါတယ်။ ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး လက်ခံနိုင်မလဲ။" ဟု ဦးဝင်းတင်က ပြောသည်။

ရွေးကောက်ပွဲ ဥပဒေတွင် ပြစ်ဒဏ် ကျခံနေရသူများကို ပါတီမှ ထုတ်ပယ်ရန် လိုအပ်သည်ဟု ဖော်ပြထားသည်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အဖွဲ့ဝင်များသည် နိုင်ငံရေး အကျဉ်းသားများ အဖြစ် ရှိနေဆဲ ဖြစ်သည်။

ဥပဒေတွင် NLD ၏ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရရှိမှုအား ပယ်ဖျက်ခဲ့သည်။

"ဥပဒေတွေဟာ ကျွန်တော်တို့ အပေါ် ရည်ရွယ်ချက်ဖြင့် မတရား ဖိနှိပ်ဖို့ မမှန်မကန် လုပ်ထားပါတယ်" ဟု ၎င်းက ပြောသည်။

"ကျွန်တော်တို့ ပါတီ တစ်ခုလုံး အနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အခုအချိန်ဟာ ကျွန်တော်တို့ အတွက် ကြီးကျယ်တဲ့ အချိန်ပါ။ စစ်တပ်ကို ကျွန်တော်တို့ ပါတီဟာ အဓိပ္ပာယ်ရှိတဲ့ လုပ်ရပ်တွေ လုပ်နေတယ်ဆိုတဲ့ ကြီးကျယ်တဲ့ သတင်းစကား ပါးလိုက်တာပါပဲ" ဟု ၎င်းက ပြောသည်။

၎င်းက ပြောကြားရာတွင် ရန်ကုန်ရှိ NLD ရုံးချုပ်တွင် စိတ်ခံစားမှုအရ ဝမ်းနည်းနေမည် ဖြစ်သော်လည်း မတရားသည့် ဥပဒေကို ဆန့်ကျင်ရန် စိတ်ဓာတ် ခိုင်မာနေသည်ဟု ဆိုသည်။ ပါတီအပေါ် သစ္စာရှိသူများကမူ မျက်ရည်ကျ နေကြလိမ့်မည် ဖြစ်သည်။

"ထောင်ကျနေတဲ့ လူငယ် တစ်ယောက်ရဲ့ မိဘတွေက ရုံးကို စားစရာတွေ လာပို့ပါတယ်" ဟု ၎င်းက ပြောသည်။

ဝါရင့်ခေါင်းဆောင် တစ်ဦးက ပြောကြားရာတွင် NLD သည် တိုင်းရင်းသား ကိုယ်စားပြု ပါတီအချို့နှင့် အတူ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းသည် နိုင်ငံတကာ အသိုင်းအဝိုင်းအား ရွေးကောက်ပွဲသည် တရားမဝင်၊ အများ လက်ခံနိုင်ဖွယ် မရှိကြောင်း ရှင်းရှင်းလင်းလင်း သိစေခြင်း ဖြစ်သည်ဟု ဆိုသည်။

"ပြည်သူတွေက ကျွန်တော်တို့ကို မဲပေးကြတယ် ထားဦး။ အခြေအနေအရ ဥပဒေအရ ကျွန်တော်တို့ မနိုင်နိုင်ပါဘူး" ဟု ၎င်းက ပြောသည်။

"ဘယ်နိုင်ငံရေး ပါတီမှ အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။ အခြေခံ ဥပဒေအရ ကျွန်တော်တို့ နိုင်ခဲ့ရင်လည်း၊ ကျွန်တော်တို့ အစိုးရဖွဲ့လို့ မရပါဘူး။ ဘာမှ လုပ်လို့ မရပါဘူး" ဟု ၎င်းက ပြောသည်။

အခြေခံ ဥပဒေ အရ ပါလီမန်၏ ၂၅ % သော နေရာကို စစ်တပ်မှ နေရာယူထားသည်။ အခြေခံ ဥပဒေကို ပြင်ဆင်ရန် ပါလီမန်တွင် မဲ ၇၅ % နှင့် အထက် ရရှိရန် လိုအပ်သည် ဖြစ်ရာ စစ်တပ်၏ ထောက်ခံမှုလည်း လိုသည် ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။

မြန်မာ အစိုးရ လက်ရှိ ထိပ်တန်း ခေါင်းဆောင် အချို့သည် စစ်တပ် ရာထူးမှ ထွက်ကာ အရပ်သားအဖြစ်၊ ပါလီမန်တွင် စစ်တပ် မဟာမိတ် အရေအတွက် တိုးပွားရေး အတွက် လုပ်ဆောင်နေသည်။

NLD ထောက်ခံသူများ အနေဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်သင့်ကြောင်း ဦးဝင်းတင်က ပြောကြားခဲ့သည်။

"ပြည်သူတွေက NLD ဒါမှမဟုတ် အခြားသူ တစ်ဦးဦးကို မဲပေးလိုမှာပဲ။ သူတို့ မဲပေးလိုသူတွေ မပါရင်၊ မဲပေးဖို့ ငြင်းရပါလိမ့်မယ်" ဟု ၎င်းက ပြောသည်။

"အဲဒါဟာ ရွေးကောက်ပွဲကို သပိတ်မှောက်တာ ဖြစ်ပြီး၊ ပြည်သူတွေက ရွေးကောက်ပွဲကို သပိတ်မှောက်ရင်၊ ဒီမိုကရေစီရေး အတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်တာပါပဲ" ဟု ဆိုသည်။

NLD ၏ အချို့ အဖွဲ့ဝင်များသည် သပိတ်မှောက်ရန်နှင့် ပါတီ ရပ်တည်ခွင့် မရှိမည်ကို သဘောမတူကြောင်း သတင်း ပေးပို့ချက်များအရ သိရှိရသည်။

၎င်းတို့သည် ကိုယ်ပိုင်ပါတီ ဖွဲ့၍ ရွေးကောက်ပွဲ ဝင်နိုင်ကြောင်း၊ သို့သော် NLD သည် မေလ ၆ ရက်နေ့တွင် ပြီးဆုံးသွားမည် မဟုတ်ဟု ဦးဝင်းတင်က ပြောသည်။

"ကျွန်တော်တို့မှာ ပြည်သူတွေရဲ့ ထောက်ခံမှု ရနေဆဲပါ။ ကျွန်တော်တို့ လက်မြှောက် အရှုံးပေးသွားမှာ မဟုတ်ပါဘူး" ဟု ၎င်းက ပြောသည်။

"ကျွန်တော်တို့ဟာ နိုင်ငံရေး ပါတီ အဖြစ် အစည်းအဝေးတွေ မလုပ်နိုင်တော့ပါဘူး။ ကြေညာချက်တွေ မထုတ်နိုင်တော့ပါဘူး။ ဒါပေမယ့် လူတွေကြားမှာတော့ အလုပ် လုပ်နိုင်ပါသေးတယ်။ နိုင်ငံနဲ့ အဝှမ်း ကျွန်တော်တို့ ရုံးတွေ သုံးရာလောက် ရှိပါတယ်။ မြို့နယ်တိုင်း နီးပါးမှာ ရှိပါတယ်။ အဲဒီတော့ ပါတီအနေနဲ့ မဟုတ်ဘဲ အဖွဲ့တစ်ခု အနေနဲ့ လူတွေအတွက် အလုပ် လုပ်ပေးနိုင်ပါသေးတယ်။ မနက်ဖြန်ဆိုရင် ရုံးတွေကို ရပ်ဆိုင်းဖို့ အာဏာပိုင်တွေ လာတော့မယ် ထင်တယ်။ မနက်ဖြန်ကို ဘာဖြစ်မယ် မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီမှာ ရှိနေမှာပါ" ဟု ဦးဝင်းတင်က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 6th May 2010

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် တရုတ် ဝန်ကြီးချုပ်နှင့် စီစဉ်ထားသော ဆွေးနွေးပွဲ မတိုင်မီ တရုတ်သမ္မတနှင့် တွေ့ဆုံခဲ့သည်ဟု တောင်ကိုရီးယား သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

ဗုဒ္ဓဟူးနေ့ ညက ပြည်သူ့ မဟာခန်းမဆောင်တွင် ပြုလုပ်သော ညစာစားပွဲ မကျင်းပမီ ကင်ဂျုံအီနှင့် သမ္မတ ဟူကျင်းတောင်တို့ တွေ့ဆုံခဲ့ကြသည်ဟု တောင်ကိုရီးယား ယွန်ဟတ် သတင်းဌာနက ပြောကြားသည်။

ကင်ဂျုံအီသည် ကြာသပတေးနေ့တွင် ဝန်ကြီးချုပ် ဝမ်ကျားပေါင်နှင့် တွေ့ဆုံရန် မျှော်လင့်ထားသည်ဟုလည်း သိရှိရသည်။

စီးပွားရေးနှင့် လုံခြုံရေး ကိစ္စများနှင့် ပတ်သက်သည်ဟု ယူဆနေကြသော ကင်ဂျုံအီ၏ ခရီးစဉ်ကို သက်ဆိုင်ရာ နိုင်ငံများက လျှို့ဝှက်ထားသည်။

ဘေဂျင်းနှင့် ပြုံးယမ်းက ကင်ဂျုံအီ၏ ခရီးစဉ်ကို အတည်ပြုခြင်း မရှိသော်လည်း တရုတ်နိုင်ငံသို့ အထူးရထားဖြင့် ရောက်ရှိပြီးချိန်မှ စ၍ ကင်ဂျုံအီကို အကြိမ်ပေါင်း များစွာ တွေ့မြင်နေရသည်။

ဗုဒ္ဓဟူးနေ့ ညပိုင်းက ပြည်သူ့ မဟာ ခန်းမဆောင် အပြင်ဘက်တွင် မြောက်ကိုရီးယား အလံတပ် လိုင်မိုစင်းကားများကို တွေ့မြင်ခဲ့ရသည်ဟု အေပီ သတင်းဌာနက ဖြော်ပသည်။

ကင်ဂျုံအီသည် ဟူကျင်းတောင်နှင့် တွေ့ဆုံခဲ့ပြီး ကြာသပတေးနေ့တွင် ဝမ်ကျားပေါင်နှင့် တွေ့ဆုံမည်ဟု ကိုရီးယား သတင်းဌာနများက ဖော်ပြခဲ့သော နေရာမှာ အဆိုပါ ခန်းမဆောင်ပင် ဖြစ်သည်။

သမ္မတ ဟူကျင်းတောင်နှင့် နောက်ထပ် တွေ့ဆုံရန် အလားအလာ ရှိသည်ဟုလည်း တောင်ကိုရီးယား သတင်းဌာနများက ဆိုသည်။

မြောက်ကိုရီးယား၏ သက်ကြားအို ခေါင်းဆောင်သည် ၂၀၀၆ ခုနှစ်တွင် တရုတ် ခရီးစဉ် နောက်ပိုင်း ပြည်ပခရီး သွားတော့မည် မဟုတ်ဟု ယခင်က မှန်းဆခဲ့ကြသည်။

ကင်ဂျုံအီသည် ဘေဂျင်းသို့ ရထားဖြင့် မလာမီ တရုတ်မြောက်ပိုင်း ဒါလီယန်းနှင့် တီယန်ဂျင် မြို့တော်များရှိ စက်ရုံများ၊ စက်မှုဇုန်များ၊ ဆိပ်ကမ်းများကို ဝင်ရောက် လည်ပတ်ခဲ့သည်ဟုလည်း သိရှိရသည်။

မြောက်ကိုရီးယား၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သော တရုတ်နိုင်ငံသည် ပြုံးယမ်း အပေါ် ကြီးမားစွာ လွှမ်းမိုးထားနိုင်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.