Transparency Myanmar

transparency.myanmar@gmail.com

The Asian Tribune News, 11th May 2010

မြောက်ကိုရီးယားထံမှ လက်နက် မဝယ်ရန် ကုလသမဂ္ဂက အရေးယူ တားမြစ်ထားမှုကို မြန်မာ စစ်ဖက် အစိုးရ အနေဖြင့် လိုက်နာ စောင့်ထိန်းသင့်ကြောင်းကို မြန်မာနိုင်ငံတွင် ရောက်ရှိနေသော အမေရိကန် ထိပ်တန်း သံတမန်က တနင်္လာနေ့တွင် သတိပေးလိုက်ပြီး အစိုးရ၏ ရွေးကောက်ပွဲ အစီအစဉ်များသည် ကျိုးကြောင်း ဆီလျော်မှု ကင်းမဲ့နေသည်ဟုလည်း ပြောကြားခဲ့သည်ဟု ရန်ကုန်မှ ပေးပို့ သတင်းများအရ သိရှိရသည်။

ယခုနှစ်အတွင်း တစ်ချိန်ချိန်တွင် ကျင်းပမည့် ရွေးကောက်ပွဲများ အတွက် မှတ်ပုံတင်ရန် ငြင်းဆန်ခြင်း၏ ရလဒ်အဖြစ် ယခင်အပတ်က ဖျက်သိမ်းခံခဲ့ရသော NLD ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်နာရီ နီးပါး တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်ပြီး နောက်တွင် အရှေ့အာရှ ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က ၎င်းမြန်မာနိုင်ငံသို့ လာရန် ပြင်ဆင်ခဲ့ပုံကို သတင်းစာများသို့ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

၎င်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့ခြင်းကို အသေးစိတ် ထုတ်ဖော် ပြောကြားခြင်း မရှိသော်လည်း ဒီမိုကရေစီ အတွက် သူမ၏ အကြမ်းမဖက် ရုန်းကန် ကြိုးစားမှုကို ချီးကျူးဂုဏ်ပြု လိုက်သည်။

သူမသည် စွပ်စွဲ သိက္ခာချမှုများနှင့် အကြိမ်ကြိမ် ရင်ဆိုင်ရသော်လည်း သူမအား ဖမ်းဆီးသူများ အပေါ် ကရုဏာတရားနှင့် သည်းခံမှုကို ပြသခဲ့သည်ဟု Campbell က ပြောကြားခဲ့သည်။

"ပိုမို တောက်ပတဲ့ အနာဂါတ်အတွက် ငြိမ်းချမ်းတဲ့ အဖြေ တစ်ခုရအောင် အတူတကွ လုပ်ဆောင်ကြဖို့ သူမရဲ့ မရေမတွက်နိုင်တဲ့ မေတ္တာရပ်ခံချက်တွေကို မြန်မာစစ် ဗိုလ်ချုပ်တွေ ငြင်းဆန်ခဲ့ကြတာဟာ တကယ်ကို ဝမ်းနည်းစရာပါပဲ" ဟု ပြောကြားခဲ့သော Kurt Campbell က ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ သပိတ်မှောက်ထားသော ရွေးကောက်ပွဲများကို ကျင်းပရန် မြန်မာ စစ်ဖက် ခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ခြင်းကို ပြစ်တင် ဝေဖန်လိုက်သည်။ မြန်မာ အစိုးရက ဒေါ်အောင်ဆန်းစုကြည် ပါဝင် ယှဉ်ပြိုင်ခြင်း မပြုနိုင်အောင် တားဆီးထားသည်။ စောစောပိုင်းက Campbell သည် အစိုးရအဖွဲ့ ဝန်ကြီး အတော်များများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

အချို့သော လေ့လာသူများ သံသယ ရှိနေသည့် နျူကလီယာ နည်းပညာ အပါအဝင် မြောက်ကိုရီးယားမှ မြန်မာနိုင်ငံက လက်နက် ဝယ်ယူနေခြင်းကို စိုးရိမ်ကြောင်း ဖော်ပြသည်။ ဝါရှင်တန်၏ ပြင်းထန်သော သတိပေးမှု ဖြစ်ဖွယ်ရှိသည့် ကြေညာချက်ကို အမေရိကန် ကိုယ်စားလှယ်က ထုတ်ပြန် ကြေညာခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်တွင် မြောက်ကိုရီးယား၏ လက်နက် တင်ပို့မှု အားလုံးကို ပိတ်ပင်ခြင်း၊ မြောက်ကိုရီးယား၏ ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်း ကုန်သွယ်မှုများကို စစ်ဆေးရန် အဖွဲ့ဝင် နိုင်ငံများကို အခွင့်အာဏာပေးခြင်း၊ အရေးယူ ပိတ်ဆို့မှု စည်းကမ်းကို ချိုးဖောက်သည့် ကုန်ပစ္စည်း တင်ပို့မှု မှန်သမျှကို ဖမ်းဆီး၊ ဖျက်ဆီးစေခြင်း စသည့် အစီအစဉ်များ ပါဝင်သည်။

ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို လိုက်နာရန် မြန်မာ ခေါင်းဆောင်များက သဘောတူခဲ့သော်လည်း လက်ရှိ ဖြစ်ရပ်များအရ ၎င်းတို့၏ သဘောတူ ကတိပေးမှုကို မေးခွန်း ထုတ်စရာ ဖြစ်နေသည်ဟု Campbell က ဆိုသည်။

နိုင်ငံတကာ အပေါ် ပေးထားသော ကတိများကို မြန်မာနိုင်ငံက လိုက်နာ စောင့်ထိန်းနေကြောင်း နိုင်ငံတကာက သိရှိစေရန် ပွင့်လင်း မြင်သာသော လုပ်ငန်းစဉ် ထားရှိရေး အတွက် မြန်မာ အစိုးရ၏ သဘောတူညီမှုကို ရရှိအောင် ၎င်းအနေဖြင့် ကြိုးစားခဲ့သည်ဟု Campbell က ပြောကြားသည်။

"ဒီလို လုပ်ငန်းစဉ်မျိုး မရှိဘဲနဲ့ အမေရိကန် ပြည်ထောင်စုဟာ နိုင်ငံတကာ အသိုင်းအဝိုင်းက ထူထောင်ပေးထားတဲ့ လုပ်ငန်းဘောင် အတွင်းကနေ လွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့်ကို ထိန်းသိမ်းနေတာပါ" ဟု Campbell ပြောဆိုခဲ့သည်။

မြန်မာ အစိုးရ အရာရှိကြီးများနှင့် ဆွေးနွေးခဲ့ရာတွင် လာမည့် ရွေးကောက်ပွဲကို မည်သို့ ကျင်းပမည်ဆိုသည့် ကိစ္စအပေါ် သဘောတူညီချက် ရရှိရန် သက်ဆိုင်သည့် ပါတီအားလုံးနှင့် လေးစား ယုံကြည်ထိုက်သည့် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပရေး အဆိုပြုချက်ကို အမေရိကန်ဘက်မှ အလေးအနက် ပြောကြားခဲ့သည်ဟု Campbell က ဆိုသည်။ သို့ရာတွင် မြန်မာအစိုးရသည် အတိုက်အခံများ၊ လွတ်လပ်သော ကြားနေအုပ်စုများ၏ သဘောထားကို တိုင်ပင် ညှိနှိုင်းခြင်း မပြုဘဲ ၎င်းတို့ဘာသာ တစ်ဖတ်သတ် ဆက်လက် လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Japan Times, 11th May 2010

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က ရန်ကုန်ရှိ American Center တွင် တနင်္လာနေ့ ညနေက စကားပြောရာတွင် မြန်မာ အစိုးရအား ၎င်း၏ ရွေးကောက်ပွဲသည် နိုင်ငံတကာ၏ တရားဝင်မှု စံများ မရှိကြောင်း သတိပေးလိုက်သည်။

"မြန်မာ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့အခါမှာ ကျွန်တော်တို့က မြန်မာနိုင်ငံရေးနဲ့ ပတ်သက်တဲ့လူ၊ ဘက်ပေါင်းစုံကလူ၊ အားလုံး ပါဝင်နိုင်မယ့် တွေ့ဆုံ ဆွေးနွေးမှု တစ်ခုလုပ်နိုင်ဖို့ ပုံစံချ ပြခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာဘဲ၊ အစိုးရက သူတို့ သွားချင်တဲ့ လမ်းကြောင်းကိုပဲ ရွေးချယ်ခဲ့ပြီး၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်သူနဲ့မှ အကြံဥာဏ် ယူတာ မရှိခဲ့ပါဘူး" ဟု Campbell က ပြောသည်။

"အဲဒီတော့ ဘာဖြစ်သလဲဆိုတော့၊ ကျွန်တော်တို့ အနေနဲ့ တွေ့ရှိရတဲ့ အချက်တွေ ကြည့်ပြီး၊ ရွေးကောက်ပွဲကတော့ နိုင်ငံတကာမှာ တရားဝင်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ မြန်မာ အစိုးရကို တိုက်တွန်းလိုတာကတော့ ရွေးကောက်ပွဲ မတိုင်ခင် အချိန်ကလေးမှာ ပြုပြင်စရာ ရှိတာတွေ ချက်ချင်းလုပ်ဖို့ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

Campbell က မြန်မာ အစိုးရအား မြောက်ကိုရီးယားနှင့် ပတ်သက်၍ ချမှတ်ထားသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို လိုက်နာရန် သတိပေးခဲ့ပြီး၊ အကယ်၍ လိုက်နာရန် ပျက်ကွက်ပါက၊ အမေရိကန် ပြည်ထောင်စု အနေဖြင့် ကိုယ်ပိုင် လွတ်လပ်စွာ အရေးယူမှု ပြုလုပ်နိုင်သော အခွင့်အရေး ရှိကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အဖြစ်အပျက်များကို ကြည့်လျှင် မြန်မာ အစိုးရ အနေဖြင့် မြောက်ကိုရီးယား အပေါ် ကုလသမဂ္ဂ၏ အရေးယူမှုများကို အပြည့်အဝ လိုက်နာခြင်း ရှိမရှိကို မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ၎င်းက ပြောသည်။ အဆိုပါ အရေးယူမှုများတွင် နျူကလီယာ၊ ဒုံးကျည် ပြန့်ပွားရေး အတွက် ငွေကြေး ထောက်ပံ့မှုများကို ပိတ်ဆို့ခြင်း၊ လက်နက်များ သွင်း/ထုတ်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ပိတ်ပင်ခြင်း၊ မြောက်ကိုရီးယားမှ/သို့ ပိတ်ပင်ထားသော ကုန်ပစ္စည်းများ ထုတ်/သွင်းခြင်းကို သံသယ ရှိပါက ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် စစ်ဆေး ဖျက်ဆီးစေရန် တိုက်တွန်းခြင်းများ ပါဝင်သည်။

"ကျွန်တော်တို့ အနေနဲ့ မြန်မာ ခေါင်းဆောင်တွေကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို အပြည့်အဝ လိုက်နာဖို့ ၎င်းရဲ့ ကတိကဝတ်တွေကို ထိန်းသိမ်းဖို့ တိုက်တွန်းခဲ့ပါတယ်။ မြန်မာ အစိုးရ အနေနဲ့ နိုင်ငံတကာ ကတိကဝတ်တွေကို လိုက်နာကြောင်း နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံ ယုံကြည်လာအောင် အမေရိကန်နဲ့ အခြားနိုင်ငံများနဲ့ ပူးပေါင်းပြီး ပွင့်လင်း မြင်သာတဲ့ အခြေအနေတွေ ဖန်တီးဖို့ တောင်းဆိုခဲ့ပါတယ်" ဟု Campbell က ပြောသည်။

Campbell သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တနင်္လာနေ့က နိုင်ငံတော် ဧည့်ဂေဟာတွင် မိနစ် ၉၀ ကြာ တွေ့ဆုံခဲ့ပြီး၊ သူမနှင့် ပတ်သက်၍ Campbell က ပြောကြားရာတွင် မြန်မာ ပြည်သူများနှင့် တိုင်းပြည်အပေါ် သူမ၏ ကတိများနှင့် အခက်အခဲများ ကြားမှ ဆုံးဖြတ်ချက် ခိုင်မာမှုများကို လှိုက်လှိုက်လှဲလှဲ လေးစားကြောင်း ပြောခဲ့သည်။

သူမအား အရှက်ရစေရန် ပြုလုပ်ခဲ့မှုများ ရှိစေကာမူ သူမအား ထိုသို့ ပြုမူသူများကို စိတ်ရှည် သည်းခံမှုနှင့် ကိုယ်ချင်းစာ နားလည်မှုကို ပြသနိုင်ခဲ့သည်။ ဝမ်းနည်းစရာ ကောင်းသည့် အချက်တစ်ခုမှာ သူမက သာယာ ဝပြောသည့် အနာဂတ်နှင့် ငြိမ်းချမ်းစွာ အဖြေရှာရေး အတွက် အစိုးရနှင့်အတူ အလုပ်လုပ်လိုကြောင်း အကြိမ်ကြိမ် အဆိုပြုမှုများကို မြန်မာ ဗိုလ်ချုပ်များက မချေမငံ ပြန်လည် ပြုမူချက်များပင် ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုကို အမေရိကန်က ထောက်ခံနေမှုနှင့် ပတ်သက်၍ Campbell က ပြောကြားရာတွင် အမေရိကန် ပြည်ထောင်စု အနေနဲ့ ၎င်းတို့နှင့်အတူ ရပ်တည်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 11th May 2010

အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေမှုများ အပေါ် အလွန်အမင်း စိတ်ပျက်မိကြောင်းနှင့် ကျိုးကြောင်း ဆီလျော်မှု မရှိသည့် ကိစ္စများကို ချက်ချင်း ပြင်ဆင်ရန် ထိပ်တန်း အမေရိကန် သံတမန်က တနင်္လာနေ့က ပြောကြားလိုက်သည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် အစိုးရ တာဝန်ရှိသူများနှင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ ခေါင်းဆောင်များနှင့် လည်းကောင်း တွေ့ဆုံအပြီးတွင် ပြင်းထန်သော ဝေါဟာရများ ပါဝင်သော ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

"ကျွန်တော်တို့ တွေ့ရှိချက် အရကတော့ အခု ရွေးကောက်ပွဲတွေဟာ နိုင်ငံတကာမှာ တရားဝင်ဖို့ မဖြစ်နိုင်ပါဘူး" ဟု Campbell က ယခုနှစ် မြန်မာအစိုးရ ကျင်းပမည့် ရွေးကောက်ပွဲ အစီအစဉ်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

"ကျွန်တော်တို့ အနေနဲ့ မြန်မာ အစိုးရကို တိုက်တွန်းလိုတာကတော့ အခု ရွေးကောက်ပွဲ မလုပ်ခင် ကျန်တဲ့ အချိန်လေးမှာ ဒီလုပ်ငန်းစဉ်ကို လမ်းဖွင့်ပြီး အမြန်ဆုံး ပြုပြင်ဖို့ပဲ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

အနောက်နိုင်ငံများ၏ မြန်မာ အစိုးရအား အထီးကျန် ပစ်ပယ်ထားမှုများသည်၊ အောင်မြင်မှု မရသောကြောင့် Obama အစိုးရသည် မြန်မာ အစိုးရ အုပ်ချုပ်သူများနှင့် တွေ့ဆုံ ဆွေးနွေးရန် ယမန်နှစ်က ဆုံးဖြတ်ခဲ့သည်။

သို့သော် ယခုနှစ် ကုန်ပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုများကို ကြည့်၍  ဝေဖန် သုံးသပ်သူများက စစ်တပ်မှ ချုပ်ကိုင်မှု အာဏာကို တရားဝင်အောင် ပြုလုပ်မည့် ဆင်လုံးသာ ဖြစ်သည်ဟု ရှုတ်ချကြခဲ့ခြင်းကြောင့်၊ Obama အစိုးရကလည်း ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုများကို ထိရောက်စွာ ဝေဖန်ခဲ့သည်။

"မြန်မာ အစိုးရ ခေါင်းဆောင်မှုပိုင်းက တုန့်ပြန်မှုဟာ အလွန်အမင်း စိတ်ပျက်ဖွယ် ကောင်းပေမယ့်လည်း၊ ကျွန်တော် တွေ့ခဲ့ရတဲ့ (အစိုးရ မဟုတ်တဲ့) အပြင်လူတွေကတော့ အတော် စိတ်ကျေနပ်ဖို့ ကောင်းပါတယ်" ဟု Campbell က ဖြည့်စွက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အများက ဝေဖန်နေကြသော ရွေးကောက်ပွဲ ဥပဒေအရ ပြီးခဲ့သည့် အပတ်က ဖျက်သိမ်းခဲ့ရပြီး ဖြစ်သည်။

အသက် ၆၄ နှစ်ရှိ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ ဧည့်ဂေဟာ၌ Campbell နှင့် တစ်နာရီကျော်ကြာ စကားပြောခဲ့သည်။

Campbell သည် သူမနှင့် ရန်ကုန်တွင် ပြီးခဲ့သည့် နိုဝင်ဘာလကလည်း တွေ့ဆုံခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သတင်းထောက်များသို့ စကားပြောကြားခဲ့ခြင်း မရှိသော်လည်း နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် ထိပ်တန်း NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောကြားရာတွင် အခြား အတိုက်အခံ ခေါင်းဆောင်များက Campbell နှင့် သီးခြား တွေ့ဆုံရာတွင် ဝါရှင်တန်က မြန်မာ အစိုးရအား ဖိအား ပိုမိုပေးရန် တောင်းဆိုခဲ့ကြသည်ဟု ဆိုသည်။

"ကျွန်တော်တို့ ထင်တာကတော့ အမေရိကန်က မြန်မာအစိုးရ အပေါ် ဆက်ဆံတာ ပျော့လွန်းတယ် ထင်တာပဲ" ဟု ဦးဝင်းတင်က ပြောသည်။

"ပိုမို ပြင်းထန်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အရေးယူမှုတွေ လုပ်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ ကမ္ဘာကြီးက တောင်းဆိုနေသလို အများ လက်ခံတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ပါဘူး။ ရွေးကောက်ပွဲ ရလဒ်ကို ဘာမှ မမျှော်လင့်ပါနဲ့လို့ ထပ်ပြောချင်ပါတယ်" ဟု ၎င်းက ပြောသည်။

NLD သည် ၎င်းတို့၏ ခေါင်းဆောင်အား ပါတီမှ ထုတ်ပယ်ရမည် ဖြစ်သဖြင့် ရွေးကောက်ပွဲ အတွက် ပါတီကို ပြန်လည် မှတ်ပုံတင်ရန် ငြင်းဆန်ခဲ့ပြီး၊ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။

ပြီးခဲ့သည့် အပတ်က အမေရိကန် ထိပ်တန်း ရီပတ်ဗလစ်ကင် ဆီနိတ်တာ Mitch McConnell က မြန်မာ ခေါင်းဆောင်များသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ အတွက် အမှန်တကယ် တိုးတက်မှုများ မပြုလုပ်နိုင်ခြင်းကြောင့် ပိုမို တင်းကြပ်သော အရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

NLD အတွင်းမှ အုပ်စုတစ်စုသည် ပြီးခဲ့သည့် အပတ်က ပြောကြားခဲ့ရာ၌ ၎င်းတို့သည် အမျိုးသား ဒီမိုကရေစီ အင်အားစု (National Democratic Force) အမည်ဖြင့် နိုင်ငံရေးပါတီ တစ်ခု တည်ထောင်မည်ဟု ပြောကြားခဲ့သည်။

အဆိုပါ အဖွဲ့သည် ရွေးကောက်ပွဲတွင် ပါဝင်လိမ့်မည် ဖြစ်ပြီး၊ NLD အဖွဲ့ဝင်ဟောင်း ဒေါက်တာ သန်းငြိမ်းမှ ဦးဆောင်မည် ဖြစ်သည်။

"လာမည့် ရွေးကောက်ပွဲ အတွက် နိုင်ငံရေး ပါတီတွေဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချနေကြရတာကြောင့် ကျွန်တော် လေးစားပါတယ်" ဟု Campbell က ပြောခဲ့သည်။

"အချို့က ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်ကြပြီး၊ အချို့ကတော့ မဝင်ဘူးလို့ ဆုံးဖြတ်ကြတယ်။ ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ်၊ ဒါသူတို့ရဲ့ အခွင့်အရေးပါပဲ။ အမေရိကန် ပြည်ထောင်စု အနေနဲ့ သူတို့ အားလုံးရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားပါတယ်" ဟု ၎င်းက ပြောသည်။

အစိုးရ၏ မတရား ဖိနှိပ်မှုများကြောင့် NLD မှာလည်း ယဲ့ယဲ့သာ ကျန်ရှိတော့ပြီး၊ NLD ခေါင်းဆောင်ပိုင်းကလည်း အသက် ၈၀ နှင့် ၉၀ များ ဖြစ်ကုန်ပြီ ဖြစ်ရာ၊ ၎င်းတို့၏ တင်းမာသော ရပ်တည်ချက် အတွက် မျိုးဆက်သစ်များက ပိုမို၍ လက်တွေ့ကျသော ချဉ်းကပ်မှုများ ပြုလုပ်ရန် မေးခွန်းထုတ်လျက် ရှိနေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 11th May 2010

ထိပ်တန်း အမေရိကန် သံတမန်သည် မြန်မာနိုင်ငံ ခရီးစဉ် အပြီးတွင် အင်္ဂါနေ့က တရုတ် အစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးရန် ဘေဂျင်းမြို့သို့ ရောက်ရှိလာသည်။ စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်သော စိုးရိမ်ဖွယ် အချက်များကို ၎င်းက ထုတ်ဖော် ပြောကြားခဲ့ပြီး ဖြစ်သည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell ၏ တရုတ်နိုင်ငံ မြို့တော်သို့ ခရီးစဉ်သည် အမြန်ဆုံး ဖြစ်ပြီး၊ ညနေပိုင်းတွင် ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သံရုံးပြောခွင့်ရ အမျိုးသမီးက AFP သို့ ပြောကြားခဲ့ပြီး၊ အသေးစိတ်ကိုမူ ပြောကြားခြင်း မရှိပါ။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ဝါရှင်တန်တွင် ပြောကြားရာ၌ Campbell သည် ထိပ်တန်း တရုတ် တာဝန်ရှိသူများနှင့် တွေ့ဆုံရန် ရှိကြောင်း ပါဝင်သော်လည်း၊ ဆွေးနွေးမည့် အကြောင်းအရာ များကိုမူ ဖော်ပြခြင်း မရှိခဲ့ပါ။

Campbell သည် မြန်မာနိုင်ငံတွင် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ တရုတ် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဆွေးနွေးလိမ့်မည် ဖြစ်သည်။

Campbell က ၎င်း၏ သတင်း ထုတ်ပြန်ချက်တွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေမှုများကို စိတ်ပျက်မိကြောင်းနှင့် တရားဝင်မှု မရှိသည့် ရွေးကောက်ပွဲ မဖြစ်စေရေး အတွက် ပြင်ဆင်မှုများ ချက်ချင်း ပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

အမေရိကန် ကိုယ်စားလှယ်သည် ပြီးခဲ့သည့် အပတ်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ၏ ခရီးစဉ်နှင့် ပတ်သက်၍လည်း ဆွေးနွေးလိမ့်မည်ဟု ယူဆရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အမျိုးသားဒီမိုကရေစီအင်အားစု

National Democratic Force (NDF)

ကြေငြာချက်အမှတ် (၁/၂၀၁၀)

မေ (၁၀) ရက်၊ ၂၀၁၀

၁။ ယနေ့အချိန်အခါသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းမှု သမိုင်းတွင် လွန်စွာအရေးကြီးသည့် အလှည့်အပြောင်း ကာလတစ်ရပ်ကို ဖြတ်သန်းနေရသည့် အချိန်ဖြစ်ပါသည်။

၂။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးကို ကြိုးပမ်းမှုတွင် အများပြည်သူက စိတ်ချယုံကြည်စွာ တာဝန်ပေးအပ်ခြင်းခံရပြီး နှစ်ပေါင်းနှစ်ဆယ်ကျော် အခက်အခဲပေါင်းစုံ ရင်ဆိုင်ရပ်တည်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဦးဆောင်ပါတီ အခန်းကဏ္ဍသည် လစ်ဟာ သွားခဲ့ရပြီ ဖြစ်ပါသည်။

၃။ ဤ လစ်ဟာသွားသည့် ကွက်လပ်ကို ဖြည့်ဆည်းနိုင်ရန်အတွက် လက်ရှိနိုင်ငံရေး အခြေအနေ၏ တောင်းဆိုချက်နှင့်အညီ ပြည်သူ့အကျိုးစီးပွားဦးထိပ်ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးစိတ်ဓါတ်ကို သယ်ဆောင်လျှက်၊ အဖွဲ့ချုပ်အဖွဲ့ဝင်ဟောင်းများ၊ အဖွဲ့ချုပ်လူငယ်ဟောင်းများနှင့် ဒီမိုကရေစီရေးအတွက် ဆက်လက် ကြိုးပမ်းလိုသော အင်အားစုများ အညီအညွတ် ပေါင်းစုလက်တွဲ၍ အမျိုးသား ဒီမိုကရေစီ အင်အားစု(National Democratic Force) အမည်ဖြင့် ပါတီတစ်ရပ်ကို ဖွဲ့စည်း တည်ထောင်သွားမည် ဖြစ်ပါသည်။

၎။ ယနေ့ မြန်မာနိုင်ငံပြည်သူလူထု၏ အဓိက မျှော်မှန်းချက်မှာ လူမှုဒုက္ခ အပေါင်းမှ ကင်းဝေးပြီး တိုင်းရင်းသား လူမျိုးများ အားလုံးအတွက် လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တန်းတူညီမျှမှု ရှိသည့် ဒီမိုကရေစီ ပြည်ထောင်စုသစ်ကြီး ပေါ်ထွန်းလာရေးဖြစ်ပါသည်။ ဤရည်မှန်းချက် အကောင်အထည် ပေါ်လာစေရန် အမျိုးသားပြန်လည် သင့်မြတ်ရေးကို မဖြစ်မနေ ဦးစွာ ကြိုးပမ်းဆောင်ရွက်ရမည်ဟု ကျွန်ုပ်တို့ အလေးအနက် ယုံကြည်ပါသည်။

၅။ သို့ဖြစ်၍ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) သည် ပြည်သူတို့၏ မျှော်မှန်းချက်များ ပြည့်ဝနိုင်ရေးအတွက် ပြည်သူနှင့်အတူ တစ်သားတည်းရပ်တည်၍ ငြိမ်းချမ်းစွာ လက်တွဲ ဆောင်ရွက်သွားရန် အခိုင်အမာ သံန္နိဋ္ဌာန် ချမှတ်ထားကြောင်း အသိပေးကြေငြာအပ်ပါသည်။

                                                                                                                                                                         နိုင်ငံရေးဦးဆောင်အဖွဲ့

အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          အမေရိကန် ထိပ်တန်းသံတမန် တစ်ဦးဖြစ်သော Kurt Campbell သည် မြန်မာစစ်အစိုးရအဖွဲ့ အပါအဝင် ဖမ်းဆီးထိန်းသိမ်း ခံထားရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံ ဆွေးနွေးရန် မေလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း မြန်မာအစိုးရ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။

အမေရိကန်အစိုးရ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell သည် မေလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံမြို့တော် နေပြည်တော်သို့ ရောက်ရှိ လာကြောင်း၊ မစ္စတာ Campbell သည် ရန်ကုန်မြို့သို့ သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံမှု မပြုလုပ်မီ နေပြည်တော်ရှိ မြန်မာအစိုးရ အာဏာပိုင်များနှင့် ဦးစွာ တွေ့ဆုံမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ အသက် ၆၄ နှစ်အရွယ်သို့ ရောက်ရှိနေပြီဖြစ်ကာ နှစ်ပေါင်း ၂၀ ကာလအတွင်း ၁၄ နှစ်တာမျှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ မစ္စတာ Campbell သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးသည်။ ထိုစဉ်က မစ္စတာ Campbell သည် နှစ်ပေါင်း ၁၄ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်လည်ပတ်သည့် အမေရိကန်အစိုးရ၏ အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်ခဲ့သည်။ သူသည် သမ္မတ အိုဘားမား အုပ်ချုပ်ရေးအဖွဲ့၏ မူဝါဒသစ်ဖြစ်သော မြန်မာ စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းရေးကို အကောင်အထည် ဖော်သည့် အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်။

Channel News Asia သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

      နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် အဖြစ် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ မြန်မာ စစ်အစိုးရက ဖန်တီး ပြုလုပ်ထားသော နိုင်ငံရေး အခြေအနေများကြောင့် အမေရိကန် အစိုးရမှာ အကျပ်ရိုက် ဒုက္ခရောက်နေရကြောင်း အမေရိကန် ထိပ်တန်း သံတမန်တစ်ဦး ဖြစ်သော Kurt Campbell က မေလ ၉ ရက်နေ့တွင် သုံးသပ် ပြောဆိုလိုက်သည်။

      အရှေ့ အာရှနှင့် ပစိဖိတ် ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell သည် မေလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ရောက်ရှိလာသည်။ ၎င်းသည် အဆိုပါ ခရီးစဉ်အတွင်း စစ်အစိုးရ ခေါင်းဆောင်များနှင့် သာမက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့်လည်း တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သည်။

      "ကျွန်တော်တို့ မြင်တွေ့နေရတဲ့ ကိစ္စတွေက ကျွန်တော်တို့ကို အကျပ်ရိုက် ဒုက္ခ ရောက်စေပါတယ်။ မြန်မာ ရွေးကောက်ပွဲနဲ့ မြန်မာ စစ်အစိုးရက ဖန်တီးလိုက်တဲ့ နိုင်ငံရေး အခြေအနေ တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အင်မတန် စိုးရိမ် ပူပန်မိပါတယ်" ဟု မစ္စတာ Campbell က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက် များကို ပြောကြားသည်။

      ယခုနှစ်အတွင်း ကျင်းပရန် ရှိသည့် မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲသည် ရာစုနှစ်ဝက်မျှ ဆုပ်ကိုင်ခဲ့သည့် စစ်အာဏာရှင် စနစ် သက်ဆိုးရှည်ရန်သာ အဓိက ဦးတည်ထားခြင်း ဖြစ်သည်ဟု အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီရေး လှုပ်ရှားသူများက ဆိုသည်။

      မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးသည် ၁၉၈၈ ခုနှစ်တွင် စစ်တပ်က ဒီမိုကရေစီ အရေးတော်ပုံ ဆန္ဒပြပွဲကြီးကို ရက်ရက်စက်စက် နှိမ်နင်းခဲ့သည့် အချိန်မှစ၍ အေးတိအေးစက် ဖြစ်ခဲ့ရသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ ပေါ်ထွန်းရေး လူထုအုံကြွမှုတွင် စစ်တပ်က အင်အားသုံး နှိမ်နင်းခဲ့သဖြင့် လူပေါင်း ထောင်နှင့်ချီ၍ သေဆုံးခဲ့ရသည်။ ဝါရှင်တန် အစိုးရသည် ထိုအချိန်မှ စ၍ မြန်မာနိုင်ငံ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချသူ တစ်ဦး ဖြစ်လာသည်။ မြန်မာ စစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ပြီး ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက် တင်မြှောက်ခြင်း ခံရသော နိုင်ငံရေးပါတီ NLD ကို အာဏာ လွှဲပြောင်းပေးမှု မပြုလုပ်သည့် အတွက် မြန်မာနိုင်ငံအပေါ် နိုင်ငံရေးနှင့် စီးပွားရေး ဆိုင်ရာ ပိတ်ဆို့ အရေးယူမှုများ တင်းတင်းကြပ်ကြပ် ပြုလုပ်လာသည်။

      မည်သို့ပင်ဆိုစေ မစ္စတာ Campbell က မိမိအနေဖြင့် ဝါရှင်တန် အစိုးရ၏ မူဝါဒ ဖြစ်သော မြန်မာစစ်အစိုးရနှင့် စေ့စပ် ညှိနှိုင်းမှုများကို ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

      အမေရိကန် သမ္မတ အိုဘားမား အုပ်ချုပ်ရေး အဖွဲ့သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံအပေါ် ယခင် ကျင့်သုံးခဲ့သည့် နိုင်ငံခြားရေး မူဝါဒဖြစ်သော အထီးကျန် ဖြစ်ရေးကို ရပ်ဆိုင်းကာ စေ့စပ်ညှိနှိုင်းရေး ဟူသော မူဝါဒသစ် တစ်ရပ်ကို ပြောင်းလဲ ကျင့်သုံးခဲ့သည်။ စေ့စပ် ညှိနှိုင်းရေးဟု ဆိုသည့်တိုင် ပိတ်ဆို့ အရေးယူမှုများကိုမူ ဆက်လက် ကျင့်သုံးနေဆဲပင် ဖြစ်သည်။

      လက်ရှိ အနေအထားတွင် စစ်အစိုးရက ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ ဥပဒေများကို ကြည့်ပါက ဒီမိုကရေစီ လိုလားသော အတိုက်အခံများ၊ နိုင်ငံရေး အကျဉ်းသားများ၊ တိုင်းရင်းသား လူနည်းစုများနှင့် စစ်အစိုးရ အကြား တွေ့ဆုံစကား ပြောဆိုမှု လျော့နည်းနေသည်ကို တွေ့ရကြောင်း မစ္စတာ Campbell က ပြောဆိုသည်။ အဆိုပါ အရေးကိစ္စများကို ယခု ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်တွင် ထည့်သွင်း ဆွေးနွေးသွားရန် ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

      မြန်မာနိုင်ငံသည် မြောက်ကိုရီးယား၏ အကူအညီဖြင့် နျူကလီယာ နည်းပညာ ရရှိရန် ကြိုးပမ်းနေဖွယ် ရှိသည်ဟူသော ကိစ္စအတွက် စိုးရိမ် ပူပန်မိကြောင်း အမေရိကန် အစိုးရက သဘောထား ထုတ်ပြန်ထားသည်။

      မြန်မာ စစ်ခေါင်းဆောင်များက စစ်မှန်သော နိုင်ငံရေး တိုးတက် ဖြစ်ထွန်းမှုများ ပေါ်ပေါက်အောင် အကောင်အထည် မဖော်နိုင်သေးသရွေ့ အမေရိကန် အစိုးရက နိုင်ငံရေး နှင့် စီးပွားရေး ဆိုင်ရာ ပိတ်ဆို့ အရေးယူမှုများကို ဆက်လက် ကျင့်သုံးနေမည် ဖြစ်သည်ဟု ဆိုသည်။

      မစ္စတာ Campbell သည် ဘန်ကောက်မြို့တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် မြန်မာ စစ်အစိုးရ အာဏာပိုင်များနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံ မြို့တော်သစ် နေပြည်တော်သို့ လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့သည်။ ၎င်းသည် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံပြီး ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်းတို့နှင့်လည်း တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ခဲ့သည်။ ဦးသောင်းသည် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အရေးကြီးသော ပုဂ္ဂိုလ် ဖြစ်သည်။

      "မစ္စတာ Kurt Campbell လာရောက် လည်ပတ်တာကို ကျွန်တော့် အနေနဲ့ ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒီခရီးစဉ်ကနေ သူ ဘာတွေ အောင်မြင်မှု ရမယ်လို့ မျှော်လင့်ထားလဲ ဆိုတာကို ကျွန်တော် လုံးဝ နားမလည်နိုင်ပါဘူး" ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

      ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ရွေးကောက်ပွဲသည် အတုအယောင် မျှသာ ဖြစ်သောကြောင့် ပါဝင် ယှဉ်ပြိုင်မှု မပြုဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ NLD သည် ရွေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေး ပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ရမည့် နောက်ဆုံး နေ့ရက်အထိ ရွေးကောက်ပွဲ ဝင်ရန် ငြင်းဆိုခဲ့ရာ ယခုအခါ ဥပဒေကြောင်းအရ နိုင်ငံရေးပါတီ အဖြစ်မှ တရားဝင် ပယ်ပျက်သွားပြီ ဖြစ်သည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

      မြန်မာနိုင်ငံတွင်း သတင်း အချက်အလက် နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးကို အကူအညီ ပေးရန် ဂျပန် နည်းပညာ အဖွဲ့အစည်း တစ်ခု ဖြစ်သော Daiwa Institute of Researh က မြန်မာ အိုင်တီ နည်းပညာ ကုမ္ပဏီတစ်ခုနှင့် သဘောတူညီချက် စာချုပ်တစ်ရပ်ကို လက်မှတ် ရေးထိုးလိုက်သည်။

      အဆိုပါ ဂျပန်နည်းပညာ ကုမ္ပဏီမှာ တိုကျိုမြို့တွင် အခြေစိုက်ပြီး DIR ဟု လူသိများသည်။ မြန်မာနိုင်ငံမှ ACE Data Systems နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။ သို့သော် မည်သို့သော ပုံစံဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဟူသော အချက်ကို ရှင်းရှင်းလင်းလင်း မသိရှိ ရသေးပေ။

      တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာန အဆိုအရ DIR သည် မန္တလေးတိုင်း၊ ရတနာပုံ ဆိုက်ဘာ စီးတီးတွင် နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးကို ပိုမို မြှင့်တင်ပေးသွားမည် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ DIR ၏ အဓိက လုပ်ဆောင်ချက်များ အနက် တစ်ခုမှာ ဘဏ္ဍာရေး လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုများ မြှင့်တင်နိုင်ရေး အတွက် နည်းပညာနှင့် အကြံဉာဏ်များ ထောက်ပံ့ပေးခြင်း ဖြစ်သည်။

      ယခုကဲ့သို့ ဂျပန်နှင့် မြန်မာ ဘိဇနက်လုပ်ငန်း အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုသစ် တစ်ရပ် ပြုလုပ်ခြင်းသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း ဂျပန် အစိုးရ အပြောင်းအလဲပြု ဖြစ်ပေါ်ပြီး နှစ်နိုင်ငံ ဆက်သွယ်မှုများ ပိုမို မြင့်တက်လာသည့် နောက်ပိုင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

      ပြီးခဲ့သည့် ၂၀၀၉ ခု နှစ်ကုန်ပိုင်းတွင် ဂျပန်အစိုးရ အရာရှိများ ဦးဆောင်သော စီးပွားရေး ကိုယ်စားလှယ် အဖွဲ့နှစ်ဖွဲ့ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ကြသည်။ ထို့ပြင် ၂၀၀၉ ခုနှစ်တွင် ဂျပန်အစိုးရ ငွေကြေး ထောက်ပံ့ထားသော ကုန်သွယ်ရေး အဖွဲ့အစည်း တစ်ခု မြန်မာနိုင်ငံသို့ လာရောက်ပြီး ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ကိုင်ခဲ့သည်ကို တွေ့ရသည်။ မြန်မာ့စီးပွားရေး လုပ်ငန်းများအတွက် နည်းပညာ ထောက်ပံ့မှုများ ပြုလုပ်ပေးမည် ဟုလည်း တာဝန်ယူ ပြောဆိုသွားခဲ့သည်။

Xinhua သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နှင့် မေးခွန်းများ

မိုးမခ

မေ ၁၀၊ ၂၀၁၀

 

လူထုကို သစ္စာမဖောက်တဲ့ ပါတီသည် ရုပ်ဖျက်လှည့်ဖြားပြီးလည်း ရွေးကောက်ပွဲဝင်မည် မဟုတ်

ယမန်နေ့က ဆရာဦးဝင်တင်နဲ့ တွေ့ဆုံစဉ်မှာ ပထမဦးဆုံးမေးသည့် မေးခွန်းက မေ ၇ ရက်နေ့မှာ ဘာတွေ ဖြစ်သလဲ ဆိုတာဖြစ်ပါတယ်။ မေ ၆ ရက်မှာ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကြောင့် တရားဝင်ပါတီ မဖြစ်တော့ဘူးလို့ ဆိုနိုင်တာကြောင့် ပါတီဝင်များက ပါတီဌာနချုပ်မှာ စုဝေးခဲ့ကြပြီး ဖြစ်ပါတယ်။ နောက်တရက်မှာ ဘာဖြစ်သေးသလဲ၊ စစ်အုပ်စုက ပါတီကို မည်သို့ အနှောက်အယှက် ပေးရန် ကြိုးစားသေးသလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

"အခုအချိန်ထိကတော့ ပုံမှန်ပါပဲ။ ၄ ရက်နေ့မှာ ပါတီနဲ့ မဟာမိတ် စီအာရ်ပီပီတို့ နောက်ဆုံး အစည်းအဝေးသဘောမျိုး လုပ်ကြတယ်။ ၆ ရက်နေ့မှာ နောက်ဆုံးနေ့တခုအဖြစ် ပါတီမှာ ပါတီဝင်တွေ စုဝေးကြတယ်။ ၇ ရက်နေ့မှာ နယ်မြေလုံခြုံရေးတွေက ပါတီရုံးတ၀ိုက်က ဆိုင်တွေ၊ လဘက်ရည်ဆိုင်တွေ၊ လမ်းဘေးဆိုင်တွေကို မဖွင့်ရဘူးလို့ တားမြစ်ထားတယ်။ သောကြာနေ့မှာ ပါတီရုံးခန်းက ပုံမှန်ပဲ ရှိနေပါတယ်။ နောက် အမေရိကန်သံတမန်တွေ ဘာတွေက လာမယ် တွေ့မယ် စသည်ဖြင့် ပြောနေသံတွေ ကြားနေတော့ လောလောဆယ် ဘာမှ မဖြစ်သေးဘူးလို့ ပြောရမှာပေါ့"

ဒါပေမယ့် စစ်အစိုးရက သူတို့ရဲ့ ရွေးကောက်ပွဲကို အဆုံးစွန် ဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်တဲ့အတွက် ယခုနောက်ဆုံးရွေးကောက်ပွဲ မှတ်ပုံတင်ခြေလှမ်းအနေနဲ့ လက်ရှိ တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီရဲ့ အစိုးရအဖွဲ့ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လိုက်ပြီ ဖြစ်ပါတယ်။ အဲသည် ရွေးကောက်ပွဲ ဖြစ်မြောက်စေဖို့အတွက် အတိုက်အခံများကို နည်းလမ်းမျိုးစုံနဲ့ ပယ်ရှား ဖြေရှင်းပစ်မယ်ဆိုတာက သူတို့စစ်အုပ်စုသမိုင်းတလျောက်မှာ ထင်ရှားတဲ့ သာဓကတွေ ရှိခဲ့ပြီး ဖြစ်တယ်လို့ ဆွေးနွေးဖြစ်ပါတယ်။

" ငါတို့ကတော့ အားလုံးကို ရင်ဆိုင်လို့ ပြင်ဆင်ထားပြီးသားပဲ။ ဒီအတွက်လည်း အားလုံးက တညီတညွတ်တည်း ပါတီရဲ့ ရပ်တည်ချက်အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နေကြတာပဲ။ ငါကတော့ ဒီလိုပဲ ပြောချင်တယ်။"

အဲသည်မှာ ဆရာ့ကို မေးတဲ့ အချက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲ မှတ်ပုံတင်ရန် နောက်ဆုံးရက်နဲ့ အမီမှာ အင်န်အယ်ဒီပါတီက ခေါင်းဆောင်ဟု ဆိုသူ ၄ ဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦးနဲ့ ဦးသန်းငြိမ်းတို့က အမျိုးသားဒီမိုကရေစီ အင်အားစု အမည်နဲ့ ပါတီ မှတ်ပုံတင်လိုက်ကြတဲ့ ကိစ္စဖြစ်ပါတယ်။ မိခင်ပါတီရဲ့ အားလုံး တစုတဝေးတည်း ဆုံးဖြတ်ချက်ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေမှာ ထပ်မံမှတ်ပုံမတင် - ဆိုတဲ့ ဆုံးဖြတ်ချက်ကို ၎င်းတို့ကိုယ်တိုင် လက်ခံထားခဲ့ပြီးမှာမှ မိခင်ပါတီမှ စွန့်ခွာတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဒီကိစ္စကို ဘယ်လို သဘောထားသလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

"ကျနော့်အနေနဲ့ကတော့ ဒါဟာ ပါတီတွင်း ကိစ္စပဲလို့ သဘောထားပြီး၊ ဘာမှ ပြောမနေဘူးလို့ အစက သဘောထားတယ်။ နောက်ပိုင်းမှာ အခုလို သူတို့က အဖွဲ့ချုပ်ကို စွန့်ခွာပြီး ပါတီထောင်တယ်။ ပြီးတော့ သူတို့တွေ ပါတီတွင်းမှာကော၊ ပါတီပြင်ပမှာကော ပြောဆိုမှုတွေ၊ လှုပ်ရှားမှုတွေ လုပ်လာတယ်။ အဲသည်တော့ ကျနော့်အနေနဲ့ ခုလိုမျိုး စောစောစီးစီး ရှင်းထားနိုင်မှ တော်မယ်လို့ ထင်ပါတယ်။

ပထမသဘောထားကတော့ ဦးခင်မောင်ဆွေတို့အုပ်စုက ကျနော်တို့နဲ့အတူ ဒီမိုကရေစီရေးအတွက် လုပ်ခဲ့ကြသူတွေကပဲ။ အကျဉ်းထောင်ဒဏ်တွေ ကျခဲ့တယ်။ အဲသည်လိုမျိုးနဲ့ တွေးပြီးတော့ အခုချိန်မှာ သူတို့ ယုံကြည်ချက်၊ ဆုံးဖြတ်ချက်တွေနဲ့ ပါတီကနေ စွန့်ခွာသွားတာကို ဘာမှ ပြောမနေတော့ပါဘူးလို့ သဘောထားပါတယ်။ သူတို့နဲ့ သဘောချင်းတူတဲ့သူတွေလည်း သွားချင်သွားကြပါစေ၊ ပါတီရဲ့ ရပ်တည်ချက်ကို လက်မခံနိုင်လို့ သူတို့ဖာသာ ရပ်တည်ချင်လို့ သွားကြတာပဲလို့ တွေးပေးထားသေးတယ်။

 သို့သော် သူတို့လုပ်ခဲ့တာတွေကို ပြန်ကြည့်တဲ့အခါကျတော့ သူတို့က ပါတီတွင်းမှာလည်း ဟိုးတုံးကတည်းက ပါတီကို သူတို့ရဲ့လူနည်းစုသဘောထားနဲ့ စည်းရုံးလှုံဆော်ဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ အများစုရဲ့ တညီတညွတ်တည်း သဘောထားနဲ့ သူတို့သဘောထား မကိုက်ညီပြန်တော့လည်း ပါတီရဲ့ အားလုံးဆုံးဖြတ်ချက်ကို လိုက်နာမယ်လို့ ပြောဆိုပြီးကာမှ တဖက်မှာ ဒါကို ဆန့်ကျင်တဲ့ အယုံအကြည် မရှိတာမျိုး ပြောတယ်။ နောက်ဆုံးတော့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်ခံပြီး ပါတီ သွားထောင်တယ်။ ဒါမျိုးကိုတော့ ကျနော်တို့က မြင်တဲ့အတိုင်း၊ တွေ့တဲ့အတိုင်း ပြောရတော့မယ်"

အဲသည်မှာ ဦးခင်မောင်ဆွေတို့ အုပ်စုရဲ့ ပါတီတွင်း ပါတီပြင်ပက လှုပ်ရှားမှုတွေ၊ ပြောဆို စည်းရုံးမှုတွေက ဘယ်လိုမျိုး အကြောင်းအရာတွေ ဖြစ်နေသလဲ။ ဘယ်လိုမျိုး လှုပ်ရှားလာတာမျိုးတွေ မြင်လာရသလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

"ဥပမာအားဖြင့် ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်ရွှေကို ကြည့်ကြမယ်။ အခုအချိန်မှာ ဦးအောင်ရွှေက အများရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာတယ်။ ရပ်တည်တယ် လို့ ပြောလို့ရတယ်။ မတ်လ အစည်းအဝေးတွေမှာ နောက်ဆုံးအချိန်အထိ ဦးအောင်ရွှေဖက်က ရွေးကောက်ပွဲဝင်ကြဖို့ အဆိုတင်သွင်းခဲ့သူ တဦး ဖြစ်တယ်။ အဆိုပြုတယ်၊ ရှုံးတယ် ဒါပေမယ့် ဦင်္းအောင်ရွှေက ပါတီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာတယ်။ အခုအချိန်ထိ ပါတီထဲမှာ ရှိနေတယ်။

သို့သော်လည်း ဦးခင်မောင်ဆွေတို့ အုပ်စုကတော့ နောက်ဆုံးအချိန်အထိ ပါတီတွင်းမှာ နေပြီးတော့ ပါတီဝင်တွေကို ခွဲထုတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီကို သစ္စာရှိပါတယ်။ ပါတီ ပျက်စီးသွားတာကို မလိုလားပါဘူး ဆိုပြီး စကားလုံးတွေ သုံးစွဲပြီးတော့ တဖက်ကလည်း သူတို့က ဥပဒေတွင်းက လုပ်ကြမှာလို့ ပြောတော့ ပါတီရဲ့ ရပ်တည်ချက်ဟာ ဥပဒေပြင်ပရောက်အောင် တွန်းပို့လိုက်သလို ဖြစ်သွားတယ်။ ဥပဒေမလိုက်နာဘူးဆိုတဲ့စကားနဲ့အတူ အကြမ်းဖက်သမားတွေ လိုလို၊ ယူဂျီတွေလိုလို ပါတီကို ထိခိုက်နစ်နာအောင် လုပ်နေသလို ဖြစ်နေတယ်။

နောက်ပြီးတော့ ဦင်္းဉာဏ်ဝင်း ထောက်ပြခဲ့သလိုမျိုး - ပါတီရဲ့ ဆုံးဖြတ်ချက်၊ အားလုံးဆုံးဖြတ်ချက်နဲ့ ပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို ကန့်ကွက်တယ်။ ဒါကို လိုက်နာမယ်လို့ ပြောထားပြီးသားကနေ သူတို့က ချိုးဖောက်လိုက်တာ ဖြစ်တယ်။ ဆိုတော့ သူတို့က ပါတီကို သစ္စာရှိတာ မဟုတ်ဘူး ဆိုတာ ထင်ရှားတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာစောင့်သိတယ်လို့ ဆိုရအောင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သူ့သဘောထား ပြောခဲ့ပြီးပြီ။ ပါတီကို ထပ်ပြီး မှတ်ပုံမတင်ဘူး။ ဒါကို အားလုံးက ကြားသိပြီး ဖြစ်တယ်။ ဒါပေမယ့် သူတို့က တဖက်က အင်တာဗျုးတွေမှာ ဒေါ်စု ဆုံးဖြတ်ချက်တွေ သဘောထားတွေနဲ့ ပတ်သက်ပြီး ထိခိုက်တဲ့ သဘောထားတွေ ပြောလာပြန်တယ်။ ပြောကြတဲ့အထဲမှာ ဒေါ်စုကို ခေါင်းဆောင်နေရာက နေရာပေးထားမယ်တို့၊ ခေါင်းဆောင်အဖြစ်ကို ကြိုဆိုပါတယ်တို့ ပြောလာပြန်တော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပါတီရဲ့ ရပ်တည်ချက်ကို ဘယ်လိုမျိုး ဆက်လက်သယ်ဆောင်မှာမို့လို့ သူတို့တွေက ၂၀၁၀ ရွေးကောက်ပွဲဥပဒေအောက်မှာ သွားပြီး မှတ်ပုံတင်ကြရတာလဲ။ ဘယ်လိုမျိုး ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၀ ရွေးကောက်ပွဲ မှတ်ပုံတင်ထားတဲ့ ပါတီနဲ့ သက်ဆိုင်မှာလဲ - လို့ အငြင်းပွားစရာ ဖြစ်လာတယ်။"

အဲသည်မှာ မိုးမခက ဆွေးနွေးတာကတော့ - ဦးခင်မောင်ဆွေတို့ အုပ်စုက တဖက်က အင်န်အယ်ဒီပါတီနဲ့ ဒေါ်စုကို သစ္စာမဖောက်ဘူးလို့လည်း ပြောတယ်။ ပြီးတော့လည်း ပါတီနဲ့ ဒေါ်စုအပါအ၀င် အားလုံးရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်လို့ သူတို့ စွန့်ခွာ လာကြတယ် ပြောပြန်တယ်။ ဒါ့အပြင် အင်န်အယ်ဒီရဲ့ လမ်းစဉ်ကို မစွန့်ချင်လို့၊ ပါတီရဲ့ မပြီးဆုံသေးတဲ့ လုပ်ငန်းစဉ်တွေကို ဆက်လုပ်ဖို့ ၂၀၁၀ ရွေးကောက်ပွဲကို မှတ်ပုံတင်ကြတယ်လို့ ဆိုပြန်ပါတယ်။ သည်လိုမျိုး ရှေ့နောက်မညီတဲ့ စကားတွေ ထုတ်ပြန်ချက်တွေက လူထုကို မျက်စိလည်သွားအောင်၊ သူုတို့ကို အင်န်အယ်ဒီပါတီကိုယ်စားပြုသူတွေလို့ လူထုက ထင်ယောင်ထင်မှားဖြစ်သွားအောင် လှည့်စားသလိုမျိုး ဖြစ်နေသလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

"၁၉၉၀ ရွေးကောက်ပွဲကာလမှာတုံးက အင်န်အယ်ဒီကို ၀န်းရံဖို့ ကိုယ်ပွားပါတီတွေ ရှိဖူးတယ်။ အခုကိစ္စက ဒါမျိုးလုံးဝ မဟုတ်ဘူး ဆိုတာ ပြောချင်တယ်။ သူတို့ ထူထောင်လိုက်တဲ့ပါတီဟာ မူလအင်န်အယ်ဒီနဲ့ လုံးဝ သက်ဆိုင်ခြင်း မရှိဘူး။ အင်န်အယ်ဒီပါတီရဲ့ လမ်းစဉ်တွေ၊ သဘောထားတွေကို ဆက်လုပ်ဖို့ဆိုပြီး ထူထောင်တဲ့ ပါတီလည်း မဟုတ်ဘူး။ အင်န်အယ်ဒီအရေခြုံ တာမျိုးကို လက်မခံနိုင်ပါဘူး။

တလောက ကျနော့်အင်တာဗျူးမှာ အင်န်အယ်ဒီက ခေါင်းပြတ်မခံနိုင်ဘူး၊ ခြေပြတ် လက်ပြတ် ဖြစ်သွားရင်တောင် ခြေတု လက်တုနဲ့ ဆက်လုပ်မယ်လို့ ပြောလိုက်တော့ - အရှေ့ဖက်က နိုင်ငံကြီးတနိုင်ငံက (တရုတ်နိုင်ငံဟု မိမိတို့ ယူဆ - မိုးမခ) တဆင့်စကားနဲ့ မေးတယ် ဆိုတယ်။ အင်န်အယ်ဒီက ၂၀၁၀ ရွေးကောက်ပွဲကို ကိုယ်ပွားပါတီထောင်ပြီး ၀င်မှာလားဆိုပြီးတော့။ ဒီလိုမျိုး တချို့လူတွေက အထင်အမြင်တွေ ကောက်ချက်ဆွဲတာတွေ မှားကုန်တယ်။ ဒါကို ခုထဲက ရှင်းကာမှ တော်ရုံကြမယ်။

ပြီးတော့လည်း ဆန်းဒေးစကားဝိုင်းတခုမှာ ပြည်ပက ဒေါက်တာဆိုသူ တဦးက အခုလိုမျိုး အင်န်အယ်ဒီပါတီခွဲထောင်တာကို ထောက်ခံသလိုမျိုး သူတို့က ဘာညာ ပြောသွားတယ်။ ကြားရတဲ့သူတွေကို တွေဝေသွားအောင်၊ နားလည်မှုတွေ လွဲကုန်အောင် လုပ်သမျိုး ဖြစ်နေတယ်။

 အင်န်အယ်ဒီက ပါတီခွဲထောင်တာလည်း မရှိဘူး။ ပါတီက ဆုံးဖြတ်ထားတဲ့အတိုင်း ရွေးကောက်ပွဲလည်း မ၀င်ဘူး၊ မှတ်ပုံလည်း ထပ်မတင်ဘူး။ ဒါမျိုး ရပ်တည်ထားပြီး ဖြစ်တယ်။

အခုဟာက ဒီလိုမျိုး ရှင်း ရှင်း ရပ်တည်နေတာကို အပြင်ကနေပြီး ရှုပ်လာတယ်။ ကျနော်က အခုလို ပြောနေတာက တဖက်သားကို ဝေဖန်တိုက်ခိုက်နေတာ မဟုတ်ဘူး။ ပါတီရပ်တည်ချက်နဲ့ သဘောထားကို ထိခိုက်လာတာတွေ၊ ရှုပ်ထွေးအောင် လုပ်လာတာတွေကို လက်မခံနိုင်လို့၊ ပြီးတော့ ပြည်သူလူထုကို နားလည်မှုလွဲမှားကုန်အောင် ပြောဆိုမှုတွေ ပေါ်မလာအောင်လို့ ကျနော်က ကာကွယ် ပြောဆိုနေရတာ ဖြစ်ပါတယ်။"

အဲသည်မှာ မိုးမခက ဆွေးနွေးတဲ့အချက်က လွန်ခဲ့တဲ့ နှစ်ဆန်းဝန်းကျင်မှာ ထိုင်းနိုင်ငံ ပြည်ပရောက်စာနယ်ဇင်းသမားတွေ ဦးစီးကျင်းပတဲ့ စာနယ်ဇင်းညီလာခံတခုမှာ ယခင်အကျဉ်းသားဟောင်းတဦးဖြစ်ခဲ့သူ ဒေါက်တာခင်ဇော်ဝင်းက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သဘောထားတွေ ပြောလာတယ်။ ဧပြီ ၆ ရက်နေ့မှာ အင်္ဂလိပ်ဘာသာ စာတန်းတခုကို ပြည်ပမှာ ထုတ်ဝေခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်ဟောင်းများ (ဦးဝင်းတင်၊ ဦးဉာဏ်ဝင်း) များက ပါတီကို နအဖ စစ်အုပ်စု စိတ်တိုင်းကျ ဖျက်ဆီးပစ်နေကြတယ်။ ဦးဝင်းတင်ဆီမှာ များပြားလှတဲ့ နိုင်ငံခြားအလှူငွေတွေ ရှိနေတယ်။ ပါတီကို အပ်နှံခြင်း မရှိဘူး။ အဲသည်မှာ ဦးခင်မောင်ဆွေတို့အဖွဲ့ရဲ့ "ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလွန်" နိုင်ငံရေးပါတီသစ်တခု ကို အားလုံးက ကြိုဆိုကြရမယ် ဆိုတဲ့သဘောမျိုး ရေးသားထားတာ၊ သူကိုယ်တိုင်ကပဲ မြန်မာပြည်နိုင်ငံရေးကို ၀င်ရောက် ရှင်းလင်းပေးနေရသူ ဆိုတဲ့ အတိုင်းအတာအထိ ပြောဆိုလာတာ ဖြစ်ပါတယ်။ ဒါတွေက ပြည်တွင်း ပြည်ပက မြန်မာနိုင်ငံရေးစိတ်ဝင်စားသူများ၊ လှုပ်ရှားနေသူများ အသိုင်းအ၀ိုင်းကြားမှာ အင်န်အယ်ဒီအမည်ကို ခုတုံးလုပ်ပြီး သူတို့ရဲ့ အာဘော်တွေကို ဖြန့်ချိလာတဲ့ သဘောလို့ ရှုမြင်ကြောင်း၊ အဲသည်အတွက်ကော စောစောစီးစီး သဘောထားပြောထားချင်ပါသလား ဆိုတာ ဖြစ်ပါတယ်။

"ကျနော် တဆင့်စကား ကြားနေရတာတွေ ရှိတယ်။ ခင်ဇော်ဝင်းက စာတန်းတွေ လျောက်ဖြန့်တယ်။ စသည်ဖြင့်။ ကျနော့်ကိုလည်း ပိုက်ဆံတွေ ပါတီကို မအပ်ဘူး ဘာညာပြောထားတယ်လို့ ဆိုတယ်။ ဒါတွေကို ကျနော် ဖြေရှင်းနိုင်ပါတယ်။ ကျနော့်ကိစ္စက အရေးမကြီးပါဘူး။ အဓိကကတော့ ပါတီရဲ့ ရပ်တည်ချက်နဲ့ မူဝါဒတွေ၊ ခေါင်းဆောင်မှုတွေကို သေးသိမ်အောင် ပြောဆိုလုပ်ကြံတာတွေကို ပြောမှ ဖြစ်မယ်လို့ ထင်ပါတယ်။

ပါတီက တခဲနက်ဆုံးဖြတ်ထားတာကို မတ်လ ၂၉ အစည်းအဝေးမှာ လက်ခံပြီးတော့မှ မေလ ၆ ရက်နေ့အထိ ပါတီတွင်းမှာ ရပ်တည်နေခဲ့ရာကနေ အနည်းစုဆန္ဒကို ပြန်လည် ဖော်ဆောင်ပြီး ပါတီတခု သွားထောင်တယ် ဆိုတာက ပါတီကို ပစ်ပယ်တာ ဖြစ်ပါတယ်။

ဟိုးရှေ့မှကတည်းက ကျနော်တို့ ပါတီဗဟိုခေါင်းဆောင် လက်ရှိ လှုပ်ရှားနေသူ ၁၆ ဦးမှာ အဲသည် ၄ ဦးက "အနည်းစုသဘောထား" ကို အမြဲတင်ပြ ဆွေးနွေးတယ်။ ကျနော်တို့ကလည်း အများသဘောနဲ့ ဖယ်ချတာမျိုး မဟုတ်ဘဲ အစည်းအဝေးမှာ လက်ခံ ဆွေးနွေးခဲ့ကြတာပဲ ဖြစ်တယ်။ မတ်လ ၂၉ ကြေညာချက်မှာတောင် ကျနော်တို့ "တညီတညွတ်တည်း ဆုံးဖြတ်တယ်" ဆိုတာကို ကန့်ကွက်ခဲ့ကြတယ်။ "အများသဘောတူ" ဆိုတဲ့ စကားလုံး သုံးပါလို့ ပြောလို့ ကျနော်တို့က ပြောင်းပေးခဲ့တယ်။ အဲသည်တော့ ကျနော်တို့က အဆိုတခုထပ်တင်ရတယ်၊ "အများသဘောတူ" ဆုံးဖြတ်တယ်။ "ကန့်ကွက်မည့်သူ မရှိ" လို့ ထည့်သွင်းချင်တယ်၊ သဘောတူသလားဆိုတော့ သူတို့က လက်ခံခဲ့ကြတယ်။

အခုလိုမျိုး ပါတီသဘောထားတွေကို ဆုံးဖြတ်ချက်ချစဉ်က သဘောတူခဲ့ပြီးတော့ နောက်ပိုင်းမှာ ပါတီတွင်း ပါတီပြင်ပ သွေဖီပြီး ပြောဆိုတာဟာ ပါတီပေါ်မှာ သစ္စာစောင့်သိတဲ့ သဘောမဟုတ်ဘူးလို့ ပြောချင်တယ်။ ပါတီရဲ့ မူဝါဒကို ပါတီဝင်တွေက ရပ်တည်ပေးကြတာဟာ လူပုဂ္ဂိုလ် တဦးတယောက်နောက် ကိုးကွယ်တာလဲ မဟုတ်ဘူး။ နောက်ပြီးတော့ လက်ရှိ ခေါင်းဆောင်မှု နောက်ကို မျက်စိပိတ် နားပိတ် လိုက်နေကြရတာလဲ မဟုတ်ဘူး။

ဒါပေမယ့် အခုကိစ္စမှာက ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာရှိတာတို့၊ ပါတီအပေါ် သစ္စာရှိတာတို့ထက် အရေးကြီးတဲ့ အချက်ကတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ တခဲနက် မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်ပြည်သူတွေပေးအပ်ခဲ့တဲ့ Mandate အပေါ်မှာ သစ္စာစောင့်သိခြင်း မရှိတာက အဓိက ဖြစ်သွားပြီ။

အင်န်အယ်ဒီပါတီကိုယ်တိုင်က ၉၀ ရွေးကောက်ပွဲမှ ပြည်သူလူထုရဲ့ အပ်နှံမှု၊လွှဲအပ်မှု (Mandate) နဲ့ တိုင်းပြည်ဒီမိုကရေစီရေးကို အကောင်အထည် မဖော်နိုင်ခဲ့တာကို အနှစ် ၂၀ လုံးလုံး အတွက် လူသိရှင်ကြား တောင်းပန်ခဲ့တယ်။ အနှစ် ၂၀ လုံးလုံးတောင် ပြည်သူ့ရဲ့ မဲင်းဒိတ်နဲ့ မဆောင်ရွက်နိုင်ခဲ့တာကို အမှန်အတိုင်း မ၀န်ခံလိုဘဲ၊ လက်မခံဘဲနဲ့  နောက်ရွေးကောက်ပွဲကို ဆက်သွားတာ၊ ပြည်သူတွေအပေါ်မှာ သစ္စာမရှိတာပဲလို့ ပြောချင်တယ်။

အင်န်အယ်ဒီပါတီက တောင်းပန်တယ်။ ၉၀ ရွေးကောက်ပွဲရဲ့ Mandate နဲ့ အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့ဘူး။ သို့သော် ပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်မခံဘူး၊ ကန့်ကွက်တယ်။ အင်န်အယ်ဒီဟာ ပြည်သူနဲ့ လက်တွဲပြီး ဆက်လက် ရပ်တည်သွားမယ်။ ဆက်လက် လှုပ်ရှားသွားမယ်ဆိုတာကို ပြောခဲ့ပြီး ဖြစ်ပါတယ်။

နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုတာကို သက်သေမထင်ရှားဘဲနဲ့ ဦးဉာဏ်ဝင်းစကားနဲ့ပဲ လက်ခံနေရတယ် ဘာညာစသည်ဖြင့် ပြောနေတာကလည်း ပါတီတွင်း ပါတီပြင်ပမှာ လူတွေကို နားလည်မှုလွဲအောင်၊ အထင်မှား အမြင်မှားအောင် ပြောတဲ့သဘောပဲလို့ ပြောချင်ပါတယ်။ ဒေါ်စုကို သစ္စာရှိမယ်လို့လဲ ပြောခဲ့တယ်။ ပြီးတော့ ဒေါ်စုစကားကို လက်မခံနိုင်ဘူး၊ သံသယရှိတယ်။ ဦးဉာဏ်ဝင်းတို့ ကျနော်တို့ကပဲ လုပ်ကြံနေသလိုပြောတယ် ဆိုတာက - ဒေါ်စုကိုကော၊ ပါတီကိုပါ ပျက်စီးအောင် လုပ်သလို ဖြစ်နေတယ်။ ဘယ်လိုလုပ်ပြီးတော့ အကျယ်ချုပ်ကျနေသူဆီက သက်သေတွေ တောင်းချင်ရတာတုံး။ ပြီးတော့ ဦးဉာဏ်ဝင်း ရှိတယ်၊ ဒေါက်တာတင်မျိုးဝင်း ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် သဘောထားတွေကို ကျနော်တို့က အလွဲသုံးတယ်ဆိုရင် ဒါမျိုးကို ဒီလောက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကာလမှာ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြီး တုန့်ပြန်မှာပဲ ဆိုတာ သိထားသင့်တယ်။

ဒီတော့ ဒီလိုမျိုးအသံတွေဆိုတာ - ပါတီက အပဲ့အစင်တွေရဲ့ သဘောထားတွေဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း သိကြစေချင်တယ်။ အင်္ဂလိပ်လိုဆိုရင်တော့ - Splinter Group လို့ပဲ သုံးရမယ်။ အပဲ့အစင်ကလေးတွေ ပေါ့ဗျာ။ Split Group ဟုတ်လား - ပါတီအကွဲအပြဲ မဟုတ်ဘူး။ ပါတီက အပဲ့အစင်တွေရဲ့ သဘောထားတွေ ဖြစ်တယ်။ အဲသည်လိုမျိုး ပြောချင်ပါတယ်။"

အဲသည်မှာ မေးတဲ့ မေးခွန်းကတော့ အနှစ် ၂၀ လုံးလုံး အင်န်အယ်ဒီပါတီက ပြည်သူလူထုရဲ့ Mandate နဲ့ အတူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဘူးဆိုတာက ဘာမှ မလုပ်ဘဲနဲ့ ဒီအတိုင်း ထိုင်နေလို့လား။ စစ်အစိုးရကို ဒီမိုကရေစီရေးလမ်းကြောင်းပေါ်ရောက်လာအောင် အင်န်အယ်ဒီက အခက်အခဲမျိုးစုံကြားက ဆောင်ရွက်ခဲ့တာတွေ ရှိခဲ့တယ် မဟုတ်ဘူးလား။ ယခု ၂၀၁၀ ရွေးကောက်ပွဲလမ်းကြောင်းက မြန်မာပြည်ဒီမိုကရေစီရေးကို မဦးတည်နိုင်ဘူးလား ဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။

"ခုချိန်မှာ အဓိကကတော့ အခြေခံဥပဒေအပေါ်မှာ အခြေပြုတဲ့ လှုပ်ရှားမှုတွေကို ပြန်ပြီး ကောက်နုတ်ပြပါ့မယ်။ ၁၉၈၈၊ ၁၉၈၉  စစ်အစိုးရ ကြေညာချက်များအရ အင်န်အယ်ဒီက ၁၉၉၀ ရွေးကောက်ပွဲကို ၀င်ရောက်ခဲ့တာ ဖြစ်တယ်။ ၁/၉၀ စစ်အစိုးရကြေညာချက်အရ ၉၀ ရွေးကောက်ပွဲအနိုင်ရ ပါတီ အင်န်အယ်ဒီဦးဆောင်ပြီးတော့ အခြေခံဥပဒေရေးဆွဲဖို့ ကျြိးစားခဲ့တယ်။ အဲသည်မှာ စစ်အစိုးရက ၅/၉၀ နဲ့ သူတို့ဦးဆောင်ပြီး အမျိုးသားညီလာခံနဲ့ အခြေခံဥပဒေဆွဲမယ်လို့ ပြောင်းပြီး ပြောပြန်တယ်။

နောက် ၉၀ နောက်ပိုင်း အမျိုးသားညီလာခံမှာ အင်န်အယ်ဒီ တက်ရောက်လာတော့လည်း နည်းမျိုးစုံနဲ့ ကန့်သတ်ခြင်း၊ ပိတ်ဆို့ခြင်းခံရတယ်။ ဒါကြောင့် ၁၉၉၅ နောက်ပိုင်းမှာ ပါတီက အမျိုးသားညီလာခံက သပိတ်မှောက်ခဲ့ရတယ်။

အဲသည်မှာ အဓိကအချက်ကတော့ တပ်မတော်က နိုင်ငံရေးမှာ ဦးဆောင်မှုအခန်းကဏ္ဍကနေ မဆင်းနိုင်ဘူးဆိုတဲ့ အချက်ကြောင့် အင်န်အယ်ဒီပါတီက လက်မခံနိုင်တဲ့အကြောင်း ပြောကြားခဲ့ပြီးဖြစ်တယ်။

ဒီနောက်မှာ သူတို့ရဲ့သဘောထားနဲ့ သူတို့ Road Map တွေ ချမှတ်တယ်။ ၂၀၀၈ မှာ သူတို့ စိတ်တိုင်းကျ အခြေခံဥပဒေကို ထုတ်ပြန်တယ်။ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်တဲ့ အခြေခံဥပဒေမဟုတ်တဲ့အတွက် အင်န်အယ်ဒီက ကန့်ကွက်ခဲ့တယ်။

အခု အဲသည် အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေတို့၊ ရွေးကောက်ပွဲတို့ လုပ်လာပြန်တဲ့အတွက် အင်န်အယ်ဒီပါတီက ကန့်ကွက်တဲ့ အနေနဲ့ မိမိတို့ ရပ်တည်ချက်ကို ဆောင်ရွက်ရတာ ဖြစ်တယ်။ ဒီလိုမျိုး အင်န်ယ်ဒီက တလျောက်လုံးမှာ တိုင်းပြည်ရဲ့ အခြေခံဥပဒေနဲ့ ပတ်သက်ရင် ပြည်သူလူထုနဲ့ ဒီမိုကရေစီရေးအတွက် ရပ်တည်ခဲ့တယ်။

ပြည်သူလူထုတွေကော၊ ကျောင်းသားလူငယ်တွေ အားလုံးက သိကြပါတယ်။ အခုလာမယ့် ရွေးကောက်ပွဲဆိုတာ ဘယ်လိုမျိုးလဲဆိုတာ သူတို့ သိကြပါတယ်။ ဒါပေမယ့် အင်န်အယ်ဒီနဲ့ ပတ်သက်ပြီးတော့ အားလုံးက ရှင်းရှင်းလင်းလင်း သိထားကြစေချင်ပါတယ်။ အင်န်အယ်ဒီဟာ လူထုကို လှည့်ဖြားပြီးတော့ ဘာမှ မလုပ်ဘူး။ အင်န်အယ်ဒီနံမယ်နဲ့လည်း ရွေးကောက်ပွဲ မ၀င်ဘူး။ အင်န်အယ်ဒီက ကိုယ်ပွားတွေ ကိုယ်ခွဲတွေနဲ့လည်း ရွေးကောက်ပွဲမ၀င်ဘူး။ ပါတီပြိုကွဲအောင် ပျက်စီးအောင်လည်း မလုပ်ဘူး။ ပြည်သူတွေကိုလည်း သစ္စာမဖောက်ဘူး။ ဒါမျိုး ပြောလိုက်ချင်ပါတယ်။"

မိုးမခနဲ့ ဆရာဦးဝင်းတင် မေလ ၉ ရက် နေ့ နံနက်ခင်းပိုင်းက ပြောဆိုခဲ့သမျှထဲက ကောက်နုတ်ဖော်ပြတာ ဖြစ်ပါတယ်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 9th May 2010

နယူးယောက် Times Square တွင် ကားဗုံးခွဲရန် ကြံစည်မှု နောက်ကွယ်၌ ပါကစ္စတန် တာလီဘန်များ ပါဝင်ကြောင်း အမေရိကန် ပြည်ထောင်စုတွင် အထောက်အထားများ ရရှိထားသည်ဟု ရှေ့နေချုပ် Eric Holder က ပြောကြားလိုက်သည်။

Mr Holder က ပြောကြားရာတွင် အဆိုပါ ကိစ္စတွင် စစ်သွေးကြွများက အကွက်ချ စီမံရာတွင် ငွေကြေး အပါအဝင် အကူအညီများ ပေးခဲ့ကြောင်း ဆိုသည်။

အဆိုပါ ဗုံးခွဲရန် ကြံစည်မှု အတွက် ပါကစ္စတန် နွယ်ဖွား အမေရိကန် နိုင်ငံသား တစ်ဦးအား ဖမ်းဆီးခဲ့သည်။

အမေရိကန်နိုင်ငံ Connecticut မှ Bridgeport တွင် နေထိုင်သူ အသက် ၃၀ အရွယ်ရှိ Faisal Shazhad သည် စစ်ဆေးသူများနှင့် ပူးပေါင်းခဲ့ပြီး၊ ၎င်းသည် ပါကစ္စတန်နိုင်ငံ Waziristan နယ်တွင် ဗုံး ပြုလုပ်သည့် သင်တန်း တက်ရောက်ခဲ့သည်ဟု ရှေ့နေများက ပြောခဲ့သည်။

"ကျွန်တော်တို့က အခု ဒီကိစ္စ နောက်ကွယ်မှာ ပါကစ္စတန် တာလီဘန်တွေ ပါဝင်တယ်ဆိုတာ ပြသနိုင်ဖို့ အထောက်အထားတွေကို တည်ဆောက်နေပါတယ်" ဟု Mr Holder က ယခု အပတ် ABC ရုပ်သံ လက်ရှိရေးရာ Talk Show တွင် ပြောကြားခဲ့သည်။

"ဒီကိစ္စ ပုံပေါ်လာအောင် သူတို့ ကူညီခဲ့တာပါ။ ငွေရေး ကြေးရေး ကိစ္စပါ ကူညီခဲ့တာ ကျွန်တော်တို့ သိပါတယ်။ Shazhad က သူတို့ခိုင်းတဲ့အတိုင်း လုပ်နေရတာပါ။" ဟု ၎င်းက ပြောသည်။

ပါကစ္စတန် အစိုးရ အနေဖြင့် ဗုံးခွဲရန် ကြံစည်မှု ကိစ္စအား သိရှိသည် ဆိုသည်ကိုမူ ဘာမျှ မပြောလိုကြောင်း Mr Holder က ပြောသည်။

၎င်းက ဆက်လက် ပြောကြားရာတွင် ယခု ကြံစည်မှု အတွက် စုံစမ်း စစ်ဆေးရာတွင် အစ္စလာမ်မာဘတ်၏ ပူးပေါင်း ပါဝင်မှု အဆင့်ကို Obama အစိုးရ အနေဖြင့် ကျေနပ်မှု ရှိကြောင်း ဆိုသည်။

၎င်းပြောကြားခဲ့သည့် အတိုင်းပင် အိမ်ဖြူတော် အကြမ်းဖက် တန်ပြန်ရေး အကြံပေး John Brennan က CNN သို့ ပြောကြားခဲ့ရာတွင် "Shazhad ဟာ ပါကစ္စတန် တာလီဘန် အဖွဲ့ ဖြစ်တဲ့ TTP ကိုယ်စား လုပ်ပေးနေရပုံပဲ။ ဒီအဖွဲ့ဟာ အယ်ကိုင်ဒါနဲ့ ရင်းနှီးတဲ့ မဟာမိတ် ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒီကိစ္စကို အထူးကိစ္စလို့ မှတ်ယူနေရပါတယ်" ဟု ပြောကြားခဲ့သည်။

အကယ်၍ ဤကိစ္စ မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့လျှင် အမေရိကန် ပြည်ထောင်စုတွင် အကြမ်းဖက် လုပ်ငန်း စီမံချက် အတွက် ပါကစ္စတန် တာလီဘန်များ၏ ပထမဆုံး အကြိမ် ပတ်သက်ခြင်းပင် ဖြစ်သည်ဟု ဝါရှင်တန်မှ ဘီဘီစီ သတင်းထောက် Madeleine Morris က သတင်းပေးပို့ခဲ့သည်။

ပြီးခဲ့သည့် စနေနေ့က ညနေပိုင်း လူစည်ကားချိန်တွင် Times Square ၌ ဗုံးကို ရှာဖွေ တွေ့ရှိခဲ့သည်။

Nissan Pathfinder တစ်စီးသည် Hazard အချက်ပြ မီးဖွင့်လျက် စက်နှိုးပြီး ထားခဲ့စဉ် မီးခိုးများ ထွက်နေသည်ကို လမ်းဘေး ဈေးရောင်းသူ တစ်ဦးက သတိပြုမိသဖြင့် ဗုံးရှင်းလင်းရေး အဖွဲ့များကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

နောက်မကြာမီ နာရီပိုင်း အတွင်း ပါကစ္စတန် တာလီဘန်များက ၎င်းတို့ လက်ချက် ဖြစ်ကြောင်း ပြောကြားခဲ့ရာ နယူးယောက် ရဲတပ်ဖွဲ့က ပယ်ချခဲ့သည်။ မြို့တော်ဝန် Michael Bloomberg က ယခု ဗုံးခွဲရန် ကြိုးစားမှုတွင် အယ်ကိုင်ဒါများ၏ လက်ရာဟု သော်လည်းကောင်း၊ အခြား အကြမ်းဖက် အဖွဲ့ကြီးများ၏ လက်ရာဟု လည်းကောင်း ပြောရမည့် သက်သေများ မတွေ့ရဟု ဆိုသည်။

သို့သော် မကွဲဘဲ ကျန်ရစ်သော ဗုံးသည် Mr Shahzad ကို ခြေရာခံမိရန် အရေးကြီးသော သက်သေ ဖြစ်သည်။

၎င်းကို ဗုံးကို ဖမ်းမိပြီး နှစ်ရက်အကြာ နယူးယောက် JFK လေဆိပ်မှ ဒူဘိုင်းသို့ သွားရောက်ရန် ကြိုးစားစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.