Transparency Myanmar

transparency.myanmar@gmail.com

AFP, 20th September 2010

ခေါင်းဆောင် ရာထူး လွှဲပြောင်းရေးအတွက် လမ်းဖောက်လိမ့်မည်ဟု မျှော်လင့်ရသော မြောက်ကိုးရီးယား အာဏာရ ပါတီ၏ ကြုံတောင့်ကြုံခဲ ညီလာခံမှာ ကျိုးကြောင်း မသိရဘဲ ကြန့်ကြာနေခဲ့ပြီးနောက် ယခု လကုန်တွင် ကျင်းပလိမ့်မည်ဟု နိုင်ငံပိုင် မီဒီယာက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

အနုပညာ ကဇာတ်အဖွဲ့များနှင့် တပ်မတော် စစ်တီးဝိုင်းများ၏ သြဂုတ်လအတွင်းက စွမ်းဆောင်မှုများသည် သမိုင်းဝင် ကိုယ်စားလှယ်များ စည်းဝေးကြမည့် စက်တင်ဘာလ အတွက် စိတ်ဓာတ် တက်ကြွစေခဲ့သည်ဟု ကွန်မြူနစ်ပါတီ အာဘော်  ရှီဒွန်းဆင်မန် သတင်းစာက ဆိုသည်။

၎င်းသတင်းစာ၏ မှတ်ချက်များကို မြောက်ကိုးရီးယား အစိုးရ၏ ယူရီမင်ဇိုကီရီ ဝက်ဘ်ဆိုဒ်တွင် တင်ထားသည်။ နှစ်ပေါင်း ၃၀ အတွင်း အကြီးမားဆုံး နိုင်ငံရေး စည်းဝေးပွဲ အဖြစ် ကျင်းပမည့် ညီလာခံသည် ခေါင်းဆောင်ပိုင်း အဆင့်ဆင့် အသစ် ခန့်အပ်ခြင်း၊ အလားအလာ ရှိသော မူဝါဒ အပြောင်းအလဲကို ထုတ်ပြန်ခြင်း၊ လက်ရှိ ခေါင်းဆောင် ကင်ဂျုံအီးက ၎င်း၏သား ကင်ဂျုံအန်းအား အာဏာ အမွေ လွှဲရန် လမ်းဖောက်ခြင်းတို့ကို ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ရသည်။

အဆိုပါ ညီလာခံကို စက်တင်ဘာ ပထမ လဝက် အတွင်း ကျင်းပရန် စီစဉ်ထားသော်လည်း ယခုတိုင် မစတင်နိုင်သေးဘဲ ကြန့်ကြာနေရခြင်း၏ အကြောင်းရင်းကိုလည်း မြောက်ကိုးရီးယား မီဒီယာက ဖော်ပြခြင်း မရှိသေးပေ။ လူပေါင်း ရာဂဏန်း သေဆုံးခဲ့ရသည့် တိုက်ဖွန်း မုန်တိုင်းနှင့် သြဂုတ်လ ရေဘေး ဒုက္ခတို့ကြောင့် ကွန်မြူနစ်ပါတီ ညီလာခံကို ရွှေ့ဆိုင်းထားကြောင်း မြောက်ကိုးရီးယားက နိုင်ငံတကာ အဖွဲ့အစည်းများအား ပြောခဲ့သည်ဟု တောင်ကိုးရီးယား သတင်းများက ဆိုသည်။

လက်ရှိ ခေါင်းဆောင် ကင်ဂျုံအီးသည် ၂၀၀၈ ခုနှစ်တွင် လေဖြတ် ဝေဒနာ ခံစားရပြီး နောက်ပိုင်း ၎င်း၏ နေရာ ဆက်ခံရေး အစီအစဉ်ကို အဆောတလျင် လုပ်ဆောင်ခဲ့သည်ဟု သိရှိရသည်။

ကွယ်လွန်သူ ကင်အီဆွန်းထံမှ အာဏာ လွှဲယူခဲ့သည့် လက်ရှိ ခေါင်းဆောင် ကင်ဂျုံအီး ပြီးလျှင် ဒုတိယ အကြိမ် ဖြစ်လာမည့် သားစဉ် မြေးဆက် အာဏာ ဆက်ခံမှုကို ထောက်ခံသူများအား ယခု ညီလာခံတွင် ချီးမြှောက် အားပေးမည့် လက္ခဏာ ရှိသည်။

အသက် ၂၇ နှစ် ဝန်းကျင်ရှိ သားငယ် ကင်ဂျုံအန်းကို အလယ်အလတ် အဆင့် ပါတီ ရာထူး ခန့်အပ်လိမ့်မည်ဟု အကဲခတ် လေ့လာသူများက ပြောကြားကြသည်။

ဂျပန် တိုကျိုရှင်ဘွန်း သတင်းစာတွင် မြောက်ကိုးရီးယား သတင်းရပ်ကွက်ကို ကိုးကား၍ ဖော်ပြရာတွင် ကွန်မြူနစ်ပါတီသည် ကင်ဂျုံအန်းအား ခေါင်းဆောင်အမွေ ဆက်ခံမည့်သူ အဖြစ် တရားဝင် အစီရင်ခံစာတွင် ဖော်ပြခဲ့သည် ဟုဆိုသည်။

ကွန်မြူနစ် အလုပ်သမား ပါတီသည် အဆိုပါ အစီရင်ခံစာကို သြဂုတ်လအတွင်းက အထက်တန်း ပါတီဝင်များအား ပညာပေးရာတွင် အသုံးပြုခဲ့သည်ဟု ဂျပန် သတင်းစာက ဖော်ပြခဲ့သည်။

ပါတီ၏ ဗဟို အချက်အချာ ပြုံယမ်းနယ်မြေမှ  ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်များထံမှ ပြန့်နှံ့သွားခဲ့သော ၎င်းအစီရင်ခံစာကို မှတ်တမ်း တင်ထားသည့် ဓါတ်ပုံများကို ဂျပန်နေ့စဉ် သတင်းစာက ရရှိခဲ့သည်ဟု ဆိုသည်။

ဂျပန်သတင်းစာ၏ အဆိုအရ ၎င်းအစီရင်ခံစာတွင် "ကင်ဂျုံအန်းသည် ကြည်ညို လေးစားဖွယ် ခေါင်းဆောင်ကြီး ကင်ဂျုံအီးနှင့် လေးစားရသော မိခင်ကြီးထံမှ တော်လှန် ပြောင်းလဲသော ပညာနှင့် သြဇာကို လက်ခံ ရရှိထားကြောင်းနှင့် စစ်ရေး ဦးစားပေး ဆောင်ဂန် တော်လှန်ရေး၏ ကြီးမြတ်သော အမွေ ဆက်ခံသူ ဖြစ်လာရန် အတွက် လိုအပ်သော ဂုဏ်သိက္ခာနှင့် အရည်အသွေးများဖြင့် ပြည့်ဝသူ ဖြစ်သည်'' ဟု ဖော်ပြထားကြောင်း သိရှိရသည်။

"ခေါင်းဆောင်ကြီး 'ကင်'သည် ကလောင်တံနှင့် ဓားသွား၏ အနုပညာများ ဖြစ်သော အရာရာကို အောင်နိုင်သည့် တပ်မှူး တစ်ယောက်၏ အရည်အသွေးများ၊ အကောင်းဆုံး နိုင်ငံ့ခေါင်းဆောင် တစ်ယောက်၏ အရည်အသွးများ ပါဝင်သည့် ၎င်း၏ နှလုံးသားကို သားဖြစ်သူအား ပေးအပ်ခဲ့သည်''ဟု အမွှမ်းတင် ဖော်ပြထားကြောင်း ဂျပန် သတင်းစာက ဆက်လက် ဖော်ပြခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, by Ron Corben, 19th September 2010

မြန်မာ စစ်အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများကြား ပဋိပက္ခများ တိုးလာခြင်းသည် မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် လူသားချင်း စာနာ ထောက်ထားခြင်း မရှိသော ပြဿနာများကို ပိုဖြစ်စေပြီး၊ လူနေမှု ဘ၀များနှင့် ၀င်ငွေများ ဆုံးရှုံးရသော လူများ၊ နေစရာ မရှိသောလူများ တိုးပွားလာရသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော ကရင် ဆရာဝန်တစ်ဦးက သတိပေး ပြောကြားရာတွင် ထောင်ပေါင်းများစွာသော သူများသည် ဆောက်တည်ရာ မရခြင်းကြောင့် ကလေး စွန့်ပစ်မှုများ ပိုဖြစ်လာသည် ဟု ဆိုသည်။

ထိုင်း-မြန်မာ နယ်စပ် စုပေါင်း အဖွဲ့ကြီးက ပြောကြားရာတွင် မြန်မာနိုင်ငံ အရှေ့ပိုင်း ကျေးရွာများတွင် လူပေါင်း (၄၇၀၀၀၀) သည် နေစရာ နေရာ အတည်တကျ မရှိကြပေ။ စစ်အစိုးရကလည်း စီးပွားရေးကို ပိုမို ချုပ်ကိုင်လာရာ လက်ရှိ ပဋိပက္ခများကြောင့် အဆိုပါ ကိန်းဂဏန်းမှာ တိုးတက်လျက် ရှိသည်။

အဖွဲ့ကြီး၏ အဆိုအရ ထိခိုက်မှု အများဆုံး ရှိသော အဓိက နေရာများမှာ ရှမ်း၊ ကရင်၊ ကရင်နီနှင့် မွန်ဒေသများတွင် ဖြစ်ပြီး လူပေါင်း (၂၃၀၀၀၀) ခန့်မှာ အပစ်အခတ် ရပ်ထားသော ဧရိယာများတွင် ယာယီ နေရာချထားခြင်း ခံရသည်။ (၁၁၀၀၀၀) ကျော်မှာ စစ်တိုက်နေခြင်းကြောင့် တောနက်ထဲတွင် ပုန်းနေကြရသည်။ နောက်ထပ် (၁၂၈၀၀၀) ခန့်မှာ ရွာများကို စွန့်ခွာ၍ ကြုံရာနေရာတွင် ရွေ့ပြောင်း နေထိုင်နေကြရသည်။

ထို့ကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသူများ ပိုမို များပြားလာပြီး ထိုင်းနယ်စပ်မြို့ မဲဆောက်တွင် အရေးပေါ် ဆေးကုသမှု လာရောက် ခံယူကြသည်။

အဆိုပါ ဆေးခန်းကို ကရင် ဆရာဝန် တစ်ဦးဖြစ်သူ စင်သီယာမောင်က ကြီးကြပ်လျက် ရှိသည်။ သူမ သည် ၁၉၈၈ အရေးအခင်း ကာလက စစ်အစိုးရက ဒီမိုကရေစီ ဘက်တော်သားများအား ချေမှုန်းခြင်းကြောင့် ထွက်ပြေးလာသူ ဖြစ်သည်။

"စစ်တပ်ဟာ တိုင်းရင်းသား နယ်မြေတွေမှာ အင်အား တိုးချဲ့ထားပြီး၊ တံတား ဆောက်တာတို့၊ ရေအားလျှပ်စစ်တို့ စတဲ့ ဖွံ့ဖြိုးမှု လုပ်ငန်းတွေကို လုပ်နေပါတယ်" ဟု သူမက ပြောသည်။ "သူတို့ တစ်ခုခု လုပ်တိုင်း လူအများကြီးကို နေရာတွေ ရွေ့ပြောင်းပစ်တယ်။ ဒါကြောင့် ကျွန်မတို့ကတော့ စစ်တပ်က အာဏာ ဆက်ကိုင်ထားတာနဲ့အမျှ နယ်စပ်တွေမှာ ရွေ့ပြောင်းမှုတွေ၊ လူသားချင်း မစာမနာတဲ့ ပဋိပက္ခတွေ ပိုဖြစ်လာမှာကို စိတ်ပူတယ်" ဟု သူမက ပြောသည်။

အဆိုပါ ဆေးခန်းသည် လက်ရှိအားဖြင့် တစ်နှစ်လျှင် လူနာ တစ်သိန်းကျော် ကြည့်ပေးနေရပြီး တစ်နှစ်လျှင် လူနာဦးရေ ၂၀ % ခန့် တိုးလျက် ရှိသည်။ အဆိုပါ လက္ခဏာသည် နိုင်ငံတွင်း ရွေ့ပြောင်းရမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ညံ့ဖျင်းမှုကို ပြသနေခြင်း ဖြစ်သည်။

ဆေးခန်းတွင် AIDS လူနာများ၊ HIV ပိုးရှိသူများ တိုးပွားလာနေကြောင်း၊ ကိုယ်ဝန်ဆောင်များ ၏ ၈ % ခန့်သည် အသည်းရောင်ရောဂါ ဘီပိုးများ ရှိကြောင်း စင်သီယာမောင်က ပြောသည်။

မဲဆောက်ရှိ အသိုင်းအ၀ိုင်းများကလည်း တိုးပွားလာသော အစွန့်ပစ်ခံ ကလေးများကို စောင့်ရှောက်လျက် ရှိသည်။ ဆေးခန်းနှင့် ဆက်ထားသော ဒေသန္တရကျောင်း (၆၂) ကျောင်းသည် မဲဆောက် ဧရိယာရှိ ရွေ့ပြောင်း လုပ်သားများနှင့် ဒုက္ခသည်များ၏ ကလေး (၁၂၀၀၀) ခန့်ကို စာသင်ပေးနေရသည်။ မိဘများသည် လူမှုရေးဘ၀များ ဆုံးရှုံးရသောအခါ ကလေးများမှာ ကျန်ရစ်ခဲ့ရသည်ဟု ဒေါက်တာ စင်သီယာမောင်က ပြောသည်။

"သူတို့ အလုပ်အကိုင် ပိုကောင်းတာ မရမချင်း၊ သူတို့ဘ၀တွေပြန်မကောင်းလာမချင်း၊ ကျွန်မ တို့ အစွန့်ပစ်ခံကလေးတွေကို တွေ့နေရဦးမှာ" ဟု သူမက ပြောသည်။ "ထိုင်းနိုင်ငံကို အဖော် မပါပဲ ရောက်လာတဲ့ ကလေးတွေ အများကြီး၊ ဆေးရုံမှာ စွန့်ပစ်သွားတဲ့ ကလေးတွေလည်း ရှိတယ်" ဟု သူမက ဆိုသည်။

ကလေးများကို ဆေးရုံသို့ ဆေးထိုးလာစဉ် သို့မဟုတ် သားဆက်ခြားရေးအတွက် လာရောက်စဉ်များတွင် ပစ်ထားခဲ့တတ်ပြီး၊ အချို့ကျောင်းများတွင် ထားပစ်ခဲ့တတ်ကြောင်း၊ နယ်စစ်တွင် ဖြစ်နေသော လူမှုဒုက္ခများကို သူမက မီးမောင်း ထိုးပြသည်။

နိုဝင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သော်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဒေါက်တာ စင်သီယာမောင်က အဆိုး မြင်နေဆဲဟု ဆိုသည်။

လေ့လာသူများက အရပ်သား အစိုးရကို စစ်တပ်မှပင် ဆက်လက် ချုပ်ကိုင်ထားလိမ့်မည်ဟု မျှော်လင့်ကြပြီး စစ်တပ် ကျောထောက်နောက်ခံ ပြုသော ပါတီက ပါလီမန် အသစ်တွင် နေရာ အများဆုံး ရလိမ့်မည်ဟု ခန့်မှန်းထားကြသည်။ စစ်တပ် ကိုယ်တိုင်ကမူ ပါလီမန်တွင် ၂၅ % သော နေရာမှာ သေချာပြီး ဖြစ်သည်ဟု ဆိုကြသည်။

နောက်တက်မည့် အစိုးရတွင် စစ်တပ်၏ ဦးဆောင်မှု ကဏ္ဍ၏ ရလဒ်သည် နယ်စပ် ဒေသများတွင် ပဋိပက္ခများ ပိုမို ဖြစ်စေမည် ဖြစ်ကြောင်း စင်သီယာမောင်က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နှစ်နိုင်ငံ နယ်စပ်ဒေသ အဓိက ဝင်ပေါက် ပိတ်ပင်ရန် စစ်အစိုးရက ဆုံးဖြတ်ခဲ့မှုကြောင့် ထိုင်း-မြန်မာ ကုန်သွယ်ရေးမှာ ယခုနှစ်အတွင်း ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း အထိ ကျဆင်းမည်ဟု ခန့်မှန်းရကြောင်း မီဒီယာများက ရေးသား ဖော်ပြသည်။

ထိုင်းနိုင်ငံသည် နယ်စပ်ဒေသရှိ သောင်ရင်းမြစ် ရေကြောင်း စီးဆင်းမှု ပြောင်းလဲအောင် တမင်သက်သက် ပြုလုပ်ခဲ့သည်ဟု စွပ်စွဲ ပြောဆိုပြီးနောက် မြန်မာ စစ်အစိုးရက နှစ်နိုင်ငံ ကုန်သွယ်မှုအတွက် လွန်စွာ အရေးပါသော မြဝတီ-မဲဆောက် နယ်စပ် တံတားကို ပိတ်ပင်ရန် ဇူလိုင်လ ၁၂ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

အဆိုပါ တံတားကြီးသည် ရန်ကုန်နှင့် မန္တလေး ကဲ့သို့သော မြို့ကြီးများ အတွက် ထိုင်းနိုင်ငံမှ ကုန်စည်များ တင်ပို့ရာတွင် အချက်အချာ ကျသည့် ကုန်းလမ်း ၀င်ပေါက် တစ်ခုလည်း ဖြစ်သည်။  "မနှစ် (၂၀၀၉ ခုနှစ်) နဲ့ ယှဉ်ကြည့်မယ် ဆိုရင် ဒီနှစ် ထိုင်း-မြန်မာ ကုန်သွယ်ရေးဟာ ၂၀ ရာခိုင်နှုန်း ကနေ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းလာဖွယ် ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နယ်စပ်ဝင်ပေါက် ပိတ်ပင်ခံ လိုက်ရတဲ့ ကိစ္စဟာ စီးပွားရေး လုပ်ငန်းတိုင်းကို ထိခိုက်စေခဲ့လို့ပါပဲ" ဟု ရန်ကုန် အခြေစိုက် ထိုင်းစီးပွားရေး အတိုင်ပင်ခံ ပုဂ္ဂိုလ် Prajuab Supinee က Myanmar Times သို့ ပြောကြားသည်။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့သည့် ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ် အတွင်း ထိုင်း-မြန်မာ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ ၃ ဒဿမ ၅ ဘီလီယံ ဒေါ်လာအထိ ရောက်ရှိခဲ့ကြောင်း အစိုးရက ထုတ်ပြန်သော သတင်းများအရ သိရသည်။

မြန်မာနိုင်ငံက ထိုင်းနိုင်ငံသို့ နှစ်စဉ် သဘာဝ ဓာတ်ငွေ့ ၂ ဘီလီယံ ဒေါ်လာဖိုး တင်ပို့လျက် ရှိသည်။ အဆိုပါ သဘာဝ ဓာတ်ငွေ့ တင်ပို့မှုသည် မြန်မာ စစ်အစိုးရအတွက် ပို့ကုန် တင်ပို့မှု ရှယ်ယာ အများဆုံး ရသည့် ပမာဏ တစ်ခုလည်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလမှ သြဂုတ်လ အတွင်း နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှုမှာ ၁ ဒဿမ ၃ ဘီလီယံထိ ရှိခဲ့ကြောင်း Prajuab Supinee ကပြောပြသည်။ လက်ရှိ အနေအထားတွင် မြဝတီ မဲဆောက် နယ်စပ် တံတားအား နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ မတိုင်မီ ကာလအထိ ဖွင့်လှစ်ပေးဖွယ် မရှိဟု ကောလာဟလများ ထွက်ပေါ်လျက် ရှိသည်။

"နှစ်ဖက်စလုံးက ကုန်သွယ်ရေး လုပ်လိုကြတယ်" ဟု ၎င်းက ဆိုသည်။ နှစ်နိုင်ငံ ကုန်သွယ်မှု၏ ၆၀ ရာခိုင်နှုန်းသည် မြဝတီ-မဲဆောက် စစ်ဆေးရေးဂိတ်မှ ဖြတ်သန်း ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း Prajuab Supinee ၏ အဆိုအရ သိရသည်။ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဘက် နိုင်ငံတစ်ခု ဖြစ်ပြီး တရုတ်မှာ ဒုတိယ နေရာတွင် ရှိသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံ ထုတ်ကုန် ပစ္စည်းများ ဝင်ရောက်မှုမှာ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း Prajuab Supinee က ဆက်လက် ပြောဆိုသည်။

"မြန်မာပြည်က ဖောက်သည်တွေက ထိုင်းနိုင်ငံ ထုတ်ကုန် ပစ္စည်းတွေကို သဘောကျ ကြပါတယ်။ ဒါပေမဲ့ တခါတလေ သူတို့ လိုချင်တိုင်း ဝယ်လို့ မရကြပါဘူး" ဟု ဆိုသည်။

Monster Sand Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အာဏာရ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်အဖြစ် ပြန်လည် ရွေးကောက် တင်မြှောက်ခံရပြီး သုံးရက် အကြာတွင် ဂျပန် ဝန်ကြီးချုပ် နာတိုကန်က အစိုးရ အဖွဲ့သစ် ဖွဲ့စည်းကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။

ဂျပန် အစိုးရအဖွဲ့သစ် ပြောင်းလဲ ဖွဲ့စည်းခြင်းမှာ ဂျပန် အစိုးရအပေါ် ပြည်သူလူထု၏ ထောက်ပံ့မှု ရယူလိုသောကြောင့် ဖြစ်နိုင်သည်ဟု လေ့လာ အကဲခတ်သူများက ဆိုသည်။ ယိုရှီဟီကိုနိုဒါမှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ် အရေးပါ အရာရောက်သည့် နေရာတွင် ဆက်လက် ကျန်ရစ်ပြီး စီးပွားရေး ဝန်ကြီးသစ်အဖြစ် ဘန်ရီကိုင်ဒါကို ခန့်အပ်လိုက်သည်။ မစ္စတာ ဘန်ရီကိုင်ဒါသည် ဝန်ကြီးချုပ် နာတိုကန်၏ နိုင်ငံရေး ပြိုင်ဘက်ဖြစ်သူ အီချိယိုအိုဇာဝါကို ထောက်ခံခဲ့သူ ဖြစ်သည်။

ဒီမိုကရက်တစ် ပါတီတွင်း ခေါင်းဆောင် နေရာလုပွဲတွင် ဂျပန်ဥပဒေပြု အမတ် ထက်ဝက်ကျော်က မစ္စတာ အိုဇာဝါကို ထောက်ခံမဲ ပေးခဲ့ကြရာ ယခုကဲ့သို့ မစ္စတာ ဘန်ရီကိုင်ဒါအား စီးပွားရေး ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ခြင်းသည် ပါတီတွင်း ညီညွတ်မှုများ ဖြစ်ပေါ်အောင် လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီးသစ်မှာ ဆိုင်ဂျီမီဟာရာ ဖြစ်သည်။ မစ္စတာ ဆိုင်ဂျီမီဟာရာသည် နယ်မြေ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားနေရသော ကျွန်းများအနီး ဂျပန် ကင်းလှည့် သင်္ဘောနှင့် တရုတ် ငါးဖမ်းသင်္ဘောတို့ တိုက်မိပြီးနောက် တရုတ် သင်္ဘောသား တစ်ဦးအား ဖမ်းဆီးခဲ့မှုကို ဖြေရှင်းရတော့မည် ဖြစ်သည်။ ၎င်းသည် ယခင်က သယ်ယူ ပို့ဆောင်ရေးဝန်ကြီး ဖြစ်ခဲ့ပြီး ယခင် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စတာ ကတ်ဆူရာ အိုကာဒါ နေရာ၌ အစားထိုး ခန့်အပ်ခံလိုက်ရခြင်း ဖြစ်သည်။

ကာကွယ်ရေး ဝန်ကြီး တိုရှီမိကစ်တာဇာဝါမှာ ၎င်း၏ ရာထူးတွင် ဆက်လက် တာဝန်ယူရမည် ဖြစ်ကြောင်း အစိုးရ အဖွဲ့ အတွင်းရေးမှူးချုပ် ယိုရှီတိုဆန်ဂိုကူက ပြောကြားသည်။

ယန်းငွေကိစ္စ

ယခု ရက်သတ္တပတ် အစောပိုင်းတွင် ဂျပန် ဘဏ္ဍာရေး ဝန်ကြီး ယိုရှီဟီတိုနိုဒါက ဂျပန်ယန်းငွေ အဆမတန် မြင့်တက်မှုကို ဝင်ရောက် လုပ်ကိုင်ရန် ကြိုးပမ်းခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် ခြောက်နှစ် ကာလ အတွင်း ဂျပန်ငွေကြေး ဈေးကွက်ကို အစိုးရ၏ ပထမဆုံး ဝင်ရောက် စွက်ဖက် လုပ်ကိုင်မှု ဖြစ်သည်။

ပို့ကုန် တင်ပို့မှုကို အဓိက မှီခိုနေရသော ဂျပန်စီးပွားရေးကို ကာကွယ်ရန် အစိုးရက ယင်းသို့ ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

တိုကျို အစိုးရ အနေဖြင့် အကယ်၍ လိုအပ်ပါက နောက်ထပ် တစ်ကြိမ် ဝင်ရောက် စွက်ဖက်ရဦးမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁၈ ရက်နေ့တွင် မစ္စတာ ယိုရှီဟီတိုနိုဒါက ပြောသည်။

ဂျပန်ဝန်ကြီးချုပ် နာတိုကန်က ၎င်းအနေဖြင့် ဂျပန်ကြွေးမြီ များစွာကို လျှော့ချပြီး ငွေကြေး သုံးစွဲမှုများကို ထိန်းချုပ်လိုကြောင်း ပြောဆိုထားသည်။ သို့သော် ၎င်းသည် ပါလီမန်တွင် အခက်အခဲ များစွာနှင့် ရင်ဆိုင်နေရသည်။ အကြောင်းမှာ အထက် လွှတ်တော်၌ ဒီမိုကရက်တစ် ပါတီက အမတ်နေရာ အနည်းငယ်သာ ရရှိထားသောကြောင့် ဖြစ်သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ် ယွမ်ငွေကြေး တန်ဖိုး မြင့်တက်အောင် လုပ်ကိုင်လာရေးအတွက် တရုတ် နိုင်ငံအပေါ် ဖိအားပေးရန် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Tim Geithner က ကွန်ဂရက် လွှတ်တော်ကို တိုက်တွန်း ပြောဆိုလိုက်သည်။ အမေရိကန် အစိုးရ အဖွဲ့သည် ဘေဂျင်း အစိုးရအနေဖြင့် ယင်းသို့ လုပ်ကိုင် ဆောင်ရွက်လာရေးအတွက် နည်းလမ်းများကို လေ့လာ ဆန်းစစ်လျက် ရှိသည်ဟု ဘဏ္ဍာရေး ဝန်ကြီးက ကွန်ဂရက်ကို ပြောကြားလိုက်သည်။

စက်တင်ဘာလ ၁၇ ရက်နေ့ အမေရိကန် ဆီးနိတ်နှင့် လွှတ်တော် ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ပြောဆိုရာ၌ ဘဏ္ဍာရေးဝန်ကြီး Tim Geithner က အမေရိကန် ဥပဒေပြုသမားများက တောင်းဆိုထားသည့် အတိုင်း တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ် ပိတ်ပင်မှုများ ပြုလုပ်ရန် ကတိကဝတ် ပြုရုံမှ တစ်ပါး အခြား နည်းလမ်း မရှိကြောင်း ပြောသည်။

ယွမ်ငွေတန်ဖိုး ကျဆင်းအောင် တရုတ်အစိုးရက ကြားဝင် ဆောင်ရွက်နေမှုကြောင့် အမေရိကန် စီးပွားရေး ထိခိုက် နစ်နာရမှုနှင့် ပတ်သက်၍ ကွန်ဂရက်တွင် မကျေမနပ် ဖြစ်လျက် ရှိသည်။ အမေရိကန် ကွန်ဂရက်၏ မကျေမနပ် ဖြစ်မှုများအပေါ် မစ္စတာ Tim Geithner က ယင်းသို့ သုံးသပ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တရုတ် အစိုးရကလည်း အမေရိကန်၏ ဝေဖန်ချက်အပေါ် ယခုကဲ့သို့ ထပ်မံ ဝေဖန်သည်။ "ကျွန်တော်တို့ တရုတ်အစိုးရ အနေနဲ့ ပြောချင်တာက ယွမ်ငွေတန်ဖိုး ပြင်ဆင် သတ်မှတ်တဲ့ ကိစ္စကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ ဘတ်ဂျက် လိုငွေပြတဲ့ ကိစ္စနဲ့ အလုပ်လက်မဲ့ ပြဿနာတွေကို ဖြေရှင်းလို့ ရမှာ မဟုတ်ဘူး ဆိုတာပါပဲ" ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Jiang Yu က ပြောကြားသည်။

စက်တင်ဘာလ ၁၆ ရက်နေ့တွင် နိုင်ငံခြား ငွေကြေး လဲလှယ်မှု ဈေးကွက်အတွင်း ဂျပန်ယန်းငွေ တန်ဖိုး အဆမတန် မြင့်တက်လာမှုကို ဂျပန်အစိုးရက စတင် ကြားဝင် ဖြေရှင်းရန် ကြိုးပမ်းခဲ့သည်။ တရုတ်ငွေကြေး ဈေးကွက်တွင် ဘေဂျင်းအစိုးရက ကြားဝင် စွက်ဖက်မှုကြောင့် ဖြစ်ပေါ်လာသည့် ဂယက် ရိုက်ခတ်မှုများနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မိကြောင်း ထုတ်ဖော် ပြောဆိုပြီးနောက် ခြောက်နှစ်အတွင်း ဂျပန်အစိုးရက ငွေကြေး ဈေးကွက်အတွင်း ဝင်ရောက် လုပ်ကိုင်မှုလည်း ဖြစ်သည်။

ဂျပန်အစိုးရ အနေဖြင့် ယန်းငွေကိစ္စကို ဝင်ရောက် ဖြေရှင်းရန် အသင့် အနေအထားတွင် ရှိကြောင်း ဝန်ကြီးချုပ် နာတိုကန်က စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြောဆိုသည်။ "ဂျပန် ယန်းငွေ တန်ဖိုး ဇောက်ထိုးမိုးမျှော် ဖြစ်နေတာကို ကျွန်တော်တို့ အစိုးရက လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး" ဟု ၎င်းက ပြောသည်။

ယွမ်ငွေတန်ဖိုးနှင့် ပတ်သက်၍ တရုတ်အစိုးရက လတ်တလော အလျှော့ပေးမှု အချို့ ပြုလုပ်လာခြင်းသည် အမေရိကန် ကွန်ဂရက်၏ ဖိအားပေးမှုကြောင့် ဖြစ်သည် ဟူသော အချက်ကို ဘဏ္ဍာရေး ဝန်ကြီး Tim Geithner က အသိအမှတ်ပြု လက်သင့်ခံသည်။ တရုတ် အစိုးရက ယွမ်ငွေတန်ဖိုးကို ဒေါ်လာထက် လျော့ကျအောင် နှစ်ပေါင်း ၂ နှစ်ခန့် ထိန်းချုပ်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဇွန်လတွင် စတင် ဖြေလျှော့ပေးမှုများ ပြုလုပ်ခဲ့သည်။ သို့သော် ယနေ့ အချိန်အထိ ယွမ်ငွေ တန်ဖိုးမှာ ၂ ရာခိုင်နှုန်း အောက်မျှသာ ပြန်လည် မြင့်တက် လာသေးသည်ကို တွေ့ရသည်။

"ဒီကိစ္စမှာ နှစ်ဖက်စလုံးက ဘယ်လောက် အတိုင်းအတာအထိ ရပ်တည်ချက် သဘောထားတွေ ခိုင်မာနေကြတယ် ဆိုတဲ့ အချက်ကို ပြည်သူတွေ သိဖို့ အင်မတန် အရေးကြီးပါတယ်" ဟု မစ္စတာ Tim Geithner က ဆိုသည်။ အမေရိကန် လွှတ်တော် အမတ်နှစ်ဦးက
ယွမ်ငွေကြေးအပေါ် တရုတ်နိုင်ငံ၏ ကိုင်တွယ် ထိန်းချုပ်ထားမှုအား တရားမဝင်သော ပို့ကုန်ငွေကြေး စိုက်ထုတ်ပေးမှု တစ်ရပ်အဖြစ် ကြေညာရန် အဆိုပြု မူကြမ်းတစ်ရပ် တင်သွင်းခဲ့သည်။ မစ္စတာ Geithner ကအဆိုပါ မူကြမ်းကို မိမိအနေဖြင့် လေ့လာခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော် ရှုပ်ထွေး နက်နဲသည့် ပုစ္ဆာတစ်ပုဒ် ဖြစ်နေကြောင်း ဆိုသည်။

အမေရိကန် လွှတ်တော်၏ ဥပဒေ လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကော်မတီ ဥက္ကဌ Sander Levin က အဆိုပါ မူကြမ်းဖြင့် တရုတ် နိုင်ငံအပေါ် ဖိအားပေးရေး၊ မပေးရေး ကိစ္စကို လာမည့် ရက်သတ္တပတ်တွင် အဆုံးအဖြတ် ပေးမည်ဟု ဆိုသည်။ ထို့ပြင် တရုတ်နှင့် ဖြစ်ပေါ်နေသော ငွေကြေး ပြဿနာအား ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ (WTO) သို့ တင်သွင်းရန်လည်း အကြံပြုသည်။

သို့ရာတွင် မစ္စတာ Tim Geithner က တရုတ်နိုင်ငံ အပေါ် ဖိအားပေးနိုင်သည့် တတိယမြောက် နည်းလမ်းတစ်ရပ်ကို ထုတ်ဖော် ပြောဆိုခဲ့သည်။ ယင်းမှာ နိုင်ငံခြား ငွေကြေး လဲလှယ်မှု အစီရင်ခံစာတွင် တရုတ်နိုင်ငံအား ငွေကြေး ကိုင်တွယ် ထိန်းချုပ်သူအဖြစ် သတ်မှတ် ဖော်ပြရန် ဖြစ်သည်။

အဆိုပါ အစီရင်ခံစာမှာ တောင်ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပမည့် ဂျီ-၂၀ ထိပ်သီး ဆွေးနွေးပွဲ မတိုင်မီ အောက်တိုဘာ လလယ်တွင် ရိုက်နှိပ် ထုတ်ဝေရန် ရှိသည်။

အမေရိကန် ဆီးနိတ်၏ ဘဏ်လုပ်ငန်းများ ဆိုင်ရာ ကော်မတီ အဖွဲ့ဝင် ဖြစ်သည့် Charles Schumer က "ကျွန်တော့် အနေနဲ့ နိဂုံးချုပ် ပြောချင်တာကတော့ ဒီဆွေးနွေးပွဲခန်းထဲမှာ တရုတ်နိုင်ငံဟာ ငွေကြေး ထိန်းချုပ်မှုတွေ လုပ်နေတာ မဟုတ်ဘူးလို့ ယုံကြည်နေတဲ့သူက တစ်ယောက်ပဲ ရှိတယ်။ အဲဒါ ခင်ဗျားပဲ" ဟု ဘဏ္ဍာရေး ဝန်ကြီး Tim Geithner ကို ပြစ်တင် ဝေဖန်လိုက်သည်။

Financial Times မှ သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အမေရိကန် ဒေါ်လာ သန်း ၆၅၀ ခန့် ကုန်ကျမည် ဖြစ်ပြီး မြန်မာနိုင်ငံ နယ်စပ် ဒေသသို့ ချိတ်ဆက်ပေးမည့် မီးရထားလမ်း ဖောက်လုပ်ရန် အိန္ဒိယ အစိုးရက အတည်ပြုပြီး ဖြစ်ကြောင်း အိန္ဒိယ ရထားပို့ဆောင်ရေး ဝန်ကြီးက ပြောကြားသည်။

မိုးရေးမြို့မှတစ်ဆင့် မဏိပူရပြည်နယ်၊ အနောက်ပိုင်း ဂျာရာဘန်းသို့ ချိတ်ဆက် ဖောက်လုပ်မည့် အဆိုပါ မီးရထားလမ်းသည် ကီလိုမီတာ ၂၀၀ ရှည်လျားမည် ဖြစ်ကြောင်း မီးရထား ဝန်ကြီး Rajan Velu က ယခု ရက်သတ္တပတ် အတွင်း ပြုလုပ်သည့် ပါလီမန် အစည်းအဝေးတွင် ပြောကြားသည်။

ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းအတွက် လိုအပ်သော လေ့လာ တိုင်းတာမှုများကို အိန္ဒိယ နိုင်ငံပိုင် Rail India Technical and Economic Services ကုမ္ပဏီ (RITES) က အပြီးသတ် ဆောင်ရွက်ခဲ့ပြီ ဖြစ်သည်။ RITES ၏ အဆိုအရ ရထားလမ်း ဖောက်လုပ်ရေး အတွက် ဘတ်ဂျက်ငွေ ဒေါ်လာ ၆၄၉ သန်းခန့် ရှိမည်ဟု ခန့်မှန်းရသည်။ အဆိုပါ ရထားလမ်းသည် အိန္ဒိယနှင့် အာဆီယံ နိုင်ငံများ၏ သဘော တူညီချက် တစ်ရပ် ဖြစ်သော အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ် ဒေသနှင့် မဲခေါင်မြစ် ဒေသအကြား စီးပွားရေး ချိတ်ဆက် လုပ်ကိုင်မှု အစီအစဉ် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

မြန်မာ အစိုးရက နိုင်ငံအတွင်းမှ ရထားလမ်းပိုင်းကို တိုးချဲ့ ဖောက်လုပ်ပေးမည်ဟု အစောပိုင်း ကာလက သဘော တူညီခဲ့ပြီး တမူနှင့် ဆက်ကြီးကြားမှ ရှိပြီးသား ရထားလမ်းပိုင်းကို ပြင်ဆင် မွမ်းမံခဲ့သည်။ သို့သော် အဆိုပါ ကိစ္စနှင့် ပတ်သက်သော ဖြစ်ပေါ် တိုးတက်မှု အဆင့်ဆင့်ကို သတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။

Irrawaddy သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy, By William Boot, 18th Sept 2010

အရှေ့တောင် အာရှ အသင်းကြီး ဖြစ်သော အာဆီယံသည် ကာကွယ်ရေး ဆိုင်ရာ စီးပွားရေး ပူးပေါင်း လုပ်ဆောင်ရန် ချဉ်းကပ်နေကြောင်း ဒေသတွင်း ကာကွယ်ရေး ဆိုင်ရာ လေ့လာသူ တစ်ဦး၏ အဆိုအရ သိရှိရသည်။

အဓိကမှာ အာဆီယံတို့ သဘောကျသော ဥရောပ သမဂ္ဂ မော်ဒယ် လက်နက်များနှင့် စစ်ရေးဆိုင်ရာ ကိရိယာများကို ဝယ်ယူခြင်း၊ ထုတ်လုပ်ခြင်းများကို ပူးပေါင်း ဆောင်ရွက်ရန် ဖြစ်သည်။ ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်ကို အောက်တိုဘာလတွင် ဗီယက်နမ်တွင် ကျင်းပမည့် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးတွင် ဆွေးနွေးလိမ့်မည် မျှော်လင့်ရသည် ဟု စင်္ကာပူရှိ Institute of Defence and Strategic မှ ဒုတိယ ဒါရိုက်တာ Ron Matthews က ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံသည်လည်း အာဆီယံ အဖွဲ့ဝင် (၁၀) နိုင်ငံ အစည်းအဝေးတွင် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုးရီးယား၊ ရုရှားနှင့် အမေရိကန်တို့မှ ကိုယ်စားလှယ်များနှင့် အတူ တက်ရောက်လိမ့်မည် ဖြစ်သည်။

ဥရောပ ကာကွယ်ရေး အေဂျင်စီ မော်ဒယ်ပေါ်တွင် တစ်စိတ်တစ်ပိုင်း အခြေခံသော ထုတ်လုပ်မှု ပူးပေါင်း ဆောင်ရွက်ရေး အဆင့်တစ်ခု အထိ အကောင်အထည် ဖော်ရန် အဆိုပြုချက်အား ဗီယက်နမ်တွင် ချပြ သဘော တူညီမှု ရလိမ့်မည် ဟု မျှော်လင့်ရကြောင်း Matthews က ပြောခဲ့သည်ဟု နောက်ဆုံးထုတ် Jane's Defence Industry တွင် ကိုးကား ဖော်ပြခဲ့သည်။

သို့သော် ဘန်ကောက်ရှိ ဥရောပ သမဂ္ဂ သံရုံးမှ  ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက အာဆီယံ နိုင်ငံများ အနေဖြင့် ကာကွယ်ရေး ဇာတ်ခုံတွင် အရောင်းအဝယ် အဆင့်တွင် ဆရာကြီး အဆင့်တွင် ရောက်ရှိရေး ပူးပေါင်း ဆောင်ရွက်ရန်မှာ အလှမ်းဝေး နေဦးမည်ဟု ယုံကြည်ကြောင်း ပြောခဲ့သည်။

"ထိုင်းနဲ့ ကမ္ဘောဒီးယားတို့လို အာဆီယံ အဖွဲ့ဝင် အချင်းချင်း စစ်ရေး အရ ပဋိပက္ခ ဖြစ်နေတာကို အသာထား၊ အဖွဲ့ဝင် နိုင်ငံ အချို့နဲ့ ပြင်ပက ဆွေးနွေးဖက်တွေ အနေနဲ့ ဒီကိစ္စမျိုးတွေကို မြန်မာနိုင်ငံလို စစ်အာဏာရှင် နိုင်ငံနဲ့ အလုပ်လုပ်ဖို့ အတော် ခက်ခဲပါလိမ့်မယ်'' ဟု အမည် မဖော်လိုသူ စစ်သံမှူး တစ်ဦးက ဧရာဝတီသို့ ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Times of India, 18th Sept 2010

အဖြူရောင် ပုလဲကုံး တသီတတန်းဟု တင်စား၍ ရသော တရုတ်များအား သတိမထားပါက တစ်ချိန်တွင် အိန္ဒိယအား အသက်ရှုကျပ်အောင် လည်ပင်း ညှစ်တော့မည် ဖြစ်သည်။ မြန်မာ၊ ပါကစ္စတန်နှင့် သီရိလင်္ကာတို့တွင် မဟာဗျူဟာမြောက် စီမံကိန်းများ စတင်ခဲ့ပြီးနောက် တရုတ် နိုင်ငံသည် ယခုအခါ ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းမြို့တော် စစ်တကောင်းနှင့် ရထားလမ်း ဖောက်ရန် နီးစပ်နေပြီ ဖြစ်သကဲ့သို့ ကော့ဘဇား ခရိုင်ရှိ ဆိုနာဒီယာ ရေနက်ဆိပ်ကမ်း တည်ဆောက်မှုကိုလည်း အကူအညီ ပေးဦးမည်ဟု သိရှိရသည်။

အထက်ပါ စီမံကိန်း ၂ ခုနှင့် ပတ်သက်၍ ပြီးခဲ့သော ၂ လအတွင်း ဘေဂျင်းနှင့် ဒါကာ အကြား ပျားပန်းခတ်မျှ လှုပ်ရှားခဲ့ကြသည်ဟု အိန္ဒိယ လုံခြုံရေးဌာနမှ တရုတ် လေ့လာ စောင့်ကြည့်သူများက ဆိုသည်။

ဘေဂျင်းသည် ဒါကာနှင့် တတ်နိုင်သမျှ အမြန်ဆုံး သဘောတူ စာချုပ် ချုပ်လိုခြင်းကြောင့် အဆိုပြုထားသော ၂ နိုင်ငံအကြား ၁၁၁ ကီလိုမီတာ ရထားလမ်းအတွက် အားလုံး ထောက်ပံ့မည် ဖြစ်ကြောင်း ကတိပေးရန် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး ကွင်ဂမ်ရောင်သည် ပြီးခဲ့သော လနှောင်းပိုင်းက ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟက်ဆီနာနှင့် တွေ့ဆုံခဲ့သည်။

ယခု စီမံကိန်းအရ ၁၁၁ ကီလိုမီတာ ရထားလမ်းသည် မြန်မာနိုင်ငံကို ဖြတ်သန်းကာ ယူနန်နှင့် စစ်တကောင်းကို ဆက်သွယ်မည် ဖြစ်သည်။ မလက္ကာ ရေလက်ကြားကို ဖြတ်သန်းရသည့် ကုန်သွယ်ရေး လမ်းကြောင်း အပေါ် မှီခိုနေရမှုကို လျှော့ချပစ်မည့် ယခု သုံးနိုင်ငံ ဆက်ကြောင်း စီမံကိန်းအတွက် တရုတ်က မြန်မာကို ချည်တုပ်ပြီး ဖြစ်သည်။

"တရုတ်က စစ်တကောင်း ဆိပ်ကမ်းမှာ ကူးသန်း ရောင်းဝယ်ရေးနှင့် မဆိုင်တဲ့ အဆောက်အအုံတွေ၊ ဝန်ဆောင်မှုတွေကို ရထားပြီးသားပါ။ စစ်တကောင်းမှာ တရုတ်တွေ  ခိုင်ခိုင်မာမာ ရပ်တည်လာခြင်းဟာ အိန္ဒိယ လုံခြုံရေးအပေါ် သက်ရောက်မှု ဖြစ်စေတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေရာဟာ ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက် နောက်ဖေးပေါက်ပါ" ဟု ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြားသည်။

မည်သို့ပင်ဖြစ်စေ ကျွမ်းကျင်သူများကမူ အိန္ဒိယနှင့် တရုတ်သည် အိန္ဒိယ သမုဒ္ဒရာ ဒေသအတွင်း မဟာဗျူဟာမြောက် လှုပ်ရှားခွင့် အတွက် ပြိုင်ဆိုင်ကြဖွယ် ရှိသောကြောင့် နောက်ပိုင်းတွင် ပို၍ ကြည့်ကောင်းသောပွဲ ဖြစ်လာမည်ဟု ပြောကြားသည်။

"ကျွန်တော်တို့က သာမန်အဆင့် တစ်ခုနဲ့ လှုပ်ရှားနေချိန်မှာ တရုတ်က မဟာဗျူဟာမြောက် လှုပ်ရှားနေပါတယ်။ ပထဝီ နိုင်ငံရေး စေ့ဆော်မှုတွေကြောင့် ပေါ်ထွက်လာတဲ့ ကြိုတင်လှုပ်ရှား လက်ဦးရေး မူဝါဒတွေ ကျွန်တော်တို့မှာ မရှိပါဘူး'' ဟု အိန္ဒိယ ပညာရှင်က ဆိုသည်။

တရုတ် နိုင်ငံသည် မဟာ ဗျူဟာမြောက် တည်ဆောက်မှု အဖြစ် အရှေ့ အာဖရိက၊ ဆေရှဲလ်၊ မော်လဒိုက်ဗ်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် ကမ္ဘောဒီးယားတို့နှင့် ရေကြောင်း ဆက်သွယ်မှုများ တိုးမြှင့် လုပ်ဆောင်လျက် ရှိသည်။

တရုတ်သည် အဓိက ရည်ရွယ်ချက်ဖြစ်သော စွမ်းအင် တင်သွင်းမှု လမ်းကြောင်း လုံခြုံရေးကို သေချာစေရန် လုပ်ဆောင်နေရင်း အိန္ဒိယနိုင်ငံကို ဝိုင်းရံနေခြင်း ဖြစ်သည်။ "တရုတ်ဟာ ဒီဒေသ (အိန္ဒိယ သမုဒ္ဒရာ ဒေသ) ကို စောင့်ကြည့်မယ့် သူ့ရဲ့ ဂြိုလ်တုတွေအတွက် အိန္ဒိယ သမုဒ္ဒရာ တလွှား မြေပြင်စခန်းတွေ လိုအပ်ပါတယ်'' ဟု စစ်ဖက် အရာရှိ တစ်ဦးက ဆိုသည်။

ဘလူချိစတန်တွင် တရုတ် အကူအညီဖြင့် ဂွါဒါ ရေနက်ဆိပ်ကမ်း တည်ဆောက်ခြင်းမှသည် တရုတ်-ပါကစ္စတန် ရထားလမ်းများ၊ ပါကစ္စတန်ပိုင် ကက်ရှ်မီးယားနှင့် ဂျီဂစ် ဘော်လစ်စတန်မှ စီမံကိန်းများစွာ အထိ လုပ်ဆောင်လျက် ရှိသော ပါကစ္စတန်မှာမူ ဤကိစ္စများတွင် လိုသည်ထက် ပိုနေသော ကုန်သွယ်ဖက် တစ်ဦးသာ ဖြစ်သည်။

"တရုတ်နိုင်ငံဟာ ကျွန်တော်တို့ အနီး ပတ်ဝန်းကျင်မှာ ခိုင်ခိုင်မာမာ နေရာယူဖို့ ဆက်လက် လုပ်ဆောင်နေပါတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ အလွန်အမင်း သတိထားဖို့ လိုအပ်နေပါပြီ" ဟု စစ်ဖက် အရာရှိ တစ်ဦးက ဆိုသည်။ အမှန်တကယ်မှာ ယခုအပတ် အစောပိုင်း ကျင်းပခဲ့သော အိန္ဒိယ ပူးတွဲ ဦးစီးချုပ်များ အစည်းအဝေးတွင် "အိန္ဒိယ သမုဒ္ဒရာနှင့် အရှေ့တောင် အာရှဒေသတွင် တရုတ်၏ မဟာ ဗျူဟာမြောက် ခြေဆန့်မှုကြောင့် ထွက်ပေါ်လာသော စိန်ခေါ်မှုများနှင့် ပတ်သက်၍ အိန္ဒိယ ထိပ်တန်း စစ်ဖက် အရာရှိများက နိုင်ငံရေး ခေါင်းဆောင်များကို သတိပေးခဲ့ခြင်း'' ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, By AFP, 18th Sept 2010

မြန်မာနိုင်ငံပိုင် မီဒီယာများက ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကို ဖျက်သိမ်းခံရမှုအတွက် ဆန့်ကျင်နေခြင်းများအား ရပ်ဆိုင်းရန်နှင့် နိုဝင်ဘာ ရွေးကောက်ပွဲကို နှောင့်ယှက်သူများအား ဖမ်းဆီး ထောင်ချမည် ဖြစ်ကြောင်း စနေနေ့က သတိပေးလိုက်သည်။

New Light of Myanmar တွင် ယခုအပတ် ဖျက်သိမ်းခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား တိုက်ရိုက် ဖော်ပြခြင်း မပြုဘဲ ပါတီတစ်ခုသည် ပြည်သူလူထုအား ဥပဒေကို နားလည်မှု လွဲအောင် ပြုလုပ်နေသည်ဟု ဖော်ပြထားသည်။

အဆိုပါ ဆောင်းပါးတွင် ပါတီသည် နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲအား သပိတ် မှောက်ခြင်းဖြင့် ဆန့်ကျင်ရန် ပြည်သူလူထုအား နားချလျက် ရှိသည်ဟု ဖော်ပြထားသည်။

ဆောင်းပါးတွင် တားမြစ်ချက်များကို စာရင်း ပြုစု ဖော်ပြထားရာတွင် လူတစ်ဦးအား မဲပေးခြင်း မပြုအောင် လိုအပ်သည်ထက် ပို၍ သြဇာ လွှမ်းမိုးအောင် ပြုခြင်း၊ တစ်စုံတစ်ခု ဖြစ်စေခြင်း၊ စာရေးခြင်း၊ ဖြန့်ဝေခြင်း၊ ပိုစတာများ အသုံးပြုခြင်းဖြင့် ရွေးကောက်ပွဲကို အနှောင့်အယှက် ပြုခြင်းများ ပါဝင်သည်။

အဆိုပါ အပြုအမူမျိုးကို ကျူးလွန်ပါက ထောက်ဒဏ် တစ်နှစ် (သို့မဟုတ်) ဒဏ်ငွေကျပ် တစ်သိန်း (စင်္ကာပူ ဒေါ်လာ ၂၀၈၄) ထက် မပိုသော ပြစ်ဒဏ် (သို့မဟုတ်) နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ဆောင်းပါးက ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၇ ရက်နေ့၌ ကျင်းပရန် စီစဉ်ထားသည့် ဒီမိုကရေစီ ရွေးကောက်ပွဲသည် လက်ရှိ စစ်အစိုးရ၏ အာဏာ ဆက်လက် တည်မြဲစေရန်သာ ဒီဇိုင်း ဆင်ထားခြင်း ဖြစ်ပြီး အတုအယောင်မျှသာ ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး William Hague က ပြောကြားသည်။

အဆိုပါ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရရှိအောင် စစ်အစိုးရ အာဏာပိုင်များက ဥပဒေဖြင့် ကန့်သတ် ပိတ်ပင်မှုများ ပြုလုပ်ခဲ့ရာ ယခုအခါ NLD မှာ နိုင်ငံရေးပါတီ အဖြစ်မှ ပျက်ပြယ်သွားပြီ ဖြစ်သည်။

နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲ မတိုင်မီ နှစ်လခန့် အလိုတွင် ဗြိတိန် အစိုးရက ယင်းသို့ သဘောထား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။  NLD အပါအဝင် အခြားသော တိုင်းရင်းသား လူနည်းစုများ ဦးဆောင်သည့် နိုင်ငံရေးပါတီ ငါးခုမှာလည်း တရားဝင် ပါတီအဖြစ်မှ ဖျက်သိမ်း ခံလိုက်ရပြီး ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။

သတင်း ပေးပို့ချက်များ အရ တိုင်းရင်းသား လူနည်းစုများ အများဆုံး နေထိုင်ရာ နေရာဒေသ အတော်များများတွင် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်မည် မဟုတ်ကြောင်း သိရသည်။

အဆိုပါ ဒေသများတွင် ရွေးကောက်ပွဲ မကျင်းပရသည့် အကြောင်းရင်းမှာ လွတ်လပ်ပြီး တရားမျှတမှု ရှိသော ရွေးကောက်ပွဲ ကျင်းပနိုင်သည့် အခြေအနေ မရှိသောကြောင့် ဖြစ်သည်ဟု နိုင်ငံပိုင် မီဒီယာများက ရေးသား ဖော်ပြသည်။

"မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကို ကြည့်ရင် ရွေးကောက်ပွဲဟာ စစ်အစိုးရ အတွက် ဖြစ်ပါတယ် ဆိုတဲ့ အချက်ကို ဖော်ပြနေရာ ရောက်ပါတယ်" ဟု မစ္စတာ William Hague က ပြောကြားသည်။ "ဒီရွေးကောက်ပွဲဟာ မြန်မာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အခွင့်အလမ်းတစ်ခု ဖြစ်သင့်ပါတယ်။ ရွေးကောက်ပွဲကြောင့် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့တဲ့ တိုင်းရင်းသား ပဋိပက္ခနဲ့ မလိုလားအပ်ပဲ ဖြစ်နေတဲ့ ဆင်းရဲ မွဲတေမှုတွေကို အဆုံးသတ် သွားသင့်တယ်" ဟု ၎င်းက ဆိုသည်။

"ဒီရွေးကောက်ပွဲ ဆိုတဲ့ အခွင့်အရေးဟာ ရိုက်ချိုးခံလိုက်ရတာကို တွေ့ရပါတယ်" ဟုလည်း ဆက်လက် ပြောသည်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ David Miliband ကလည်း မြန်မာ စစ်အစိုးရ၏ လုပ်ဆောင်ချက်များကို ပြစ်တင် ရှုတ်ချသည်။

"ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမှာ မဟုတ်ပါဘူး။ တကယ်တော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လုပ်နေတာတွေ အားလုံးဟာ စစ်အစိုးရ အာဏာ ဆက်လက် တည်တံ့ရေး အတွက်သာ ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

"မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမြင်တွေ ထိထိရောက်ရောက် ပိတ်ပင် ကန့်သတ်ခြင်း ခံနေရပါတယ်။ ပြည်သူတွေ အနေနဲ့လည်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုဖို့ အခွင့်အရေး မရှိပါဘူး။ မြန်မာ ပြည်သူတွေရဲ့ ကိုယ်စား ကျွန်တော်တို့ ဘာလုပ်မလဲဆိုတာ အရမ်းကို အရေးကြီးပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

Sky News မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.