Transparency Myanmar

transparency.myanmar@gmail.com

VOA News, 20th October 2010

ရဝမ်ဒါ၊ ယီမင်နှင့် ဆီးရီးယား တို့သည်လည်း မြန်မာ၊ မြောက်ကိုးရီးယားနှင့် Eritrea တို့နှင့် အတူ ကမ္ဘာပေါ်တွင် မီဒီယာများအပေါ် အရက်စက် အကြမ်းကြုတ်ဆုံး အုပ်စုသို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်း Reporter's Without Borders 2010 Press Freedom Index အရ သိရှိရသည်။

Reporter's Without Borders က ပြောကြားရာတွင် ၎င်း၏ စာရင်းရှိ အောက်ဆုံး ဆယ်နိုင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့်မှာ ပိုမို ဆိုးရွားလျက် ရှိကြောင်း ဆိုသည်။ အဆိုပါ နိုင်ငံများအနက် မည်သည့် နိုင်ငံက ပိုမို၍ ပြဿနာများကြောင့် ပြောရန် ခက်ခဲကြောင်း၊ အဘယ်ကြောင့် ဆိုသော် ထိုနိုင်ငံ အားလုံးသည် မီဒီယာအား နှိပ်ကွပ်လျက် ရှိပြီး သတင်းများနှင့် သတင်း အချက်အလက်များကို ၎င်းတို့ ပြည်သူများထံ မရောက်ရှိအောင် ပိတ်ဆို့လျက် ရှိသည်ဟု ၎င်းက ဆိုသည်။

ရဝမ်ဒါသည် ရာဇဝတ်မှု ကျူးလွန်သော အဆိုးဆုံး ဆယ်နိုင်ငံတွင် အပါအဝင် ဖြစ်သည်ဟု အစီရင်ခံစာ အရ သိရှိရသည်။ မီဒီယာ စောင့်ကြည့်ရေး အဖွဲ့မှ သုတေသန ဒါရိုက်တာ Gilles Lordet က ပြောကြားရာတွင် ရဝမ်ဒါ အစိုးရသည် ယခုနှစ် အစောပိုင်း ရွေးကောက်ပွဲတွင် မီဒီယာများကို နှိပ်ကွပ်ခဲ့သည်ဟု ဆိုသည်။

"ဒီနှစ် ဂျာနယ်လစ် တစ်ယောက် အသတ်ခံရပြီး၊ ဂျာနယ်လစ် အတော်များများ ထောင်ထဲ ရောက်နေပါတယ်" ဟု Lordet က ပြောသည်။ "သတင်းနဲ့ အင်တာနက်ဆိုဒ် တော်တော်များများကို ပိတ်ထားပြီး၊ ဂျာနယ်လစ်တွေဟာ အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေး ခိုလှုံကြရပါတယ်။ ဒါတွေကို သမ္မတ Paul Kagame ကိုယ်တိုင် တိုက်ရိုက် စီမံနေတာကို ကျွန်တော်တို့ တွေ့ရပါတယ်" ဟု ၎င်းက ပြောသည်။

ရဝမ်ဒါ အစိုးရကမူ ၎င်းတို့သည် စာနယ်ဇင်း လွတ်လပ်ခွင့်များကို ချိုးဖောက်နေသည် ဆိုသည့် စွပ်စွဲချက်များကို အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။ အစိုးရက ပြောကြားရာတွင် တိုင်းပြည်တွင် လုံခြုံရေးက အရေးကြီးသဖြင့် မီဒီယာများ အနေဖြင့် သွေးထွက်သံယို ရက်စက်မှုများကို မြှောက်ပင့် မပေးနိုင်ရန် လွတ်လပ်ခွင့် ပေးမထားခြင်း ဖြစ်ကြောင်း ဆိုသည်။

တရုတ်ပြည် သည်လည်း အဆိုးဆုံး စာရင်းတွင် ပါဝင်နိုင်သော နိုင်ငံ ဖြစ်သည်။ အစီရင်ခံစာတွင် တရုတ်နိုင်ငံ ထောင်ထဲတွင် ရှိနေသော ပူပူနွေးနွေး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လူ့အခွင့်အရေး လှုပ်ရှားသူ Lu Xiaobo ကို လွှတ်ပေးရန် တောင်းဆိုထားသည်။

သို့သော် တရုတ်နိုင်ငံ၏ အခြေအနေမှာ စာရင်း အောက်ခြေရှိ အခြား နိုင်ငံများလောက် မဆိုးရွားသေးကြောင်း Lordet က ပြောသည်။

"ဘလော့ဂါတွေရဲ့ အရွေ့ကို ကျွန်တော်တို့ ပိုပိုပြီး တွေ့လာရပါတယ်။ လူတွေလည်း  အင်တာနက်မှာ တက်ကြွနေပါတယ်။ အင်တာနက်မှာ သတင်းအတွက် လုပ်နေတဲ့ ဂျာနယ်လစ်တွေ ပြည်သူတွေဟာ အလွန်တရာ စတင် တက်တက်ကြွကြွ ရှိလာတာကို တွေ့ရပါတယ်" ဟု Lordet က ဖြည့်စွက် ပြောသည်။

အာရှ၏ ကွန်မြူနစ် နိုင်ငံ လေးနိုင်ငံသည် အစီရင်ခံစာ အောက်ဆုံး စာရင်း (၁၅) နိုင်ငံတွင် ပါဝင်လျက် ရှိပြီး၊ မြောက်ကိုးရီးယားသည် အောက်ဆုံးရှိ Eritrea နိုင်ငံ ပြီးလျှင် ဒုတိယ အဆိုးရွားဆုံး နိုင်ငံ ဖြစ်သည်။

အာဖရိက၏ ဆိုမာလီယာ နိုင်ငံသည်လည်း ရာဇဝတ်မှု ကျူးလွန်သော အဆိုးဆုံး နိုင်ငံ (၂၀) တွင် ပါဝင်သည်ဟု Lordet က ပြောသည်။

"ဆိုမာလီယာမှာ ရှိတဲ့ စာနယ်ဇင်းနဲ့ သတင်းစာ ဆရာတွေ အကြောင်း စဉ်းစားလိုက်ရင်၊ စိတ်ကုန်ဖို့ ကောင်းပါတယ်။ ဘာလို့လဲဆို စစ်ဖြစ်နေသလိုပဲ။ ဖရိုဖရဲနဲ့။ သတင်းစာ ဆရာတွေကို အကာအကွယ် ပေးဖို့ ကြီးမားတဲ့ ပြဿနာပဲ။ အခု လောလောဆယ်တော့ ဖြေရှင်းဖို့ မလွယ်သေးပါဘူး" ဟု Lordet က ပြောသည်။

Reporter's Without Borders 2010 Press Freedom Index ကို ၂၀၀၂ ခုနှစ်က စတင် ထုတ်ဝေပြီး ၎င်းသည် ၁၇၈ နိုင်ငံကို အဆင့် သတ်မှတ်ထားသည်။ ဥရောပ မြောက်ပိုင်း ခြောက်နိုင်ငံ ဖြစ်သော ဖင်လန်၊ အိုက်စလန်၊ နယ်သာလန်၊ နော်ဝေ၊ ဆွီဒင်နှင့် ဆွစ်ဇာလန်တို့သည် စတင် ထုတ်ဝေသော ၂၀၀၂ ကတည်းက စာရင်းတွင် အဆင့် သတ်မှတ်ချက် ထိပ်ပိုင်းတွင် ရှိနေခဲ့သည်။ ယခုနှစ်တွင် ပထမဦးဆုံး အကြိမ်အဖြစ် ကျူးဘားသည် အောက်ဆုံး ဆယ်နိုင်ငံ စာရင်းမှ လွတ်မြောက်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 20th October 2010

မြောက်ကိုးရီးယားသည် နျူကလီယာ ဆွေးနွေးပွဲများသို့ ပြန်လာရန် အသင့် ရှိသည်ဟု ကြေညာပြီး ရက်မကြာမီတွင်ပင် တတိယအကြိမ် နျူကလီယာ စမ်းသပ်မှုများ ပြုလုပ်ရန် ပြင်ဆင်နေပုံ ရသည်ဟု တောင်ကိုးရီးယား သတင်းစာက သတင်း ဖော်ပြခဲ့သည်။

သို့သော် တောင်ကိုးရီးယား အစိုးရ တာဝန်ရှိသူများက ပြောကြားရာတွင် ပြုံးယမ်း အနေဖြင့် စမ်းသပ်ရန် အဆင်သင့် ဖြစ်ကြောင်း ခိုင်မာသည့် သက်သေ မရှိသေးကြောင်း ဆိုသည်။ ဆိုးလ်နှင့် ယင်း၏ မဟာမိတ်များသည် မြောက်ကိုးရီးယား၏ နျူကလီယာ ဆိုင်ရာများ၏ တိုးတက် ဖြစ်ပေါ်မှုများကို အနီးကပ် စောင့်ကြည့်နေကြောင်း ပြောသည်။

အမေရိကန် ဂြိုဟ်တုသည် မြောက်ကိုးရီးယားတွင် 2006 ခုနှစ်နှင့် 2009 ခုနှစ်များက နျူကလီယာ စမ်းသပ်မှုများ ပြုလုပ်ခဲ့သည့် နေရာတွင် လူများနှင့် ယာဉ်များ ရွေ့လျားနေသည်ကို ထောက်လှမ်း တွေ့ရှိရသည်ဟု တောင်ကိုးရီးယား အကြီးဆုံးနှင့် အရောင်းရဆုံး သတင်းစာ Chosun Ilbo ၏ အဆိုအရ သိရှိရသည်။

"မကြာသေးမီက ထောက်လှမ်း တွေ့ရှိချက်များအရ Punggye-ri မှာ လူတွေ ယဉ်တွေ ပျားပန်းခတ်မျှ အလုပ်ရှုပ်နေတာ တွေ့ရပါတယ်" ဟု အတည် မပြုနိုင်သော အစိုးရ သတင်း တစ်ခု၏ ပြောဆိုမှုကို Chosum က ကိုးကား ဖော်ပြခဲ့သည်။

မြောက်ကိုးရီးယားသည် ပထမ စမ်းသပ်မှု နှစ်ခု ပြုလုပ်စဉ်က ဖျက်သိမ်းခဲ့သော ဥမင်လိုဏ်များအား ပြန်လည် ဖော်ထုတ်နေပုံ ရသည်ဟု အဆိုပါ သတင်း ရင်းမြစ်၏ အဆိုအရ သိရှိရသည်။

"ဒါပေမယ့် သူတို့ ချက်ခြင်းတော့ ဘာမှ လုပ်မယ့်ပုံ မပေါ်သေးပါဘူး။ တတိယအကြိမ် စမ်းသပ်မှု အတွက် ပြင်ဆင်မှု အသင့်ဖြစ်ဖို့ နောက်ထပ် သုံးလလောက် အချိန် ယူရမယ်လို့ မျှော်လင့်ရပါတယ်"ဟု အဆိုပါ သတင်းက ဆိုသည်။

သို့သော် တောင်ကိုးရီးယား၏ ပူးတွဲ စစ်ဦးစီး အရာရှိချုပ်များ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားရာတွင် ထိုသို့ ပြင်ဆင်နေကြောင်း အထောက်အထားများ မတွေ့ရဟု ပြောဆိုခဲ့သည်။

"အဲဒီသတင်းမှန်တယ်လို့ ပြောဖို့ ခိုင်မာတဲ့ အထောက်အထား မရှိသေးပါဘူး"ဟု ယင်းက သတင်းထောက်များသို့ ပြောသည်။ "ကျွန်တော်တို့ဟာ မြောက်ကိုးရီးယားရဲ့ နျူကလီယာ အဆောက်အဦတွေရဲ့ တိုးတက်မှုတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ဒီကိစ္စကို စိုးရိမ်တဲ့ အခြား နိုင်ငံတွေနဲ့လည်း သတင်း ဖလှယ်ပါတယ်"ဟု ယင်းက ပြောသည်။

အမည် မဖော်လိုသူ တောင်ကိုးရီးယား ကာကွယ်ရေး ၀န်ကြီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက AFP သို့ ပြောကြားရာတွင် ထိုသို့သော လှုပ်ရှားမှုများမှာ အမြဲတစေ တွေ့ရလေ့ ရှိကြောင်း၊ မဟာဗျူဟာ ကျသော စက်အစိတ် အပိုင်းများကို နေ့စဉ် ပြုပြင် ထိန်းသိမ်းခြင်းပင် ဖြစ်မည် ထင်ကြောင်း ပြောခဲ့သည်။

မြောက်ကိုးရီးယားသည် ပထမအကြိမ် နျူကလီယာ စမ်းသပ်မှုကို ၂၀၀၆ ခုနှစ်၊ အောက်တိုဘာတွင် လည်းကောင်း၊ ဒုတိယအကြိမ် စမ်းသပ်မှုကို ၂၀၀၉ ခုနှစ် မေလတွင် လည်းကောင်း၊ အရှေ့ မြောက်ပိုင်း Hamgyong နယ်ရှိ Punggye-ri တွင် ပြုလုပ်ခဲ့သည်။

Chosun မှ သတင်းသည် လာမည့် လတွင် အမေရိကန် သမ္မတ Barak Obama အပါအ၀င် ကမ္ဘာ့ ခေါင်းဆောင်များ တက်ရောက်မည့် G-20 အစည်းအဝေးအတွက် ဆိုးလ်က ပြင်ဆင်နေချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြောက်ကိုးရီးယားက စနေနေ့က ပြောကြားရာတွင် ယင်းသည် ခြောက်နိုင်ငံ နျူကလီယာ လက်နက် ဖျက်သိမ်းရေး အစည်းအဝေးသို့ ပြန်လည် ကျင်းပရန် ဆန္ဒရှိကြောင်း သို့သော် အမေရိကန်နှင့် အခြား နိုင်ငံများ အဆင်သင့် မရှိသေးသောကြောင့် အလျင်အမြန် မဖြစ်နိုင်သေးကြောင်း ပြောခဲ့သည်။

အမေရိကန် ပြည်ထောင်စုက ပြောကြားရာတွင် မြောက်ကိုးရီးယား အနေဖြင့် တောင်ကိုးရီးယားနှင့် ဆက်ဆံရေးကို ပြင်ရမည် ဖြစ်ကြောင်း၊ အခြားညှိနှိုင်းမှုများ မစတင်မှီ နျူကလီယာ လက်နက် ဖျက်သိမ်းရေးနှင့် ပတ်သက် ရိုးသားမှု ရှိရမည် ဖြစ်ကြောင်း ပြောခဲ့သည်။

တောင်ကိုးရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာန အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် မြောက်ကိုးရီးယား အနေဖြင့် ယင်း၏ နျူကလီယာ အဆောက်အဦများသို့ စစ်ဆေးသူများ ခွင့်ပြုသင့်ပြီး၊ ခြောက်နိုင်ငံ ဆွေးနွေးပွဲ မတိုင်မီ နျူကလီယာ လှုပ်ရှားမှုများ ရပ်ဆိုင်းထားကြောင်း ကြေညာရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယမန်နှစ်က သမ္မတ Lee Myung-bak က မြောက်ကိုးရီးယားကသာ နျူကလီယာများ လုံးဝ ဖျက်သိမ်းခဲ့မည် ဆိုပါက ကြီးမားသော စီးပွားရေး အကူအညီများ ပေးမည်ဟု ကမ်းလှမ်းချက်မှာ အသက်ဝင်လျက် ရှိနေသေးကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်ဟု Yonhap သတင်း အေဂျင်စီက ပြောသည်။

မြောက်ကိုးရီးယား၏ တစ်ခုတည်းသော မဟာမိတ်နှင့် စီးပွားရေးအရ မှီခိုမှု ပြုရသော တရုတ်ကလည်း ၂၀၀၃ ခုနှစ်က စတင် ကျင်းပခဲ့သော ခြောက်နိုင်ငံ အစည်းအဝေး ပြန်စရန် ဖိအားပေးလျက် ရှိသည်။

ညှိနှိုင်းမှုများ ပြန်လည် ပြုလုပ်ရေး အတွက် အလားအလာများမှာ တောင်ကိုးရီးယားနှင့် အမေရိကန်တို့က ဆိုးလ်၏ စစ်သင်္ဘောကို မြောက်ကိုးရီးယား၏ တိုပီဒိုက ပစ်ခတ်ခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့ခြင်း အကြောင်းကြောင့် မှေးမှိန်လျက် ရှိသည်။ ထိုကိစ္စကို မြောက်ကိုးရီးယားက ငြင်းဆိုခဲ့သည်။

၁၉၅၀-၅၃ ကိုးရီးယား စစ်ပွဲမှာ တရားဝင် ငြိမ်းချမ်းရေး စာချုပ် မရှိဘဲ အပစ်အခတ် ရပ်ရန် သဘော တူညီမှုဖြင့်သာ ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယန်းငွေ တန်ဖိုး ဆက်လက် မြင့်မားနေမှုနှင့် ပတ်သက်သော စိုးရိမ်မှုများကြောင့် လက်ရှိ ဂျပန် စီးပွားရေးမှာ လုံးလုံးလျားလျား ရပ်တန့်နေကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဂျပန် အစိုးရက ပြောကြားသည်။ စီးပွားရေးတွင် ပြန်လည် နာလန်ထူအောင် လုပ်ဆောင်မှုများ ရပ်တန့်လျက် ရှိသည်ဟုလည်း ဂျပန် ကက်ဘိနက် အဖွဲ့က ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ ကြေညာချက်သည် နှစ်နှစ်တာ ကာလအတွင်း ဂျပန် စီးပွားရေးနှင့် ပတ်သက်၍ အစိုးရ၏ အဆိုးမြင်သော ကြေညာချက် တစ်ရပ်လည်း ဖြစ်သည်။ ယန်းငွေ တန်ဖိုး မြင့်တက်ပြီး ဂျပန် ထုတ်ကုန် ပစ္စည်းများအပေါ် ကမ္ဘာလုံး ဆိုင်ရာ ဝယ်လိုအား ကျဆင်းလာခြင်းကြောင့် စီးပွားရေး ကျဆင်းရခြင်း ဖြစ်သည်ဟု ဆိုသည်။

လတ်တလော လများအတွင်း ဂျပန် စီးပွားရေးကို အဖတ်ဆယ် နိုင်သည်ဟု အစိုးရက ဆိုသော်လည်း ယခု ထုတ်ပြန်သော ကြေညာချက်အရ စီးပွားရေး အင်အား ဆက်လက် ချည့်နဲ့နေဆဲ ဖြစ်သည်။ ပြည်ပသို့ ကုန်ပစ္စည်း တင်ပို့မှု အလွန်အမင်း လျော့ကျမှုသည် အဓိက ပြဿနာ ဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် အာရှဒေသသို့ ကုန်ပစ္စည်း တင်ပို့မှုမှာလည်း လျော့နည်းလာရာ ပို့ကုန် စီးပွားရေး သမားများ ထိခိုက် နစ်နာရကြောင်း၊ အကြောင်းမှာ ယန်းငွေတန်ဖိုး မြင့်တက် နေသောကြောင့် ဖြစ်ကြောင်း ကြေညာချက်က ဆိုသည်။

ဂျပန် ယန်းငွေနှင့် အမေရိကန် ဒေါ်လာ လဲလှယ်မှု နှုန်းတွင် ယန်းငွေသည် နှစ်ပေါင်း ၁၅ နှစ်တာ ကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာ လအတွင်း ဂျပန် ဘဏ္ဍာရေး ဝန်ကြီးဌာနက နှစ်ပေါင်း ခြောက်နှစ်အတွင်း ငွေကြေး ဈေးကွက်ကို ပထမဆုံး ဝင်ရောက် ထိန်းချုပ်မှုများ ပြုလုပ်ခဲ့သော်လည်း ယန်းငွေတန်ဖိုး ပြန်လည် ကျဆင်းမှု မရရှိခဲ့ပေ။

ဂျပန်ဝန်ကြီးချုပ် နာတိုကန်က ငွေကြေး လဲလှယ်မှုနှုန်း နိမ့်ကျမှုနှင့် ရင်ဆိုင်နေရသော ပို့ကုန် သမားများ ခုသာခံသာ ရှိစေရေး အတွက် ယန်းငွေ ၅ ဒဿမ ၁ ထရီလီယံ (ဒေါ်လာ ၆၃ ဘီလီယံ) ကို အရေးပေါ် နာလန်ထူရေး အစီအစဉ်အဖြစ် ထုတ်ပေးခဲ့သည်။ အောက်တိုဘာလ ၁၉ ရက်၊ တိုကျို ငွေကြေး ဈေးကွက် ပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာလျှင် ဂျပန် ၈၁ ဒဿမ ၄၄ ယန်း ရှိသည်။ အစိုးရ အရာရှိကြီးများ အဆိုအရ စီးပွားရေး ကျဆင်းမှုသို့ ဆိုက်ရောက်သွားနိုင်ကြောင်း သတိပေး ပြောကြားသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ နိုင်ငံမှ ကချင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သော ကချင် လွတ်လပ်ရေး တပ်ဖွဲ့ (KIA) နှင့် မြန်မာ စစ်တပ်အကြား လိပ်ခဲတည်းလည်း အခြေအနေ ဆိုက်ရောက်ကာ တင်းမာမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ မြန်မာ စစ်တပ်က KIA အဖွဲ့ဝင် သုံးဦးကို ဖမ်းဆီး ထိန်းသိမ်း လိုက်ပြီးနောက် ယခုကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

KIA ရုံးခွဲများ အနက်မှ ရုံးခွဲတစ်ခုအား မြန်မာ စစ်တပ်က ဝိုင်းရံထားကြောင်း၊ တရုတ်-မြန်မာ နယ်စပ်ဒေသ အနီးရှိ မြန်မာ စစ်စခန်း တစ်ခုကိုလည်း မိမိတို့ လက်နက်ကိုင် တပ်ဖွဲ့များက ပြန်လည် ဝိုင်းရံထားကြောင်း BBC မြန်မာပိုင်း ဆိုင်ရာ သတင်းဌာနက ဆိုသည်။

KIA သည် မြန်မာ စစ်အစိုးရနှင့် နှစ်ပေါင်း ၁၆ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ကချင် ပြည်သူများ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရေး အတွက် ကြိုးပမ်းလျက် ရှိသော လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုလည်း ဖြစ်သည်။ မြန်မာ စစ်အစိုးရ၏ ကမ်းလှမ်းချက် ဖြစ်သော နယ်ခြား ဒေသစောင့် တပ်ဖွဲ့ ပြောင်းလဲ ဖွဲ့စည်းရေး စာချုပ် ချုပ်ဆိုရန် KIA က ငြင်းပယ်ထားသည်။

သို့သော် စစ်အစိုးရနှင့် ပြုလုပ်ထားသော အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်အရ KIA နှင့် မဟာမိတ် အရပ်ဖက် အဖွဲ့အစည်း အနေဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အတော်များများကို အုပ်ချုပ်ခွင့် ရရှိထားသည်။

၎င်းတို့က တရုတ်ပြည်နှင့် ပြုလုပ်သော ကုန်သွယ်ရေး၊ ကျောက်မျက်နှင့် ရွှေတူးဖော်ရေး၊ သစ်ထုတ်လုပ်ရေး အစရှိသည့် လုပ်ငန်းများမှ ရရှိသော အခွန်ဖြင့် ကချင်ပြည်နယ်တွင်း လျှပ်စစ်မီး သွယ်တန်းခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ စာသင်ကျောင်း ရန်ပုံငွေ ရှာဖွေခြင်း တို့ကို ထောက်ပံ့ပေးလျက် ရှိသည်။

သို့သော် နယ်ခြား ဒေသစောင့် တပ်ဖွဲ့ ပြောင်းလဲ ဖွဲ့စည်းပေးရမည့် နောက်ဆုံး သတ်မှတ်ရက် ကျော်လွန်သွားပြီ ဖြစ်သောကြောင့် မြန်မာစစ်တပ်နှင့် စစ်မက်ရေးရာ ပဋိပက္ခ ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက် ရှိသည်။ မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ Laiza မြို့သို့ BBC သတင်းထောက် Alastair Leithead သွားရောက်၍ KIA မှ ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံ မေးမြန်းတွင် ၎င်းတို့က အဆိုးဆုံး အခြေအနေ အတွက် ပြင်ဆင်ထားကြောင်း ပြောကြားသည်။

"ဒီမှာ စစ်ဖြစ် လာလိမ့်မယ် လို့တော့ ကျွန်တော်တို့ သေချာပေါက် မပြောနိုင်ပါဘူး။ ဒါပေမဲ့ အစိုးရက ကျွန်တော်တို့ကို ဒီလ နောက်ဆုံးထားပြီး နယ်ခြား ဒေသစောင့် တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းစေချင်နေပါတယ်" ဟု KIA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် Gen Gam Shawng က ဖေဖော်ဝါရီလတွင် ပြောကြားသည်။

"ကျွန်တော်တို့ အနေနဲ့ အဲဒီလို လက်နက်ချပြီး နယ်ခြား ဒေသစောင့်တပ် ပြောင်းဖွဲ့မှာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ ကချင်ပြည်နယ်ကို ၁၉၄၇ ခုနှစ်မှာ သဘော တူညီခဲ့တဲ့ ဖက်ဒရယ် ပြည်ထောင်စုနဲ့ တိုင်းရင်းသား အခွင့်အရေးတွေ ရရှိတဲ့ ဒေသ တစ်ခုအဖြစ် မသတ်မှတ် ပေးသရွေ့ပေါ့" ဟု ၎င်းက ဆိုသည်။ ယခင် သတင်း ပေးပို့ချက်များ အရ ကချင် ပြည်နယ်တွင်း တင်းမာမှုများ လျော့နည်းလာသည့် သဘောတွင် ရှိသည်။ BBC သတင်းထောက် အဆိုအရ အိမ်နီးချင်း တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် KIA၊ ညီညွတ်သော ဝ တပ်ဖွဲ့ (UWSA) နှင့် မြန်မာ စစ်တပ်အကြား တင်းမာမှုများ လျော့ကျလာသည်ဟု ယူဆရသည်။

မြန်မာ နိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ပေါင်း ၂၅ ဖွဲ့ခန့် ရှိပြီး အများစုမှာ နယ်စပ်ဒေသနှင့် တောင်ထူထပ်သော နေရာများတွင် အခြေစိုက် လှုပ်ရှားလျက် ရှိသည်။ အင်အား အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ကြီးများတွင် KIA လည်း အပါအဝင် ဖြစ်သည်။ KIA တပ်ဖွဲ့မှူးများ အဆိုအရ စစ်သည် အင်အား ၁၀၀၀၀ နှင့် အရန်စစ်သည် ၁၀၀၀၀ ခန့် ရှိသည်ဟု ခန့်မှန်းရသည်။

အာရှတွင် အင်အား အကြီးဆုံးသော စစ်တပ်များ စာရင်းတွင် မြန်မာ စစ်တပ်လည်း ပါဝင်သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 20th October 2010

ပြီးခဲ့သည့် အမတ်က ကယ်လီဖိုးနီးယား တရားသူကြီးက "ပြန်မမေးနဲ့၊ ပြန်မပြောနဲ့" မူဝါဒ (don't ask, don't tell policy) ဖြင့် အမေရိကန် စစ်တပ်တွင် ဝန်ခံထားသူ လိင်တူ ဆက်ဆံသူများ (gay) ကို တာဝန် ထမ်းဆောင်ခြင်းအား တားမြစ်ထားခြင်းကို အဆုံးသတ်ခဲ့ရာ အမေရိကန် စစ်တပ်သည် gay (ဂေး) များကို စတင် လက်ခံနေပြီ ဖြစ်သည်။

သို့သော် အမေရိကန် ကာကွယ်ရေး ဌာနက ဂေး (gay) များကို လက်ခံခြင်း အတွက် ဥပဒေကို ပြန်လည် ပြောင်းလဲနိုင်ကြောင်း သတိပေးခဲ့သည်။

ပင်တဂွန်က အဆိုပါ ဆုံးဖြတ်ချက်အား အယူခံ ဝင်ထားပြီး တရားသူကြီးအား ဂေး (gay) များကို တားမြစ်ထားသော ဥပဒေအား ပြန်လည် အသက် ဝင်စေရန် တောင်းဆိုခဲ့သည်။

သို့သော် တရားသူကြီး Virginia phillips က အဆိုပါ တောင်းဆိုမှုအား အင်္ဂါနေ့က တရားဝင် ငြင်းဆိုထားသည်။

အချို့ဂေး (gay) အရေး လှုပ်ရှားသူ အုပ်စုများက  ပင်တဂွန်၏ ကြေညာချက် ဖြစ်သော gay များအား စစ်သား စုဆောင်းရေး အတွက် လက်ခံကြောင်းကို စမ်းသပ်ရန် မိမိကိုယ်မိမိ gay ဟု လူသိရှင်ကြား ကြေညာထားသူများကို စစ်သား စုဆောင်းရေးသို့ လွှတ်၍ စာရင်း ပေးသွင်းစေရန် စီစဉ်လျက် ရှိသည်။

"ကိုယ့်ကိုကိုယ် gay လို့ ကြေညာထားသူတွေ စစ်တပ်ထဲ ဝင်ချင်ရင် စာရင်း ပေးလို့ ရပါတယ်။ ဒါပေမယ့် ဥပဒေ ပြောင်းသွားနိုင်တယ်လို့ သူတို့ကို ကြိုပြောထားပါတယ်" ဟု ကင်တာကီနယ်မှ Fort Knox အမေရိကန် စစ်သား စုဆောင်းရေးတပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် Douglas Smith က ပြောသည်။

အမေရိကန် ဆီးနိတ်ရှိ ဒီမိုကရက်များသည် "don't task, don't tell" မူဝါဒအား ပြောင်းလဲရန် စက်တင်ဘာလက ကြိုးစားခဲ့ရာ လိုအပ်သော မဲမရရှိ၍ ရှုံးနိမ့်ခဲ့သည်။

သမ္မတ Barack Obama က အဆိုပါ မူဝါဒ အဆုံးသတ်ရေးအတွက် ကတိပြုခဲ့သော်လည်း၊ အကြံပေး ပညာရှင် အများစုက ကွန်ဂရက်မှ သော်လည်းကောင်း၊ တရားဝင် အရေးယူ လုပ်ဆောင်မှုများ သော်လည်းကောင်း မရှိဘဲ gay များ စစ်တပ်တွင် မဝင်ရောက်ရန် တားမြစ်ထားခြင်း ဥပဒေကို သမ္မတက ပယ်ဖျက် မပေးနိုင်ဟု  သဘောတူကြသည်။

တချိန်တည်းမှာပင် ပင်တဂွန်သည် တရားဝင် ကြေညာထားသော gay များကို စစ်တပ် အတွင်းသို့ ဝင်ရောက်စေမှုကြောင့် ဖြစ်လာနိုင်သည့် သက်ရောက်မှုများကို အစီရင်ခံစာ ရေး၍ ဒီဇင်ဘာ (၁) ရက်နေ့တွင် ထုတ်ပြန်မည်ဟု သိရှိရသည်။

အချို့ ပင်တဂွန် တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောကြားရာတွင် gay များကို စစ်တပ်တွင် လက်ခံခြင်းဖြင့် တပ်တွင်း၌ နေအိမ်ကိစ္စ၊ အာမခံ ကိစ္စများ၌ အစပြု၍ အခမ်းအနားများတွင် မည်သို့ ပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ကြသည်။

ကယ်လီဖိုးနီးယားတွင် တရားသူကြီး phillips က ကြေညာရာတွင် မူဝါဒသည် gay စစ်သားများကို လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ဥပဒေအရ သာတူညီမျှ အကာအကွယ် ပေးရေးတို့ကို ချိုးဖောက်လျက် ရှိကြောင်း ဆိုသည်။

ယခုကဲ့သို့ gay များကို စစ်တပ်တွင်း မဝင်ရန် တားမြစ် ထားမှုအတွက် မူဝါဒ ပြောင်းလဲပေးရန် တရားရုံး အမှု ဖြစ်ပေါ်လာရေးကို တာဝန်မှ ရပ်စဲခံထားရသော တရားဝင် gay များ ကိုယ်စား gay ဘက်တော်သား ရီပတ်ဗလစ်ကင် အုပ်စု ဖြစ်သည့် Log Cabin Republicans များက တရားရုံးသို့ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 20th October 2010

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် လာမည့် အပတ်တွင် စတင်မည့် အာရှ လေးနိုင်ငံ ခရီးစဉ်တွင် မြန်မာ ရွေးကောက်ပွဲနှင့် လူ့အခွင့်အရေး ကိစ္စက အဓိက အကြောင်းအရာ ဖြစ်ဖွယ် ရှိသည့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ပြီးနောက် တရုတ်သို့ သွားရောက် လည်ပတ်မည် ဖြစ်ပြီး သိရှိရသည်။

ဘန်ကီမွန်းသည် ဗီယက်နမ် ထိပ်သီး ညီလာခံ မတိုင်မီ ထိုင်းနှင့် ကမ္ဘောဒီးယားသို့ သွားရောက်မည် ဖြစ်ပြီး ဘေဂျင်းတွင် တရုတ် သမ္မတ ဟူကျင်တောင်နှင့်လည်း ဆွေးနွေးမည်ဟု ကုလ ပြောရေးဆိုခွင့် ရှိသူ Farhan Haq က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ကုလသမဂ္ဂ အကြီးအကဲသည် အောက်တိုဘာ ၂၆ ရက်တွင် ဘန်ကောက် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဂျာဂျီမား အပါအ၀င် ထိုင်းအစိုးရ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲများ ကျင်းပမည် ဖြစ်ကာ ထိုနေ့တွင်ပင် ကမ္ဘောဒီးယားသို့ ထွက်ခွာမည်ဟု ဆိုသည်။

ဘန်သည် ဖနွမ်းပင် ဘုရင် နိုဂျိဒွန်သီဟာနု၊ ၀န်ကြီးချုပ် ဟွန်ဆန်တို့နှင့် တွေ့ဆုံမည် ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၃၀ က ခမာနီတို့ လက်အောက်တွင် ဖြစ်ပွားသော အစုအပြုံလိုက် သတ်ဖြတ်မှုများနှင့် အခြား ရာဇ၀တ်မှုများကို စုံစမ်း စစ်ဆေးနေသည့် ကုလသမဂ္ဂ နောက်ခံ ခုံရုံး Extraordinary Chambers in the courts of Cambodia (ECCC) သို့လည်း သွားရောက် လည်ပတ်မည်ဟု သိရသည်။

ကုလ အကြီးအကဲသည် အာဆီယံ ထိပ်သီး ညီလာခံ တက်ရောက်ရန်အတွက် ဗီယက်နမ်သို့ အောက်တိုဘာ ၂၈ တွင် ထွက်ခွာမည် ဖြစ်ပြီး သမ္မတ ငုယင်မင်ထရက်၊ ၀န်ကြီးချုပ် ငုယင်တန်ဒေါင်း တို့နှင့် တွေ့ဆုံမည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ထို့အပြင် ၀ိုင်းဝန်း ဝေဖန်ခြင်း ခံနေရသော နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲများ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များကို လွှတ်ပေးအောင် မြန်မာ အစိုးရအား ပိုမို ဖိအားပေးရန် ကုလသမဂ္ဂ အကြီးအကဲက အာဆီယံ အဖွဲ့ကို တိုက်တွန်းမည် ဖြစ်သည်။

ဘန်ကီမွန်းသည် အောက်တိုဘာ ၃၀ တွင် အဓိက တရုတ် ခရီးစဉ်ကို စတင်မည် ဖြစ်ကာ ရှန်ဟိုင်းတွင် တစ်ထောက် နားမည် ဖြစ်သည်။

ယင်းသည် နမ်ဂျင်းသို့ ခေတ္တ မ၀င်မီ ရှန်ဟိုင်း ကမ္ဘာ့ ကုန်စည်ပြပွဲ ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်ပြီး ထို့နောက်တွင် ဘေဂျင်းသို့ ထွက်ခွာကာ တရုတ်သမ္မတ အပါအ၀င် အခြား ခေါင်းဆောင်များနှင့် ဆွေးနွေးပွဲများ ပြုလုပ်မည်ဟု သိရသည်။

အကျဉ်းကျခံ အတိုက်အခံ နိုင်ငံရေးသမား လူကျားပေါင်ကို ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခဲ့ခြင်း အပေါ် စိတ်ဆိုးမှုကို တရုတ် အစိုးရက ဆက်လက် ဖော်ပြနေသဖြင့် ယခုခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

"ဘန်"က တရုတ် နိုင်ငံကို ဝေဖန်ခြင်း မရှိသော်လည်း ကမ္ဘာတစ်ဝှမ်းရှိ လူ့အခွင့်အရေး ကျင့်သုံးမှုများနှင့် ယဉ်ကျေးမှု တိုးတက်စေရန် အတွက် နိုင်ငံတကာ၏ တခဲနက် သဘောတူညီမှု ကြီးထွားလာခြင်းကို နိုဘယ်ဆုက အသိအမှတ်ပြုခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယခု အကြိမ်သည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ၂၀၀၇ တွင် တာဝန်ယူပြီး နောက်ပိုင်း ဘန်ကီမွန်း၏ ၄ ကြိမ်မြောက် တရုတ် ခရီးစဉ် ဖြစ်ဖွယ် ရှိသည်။ ယင်းသည် ယခင်က ၂၀၀၉ ဇူလိုင်တွင် တစ်ကြိမ်၊ ၂၀၀၈ တွင် နှစ်ကြိမ် လာရောက်ခဲ့ပြီး ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 19th October 2010

မြန်မာ ဒုက္ခသည်များအား ကူညီ စောင့်ရှောက်နေသည့် ထိုင်းနိုင်ငံမှ ကျန်းမာရေး စောင့်ရှောက်မှု လုပ်သားများက "အကူအညီ လိုအပ်နေသော ဒုက္ခသည် အရေအတွက် တိုးပွားနေသည်" ဟု ပြောကြားလိုက်သည်။ နယ်စပ် တစ်လျှောက်တွင် တိုင်းရင်းသား လက်နက်ကိုင်များကို ထိုးစစ် ဆင်နေသော မြန်မာ စစ်တပ်၏ ဖိအားပေးမှုကြောင့် ယင်းတို့ အများစု ထွက်ပြေးနေခြင်း ဖြစ်သည်။ ယင်းတို့ အများစုမှာ ရွေးချယ်စရာလမ်း မရှိသော်လည်း ထိုင်းနိုင်ငံတွင် ကယ်ဆယ် ကူညီမှုကို ရှာဖွေနေကြသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် မြန်မာ ဒုက္ခသည်များကို အခမဲ့ ဆေးကုသ ပေးနေသော ဆေးခန်း၏ အကြီးအကဲဖြစ်သူ ဒေါက်တာ စင်သီယာမောင်က "နယ်စပ်ကို ဖြတ်ကူး ၀င်ရောက်လာသော ဒုက္ခသည်များ ပို များလာသည်" ဟု ပြောကြားသည်။

ဒေါက်တာ စင်သီယာမောင်သည် မြန်မာနိုင်ငံနှင့် နယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော် ဆေးခန်းမှ ဒါရိုက်တာ ဖြစ်သည်။

ဘန်ကောက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သူမက "မြန်မာနိုင်ငံမှ ထွက်ပြေး လာကာ သူမ၏ ဆေးခန်းတွင် အခမဲ့ ဆေးကုသမှု ခံယူနေသော ဒုက္ခသည် အရေအတွက် မှန်မှန် တိုးပွား လာသည်ဟု" ပြောကြားခဲ့ခြင်း ဖြစ်သည်။

"အထူးသဖြင့်ကတော့ ကူးစက် ရောဂါတွေ၊ မျိုးဆက်ပွား ကျန်းမာရေးနဲ့ အဟာရ ချို့တဲ့မှု ရောဂါတွေကို လာရောက် ကုသကြပါတယ်။ လူနာ အရေအတွက်ကတော့ နေ့တိုင်း တိုးလာပါတယ်" ဟု သူမက ဆိုသည်။

ဒေါက်တာ စင်သီယာမောင်နှင့် အခြား ဆေးကုသ ကယ်ဆယ်ရေး အဖွဲ့များက ထုတ်ပြန်သော ကျန်းမာရေး စစ်တမ်းတွင် မြန်မာနိုင်ငံ အရှေ့ပိုင်းမှ ကလေးသူငယ် ၄၀ % မှာ အဟာရ ချို့တဲ့မှု ခံစားနေရကြောင်းနှင့် အသက် ၅ နှစ်အောက် ကလေး ၂ ဦးလျှင် ၁ ဦး သေဆုံးနေပြီး ထက်ဝက်ကျော်မှာ ကာကွယ် ကုသနိုင်သော ရောဂါများ ဖြစ်ကြောင်း ညွှန်ပြထားသည်။

လတ်တလော နှစ်များအတွင်း နယ်စပ် တစ်လျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင်မျးကို မြန်မာ စစ်တပ်က တိုက်ခိုက်မှုကြောင့် ဒုက္ခသည်ပေါင်း သိန်းဂဏန်း ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားကြခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ မတိုင်မှီ တပ်မတော်၏ သြဇာခံအဖြစ် အတင်းအကျပ်သိမ်းသွင်းရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်များအပေါ် မြန်မာစစ်တပ်က အရှိန်မြှင့် ထိုးစစ် ဆင်နေသည်ဟု ဒုက္ခသည်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြားသည်။

သို့ရာတွင် စစ်တပ်သည် အရပ်သားများကိုလည်း သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ နေရာဖယ် ခိုင်းခြင်းဖြင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးစေရန် အဓမ္မ လုပ်ဆောင်နေသည်ဟု လူ့အခွင့်အရေး အုပ်စုများက ပြောကြားသည်။

"တစ်စုံတစ်ရာ ပြောင်းလဲမှုတွေ၊ အရင်းခံ နှိပ်စက် ညှင်းပန်းမှုအပေါ် တစ်စုံတစ်ရာ ဖြေရှင်းမှုတွေ၊ ကျန်းမာရေး ပြဿနာကို မီးထိုးပေးနေတဲ့ အုပ်ချုပ်မှု အလွဲတွေကို ပြင်ဆင်မှုတွေ မရှိဘဲနဲ့တော့ ဒီဒေသ အထူးသဖြင့် ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး ဆုတ်ယုတ်မှု ပြဿနာကို ခါးစည်း ခံနေရဦးမှာပါပဲ" ဟု ချင်းမိုင် အခြေစိုက် Johns Hopkins University Centre for Public Health and Human Rights မှ သုတေသန ပညာရှင် Dr. Voravit Suwan Vanichkig က ပြောကြားသည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍမှာ လွန်စွာ နိမ့်ကျသဖြင့် အများစုမှာ ဆေးကုသရန် အတွက် ထိုင်းနိုင်ငံသို့ လာရောက်ကြသည်ဟု Voravit က ဆိုသည်။

အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးသော နိုင်ငံတကာ အဖွဲ့အစည်းများသည် မြန်မာ နိုင်ငံတွင် တင်းကျပ်သော ချုပ်ချယ်မှုများနှင့် ရင်ဆိုင်နေရပြီး တိုင်းပြည်တွင်း ၀င်ခွင့် မပြုခြင်းနှင့်လည်း တွေ့ကြုံ နေရသည်။

အရှေ့တောင် အာရှ၏ စုန်းပြူး မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲ များကို နိုဝင်ဘာ ၇ ရက်တွင် ကျင်းပတော့မည် ဖြစ်ပြီး အရပ်ဖက် ဒီမိုကရေစီ စနစ် တည်ဆောက်ရန် အစီအစဉ် တစိတ်တပိုင်း ဖြစ်သည်ဟု အစိုးရက ပြောကြားလျက် ရှိသော်လည်း ဝေဖန် ဆန်းစစ်သူများကမူ တပ်မတော်၏ အာဏာကို ဆက်လက် ထိန်းသိမ်းမည့် အတုအယောင်သာ ဖြစ်သည်ဟု သတ်မှတ် ထားကြသည်။

လွှတ်တော်နေရာ လေးပုံ တစ်ပုံကို တာဝန်ထမ်းဆဲ စစ်သား ကိုယ်စားလှယ်များအတွက် ကြိုတင် ဖယ်ထားပြီး ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် အထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အကြီးဆုံး အတိုက်အခံ ပါတီ NLD အပါအ၀င် နိုင်ငံရေးသမား များစွာ နိုင်ငံရေး အုပ်စု များစွာ ပါဝင်ခွင့် မရရှိကြပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 19th October 2010

မြန်မာအစိုးရ အနေဖြင့် အတိုက်အခံ ခေါင်းဆောင်များနှင့် တိုင်းရင်းသားများကို ပါဝင်ခွင့် ပြုမှသာ လာမည့်လတွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လက်ခံနိုင်ဖွယ် ရှိမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းသူ တစ်ဦးက ပြောကြားခဲ့သည်။

ကျောင်းသား ခေါင်းဆောင်များ၊ ဘုန်းတော်ကြီးများ၊ ဒီမိုကရေစီ ခေါင်းဆောင်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသား (၂၁၀၀) ခန့်သည် မြန်မာနိုင်ငံ အနှံ့ရှိ ထောင်များတွင် ရှိနေရာ နိုဝင်ဘာ ၇ ရက် မတိုင်မီ လွှတ်ပေးရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကိစ္စများအတွက် အထူး ကိုယ်စားလှယ် Tomas Ojea Quintana က ပြောကြားခဲ့သည်။

"သူတို့ဟာ ဒီသမိုင်းဝင် ရွေးကောက်ပွဲမှာ ပါဝင်ဖို့ တရားဝင် အခွင့်အရေး ရှိပါတယ်။ ရွေးကောက်ပွဲတွေ အများ လက်ခံအောင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးဖို့ လိုအပ်ပါတယ်" ဟု ဗုဒ္ဓဟူးနေ့တွင် နယူးယောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ယင်း၏ အစီရင် ခံစာ မတင်သွင်းမီ ယင်းက ပြောကြားခဲ့သည်။

"စစ်မှန်တဲ့ ရွေးကောက်ပွဲဆိုတာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်မှု ရှိရပါမယ်"ဟု ယင်းက ပြောသည်။

နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်သူများနှင့် နိုင်ငံခြား သတင်းစာ ဆရာများကို ခွင့်ပြုမည် မဟုတ်ကြောင်း မြန်မာ အစိုးရက တနင်္လာနေ့က ပြောကြားခဲ့သည်။ ထိုအချက်သည် ရွေးကောက်ပွဲကို လိမ်ညာမည် ဆိုသည့် သက်သေပြချက် ဖြစ် စိုးရိမ်မှုများ ပိုမို တိုးပွားလာစေသည်။

မဲဆန္ဒပေးမည့် သူများ၏ ကြောက်ရွံ့မှု၊ စစ်တပ်၏ သွယ်ဝိုက် ခြိမ်းခြောက်မှုများသည် စစ်တပ် နောက်ခံ ပြုသော ပါတီများ တဖတ်သတ် လွှမ်းမိုး အနိုင်ယူသွားရေးအတွက် အကြောင်း ဖန်လာခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး အစိုးရက အသိအမှတ် မပြုခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့ပြီး၊ အာဏာပိုင်များက ဖျက်သိမ်းခဲ့သည်။

ဒီမိုကရေစီအတွက် တိုက်ပွဲ ၀င်နေသူ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် ကျခံနေရဆဲ ဖြစ်ပြီး သူမ၏ ပါတီအား ရွေးကောက်ပွဲ မ၀င်ရန် ညွှန်ကြားခဲ့သည်။

ရွေးကောက်ပွဲကို အများက လက်ခံရေးအတွက် လိုအပ်သော အခြေအနေများမှာ လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ စုဝေးခွင့်နှင့် ဖွဲ့စည်းခွင့်တို့ ရှိရမည် ဖြစ်သော်လည်း အာဏာပိုင်များသည် ပိုမို ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်ဟု Ojea Quintana ၏ အဆိုအရ သိရှိရသည်။

ရွေးကောက်ပွဲ ၀င်မည့် ကိုယ်စားလှယ်များ အတွက် ပေးသွင်းရသောငွေ များပြားခြင်းနှင့် အချိန် ကန့်သတ်ချက်များသည် ပါတီများ ရွေးကောက်ပွဲ ၀င်ရောက်ရေးအတွက် အကန့်အသတ်များ ဖြစ်ခဲ့ရသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှ လွတ်လပ်သော စုံစမ်း ဖော်ထုတ်သူက ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်သည် အဓိက တိုင်းရင်းသား အုပ်စုတစ်ခု ဖြစ်သော ကချင်ပြည်နယ်မှ KIO ခေါင်းဆောင်ဟောင်း တစ်ဒါဇင်ခန့်ကို ကိုယ်စားလှယ် အဖြစ် ၀င်ရောက် ယှဉ်ပြိုင်ရန် ခွင့်မပြုခဲ့ပေ။

ပြီးခဲ့သည့် လက စစ်အစိုးရသည် ဆယ်စုနှစ်ပေါင်း များစွာ လက်နက် ကိုင် ကိုယ်ပိုင် ရပ်တည် လာသော တိုင်းရင်းသား လက်နက်ကိုင်များကို ရွေးကောက်ပွဲ မတိုင်မီ စုစည်း ညီညွတ်သော နိုင်ငံရေး ဖြစ်ရေးအတွက် နိုင်ငံရေး လုပ်ငန်းစဉ်တွင် ပါဝင်ကြရန် ဖိအားပေးခဲ့သည်။

မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် စစ်တပ်၏ ချက်ခြင်း ပစ်သတ်မည့် ရန်ကို ကြောက် ပုန်းနေရသော လူပေါင်း (၁၁၁၀၀၀) ကျော် ရှိမည် ဖြစ်ပြီး ယင်းတို့သည် မဲပေးခွင့်လည်း ရလိမ့်မည် မဟုတ်ဟု Ojea Quintana ၏ အဆိုအရ သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Jakarta Post, By Mustagim Adamrah, 19th Oct 2010

နိုဝင်ဘာလ (၇) ရက် ရွေးကောက်ပွဲတွင် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်သူများနှင့် နိုင်ငံခြား သတင်းစာ ဆရာများ လက်မခံရန် မြန်မာနိုင်ငံ၏ ဆုံးဖြတ်ချက် အပေါ် တနင်္လာနေ့က အင်ဒိုနီးရှားက ဝေဖန်ခဲ့သည်။

"ဒီရွေးကောက်ပွဲကို မြန်မာတွေရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ စောင့်ခဲ့ရတာ ကြာပြီ ဖြစ်ပါတယ်။ ဒီတော့ မီဒီယာတွေမှာ သေချာစွာ ဖော်ပြရင်းနဲ့ သူ့ရဲ့ ရည်ရွယ်ချက်တွေ အကောင်းဆုံး အထမြောက်ဖို့ လိုပါတယ်"ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Teuku Faizasyah က The Jakarta Post သို့ တနင်္လာနေ့က ပြောကြားခဲ့သည်။

သို့သော် နောက်ထပ် မှတ်ချက်များ ပြုလုပ်ခြင်းကိုမူ Faizasyah  က မပြုလုပ်ခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် ထိုကိစ္စမှာ ကိုင်တွယ်ရ ခက်သော အထိမခံသည့် ကိစ္စ ဖြစ်နေသောကြောင့် ဖြစ်သည်။

အာဆီယံသည် ဝင်ရောက် မစွက်ဖက်ရေး မူဝါဒကို ကိုင်စွဲထားသောကြောင့် အဖွဲ့ဝင်နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ပြောဆိုရန် တွန့်ဆုတ်လျက် ရှိသည်။

နှစ်ပေါင်း နှစ်ဆယ်အတွင်း ပထမဦးဆုံး အကြိမ် ကျင်းပမည့် ရွေးကောက်ပွဲသည် လိမ်ညာရန် အခွင့်အလမ်း များလျက် ရှိရာ တနင်္လာနေ့က မြန်မာ အစိုးရသည် နိုင်ငံတကာ စောင့်ကြည့်သူများနှင့် နိုင်ငံခြား မီဒီယာများ ခွင့်မပြုဟု ကြေညာခဲ့ရာ လိမ်ညာမည် ဖြစ်ကြောင်း ပိုမို ရှင်းလင်းလာခဲ့သည်။ ရွေးကောက်ပွဲသည် အရပ်သား အုပ်ချုပ်မှု အသွင်ဖြင့် စစ်တပ်၏ အာဏာ ဆုပ်ကိုင်မှုကို အမြစ် တွယ်စေရန် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဝေဖန်သူများက ပြောကြသည်။

ပြီခဲ့သည့် ဇူလိုင်လက အာဆီယံသည် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရား မျှတကြောင်း နိုင်ငံတကာ အသိအမှတ် ပြုစေရန် စောင့်ကြည့်သူများ စေလွှတ်ရန် အဆိုပြုခဲ့သည်။ အမေရိကန်နှင့် ဗြိတိန်တို့ကလည်း ထိုနည်း အတိုင်း အဆိုပြုခဲ့ကြသည်။

"ကျွန်တော်တို့ နိုင်ငံခြား စောင့်ကြည့် လေ့လာသူတွေ မလိုပါဘူးး။ ကျွန်တော်တို့မှာ ရွေးကောက်ပွဲ ကျင်းပတဲ့ အတွေ့အကြုံ အများကြီး ရှိပါတယ်။ အခြားလူတွေ ရွေးကောက်ပွဲကို လက်ခံအောင် သက်သက် ပြနေဖို့ မလိုပါဘူး" ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက နေပြည်တော်ရှိ သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်ဟု Reuters က ကိုးကား ဖော်ပြခဲ့သည်။

"ဒါ့အပြင် ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ ညီမျှပြီးတော့ နားလည်ရ လွယ်ပါတယ်" ဟု ၎င်းက ဆိုသည်။

"ရွေးကောက်ပွဲ ဥပဒေအရ မဲဆန္ဒရှင်တွေ လွတ်လပ်စွာ ဆန္ဒမဲ ပေးနိုင်ရန် သတင်းထောက်တွေ အပါအဝင် ပြင်ပလူတွေ မဲရုံကို လာရောက်ခြင်းနဲ့ ဓါတ်ပုံ ရိုက်မှာကို ခွင့်မပြုပါဘူး" ဟု ဦးသိန်းစိုးက ပြောသည်။

နိုင်ငံခြား လေ့လာသူများအား ငြင်းပယ်ခဲ့ခြင်း အတွက် အစားထိုးသော အနေဖြင့် ရွေးကောက်ပွဲနေ့တွင် မြန်မာနိုင်ငံရှိ သံတမန်များနှင့် ကုလသမဂ္ဂ အေဂျင်စီများကို မဲရုံများသို့ လှည့်လည် ကြည့်ရှုနိုင်ရန် အာဏာပိုင်များက စီစဉ်ပေးမည်ဟု ကော်မရှင် ဥက္ကဋ္ဌက ပြောသည်။ ဦးသိန်းစိုးသည် အငြိမ်းစား ဗိုလ်ချုပ်ဟောင်း တစ်ဦး ဖြစ်ပြီး ဒုတိယ တရားသူကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် ၁၉၉၀ ခုနှစ်က ဖြစ်ပြီး ထိုစဉ်က နိုင်ငံခြား မီဒီယာများကို ဝင်ရောက်ခွင့် ပြုခဲ့သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံ ပါတီက တစ်ပြည်လုံး အနိုင်ရခဲ့သည်။

သို့သော် စစ်အစိုးရသည် ရွေးကောက်ပွဲ ရလဒ်ကို ငြင်းပယ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အားလည်း နေအိမ် အကျယ်ချုပ် ထားခဲ့ရာ လွန်ခဲ့သည့် (၂၁) နှစ်အတွင်း (၁၅) နှစ်ခန့် ထားခဲ့သည်။

သူမ၏ လက်ရှိ ပြစ်ဒဏ်သည် နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။

သူမ၏ ပါတီသည် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိ၊ ဒီမိုကရေစီနည်း မကျဟု ဆိုကာ ဆန့်ကျင်ခဲ့ပြီး၊ ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့ရာ၊ အင်အား ကောင်းသော အတိုက်အခံ မရှိသည့် ရွေးကောက်ပွဲ ဖြစ်စေခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 19th October 2010

မြန်မာနိုင်ငံ အနေဖြင့် လာမည့်လတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံခြား လေ့လာသူများနှင့် နိုင်ငံတကာ မီဒီယာများ နိုင်ငံတွင်းသို့ ဝင်ရောက်မှု ပိတ်ပင်ရန် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စုက တနင်္လာနေ့က စိတ်ပျက် စကားဆိုခဲ့သည်။

"ကံမကောင်းပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ လုပ်ခဲ့တာတွေ ကြည့်ပြီး အံ့သြစရာတော့ မရှိပါဘူး" ဟု နိုင်ငံခြားရေး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Philip Crowley က သတင်းထောက်များသို့ Burma ဟု သုံးနှုန်း၍ ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ပြောခဲ့ပြီးသားပဲ။ ရွေးကောက်ပွဲဟာ လက်ခံနိုင်လောက်တဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ ကျွန်တော်တို့ မထင်ပါဘူး။ သူတို့က ပြင်ပ လေ့လာသူတွေကို ဖွင့်မပေးတဲ့ အချက်ကတော့ မှန်းထားတဲ့ အတိုင်းပါပဲ" ဟု Crowley က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.