Transparency Myanmar

transparency.myanmar@gmail.com

The Christian Science Monitor, 16th November 2010

အမေရိကန် သမ္မတ Obama သည် ပြီးခဲ့သည့် အပတ်က အာရှတိုက်သို့ ခရီး လှည့်လည်ခဲ့ရာ၊ ဒီမိုကရက်တစ် နိုင်ငံများ သို့သာ သွားရောက်ခဲ့သည် ဆိုသော အချက်ကို သိသာစေခဲ့သည်။ ထိုအချက်မှာ အမေရိကန် အနေဖြင့် ဒေသတွင်း လွတ်လပ်မှု မြတ်နိုးသော နိုင်ငံများနှင့် ပါတနာရှစ် တစ်ခု ထူထောင်ပြီး တရုတ်၏ ဗိုလ်ကျ စိုးမိုးမှု ဗျူဟာနှင့် အာဏာရှင် အုပ်စိုးမှု ပုံစံကို တန်ပြန်ရန် ဟူသော သတင်း စကားကို ညင်ညင်သာသာ ပြောလိုက်ခြင်းပင် ဖြစ်သည်။

Obama သည် အိန္ဒိယ၊ အင်ဒိုနီးရှား၊ တောင်ကိုးရီးယားနှင့် ဂျပန် ခရီးစဉ်များ ပြီးဆုံးချိန်တွင် တရုတ်အား တန်ပြန်ရေး အတွက် ဒီမိုကရေစီ နိုင်ငံများ စုစည်းမှုတွင် ပါဝင်ရန် နိုင်ငံ တစ်ခုအား ခေါ်ဆောင်ရန် အခွင့်အလမ်းသစ် တစ်ခုကို ကြုံခဲ့ရသည်။ ပြီးခဲ့သည့် စနေနေ့က စစ်တပ် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်း စုကြည်အား ခုနှစ်နှစ်ခန့် ထိန်းသိမ်းထားရာမှ ပြန်လွှတ် ပေးခဲ့သည်။

သူမအား လွှတ်ပေးခဲ့ခြင်းကြောင့် လူများ စုဝေးမှုကို ပြန်လည် မြင်တွေ့ခဲ့ရပြီး၊ သူမအား လွှတ်ပေး ခဲ့ခြင်းသည် စစ်အစိုးရက အမေရိကန်နှင့် အနောက် နိုင်ငံများအား ဆက်ဆံရေး အသစ် ပြုလုပ်ရန် အသင့်ရှိကြောင်း အချက်ပြ လိုခြင်းလေလားဟု ထင်ရပေသည်။

တိတိပပ ဆိုရလျှင် မြန်မာနိုင်ငံ သဘာဝ သယံဇာတများ အပေါ် တရုတ်က ကြီးမားစွာ ရင်းနှီး မြှုပ်နှံထားမှု၊ နယ်စပ် ကုန်သွယ်ရေး တိုးတက်လာမှု၊ အရေးပါသော ပိုက်လိုင်းနှင့် အဓိက ရေတပ် ဆိပ်ကမ်းတို့ကြောင့် တရုတ်နိုင်ငံ၏ တင်းကြပ်သော ဆုပ်ကိုင်ထားမှုကို မြန်မာအနေဖြင့် ဖောက်ထွက် လိုသည်ဟု ယူဆရပေသည်။ ထိုကိစ္စသာ မှန်ခဲ့လျှင် Obama အဖို့ ရွေးချယ်ရန် ခက်ခဲသည့် အဖြစ်ကို ကြုံတွေ့ရမည် ဖြစ်ပေသည်။

၎င်းအနေဖြင့် မြန်မာနိုင်ငံ အပေါ် အနောက် နိုင်ငံများ၏ စီးပွားရေးအရ ပိတ်ဆို့မှုများကို ဖယ်ရှားရန် ကြိုးစားသင့်သလော။ ၎င်းအနေဖြင့် ကုလသမဂ္ဂက မြန်မာ ခေါင်းဆောင်များ အပေါ် စစ်ရာဇဝတ်များနှင့် လူသားချင်း စာနာမှု မရှိသော ရာဇဝတ်မှုများ အပေါ် စုံစမ်း စစ်ဆေးရေး အဖွဲ့ကိစ္စအပေါ် ထောက်ခံခြင်း မပြုပဲ နေသင့်သလော။ ၎င်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တိုက်ရိုက် ညှိနှိုင်းတော့မည်လော။

ဒေါ်အောင်ဆန်း စုကြည်သည် အစိုးရနှင့် ပတ်သက်၍ အလျှော့ ပေးလိုသည့် သဘော ပြသခဲ့သည်။ သူမသည် အနောက် ကမ္ဘာသို့ အရေးယူမှုများ လျော့ပေးရန် သို့မဟုတ် ထပ်မံ ပြုလုပ်ရန် တောင်းဆိုကောင်း တောင်းဆိုနိုင်သည်။ "လူတွေက အရေးယူမှုတွေ ရုတ်သိမ်းပေးဖို့ အမှန်တကယ် လိုလားတယ် ဆိုရင်တော့ ကျွန်မ စဉ်းစားပေးပါမယ်" ဟု နိုဘယ်ဆုရှင်က သူမ လွတ်မြောက်ပြီးချိန်တွင် ပြောကြားခဲ့သည်။

Obama သည် သူမ၏ အရေးယူ ပိတ်ဆို့မှုများနှင့် ပတ်သက်၍ အချက်ပြမှုများ နောက်သို့ အလွယ်တကူ လိုက်ပါမည် ဆိုလျှင် အမေရိကန် အတွက် အလျော်အစားများ နိုင်ပေသည်။ မြန်မာ နိုင်ငံသည် အာရှတွင် သြဇာ လွှမ်းမိုးရေး အတွက် အမေရိကန်နှင့် တရုတ်တို့၏ ပြိုင်ဆိုင်မှု ဖြစ်စဉ်တွင် မဟာဗျူဟာ ကျသော နောက်ဆုံး စစ်မြေပြင် တစ်ခု ရုတ်တရက် ဖြစ်လာဖွယ် ရှိနေပေသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်သစ် သည်လည်း Obama ၏ ကမ္ဘာတစ်လွှား ဒီမိုကရေစီ မြင့်တက်ရေး စိတ်အား ထက်သန်မှုအတွက် စမ်းသပ်မှုကို ကိုယ်စားပြုခြင်းပင် ဖြစ်သည်။

ပြီးခဲ့သည့် အပတ် စစ်တပ် ချုပ်ကိုင်ရေး အတွက် ပြုလုပ်သော မသမာသည့် ရွေးကောက်ပွဲများ အပြီးတွင် အမေရိကန်က ထပ်မံ၍ ပြောကြားခဲ့သည်မှာ အမေရိကန် အနေဖြင့် နိုင်ငံရေး အကျဉ်းသား (၂၁၀၀) ခန့်ကို မလွတ်မခြင်း အရေးယူမှုများ ဆက်လက် ထားရှိမည်ဟု ဆိုခဲ့သည်။

သို့သော်လည်း၊ အရေးယူမှုများက အစိုးရကို သူမအား လွတ်ပေး စေခဲ့သည်ဟု ဖြစ်နိုင်ပေသည်။ ထိုသို့သာ ဆိုလျှင်၊ သူမရော အမေရိကန် အနေဖြင့်ပါ အရေးယူ ပိတ်ဆို့မှုကို အသုံးချပြီး စစ်အစိုးရ အပေါ် ညှိနှိုင်းရေးပင် ဖြစ်သည်။ (လုံးဝ မှားယွင်းသော အယူအဆ။ အယ်ဒီတာ)

သို့သော် အလွန်တရာ လျှို့ဝှက် လွန်းသော၊ အထီးကျန် ဆန်လွန်းသော၊ မည်သူ့ကိုမျှ မယုံကြည်သော စစ်အစိုးရနှင့် ညှိနှိုင်းရသော အလုပ်မှာ လွယ်ကူသော အလုပ်တော့ မဟုတ်ပေ။ တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရေပန်းစား လူကြိုက်များမှု၊ သူမ၏ ဖခင် ဗိုလ်ချုပ် အောင်ဆန်းထံမှ အမွေ ဆက်ခံမှု တို့အတွက် ပြိုင်ဆိုင်လျက် ရှိသည်။ အမှန်တကယ်မှာ ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် လတ်တလော ရွေးကောက်ပွဲများတွင် "အာဏာရ ပါတီက မဲလိမ်ခဲ့ကြောင်း" ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲမှုများကို စုံစမ်း စစ်ဆေး စေလိုသည်ဟု ပြောကြားခဲ့သည်။

အိုဘားမား အနေဖြင့်မူ မြန်မာနိုင်ငံနှင့် ပိုမို၍ ပွင့်ပွင့်လင်းလင်း ဆက်ဆံသွားရန် အဆင်သင့် ဖြစ်နေဖွယ် ရှိသည်။

ပြီးခဲ့သောနှစ် အာဆီယံ ညီလာခံတွင် ၎င်းနှင့် မြန်မာ ဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်။ အိုဘားမားသည် အိန္ဒိယ နိုင်ငံသို့ ရောက်ရှိစဉ် ၂၀၀၈ ခုနှစ်က နာဂစ်စ် ဆိုင်ကလုံး သားကောင်များ အပေါ် မြန်မာအစိုးရက ဆိုးဝါးစွာ လျစ်လျူရှုမှု၊ ၂၀၀၇ ခုနှစ်က ဆန္ဒပြ သံဃာတော်များကို သတ်ဖြတ်မှုတို့ အပါအဝင် မြန်မာနိုင်ငံမှ နှိပ်စက်၊ ညှဉ်းပမ်းမှုများကို အိန္ဒိယက ထပ်မံ ပြောဆိုခြင်း မပြုဘဲ နေသည်ကို ဆုံးမစကား ပြောကြားခဲ့သည်။ လတ်တလော အိန္ဒိယနိုင်ငံမှာ မြန်မာနိုင်ငံကို သြဇာ လွှမ်းမိုးနိုင်ရေး အတွက် တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင် နေခဲ့သောကြောင့် ဒီမိုကရေစီ နိုင်ငံကြီး (သို့) အရေးယူမှုများကို ထောက်ခံသူ မဖြစ်နိုင်တော့ပါ။

အာရှ ဒီမိုကရေစီ နိုင်ငံများကို စည်းရုံးကာ မြန်မာ အာဏာရှင်များ အပေါ် အသစ် ထပ်မံ ကမ်းလှမ်းခြင်းသည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှု အပေါ် အိုဘားမား၏ အကောင်းဆုံး တုန့်ပြန်မှု ဖြစ်ပါလိမ့်မည်။

အကယ်၍ မြန်မာ အစိုးရသည် တစ်ရစ်ပြီး တစ်ရစ် တင်းလာသော တရုတ်၏ စက်ကွင်းမှ အမှန်တကယ် လွတ်မြောက်လိုပါက အရေးယူ ပိတ်ဆို့မှုများ ရုတ်သိမ်းရေး အတွက် ဒီမိုကရေစီ ဆွေးနွေးမှုများ ပြုလုပ်ရန် တံခါးဖွင့် ပေးရဖွယ် ရှိသည်။

နိဂုံး ချုပ်အားဖြင့် တရုတ်ကြီး၏ လက်သီးဆုပ် အတွင်း ခိုအောင်း နေခြင်းထက် အာရှ ဒီမိုကရေစီ နိုင်ငံများ အသိုင်း အဝိုင်းသို့ ပူးပေါင်းခြင်းက ပို၍ ကောင်းပါသည်ဟု တင်ပြ လိုက်ရပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 17th November 2010

မြန်မာ့ တပ်မတော် အောက်ခြေ အဆင့် အတန်းများ အတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် လက္ခဏာများ ပထမဆုံး တွေ့ရှိရသည်ဟု ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က ပြောကြားသည်။

သူမ၏ မိန့်ခွန်းကို နားထောင်ရန် အတွက် ရာပေါင်း များစွာသော စစ်သားများ ရန်ကုန်မြို့သို့ သွားရောက်ခဲ့ကြသည် ဟူသော သတင်းကို တပ်မတော် တပ်မ ၂ ခုမှ စစ်သားများက အတည်ပြု ခဲ့သည်။ ရိက္ခာ မလုံလောက်မှုများနှင့် ပတ်သက်၍ ၎င်းတို့၏ အထက် အဆင့်များထံ သူမက ပြောဆို နိုင်လိမ့်မည်ဟု မျှော်လင့်ကြကြောင်း ၎င်းတို့က ပြောဆိုသည်။

မြန်မာ နိုင်ငံ၏ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ် ရွေးကောက်ပွဲ၌ တပ်မတော် နောက်ခံ ပါတီ အနိုင်ရရှိခဲ့ပြီး တစ်ပတ် အကြာတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်း ဖြစ်သည်။

အထက်ပါ ရွေးကောက်ပွဲကို အတုအယောင် အဖြစ် ပြည်တွင်း ပြည်ပက ကျယ်ကျယ် ပြန့်ပြန့် ပြစ်တင် ရှုတ်ချထားသည်။

အသက် ၆၅ နှစ်ရှိ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ နောက်ဆုံး နေအိမ် အကျယ်ချုပ် သက်တမ်း ကုန်ဆုံးပြီးနောက် စစ်ဖက် အစိုးရက ထပ်မံ သက်တမ်း တိုးခြင်း မရှိသည့် အတွက် စနေနေ့က လွတ်မြောက် လာခြင်း ဖြစ်သည်။

များစွာ မျှော်လင့်ထားမှုများ

တပ်မတော် အတွင်း သူမအပေါ် အားပေး ထောက်ခံမှု အတိုင်း အတာမှာ တိကျ သဲကွဲမှု မရှိပါ။

ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်း အတွင်းရှိ တပ်ရင်းများမှ စစ်သား မြောက်များစွာသည် ၎င်းတို့၏ မိသားစုများနှင့် အတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုကို ဆုတောင်း ဂုဏ်ပြုရန် အတွက် နိုဝင်ဘာ ၁၃ ရက်တွင် သူမ၏ နေအိမ်သို့ သွားရောက် ခဲ့ကြသည်ဟု သိရှိရသည်။

"ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ကျွန်တော်တို့ အများကြီး မျှော်လင့် ထားပါတယ်" ဟု တပ်မတော်သား တစ်ဦးက ဘီဘီစီ မြန်မာပိုင်း အစီအစဉ်သို့ ပြောကြားသည်။

"တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ခေါင်းဆောင်တွေ အတူတကွ လက်တွဲ လုပ်ဆောင်မယ် ဆိုရင် အောက်ခြေ အဆင့်တွေ ရင်ဆိုင်နေရတဲ့ ခက်ခဲ ကြမ်းတမ်းမှုတွေကို ဖြေရှင်း နိုင်လိမ့်မယ်လို့ ယုံကြည် ထားတဲ့ အတွက် သူမကို ဂုဏ်ပြုဖို့ သွားခဲ့ကြတာပါ" ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သော စက်တင်ဘာလက နေရာ အနှံ့မှ တပ်မတော်သားများ ရိက္ခာ မလုံလောက်မှုနှင့် လခ ပြည့်ဝစွာ မရရှိမှု တို့ကို ဆန္ဒပြသည့် အနေဖြင့် ပုံမှန် တာဝန်များ ထမ်းဆောင်ရန် ငြင်းဆန်သည့် သတင်းများ ပေါ်ထွက်ခဲ့ပြီးနောက် ယခု သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဘီဘီစီမှ ပြုလုပ်ခဲ့သော အင်တာဗျူးများတွင် နယ်မြေခံတပ်မှ တပ်မတော်သားများက ၎င်းတို့၏ ရိက္ခာ ဖြတ်တောက် ခံရသည်မှာ သီတင်းပတ် အတော် ကြာပြီဟု ပြောကြားခဲ့ကြသည်။

တပ်ရင်း ရန်ပုံငွေ အဖြစ် ထားရှိသည့် ၎င်းတို့၏ စုဆောင်းငွေ များကိုလည်း ထုတ်ယူ၍ မရအောင် တပ်ရင်းမှူးများက တားမြစ် ထားသည်ဟု ၎င်းတို့က ပြောကြားခဲ့သည်။

မြန်မာ အာဏာပိုင် များကမူ တပ်မတော်အတွင်း မည်သည့် မငြိမ်သက်မှုမှ မရှိပါဟု ငြင်းဆိုထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Christian Science Monitor, By Clayton Jones, 15th November 2010

မြန်မာ လူမျိုးတွေရဲ့ လွတ်မြောက်ရေး လမ်းကြောင်းမှာ ရယ်မောဖို့ လိုအပ်တယ် ဆိုတဲ့ ကိစ္စဟာ၊ ဟာသ တစ်ခု မဟုတ်ပါဘူး။

၁၉၈၈ ခုနှစ်မှာ စစ်အုပ်ချုပ်ရေးကို စတင် ဆန့်ကျင် ခဲ့ကြတဲ့ အချိန်က စပြီး နိုင်ငံရေး ဟာသတွေဟာ မြန်မာ ပြည်သူတွေ အတွက် မရှိမဖြစ် စိတ်အပန်းဖြေစရာ ထွက်ပေါက် တစ်ခု ဖြစ်လာခဲ့တာပါ။

ဒေါ်အောင်ဆန်း စုကြည်က ဒီနိုင်ငံရေး တိုက်ပွဲရဲ့ မျက်နှာစာ ဖြစ်လာခဲ့ချိန်မှာ နာမည်ကြီး လူရွှင်တော် ဇာဂနာက ဒီမိုကရေစီ ထောက်ခံတဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ရင်း သူ့ရဲ့ ဇာဂနာ ဥာဏ်ရွှင်တဲ့ အတို့ အထိတွေနဲ့ ပြည်သူတွေကို အမှန်တကယ် ထိတွေ့ခဲ့တယ်။

သူရဲ့ ရယ်ရွှင်စရာ ကောင်းတဲ့ လက်သံ ပြောင်မှုကို သက်သေပြ စရာတောင် လိုမယ် မထင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ၁၈ လ နေအိမ် အကျယ်ချုပ်ကနေ စနေနေ့က လွတ်မြောက် လာချိန်မှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်း လူရွှင်တော်ဟာ နှစ် ၃၀ ကျော် ထောင်ဒဏ်နဲ့ အတူ မြန်မာနိုင်ငံရဲ့ နာမည်ပျက် အကျဉ်းထောင်မှာ ထောင်ဒဏ် ကျခံနေရဆဲပါ။

ဇာဂနာဟာ တပ်မတော် အစိုးရက နားဂစ်စ် ဆိုက်ကလုံးသားကောင်တွေကို လုံလောက်တဲ့ ကယ်ဆယ် ကူညီမှု မပြုလုပ်ခဲ့တာကို ဝေဖန်ခဲ့ပြီး နောက်ပိုင်း ၂၀၀၈ ခုနှစ်မှာ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။

၁၉၈၉ ခုနှစ်မှာ ဇာဂနာ ပထမဆုံး အကြိမ် ထောင်ကျပြီး တဲ့နောက် သူ့ကို အင်တာဗျူး လုပ်ဖို့ ကျွန်တော် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မလွယ်ကူပါဘူး။ အစိုးရက အနံ့ မခံမိအောင် သူက ပုန်းရှောင် နေတာကြောင့် သူ့ကို ရှာတွေ့ဖို့ အတွက် ရယ်စရာ ကောင်းလောက်အောင် ဖတ်ဖတ် မောခဲ့ရပါတယ်။

ရန်ကုန်မြို့က သူ့ရဲ့ နေအိမ်ကို ရောက်သွားပြီး တံခါးခေါက်လိုက်တဲ့ အချိန်မှာ အမှောင်ရိပ်ထဲက တစ်စုံ တစ်ယောက်က လေသံ ကလေးနဲ့ " ရွှတ်၊ သူ့ရဲ့ အဖေ အိမ်ကိုသွား" လို့ တိုးတိုးလေး ပြောပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ တနံတလျားကို ဖြတ်ပြီး သူ့ရဲ့ အဖေအိမ်ကို လိုက်သွားခဲ့ပါတယ်။ စိတ်ချရတဲ့ အချိန် အတိုင်း အတာတစ်ခု ကျော်လွန် သွားတဲ့အခါ နောက်ဆုံးမှာတော့ ဇာဂနာက စိတ်လှုပ်ရှားစရာ ဝင်ရောက်လာပါတယ်။ သူက ပြုံးလိုက်ပြီးတော့ ဟာသတွေ ဖောက်တော့ တာပါပဲ။

သူဟာ ဗိုလ်ချုပ်ကြီးတွေကို ရယ်စရာ လုပ်ခဲ့တဲ့ အတွက် ထောင်ထဲမှာ ခြေထောက်ကနေ တွဲလောင်း ဆွဲခံရသလို နည်းပေါင်း များစွာနဲ့ နှိပ်စက် ခံနေရသူ ဖြစ်တယ် ဆိုတာ အားလုံး သိအောင် ပြောပြချင်ပါတယ်။ သူဟာ အချိန်ကျအောင် စောင့်ဆိုင်းနေတယ် ဆိုပေမယ့် ပြည်သူလူထုကို ပညာသား ပါတဲ့ ပြက်လုံးတွေနဲ့ တွေ့ထိဖို့ အခုချိန်ထိ အဆင်သင့် ရှိနေပါတယ်။

ဟာသ ပြက်လုံးတွေ အတွက် ဖမ်းဆီးခံရတဲ့ ဖြစ်ရပ်ဟာ မြန်မာ နိုင်ငံပြင်ပမှာ သူ့ကို ကျော်စော စေခဲ့ပါတယ်။ သူ့ရဲ့ ရဲရင့်မှု အတွက် လေးစားခဲ့ကြပါတယ်။ နယူးယောက် အခြေစိုက် Human Rights Watch အုပ်စုက သူ့အကြောင်းကို ဖော်ထုတ်ဖို့ စီစဉ်တဲ့အခါ သူနဲ့ သိတဲ့ အနောက် နိုင်ငံသား အနည်းငယ်ထဲက တစ်ယောက် ဖြစ်တဲ့ ကျွန်တော့်ကို သတင်း အချက်အလက် ရရှိဖို့ ဆက်သွယ် လာပါတယ်။

သူ့ရဲ့ ဟာသတွေဟာ မြန်မာဘာသာ စကားထဲက စကားလုံးမျာကို များစွာ ကစား ထားတာကြောင့် အင်္ဂလိပ် ဘာသာ ပြန်ဆိုဖို့ အခက်အခဲ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ သူ့ရဲ့ ဟာသတစ်ခုကို ကြည့်ရအောင်၊ သူ့ရဲ့ ပရိသတ်ကို သူက ဒီလို ပြောပါတယ်။ "ကျွန်တော်တို့ နိုင်ငံက ခေါင်းဆောင်တွေကို ကြည့်ချင်လို့ သတင်းစာမှာ ကြည့်တော့ ဝါးနေတယ်ဗျ" (မြန်မာစကားမှာ "ဝါးတယ်" ဆိုတဲ့ စကားလုံးဟာ မှုန်ဝါးနေတယ်လို့ အဓိပ္ပာယ် ထွက်သလို အဂတိ လိုက်စားပြီး ချမ်းသားနေတယ် ဆိုတဲ့ အဓိပ္ပာယ် ကိုလည်း ကောက်ယူလို့ ရပါတယ်။)

ဒီလောက်ဆို သူ့အကြောင်းကို အနည်းငယ် သိလောက်ပါပြီ။

ထောင်ထဲမှာ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ထဲမှာ ဇာဂနာဟာ လူသိ အများဆုံးနဲ့ ပြည်သူချစ်တဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ဟာ သူမ လွတ်မြောက် လာပြီးတဲ့ နောက်မှာ အတိုက်အခံ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့ အတွက် တောင်းဆိုပါလိမ့်မယ်။

ဇာဂနာနဲ့ အခြားသူတွေ နောက်ဆုံး လွတ်မြောက် လာမယ့် အချိန်ဟာ တပ်မတော် လက်ဝါးကြီး အုပ်မှု အောက်ကနေ မြန်မာနိုင်ငံ စတင် ရုန်းထွက်ကာစ ဖြစ်ပါလိမ့်မယ်။ မြန်မာ လူမျိုးတွေ အတွက်ကတော့ သူတို့ရဲ့ နိုင်ငံရေး အခက်အခဲ၊ အကျပ်အတည်းနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ကိုယ်ပိုင် ဟာသတွေနဲ့ ရယ်မောနိုင်ကြဖို့ လိုအပ်နေဦးမှာပါ။ နောက်ဆုံးမှာတော့ စည်းလုံး ညီညွတ်မှုရဲ့ အကြီးမားဆုံး အရင်း အမြစ်ဟာ ရယ်မောခြင်းပဲ ဖြစ်ပါတယ်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bloomberg News, 16th November 2010

လျှပ်စစ် ဓါတ်အား ထုတ်လုပ် နိုင်စွမ်းတွင် အရှေ့တောင် အာရှ၌ အကြီးဆုံး ဖြစ်လာမည့် ဒေါ်လာ ၁၀ ဘီလျံ တန်ဖိုးရှိ ရေအား လျှပ်စစ် စီမံကိန်းကို လေ့လာရန် တရုတ်၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ သဘော တူခဲ့ကြသည်ဟု တရုတ် အစိုးရက ပြောကြားလိုက်သည်။

၇ ဂီဂါဝပ် ထုတ်လုပ်နိုင်မည့် စီမံကိန်းကို မြန်မာနိုင်ငံ သံလွင်မြစ် ပေါ်တွင် ၁၅ နှစ်ခန့် တည်ဆောက် ရလိမ့်မည်ဟု တရုတ်နိုင်ငံ၏ နိုင်ငံပိုင် လုပ်ငန်းများ ကြီးကြပ်ရေးနှင့် အုပ်ချုပ်မှု ကော်မရှင်က ၎င်း၏ ဝက်ဘ်ဆိုက်တွင် ယနေ့ ဖော်ပြထားသည့် ၃ နိုင်ငံမှ ကုမ္ပဏီများက စီမံကိန်းနှင့် ပတ်သက်သည့် သဘော တူညီချက်ကို နိုဝင်ဘာ ၁၀ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြသည်ဟု ကြေညာချက် အရ သိရှိရသည်။

ကမ္ဘာ့ အကြီးဆုံး စွမ်းအင် သုံးစွဲသူ တရုတ်နိုင်ငံသည်  ယူနန်ပြည်နယ် ကဲ့သို့သော ၎င်း၏ တောင်ပိုင်း ပြည်နယ်များတွင် ရေအားလျှပ်စစ် ဖြည့်ဆည်း ဖြန့်ဖြူးရန် စီစဉ်နေပြီး ၎င်းဒေသများ၏ ဓါတ်အား လိုအပ်ချက် ပြည့်မှီရန် အတွက် မြန်မာ လာအိုနှင့် ကမ္ဘောဒီးယား အပါအဝင် အိမ်နီးချင်း နိုင်ငံများရှိ ရေအားလျှပ်စစ် တာတမံများ ဆောက်လုပ်ခြင်းကို ကူညီလျက် ရှိသည်။ အာရှ ဖွံ့ဖြိုးရေး ဘဏ်က စက်တင်ဘာလတွင် ထုတ်ပြန်သော ဂျပန်ကို ဖယ်ထားသည့် အာရှတိုက်၏ ၂၀၁၀ စီးပွားရေး ကြီးထွားမှု ခန့်မှန်းချက်တွင် ၈.၂ % သို့ မြင့်တက်နေသည်။

"အာရှရဲ့ စွမ်းအင် လိုအပ်ချက်က စီးပွားရေးနဲ့အတူ လိုက်ပြီး မြင့်တက်လာပါတယ်။ တရုတ် ကုမ္ပဏီတွေဟာ သူတို့ ဒေသ ဖွံ့ဖြိုးရေးကို လောင်စာထိုးဖို့ အတွက် အရှေ့တောင် အာရှရဲ့ ကြွယ်ဝတဲ့ ရေအားလျှပ်စစ် ရင်းမြစ်တွေကို ဖောက်ယူ သုံးစွဲဖို့ ကြံစည် နေကြပါတယ်" ဟု Daiwa Securities Capital Markets Co မှ ဟောင်ကောင် အခြေစိုက် ပညာရှင် Dave Dai က ပြောကြားသည်။

Sinohydro Corp၊ China Three Geoges Corpနှင့် China Southern Power Grid Co တို့သည် ထိုင်းနိုင်ငံ လျှပ်စစ် စွမ်းအား အာဏာပိုင် အဖွဲ့၊ မြန်မာနိုင်ငံမှ International Group of Entrepreneur Co တို့နှင့် အတူ စီမံကိန်း လေ့လာရေးကို အတူ လုပ်ဆောင် သွားကြမည်ဟု သိရှိရသည်။

တိဗက် ကုန်းမြေမြင့်တွင် ဖြစ်ဖျားခံသော ကီလိုမီတာ ၂၈၀၀ (၁၇၄၀ မိုင်) အရှည် သံလွင်မြစ်သည် ယူနန်ပြည်နယ်နှင့် မြန်မာ နိုင်ငံကို ဖြတ်သန်း စီးဆင်းကာ အင်ဒါမန် ပင်လယ်ထဲသို့ စီးဝင်ခြင်း ဖြစ်သည်။ သံလွင်မြစ်ကို တရုတ် နိုင်ငံတွင် နူဂျီယန်းမြစ်ဟု ခေါ်ဝေါ်ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ နိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေး နှင့် တိုင်းရင်းသား လူမျိုးများ အကြား အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည် ဖော်သွားနိုင် လိမ့်မည်ဟု တရုတ် နိုင်ငံက ယုံကြည်ပါကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ ကြေညာချက်သည် မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် မြန်မာ နိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ပထမဆုံးသော သဘောထား တုံ့ပြန်ချက် တစ်ရပ် ဖြစ်သည်။

"မြန်မာနိုင်ငံ အနေနဲ့ အဆင့် ၇ ဆင့်ပါ နိုင်ငံရေး လမ်းပြ မြေပုံအတိုင်း ဆက်လက် အကောင်အထည် ဖော်သွားနိုင်ပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်မှု ရှိရေး၊ တိုင်းရင်းသား ပြန်လည် သင့်မြတ်ရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်ရေး စတာတွေကို ဆက်လက် ထိန်းသိမ်း သွားနိုင်မယ်လို့ တရုတ်နိုင်ငံက ယုံကြည် မျှော်လင့်လျက် ရှိပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုနှင့် ပတ်သက်၍ မေးမြန်းရာတွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ် Hong Lei က ပြောကြားသည်။

မြန်မာနိုင်ငံ ရှေ့ဆက်သွားမည့် နိုင်ငံရေး လမ်းပြ မြေပုံကို မြန်မာ အစိုးရက ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး စစ်အုပ်ချုပ်ရေးမှ အရပ်ဘက် အုပ်ချုပ်ရေး စနစ်သို့ လွှဲပြောင်းပေးရန် ဦးတည်ထားခြင်း ဖြစ်သည်။

မကြာသေးမီ ရက်သတ္တပတ်က ကျင်းပ ပြီးစီးသွားသော ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲသည် အဆိုပါ လမ်းပြ မြေပုံတွင် ပါဝင်သော အဆင့်တစ်ခု ဖြစ်သည်။ သို့သော် ယင်းရွေးကောက်ပွဲသည် စစ်အုပ်ချုပ်မှု စနစ်အောက်သို့ အရပ်ဘက် အုပ်ချုပ်ရေးကို သွတ်သွင်းမည့် အတုအယောင် ရွေးကောက်ပွဲ တစ်ရပ်သာ ဖြစ်သည်ဟု လေ့လာ သုံးသပ်သူများက ဆိုသည်။

သတင်းစာ ရှင်းလင်းပွဲ၌ ပြောရေး ဆိုခွင့် ရှိသူ မစ္စတာ Hong Lei အား နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု၊ သူမနှင့် မြန်မာ အစိုးရအကြား ဒိုင်ယာလော့ခ် ပြုလုပ်ရန် တရုတ်နိုင်ငံက အားပေး အားမြှောက် ပြုခဲ့ခြင်း ရှိ၊မရှိ ဟူသော အရေး ကိစ္စတို့နှင့် ပတ်သက်၍ မေးမြန်းရာ ၎င်းက ဖြေကြားမှု မပြုခဲ့ပေ။

တရုတ်သည် တောင်ပိုင်း ဒေသဆီမှ အိမ်နီးချင်း မြန်မာနိုင်ငံတွင်း တည်ငြိမ် အေးချမ်းမှုကို လိုလားလျက် ရှိသည်။ အထူးသဖြင့် ဘိန်းဘုရင်များ၊ သူပုန် တပ်ဖွဲ့များ ခြေကုပ်ယူ လှုပ်ရှားလျက် ရှိသော တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် ဒေသတစ်လျှောက် တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်း ထားနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။ တရုတ် အစိုးရသည် မြန်မာ စစ်အစိုးရနှင့် အနီးကပ် ချစ်ကြည်ရင်းမှုနှင့် ဆက်ဆံမှု ရှိသည့်တိုင် ပြည်တွင်းမှ အစိုးရ အတိုက်အခံ များနှင့်လည်း အဆက်အသွယ်များ ရရှိထားသည်။

နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်တစ်နေ့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရနှင့် အနီးကပ် ချစ်ကြည် ရင်းနှီးမှု ရရှိထားမှုများ ရှိသော်လည်း တရုတ်နိုင်ငံ အပေါ် ရန်သူအဖြစ် ရှုမြင်မှု မရှိပါကြောင်း ထုတ်ဖော် ပြောဆိုသည်။ မြန်မာ စစ်အစိုးရသည် ဒေါ်အောင်ဆန်း စုကြည်အား နှစ်ပေါင်း ၂၀ တာ ကာလ အတွင်း ၁၅ နှစ်တာမျှ ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။

တရုတ် နိုင်ငံသည် လက်ရှိ မြန်မာနိုင်ငံ ဘဏ္ဍာရေး နှစ်အတွင်း အမေရိကန် ဒေါ်လာ ၈ ဒဿမ ၁၇ ဘီလီယံ တန်ဖိုး ဝင်ရောက် ရင်းနှီး မြှုပ်နှံခဲ့ကြောင်း မြန်မာနိုင်ငံပိုင် မီဒီယာက ထုတ်ပြန်သော တရားဝင် စာရင်း ဇယားများက ဆိုသည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံရှိ စွမ်းအင် ထုတ်လုပ်ရေး အခန်းကဏ္ဍတွင် အများဆုံး ရင်းနှီး မြှုပ်နှံထားသည်။ (ရေအား လျှပ်စစ် ထုတ်လုပ်ရေးတွင် ၅ ဘီလီယံ ဒေါ်လာ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေး အခန်းကဏ္ဍတွင် ၂ ဒဿမ ၁၅ ဘီလီယံ ဒေါ်လာ)။ သို့သော် မြန်မာ စစ်အစိုးရက ထုတ်ပြန်သော တရားဝင် စာရင်း ဇယားများသည် ယုံကြည် စိတ်ချရမှု မရှိကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။

မြန်မာ နိုင်ငံသည် တရုတ် နိုင်ငံအတွက် အိန္ဒိယ ပင်လယ်ပြင် ထွက်ပေါက် တစ်ခု ဖြစ်လျက် ရှိရာ ရေနံ၊ သဘာဝ ဓာတ်ငွေ့များ တင်သွင်းမှုနှင့် တရုတ် အနောက် တောင်ပိုင်း၊ ကုန်းတွင်းပိတ် ဒေသမှ ကုန်ပစ္စည်များ တင်ပို့မှု တို့အတွက် များစွာ အထောက်အကူ ပြုလျက် ရှိရုံသာမက တရုတ် စစ်ဘက် အခြေစိုက် စခန်းများ ထားရှိရေး၊ ကင်းထောက်လှမ်းရေး စခန်းများ ဖွင့်လှစ်ရေး အစ ရှိသည်တို့ အတွက်ပါ အထောက်အကူ ပြုလျက် ရှိသည်။

Reuters သတင်းကို ဘာသာ ပြန်ဆိုသည်။

BBC News, 15th November 2010

နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး နှစ်ရက် အကြာတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က မြန်မာ နိုင်ငံ ငြိမ်းချမ်းသော တော်လှန်ရေး အတွက် ရည်မှန်းကြောင်း ပြောခဲ့သည်။

သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရုံးချုပ်တွင် BBC အား ပြောကြားရာ၌ မြန်မာ နိုင်ငံတွင် တဖြည်းဖြည်း ဒီမိုကရေစီ ရလာမည်မှာ သေချာကြောင်း၊ သို့သော် မည်မျှ ကြာမည်ကို သူမ မသိကြောင်း ဆိုသည်။

စစ်ဗိုလ်ချုပ်များနှင့် စကားပြောရန် မည်သည့် အခွင့်အရေးကို မဆို အသုံးချမည်ဟု သူမက ပြောကြားခဲ့သည်။

သူမအား ရွေးကောက်ပွဲ ကျင်းပ အပြီး ခြောက်ရက် အကြာတွင် စစ်အစိုးရက လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

သူမ၏ ပါတီသည် လွန်ခဲ့သည့် အနှစ် နှစ်ဆယ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော်လည်း၊ အာဏာ ရယူခွင့် မပေးခဲ့ပါ။

ယခုတစ်ကြိမ် ရွေးကောက်ပွဲတွင်မူ အကြီးဆုံးဖြစ်သော စစ်တပ် နောက်ခံ ပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) က အနိုင် ရခဲ့သော်လည်း၊ အနောက် နိုင်ငံများက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ဟု ရှုတ်ချခဲ့ကြသည်။

တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းစဉ်

BBC ကမ္ဘာ့ ရေးရာ အယ်ဒီတာ John Simpson က ပြောကြားရာတွင် အင်တာဗျူးကို အချို့ လုံခြုံရေး တာဝန်ရှိသူများက NLD ရုံးချုပ်လမ်း၏ တဖက်မှ စောင့်ကြည့် နေသော်လည်း ဝင်ရောက် စွက်ဖက်ခြင်း မရှိဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် စစ်အစိုးရအား ပြုတ်ကျ သွားစေရန်  သူမ မလိုလားကြောင်း၊ သို့သော် ပြောင်းလဲမှု ပြုလုပ်ရန်နှင့် တိုင်းပြည်အတွက် ပိုမို ကောင်းအောင် လုပ်ဆောင် ပေးရန်သာ လိုလားကြောင်း ဆိုသည်။

"စစ်တပ် ကျဆုံး သွားတာကို ကျွန်မ မကြည့်လိုပါဘူး။ စစ်တပ်ဟာ စွမ်းရည် မြင့်မားတဲ့ လေးစား လောက်တဲ့ အဆင့်တစ်ခုမှာ မြင်တွေ့လိုပါတယ်။ စစ်မှန်တဲ့ မျိုးချစ်စိတ် ကိုလည်း တွေ့လိုပါတယ်" ဟု သူမက ပြောသည်။

"ပြည်သူ လူထု ဘာကို လိုလားတယ် ဆိုတာ ရှင်းနေတယ်လို့ ကျွန်မ ထင်ပါတယ်။ ပြည်သူတွေက လုံခြုံမှုနှင့် လွတ်လပ်ခြင်းကို အခြေခံတဲ့ ပိုမို ကောင်းတဲ့ ဘဝကိုပဲ လိုချင်တာပါ" ဟု သူမက ပြောသည်။

သူမ၏ လွတ်လပ်ခွင့်များကို ကန့်သတ်မှုများ ပြုလုပ်ခြင်းများ အတွက် မည်သို့မျှ ထိခိုက်မှု မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က အတည်ပြု ပြောကြားခဲ့သည်။

သို့သော် သူမ၏ ပြောဆိုမှုများ လုပ်ဆောင်မှုများ အတွက် စစ်အစိုးရက ထပ်မံ၍ သူမအား အကျဉ်းချ ထားဦးမည် ဆိုပါကလည်း ခံယူရန် လုံးဝ ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သူမက ဆိုသည်။

နိုဘယ် ဆုရှင်သည် လွန်ခဲ့သည့် (၂၁) နှစ်အတွင်း (၁၅) နှစ်ခန့် အထိန်းသိမ်း ခံခဲ့ရသည်။ သူမသည် နေအိမ် အကျယ်ချုပ် ကာလပြီး ဆုံးသည့် စနေနေ့က ပြန်လည် လွတ်မြောက်ခဲ့သည်။

တနင်္ဂနွေနေ့က သူမအား ထောက်ခံသော အလွန်အမင်း ပျော်ရွှင်နေသည့် ထောင်ပေါင်း များစွာသော လူအုပ်ကြီးသည် သူမ၏ စကား ပြောမှုကို နားထောင်ရန် စုရုံး ရောက်ရှိခဲ့ကြရာ၊ သူမက မြန်မာ ပြည်သူများ စည်းလုံးကြရန် တိုက်တွန်းခဲ့သည်။

အကြီးဆုံး အမေရိကန် သံတမန် သံရုံးယာယီ တာဝန်ခံ Larry Dinger က BBC သို့ ပြောကြားရာတွင် အမေရိကန် အနေဖြင့် အခြား ဘာမျှ မလုပ်လိုကြောင်း၊ အစိုးရနှင့် ဒေါ်အောင်ဆန်း စုကြည် တို့အကြား ရင်ကြား စေ့ရေးကိုသာ အားပေးလိုကြောင်း ဆိုသည်။

"ပွင့်ပွင့် လင်းလင်း ပြောရရင်၊ သူမ၏ ဖြစ်ပေါ် ပြောင်းလဲမှု၊ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ် ပြောင်းလဲမှုတွေကို အမေရိကန်က အဆုံးအဖြတ် ပြုရမှာ မဟုတ်ပါဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ အမြင် ပြောရရင် မြန်မာ ပြည်သူ တွေကပဲ လုပ်ကြရမှာပါ" ဟု ၎င်းက ပြောသည်။

"ကျွန်တော်တို့ အကောင်းဆုံး လုပ်ပေး နိုင်တာကတော့ နေပြည်တော်က အစိုးရရယ်၊ တိုင်းရင်းသား အုပ်စုတွေရယ်၊ ဒီမိုကရက်တစ် အသိုင်းအဝိုင်းက အမျိုးမျိုးသော ပလေယာတွေကို ကိုယ့်ကိစ္စ ဝိုင်းဝန်း ဖြေရှင်းကြဖို့ အဖက်ဖက်က အားပေး နိုင်ရုံပါပဲ" ဟု ၎င်းက ဆိုသည်။

ဒေသတွင်းတွင် အာဆီယံ နိုင်ငံများကြားတွင် သူမ၏ လွတ်မြောက်မှု အတွက် စိတ်အား ထက်သန်မှု အဆင့် အမျိုးမျိုး ရှိကြသည်ဟု BBC မှ  Vaudine England က သတင်း ပေးပို့ခဲ့သည်။

အာရှတိုက်၏ ဒီမိုကရေစီ နိုင်ငံများသည် ကြေညာချက်များ ထုတ်ပြန်၍ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ပိုမို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရေး မျှော်လင့်ကြောင်း သူမအား ထောက်ခံ ခဲ့ကြသည်။

"နောက်ထပ် စိန်ခေါ်မှု တစ်ခုကတော့ ဒေါ်အောင်ဆန်း စုကြည်နဲ့ သူမအား ထောက်ခံသူ တွေဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေ အတွက် အဖြေအတွက် အစိတ်အပိုင်းများ ဘယ်လို ဖြစ်လာနိုင်မလဲ ဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ ပြောင်းလဲရေးမှာ တိုးတက်အောင် လုပ်ပေးတဲ့ အစိတ်အပိုင်းက ပါဝင် နိုင်ရေးပါပဲ" ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ပြောသည်။

ဂျပန် နိုင်ငံခြားရေး ဌာန သတင်း ထုတ်ပြန်ရေး အတွင်းရေးမှူး Satoru Sato ကလည်း ထိုအမြင်ကိုပင် ထောက်ခံ ပြောကြားခဲ့သည်။

"အခု ကျွန်တော်တို့က မြန်မာ အစိုးရကို လူ့အခွင့်အရေး ကိစ္စ တိုးတက်ရေး၊ ဒီမိုကရေစီ ပြောင်းလဲမှု တိုးတက်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေမှာ အပေါင်း လက္ခဏာ ဆောင်တဲ့ ကိစ္စတွေ ဖြစ်လာဖို့ မျှော်လင့်နေပါတယ်" ဟု Sato က ပြောသည်။

ထိုင်းဝန်ကြီးချုပ် Abhisit က ပြောကြားရာတွင် အဖြစ် အပျက် တစ်ခုလောက်နှင့် ကြီးမားသော ပြောင်းလဲမှု ဖြစ်ရန် လုံလောက်ပြီဟု မထင်စေ ကြလိုကြောင်း ဆိုသည်။

"စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ရွေးကောက်ပွဲလွန် ကာလတွေမှာ ဘယ်လို ပုံပေါ်လာမလဲ ဆိုတာတွေ စောင့်ကြည့် ရပါမယ်"ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံသည် တရုတ်၊ စကာင်္ပူနှင့် အိန္ဒိယတို့ နှင့်အတူ မြန်မာ နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ ဖြစ်သည်။ နယ်စပ်မှ ဒုက္ခသည်များ လျော့ကျရေး အတွက် ထိုင်းနိုင်ငံသည် မြန်မာ နိုင်ငံ၏ တည်ငြိမ်ရေးကို လိုလားသူ ဖြစ်သည်။

တရုတ်၊ စကာင်္ပူနှင့် ဗီယက်နမ်တို့မှာ ဒေါ်အာင်ဆန်း စုကြည်၏ လွတ်မြောက်မှုနှင့် ပတ်သက်၍ အနည်းငယ်စီသာ ပြောကြားကြကြောင်း BBC သတင်းထောက်က ပြောသည်။

အချို့ သုံးသပ်သူများက ပြောကြားရာတွင် အကယ်၍ ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်မှုသည် မြန်မာ နိုင်ငံအပေါ် ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုများ အတွက် အရေးယူ ပိတ်ဆို့မှုများ ပြောင်းလဲ သွားရေးကို ဖြစ်စေမည် ဆိုပါက၊ မြန်မာ့ စီးပွားရေးတွင် တရုတ်၏ ဦးဆောင်မှု ကဏ္ဍမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင် ရနိုင်သည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Gulf Times, 16th November 2010

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာ အစိုးရက လွှတ်ပေးခဲ့ပြီးနောက် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို ရုတ်သိမ်းရန် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂအား အရှေ့တီမော သမ္မတ Jose Ramos Horta က ယမန်နေ့က တိုက်တွန်းလိုက်သည်။

လွန်ခဲ့သော ၂၁ နှစ် အတွင်း ၁၅ နှစ်ခန့် ထိန်းသိမ်းခြင်း ခံရသော ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့တွင် အကျယ်ချုပ် ကျခံနေရာမှ စနေနေ့တွင် လွတ်မြောက် လာခြင်းအပေါ် ပျော်ရွှင်မိကြောင်း Ramos Horta က ထုတ်ဖော် ပြောကြားခဲ့သည်။

"၁၅ နှစ်ကျော်ကျော် အကြောင်းမရှိပဲ  အကျယ်ချုပ် ဖမ်းဆီး ခံနေရာက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာမှုကြောင့် ကျွန်တော် အလွန် ပျော်ရွှင်မိပါတယ်။ ဒါကို ကောင်းတဲ့ အရာ တစ်ခု အဖြစ် ကျွန်တော် ရှုမြင်ပါတယ်။ ဒီလို လွှတ်ပေးခဲ့တဲ့ မြန်မာ စစ်ဖက် အစိုးရလည်း ဂုဏ်ပြု ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

"မြန်မာ နိုင်ငံ အပေါ် တင်းကြပ်တဲ့ အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကားနဲ့ ဥရောပ ၂ ဖွဲ့စလုံးက အရေးယူမှုတွေ ရုတ်သိမ်း သွားစေဖို့ ကျွန်တော် မျှော်လင့်ပြီး စောင့်စားနေပါတယ်" ဟု ၎င်းက ပြောဆိုခဲ့သည်။

အရေးယူမှုများသည် မြန်မာ ပြည်သူများကို မရည်ရွယ်ပဲ စစ်အစိုးရကိုသာ ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု ဝါရှင်တန်နှင့် ဘရပ်ဆယ်က ပြောကြားလျက် ရှိသော်လည်း မြန်မာနိုင်ငံကဲ့သို့ ဆင်းရဲ နွမ်းပါးသော တိုင်းပြည်အပေါ် စီးပွားရေး အရ ပိတ်ဆို့ထားခြင်းသည် ကောင်းမွန်သော ကျင့်ဝတ် မဟုတ်ဟု ၎င်းက မှတ်ချက် ပေးသည်။

အနှစ် ၅၀ စစ်အုပ်ချုပ်ရေး ခိုင်မြဲစေရန် ရည်ရွယ်သည့် လှည့်စားမှု တစ်ခုသာ ဖြစ်သည်ဟု ဒီမိုကရေစီ လှုပ်ရှားသူများနှင့် အနောက် နိုင်ငံ ခေါင်းဆောင်များက ပြစ်တင် ဝေဖန်ခဲ့ကြသော ရွေးကောက်ပွဲများကို ပြုလုပ်ပြီး တစ်ပတ် နီးပါး အကြာတွင် ဒေါ်အောင်ဆန်း စုကြည် အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters , 15th November 2010

အမေရိကန် ပြည်ထောင်စုသည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး နောက်တွင် အရေးယူ ပိတ်ဆို့မှုများကို အကဲဖြတ်လျက် ရှိရာ မြန်မာနိုင်ငံမှ တပ်မတော် နောက်ခံ အစိုးရသစ်နှင့် ဆွေးနွေးပွဲများ ကျင်းပရန် စီစဉ်နေသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောကြားသည်။

"လာမယ့် သီတင်းပတ်တွေမှာ အစည်းအဝေးတွေ ရှိပါတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ PJ Crowley က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး "ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာ အစိုးရက ဘယ်လို ဆက်ဆံသလဲ ဆိုတာကို ဝါရှင်တန် အနီးကပ် စောင့်ကြည့် သွားမှာပါ" ဟု ဖြည့်စွက် ပြောဆိုသည်။

"မြန်မာနိုင်ငံနဲ့ အရင်ကနဲ့ မတူတဲ့ ပုံစံ တစ်မျိုးနဲ့ ဆက်ဆံဖို့ ကျွန်တော်တို့ ကြိုတင် ပြင်ဆင်နေပါတယ်။ ဒါပေမယ့် မြန်မာ နိုင်ငံဖက်က လုပ်ရမယ့် ကိစ္စတွေ အများကြီး ရှိနေပါတယ်" ဟု Crowley က ပြောကြား သော်လည်း အသေးစိတ် ပြောဆိုခြင်း မရှိပါ။ "ကျွန်တော်တို့ရဲ့ မူဝါဒ ပြောင်းလဲဖို့ အတွက် သူတို့ဖက်က တစ်ခုမက လုပ်ဆောင်ကြမှာပါ" ဟု ၎င်းက ဆိုသည်။

တပ်မတော် နောက်ခံပါတီ အနိုင် ရရှိသွားပြီ၊ စစ်အစိုးရ၏ အုပ်ချုပ်မှု သက်ဆိုး ရှည်ရန် ရည်ရွယ်သည့် အတုအယောင် အဖြစ် ပြည်ပ လေ့လာသူများက ကန့်ကွက်ခဲ့ကြသည့် ရွေးကောက်ပွဲများကို နိုင်ငံ၏ စစ်ဖက် အုပ်ချုပ်သူများက ကျင်းပပေးခဲ့ပြီးနောက် တစ်ပတ်ခန့် အကြာတွင် ၇ နှစ် ဆက်တိုက် ထိန်းသိမ်း ခံနေရသော ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်သည် တရားဝင် နိုင်ငံရေးအရ ရပ်တည်ခွင့် ရှိမည် မဟုတ်သော်လည်း အထူးသဖြင့် အရေးယူ ပိတ်ဆို့မှု ကိစ္စနှင့် ပတ်သက်ပြီး အနောက် နိုင်ငံများနှင့် အိမ်တွင်းပုန်း စစ်ခေါင်းဆောင်များ အကြား ဆက်သွယ် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က သူမ တစ်ချိန်က ထောက်ခံခဲ့သော အရေးယူ ပိတ်ဆို့မှုများနှင့် ပတ်သက်၍ အနောက် နိုင်ငံများနှင့် ဒိုင်ယာလော့ စတင် ပြုလုပ်ရန် ဆန္ဒရှိကြောင်း တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။ အဆိုပါ အရေးယူ ပိတ်ဆို့မှုများသည် စစ်ဖက် အုပ်ချုပ်သူ များထက် မြန်မာ ပြည်သူများကိုသာ ထိခိုက် စေခဲ့သည်ဟု ယခုအခါ လေ့လာသူများက ပြောဆိုထားသည်။

အနောက် နိုင်ငံများကလည်း သယံဇာတ ကြွယ်ဝသော တိုင်းပြည်မှ ၎င်းတို့ ကြီးမားစွာ စွန့်လွှတ် ထွက်ခွာခဲ့ရပြီး အိမ်နီးချင်း တရုတ်၊ ထိုင်းနှင့် အိန္ဒိယ နိုင်ငံများက အရင်းအနှီးများ သွန်ထည့်ကာ အပြေးအလွှား နေရာ ဝင်ယူသည့် အခြေအနေကို ဖြစ်ပေါ် စေခဲ့သည့် အရေးယူ ပိတ်ဆို့မှုများကို ပြန်လည် သုံးသပ်ရန် စိတ်ဝင်စား နေကြပြီ ဖြစ်သည်။

အမေရိကန် သမ္မတ ဘားရက် အိုဘားမား အာဏာ ရလာပြီးနောက် စတင်ခဲ့သည့် အမေရိကန် ပြည်ထောင်စုနှင့် မြန်မာအာဏာပိုင်များ အကြား ရလဒ်မဲ့ ဆွေးနွေးပွဲများ၏ နောက်ဆက်တွဲ ဖြစ်လာမည့် ဆွေးနွေးပွဲများ ထပ်မံ ပြုလုပ်ရန် အတွက် အမေရိကန်၏ မျှော်လင့်ထားမှု အသေးစိတ်ကို Crowley က ပြောကြားရန် ငြင်းဆိုသည်။

"အဲဒီနိုင်ငံမှာ အစိုးရသစ် ပေါ်လာမှာပါ။ တရားဝင် နိုင်ငံရေး လုပ်ငန်းစဉ်က တဆင့် အာဏာ ရလာတာ မဟုတ်တာကတော့ စိတ်မကောင်းစရာပါ။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် တွေ့ဆုံ ညှိနှိုင်းဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်" ဟု Crowley က ပြောကြားသည်။

မြန်မာ နိုင်ငံအပေါ် ထားရှိမည့် အမေရိကန် ပြည်ထောင်စု၏ မူဝါဒသည် တွေ့ဆုံ ဆွေးနွေးမှုနှင့် အရေးယူ ပိတ်ဆို့မှုကို ဆက်လက် ပူးတွဲ လုပ်ဆောင်သွားမည် ဖြစ်ပြီး အဆိုပါ တိုင်းပြည်တွင် ပိုမို ကျယ်ပြန့်၍ အားလုံးနှင့် သက်ဆိုင်သော နိုင်ငံရေး လုပ်ငန်းစဉ် ပေါ်ထွက်လာအောင် အားပေး တိုက်တွန်း သွားရန် ဆက်လက် ရည်ရွယ်သည်ဟု ၎င်းက ဆိုသည်။

သမ္မတ အိုဘားမားက ၎င်းလေးစားသော သူရဲကောင်း တစ်ဦး အဖြစ် စနေနေ့က ချီးကျူး ဂုဏ်ပြုခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ကံကြမ္မာကို အမေရိကန် ပြည်ထောင်စုက အထူးပင် အလေးထား အာရုံစိုက် သွားမည် ဟုလည်း Crowley က ပြောကြားသည်။

"ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုကို မြန်မာအစိုးရက ဘယ်လို တုန့်ပြန်သလဲ ဆိုတာကို ကျွန်တော်တို့ ဂရုတစိုက် စောင့်ကြည့်နေမှာပါ။ အရင်တုန်း ကတော့ သူမကို အချိန် အတိုင်းအတာ တစ်ခု လွှတ်ထား ပေးပြီးရင် အကြောင်းရှာပြီး ထပ်ဖမ်းဆီးခြင်း ခံရလေ့ ရှိပါတယ်။ ဒီလိုမျိုး ထပ်ဖြစ်မှာကို ကျွန်တော်တို့ မမြင်ချင်ပါဘူး" ဟု ၎င်းက ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာသူ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်နှင့် နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာ စစ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။

စစ်ဗိုလ်ချုပ် ကြီးများနှင့် သဘော မတူနိုင်သော အကြောင်း အရင်းများကို ဖယ်ရှားပြီး စားပွဲ တစ်ခုတွင် ထိုင်ကာ တွေ့ဆုံ ဆွေးနွေးလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ "ကျွန်မတို့ တတွေ ဆွေးနွေး ပြောဆိုရမယ့် အကြောင်း အရာတွေ အများကြီး ရှိပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်တစ်နေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဌာနချုပ်တွင် စကား ပြောဆိုရာ၌ ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံသူ ပရိသတ် ၅၀၀၀ ကျော် တက်ရောက် ခဲ့ကြသည်။ မြန်မာ နိုင်ငံနှင့် ကမ္ဘာတစ်ဝန်းမှ ထောက်ခံ အားပေးသူများအား ဒေါ်အောင်ဆန်း စုကြည်က အထူးပင် ကျေးဇူး တင်ရှိပါကြောင်း ပြောဆိုပြီး မြန်မာ စစ်အစိုးရနှင့် ငြိမ်းချမ်းသော ဒိုင်ယာလော့ခ် တစ်ရပ် ပြုလုပ်ရန် တောင်းဆိုလိုက်သည်။

အနာဂတ် ကာလ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အတွက် လုပ်သားတစ်ဦး အဖြစ် ဆက်လက် ရပ်တည် သွားမည် ဖြစ်သည်ဟုလည်း သူမက ဆိုသည်။

BBC သတင်းဌာနနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ဒီမိုကရေစီ အရေး တက်ကြွစွာ လှုံ့ဆော် စည်းရုံးသူ တစ်ဦးက ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်မည့် အခြေအနေမျိုး မရှိခဲ့ကြောင်း၊ သို့သော် ပြန်လည် ဖမ်းဆီး ထိန်းသိမ်းခံရမည့် အလားအလာများ ရှိသည်ကို ဒေါ်အောင်ဆန်းစုကြည်က သိရှိထားကြောင်း ပြောကြားသည်။ ဒေါ်အောင်ဆန်း စုကြည်သည် နှစ်ပေါင်း ၂၁ နှစ်တာ ကာလအတွင်း ၁၅ နှစ်တာမျှ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ သို့သော် အခြား ဒီမိုကရေစီ လိုလားသော နိုင်ငံရေးသမားများ ဖမ်းဆီး အကျဉ်းချ ခံရခြင်းထက် မိမိနေအိမ် အကျယ်ချုပ် ကျခံရခြင်းက ပို၍ ကောင်းမွန်မည် ဖြစ်ကြောင်း ပြောဆိုသည်။

"ကျွန်မကိုယ် ကျွန်မ ဒီမိုကရေစီ အတွက် လုပ်သား တစ်ယောက်လို့ပဲ ထင်ပါတယ်။ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီရေး အတွက် အလုပ် လုပ်နေတဲ့ သူတွေထက် ကျွန်မကို ပိုသိကြတာဖြစ်မှာပါ။ ကျွန်မရဲ့ အခန်းကဏ္ဍ ကလည်း အဲဒီလို ဒီမိုကရေစီအတွက် အလုပ် လုပ်ကြတဲ့သူ တစ်ယောက် လိုပါပဲ။ ကျွန်မ အနေနဲ့လည်း အဲဒီ အခန်းကဏ္ဍကနေ ဆက်လက် လုပ်ကိုင်သွားမှာပါ" ဟု ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကျင်းပ ပြုလုပ်သည့် ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပြီး ရက်သတ္တ တစ်ပတ်ခန့် အကြာတွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲတွင် စစ်အစိုးရ ကျောထောက် နောက်ခံ ပြုမှုကို ရရှိထားသည့် နိုင်ငံရေး ပါတီသာ အနိုင် ရရှိခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၁၉၉၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ အနိုင် ရရှိခဲ့သည်။ ယခု တစ်ကြိမ် ကျင်းပ ပြုလုပ်သည့် ရွေးကောက်ပွဲ အတွက် ဥပဒေများသည် တရား မျှတမှု မရှိသောကြောင့် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဘဲ သပိတ် မှောက်ကြောင်း NLD ရွေးကောက်ပွဲ မတိုင်ခင် ထုတ်ပြန် ကြေညာခဲ့သည်။ ဒေါ်အောင်ဆန်း စုကြည်က အဆိုပါ ရွေးကောက်ပွဲ တရား မျှတမှုနှင့် ပတ်သက်၍ "မေးစရာ မေးခွန်းတွေ အများကြီး၊ အများကြီး ရှိပါတယ်" ဟု ဆိုသည်။

မြန်မာ နိုင်ငံ အမျိုးသား ရင်ကြား စေ့ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်း စုကြည်က "ကျွန်မတို့ တတွေ တစ်စားပွဲ တည်းမှာ ထိုင်ပြီး မတူညီတဲ့ ကိစ္စတွေကို ဖြေရှင်း ကြရမှာပါ။ သဘော မတူကြတဲ့ ကိစ္စတွေကို သဘောတူဖို့၊ သဘော မတူညီတဲ့ အကြောင်း အရာတွေကို တတ်နိုင် သလောက် ဖယ်ရှားဖို့၊ သဘော မတူရင်လည်း ဘာကြောင့် သဘော မတူဘူး ဆိုတာကို သိအောင် လုပ်ဖို့ ကြိုးစား ကြရမှာပါ" ဟု ဆိုသည်။

UKPA မှ သတင်းကို ဘာသာ ပြန်ဆိုသည်။