Transparency Myanmar

transparency.myanmar@gmail.com


အိန္ဒိယ နိုင်ငံပိုင် PEC Ltd သည် ယခုနှစ် ဖေဖော်ဝါရီနှင့် မတ်လ ကုန်ပစ္စည်းများ တင်သွင်းမှု ကာလအတွက်  မြန်မာနိုင်ငံမှ ပဲတန်ချိန် ၁၆၀၀၀ ဝယ်ယူလိုသည်ဟု တင်ဒါ ခေါ်ယူလိုက်ကြောင်း အဆိုပါ ကုမ္မဏီ၏ သတင်း ထုတ်ပြန်ချက်အရ သိရပါသည်။

တင်ဒါ တင်သွင်းရန် နောက်ဆုံးနေ့ကို ဇန်နဝါရီလ ၂၉ ရက်နေ့အဖြစ် သတ်မှတ်ထားကြောင်း PEC Ltd ၏ ဝက်ဘ်ဆိုက်က ဖော်ပြသည်။ ယင်းသို့ တင်ဒါ ခေါ်ယူမှုတွင် မတ်ပဲ တန်ချိန် ၄၀၀၀၊  ပဲတီစိမ်း တန်ချိန် ၄၀၀၀ နှင့် ပဲစင်းငုံ တန်ချိန် ၈၀၀၀ တို့ အသီးသီး ပါဝင်သည်။

Reuters သတင်းဌာန၏ India's PEC tenders to import 16000T of pulses
ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခု ၂၀၁၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံကို ကျော်တက်ကာ ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံတစ်ခု ဖြစ်လာဖွယ် ရှိကြောင်းရိုက်တာ သတင်းအရ သိရပါသည်။

နာမည်ကျော် ဘောဂဗေဒ ပညာရှင် Jim O' Neil က ၂၀၁၁ ခုနှစ်တွင် တရုတ်နိုင်ငံက ဒုတိယ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ ဖြစ်လာမည်ဟု ကြိုတင် ခန့်မှန်းထားခဲ့သော်လည်း လက်ရှိ အနေအထားအရ တစ်နှစ်စောပြီး အဆိုပါ အဆင့်သို့ ရောက်ရှိမည် ဖြစ်သည်ဟု ဆိုသည်။

"ကျွန်တော့် အမြင်ကတော့ တရုတ်ပြည်ဟာ၂၀၁၁ မတိုင်မီ အဲဒီ အဆင့်ကို ရောက်လာမယ့် သဘော ရှိနေပါတယ်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းလွန် ကာလမှာ စိတ်ဝင်စားစရာ အကောင်းဆုံး ဇာတ်လမ်းကတော့ တရုတ်ပြည်ရဲ့ သွင်းကုန်ကဏ္ဍ ပါပဲ" ဟု Jim O' Neil ၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းက ဆိုပါသည်။

အဆိုပါ ဘောဂဗေဒ ပညာရှင်က တရုတ်နိုင်ငံ၏ နှစ်စဉ် စီးပွားရေး တိုးတက်မှုနှုန်းသည် ၈ ဒဿမ ၇ ရာခိုင်နှုန်း ရှိရာ ၂၀၂၀ ပြည့်နှစ်တွင် သုံးဆခန့် ပိုမို ကြီးမားလာမည် ဖြစ်ကြောင်း ခန့်မှန်းပါသည်။

"ဂျာမနီ နိုင်ငံက ပို့ကုန် တင်ပို့မှုကို အစွမ်းကုန် လုပ်ဆောင်သွားပြီး သုံးစွဲမှုကို နည်းနိုင်သမျှ နည်းအောင် လုပ်သွားလိမ့်မယ်၊ နောက်ပြီး ဂျာမနီက သူ့ရဲ့ စီးပွားရေး ယှဉ်ပြိုင်နိုင်မှုကို အသုံးပြုပြီး စီးပွားရေး အကျပ်အတည်း ဒဏ်ကို ခံစားနေရတဲ့ ဥရောပဇုန်ထဲက နိုင်ငံတွေကို တွန်းအား ပေးလိမ့်မယ်" ဟု ၎င်းက ခန့်မှန်း ပြောဆိုပါသည်။

သို့တိုင်အောင် ယူရိုငွေတန်ဖိုး လျော့နည်းမှုမှာ ဆက်လက် ဖြစ်ပေါ်နေဖွယ် ရှိပြီး ၂၀၁၀ နှစ်ကုန်ပိုင်းတွင် ၁ ဒဿမ ၃၅ ဒေါ်လာခန့်အထိ ရောက်ရှိသွားနိုင်ကြောင်း Jim O' Neil က ခန့်မှန်းပါသည်။

ဂျာမနီနိုင်ငံ၏ ကြွေးမြီများ မြင့်တက်လာမှုကြောင့် အနာဂတ် ကာလတွင် ဥရောပ ဒေသအပေါ် ထားရှိသည့် ယုံကြည် စိတ်ချမှုများ လျော့ပါးလာမည်ဟူသော စိုးရိမ်ပူပန်မှုများ ဖြစ်ရန် မလိုကြောင်း၊ အကြောင်းမှာ ဂရိနိုင်ငံတွင် ကြီးမားသော ဘဏ္ဍာရေး ပြဿနာများ ဖြစ်ပေါ်ခဲ့ရာ ယုံကြည် စိတ်ချမှုများ ပျက်စီးခဲ့ပြီ ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

"ဥရောပ တည်ငြိမ်ရေး ပဋိညာဉ်မှာ ဆက်ပြီး ရှိနေနိုင်မှာ မဟုတ်ဘူး။ ပြောရရင် အဲဒီဟာက ပယ်ဖျက်ပစ်လိုက်ဖို့ပဲ ကောင်းပါတယ်" ဟု ဘောဂဗေဒ ပညာရှင် Jim O' Neil က သုံးသပ် ပြောဆိုသည်။

Reuters သတင်းဌာန၏ China's economy may surpass Japan: report ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က ဘင်္ဂလား ပင်လယ်အော် ဒေသတွင် ဖြစ်ပွားခဲ့သော ရေကြောင်း နယ်နိမိတ် ပိုင်ဆိုင်မှု ဆိုင်ရာ ကိစ္စနှင့် ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် အခြေတင် ဖြစ်ခဲ့သော အငြင်းပွားမှုကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးပေါင်း ဖြေရှင်းရန် သဘောတူညီမှု ရရှိထားပြီ ဖြစ်ကြောင်း သတင်း ရရှိပါသည်။

၂၀၀၈ ခုနှစ်၊ အောက်တိုဘာလတွင် အဆိုပါ အငြင်းပွားစရာ ဖြစ်နေသည့် နေရာ၌ မြန်မာဘက်က ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းများ စတင် လုပ်ကိုင်ပြီးနောက် ဘင်္ဂလားဒေ့ရှ် ဘက်ကလည်း ရေတပ် သင်္ဘောများ ကင်းလှည့်ရန် စေလွှတ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်က မြန်မာနှင့်ဖြစ်ပွားနေသောကိစ္စမှာ ကုလသမဂ္ဂ၏ နိုင်ငံတကာ ပင်လယ်ပြင် ပိုင်နက်ဆိုင်ရာ ဥပဒေနှင့် သက်ဆိုင်ကြောင်း၊ သို့အတွက်ကြောင့် ကုလသမဂ္ဂ အနေဖြင့် ဘင်္ဂလား ပင်လယ်အော် ဒေသတွင် မြန်မာနှင့် ဖြစ်ပွားနေသော ရေပိုင်နက် ဆိုင်ရာကိစ္စကို ဝင်ရောက် ဖြေရှင်းပေးသင့်ကြောင်း ထိုအချိန်က သဘောထား ထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ် ပြဿနာ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံဘက်က ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး အဖွဲ့များကို ပြန်လည် ခေါ်ယူကာ လုပ်ငန်းများ အားလုံးကိုလည်း ရပ်ဆိုင်းခဲ့သည်။ ထို့နောက် နယ်နိမိတ် ပြဿနာကို ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းမည်ဟု မြန်မာ ဘက်က သဘောထား ထုတ်ပြန်ခဲ့သည်။

လတ်တလော အနေအထားတွင် ဘင်္ဂလားဒေ့ရှ်၌ နှစ်နိုင်ငံဘက်မှ အရာရှိကြီးများ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ပြီးပြီ ဖြစ်ကြောင်း၊ မကြာမီ အချိန်ကာလတွင် ထပ်မံ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး လုပ်ကွက်များကို အတိအကျ သတ်မှတ် ပေးနိုင်သည် အထိ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရပါသည်။

 Mizzima သတင်းဌာန၏ သတင်းကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Earth Times, 25th January 2010

နိုင်ငံပိုင် ဓါတ်ဆီနှင့် ဒီဇယ်ဆီ အရောင်းဆိုင်များကို မတ်လကုန်တွင် ပုဂ္ဂလိက ပိုင်ပြုလုပ်ရန် မြန်မာနိုင်ငံက စီစဉ်နေသည် ဟု စီးပွားရေး သတင်းရပ်ကွက်မှ ကြားသိရ ပါသည်။

မတ်လ ၃၁ ရက် နောက်ဆုံး ထား၍ နိုင်ငံပိုင် လောင်စာဆီ အရောင်းဆိုင်များကို ပုဂ္ဂလိက ကုမ္ပဏီများသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးမည်ဟု အာဏာပိုင်များထံမှ သတင်း ရရှိကြောင်း အမည် မဖော်လိုသူ ထင်ရှားသည့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါသည်။

ဆီဖြည့် အရောင်းဆိုင်များ အပါအဝင် လောင်စာဆီနှင့် ဆက်စပ် စီးပွားရေး လုပ်ငန်းများကို ၁၉၆၂ မှစ၍ စစ်ဖက် အစိုးရ က တင်းကြပ်စွာ ထိန်းချုပ်ခဲ့ပါသည်။

ဓါတ်ဆီ နှင့် ဒီဇယ် တင်သွင်း ရောင်းချခွင့်ကို ပုဂ္ဂလိက ကဏ္ဍသို့ ရုတ်တရက် လွှဲပြောင်းပေးမည် ဟု ကြားသိရခြင်း မှာ အလွန် အံ့အားသင့်စရာ ကောင်းပါသည် ဟုလည်း ၎င်းက ဆိုပါသည်။

နိုင်ငံပိုင် အဆောက်အဦးနှင့် စီးပွားရေး လုပ်ငန်းပေါင်း ၁၀၀ ကျော်ကို ပုဂ္ဂလိက အားလွှဲပြောင်း လုပ်ကိုင်ခွင့် ပေးမည်ဟု တပ်မတော် အစိုးရက လတ်တလော ကြေညာခဲ့သော်လည်း အဆိုပါ စာရင်းတွင် လောင်စာဆီ အရောင်းဆိုင်များ မပါဝင်ပါ။

ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှု လုပ်ငန်းရှင်များ အသင်း၏ လက်အောက်တွင် အဖွဲ့ငယ် တစ်ခု ဖွဲ့စည်းခဲ့ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်သူ စီးပွားရေး လုပ်ငန်းရှင်က ဂျာမန် သတင်းဌာန dpa သို့ ပြောကြားပါသည်။

အစိုးရ အဖွဲ့ ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများနှင့် ရင်းနှီးသူ ထင်ရှားသည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ က အဖွဲ့သစ်ကို ဦးဆောင်လိမ့်မည် ဟု သတင်းများက ဆိုပါသည်။

ရွေးကောက်ပွဲ မတိုင်မီ ကဏ္ဍပေါင်းစုံတွင် ပုဂ္ဂလိကပိုင် ပြုလုပ်မှုများ ပိုမို တွေ့မြင်ရဖွယ် ရှိသည်ဟု ယူဆကြောင်း အဆိုပါ လုပ်ငန်းရှင်က မှတ်ချက်ပေးပါသည်။

စွမ်းအင် ဝန်ကြီးဌာန တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြမှုအရ နိုင်ငံ တဝှမ်းလုံးတွင် လောင်စာဆီ အရောင်းဆိုင်ပေါင်း ၂၅၀ ကျော် ရှိသည် ဟု သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 25th January 2010

ထိုင်းနိုင်ငံ တပ်ခ် ပြည်နယ် ထောင်ရန် ခရိုင်တွင် နေထိုင်သော ကရင်ရွာသား (၃၀၀၀) ခန့်သည် မြန်မာနိုင်ငံသို့ ပြန်ရန် ထိုင်း အာဏာပိုင်များ၏ ဖိအားပေးမှုနှင့် ရင်ဆိုင်နေရပါသည်။

ဒုက္ခသည်များ၏ အရေးကို ဆုံးဖြတ်ရန် ထိုင်း အာဏာပိုင်များက တနင်္လာနေ့တွင် ဆောင်ရန် ခရိုင်၌ အစည်းအဝေး ကျင်းပရန် စီစဉ်ထားသော်လည်း လူ့အခွင့်အရေး အဖွဲ့များ၏ အဆိုအရ ရက်ရွှေ့ဆိုင်း ထားသည်ဟု သိရပါသည်။

ထိုင်း သတင်းစာ The Nation တွင် တနင်္ဂနွေနေ့က သတင်း ဖော်ပြရာ၌ ယင်း အစည်းအဝေးသို့ ထိုင်း စစ်တပ်၊ DKBA၊ KNU၊ NGO အဖွဲ့များနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဟု ဆိုပါသည်။

ကရင် ဒုက္ခသည် (၃၀၀၀) စလုံးကို မြန်မာနိုင်ငံသို့ ပြန်လွှတ်ရေး အတွက် အမိန့် ထုတ်ပြန်ရန် ထိုင်း အာဏာပိုင်များကို DKBA က တောင်းဆိုထားပါသည်။

ယခင် အပတ်ကမူ ကရင် ဒုက္ခသည်များအား မဲလ ဒုက္ခသည် စခန်းသို့ ပြောင်းရွှေ့ရမည်ဟု ပြောကြားခဲ့ပါသည်။

၂၀၀၉ ခုနှစ် ဇွန်လက မြန်မာစစ်တပ်၊ DKBA ပူးပေါင်း အဖွဲ့ နှင့် KNLA တပ်ဖွဲ့တို့ အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေးပြီး ယာယီ စခန်းများတွင် နေထိုင်နေသော ဒုက္ခသည်များအပေါ် ယခုအခါ ဖိအားများ တိုက်ရိုက် ကျရောက်လာခြင်း ဖြစ်သည်။

လူတို့ကို နေခွင့်ပြု မပြု၊ အနာဂါတ်နှင့် ပတ်သက်ပြီး မဆုံးဖြတ်ရသေးပါဘူးဟု ပြောကြားသူမှာ ထိုင်းမြန်မာ နယ်စပ် ကုန်သည်ကြီးများ အသင်း ဒုတိယဒါရိုက်တာ Sally Thompson ဖြစ်ပါသည်။ နယ်စပ်ကို ဖြတ်ကူး၍ မြန်မာနိုင်ငံသို့ ပြန်ရန် ကရင် ရွာသားများကို နေ့စဉ် ဖိအားပေးလျက် ရှိသည်ဟုလည်း ဆိုပါသည်။

"တကယ်လို့ သူတို့ ပြန်သွားရင်တောင် အဲဒီ နယ်မြေမှာ မိုင်းတွေ အများကြီး မြှုပ်ထားတဲ့ အတွက် တော်တော့်ကို စိုးရိမ်စရာ ကောင်းပါတယ်။ မြန်မာနိုင်ငံ အရှေ့ပိုင်းမှာ ပြဿနာတွေ ဖြစ်ပွားနေဆဲမို့ တိုက်တွန်းချက် မပါဘဲ ကိုယ့်စိတ်နဲ့ကိုယ် ပြန်တာမျိုးပဲ ဖြစ်သင့်တယ်" ဟု ၎င်းက ပြောကြားပါသည်။

ထိုင်းနိုင်ငံ အတွင်း ကရင် ဒုက္ခသည်များ ပိုမို ရောက်ရှိလာနိုင်သော အချက်ကို ထိုင်းအစိုးရက ပူပန်နေသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ကရင် ဒုက္ခသည် ကော်မတီ KRC က ပြောဆိုပါသည်။

မြန်မာ စစ်တပ်တွင် အမှုထမ်းရန် ခြိမ်းခြောက် ဆင့်ခေါ်ခြင်း၊ ပေါ်တာဆွဲ အတင်းအကျပ် ခိုင်းစေခြင်း၊ KNLA နှင့် DKBA နှစ်ဖွဲ့စလုံးက ကရင်ရွာများအနီး ပတ်လည်တွင် မိုင်းများ ထောင်ထားခြင်းတို့ကြောင့် ကရင်ရွာသား အများစုမှာ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာ ထွက်ပြေးကြခြင်း ဖြစ်ပါသည်။

ရွာတွင် ကျန်ခဲ့သော ကျွဲကို ပြန်သွားကြည့်သည့် ကရင် ဒုက္ခသည် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး ယခင် အပတ်က မိုင်းနင်းမိသောကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်ဟုလည်း KRC က ပြောကြားပါသည်။

DKBA နှင့် မြန်မာ စစ်တပ် ပူးပေါင်း အဖွဲ့သည် KNLA တပ်မဟာ၏ ဌာနချုပ်ကို ၂၀၀၇ ဇွန်လတွင် သိမ်းပိုက် နိုင်ခဲ့ပါသည်။ သို့သော် ၂၀၀၉ စက်တင်ဘာလတွင် ကရင်ပြည်နယ် မြောက်ပိုင်း ဖာပွန် ခရိုင်တွင်းရှိ KNLA တပ်မဟာ (၅) စိုးမိုး နယ်မြေကို ထိန်းချုပ်ရန် ကြိုးစားမှုမှာ မအောင်မြင်ခဲ့ပါ။

ထို့အပြင် ကရင်ပြည်နယ် အတွင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော Free Burma Rangers FBR ၏ ဇန်နဝါရီ ၂၁ ရက် အစီရင်ခံစာအရ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်ရှိ ကျေးရွာ (၁၀) ခု အမျိုးသမီးများနှင့် ကလေးများ  ပါဝင်သော ကရင် ဒုက္ခသည် (၂၀၀၀) ခန့်မှာ ဇန်နဝါရီ (၁၇) တွင် နေအိမ်များမှ ဖယ်ရှားခြင်း ခံရသည်ဟု သိရပြီး ၎င်းဒုက္ခသည်များမှာ အစားအစာ၊ ဆေးဝါး စောင့်ရှောက်မှုနှင့် အခြား အခြေခံ လိုအပ်ချက်များ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima, 26th January 2010

မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလတွင် လွတ်ပေးမည် ဟု ဆိုကြောင်း ပြောကြသော်လည်း သူမ၏ ပါတီ ခေါင်းဆောင်များကမူ သံသယ ရှိနေဆဲ ဖြစ်ပါသည်။

ကြာသပတေးနေ့က မြန်မာပြည် အလယ်ပိုင်း ကျောက်ပန်းတောင်း မြို့တွင် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပြုလုပ်သော အစည်းအဝေးတွင် ဗိုလ်ချုပ် မောင်ဦးက ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ နေအိမ် အကျယ်ချုပ် ချထားခြင်း ခံရသော ကာလ ပြည့်မည့် နိုဝင်ဘာလတွင် လွတ်ပေးလိမ့်မည်ဟု ပြောခဲ့သည် ဟု ဆိုပါသည်။

သို့သော် NLD မှ CEC အဖွဲ့ဝင် ဦးခင်မောင်ဆွေက တနလာင်္နေ့က မဇ္ဈိမသို့ ပြောကြားရာတွင် အဆိုပါ သတင်းမှာ တရားဝင် ကြေညာချက် မဟုတ်ပဲ၊ ပါးစပ်မှ အလွတ်ပြောသော စကား ဖြစ်၍ ယုံကြည် ရလိမ့်မည်ဟု မထင်ကြောင်း ပြောခဲ့ပါသည်။ တရားဝင် သတင်းစာ ရှင်းလင်းပွဲ၊ သို့မဟုတ် တရားဝင် သတင်း ထုတ်ပြန်ချက် မဟုတ်သဖြင့် တရားဝင်သည်ဟု မထင်ကြောင်း ဆိုပါသည်။  ကျောက်ပန်းတောင်းရှိ NLD အဖွဲ့ဝင် တစ်ဦး၏ အဆိုအရ ဗိုလ်ချုပ်မောင်ဦးက NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦးကို ဖေဖော်ဝါရီလတွင် လွှတ်ပေးမည် ဟုလည်း ပြောသေးသည်ဟု ဆိုပါသည်။

အဓိက အတိုက်အခံ ပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တနင်္လာနေ့က ပြောကြားရာတွင် ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးအား ၎င်းတို့ မယုံကြည်ကြောင်း ဆိုပါသည်။

NLD အဖွဲ့ဝင် တစ်ဦးက ဗိုလ်ချုပ်မောင်ဦး ပြောကြားသည့် အတိုင်း ကိုးကား၍ ပြောပြရာတွင် စစ်တပ်သည် ညစ်ပတ်သော အစိုးရ မဟုတ်ကြောင်း၊ အာဏာကို ရူးသွပ်နေခြင်းလည်း မရှိကြောင်း၊ ဦးတင်ဦးကို အရင် လွှတ်ပေးမှာ ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလတွင် လွှတ်ပေးမှာ ဖြစ်ကြောင်း ပြောသည်ဟု ဆိုပါသည်။

ပုံမှန်အားဖြင့်လည်း ဦးတင်ဦး၏ နေအိမ် အကျယ်ချုပ် ခြောက်နှစ် သက်တမ်းသည် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ပြည့်မည် ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ ၁၈ လ ပြစ်ဒဏ်သည် နိုဝင်ဘာလတွင် ပြီးမည်၍ ထူးခြားမှုတော့ မရှိပါဟု လေ့လာသူများက ဆိုပါသည်။

"ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်ကို အခု ချက်ချင်း လွှတ်သင့်တာဗျ။ အခုတော့ သူတို့ ပြစ်ဒဏ် ကာလ ပြီးလို့ လွှတ်ပေးရတာ ဘာဆန်းလဲ" ဟု ရန်ကုန်မှ သတင်းစာ ဆရာ တစ်ဦးက အဆိုပါ သတင်းကို အခြေခံ၍ ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလတွင် လွှတ်မည် ဆိုပါက ထိုအချိန်တွင် ရွေးကောက်ပွဲ ပြီးလောက်ပြီ သော်လည်းကောင်း၊  ဒီဇင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပမည် ဆိုလျှင်လည်း သူမအတွက် အလွန် နောက်ကျသွားအောင် အစိုးရ၏ အစီအမံများသာ ဖြစ်လိမ့်မည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။

ဦးတင်ဦးသည် မြန်မာ့တပ်မတော်မှ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဖြစ်ပြီး၊ ၂၀၀၃ ခုနှစ် မေလက ဒီပဲယင်းမြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အစိုးရ၏ တိုက်ခိုက်ခြင်းကို ခံရပြီးနောက် အဖမ်းခံ ခဲ့ရခြင်း ဖြစ်ပါသည်။

ထို့နောက် ၎င်းကို မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းတိုင်းရှိ ကလေးမြို့ ထောင်သို့ ပို့ထားကာ ၂၀၀၄ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်တွင် အကျယ်ချုပ် ချထားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima news, 22nd January 2010

          အာရှနိုင်ငံများနှင့် ပတ်သက်၍ ပြောင်းလဲလိုက်သော အမေရိကန် ပြည်ထောင်စု၏ နိုင်ငံခြားရေး မူဝါဒအရ စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံများ အပေါ် လွှမ်းမိုးနိုင်မှု တိုးတက်စေမည့် အခွင့်အလမ်းကို တရုတ်နိုင်ငံသို့ ပေးလိုက်သည်ဟု ဆီနိတ်တာ Jim Webb က ကြာသပတေးနေ့တွင် ၎င်း သဘာပတိ ပြုလုပ်သော လွှတ်တော် ကြားနာမှုတွင် ပြောကြားခဲ့ပါသည်။

ဝါရှင်တန်၏ အာရှ နှင့် ဆက်ဆံရေး မူဝါဒနှင့် ပတ်သက်သော ဆီးနိတ် နိုင်ငံခြား ဆက်ဆံရေး ဆပ်ကော်မတီ ကြားနာမှုတွင် Jim Webb က မှတ်ချက် ပေးခဲ့ရာ၌ အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုများနှင့် အခြား မူဝါဒ တင်းကြပ်မှုများသည် အရှေ့တောင် အာရှတွင် တရုတ်၏ နိုင်ငံရေး နှင့် စီးပွားရေးအရ သြဇာ လွှမ်းမိုးမှုကို မြင့်တက်စေရုံ သာမက အရှေ့ အာရှရှိ အမေရိကန်၏ သြဇာကိုပါ ကျဆင်းစေခဲ့သောကြောင့် တရုတ်ကို နှစ်ထပ်ကွမ်း အကျိုးရှိစေခဲ့သည်ဟု ပြောကြားခဲ့ပါသည်။

မဟာဗျူဟာအရ လည်းကောင်း၊ စီးပွားရေးအရ လည်းကောင်း အမေရိကန် ပြည်ထောင်စု၏ သြဇာ ကျဆင်းနေသည့် ကမ္ဘာကြီးတွင် တရုတ်နိုင်ငံသည် လက်ရှိ နှစ်များအတွင်း ခေါင်းထောင် လာသည့် တစ်ခုထဲသော နိုင်ငံ ဖြစ်သည်ဟု Webb က ဆိုပါသည်။

အမေရိကန် ပြည်ထောင်စုက အရေးပါသည့် စီးပွားရေး နှင့် သံတမန် ဆက်ဆံရေးများကို ဖြတ်တောက်ထားသည့် အချိန်တွင် တရုတ်နိုင်ငံ၏ သြဇာ မှန်မှန် ကြီးထွားလာခဲ့သည့် သာဓကကို ပြရမည် ဆိုလျှင် မြန်မာနိုင်ငံ ကိစ္စထက် ထင်ရှားသော သာဓက မရှိပါ၊ တရုတ်၏ လက်နက် ရောင်းချပေးမှုနှင့် စစ်ရေး အထောက်အပံ့သည် ဒေါ်လာ (၃) ဘီလျံ တန်ဖိုး ရှိခဲ့သည်ဟု ဗာဂျီးနီးယား လွှတ်တော်အမတ် Webb က ဆက်လက် ပြောကြားပါသည်။

၂၀၀၉ သြဂုတ်လတွင် မြန်မာနိုင်ငံသို့ သွားရောက်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် တပ်မတော် ထိပ်ပိုင်းအဆင့် အရာရှိများအပြင် အထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံခဲ့သည့် Jim Webb သည် ၁၉၈၈ ကပင် အာဏာ သိမ်းခဲ့သည့် မြန်မာစစ်ဖက် အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရေးကို ပြင်းပြင်းထန်ထန် ထောက်ခံသူ တစ်ဦး ဖြစ်သည်။

မြန်မာ အစိုးရ နှင့် အမေရိကန် ပြည်ထောင်စု၏ တွေ့ဆုံ ဆွေးနွေးမှု မရှိသေးသည့် အချိန်တွင် တရုတ်နိုင်ငံက နေရာ ဝင်ယူခဲ့ပြီး ဒေသတွင်း အမေရိကန်၏ လှုပ်ရှားမှုများကို သံသယ ပွားစေသည် အထိ  မြန်မာအစိုးရ အပေါ် ကြီးမားစွာ လွှမ်းမိုးခဲ့သည်ဟု Webb က ဆိုပါသည်။

တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေထဲက ဥပမာ တစ်ခုလောက်ဘဲ ပြပါ့မယ်ဟု Webb က ပြောကြားကာ မြန်မာနိုင်ငံအတွင်း ဖြတ်သန်း သွယ်တန်းမည့် ပိုက်လိုင်း စီမံကိန်းကို ရည်ညွှန်း လိုက်ပါသည်။ ဘီဂျင်းသည် လာမည့် ဆယ်စုနှစ် (သို့) မကြာမီအတွင်း စွမ်းအင် ရင်းမြစ် ဆာလောင်နေသော ၎င်း၏ ရေနံချက် စက်ရုံများထံသို့ ရေနံစိမ်းများ၊ ဒေသတွင်း ထွက်ရှိလာသော သဘာဝဓာတ်ငွေ့များကို ကီလိုမီတာ (၂၃၈၀) ရှည်သော ပိုက်လိုင်းမှ တဆင့် အကုန် သိမ်းကြုံး ရယူ သွားတော့မည် ဖြစ်ပြီး ဒေါ်လာ ဘီလျံ (၃၀) တန်ဖိုး ရှိသည့် စာချုပ် ချုပ်ဆို ထားသည်ဟုလည်း ၎င်းက ပြောဆိုပါသည်။

ထို့အပြင် ဆီနိတ်တာ Jim Webb က ပြောကြားရာတွင် သဘောထား ကွဲလွဲသော အစိုးရများက ရှုပ်ထွေးမှုများ ဖန်တီးခြင်း၊ အဆိုး မြင်ခြင်း၊ စောင့်ထိန်းရမည့် သိက္ခာများ အပေါ် စွပ်စွဲခြင်းများ လုပ်ဆောင်လာစေမည့် မိမိတို့၏ မူဝါဒ အခြေခံ အချို့ကို ပြောင်းလဲမှုများ လုပ်ရမည် ဖြစ်ပြီး ဝါရှင်တန် အနေဖြင့် အာရှနှင့် ပတ်သက်သော နိုင်ငံခြားရေး မူဝါဒကို တသမတ်တည်း ဖြစ်အောင် ထိန်းသိမ်း သွားသင့်သည်ဟု ဆိုပါသည်။

ကြာသပတေးနေ့က ပြုလုပ်သော လွှတ်တော် ကြားနာမှုတွင် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell ၊ Georgetown University မှ Dr. Robert Sutter နှင့် Freedom House မှ Dr. Robert Herman တို့၏ ရှင်းလင်း ထွက်ဆိုမှုများကိုလည်း ပြုလုပ်ခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asiantribune.com, 25th January 2010

          မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အခွင့်အရေးများ ရရှိရေးအတွက် တစ်ကိုယ်တော် တိုက်ပွဲ ဆင်နွှဲနေသူ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများ အနက်မှ တစ်ဦး ဖြစ်သည့် ဒီမိုကရေစီ လှုပ်ရှားသူ စာရေးဆရာမ မသီတာက ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်ပါလျှက်နှင့် အိန္ဒိယနိုင်ငံသည် ၎င်း၏ အရှေ့ဖက် အိမ်နီးချင်း မြန်မာနိုင်ငံတွင် ဖြစ်ပျက်သမျှကို မမြင်ချင်ယောင် ဆောင်နေသည့် အတွက် စိတ်ပျက်မိကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါသည်။

          အကျဉ်းထောင်ထဲတွင် လအတန်ကြာ နေခဲ့ရပြီး သေလုနီးပါး ဖြစ်ခဲ့သူ ဆရာဝန်၊ နိုင်ငံရေး လှုပ်ရှားသူ မသီတာက အိန္ဒိယ အစိုးရ နှင့် ပြည်သူတို့၏ မြန်မာနိုင်ငံ အပေါ် လျစ်လျူရှုမှုသည် ဝမ်းနည်းစရာ ကောင်းသော ကိစ္စ ဖြစ်သည်ဟု ပြောဆိုပါသည်။

စာပေပွဲတော် တက်ရောက်ရန် Jaipor တွင် ရောက်ရှိနေသော သူမက အိန္ဒိယထံမှ မြန်မာပြည်သူများ၏ မျှော်လင့်ချက်များနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံတော်၏ ကြွယ်ဝသော သယံဇာတများသည် မြန်မာ ပြည်သူများအတွက် "ကံဆိုးမှု" တခု ဖြစ်နေသည်ကို ဝမ်းနည်းမိကြောင်း၊ အိန္ဒိယ အထူးသဖြင့် အိန္ဒိယ အစိုးရသည် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသမျှနှင့် ပတ်သက်၍ အလွန်အမင်း လျစ်လျူရှုနေကြောင်း သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

အိန္ဒိယ အစိုးရ အပြင် အိန္ဒိယ မီဒီယာများကလည်း လျစ်လျူရှုနေကြောင်း၊ အနီးဆုံး အိမ်နီးချင်း မြန်မာနိုင်ငံတွင် ဖြစ်နေသမျှကို အိန္ဒိယ ပြည်သူများထံ သတင်းပေးရန် ပျက်ကွက် နေကြောင်း သူမက ဆက်လက် ပြောဆိုပါသည်။

မိမိတို့ နှစ်နိုင်ငံသည် တူညီသော ကိုလိုနီ သမိုင်းကြောင်း ရှိခဲ့ကြပြီး မြန်မာပြည်သူများက အိန္ဒိယထံမှ များစွာ မျှော်လင့်ထားကြောင်း၊ သို့သော်လည်း တစ်ချိန်တွင် ကမ္ဘာ့ ပါဝါ နိုင်ငံ ဖြစ်နိုင်သည့် အလားအလာများ ရှိနေသော်လည်း အိန္ဒိယသည် စီးပွားအရ လည်းကောင်း၊ နိုင်ငံရေးအရ လည်းကောင်း ဒေသတွင်း၌ ခေါင်းဆောင်အဖြစ် လုံးဝ ပေါ်ထွက်လာခြင်း မရှိကြောင်း၊ သို့အတွက် ဝမ်းနည်း စိတ်ပျက်မိကြောင်း စာရေးဆရာမ မသီတာ (စမ်းချောင်း) က ပြောကြားပါသည်။

၁၉၄၅ ခုနှစ် ဇွန် (၁၉) တွင် မွေးဖွားခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် အတိုက်အခံ ခေါင်းဆောင် ဖြစ်ပြီး NLD ပါတီတွင် အထွေထွေ အတွင်းရေးမှူး တာဝန်ယူထားပါသည်။ နောက်ဆုံး ကျင်းပခဲ့သော ၁၉၉၀ ရွေးကောက်ပွဲတွင် သူမ၏ NLD ပါတီက ဆန္ဒမဲအားလုံး၏ (၅၉%) ၊ လွှတ်တော် ကိုယ်စားလှယ်နေရာ (၄၉၂) အနက် (၃၉၄) နေရာ၊ အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲ မတိုင်မီကပင် စစ်ဖက် အစိုးရက သူမအား အကျယ်ချုပ် ထိန်းသိမ်းထားခဲ့ပါသည်။ လွန်ခဲ့သော အနှစ် (၂၀) အတွင်း (၁၄) နှစ်ခန့် ထိန်းသိမ်းခြင်း ခံရသူ သူမသည် အကျယ်ချုပ် ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ တတိယ အကြိမ်မြောက် အကျယ်ချုပ် ပြစ်ဒဏ်ကို ကျခံနေရပါသည်။ ၂၀၀၃ ခုနှစ် မေလတွင် ဒီပဲယင်းမြို့ အနီး၌ သူမ၏ ယာဉ်တန်းကို အစိုးရ လက်သပ်မွေး လူမိုက်များက တိုက်ခိုက်ခဲ့ကြပြီး သူမအား ထောက်ခံသူ (၁၀၀) ကျော် သေဆုံး ခဲ့ရပြီးနောက်ပိုင်း သူမကို ထပ်မံ ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွတ်မြောက်ရေး ကြိုးပမ်းသူ တစ်ဦး ဖြစ်၍ ၁၉၉၀ တွင် Rafto ဆု နှင့် Sakharor ဆု၊ ၁၉၉၁ တွင် ငြိမ်းချမ်းရေး၊ နိုဘယ်ဆု၊ ၁၉၉၂ တွင် အစိုးရထံမှ ဂျဝါဟာလာ နေရူး ဆုတံဆိပ်များ လက်ခံ ရရှိခဲ့သူ ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Economist, 25th January 2010

Beijing သည် မကြာသေးမီက ၅၉ နှစ်အတွင်း အအေးဆုံး အခြေအနေကို ခံစားခဲ့ရသော်လည်း စီးပွားရေးမှာမူ အေးခဲနေခြင်း မရှိပါ။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့ က ထုတ်ပြန်သော ကိန်းဂဏန်းများအရ စတုတ္ထ သုံးလပတ် အမှန်တကယ် GDP သည်  ၁၀.၇ %  အထိ တက်ခဲ့ကြောင်း ပြသနေပါသည်။

စက်မှု ထုတ်ကုန်များသည် ယခုနှစ်တွင် ဒီဇင်ဘာလ အထိ  ၁၈.၅%  ရောက်အောင် ခုန်တက်ခဲ့ပါသည်။ လက်လီ ရောင်းချရမှုတွင် ၁၇.၅ %  ထိ တိုးတက်လာခဲ့ပြီး ထိုသို့ တိုးတက်ရန် အစိုးရက တစိတ်တပိုင်း ကျခံပေးခြင်း၊ မော်တော်ကားနှင့် အိမ်သုံး လျှပ်စစ် ပစ္စည်းများ ဝယ်ယူမှုတွင် အခွန် မကောက်ခြင်း စသည်  တို့ကို ပြုလုပ်ပေးခဲ့သည်။ ယမန် နှစ်က လက်လီ ရောင်းချရမှုသည် နှစ်ပေါင်း နှစ်ဆယ်အတွင်း အများဆုံး ဖြစ်ခဲ့ပါသည်။

လွန်ခဲ့သော တစ်နှစ်က စီးပွားရေး ပညာရှင်များသည် အလုပ်လက်မဲ့ ပြဿနာနှင့် ငွေကြေးဖောင်းပွမှု တို့ကို စိုးရိမ်ခဲ့ကြပါသည်။ ယခုအခါ လျှင်မြန်သော ပြောင်းလဲမှုများကြောင့် ၎င်းတို့၏ စိုးရိမ်မှုများသည် လွန်ကဲစွာ အပူချိန် တက်လာသော တရုတ်နိုင်ငံ၏ စီးပွားရေးကို ပြောင်း၍ အာရုံပြု လာကြပါသည်။ တစ်နှစ်အတွင်း လူသုံးကုန် ပစ္စည်း ဖောင်းပွ မြင့်တက်မှုမှာ ဒီဇင်ဘာလတွင် ၁.၉ % ဖြစ်ခဲ့ပါသည်။ ပြီးခဲ့သည့် ဇူလိုင်လက လွန်ခဲ့သော တစ်နှစ်ကထက် ၁.၈ % နိမ့်ကျနေရာမှ ရုတ်တရက် ပြောင်းလဲ ဖောင်းပွ မြင့်တက်လာခြင်း ဖြစ်ပါသည်။

ထိုကဲ့သို့ ဖြစ်ရခြင်း၏ အဓိက အကြောင်းရင်းမှာ တရုတ်နိုင်ငံ မြောက်ပိုင်းတွင် ဆိုးဝါးသော ဆောင်းရာသီ၏ အအေးဒဏ်ကြောင့် အစားအသောက် ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ဖြစ်ပါသည်။ မြို့ကြီး တော်တော်များများတွင် လတ်လတ် ဆတ်ဆတ် ဟင်းသီးဟင်းရွက် ဈေးနှုန်း များသည် လွန်ခဲ့သော နှစ်လအတွင်း နှစ်ဆမက ထိုးတက်သွားခဲ့ပါသည်။

Goldman Sachs မှ Yu Song တို့က ငြင်းချက် ထုတ်ရာတွင် အစားအသောက် ဈေးနှုန်း တစ်ခုတည်းကြောင့် ငွေကြေး ဖောင်းပွ လာရခြင်း မဟုတ်ကြောင်း၊ စီးပွားရေးသည် ကန့်သတ်သည့် မြန်နှုန်းကို စတင် ကျော်လွန်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အကယ်၍ တရုတ်နိုင်ငံကသာ ရင်ဆိုင် အံတုနိုင်မည် ဆိုလျှင် စီးပွားရေးတွင် လုပ်နိုင်သည့် အရည်အချင်း များစွာ ရှိနေသေးသဖြင့် သိပ်စိုးရိမ်စရာ ရှိမည် မဟုတ်ပေ။ ဈေးကွက်ထဲသို့ ပစ္စည်းများများ ဖြည့်တင်းပေးနိုင်လျှင် ဈေးနှုန်းကို ချပေးနိုင်မည်သာ ဖြစ်သည်။ သို့သော် ဆင်ပြောင်ကြီး အမြီးကျမှ တစ်ရမည့် ကိစ္စရပ်များ ပေါ်လာပါသည်။

အချို့နယ်များတွင် ကျောက်မီးသွေး သိုလှောင်ထားရှိမှု နည်းလာပြီး လျှပ်စစ်ဓါတ်အား မလုံလောက်မှုများ ရှိလာကြောင်း သတင်း ပေးပို့မှုများ ရှိလာပါသည်။ အလုပ်သမား ဈေးနှုန်းများမှာလည်း တိုးပေးရန် တောင်းဆိုမှုများ ရှိလာခဲ့ပါသည်။

စီးပွားရေးတွင် လုပ်စရာ ကိုင်စရာ အခွင့်အလမ်း နည်းပါးမှုကို အမြန် ပပျောက်အောင် ပြုလုပ်ရမည် ဖြစ်ပြီး၊ သို့မဟုတ်ပါက ငွေကြေးများ ပုံမှန် မဟုတ်ပဲ လျင်မြန်စွာ ကြီးထွားလာမည် ဖြစ်ပြီး၊ ယခင်နှစ်က ပိုငွေ ပြမှုများသည် ငွေကြေး ဖောင်းပွမှု ဖြစ်သွားလိမ့်မည် ဖြစ်ပါသည်။

ယခုနှစ်တွင် ဒီဇင်ဘာလအထိ ဘဏ်များတွင် သွင်းငွေ များပြားလာမှုသည် ၃၂ % ထိ တက်လာပြီး၊ တက်နှုန်း နှေးအောင် လုပ်ထားသော်လည်း မြန်လွန်း နေပါသေးသည်။ ဗဟိုဘဏ်သည် ဘဏ်များ၏ အရံငွေ လိုအပ်ချက်ကို မြှင့်ပေးပြီး၊ ထုခွဲ လွယ်သည့် ပစ္စည်းများကို ငွေအဖြစ် စီးဝင် လာစေသည့် အပြင်၊ ဘဏ်များကို ငွေချေးမှု လျှော့ချရန် ပြောကြားခဲ့ပါသည်။

ဘဏ်များသည် ငွေဖောင်းပွမှု ၃ % မကျော်မချင်း တရားဝင် အတိုးနှုန်းများကို မြှင့်လိမ့်မည် မဟုတ်သော်လည်း၊ ဖေဖော်ဝါရီ လလောက် အထိသာ တောင့်ခံ နိုင်မည် ဟု ယူဆရပါသည်။

၂၀၀၉ ခုနှစ်က အစိုးရသည် ယွမ်ငွေကို ဒေါ်လာနှင့် ယှဉ်လျှင် တည်ငြိမ်မှု ရှိစေရန် ပြုလုပ်ထားရခြင်း အတွက် အကြောင်းပြချက် ၃ ခု ပေးပါသည်။ ပို့ကုန်များ ကျဆင်းရခြင်း၊ GDP တိုးတက်လာမှု အားနည်းခြင်းနှင့် အနုတ် လက္ခဏာ ဆောင်သော ငွေကြေး ဖောင်းပွမှု တို့ဖြစ်ပါသည်။ ယခုအခါ ပို့ကုန်တွင်ရော GDP တွင်ပါ ဂဏန်း နှစ်လုံး အထိ တိုးတက်လာပြီး၊ ငွေကြေး ဖောင်းပွမှု ကလည်း လျင်မြန်စွာ တက်လာရာ ဒီတစ်ခါ အကြောင်းပြစရာ ရှိလိမ့်မည် မဟုတ်တော့ပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

timesofindia.indiatimes.com, 24th January 2010

မြန်မာ ပိုင်နက် အတွင်းရှိ အိန္ဒိယ အရှေ့မြောက် ဒေသ သူပုန်များကို မောင်းထုတ်ရန် အိန္ဒိယ အစိုးရနှင့် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ရေးအတွက် မြန်မာ စစ်ဖက်အစိုးရက စီစဉ်လျက် ရှိပြီး ပုန်းရှောင်နေသူ ULFA သူပုန် တပ်မှူး ပါရတ်ဘာရူး ကို ခြေရာခံရာတွင် ကူညီရန် ကတိပြုလိုက်ပါသည်။

ကြာသပတေးနေ့က နေပြည်တော်တွင် ကျင်းပသော နှစ်နိုင်ငံ ပြည်ထဲရေး ဝန်ကြီးများ၏ ၃ ရက်ကြာ ဆွေးနွေးပွဲတွင် အထက်ပါ အတိုင်း နယူးဒေလီ ကို အာမခံ ခဲ့ခြင်း ဖြစ်သည်။

လာမည့် ၂ လ မှ ၃ လ အတွင်း ရည်မှန်းချက် နယ်မြေများတွင် အိန္ဒိယ နှင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့များ ပူးပေါင်း စစ်ဆင်ရေး ဆောင်ရွက်မည် ဖြစ်သည်။ စစ်ဆင်ရေး၏ ရည်မှန်းချက်မှာ အစိုးရ၏ နှိမ်နင်းခြင်း ခံရသော သူပုန်များ တဖက်နိုင်ငံသို့ ထွက်ပြေးခြင်း မပြုရန် ဖြစ်သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန အရာရှိ တစ်ဦး က ပြောကြားပါသည်။

အရူနာချာ ပရာဒက်ရှ်၊ နာဂါလန်၊ မဏိပူ၊ မီဇိုရမ် ပြည်နယ်များနှင့် ထိတွေ့နေသော ကီလိုမီတာ ၁၆၅၀ ရှည်လျား အိန္ဒိယ-မြန်မာ နယ်စပ် တလျောက်တွင် NSCN နှင့် ULFA စသော အိန္ဒိယ အရှေ့မြောက် ဒေသမှ အဓိက သူပုန်အဖွဲ့ များက အခြေစိုက် စခန်း ၂၀ ခန့်နှင့် လေ့ကျင့်ရေး စခန်းများ ထူထောင် ထားပါသည်။

ULFA တပ်မှူး ပါရတ်ဘာရူးသည် မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် ပုန်းအောင်းနေသည် ဟု ယုံကြည်ထားပါသည်။

ပါရတ်ဘာရူး မြန်မာပြည် နယ်စပ်တွင် ပုန်းအောင်းနေကြောင်း မြန်မာ ကိုယ်စားလှယ် အဖွဲ့ထံ မိမိတို့ သတင်းပေးခဲ့ပြီး မြန်မာတို့ကလည်း ၎င်းတို့ ပိုင်နက် အတွင်း တွေ့ရှိပါက ခြေရာခံ ထောက်လှမ်း ပေးမည် ဟု ကတိပေးခဲ့ကြောင်း အဆိုပါ အရာရှိက ပြောကြားပါသည်။

အိန္ဒိယ၊ မြန်မာ နှစ်နိုင်ငံ လုံခြုံရေး တပ်ဖွဲ့များသည် နယ်စပ်တလျောက်  လက်နက်၊ မူးယစ်ဆေးဝါး နှင့် ကုန်ပစ္စည်းများ မှောင်ခို ကူးသန်း ရောင်းဝယ်ခြင်းကို စောင့်ကြပ် စစ်ဆေးမှုအား တိုးမြှင့် ပြုလုပ်သွားမည် ဟုလည်း သိရှိရပါသည်။

အိန္ဒိယ အစိုးရ ပြည်ထဲရေးဝန်ကြီး GK Pillai ဦးဆောင်သော အိန္ဒိယ ကိုယ်စားလှယ် အဖွဲ့သည် ဗိုလ်မှူးချုပ် ဖုန်းဆွေ ဦးဆောင်သော မြန်မာ အထူး ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံ၍ နယ်စပ် လုံခြုံရေး၊ သူပုန်များ၏ နယ်စပ် ဖြတ်ကျော် လှုပ်ရှားမှုများ၊ နယ်စပ် ကုန်သွယ်ရေး၊ နယ်စပ် ဖြတ်ကျော် စီမံကိန်းများ စသော ကိစ္စများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ် ခဲ့ကြပါသည်။

မိမိတို့ စိုးရိမ်နေသော လုံခြုံရေး ကိစ္စများကို ဖြေရှင်းပေမည် ဟု မြန်မာ အာဏာပိုင်များက အာမခံခဲ့ပြီး နှစ်နိုင်ငံကြား ရင်းနှီး ဖော်ရွေသော ဆက်ဆံရေးကို ရှေ့ဆက် ထိန်းသိမ်းသွားမည်ဟု ကတိပေးခဲ့သည့် အတွက် ယခု အစည်းအဝေးသည် အလွန် အကျိုး ရှိခဲ့ကြောင်း အိန္ဒိယ ပြည်ထဲရေး အရာရှိက မှတ်ချက်ပေးခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.