Transparency Myanmar

transparency.myanmar@gmail.com

IPS, By Larry Jagan, 7th April 2010

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ အဖျား ဒီဂရီ တက်နေပြီ ဖြစ်သည်။ မြန်မာ အစိုးရသည် ရွေးကောက်ပွဲ အတွက် ပြင်ဆင်သောအားဖြင့် လှမ်းတော့မည့် ခြေလှမ်းများကို ပြင်ဆင်နေပြီ ဖြစ်သည်။ ဥပမာအားဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ရွေးကောက်ပွဲကို လက်ခံလာအောင် နိုင်ငံရေး အကျဉ်းသမားများကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေးကို ပြင်ဆင်နေခြင်း စသည်ဖြင့် ဖြစ်သည်။

ထိုသို့ ပြင်ဆင်နေခြင်းများသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာ အစိုးရသည် နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာ ခွင့်ပေးရန် စီစဉ်လျက် ရှိရာ နာမည်ကြီး နိုင်ငံရေးသမားများလည်း ပါဝင်ကြောင်း စစ်တပ်မှ အကြီးတန်း ပုဂ္ဂိုလ်များထံမှ လာသော သတင်းများက ဆိုသည်။ "အားလုံးကို သင်္ကြန်ပြီးရင် ထုတ်ပြန် ကြေညာတော့မှာပါ" ဟု မြန်မာ အစိုးရ ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောသည်။

မေလဆန်းတွင် စစ်တပ် အိမ်စောင့် အစိုးရ တစ်ခု ဖွဲ့စည်းမည် ဖြစ်ပြီး ရွေးကောက်ပွဲ ပြီးသည်အထိ အုပ်ချုပ်မည် ဖြစ်ကာ ရွေးကောက် တင်မြှောက်ခံရမည့် အရပ်သား အစိုးရသို့ အာဏာ လွှဲပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ အစိုးရ ကျောထောက် နောက်ခံပြု နိုင်ငံရေး ပါတီကိုလည်း မြန်မာ နှစ်သစ်ကူး အပြီးတွင် ဖွဲ့စည်းသွားမည် ဖြစ်သည်။ ထို့နောက် ရာပေါင်း များစွာသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးသွားရန် ရှိကြောင်း ၎င်းကပင် ဖြည့်စွက် ပြောကြားခဲ့သည်။

သို့သော် ရန်ကုန်မှ လူအများစုကတော့ သံသယများ ရှိနေဆဲ ဖြစ်သည်။ "ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး" ဟု အငှားယာဉ် မောင်းသူ မင်းသူက ပြောသည်။ "ဗမာပြည်က သူများနဲ့ မတူဘူး။ တစ်မျိုးဗျ။ ကျွန်တော်တို့ သမ္မတ တစ်ယောက် ရဦးမယ်လေ။ ရုပ်သေး သမ္မတပေါ့" ဟု အသက် ၂၈ နှစ်ရှိ ကျောင်းဆရာ ဦးမောင်မောင်သိမ်းက ပြောသည်။

စစ်တပ် အိမ်စောင့် အစိုးရတွင် ဝန်ကြီး ၁၇ ဦးသာ ရှိမည် ဖြစ်ကြောင်း စစ်တပ်မှ လာသော သတင်းများက ဆိုသည်။ အချို့ လက်ရှိ ဝန်ကြီးများသည် အိမ်စောင့် အစိုးရတွင် ဆက်လက် ပါဝင်မည် ဖြစ်သော်လည်း အများစုမှာ လက်ရှိ ရာထူးမှ အငြိမ်းစားယူကာ နိုင်ငံရေး လောကသို့ ဝင်ရောက်ကြမည် ဖြစ်သည်။

လက်ရှိ ဝန်ကြီးချုပ်သည် အငြိမ်းစား ယူမည်ဟု မျှော်လင့်ရပြီး မကြာမီက အတွင်းရေးအား ပြောကြားရာတွင် သင်္ကြန် မတိုင်မီ ယခုနေသော အစိုးရ အိမ်မှ ပြောင်းရွှေ့မည် ဖြစ်ကြောင်း သိရှိရသည်။

ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း၊ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ် မောင်ဦး နှင့် စိုက်ပျိုးရေး ဝန်ကြီး ဗိုလ်ချုပ် ဌေးဦးတို့ အပါအဝင် လက်ရှိ ဝန်ကြီး ၁၂ ဦးခန့်သည် နိုင်ငံရေး လောကသို့ ဝင်ရန် လက်ရှိ ရာထူးမှ ထွက်ကြမည်ဟု မျှော်လင့်ရသည်။ ဗိုလ်ချုပ်များတွင် နံပါတ် ငါး အဆင့်ရှိသူ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေမှာ ကြားဖြတ် အစိုးရ အုပ်ချုပ်ရေးတွင် ဝန်ကြီးချုပ် ဖြစ်လာရန် သေချာသလောက် ရှိသည်ဟု သိရှိရသည်။

"ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးကြီးတွေ အတော် များများကို ပြီးခဲ့တဲ့လက နေပြည်တော်ကို ခေါ်သွားပြီး ထရိန်နင် ပေးနေတယ်" ဟု ချင်းမိုင်မှ မြန်မာ့ အရေး ကျွမ်းကျင်သူ ဝင်းမင်းက IPS သို့ ပြောသည်။ အချို့အား ကြားဖြတ် အစိုးရတွင် တာဝန်ပေးမည် ဖြစ်ကာ အချို့ကို နိုင်ငံရေး လောကသို့ ဝင်ခိုင်းမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

အသစ် ထွက်ပေါ်လာမည့် ပါလီမန် နှစ်ခုတွင် ၂၅ % သော နေရာမှာ စစ်သားများ အတွက် ချိန်ထားပြီး ဖြစ်သည်။ ထို့ကြောင့် တပ်မတော် အရာရှိ ၂၀၀ ခန့်သည် ပါလီမန် အမတ်များ ဖြစ်လာမည် ဖြစ်သည်။ ထို့အပြင် ပြည်နယ်၊ တိုင်း လွှတ်တော် ၁၄ ခုတွင်လည်း စစ်သားမှ နိုင်ငံရေးသမား အဖြစ် ပြောင်းထားသူများသာ နေရာယူ ကြလိမ့်မည်ဟု ယူဆရသည်။

စစ်သား တစ်ထောင်ကျော်ခန့်သည် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း တာဝန်ယူနေသော ကျောင်းတွင် တက်ရောက်နေကြရသည်။ "သူတို့ကို နိုင်ငံရေး လောကထဲ ဝင်ရင် အဆင်သင့် ဖြစ်အောင် ပါလီမန် လုပ်ထုံးလုပ်နည်းတွေနဲ့ အရပ်ဘက် လုပ်ထုံးလုပ်နည်းတွေကို သင်ကြားပေးနေပါတယ်" ဟု ဝင်းမင်းက ပြောသည်။

သုတေသနပြုသူ တစ်ဦးက အချို့ အငြိမ်းစား ယူထားသော အရာရှိများကို မေးမြန်းထားချက်များ အရ အများစုသည် စစ်တပ်မှ ခဏ သွား၍ နိုင်ငံရေးတွင် သွားရောက် တာဝန် ထမ်းဆောင်ရန် ကိစ္စကို ဝမ်းမသာကြဟု ဆိုသည်။ ပါလီမန် သက်တမ်း တစ်ခု အပြီး ငါးနှစ် အကြာတွင် စစ်တပ်သို့ ပြန်သွားရလိမ့်မည်ဟု မျှော်လင့်ကြသော်လည်း၊ စစ်တပ်တွင် ရာထူးတိုးရေး ကိစ္စများတွင် ကျန်ခဲ့မည်ကို စိုးရိမ်နေကြသည်။

နိုင်ငံရေး လောကသို့ ဝင်ရန် လေ့ကျင့်ပေးမှု အတွက် မိမိ မသွားရောက်ခဲ့ကြောင်း ဗိုလ်မှူးကြီး တစ်ဦးက တိုးတိုးတိတ်တိတ် ပြောသည်။ "စစ်တပ်မှာ နေရင် တစ်နေ့မှာ ဗိုလ်ချုပ် ဖြစ်လာမှာ"  ဟု ၎င်းက ပြောသည်။

လက်ရှိ အချိန်တွင် ဒီမိုကရက်တစ် ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ စသည့် ပါတီများသည် ပါတီ မှတ်ပုံတင် ကြပြီး ဖြစ်သည်။ ရွေးကောက်ပွဲတွင် အစိုးရ၏ နောက်ခံပြုမည့် အဓိက ပါတီဟု ယူဆရမည့် ပြည်ထောင်စု ကြံ့ခိုင်ရေး အသင်းမှာမူ ယခုအထိ ပါတီ ဖွဲ့စည်းခြင်း မရှိသေးပေ။

အဆိုပါ အသင်းကြီး၏ ခေါင်းဆောင် စိုက်ပျိုးရေး ဝန်ကြီး ဗိုလ်ချုပ် ဌေးဦးက သံတမန်များသို့ မကြာခဏ ပြောကြားရာတွင် ၎င်းသည် မကြာမီ နိုင်ငံရေးသမား တစ်ဦး ဖြစ်လာတော့မည်ဟု ဆိုသည်။ ၎င်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အတွင်းလူ ဖြစ်ပြီး ရွေးကောက်ပွဲ အပြီး ထွက်ပေါ်လာမည့် အရပ်ဝတ် လဲထားသော အစိုးရတွင် ၎င်းက ဝန်ကြီးချုပ် ဖြစ်လာလိမ့်မည်ဟု ထင်ကြေး ပေးခြင်း ခံရသူ ဖြစ်သည်။ (ထိုအစိုးရတွင် ဝန်ကြီးချုပ် မရှိပါ။ အယ်ဒီတာ)  

NLD သည် ရွေးကောက်ပွဲတွင် မပါဝင်တော့သောကြောင့် ရွေးကောက်ပွဲတွင် အားလုံး ပါဝင်ပြီး၊ အများ လက်ခံလိမ့်မည် မဟုတ်ဟု ဝေဖန် သုံးသပ်သူများက ပြောကြသော်လည်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ ထိုသို့ ဖြစ်ရန် ရည်ရွယ်ခဲ့ပုံ ရသည်။

ပြီးခဲ့သည့် မတ်လကုန်က NLD ပါတီသည် ရွေးကောက်ပွဲ ဥပဒေသည် ဒေါ်အောင်ဆန်းစုကြည်အား မပါဝင်နိုင်အောင် ပြုလုပ်ထားသည်ဟု ဆိုကာ ပါတီအဖြစ် မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့သည်။

"အစိုးရရဲ့ အဓိက ရည်ရွယ်ချက်ကတော့ NLD ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်ကို ရွေးကောက်ပွဲမှာ မပါနိုင်အောင် မိန်းမဆန်ဆန်  သူရဲဘောကြောင်တဲ့နည်းနဲ့ လုပ်ထားတာ ရှင်းပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိ စာအုပ်ရေးသူ Justin Wintle က ပြောသည်။

"ဥပဒေက အတိုက်အခံအတွက် ခက်ခဲတဲ့ အခြေအနေကို ဖြစ်စေပါတယ်" ဟု အာဆီယံဆိုင်ရာ အမေရိကန် သံအမတ် Scot Marciel က ပြောသည်။

နိုင်ငံရေး အကျဉ်းသားများကို မေလမှာသာ လွှတ်ပေးခြင်းဖြင့် အစိုးရ အနေဖြင့် ဆက်လက် အသာစီးရရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မျှော်လင့်ပုံ ရသည်။ ယခုအခါ လွှတ်ပေးမည့် နိုင်ငံရေး အကျဉ်းသား စာရင်းကို ၎င်းထံ တင်ပြထားပြီး ဖြစ်ကြောင်း နေပြည်တော်မှ လာသော သတင်းများ အရ သိရှိရသည်။

လွှတ်ပေးမည့် စာရင်းတွင် NLD မှ ပုဂ္ဂိုလ် အချို့ ပါဝင်မည် ဖြစ်ပြီး၊ အများစုမှာ တိုင်းရင်းသား သူပုန်များ၊ ၁၉၈၈ အရေးအခင်းတွင် ပါဝင်ခဲ့သူများနှင့် ထောက်လှမ်းရေးမှ အရာရှိဟောင်းများ ပါဝင်သည်ဟု ဆိုသည်။ နာမည်ကြီး လူရွှင်တော် ဇာဂနာမှာလည်း လွှတ်ပေးဖွယ် ရှိပြီး၊ အဓိက တိုင်းရင်းသား ခေါင်းဆောင်များတွင် ရှမ်းခေါင်းဆောင် ခွန်ထွန်းဦးလည်း ပါဝင်ဖွယ် ရှိကြောင်း သိရှိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် အချို့ လွတ်လာမည့် နိုင်ငံရေး အကျဉ်းသားများ ရွေးကောက်ပွဲ ဝင်ခြင်းဖြင့် အားလုံး ပါဝင်သော ရွေးကောက်ပွဲ အဖြစ် အမှတ်ယူရန် မျှော်လင့်ပုံ ရသည်။ သို့သော် မြန်မာနိုင်ငံရေး သုံးသပ်သူ တစ်ဦးက IPS သို့ ပြောကြားရာတွင် မြန်မာများသည် သူများ ပြောတိုင်း ယုံလွယ်သူများ မဟုတ်ကြောင်း၊ အစိုးရကို ပြစ်ဒဏ်ခတ်ကြဦးမှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် တွေ့မြင်ကြရလိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN News, 7th April 2010

ထိုင်း အစိုးရ ဆန္ဒပြသူများသည် နိုင်ငံ၏ ပါလီမန် လွှတ်တော် အဆောက်အဦးကို ဗုဒ္ဓဟူးနေ့က အတင်းဝင်ရောက် သိမ်းပိုက်ကာ ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗား လွှတ်တော် ဖျက်သိမ်းခြင်း မပြုသရွေ့ ဆန္ဒပြပွဲများ တိုးမြှင့် ပြုလုပ်သွားရန် သတိပေးထားခြင်းကို ဆက်လက် ထိန်းသိမ်းခဲ့ကြသည်။

ထို့နောက် များမကြာမီမှာပင် ရှပ်နီများက ပြန်လည် ဆုတ်ခွာပေးခဲ့သော်လည်း ၎င်းတို့၏ ဆုံရပ် ဖန်ဖား တံတားသို့ မပြန်မီ ပါလီမန် ခြံဝင်းကို ဝိုင်းထားခဲ့သည်။

ဆန္ဒပြသူများ ဝင်ရောက်လာမှုကြောင့် လွှတ်တော်တွင်းရှိ အမတ်များ အမြန်ဆုံး ထွက်ပြေး သွားကြပြီး အချို့မှာ ခြံစည်းရိုးကို ကျော်တက်၍ ထွက်ပြေးခဲ့ကြသည်။

ဆန္ဒပြသူများက အလျှော့ပေးမည့် လက္ခဏာ မရှိသဖြင့် မြို့တော်၏ နေသားကျမှုကို ကူညီ ထိန်းသိမ်းရန် ပြည်တွင်း လုံခြုံရေး အက်ဥပဒေကို နောက်ထပ် ၂ ပတ် ထပ်မံ ကျင့်သုံးရန် ကက်ဘိနက်က စီစဉ်နေသည်။

အဆိုပါ အက်ဥပဒေသည် ဘန်ကောက်တွင် ဆန္ဒပြပွဲများ မစတင်မီ ၂ ရက် အလိုက စတင်၍ အာဏာ သက်ရောက်ခဲ့ခြင်း ဖြစ်သည်။

အင်္ဂါနေ့ကမူ အဘီဆစ်က ရုပ်မြင်သံကြားမှ တဆင့် "ချီတက်ပွဲများသည် အခြေခံ ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း" ပြောကြားခဲ့သေးသည်။

ဘန်ကောက် ကူးသန်း ရောင်းဝယ်ရေး အချက်အချာ နယ်မြေမှ ဖယ်ရှားပေးရန် တောင်းဆိုမှု အားလုံးကိုလည်း ဆန္ဒပြသူများက ဂရုစိုက်ခြင်း မရှိကြပါ။

ဆန္ဒပြပွဲများကြောင့် တိုင်းပြည်၏ ခရီးသွား လုပ်ငန်းကို ၁၀ % ခန့် ထိခိုက် နစ်နာစေခဲ့သည်ဟု အစိုးရ ခရီးသွားလာရေး ဝန်ကြီး ချမ်ပေါဆီလာပါချာက ပြောကြားလိုက်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 6th April 2010

          ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၀၀၀ ခန့်အား အလားတူ အရေအတွက်ရှိ အဓိကရုဏ်း နှိမ်နင်းရေး ရဲများက ပိတ်ဆို့ရာမှ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

          ထိပ်တိုက် ရင်ဆိုင်မှုများကို လိုလိုလားလား ရှောင်ရှားခဲ့ကြသည်ဟု နှစ်ဖက်လုံးက ပြောကြားခဲ့ ကြပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဟု သိရသည်။

          ဆန္ဒပြသူများက မြို့တော် တစ်ဝှမ်းမှသည် ခရိုင် ၁၁ ခုသို့ ချီတက်ရန် စီစဉ်ထားသော်လည်း ယခုအချိန်တွင် ဆိုင်းငံထားဆဲသာ ဖြစ်ပုံ ရသည်။

          ၎င်းတို့အား အင်အားသုံး မောင်းထုတ်ရန် အစိုးရကို ဥပဒေက ခွင့်ပြုထားသော်လည်း ဆန္ဒပြသူ များက ဘန်ကောက် မြို့လယ်ခေါင်တွင် နောက်ထပ် တစ်ည အချိန်ဖြုန်းခဲ့ကြသည်ဟု ဆိုသည်။

          ရှပ်နီများဟု လူသိများသော ဆန္ဒပြသူများက အစိုးရ နုတ်ထွက်၍ ရွေးကောက်ပွဲအသစ် ကျင်းပပေးရန် တောင်းဆိုနေကြသည်။

ပထမဆုံး အခြေအတင်ဖြစ်ပွားခြင်း

          တစ်လကြာမျှ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည့် ကာလအတွင်း ပထမဆုံးအကြိမ် အခြေအတင် ဖြစ်ပွားမှုတွင် အဓိကရုဏ်း နှိမ်နင်းရေး ရဲများအား ဆန္ဒပြသူများက ကြက်ဥများ၊ ရေဘူးများဖြင့် ပစ်ပေါက်ခဲ့သည်ဟု AP သတင်းဌာနက သတင်း ပေးပို့သည်။

          ပြည်တွင်း ရုပ်သံလိုင်းမှ လုတ်လွှင့်ပြသခဲ့သော အသေးစား ရုန်းရင်းဆန်ခတ်မှုများမှာ လျှင်မြန်စွာ ပြီးဆုံးသွားခဲ့သည်ဟု သိရသည်။

          ထို့နောက်တွင် မြို့တော်တစ်ဝှမ်း  ချီတက်ရန် စီစဉ်ထားခြင်းကို ရွှေ့ဆိုင်းလိုက်သည်ဟု ဆန္ဒပြ ခေါင်းဆောင်များက ၎င်းတို့၏ နောက်လိုက်များအား ပြောကြားခဲ့သည်။

          "ဒီနေ့အတွက်တော့ ဘာအစီအစဉ်မှ မရှိတော့ပါဘူး။ အဲဒီအစား ရာချာပရာဆောင် တစ်ဝိုက်မှာပဲ စခန်းချပြီး အခြေအနေကို စောင့်ကြည့်ကြမယ်" ဟု ဆန္ဒပြ ခေါင်းဆောင် ကွမ်ချိုင်းပရိုင်ဖနာက ပြောကြားခဲ့ပြီး ၎င်း ရည်ညွှန်းသော နယ်မြေမှာ ကြယ်ငါးပွင့် ဟိုတယ်ကြီးများနှင့် အဓိက ဈေးဝယ်ကုန်တိုက် ကြီးများ တည်ရှိရာ နယ်မြေ ဖြစ်သည်။

          ဆန္ဒပြသမားများ ၃ ညကြာ စတည်းချခဲ့သည့် ဘန်ကောက်မြို့လယ်တွင် တင်းမာမှုများ မြင့်မားလာသည်ဟုလည်း သိရှိရသည်။

          "ကျွန်တော်တို့ ပြန်လမ်းမရှိတဲ့ နေရာကိုများ ရောက်နေပြီလား၊ ထိုင်းလူမျိုး အချင်းချင်း ကျွန်တော်တို့ တိုက်ခိုက်ဖို့ အကြောင်း မရှိပါဘူးလို့ မျှော်လင့်ပါတယ်" ဟု ဆန္ဒပြ ခေါင်းဆောင် တစ်ဦး ဖြစ်သူ နာတာဝပ်ဆိုင်ကူးက ပြောဆိုလိုက်သည်။

အခြောက်ခံရသော်လည်း ခြောက်ခြားမှုမရှိ

          "လက်ရှိ အနေအထားကြောင့် တုန်လှုပ်သွားသူတွေ အိမ်ပြန်နိုင်ပါတယ်။ ဒါပေမဲ့ ဘန်ကောက် မှာနေတဲ့ ရှပ်နီတွေအားလုံးနဲ့ ဆင်ခြေဖုံးက အခြေခံ လူတန်းစားတွေ အားလုံး ရာချာပရာဆောင်ကို ကျေးဇူးပြုပြီး အမြန်ဆုံးသွားကြပါ" ဟု ၎င်းက ဆက်လက် နှိုးဆော်လိုက်သည်။

          အစိုးရဘက်ကလည်း အခြေအနေကို ငြိမ်သက်အောင် ကြိုးစားလျက် ရှိသည်။

          "လက်ရှိ အနေအထားအရ နိုင်ငံသားအများစုက အကြမ်းဖက်မှုတွေ၊ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်လာမှာကို မလိုလားကြပါဘူး။ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ကျွန်တော်တို့ အမြဲတမ်း သတိထားပြီး လုပ်ဆောင်နေပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေကို သတိပေးနေတဲ့ ဦးတည်ချက်ပါပဲ" ဟု အစိုးရ ပြောရေးဆိုခွင့် ရှိသူ ပါနီသန်ဝါတာနရာကွန်က ရုန်းရင်းဆန်ခတ်မှုများ စတင် ဖြစ်ပွားချိန်တွင် ပြောကြားခဲ့သည်။

          ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဆံဆန်းကေစပ်နတ်က "ချီတက်ပွဲတွေက တရားမဝင်ပါဘူး၊ ဒါပေမဲ့လည်း အင်အားသုံး ဖြိုခွဲတာမျိုး မရှိပါဘူး။ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေကိုလည်း ပြန်လည် သုံးသပ်နေပါတယ်" ဟု ပြောကြားခဲ့သည်။

          တနင်္လာနေ့တွင် ရှပ်နီများက ဘန်ကောက်မြို့လယ် ဈေးဝယ်ဇုန် နယ်မြေကို တတိယမြောက်နေ့ အဖြစ် ပိတ်ဆို့ခဲ့ကြပြီး ရွေးကောက်ပွဲ ကော်မရှင်ရုံးများကိုလည်း ရုတ်တရက် တိုက်ခိုက်ခဲ့သည်။

          အဓိက အာဏာရပါတီကို ဘက်လိုက်ခဲ့သည်ဟု ရွေးကောက်ပွဲ ကော်မရှင်ကို ရုပ်နီများက စွပ်စွဲလျက် ရှိသည်။

နုတ်ထွက်ရန် တောင်းဆို

          သက်ဆင်ရှင်နာဝပ်ထရာကို ဝန်ကြီးချုပ်အဖြစ်မှ ထိုင်းစစ်တပ်က ဖြုတ်ချခဲ့ပြီး ၃ နှစ်ခန့်ကြာ သည့်တိုင်အောင် နိုင်ငံတွင်း မတည်ငြိမ်မှုများ ဆက်လက် ဖြစ်ပွားလျက် ရှိသည်။

          စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း အာဏာ ရလာသူ လက်ရှိဝန်ကြီးချုပ် အဘီဆစ်ဗဲ့ဂျာဂျီဗားကို နုတ်ထွက်ပေးရန် ရှပ်နီ ဆန္ဒပြသမားများက တောင်းဆိုနေသည်။

          တောင်းဆိုချက်များ ရရှိသည်အထိ နေရာမရွှေ့ပဲ ဆန္ဒပြသွားမည်ဟု ရှပ်နီများက ပြောကြား ကြောင်း BBC အရှေ့တောင် အာရှ သတင်းထောက် Rachel Hervey က သတင်းပို့ခဲ့ပြီး ၎င်းတို့၏ နည်းလမ်းများမှာ မထီတရီနှင့် ဒေါသထွက်အောင် ဆွပေးသလို ဖြစ်လာသည်ဟု ဆိုသည်။

          ဆန္ဒပြသမား အများစုသည် ကြယ်ငါးပွင့် ဟိုတယ်ကြီးများနှင့် ဈေးဝယ် စင်တာကြီးများ၏ အပြင်ဖက်တွင် ဖျာများ ခင်း၍ အိပ်စက်နေကြပြီး စီးပွားရေးလုပ်ငန်းများ ထိခိုက်အောင် ဖိအားပေးနေကြသည်။

          ကူးသန်းရောင်းဝယ်ရေး ဇုန်အတွင်း ချီတက်ဆန္ဒပြမှုများသည် တရားမဝင်ဟု အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

          ၎င်းတို့အား မောင်းထုတ်ရန် အစိုးရတွင် အခွင့်အာဏာ ရှိသည်ဟု ဘန်ကောက် တရားရုံးက ပြောကြားခဲ့ရာ၊ အစိုးရအနေဖြင့် ထိုအခွင့်အာဏာကို မည်သည့်အချိန်တွင် မည်သို့မည်ပုံ ကျင့်သုံးမည်နည်းဟု မေးစရာ ရှိနေကြောင်း BBC သတင်းထောက်က သတင်း ပေးပို့ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Straits Times, 8th April 2010

အရှေ့တောင် အာရှ ခေါင်းဆောင်များသည် အာဆီယံ အမည်ရှိ ဒေသတွင်း အသိုင်းအဝိုင်း တစ်ခု တည်ဆောက်မည့် ၎င်းတို့၏ မျှော်မှန်းချက် အပေါ် ထိုင်းနိုင်ငံ၏ မငြိမ်သက်မှုနှင့် ဝိုင်းဝန်း ပြစ်တင် ခံနေရသော မြန်မာ ရွေးကောက်ပွဲ အစီအစဉ်များ၏ လောင်းရိပ် မိနေမှုကို ကြာသပတေးနေ့တွင် စတင် ဆွေးနွေးတော့မည် ဖြစ်သည်။

ထိုင်း ဆန္ဒပြသူများက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ထိရောက်စွာ ဆင်နွှဲသည့် အနေဖြင့် ပါလီမန် အဆောက်အဦးကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ဟနွိုင်း အာဆီယံ ညီလာခံ အကြိုညတွင် ထိုင်း ဝန်ကြီးချုပ်က နိုင်ငံတွင်း အရေးပေါ် အခြေအနေ ကြေညာလိုက်သည်။

ထိုင်းနိုင်ငံ၏ ကာလရှည်ကြာ နိုင်ငံရေး ပြဿနာမှာ အဖွဲ့ဝင် ၁၀ နိုင်ငံရှိ အာဆီယံ အဖွဲ့တွင်းမှ ပြည်တွင်းရေး ပြဿနာများ အနက် တစ်ခု အပါအဝင် ဖြစ်ပြီး ယင်းကိစ္စကို ဂရုစိုက်ခြင်း မရှိကြဟု အကဲခတ်များက ပြောကြားသည်။

၎င်း၏ ရှင်သန် ရပ်တည်မှု အတွက် စီးပွားရေး ကိစ္စများကိုသာ အာရုံစိုက်နေသည့် အာဆီယံသည် ခိုင်မြဲသော ဆက်ဆံရေးများ ထူထောင်ရန် ကတိပြုသည့် ပဋိညာဉ် တစ်ခုကို ၂၀၀၈ ခုနှစ်က ချမှတ်ခဲ့သည်။ ၂၀၁၅ တွင် လူဦးရေ သန်း ၆၀၀ ရှိသော လွတ်လပ်သော ဈေးကွက် တစ်ခုကို ဖွဲ့စည်းရန် ရည်မှန်းထားပြီး ဒီမိုကရေစီ စံနှုန်းများကို အကောင်အထည် ဖော်ရန် ကတိပြုထားသည်။

စီးပွားရေး အသိုင်းအဝိုင်း တည်ထောင်ရေး ကိစ္စက အခု ညီလာခံမှာ အဓိက အကြောင်းအရာ ဖြစ်လာပါလိမ့်မယ်ဟု ဗီယက်နမ် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဖန်ကွမ်ဗင်းက ပြောကြားသည်။

၂ ရက်ကြာ ညီလာခံ၏ ဆောင်ပုဒ် အဖြစ် "အမြင်မှသည် လက်တွေ့သို့" ဟု ကြွေးကြော်ထားသော်လည်း ဒေသတွင်း ကြီးမားသော ဟာကွက်များ ဖြစ်ပေါ်လာခြင်း၊ ပြည်တွင်း အကျိုးစီးပွား အမြစ်တွယ်နေခြင်းနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး ပျက်ကွက်နေသော မြန်မာနိုင်ငံ အပေါ် လျော့တိလျော့ရဲ ကိုင်တွယ်နေမှုများကြောင့် အာဆီယံ၏ သိက္ခာ ကျဆင်းမည်သာ ဖြစ်ကြောင်း အကဲခတ် လေ့လာသူများက သုံးသပ်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post News, 8th April 2010

          အာဆီယံ ခေါင်းဆောင်များသည် ယနေ့ စတင်မည့် ၂ ရက်ကြာ ညီလာခံတွင် တွေ့ဆုံစဉ် မြန်မာနိုင်ငံက ၎င်း၏ လွတ်လပ် မျှတသော ရွေးကောက်ပွဲ အစီအစဉ်များအား ရှင်းလင်း ပြောကြားခြင်းကို နားထောင်ရန် ဆန္ဒ ပြင်းပြလျက် ရှိသည်။

          "အာဆီယံ ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားကို ပြဿနာတွေ ယူဆောင်လာတဲ့ ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ပြီးတဲ့ နောက်မှာ မြန်မာအစိုးရက သူတို့ရဲ့ ရွေးကောက်ပွဲ အကြောင်းကို ဘယ်လို ရှင်းလင်း ပြောကြားမလဲ ဆိုတာကို ကျွန်တော်တို့ နားထောင်ကြမယ်" ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ကာဆစ်ပီရိုမြက ယမန်နေ့က ပြောကြားခဲ့သည်။

          ကာဆစ်ပီရိုမြ အပါအဝင် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများသည် ၎င်းတို့၏ ခေါင်းဆောင်များ တွေ့ဆုံကြမည့် ညီလာခံ အစီအစဉ်များကို ကြိုတင် ပြင်ဆင်ရန် ဗီယက်နမ် မြို့တော်တွင် တွေ့ဆုံ စည်းဝေးနေခြင်း ဖြစ်သည်။

          ရွေးကောက်ပွဲ ဥပဒေ ၅ ချက်ဖြင့် လွတ်လပ်သော ရွေးကောက်ပွဲများ မည်သို့ ကျင်းပမည် ဆိုသည်ကို မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီသိန်းစိန် အနေနှင့် ရှင်းလင်း ပြောကြားသင့်သည်ဟု မစ္စတာ ကာဆစ်က ဆိုသည်။

          မြန်မာအစိုးရ ပြဌာန်းခဲ့သည့် ဥပဒေ ၅ ချက်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေနှင့် အမျိုးသား ရွေးကောက်ပွဲ ကော်မရှင်၊ လွှတ်တော် ၂ ရပ်အတွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့များ၊ ဒေသ လွှတ်တော်များ စသည်တို့အတွက် သီးခြား ဥပဒေ ၄ ချက်တို့ ဖြစ်သည်။

          နိုင်ငံတကာ အသိုင်းအဝိုင်းကို အဓိက နှိုးဆွရန် စလိုက်သည့် ဥပဒေမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ဥပဒေ ဖြစ်ပြီး ၎င်းဥပဒေအရ ပါတီများသည် အစိုးရက အသစ် ခန့်အပ်လိုက်သော ရွေးကောက်ပွဲ ကော်မရှင်ထဲတွင် ရက်ပေါင်း ၆၀ အတွင်း ပြန်လည် မှတ်ပုံတင်ရန် လိုအပ်လျက် ရှိသည်။

          အတိုက်အခံ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ခြင်း မရှိစေရန် ဖယ်ထုတ်သည့် အနေဖြင့် ပြစ်ဒဏ် ကျခံနေရသူ မည်သူ တစ်ဦးတစ်ယောက်မှ ပါတီဝင် ဖြစ်ခွင့်မရှိဟု ဥပဒေက တားမြစ်ထားသည်။

          ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ပါတီခေါင်းဆောင်မှာ ၁၄ နှစ်ခန့် ထိန်းသိမ်းခြင်း ခံခဲ့ရသည့်အပြင် လွန်ခဲ့သော သြဂုတ်လက အကျယ်ချုပ် ပြစ်ဒဏ်ကို ထပ်မံ သက်တမ်းတိုးခြင်း ခံရသည်။

          ရက်စက် ပြင်းထန်သော ရွေးကောက်ပွဲ ဥပဒေသစ်ကို ကန့်ကွက်သည့် အနေဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်မည်ဟု သူမ၏ ပါတီက ကြေညာခဲ့သည်။

          ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို မြန်မာအစိုးရက ကြေညာခြင်း မရှိသေးသော်လည်း အောက်တိုဘာ (သို့) နိုဝင်ဘာတွင် ကျင်းပလိမ့်မည်ဟု အများစုက ခန့်မှန်းထားကြသည်။

          ၎င်းတို့ ကိုယ်ကျိုးစီးပွားများ မရေမရာ ဖြစ်နေသည့် အားလျှော်စွာ မြန်မာနိုင်ငံအတွင်း တည်ငြိမ်မှုနှင့် အမျိုးသား ပြန်လည် ပေါင်းစည်းရေးကိုသာ ထိုင်းနိုင်ငံက မြင်တွေ့လိုသည်ဟု မစ္စတာကာဆစ်က ပြောကြားခဲ့သည်။

          မြန်မာအစိုးရနှင့် ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ အချင်းချင်းတိုက်ခိုက်နေမှု ကြောင့် ထိုင်းနိုင်ငံအပေါ် သက်ရောက်မှု ကြီးမားနေသည်၊ နယ်စပ်ကို ဖြတ်ကျော် ထွက်ပြေးလာသော ဒုက္ခသည်များစွာက ထိုင်းနိုင်ငံတွင် ခိုလှုံရန် ကြိုးစားလျက် ရှိသည်။

          မြန်မာအစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိဘဲ ဖိနှိပ် ချုပ်ချယ်ထားသည်ဟု ချင်းမိုင်အခြေစိုက် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကျော်စွာမိုးက ပြောကြားသည်။

          "အစိုးရ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတလိမ့်မယ်လို့ ကျွန်တော် မယုံကြည်ပါဘူး" ဟု ၎င်းက ဆိုသည်။

          မဲဆန္ဒရှင်များ၊ အမတ်လောင်းများ (သို့) အတိုက်အခံ ပါတီများ စသည့် ပါဝင် သက်ဆိုင်သူများကို ချုပ်ချယ်ရန် အဆိုပါ ဥပဒေများကို အစိုးရက ရေးဆွဲခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပေးသည်။

          "နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုထားတဲ့ အတိုင်း လာမယ့် ရွေးကောက်ပွဲမှာ အားလုံး ပါဝင်ခွင့် ရမှာ မဟုတ်ပါဘူး။ အာဆီယံ နိုင်ငံတွေက မြန်မာကို ဝေဖန် ပြစ်တင်ကြမယ် ဆိုတာကိုလည်း သံသယ ဖြစ်မိပါတယ်။ ကျွန်တော့်အနေနဲ့ သေချာတဲ့ အချက်ကတော့ အာဆီယံ ညီလာခံကနေ အမြတ် ထွက်မယ့်သူဟာ ပြည်သူတွေ မဟုတ်ပဲ မြန်မာအစိုးရသာ ဖြစ်တယ် ဆိုတာပါပဲ" ဟု ကျော်စွာမိုးက သုံးသပ် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, 6th April 2010

မြန်မာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် လက်ရှိ ရာထူးမှ နုတ်ထွက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ၏ နိုင်ငံရေး ဌာနအသစ်ကို ဦးဆောင်မည် ဖြစ်ကြောင်း နေပြည်တော်မှ လာသော သတင်းများ အရ သိရှိရသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန် အနေဖြင့် နှလုံးရောဂါ ရှိနေသောကြောင့် အနားယူ လိုသည်ဟု သိရှိရသော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အစိုးရ နောက်ခံပြုသော နိုင်ငံရေး ပါတီ အသစ်ကို ဦးဆောင်ရန် ၎င်းအား စေခိုင်းခဲ့သည်ဟု စစ်တပ် အတွင်းမှ လာသော သတင်းများက ဆိုသည်။

အစိုးရ အဖွဲ့ အတွင်းမှ လာသော သတင်း အချို့အရ ဝန်ကြီးချုပ်သည် ရာထူးမှ ထွက်ပါက လက်ရှိ နေအိမ်နှင့် အခြား နိုင်ငံပိုင် ပစ္စည်းများကို လွှဲပေးရမည်ဟု ဆိုသည်။ ရွေးကောက်ပွဲ ဥပဒေ အသစ်အရ နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်များသည် နိုင်ငံပိုင် ပစ္စည်းများကို အသုံးမပြုရန် တားမြစ်ထားသည်။ သို့သော် အစိုးရက တရားဝင် ပေးအပ်ထားပြီးသော ပစ္စည်းများမှာမူ အသုံးပြုခွင့် ရှိသည်ဟု ဆိုသည်။

အဆိုပါ ဗိုလ်ချုပ်ကြီး သိန်းစိန်၏ သတင်းမှာ ကောလဟာလ အဖြစ် အစိုးရ ဝန်ထမ်းများကြား၊ အစိုးရ ဆန့်ကျင်သူများကြားနှင့် မြန်မာနိုင်ငံ ပြည်တွင်း ပြည်ပ လေ့လာသူများ ကြားတွင် ပျံ့နှံ့လျက် ရှိသည်။

ဗိုလ်ချုပ်ကြီး သိန်းစိန်သည် USDA ၏ နာယကကြီးလည်း ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယုံကြည်ရသောသူ တစ်ဦး ဖြစ်ပြီး၊ ၂၀၀၇ ခုနှစ် အောက်တိုဘာလတွင် ဝန်ကြီးချုပ် ရာထူး ပေးကာ အမျိုးသား ညီလာခံကို ဦးဆောင် အပြီးသတ်စေခဲ့ပြီး၊ အငြင်းပွားဖွယ် ၂၀၀၈ အခြေခံ ဥပဒေ ထွက်ပေါ်လာစေခဲ့သူ ဖြစ်သည်။ ၎င်းသည် ၂၀၀၁ ခုနှစ်က စစ်ရုံးတွင် စစ်ဦးစီး အရာရှိချုပ် ဖြစ်လာခဲ့ပြီးနောက် သုံးနှစ် ကြာသောအခါ အတွင်းရေးမှူး (၁) အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

နောက်ထပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယုံကြည်ရသော တပည့်ရင်း နှစ်ဦး ဖြစ်သော တိုင်းပြည်၏ နံပါတ် သုံး ခေါင်းဆောင်ဟု ယူဆရသူ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီးလည်းဖြစ်၊ USDA ၏ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သော ဗိုလ်ချုပ် ဌေးဦးတို့သည် အနာဂတ် အရပ်သား အစိုးရတွင် ဦးဆောင် ရာထူးများ ရကြမည်ဟု ခန့်မှန်းရပေသည်။

၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ ပါလီမန်တွင် ၂၅ % သော နေရာအား စစ်တပ်မှ ရယူမည် ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် ဗိုလ်ချုပ်ဌေးဦး တို့သည် အစိုးရ၏ နိုင်ငံရေး ပါတီမှ အရပ်သား ကိုယ်စားလှယ် အဖြစ် အရွေးခံမည် သို့မဟုတ် ပါလီမန်တွင် စစ်တပ် ကိုယ်စားလှယ် ၂၅ % အနေဖြင့် ခန့်အပ်မည် ဆိုသည်ကိုမူ မသိရှိရပေ။

ဗိုလ်ချုပ်မှူးကြီးနှင့် ရင်းနှီးသော စစ်ဆင်ရေး အထူး အဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေနှင့် မန္တလေးမှ တိုင်းမှူး ဗိုလ်ချုပ် တင်ငွေ တို့သည် နိုင်ငံရေး လမ်းကြောင်းသို့ မသွားဘဲ တပ်ထဲတွင်သာ ဆက်လက် ရှိနေမည်ဟု သတင်း တချို့က ပြောသည်။

USDA ကို ၁၉၉၃ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ပြီး တရားဝင် စာရွက်စာတမ်းများအရ အဖွဲ့ဝင် ၂၄ သန်း ရှိသည်ဟု ဆိုရာ၊ တိုင်းပြည် လူဦးရေ၏ တစ်ဝက် နီးပါး ရှိသည်။

USDA သည် ၁၉၉၃ က စတင် ကျင်းပသော အမျိုးသား ညီလာခံတွင် ကိုယ်စားလှယ် ၆၃၃ ဦး တက်ရောက်ပြီး၊ စုစုပေါင်း ကိုယ်စားလှယ်၏ ၅၈ % ရှိခဲ့သည်။ အမျိုးသား ညီလာခံသည် ၂၀၀၇ ခုနှစ်တွင် အခြေခံ မူများကို အတည်ပြုခဲ့ပြီး၊ အခြေခံ ဥပဒေကို ၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည်။

စောင့်ကြည့် လေ့လာသူ အတိုက်အခံ အဖွဲ့များက USDA အဖွဲ့ဝင် အများစုသည် ဝန်ထမ်းများ ဖြစ်ပြီး ကြောက်အောင် ခြောက်လှန့်၍ အတင်း အဓမ္မ အသင်း ဝင်ခိုင်းခြင်း ဖြစ်ကြောင်း ပြောသည်။ အဖွဲ့ဝင်များတွင် ကျောင်းဆရာများ၊ ကျောင်းသားများ၊ စီးပွားရေးသမားများနှင့် နိုင်ငံရေးသမား အချို့ ပါဝင်သည်ဟု ဆိုသည်။

USDA မှာ အခြေခံအားဖြင့် အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများနှင့် အရပ်သားများကို ရက်ရက်စက်စက် နှိပ်ကွပ်ရာတွင် အစိုးရ၏ လက်ကိုင်တုတ် အဖြစ် အသုံးပြုရန် ရည်ရွယ် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း မြန်မာ အများစုက မြင်ကြသည်။ USDA တွင် အများကို စောင့်ကြည့်ရန် နှင့် အစိုးရ ဆန့်ကျင်သူများကို သတင်းပေးရန် စစ်တပ်ကဲ့သို့ ဖွဲ့ထားသော အဖွဲ့ ဖွဲ့ထားကြောင်း သိရှိရသည်။

USDA အဖွဲ့ဝင်များသည် ၂၀၀၃ ခုနှစ်က ဒီပဲယင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းအား စီးနင်း တိုက်ခိုက်ရာတွင် လူတစ်ရာခန့် သေဆုံးသော ကိစ္စနှင့် ၂၀၀၇ ခုနှစ်က အရေးအခင်းတွင် သွေးစွန်းစေခဲ့သော ကိစ္စများတွင် အဓိက ကဏ္ဍမှ ပါဝင်ခဲ့သည်။

၂၀၀၅ ခုနှစ် နိုဝင်ဘာလက လိုအပ်ပါလျှင် အဖွဲ့ကြီးကို နိုင်ငံရေး ပါတီ အသွင်ပြောင်းမည် ဖြစ်ကြောင်း ဗိုလ်ချုပ် ဌေးဦးက အဖွဲ့ဝင်များသို့ လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ စစ်အစိုးရ အနေဖြင့် ရွေးကောက်ပွဲ ကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို အကာအကွယ် ပေးလာရန် အာဆီယံအဖွဲ့တွင်း အငြင်းပွားမှု ပြေငြိမ်းရေး စနစ်သစ် တစ်ရပ်က ဖိအား ပေးသွားလိမ့်မည် ဖြစ်ကြောင်း အာဆီယံ လူ့အခွင့်အရေး ကော်မရှင် အကြီးအကဲက ပြောကြားသည်။

အာဆီယံ လူ့အခွင့်အရေး ဆိုင်ရာ အစိုးရအဖွဲ့များ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေး ကော်မရှင် အကြီးအကဲ Rafendi Djamin က မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးသမားများ အားလုံး ပါဝင်ခွင့် ရရှိရေးအတွက် အဆိုပါ အငြင်းပွားမှု ပြေငြိမ်းရေးစနစ် (DSM) က စစ်အစိုးရကို ဖိအားပေး သွားလိမ့်မည် ဖြစ်ကြောင်း၊ အကယ်၍ စစ်အစိုးရကသာ နိုင်ငံရေးသမားများ အားလုံး ပါဝင်နိုင်သော ရွေးကောက်ပွဲ တစ်ရပ် ကျင်းပရန် တောင်းဆိုမှုများကို ငြင်းပယ်လာပါက အဆိုပါ DSM သည် အာဆီယံအတွက် ရွေးချယ်စရာ ဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားသည်။

မစ္စတာ Rafendi Dajamin သည် အာဆီယံဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင် အကြီးအကဲနှင့် အင်ဒိုနီးရှား သံတမန်လည်း ဖြစ်သည်။ ယင်း အငြင်းပွားမှု ပြေငြိမ်းရေး စနစ်ကို ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပမည့် ၁၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွင် လက်မှတ် ရေးထိုးကြမည် ဖြစ်ရာ အဖွဲ့ဝင်များအနေဖြင့် အာဆီယံချာတာ အကောင်အထည် ဖော်ရေးအပေါ် ဝေဖန်ဆန်းစစ် ငြင်းဆိုခွင့် ရရှိမည် ဖြစ်သည်။

သို့သော် DSM သည် စည်းမျဉ်းစည်းကမ်း လေးစား လိုက်နာမှု မရှိသော အဖွဲ့ဝင်များအပေါ် ဥပဒေကြောင်းအရ ပိတ်ဆို့ အရေးယူနိုင်မည် မဟုတ်ပေ။

"အာဆီယံချာတာကို ကျွန်တော်တို့ ဘယ်လို အကောင်အထည် ဖော်ကြမလဲ၊ လူ့အခွင့်အရေး ကော်မရှင်ကို ဘယ်လို ထူထောင်သင့်သလဲ ဆိုတာတွေကို ဆွေးနွေး ညှိနှိုင်းလာခဲ့ကြတာ များပါပြီ။ ချာတာထဲမှာ သတ်မှတ် ဖော်ပြထားတဲ့အတိုင်း လူ့အခွင့်အရေးဆိုင်ရာ စံချိန် စံနှုန်းတွေကို ဘယ်လို အကျုံးဝင်လာအောင် လုပ်မလဲ ဆိုတာကိုလည်း ညှိနှိုင်းခဲ့ကြပါတယ်" ဟု Rafendi Djamin က ပြောသည်။

"အဖွဲ့ဝင်တွေမှာ မတူညီတဲ့ ကွဲပြားခြားနားချက်တွေ ရှိနေတဲ့အတွက် ကိုယ့်စံချိန် စံနှုန်းတွေ နဲ့အညီ ညှိနှိုင်းကြဖို့ တွန်းအား ပေးထားပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

"ဒီ DSM ဆိုတဲ့ စနစ်သစ်ကြောင့် အဖွဲ့ဝင်တွေကို ယခင်ကထက် ပိုပြီး ဖိအားပေးနိုင်မယ့် အရာတွေ များလာမှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကန့်လန့် တိုက်နေတဲ့ နိုင်ငံတွေကိုလည်း နာခံမှု ရှိလာအောင် လုပ်နိုင်မှာပါ" ဟု မစ္စတာ Rafendi Djamin က ပြောသည်။ အကယ်၍ မြန်မာ စစ်အစိုးရကသာ အာဆီယံ ချာတာတွင် ပါဝင်သည့် လူ့အခွင့်အရေး ဆိုင်ရာ မူဝါဒများ အတိုင်း ရွေးကောက်ပွဲကို ကျင်းပပေးခြင်း မရှိသည်ကို အခြားအဖွဲ့ဝင် နိုင်ငံများက တွေ့ရှိခဲ့ပါက ရွေးကောက်ပွဲ ရလဒ်ကို ယုံကြည်ရမှု ရှိ၊ မရှိကို DSM အဆင့်အတန်းဖြင့် မှတ်ကျောက်တင် စစ်ဆေးရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲအတွက် စစ်အစိုးရက ထုတ်ပြန်လိုက်သော ဥပဒေ စည်းမျဉ်း စည်းကမ်းများမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရအောင် ဟန့်တားထားသည်ဟု အကဲခတ် လေ့လာသူများက ပြောဆိုလျက် ရှိသည်။

မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် ရှိမည့် ကိစ္စမှာ မသေချာသော်လည်း အာဆီယံအနေဖြင့် နိုင်ငံရေးသမားများ အားလုံး ပါဝင်ခွင့် ရရှိအောင် ဖိအားပေး တိုက်တွန်းမှုများ လုပ်ဆောင်လျက် ရှိပါကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင်ပစ်ဆာဝမ်က ပြောကြားသည်။

'အဲဒီ ကိစ္စကို အာဆီယံ ဖိုရမ်တိုင်းမှာ ဆွေးနွေးခဲ့ကြပါတယ်။ ဘယ်ဟာက နောက်ဆုံးရလဒ် ဖြစ်လာမလဲဆိုတာ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်" ဟု မစ္စတာ ဆူရင်ပစ်ဆာဝမ်က ဆိုသည်။

"မြန်မာနိုင်ငံမှာ အခြေခံ ဥပဒေနဲ့ ဥပဒေ ရေးဆွဲမှုတွေ အားလုံး ရှိနေပါပြီ၊ ဒါပေမဲ့ ခက်တာက ဘယ်လို ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာမယ် ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြတ်သားတဲ့ အရိပ်အယောင်တွေ မတွေ့ရသေးပါဘူး" ဟုလည်း ဆိုသည်။ DSM စနစ်သစ်က အာဆီယံ ချာတာ အကောင်အထည် ဖော်ရာတွင် ထွက်ပေါ်လာမည့် မတူညီသော သဘောတရားများ အပေါ် အငြင်းပွားမှုများကို ပြေငြိမ်းနိုင်ရေးအတွက် ရွေးချယ်စရာများ ရရှိအောင် ပြုလုပ်ပေးမည် ဖြစ်သည်။

"အာဆီယံ အရေးကိစ္စကို ကြားဝင် စွက်ဖက်နိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်" ဟု နိုင်ငံတကာ လေ့လာရေးနှင့် မဟာဗျူဟာ စင်တာမှ ဒါရိုက်တာ Jusuf Wanandi က ပြောကြားသည်။ "ဒါပေမဲ့ မေးစရာ ဖြစ်နေတာက ကျွန်တော်တို့ ဝင်ရောက် စွက်ဖက်ဖို့ ဘယ်လောက် အတိုင်းအတာ အထိ ဆန္ဒရှိနေလဲ ဆိုတဲ့ အချက်ပါပဲ" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

"ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံထဲမှာ အပြောင်းအလဲ ဖြစ်ဖို့ ဆော်သြတာတို့၊ တွန်းအား ပေးတာတို့ လုပ်နေတဲ့သူတွေက အစိုးရအဖွဲ့တွေ မဟုတ်ဘဲ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ဖြစ်နေလို့ပါပဲ" ဟု ဆက်လက် ပြောကြားသွားသည်။

The Jakarta Post မှ Lilian Budianto ၏ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ၏ ထိပ်တန်း ကွန်မြူနစ် ပါတီကြီးတစ်ခု၏ မျိုးဆက်များက ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဈေးကွက် စီးပွားရေး လက်အောက်တွင်သာ ဖွံ့ဖြိုး တိုးတက်မှု ရမည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

မြန်မာပြည် ကွန်မြူနစ် ပါတီ (CPB) ၏ ပါတီခွဲ တစ်ခု ဖြစ်သော အလံနီ ကွန်မြူနစ် ပါတီ၏ မျိုးဆက်များက ပါတီသုံးခုကို တည်ထောင်ခဲ့ကြရာ ယင်းပါတီ သုံးခုအနက်မှ တစ်ခု ဖြစ်သော ခေတ်သစ် ပြည်သူ့ပါတီ (NEPP) က ရွေးကောက်ပွဲ ဝင်ရောက်ရန် မှတ်ပုံတင်မည် ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုထားသည်။

NEPP ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ၎င်းသည် ယခင် အလံနီ ကွန်မြူနစ်ပါတီ ခေါင်းဆောင် သခင်စိုး၏ ကိုယ်ရေး အတွင်းရေးမှူးဟောင်း တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးကြောင်း DVB သို့ ပြောဆိုသည်။ အလံနီ ခေါင်းဆောင် သခင်စိုးဟူသည် မြန်မာ ကွန်မြူနစ် နိုင်ငံရေး သမားများထဲတွင် အလွန်အမင်း သြဇာ ကြီးမားသူ တစ်ဦး ဖြစ်ခဲ့သည်။

အလံနီ ကွန်မြူနစ်ပါတီ မျိုးဆက်များ ပါဝင်သည့် အမျိုးသား နိုင်ငံရေး မဟာမိတ် အဖွဲ့ချုပ် (AFNP) ပါတီသည် ယခုအခါ ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင် ထားပြီး ဖြစ်ကြောင်း သိရသည်။

မှတ်ပုံ မတင်ရသေးသော ပါတီနှစ်ခုမှာ NEPP နှင့် ညီညွတ်သော ဒီမိုကရက် ပါတီ (UDP) တို့ ဖြစ်ကြသည်။ အဆိုပါ UDP ပါတီသည်လည်း အလံနီ မျိုးဆက်များ ဖြစ်ကြောင်း သိရသည်။

"၂၀၀၈ ခုနှစ်တွင် ထွက်ပေါ်ခဲ့သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို ယခုအခါ လက်သင့်ခံကြောင်း၊ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု ရှိကာ အပြောင်းအလဲ တစ်ရပ်ကို ယူဆောင်လာမည်ဟု ယုံကြည်ကြောင်း" အလံနီ မျိုးဆက်များ ပါဝင်သည့် ပါတီ သုံးခုစလုံးက ထုတ်ဖော် ပြောဆိုသည်။

NEPP မှ ဦးထွန်းအောင်ကျော်ကမူ မိမိတို့ အနေဖြင့် မြန်မာနိုင်ငံ၏ ဈေးကွက် စီးပွားရေး အပြည့်အဝ ဖွံ့ဖြိုးရေးအတွက် အရင်းရှင်စနစ် တစ်ရပ်ကို ကျင့်သုံးသွားမည် ဖြစ်သည်ဟု ပြောဆိုသည်။

"အလုပ်သမား၊ လယ်သမားနဲ့ ဆင်းရဲသားတွေဟာ စက်မှု အရင်းရှင်စနစ်၊ ဈေးကွက် စီးပွားရေးစနစ်နဲ့ ဒီမိုကရေစီ စနစ် တစ်ခုရဲ့ လက်အောက်မှာသာ အကျိုးအမြတ် ဖြစ်ထွန်းနိုင်မှာပါ" ဟု အလံနီ ကွန်မြူနစ် ခေါင်းဆောင်ကြီး သခင်စိုး၏ ကိုယ်ရေး အရာရှိဟောင်း ဦးထွန်းအောင်ကျော်က ပြောကြားသည်။

မြေယာများကို လူမျိုးပိုင် ပြုလုပ်ပြီး လွပ်လပ်စွာ ကူးသန်း ရောင်းဝယ်ခွင့်၊ ရွေးကောက် တင်မြှောက်ခွင့် တို့ကို ဖြစ်ပေါ်စေမည့် အရင်းရှင်စနစ် တစ်ရပ်ကို ကျင့်သုံးသွားမည် ဖြစ်သည်ဟုလည်း ဆိုသည်။

ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲကို အဓိက အတိုက်အခံပါတီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က သပိတ်မှောက်ခဲ့သော်လည်း အခြားသော နိုင်ငံရေးပါတီ အနည်းဆုံး ငါးခုမှာ ရွေးကောက်ပွဲ ဝင်ရန် မှတ်ပုံတင်ထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံသည် ယခင်က ကျင့်သုံးခဲ့သော အစွန်းရောက် အမျိုးသား စီးပွားရေး မူဝါဒများကို ပယ်ဖျက်လိုက်ပြီ ဖြစ်သည်ကို တွေ့ရသည်။ စစ်အစိုးရက နိုင်ငံပိုင် ပစ္စည်းများ၊ လုပ်ငန်းကြီးများကို ပုဂ္ဂလိက အခန်းကဏ္ဍသို့ လွှဲပြောင်းပေးလျက် ရှိသည်။ သို့သော် အဆိုပါ လုပ်ငန်းများကို ပုဂ္ဂလိကပိုင် အဖြစ် လုပ်ပိုင်ခွင့် ရရှိသူများမှာ စစ်အစိုးရနှင့် ရင်းနှီးကျွမ်းဝင်သူများသာ ဖြစ်သည်။

ထို့ပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီများ (အထူးသဖြင့် တရုတ်၊ ကိုရီးယား၊ အိန္ဒိယ နိုင်ငံများမှ) သည် မြန်မာနိုင်ငံရှိ စွမ်းအင် တူးဖော်ရေး စီမံကိန်းများတွင် ဝင်ရောက် လုပ်ကိုင်လျက် ရှိသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ကချင် လွတ်လပ်ရေး တပ်ဖွဲ့ (KIA) က နယ်ခြားဒေသ စောင့်တပ်အဖြစ် အသွင် ကူးပြောင်းရန် စစ်အစိုးရ၏ တောင်းဆိုမှုကို ငြင်းပယ်လိုက်မှုနှင့် ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် တင်းမာမှုများ ကြီးထွားနေသောကြောင့် KIA ဌာနချုပ်နှင့် နီးကပ်သော နေရာများတွင် မြန်မာစစ်တပ်မှ စစ်ဘက်သုံး ထရပ်ကား အစီး ၁၀၀ ခန့် နေရာယူထားကြောင်း သတင်းရရှိသည်။

အဆိုပါ မြန်မာစစ်တပ်မှ စစ်ယာဉ်တန်းများကို လာဇာ-ဗန်းမော်-မြစ်ကြီးနား အဝေးပြေး လမ်းမတွင် တွေ့မြင်ခဲ့ရကြောင်း၊ စစ်ယာဉ်တန်းသည် မြစ်ကြီးနားမြို့မှ ထွက်ခွာလာပုံ ရကြောင်း ဒေသခံ တစ်ဦးက ပြောကြားသည်။ KIA ဌာနချုပ်များမှာ တရုတ်-မြန်မာ နယ်စပ်မြို့ ဖြစ်သော လာဇာ အနီးတစ်ဝိုက်တွင် တည်ရှိသည်။

"စစ်တပ်က ထရပ်ကားတွေ ကြည့်ရတာ ကုန်တွေ တင်လာပုံ ရတယ်။ ထရပ် တစ်စီးစီမှာ အမြောက် သေနတ်တွေလည်း ပါလာတယ်" ဟု ၎င်းက ဆိုသည်။ "ထရပ်ကားတွေမှာ ဘာတွေ တင်လာတာကို မမြင်ရအောင်လို့ တာလပတ်တွေနဲ့ အုပ်မိုးထားတယ်။ ဒါပေမဲ့ တချို့ သေနတ်ကြီးတွေက တော်တော်ကြီးတော့ မြင်ရတယ်" ဟု ၎င်းက ဆက်လက် ပြောသည်။

အပစ်အခတ် ရပ်စဲရေး အဖွဲ့တစ်ခု ဖြစ်သော KIA က နယ်ခြားဒေသ စောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းရန် ဆက်လက် ငြင်းဆန်နေမည် ဆိုပါက ကချင်ပြည်နယ်အတွင်း စစ်ရေး ပဋိပက္ခနှင့် တင်းမာ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာနိုင်သည် ဟူသော စိုးရိမ် ကြောက်ရွံ့မှုများလည်း ကြီးထွားလျက် ရှိသည်။

ပြီးခဲ့သည့်လက မြန်မာစစ်တပ်သည် ကချင်ပြည်နယ် အတွင်းမှ အရပ်သားများအား စစ်ရေး သင်တန်းများကို စနစ်တကျ ပို့ချခဲ့ရာ တင်းမာမှုများလည်း ပို၍ ထွက်ပေါ်လာသည်။ ကချင်ပြည်နယ်ရှိ နယ်မြေ အတော်များများမှာ KIA ၏ ထိန်းချုပ်မှု အောက်တွင် ရှိရာ ကချင်လူမျိုးများကို စစ်သင်တန်း မပေးဘဲ မြန်မာလူမျိုးများကိုသာ အဓိက ပစ်မှတ်ထား သင်ကြားပေးနေခြင်း ဖြစ်သည်ဟု စွပ်စွဲ ခံထားရသည်။

လာဇာမြို့နှင့် ကီလိုမီတာ ၂၀ အကွာ ဝန်းကျင်တွင် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ထားပြီး KIA ဌာနချုပ်သို့ သွားသည့် လမ်းတွင်လည်း အဟန့်အတားများ ချထားကြောင်း ဒေသခံများက ပြောကြားသည်။ မြန်မာစစ်တပ်သည် အဆိုပါ နည်းလမ်းအတိုင်းပင် "ဝ"တပ်ဖွဲ့ (UWSA) သို့ သွားသည့် လမ်းကြောင်းများကိုလည်း ပိတ်ပင်ထားသည် ဟူသော သတင်း ပေးပို့ချက်များ ရရှိသည်။ ဝ တပ်ဖွဲ့သည် KIA ကဲ့သို့ပင် နယ်ခြားဒေသ စောင့်တပ် ဖွဲ့စည်းရန် ငြင်းပယ်ထားသော အပစ်အခတ် ရပ်စဲရေး လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

နယ်ခြားဒေသ စောင့်တပ်ဖွဲ့ အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် မြန်မာ စစ်အစိုးရက သတ်မှတ်ထားသော နေ့မှာ ဧပြီလ ၂၈ ရက် ဖြစ်သည်။ အဆိုပါ နေ့ရက် ကျော်လွန်သွားပါက နယ်ခြားဒေသ စောင့်တပ်အဖြစ် ပြောင်းလဲရန် ငြင်းပယ်သော အဖွဲ့အစည်းများကို စစ်အစိုးရက တရားမဝင် အဖွဲ့အစည်းများအဖြစ် သတ်မှတ်မည် ဖြစ်သည်။ သို့သော် အပစ်အခတ် ရပ်စဲရေး အုပ်စု ၁၈ ခုက စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို ယခုအချိန်အထိ ငြင်းပယ်ထားဆဲပင် ဖြစ်သည်။ ၎င်းတို့ အနေဖြင့် နယ်ခြားဒေသ စောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲလိုက်ပါက စစ်အစိုးရ လက်အောက်တွင် လုပ်ကိုင်ရမည် ဖြစ်ပြီး တပ်ဖွဲ့ဝင် ဦးရေကိုလည်း လျှော့ချရမည် ဖြစ်သောကြောင့် ငြင်းပယ်နေခြင်း ဖြစ်သည်ဟု အကဲခတ် လေ့လာသူများက ပြောကြားသည်။

မြန်မာနိုင်ငံ မြောက်ပိုင်း နယ်စပ်ဒေသတွင် ဖြစ်ပွားသော မည်သည့် တိုက်ပွဲမျိုး မဆို တရုတ်နိုင်ငံကို ရိုက်ခတ်မှု ရှိနိုင်သည်။ တရုတ်သည် မြန်မာ၏ အဓိက မဟာမိတ်နိုင်ငံ ဖြစ်သည့်တိုင် ဘေဂျင်း အစိုးရက နှစ်နိုင်ငံ နယ်စပ်ဒေသ ပြဿနာ မီးပွားများ မဖြစ်ပေါ်စေလိုကြောင်း ထုတ်ဖော် သတိပေးထားပြီး ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဇွန်လ အတွင်း တရုတ်-မြန်မာ နယ်စပ် ကိုးကန့် ဒေသတွင် တိုက်ခိုက်မှုများ အပြင်းအထန် ဖြစ်ပွားခဲ့ရာ ထိုဒေသမှ ဒုက္ခသည် ၃၇၀၀၀ ခန့် တရုတ်ပြည်ဘက်သို့ ဝင်ပြေးခဲ့ကြရသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 6th April 2010

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံ ပါတီသည် အစိုးရ၏ ဖိနှိပ်မှုများကြောင့် တိုင်းပြည်သို့ ဒီမိုကရေစီ ဖော်ဆောင်ပေးရန် မအောင်မြင်ခဲ့ရခြင်း အတွက် တောင်းပန်ခဲ့သည်။

ပြီးခဲ့သည့် အပတ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ရွေးကောက် ဥပဒေက ဒေါ်အောင်ဆန်းစုကြည်အား ပါဝင်ရန် တားဆီးထားခြင်းသည် မတရားဟုဆိုကာ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။

အင်္ဂါနေ့က ထုတ်ပြန်သော သတင်း ကြေညာချက်၌ NLD က ပြောကြားရာတွင် ၎င်း၏ အဖွဲ့ဝင်များမှာ ဖမ်းဆီးခံရခြင်း၊ ပြစ်ဒဏ်ပေးခံရခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ အနှောင့်အယှက် ပေးခံရခြင်း တို့ကြောင့် အမျိုးသား ပြန်လည် ပေါင်းစည်းရေးနှင့် ဒီမိုကရေစီရေး တို့အတွက် ကြိုးပမ်းရာတွင် အနှောင့်အယှက်များ ကြံ့ကြံ့ခံရကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ရည်မှန်းချက်များ ဖော်ဆောင် မပေးနိုင်ခြင်း အတွက် တောင်းပန်ခဲ့ပြီး၊ အကြမ်းမဖက်သော ကြိုးပမ်းမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

NLD သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့သည်။

ယခု အခါတွင် ရွေးကောက်ပွဲ အတွက် ရက်သတ်မှတ်ခြင်း မရှိသေးသော်လည်း၊ ထိုရွေးကောက်ပွဲကို အများက စစ်တပ်က အာဏာ ဆက်ကိုင်ထားရေး အတွက် ဆင်လုံး တစ်ခုသာ ဖြစ်ကြောင်း မြင်နေကြသည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အနှစ် နှစ်ဆယ် အတွင်း ၁၄ နှစ်ခန့် ထိန်းသိမ်းခံနေရပြီး၊ NLD တာဝန်ရှိသူ အတော်များများလည်း နိုင်ငံရေး အကျဉ်းသား အဖြစ် အဖမ်းခံခဲ့ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.