Transparency Myanmar

transparency.myanmar@gmail.com

ထိုင်းနိုင်ငံ၊ မြို့တော် ဘန်ကောက်တွင် ရှပ်နီဝတ် ဆန္ဒပြသမားများက သံလမ်းပေါ်တွင် ပိတ်ဆို့ထားသော တာယာများကို ဖယ်ရှားပေးရန် သဘောတူလိုက်ပြီးနောက် ကောင်းကင် ရထားများ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲနေပြီ ဖြစ်ကြောင်း သိရသည်။

ဘန်ကောက်မြို့ BTS ကောင်းကင်ရထား အာဏာပိုင် အဖွဲ့က ရှပ်နီဝတ် ဆန္ဒပြအုပ်စုနှင့် စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ရှပ်နီများက ချစ်လုံမ်ဘူတာ သံလမ်းတွင် ပိတ်ဆို့ထားသော တာယာများကို  ဖယ်ရှားပေးလိုက်ခြင်း ဖြစ်သည်။

အစောပိုင်း အချိန်တွင် ရှပ်နီများ၏ လုပ်ရပ်ကြောင့် အာဏာပိုင်များက ကောင်းကင်ရထား ဘူတာရုံများအား ပိတ်ပင်ထားရန် အမိန့်ထုတ်ခဲ့ရသည်။ ရှပ်နီ ခေါင်းဆောင်များက ဆန္ဒပြမှုများ ပြုလုပ်ရာ Rajprasong ရပ်ကွက်တွင် ပိတ်ဆို့မှုများ ပြုလုပ်ခြင်းသည် ရှပ်နီအုပ်စု၏ ဆုံးဖြတ်ချက် ဖြစ်ပြီး မိမိတို့ တစ်ဦးချင်းစီ၏ ဆုံးဖြတ်ချက် မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရှပ်နီ ဆန္ဒပြသူများက ချစ်လုံမ်ဘူတာသို့ တက်ရောက်ပြီး ရထားသံလမ်းပေါ်သို့ တာယာများ ပစ်ချခဲ့ကြသည်။ ဘန်ကောက် မြို့သူမြို့သား အများစုမှာ မြို့တွင်း ခရီး သွားလာရေးအတွက် ကောင်းကင် ရထားကိုသာ အများဆုံး အမှီသဟဲ ပြုကြလေ့ ရှိရာ အဆိုပါနေ့က လွန်စွာ ဒုက္ခရောက်ခဲ့ကြသည်။ The Nation သတင်းစာ အဆိုအရ ထိုနေ့တွင် မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ရာ မြို့သူမြို့သား အများစုက ကောင်းကင်ရထား စီးရန် ဘူတာရုံသို့ ရောက်ရှိ လာကြကြောင်း၊ သို့သော် ကောင်းကင်ရထားများ ရပ်နားထား၍ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြကြောင်း သိရသည်။

ရှပ်နီ ဆန္ဒပြ သမားများသည် ဘူတာရုံတွင် တပ်ဆင်ထားသော စီစီတီဗီ ကင်မရာများကို ဖယ်ရှားခဲ့ကြသောကြောင့် သူတို့၏ လုပ်ဆောင်ချက်များကို ရိုက်ကူးနိုင်ခဲ့ခြင်း မရှိ ကြောင်း Skytrain အမှုဆောင် အရာရှိ Anat Apapirom က ရုပ်သံ အင်တာဗျူး တစ်ခုတွင် ပြောကြားသည်။

The Nation သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခုအခါ ကမ္ဘာ့ဘဏ် (World Bank) သည် တရုတ်နိုင်ငံ၏ စီးပွားရေးသြဇာ ကြီးထွားလာမှုကို အသိအမှတ် ပြုလိုက်ပြီး တရုတ်အနေဖြင့် အမေရိကန်နှင့် ဂျပန်ပြီးလျှင် ကမ္ဘာ့ဘဏ် အဖွဲ့အစည်း အတွင်း မဲပေး ဆုံးဖြတ်ချက် ပေးနိုင်မည့် ပါဝါကို ရယူရန်လည်း သဘော တူညီလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပြုလုပ်ခြင်းသည် ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန် အပါအဝင် အနောက်ကမ္ဘာမှ အင်အားကြီး နိုင်ငံများ၏ အထက်သို့ တရုတ် နိုင်ငံအား တင်ပို့လိုက်ခြင်း ဖြစ်သည်။ စီးပွားရေး ခေါင်းထောင်လာသော နိုင်ငံများအား ကမ္ဘာ့ဘဏ်၏ လုပ်ငန်း ဆောင်တာများကို ပိုမို သိရှိ နားလည်စေရန်နှင့် ကမ္ဘာ့ဘဏ်အတွင်း ပြောရေးဆိုခွင့် ရှိရန်လည်း ရည်ရွယ်သည်။

ကမ္ဘာ့ဘဏ်၏ အရင်းအနှီးကို ဒေါ်လာ ၃ ဒဿမ ၅ ဘီလီယံ အထိ တိုးမြှင့်ရန် အဖွဲ့ဝင်များက ဆုံးဖြတ်ခဲ့ကြသည်။ ယင်းသို့ ကမ္ဘာ့ဘဏ် အရင်းအနှီး တိုးမြှင့်ခြင်းသည် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ဖြစ်သည်။

တရုတ်နိုင်ငံ၏ အစုရှယ်ယာ၊ တစ်နည်းအားဖြင့် မဲပေးခွင့် အာဏာ သည် ၂ ဒဿမ ၇၈ ရာခိုင်နှုန်းမှ ၄ ဒဿမ ၄၂ ရာခိုင်နှုန်းအထိ မြင့်တက်သွားခြင်းလည်း ဖြစ်သည်။ ကမ္ဘာ့ စီးပွားရေး အင်အား အကြီးဆုံးနိုင်ငံ ဖြစ်သော အမေရိကန် ပြည်ထောင်စုမှာ နံပါတ် ၁ နေရာတွင် ရှိပြီး ၁၅ ဒဿမ ၈၅ ရာခိုင်နှုန်း ဖြစ်ကာ ဗီတို အာဏာ သုံးခွင့်လည်း ရရှိထားသည်။ ဂျပန်နိုင်ငံမှာ ၆ ဒဿမ ၈၄ ရာခိုင်နှုန်း ဖြစ်သည်။

တရုတ်နိုင်ငံအား ကမ္ဘာ့ဘဏ်က ယင်းသို့ လုပ်ပိုင်ခွင့်များ ပေးလိုက်မှုကို တရုတ် ဘဏ္ဍာရေး ဝန်ကြီး Xie Xuren က ကြိုဆိုပါကြောင်း ပြောဆိုသည်။

"ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ မဲပေးခွင့် အာဏာ ညီတူမျှတူ ရရှိရေးအတွက် အရေးပါတဲ့ အဆင့်တစ်ဆင့် ဖြစ်တဲ့အတွက် အလေးထားမိပါတယ်" ဟု Xie Xuren ၏ ပြောကြားချက်ကို ကိုးကား၍ Xinhua သတင်းဌာနက ရေးသား ဖော်ပြသည်။

ကမ္ဘာ့ဘဏ်အတွင်း ဆုံးဖြတ်ချက် ချမှတ်ရာတွင် အမေရိကန်နှင့် ဥရောပ နိုင်ငံများက လွှမ်းမိုး ခြယ်လှယ်မှုများ ပြုလုပ်လေ့ ရှိသည်ကို တရုတ်၊ ဘရာဇီး၊ အိန္ဒိယ နှင့် ရုရှား စသည့် နိုင်ငံများက မကျေနပ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ်ပြီး နောက်ပိုင်း အလွတ် သဘောမျိုးဖြင့် ရယူထားသော သဘောတူညီချက် အရ အမေရိကန် ပြည်ထောင်စုသည် ဘဏ်ဥက္ကဋ္ဌ နေရာကို ရယူခဲ့ပြီး ဥရောပက ညီနောင် အဖွဲ့အစည်း ဖြစ်သော နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ကို ဦးဆောင်သည်။

ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Robert Zoellick က ယခုကဲ့သို့ မဲပေးခွင့် အာဏာနှင့် ပတ်သက်၍ အပြောင်းအလဲ ပြုလုပ်လိုက်ခြင်းသည် တတိယကမ္ဘာ ဟူသော သဘော တရားမျိုးများ ပယ်ဖျောက် လို၍ ဖြစ်ကြောင်း၊ ယနေ့ကမ္ဘာသည် ဝင်ရိုးစုံ စီးပွားရေးဆီသို့ လျင်မြန်စွာ ချီတက်သွားနေပြီ ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ကမ္ဘာ့ဘဏ်၏ မူဝါဒရေးရာ ချမှတ်ရေး ဆိုင်ရာ ကော်မတီ အစည်းအဝေး အပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာ Robert Zoellick က ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး နာလန်ထူအောင် ပြုလုပ်ရာတွင် စီးပွားရေး တိုးတက် ဖွံ့ဖြိုးလာသော နိုင်ငံများ၏ ဝယ်လိုအားသည် လွန်စွာ အရေးပါသည့် စီးပွားရေး ရင်းမြစ် တစ်ခု ဖြစ်ကြောင်း၊ ကမ္ဘာ့ စီးပွားရေးတွင် ဝင်ရိုးစုံ တိုးတက် ဖြစ်ထွန်းမှုမျိုး ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားသည်။

သို့သော် ကမ္ဘာ့ဘဏ်သည် ၂၀၀၉ ခုနှစ်အတွင်း တူရကီနိုင်ငံတွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲ၌ ဆင်းရဲ နွမ်းပါးသော နိုင်ငံများ၏ ပြောရေးဆိုခွင့်ကို အကာအကွယ် ပေးပါမည် ဟူသော ကတိ ကဝတ်ကို ချိုးဖောက်ခဲ့ကြောင်း ဖွံ့ဖြိုးရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Oxfam က ပြောကြားသည်။

"အာဖရိကတိုက်က ဆာဟာရ နိုင်ငံပေါင်း ၄၇ နိုင်ငံရဲ့ သုံးပုံတစ်ပုံဟာ ကမ္ဘာ့ဘဏ်မှာ ရပိုင်ခွင့်တွေ ပျောက်ဆုံးခဲ့ပါတယ်" ဟု Oxfam ၏ ပြောခွင့်ရ အမျိုးသမီး အရာရှိ တစ်ဦးက ဆိုသည်။

မည်သို့ပင်ဖြစ်စေ ကမ္ဘာ့ဘဏ်၏ ပြောခွင့်ရ ပုဂ္ဂိုလ် David Theis က အဆိုပါ ကိစ္စသည် လွဲမှားသော ကြေညာချက် တစ်ရပ်သာ ဖြစ်ကြောင်း၊ အကြောင်းမှာ ၂၀၀၈ ခုနှစ်က ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် မဲပေးခွင့်ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်မည်ဟု ဆုံးဖြတ်ခဲ့ပြီး၍ ဖြစ်ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်အရ  အာဖရိကနိုင်ငံများ၏ ရှယ်ယာမှာ မြင့်တက်ခဲ့ပြီ ဖြစ်ကြောင်း တုံ့ပြန် ပြောကြားသည်။

ယခုကဲ့သို့ ကမ္ဘာ့ဘဏ်၏ အရင်းအနှီးကို မြှင့်တင်ရန် ဆုံးဖြတ်လိုက်သောကြောင့် မိမိတို့ အနေဖြင့် အနာဂတ် ကာလတွင် ငွေထုတ်ချေးမှုများကို ဖြတ်တောက်ပစ်ရမည့် အရေးကိစ္စတို့နှင့် ရင်ဆိုင်ရတော့မည် မဟုတ်ကြောင်း ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Robert Zoellick က ပြောကြားသည်။

၂၀၀၈ ခုနှစ်၊ ဘဏ္ဍာရေး အကျပ်အတည်း ဆိုက်သည့် အချိန်မှ စ၍ အဖွဲ့ဝင် နိုင်ငံများသို့ ဒေါ်လာ ၁၀၅ ဘီလီယံ ထောက်ပံ့ ပေးနိုင်ခဲ့ပါသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌ Timothy Geithner က ကမ္ဘာ့ဘဏ်သည် အရင်း မြင့်တက်လာရေး အတွက် ခိုင်မာပြီး မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စကို လုပ်ဆောင် ခဲ့ကြောင်း ပြောကြားလိုက်သည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, By Laurel Bowman, 26th April 2010

          မြန်မာနိုင်ငံတွင် ယခုအခါ ပြည်နယ်တိုင်း အဆင့်၊ ဒေသအဆင့်၊ အမျိုးသား အဆင့် ရွေးကောက်ပွဲများ ကျင်းပ ပြုလုပ်ရန် ပြင်ဆင်လျက် ရှိသည်။ သို့သော် ဝေဖန်မှု များစွာ ခံရသော ရွေးကောက်ပွဲ ဥပဒေသည် အဓိက အတိုက်အခံ ပါတီကို ရွေးကောက်ပွဲတွင် မပါဝင်ရန် ဆုံးဖြတ်စေခြင်းကြောင့် နိုင်ငံရေး လှုပ်ရှားသူ အများစု အနေဖြင့် ဝမ်းနည်းပြီး၊ စိတ်မကျေနပ်မှုများ ဖြစ်ကြရသည်။

          ယခု အကြောင်းအရာသည် အိန္ဒိယနိုင်ငံတွင် နေထိုင်ကြသော ဒီမိုကရေစီ လှုပ်ရှားသူများ၏ မြန်မာ့ ရွေးကောက်ပွဲ ဥပဒေအပေါ် တုန့်ပြန်မှုများကို ဖော်ပြမည် ဖြစ်သည်။

          "ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်တဲ့ စစ်အစိုးရဟာ ပြည်သူတွေကို လိမ်ညာနေတာပါ" ဟု ဆန္ဒပြသူတစ်ဦးက ပြောသည်။

          မြန်မာအစိုးရကမူ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဆိုသည်။ မြန်မာနိုင်ငံရှိ အမေရိကန် သံရုံးတွင် မစ်ရှင်ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ဖူးသူ Priscilla Clapp က ပြောကြားရာတွင် ၂၀၀၈ ခုနှစ်က အတည်ပြုခဲ့သော အခြေခံဥပဒေသည် စစ်တပ်၏ အာဏာ ချုပ်ကိုင်မှုကို သေချာစေခဲ့ရာ၊ ယခု ရွေးကောက်ပွဲသည် ထိုလမ်းကို လိုက်မည့် ခြေလှမ်းပင် ဖြစ်သည်ဟု ဆိုသည်။

          "စစ်ခေါင်းဆောင် အများစုဟာ ရာထူးက နုတ်ထွက်ပြီး စည်းရုံးရေး ဆင်းဖို့ အဆင်သင့် ဖြစ်နေပါပြီ" ဟု Priscilla Clapp က ပြောသည်။

         ရွေးကောက်ပွဲ ဥပဒေတွင် နိုင်ငံရေး အကျဉ်းသားများကို ပါတီတွင် ပါဝင်ခွင့်ကိုလည်း ကန့်သတ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အဓိက အတိုက်အခံ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဖြစ်ပြီး၊ နေအိမ် အကျယ်ချုပ် ကျခံနေရသည်။ ထို့ကြောင့် သူမ၏ ပါတီသည် ရွေးကောက်ပွဲတွင် ပါဝင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည်။

          "NLD အနေနဲ့ သူတို့ရဲ့ ခေါင်းဆောင်တွေ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ခံစားနေရတော့ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ဖို့ ဘယ်လိုလုပ်ပြီး လိပ်ပြာ သန့်နိုင်ပါ့မလဲ" ဟု Jared Genser က ပြောသည်။

          Jared Genser သည် ဝါရှင်တန်မှ ရှေ့နေ ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာ ရှေ့ နေဖြစ်ပါသည်။ ၎င်းက မြန်မာ အစိုးရ၏ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြောစရာ အများကြီး ရှိကြောင်း၊ သို့သော် အကောင်းတစ်ခုမျှ မပါကြောင်း ပြောသည်။

          "ကျွန်တော် ထင်တယ်၊ ၁၉၉၀ တုန်းက ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ် တရားမျှတစွာ ကျင်းပပေးခဲ့တော့၊ သူတို့ ရှုံးတယ်လေ။ အဲဒီ သင်ခန်းစာကြောင့် အခု အဲလို ထပ်ဖြစ်အောင်တော့ ခွင့်ပြု လိမ့်မယ် မထင်ဘူး" ဟု ၎င်းက ပြောသည်။

          Genser သည် ဝါရှင်တန်ရှိ ကမ္ဘာအနှံ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေသော အဖွဲ့ ဖြစ်သည့် Freedom Now ၏ ဥက္ကဌ ဖြစ်သည်။ ၎င်းသည် မကြာသေးမီက မြန်မာလူမျိုး အမေရိကန် နိုင်ငံသား ညီညီအောင် ခေါ် ကျော်ဇောလွင်အား လွတ်မြောက်ရန် ကူညီခဲ့သည်။

          "ကျွန်တော့် မျက်စိရှေ့မှာ ဆေးကု မခံရ၊ ရေတောင် မသောက်ရတဲ့ သေလုဆဲဆဲ လူတွေ အများကြီး တွေ့ခဲ့ရတယ်" ဟု ညီညီအောင်က ပြောသည်။

          ညီညီအောင်က ပြောကြားရာတွင် ၁၉၉၀ ရွေးကောက်ပွဲ ကျင်းပစဉ်က အစိုးရက အာဏာလွှဲ ပြောင်းရန် ငြင်းဆန် ခဲ့ဖူးသောကြောင့် မြန်မာ အများစုက ယခု ရွေးကောက်ပွဲသည်လည်း အလိမ်အညာ အတုအယောင်သာ ဖြစ်မည်ဟု ခံစားနေရသည်ဟု ဆိုသည်။ ဒီမိုကရေစီအတွက် အကောင်းဆုံး မျှော်လင့်ချက်မှာ နိုင်ငံတကာ အသိုင်းအဝန်းမှ  ရပ်တည်ချက် မလျော့ရေးနှင့် ဖိအား ဆက်တိုက် ပေးနေရေးပင် ဖြစ်ကြောင်း ၎င်းက ပြောသည်။

          "ကျွန်တော်ရဲ့ အမှုကိုပဲ ကြည့်ပါ။ အမေရိကန် အစိုးရရဲ့ တောင်းဆိုမှုကြောင့် ကျွန်တော် အခုလို ကွန်ဂရက်ရှေ့မှာ ထိုင်နေနိုင်တာပေါ့" ဟု ၎င်းက ပြောသည်။

          ညီညီအောင်နှင့် အခြား မြန်မာ ဒီမိုကရေစီအရေး လှုပ်ရှားသူများက ပြောကြားရာတွင် အမေရိကန်သည် မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ စီးပွားရေးအရ အရေးယူမှုများ ပြုလုပ် ခဲ့သော်လည်း၊ မြန်မာ နိုင်ငံအပေါ် သြဇာလွှမ်းမိုးမှု နည်းပါးကြောင်း ပြောသည်။ ပြီးခဲ့သည့်နှစ်က Obama အစိုးရသည် မြန်မာနိုင်ငံအပေါ် ဆက်ဆံရေး မူဝါဒသစ်ကို ကျေညာခဲ့သည်။ ဝေဖန် သုံးသပ်သူများက မြန်မာ အစိုးရသည် နိုင်ငံတကာ ဝေဖန်မှုများကို တုံ့ပြန်မှု ရှိနေဆဲ ဖြစ်ကြောင်း တရုတ်၊ အိန္ဒိယနှင့် အာဆီယံအတွင်းမှ မြန်မာ မဟာမိတ်များသည် အမျိုးသား ပြန်လည် ပေါင်းစည်းရေး အတွက် ဆွေးနွေးပွဲများ ပြုလုပ်သင့်သည်ဟု ဆိုသည်။

          ဂျပန်နှင့် မလေးရှားသည် မကြာသေးမီက လွတ်လပ်၍ တရားမျှတပြီး အားလုံး ပါဝင်သော အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် မြန်မာနိုင်ငံအား တိုက်တွန်းခဲ့သည်။ သံအမတ်ကြီး Clapp က အားနည်းချက်များ ရှိနေသော ရွေးကောက်ပွဲတွင်လည်း လုပ်ပေးနိုင်သည့် ကတိကဝတ်များ ပါဝင်နေ သေးသည်ဟု ထင်မြင်နေသည်။

          "သူတို့ နေရာ တစ်ခုကနေ စတော့ စနေပါပြီ၊ အချေအတင် ဆွေးနွေးမှုတွေကို အဆင့်တစ်ခု အထိ ခွင့်ပြုလာရမှာပါ။ အခုကတော့ ဘာမှ လုပ်ခွင့် မပြုဘူးလေ" ဟု Priscilla Clapp က ပြောသည်။

         မြန်မာနိုင်ငံသည် တစ်ချိန်က အရှေ့တောင် အာရှတွင် အချမ်းသာဆုံး နိုင်ငံ ဖြစ်ခဲ့သော်လည်း ယခု အဆင်းရဲဆုံး ဖြစ်နေရပြီး ဒီမိုကရေစီအတွက် မျှော်လင့်ချက်မှာမူ ရှိနေဆဲ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 27th April 2010

မြန်မာ စစ်ဖက် အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အခြား ထိပ်ပိုင်း ခေါင်းဆောင် ၄ ဦး အတွက် သီးသန့် ပြင်ဆင်ထားသော လေယာဉ် ၂ စင်းကို ဆင်ဖြူတော်ဟု အမည်ပေးထားကြောင်း သိရှိရသည်။

ပို့ဆောင်ရေး ဝန်ကြီးဌာန၏ အဆိုအရ အဖြူရောင် သုတ်ထားသော ATR 72-500 အမျိုးအစား လေယာဉ် ၂ စင်းကို ထိပ်တန်း စစ်ဖက် ခေါင်းဆောင် ငါးဦး ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့ အသုံးပြုကြမည်ဟု သိရသည်။

ကံကောင်းခြင်းများ သယ်ဆောင်လာရန် ရည်ရွယ်သည့် အဆိုပါ နာမည်ကို ဗေဒင်ဆရာများက အကြံပေးခဲ့ခြင်း ဖြစ်သည်။

ယင်းလေယာဉ်များကို ပို့ဆောင်ရေး ဝန်ကြီးဌာန မြန်မာ့လေကြောင်းမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ရပြီး လုံခြုံရေး တင်းကြပ်ထားသော အထူးဂိုဒေါင်တွင် ထိန်းသိမ်းထားသည်။

ဓာတ်ပုံ မှတ်တမ်းများအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၀၉ နိုဝင်ဘာ သီရိလင်္ကာ ခရီးစဉ်တွင် Myanmar Airways International ပိုင် လေယာဉ်ကို အသုံးပြုခဲ့သည်ကို တွေ့ရသည်။

လေယာဉ်များကို ဆင်ဖြူတော်ဟု အမည်ပေးခြင်းသည် ကံဆိုးမှုများကို ရှောင်လွှဲရန် သာမကပဲ၊ ရန်သူများကို အောင်နိုင်ရန် အတွက်ပါ ရည်ရွယ်ခြင်း ဖြစ်သည်ဟု ရန်ကုန်မှ နာမည်ကြီး ဗေဒင်ဆရာ တစ်ဦးက ပြောကြားခဲ့သည်။

"အတိတ်တုန်းကတော့ မြန်မာ ဘုရင်တွေ တန်ခိုးထွားလာပြီဆိုရင် သဘာဝအလျှောက် ဆင်ဖြူတော် ပေါ်တတ်တယ်။ ဒါမှမဟုတ်ရင် အိမ်နီးချင်း နိုင်ငံတွေက လေးစားသမှုနဲ့ ဆက်သရတယ်။ ဆင်ဖြူတော်ပိုင်တဲ့ ရှင်ဘုရင်တွေဟာ ရန်သူကို အောင်နိုင်တဲ့ အထောက်အထားတွေ မြန်မာ့သမိုင်းမှာ ရှိတယ်" ဟု ဗေဒင်ဆရာက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ၎င်း၏ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် စစ်ဖက် အသိုင်းအဝိုင်းသည် မမြင်ရသော ကံတရားကို အလွန် ယုံကြည်ကာ ဗေဒင်ဆရာများနှင့် ယတြာ အကြံပေးများကို အလွန် အားထားသည့် အချက်မှာ လူတိုင်းသိ လျှို့ဝှက်ချက် တစ်ခုပင် ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ခရီးအတူ သွားရသော တပည့်တပန်းများသည် ထီးသုံးနန်းသုံး စကားများ အသုံးပြု ပြောဆိုကြသည်ဟု စစ်ဖက်နှင့် နီးစပ်သော သတင်းရပ်ကွက်မှ သိရှိရသည်။

၂ဝဝ၉ တွင် ထုတ်ဝေသော ၅ဝဝဝ ကျပ်တန် ငွေစက္ကူတွင် ဆင်ဖြူတော်ပုံ အသုံးပြုခြင်းမှာ ဗေဒင် သဘောတရား အဓိက ဖြစ်သလို ၂၀၀၆ တွင် ပျဉ်းမနား ဒေသ တောတွင်းသို့ ပြောင်းရွှေ့သွားသည့် မြို့တော်ကို နေပြည်တော်ဟု သမုတ်ခြင်းမှာလည်း အလားတူပင် ဖြစ်သည်ဟု ဗေဒင်ဆရာက ပြောကြားသည်။

နေပြည်တော် သတင်းရပ်ကွက်၏ အဆိုအရ စစ်ဖက် အစိုးရ ခေါင်းဆောင် အချို့သည် ကံမကောင်းမှုများကို ရှောင်လွှဲရန် ကြိုးစားသည့် အနေဖြင့် ဗေဒင် ယတြာ ကျွမ်းကျင်သူများနှင့် အပတ်စဉ် တိုင်ပင် ဆွေးနွေးလေ့ ရှိသည်ဟု သိရသည်။

တစ်ချိန်တည်းတွင်ပင် ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီးသည် ကဆုန်လပြည့်နေ့တွင် ဘုရားကိုးဆူ ပူဇော်ပွဲ ကျင်းပကြောင်း နိုင်ငံပိုင် New Lights of Myanmar သတင်းစာက ဖော်ပြခဲ့သည်။

ဘုရားကိုးဆူ ပူဇော်ပွဲသည် မြန်မာဘုရင်များနှင့် ဆွေတော်မျိုးတော်များ၏ အလေ့အထ တစ်ခု ဖြစ်သည်ဟု မြန်မာမှု ကျွမ်းကျင်သူများက ပြောကြားသည်။

မြန်မာနိုင်ငံ ကဲ့သို့သော ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံများတွင် ဗုဒ္ဓဘာသာဝင် အများစုမှာ လပြည့်၊ လကွယ်၊ လဆန်း၊ လဆုတ် ၈ ရက်များ၌ ဘုန်းကြီးကျောင်းများ၌ ဥပုသ် သီတင်း သီလ ဆောက်တည်လေ့ ရှိကြသည်။

"အဓိကကတော့ ကိုးဂဏန်းကို ကံကောင်းမှု အတွက် ပူဇော်ကြတာပါ။ ကုသိုလ် ကောင်းမှု လုပ်တာ မဟုတ်ပါဘူး။ ဗေဒင်ဆရာတွေ အကြံပေးလို့ လုပ်ကြရတယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု မလေးရှား အခြေစိုက် ဆာဆာနာမိုလီ နိုင်ငံတကာ မြန်မာ ဘုန်းတော်ကြီးအသင်း အတွင်းရေးမှူး Rev Ujjota ဧရာဝတီသို့ ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima, By Mungpi, 27th April 2010

          အမေရိကန် ပြည်ထောင်စုရှိ မြန်မာ့ အသိုင်းအဝိုင်းမှ နိုင်ငံရေး လှုပ်ရှားသူများနှင့် အသိုင်းအဝိုင်းအတွင်း ခေါင်းဆောင်များက မြန်မာ အစိုးရသည် အိုဘားမား အစိုးရ၏ ဆက်ဆံရေး မူဝါဒသစ် အပေါ်တွင် အပေါင်း လက္ခဏာ ဆောင်သော တုန့်ပြန်မှုများ မရှိသောကြောင့် မြန်မာ့ စစ်ခေါင်းဆောင်များ အပေါ် ရည်ရွယ် ချမှတ်သော အရေးယူမှုများကို ဆက်လက် တိုးတက် ပြုလုပ်ရန် အမေရိကန် ဆီနိတ်တာ Richard Lugar အား တိုက်တွန်းခဲ့သည်ဟု ဆီနိတ်တာ၏ တာဝန်ခံ တစ်ဦး၏ အဆိုအရ သိရှိရသည်။

          ဆီနိတ်တာ Lugar ၏ အကြီးတန်း နိုင်ငံခြား ဆက်ဆံရေး ကော်မတီ လက်ထောက် Keith Luse က မဇ္ဈိမသို့ ပြောကြားရာတွင် မြန်မာ တိုင်းရင်းသား ခေါင်းဆောင်များသည် ဆီနိတ်တာ၏ မဲဆန္ဒ နယ်မြေ အင်ဒီယားနား ပြည်နယ်တွင် တနင်္ဂနွေနေ့က အစည်းအဝေး တစ်ခု ပြုလုပ်ပြီး၊ ၎င်းတို့၏ အမြင်ကို ထုတ်ဖော်ခဲ့ကြရာ၌ အမေရိကန် အနေဖြင့် မြန်မာစစ် အစိုးရ အပေါ် ရည်ရွယ်သော စီးပွားရေးအရ အရေးယူမှုများ ဆက်လက် ပြုလုပ်နေရမည်ဟု ဆိုသည်။

          အဆိုပါ အစည်းအဝေးသည် ပြီးခဲ့သည့် စက်တင်ဘာလက အမေရိကန် သမ္မတ Obama ချမှတ်ခဲ့သော အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် မူဝါဒသစ်နှင့် ပတ်သက်၍ မြန်မာ အသိုင်းအဝိုင်းမှ နိုင်ငံရေး ခေါင်းဆောင်များ၏ ထင်မြင်ချက်များ ဖော်ထုတ်ရန် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း Mr Luse က ပြောသည်။

          ရီပတ်ဗလစ်ကင် ဆီနိတ်တာ Lugar သည် အဆိုပါ ကော်မတီတွင် အတိုက်အခံ ခေါင်းဆောင် အဖြစ် ထိပ်ဆုံးတွင် ရှိပြီး၊ ဥက္ကဌမှာ ဒီမိုကရက်တစ် ဆီနိတ်တာ John Kerry ဖြစ်သည်။    

          Luse ၏ အဆိုအရ အဆိုပါ အစည်းအဝေးတွင် မြန်မာ တိုင်းရင်းသား ခေါင်းဆောင် အသီးသီးက မြန်မာ အစိုးရသည် Obama အစိုးရ၏ မူဝါဒသစ်ကို အပြုသဘောဆောင်သော တုန့်ပြန်မှု မရှိသောကြောင့် ပစ်မှတ်ကို ပိုမို ထိရောက်စေသော အရေးယူမှုများ အတွက် ဆီနိတ်တာ Lugar အနေဖြင့် ပိုမို ဆက်လက် ထောက်ခံသင့်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ဆီနိတ်တာနှင့် ကွန်ဂရက်သည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာနိုင်ငံအား အရေးယူရေး နိုင်ငံတကာ ရာဇဝတ် တရားရုံးသို့ ထောက်ခံ တင်ပြနိုင်ရန် ဖိအားပေးသင့်ကြောင်း အစည်းအဝေးသို့ ဆီနိတ်တာ Lugar ကိုယ်စား တက်ရောက်လာသူ Luse က ပြောသည်။

          အမေရိကန်သည် လွန်ခဲ့သော ဆယ်စုနှစ် ကျော်ကျော် ကတည်းက မြန်မာနိုင်ငံ အပေါ် ငွေကြေးဆိုင်ရာ အရေးယူမှုများနှင့် သံတမန်ရေးအရ အထီးကျန်စေမှုများ ပြုလုပ်ခဲ့ပြီး၊ ပြီးခဲ့သည့် စက်တင်ဘာလက မြန်မာနိုင်ငံ အပေါ် လက်ရှိ အရေးယူမှုများကို ဆက်လက် ထားရှိမည် ဖြစ်သော်လည်း မြန်မာ စစ်တပ် ခေါင်းဆောင်များနှင့် တိုက်ရိုက် ဆက်ဆံမည်ဖြစ်ကြောင်း မူဝါဒသစ်ကို ကြေညာခဲ့သည်။

          ထို့နောက် အမေရိကန်နှင့် မြန်မာ အစိုးရ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြပြီး၊ ၁၄ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် အမေရိကန် အစိုးရ အဆင့်အမြင့်ဆုံး ကိုယ်စားလှယ် အဖြစ် အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ကော်မတီ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။

          သို့သော် မြန်မာ အစိုးရသည် မည်သည့် အရေးပါသော တိုးတက်မှုများမှ မပြုလုပ်ခဲ့ဘဲ၊ နောက်ပိုင်းတွင် ရွေးကောက်ပွဲ အစီအစဉ်များဖြင့် အလုပ်ရှုပ်လျက် ရှိသည်။ အမေရိကန် အဆိုပါ ရွေးကောက်ပွဲ အစီအစဉ်များကို နိုင်ငံတကာ စံများနှင့် ညီညွတ်မှု မရှိကြောင်း ပြောကြားခဲ့သည်။

          "ခင်ဗျားတို့ သိပြီးတဲ့ အတိုင်းပါပဲ။ Obama အစိုးရက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မူဝါဒသစ် ချမှတ်ခဲ့တယ်။ ဆီနိတ်တာ Lugar က အဲဒီ ပေါ်လစီ အပေါ်မှာ အင်ဒီယားနားမှာ ရှိတဲ့ မြန်မာတွေက ဘယ်လိုမြင်ပြီး တုန့်ပြန်မလဲဆိုတာ စိတ်ဝင်စားပါတယ်။ သူတို့ သဘောတူသလား။ ဒါမှမဟုတ် တခြား အကြံပြုချင်တာများ ရှိမလားပေါ့" ဟု Luse က တနင်္ဂနွေနေ့က ကျင်းပသော အစည်းအဝေးနှင့် ပတ်သက်၍ မဇ္ဈိမသို့ ပြောပြသည်။

          အင်ဒီယားနား ပြည်နယ် Fort Wayne တွင် မြန်မာလူမျိုး (၁၅၀၀) ခန့် နေထိုင်ပြီး၊ အမေရိကန် ပြည်ထောင်စုတွင် မြန်မာအစိုးရ ဆန့်ကျင်သူ အုပ်စု အများဆုံး ရှိသောမြို့ ဖြစ်သည်။ အများစုသည် ကျောင်းသားများ အဖြစ် လည်းကောင်း၊ အလုပ်သမား သမဂ္ဂတွင် လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ပါတီနိုင်ငံရေးဖြင့် လည်းကောင်း လှုပ်ရှားခဲ့ကြသူများ ဖြစ်ပြီး အစိုးရ၏ ဖိနှိပ်မှုများကြောင့် မွေးရပ်မြေကို စွန့်ခွာ ထွက်ပြေးလာကြသူများ ဖြစ်ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, By Joseph Allchin, 27th April 2010

အမေရိကန် အခြေစိုက် Earth Rights International (ERI) ဦးဆောင်သည့် NGO များ အုပ်စုက ရေနံ ဘီလူးကြီးများ ဖြစ်သော Total နှင့် Chevron ကုမ္ပဏီများအား မြန်မာ အစိုးရနှင့် ၎င်းတို့ ချုပ်ဆိုထားသော ကန်ထရိုက် စာချုပ်၏ အသေးစိတ် အချက်များကို ထုတ်ပြန်ရန် ယနေ့ တောင်းဆိုလိုက်သည်။

ထောက်ခံမှုပေါင်း ၁၆၀ ကျော် ရရှိထားသည့် ယခု လှုပ်ရှား ဆောင်ရွက်မှုတွင် The Petroleum Authority of Thailand Exploration and Production (PTTEP) ကိုလည်း ပစ်မှတ်ထားကြောင်း သိရှိရသည်။ ထောက်ခံသူများတွင် အလုပ်သမား သမဂ္ဂများ၊ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ၊ ပညာရှင်များနှင့် အိုင်ယာလန် သမ္မတဟောင်း Marry Robinson၊ နော်ဝေး ဝန်ကြီးချုပ် Kjell Magne Bondevik အပါအဝင် ကမ္ဘာခေါင်းဆောင်များ ပါဝင်ကြသည်။

"အခုအချိန်ဟာ ဝင်ငွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ရမယ့် အချိန်ပါ" ဟု ERI ၏ မြန်မာ့ရေးရာ ဌာနမှူး Mathew Smith က ဘန်ကောက် သတင်းစာ ရှင်းလင်းပွဲတွင် ယနေ့ ပြောကြားသည်။

ဘန်ကောက်ကို လျှပ်စစ်မီး ပေးရန် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပို့ဆောင်သည့် ရတနာ ဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရာတွင် မြန်မာ အစိုးရပိုင် ရေနံနှင့် ဓာတ်ငွေ့ လုပ်ငန်း MOGE နှင့် ဆက်နွယ် လုပ်ဆောင်ခဲ့သော ကုမ္ပဏီ ၃ ခု ရှိသည်။ ၎င်းကုမ္ပဏီများသည် MOGE နှင့် ၁၉၉၂ တွင် လက်မှတ် ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

"သူတို့ ပွင့်ပွင့်လင်းလင်း လုပ်နိုင်ပေမယ့် မလုပ်ခဲ့ကြဘူး" ဟု ဝင်ငွေကို ရှယ်ယာရှင်များအား ထုတ်ပြောရန် ငြင်းဆန်ခဲ့သော ကုမ္ပဏီများအား ရည်ညွှန်း၍ Smith က ပြောဆိုလိုက်သည်။

အဆိုပါ ကုမ္ပဏီများအား လူ့အခွင့်အရေး လှုပ်ရှားသူများက တရားစွဲဆိုရာတွင် ပြန်လည် ချေပသည့် အနေဖြင့် အထောက်အထား အဖြစ် တင်ပြသော ကန်ထရိုက် စာချုပ်များကို ERI က ရရှိခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် အသေးစိတ် အချက်အလက်များကို ကုမ္ပဏီများက လျှို့ဝှက်ထားသောကြောင့် အလွန် အရေးတကြီး လိုအပ်သော အချက်များကို ကန်ထရိုက် စာချုပ်တွင် မတွေ့ရကြောင်း သိရှိရသည်။

ERI မှ Smith၊ နိုင်ထူး နှင့် Shewe Gas Movement မှ ဝမ်အောင်တို့ ပါဝင်သော အုပ်စုက "ပွင့်လင်း မြင်သာခြင်းသည် ရင်းနှီးမြှုပ်နှံသူများ အတွက်လည်း ကောင်းမွန်သော အချက်ဖြစ်သည်" ဟု မှတ်ချက်ပေးခဲ့ကြပြီး "အမြတ်ကြီးစား လုပ်ငန်းတွေ အတွက်တော့ နေရောင်ခြည်က အကောင်းဆုံး ပိုးသတ်ဆေးပေါ့ဗျာ" ဟု Smith က တင်စား ပြောဆိုလိုက်သည်။

ယခု လှုပ်ရှားမှုကို ထောက်ခံသူ တစ်ဦး ဖြစ်သည့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး Transparency International အဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် "ဝင်ငွေ အသိပေးမှု"သည် ကုမ္ပဏီများနှင့် ၎င်းတို့ မိခင်နိုင်ငံများအား မြန်မာ အာဏာပိုင်များ၏ ဓာတ်ငွေ့ ဝင်ငွေတလွဲ သုံးစွဲမှုတွင် ပါဝင် ပတ်သက်နေခြင်းမှ ရှောင်ရှားရန် အထောက်အကူ ရမည် ဖြစ်သလို ရှယ်ယာ ပိုင်ရှင် တန်ဖိုးကိုလည်း မြှင့်တက်စေလိမ့်မည်ဟု မှတ်ချက် ပေးထားသည်။

ယခု ကိစ္စကို မီးမောင်းထိုးပြခြင်းသည် မြန်မာနိုင်ငံ၏ အနာဂတ် ဖွံ့ဖြိုးမှုနှင့် တိုင်းပြည်၏ ကြွယ်ဝသော သယံဇာတများ အပေါ် တာဝန်ရှိရှိ စီမံခန့်ခွဲရေး အတွက် အလွန် အရေးကြီးသည်ဟု ERI က ဖော်ပြသည်။ မြန်မာနိုင်ငံသည် ဒေသတွင်း၌ ဆင်းရဲမွဲတေမှု အမြင့်ဆုံးနှင့် လူမှု စောင့်ရှောက်မှု စရိတ် သုံးစွဲမှု အနိမ့်ဆုံး ဖြစ်သည်ဟုလည်း မှတ်ချက် ပေးထားသည်။

Total ကုမ္ပဏီသည် ပိုက်လိုင်း ဝန်ဆောင်မှု စတင်သည့် ၂၀၀၀ မှ ၂၀၀၈ အတွင်း အကျိုးအမြတ် အမေရိကန် ဒေါ်လာ ၅ ဘီလျံခန့် ရရှိခဲ့သည်ဟု လူ့အခွင့်အရေး အုပ်စုက ခန့်မှန်းထားပြီး ၂၀၀၈ တစ်နှစ်ထဲမှာပင် မြန်မာ အစိုးရအား အမေရိကန် ဒေါ်လာ ၂၅၄ သန်း ပေးအပ်ခဲ့သည်ဟု သိရသည်။

နိုင်ထူးသည် ရတနာ ပိုက်လိုင်း သွယ်တန်းရာ လမ်းကြောင်းတွင် မြန်မာ စစ်တပ်က စစ်ဆင်ရေး ဝင်ခဲ့ပြီး နောက်ပိုင်း ဇာတိ ကရင်ပြည်နယ်မှ ထွက်ပြေးကာ ရတနာ ပိုက်လိုင်း ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ ဖြစ်သည်။ ကရင်ပြည်နယ်တွင် မုဒိန်းမှု၊ လုယက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုများ အတွက် မြန်မာ စစ်တပ်တွင် တာဝန်ရှိကြောင်း လူ့အခွင့်အရေး အဖွဲ့များစွာက စွပ်စွဲထားသည်။ ဤအချက်များသည် အမေရိကန် ပြည်ထောင်စုတွင် ကုမ္ပဏီများအား တရားစွဲဆိုရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။

နိုင်ငံခြား ရေနံ ကုမ္ပဏီများ၏ ပေးချေမှုများ အပါအဝင် တိုင်းပြည်၏ သယံဇာတများမှ ရရှိသော ဝင်ငွေ အသေးစိတ် အချက်အလက်များကို မြန်မာ ပြည်သူများ အနေနှင့် သိခွင့်ရှိသည်ဟု ၎င်းက ပြောကြားခဲ့ပြီး ဒီသယံဇာတတွေဟာ ပြည်သူတွေရဲ့ ဘဝကို အများကြီး တိုးတက် ပြောင်းလဲ သွားစေနိုင်ပါတယ်ဟုလည်း ဆက်လက် ပြောဆိုသည်။

ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍတွင် လူတစ်ဦး အတွက် အမေရိကန် ဒေါ်လာ (၁.၂၅) သာ သုံးစွဲနေသော မြန်မာ အစိုးရ၏ လူမှု စောင့်ရှောက်ရေး စရိတ်သည် Total ကုမ္ပဏီ တစ်ခုတည်းမှ တစ်နှစ် အတွက် ရရှိသော ဝင်ငွေထက် ၃ ဆကျော် လျော့နည်းနေသည်။

၂၀၁၄ တွင် ပြီးစီးရန် မျှော်လင့်ထားသော တရုတ်သို့ ရွှေဓာတ်ငွေ့ ပိုက်လိုင်း တည်ဆောက်မှု ပြီးဆုံးရန် နီးကပ်လာသည်နှင့် အမျှ ပွင့်လင်း မြင်သာမှု၊ တာဝန် ယူတတ်မှု၊ လက်ဝါးကြီးအုပ်မှု၊ လူ့အခွင့်အရေး စသည်တို့နှင့် ပတ်သက်သော စိုးရိမ် ပူပန်မှုများမှာလည်း ကြီးထွားလာမည့် လက္ခဏာ ရှိနေသည်။

မည်သို့ပင် ဖြစ်စေ ရတနာ စီမံကိန်းတွင် ပါဝင်ခဲ့သော ကုမ္ပဏီများ၏ ပွင့်လင်းမှုသည် ရွှေစီမံကိန်း ကုမ္ပဏီများ ဖြစ်သည့် ကိုရီးယား ဒေဝူး၊ တရုတ် CNPC ၊ အိန္ဒိယ ONGC ကုမ္ပဏီများအား ၎င်းတို့ မျှော်လင့်ထားသော စီမံကိန်းများတွင် ပိုမို ပွင့်လင်းမှု ရှိလာရန် တိုက်တွန်း အားပေးနိုင်လိမ့်မည်ဟု Smith က ယုံကြည်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မွန်ပြည်သစ်ပါတီ (MNSP) က ဧပြီလကုန်ပိုင်းတွင် စစ်အစိုးရ၏ ကမ်းလှမ်းချက်ဖြစ်သော နယ်ခြားဒေသစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းပေးရန် အဆိုကို ပယ်ချလိုက်ပြီးနောက် မွန်ဒုက္ခသည် မြောက်မြားစွာ အိမ်နီးချင်း ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးတိမ်းရှောင် သွားကြကြောင်း သိရသည်။ အကြောင်းမှာ စစ်အစိုးရနှင့် MNSP အကြား တိုက်ပွဲများဖြစ်ပွားမည့် အလားအလာ ရှိနေသောကြောင့်ဟု ဆိုသည်။

ထို့အတူ ညီညွတ်သောဝတပ်ဖွဲ့ (UWSA) က နယ်ခြားဒေသစောင့်တပ် ပြောင်းလဲဖွဲ့စည်းရန် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ရာ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင် တင်းမာမှုများ ပိုမိုမြင့်တက်လာပြီး လူပေါင်းများစွာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

မြန်မာစစ်အစိုးရက စစ်ရေးအရ အင်အားသုံး ဖြေရှင်းမည်ဟူသော ခြိမ်းခြောက်မှုများ ရှိနေသည့်တိုင် စစ်အစိုးရ၏ နယ်ခြားဒေသစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး ကမ်းလှမ်းချက်ကို အပစ်အခတ်ရပ်စဲရေး အုပ်စုများက ပယ်ချခဲ့ကြသည်။

ရေးမြို့အနီး မွန်ပြည်နယ်ထဲသို့ မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ခဲ့ကြောင်း စုံစမ်းသိရရှိရသည်။ MNSP မှ ကိုယ်စားလှယ်တစ်ဦးက ယခုရက်ပိုင်းတွင် ထိုင်းနိုင်ငံအရှေ့ပိုင်းရှိ Halockhani ဒုက္ခသည်စခန်းသို့ လူပေါင်းမြောက်မြားစွာ ရောက်ရှိလာကြောင်း ပြောဆိုသည်။

"Halockhani စခန်းကို ရောက်လာတဲ့လူ တော်တော်များများက မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတာ များတယ်" ဟု Nai Chay Mon ကပြောသည်။ "လောလောဆယ်တော့ မိခင် ၂၂၅ ယောက်နဲ့ ကလေးတွေကို အလယ်တန်းကျောင်းမှာ ယာယီနေထိုင်ခွင့် ပေးထားနိုင်ပါတယ်၊ ကျွန်တော်တို့ လုပ်ပေးနိုင်တာလည်း ဒီလောက်ပါပဲ" ဟုဆိုသည်။

အဆိုပါ Halockhani စခန်းသို့ နောက်ထပ်လူပေါင်းများစွာ ထပ်မံရောက်ရှိလာမည်ဟု သတင်း ပေးပို့ချက်များအရ သိရသည်။ MNSP အဆိုအရ ၎င်းတို့အဖွဲ့သည် စစ်အစိုးရ၏ တောင်းဆိုချက်ကို လိုက်လျောခြင်း မရှိပေ။ စစ်အစိုးရ၏ တောင်းဆိုချက်အရ MNSP အနေဖြင့် တပ်သားအင်အားများ လျှော့ချပြီး မြန်မာစစ်တပ်၏ လက်အောက်တွင် နေထိုင်ရမည်ဖြစ်သည်။

Nai Chay Mon ၏အဆိုအရ ယခုအခါ ၎င်းတို့တပ်ဖွဲ့နှင့် မြန်မာစစ်တပ်မှ တပ်ဖွဲ့တို့သည် တစ်ဖက်နှင့်တစ်ဖက် သတိ ဝိရိယရှိစွာ စောင့်ကြည့်နေကြသည်။ အချို့သော အုပ်စုများ၏ ရုံးများကိုမူ ပိတ်ထားလိုက်ပြီ ဖြစ်သည်ဟု ဆိုသည်။

နယ်ခြားဒေသစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရေး ကိစ္စကြောင့် နဂိုကတည်းက အကဲဆတ်သော တိုင်းရင်းသားပြည်နယ် ဒေသများတွင် မတည်မငြိမ်မှုများ ပိုမိုဖြစ်ပေါ်လာဖွယ် ရှိသည်။ တိုင်းရင်းသား အများစုမှာ ထိုင်း၊ တရုတ်နှင့် အိန္ဒိယ နယ်စပ်ဒေသများတွင် နေထိုင်လျက် ရှိကြသည်။

ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံနယ်စပ် ကိုးကန့်ဒေသတွင် စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့ရာ တရုတ်အစိုးရက နယ်စပ်ဒေသ ပဋိပက္ခများကို ဆန့်ကျင်ကန့်ကွက်ကြောင်း သတိပေးခဲ့သည်။ ထိုစဉ်ကလည်း တရုတ်ပြည်ထဲသို့ ကိုးကန့်ဒေသမှ ဒုက္ခသည် သုံးသောင်းခန့် ဝင်ရောက် ထွက်ပြေးခဲ့ကြသည်။

DVB သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 26 April 2010

မြစ်ကြီးနားအခြေစိုက်ကချင်ပြည်နယ်တိုးတက်ရေး ပါတီ KSPP ကို မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စွဲထားသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ခေါင်းဆောင် ဟောင်းများက ၂၀၀၉ မတ်လတွင် ဖွဲ့စည်းသည်။

          ဧရာဝတီသတင်းထောက် စောရန်နိုင်က KSPP ပါတီခေါင်းဆောင်ဒေါက်တာ မနန်တူဂျာအား ပါတီ၏မူဝါဒ၊ နည်းဗျူဟာများနှင့် ကချင်ပြည်နယ်တွင်း လက်ရှိ အနေအထားများနှင့် ပတ်သက်၍ မေးမြန်းခဲ့သည့် မနန်တူးဂျာသည် KIO ဒုတိယဥက္ကဌဖြစ်ပါသည်။

မေး - KSPP နဲ့ပတ်သက်လို့ ခင်ဗျားရဲ့လတ်တလော အစီအစဉ်တွေကိုပြောပါဦး။

ဖြေ - ကချင်ပြည်နယ်မြို့နယ်တိုင်းမှာ ပါတီကော်မတီခွဲတွေ ဖွဲ့စည်းထားပြီးပါပြီ၊ မြို့နယ်အားလုံးမှာ ပြည်သူတွေထဲကို စည်းရုံးရေးစတင်နေပါပြီ။

မေး - ကချင်ပြည်နယ်အပြင်ဖက်မှာတော့ လှုပ်ရှားမှာလား။

ဖြေ - လောလောဆယ်မှာတော့ ကျွန်တော်တို့ရဲ့လှုပ်ရှားမှုတွေက ကချင်ပြည်နယ်ထဲမှာရှိဦးမယ်။

မေး - KSPP ရဲ့ မူဝါဒတွေက ဘာတွေပါလဲ?

ဖြေ - ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့ အားပေးထောက်ခံမယ်။ အလယ်အလတ် လမ်းစဉ်အဖြစ် ကျင့်သုံးတဲ့ ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့သဘောကျပါတယ်။ ပြီးတော့ ကျွန်တော်တို့ပြည်နယ်ကို ဖွင့်ဖြိုးတိုးတက်စေချင်တယ်။ ပြည်နယ်အားလုံး တိုးတက်လာမှ ပြည်ထောင်စုကြီး တစ်ခုလုံးတိုးတက် လာမှာပါ။ ကျွန်တော်တို့စွမ်းအားရှိသလောက် အလုပ်လုပ်ရလိမ့်မယ်။ အခုဆိုရင် နိုင်ငံရေးတံခါး ပွင့်လာတာကို ကျွန်တော်တို့မြင်နေရပြီ၊ ဒီပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ ဓမ္မဓိဌာန်ကျကျ လုပ်ဆောင်ရလိမ့်မယ်။ ကချင်ပြည်သူတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ စာပေစတဲ့ ကဏ္ဍတွေကို အားပေးမြှင့်တင်သွားမယ်။ ငြိမ်းချမ်းရေး၊ စည်းလုံးရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူ့အခွင့်အရေးတွေကိုလည်း ကျွန်တော်တို့ ထိန်းသိမ်းစောင့်ရှောက်မယ်။ ကျွန်တော်တို့ပါတီက ကချင်ပြည်နယ်တွင်းက လူတန်းစားအားလုံးကို ကိုယ်စားပြုပါတယ်။ လူမျိုးစွဲ၊ ဘာသာစွဲမရှိတဲ့ လူတွေ အားလုံး ကျွန်တော်တို့ပါတီကို ဝင်ရောက်လှုပ်ရှားနိုင်ကြပါတယ်။

မေး - ကချင်ပြည်နယ်ရဲ့ မဲဆန္ဒနယ်အားလုံးမှာ ဝင်ပြိုင်မှာလား။

ဖြေ - ကချင်ပြည်နယ်ထဲက လွှတ်တော်အရပ်ရပ်ကို ဝင်ပြိုင်မှာပါ။ အထက်အဆင့်၊ အောက်အဆင့်နဲ့ ပြည်နယ်အဆင့် လွှတ်တော် ၃ ရပ်စလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

မေး - ဘယ်နှစ်နေရာ နိုင်မယ်လို့မျှော်လင့်ထားသလဲ။

ဖြေ - ဒါကပြောဖို့ခက်ပါတယ်။ နေရာများများနိုင်ဖို့ကတော့ မျှော်လင့်တာပေါ့။ ကျွန်တော်တို့အားလုံးက ကချင်ပြည်နယ်ကို တိုးတက်စေချင်တယ်လေ။ ပြည်နယ်ကို တိုးတက်အောင် လုပ်နေတဲ့သူကို ပြည်သူ တွေက ထောက်ခံမှာပါ။

မေး - အလုပ်အမှုဆောင် အဖွဲ့ဝင်နဲ့ ပါတီဝင် ဘယ်နှစ်ယောက်လောက်ရှိသလဲ။

ဖြေ -ရွေးကောက်ပွဲကော်မရှင်ကို ကျွန်တော်တို့ပါတီမှတ်ပုံမတင်ခင် ဌာနချုပ်နဲ့ မြို့နယ်ကိုယ်စားလှယ် တွေအစည်းအဝေးလုပ်ခဲ့တယ်။ မြို့နယ်ကိုယ်စားလှယ်တွေအားလုံး အစည်းအဝေး လာတက်ပါတယ်။ ကချင်တွေတင်မကဘူး။ ရှမ်းနဲ့ဗမာလည်းပါတယ်။ ကျွန်တော်တို့ ဗဟိုကော်မတီကို အဖွဲ့ဝင် ၁၅၀ နဲ့ဖွဲ့ စည်းထားတယ်။ ဗဟိုအလုပ်အမှုဆောင် ကော်မတီ CEC ကို လည်းဖွဲ့မှာပါ။ လောလောဆယ်စာရင်း အရ ပါတီဝင် ၃၀၀၀ လောက်ရှိတယ်။ နောက်မှာ ပါတီဝင်တွေအများကြီး တိုးလာဖို့ရှိပါတယ်။

မေး - ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံမတင်တဲ့ NLD ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ခင်ဗျားရဲ့ ထင်မြင်ချက်ကို ပြောပါဦး။

ဖြေ - နိုင်ငံရေးပါတီတိုင်းဟာ ကိုယ်ပိုင်မူဝါဒနဲ့ဆုံးဖြတ်ချက်တွေပြုလုပ်ပါတယ်။ လက်ရှိအနေ အထားမှာ ကျွန်တော်တို့ရဲ့ရည်မှန်းချက်က နိုင်ငံရေးပါတီဖွဲ့ပြီး ရွေးကောက်ပွဲဝင်ဖို့ပါ၊ တကယ်လို့ ခင်ဗျားဆက်ပြီး နိုင်ငံရေးလုပ်ချင်တယ်ဆိုရင် ဒီလိုပဲ လုပ်ရမှာပါ။

မေး - NLD ဘာလုပ်သင့်တယ်လို့ထင်သလဲ။

ဖြေ - အေးဗျာ၊ ရွေးကောက်ပွဲဝင်တာကတော့ အကောင်းဆုံးနည်းလမ်းပါပဲ။ ဒါပေမဲ့ ဒါကသူတို့ရဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော်ဒီထက်ပိုပြီး မပြောနိုင်ပါဘူး။

မေး - နယ်ခြားစောင့်တပ်ဖွဲ့ဖို့ အမိန့်ကို KIO က ပယ်ချလိုက်တယ်နော်။ အစိုးရက KIO ကို စစ်ရေး အရ အရေးယူလိမ့်မယ်လို့ ထင်သလား။

ဖြေ - ဘာတွေဖြစ်လာမလဲဆိုတာ အတိအကျပြောဖို့ခက်ပါတယ်။ အပြည့်အဝငြိမ်းချမ်းတဲ့ ဆုံးဖြတ် ချက်ရအောင်ဆက်ပြီး ညှိနှိုင်းဖို့ အစိုးရကလည်း ဆန္ဒရှိပါတယ်။

မေး - ကချင်ပြည်နယ်မှာ ရေအားလျှပ်စစ်စီမံကိန်းတွေ တည်ဆောက်တာနဲ့ပတ်သက်လို့ ခင်ဗျားရဲ့ အယူအဆကိုပြောပါဦး။

ဖြေ - ဟုတ်တယ်။ လူတွေကလည်း ဒီအကြောင်းကိုပဲ ပြောနေကြတယ်။ ပြည်သူတွေရဲ့ အသံကို ကျွန်တော်တို့တချိန်လုံးကြားနေရပါတယ်။ တကယ်လို့ ရေလှောင်တမံတွေကိုဆက်ပြီး ဆောက်မယ်ဆို ရင် ပြည်သူတွေရဲ့ ပြဿနာတွေနဲ့ ရောမပစ်သင့်ပါဘူး။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN, 26 April 2010

          နိုင်ငံရေးအရ ပြဿနာ အကြီးအကျယ်ဖြစ်နေသော ထိုင်းနိုင်ငံတွင် ပြဿနာ ဖြစ်ပြီးချိန်မှစ၍ ပထမဦးဆုံး အကြိမ်အဖြစ် ထိုင်းနိုင်ငံဘုရင်သည် တနင်္လာနေ့က စကားပြောခဲ့ပြီး တရားသူကြီး အသစ်များအား တိုင်းပြည်တည်ငြိမ်ရေးအတွက် အကူအညီပေးကြရန် တောင်းဆိုခဲ့ပါ သည်။

          ထိုင်းဘုရင် ဘူမီဘောအဒူရာဒက်သည် အသက် ၈၂ နှစ်ရှိပြီဖြစ်ပြီး၊ ယမန်နှစ်ကတည်းက ကျန်းမာရေးအရ ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိရာ၊ ယခုဆေးရုံမှနေ၍ အသစ် ခန့်အပ်လိုက်သော တရားသူကြီးများ အဖွဲ့သို့ စကားပြောခဲ့ပါသည်။

          "ခင်ဗျားတို့အနေနဲ့ ရိုးသားမှုကို ထိန်းသိမ်းခြင်းအားဖြင့် တိုင်းပြည်မှာ တိုးတက်မှုရော တည်ငြိမ် မှုပါ တပြိုင်နက်ရရှိလာမှာ ဖြစ်ပါတယ်"ဟု ဘုရင်က ပြောပါသည်။

          အလုပ်နေရာမျိုးစုံလုပ်ကိုင်နေသည့် တရားသူကြီးများ အနေဖြင့် ပြည်သူလူထုအတွက် စံပြအဖြစ် မြင်တွေ့စေလိုကြောင်း ဘုရင်က တရားသူကြီးများအား ပြောကြားခဲ့ပါသည်။

          ဘုရင်က ဖြည့်စွက်ပြောကြားရာတွင် တရားသူကြီးများသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းဖြင့် တိုင်းပြည်အတွက်အရေးကြီးသော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကို အထောက်အကူ ပြုရမည်ဖြစ်ကြောင်း၊ မိမိတို့လိုက်နာရမည့် ကျင့်ဝတ်များကို တင်းကြပ်စွာ လိုက်နာခဲ့ မည်ဆိုလျှင်၊ တိုင်းပြည်တည်ငြိမ်ရေးကို အမှန်တကယ် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြော ကြားခဲ့ပါသည်။

          ထိုင်းဘုရင် ဘူမိဘောသည် ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံး ရှင်ဘုရင်ဖြစ်ပြီး၊ နိုင်ငံရေး အာဏာအနည်းငယ်ကိုသာ ကိုင်တွယ်ထားသော်လည်း လူအများက ကြည်ညို၍ လူကြိုက်များလှပါ သည်။

          ၎င်းသည် အဖျားရှိ၍ မောပန်းသောကြောင့်ပြီးခဲ့သည့် စက်တင်ဘာလကတည်းက ဆေးရုံတင် ထားခဲ့ပါသည်။

          တချိန်တည်းမှာပင် ထိုင်းနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော နိုင်ငံရေးပဋိပက္ခမှာ ချက်ခြင်း အား ပျော့ သွားနိုင်သည့် လက္ခဏာမရှိသေးပေ။ အစိုးရနှင့် အစိုးရဆန့်ကျင်သော ဆန္ဒပြသမားရှပ်နီများ အကြား ညှိနှိုင်းဆွေးနွေးမှုများမှာလည်း ရှေ့မဆက်နိုင်ဘဲ၊ တင်းမာမူများ တိုးပွားလျက်ရှိပါသည်။ ရှပ် ရောင်စုံ ဝတ်ထားသော အခြားဆန္ဒပြအဖွဲ့က အစိုးရကို ရှပ်နီများအား ပိုမိုတင်းကြပ်စွာ ကိုင်တွယ်အ ရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တိုက်တွန်းလျက်ရှိပါသည်။

          တနင်္ဂနွေနေ့က ဝန်ကြီးချုပ်က အသိပေးပြောကြားရာတွင် ဆန္ဒပြသူများအနေဖြင့် အာဏာပိုင် များအား လက်နက်ဖြင့် ရက်စက်ကြမ်းကြုပ်မှုများ မပြုလုပ်ကြရန် ပြောဆိုခဲ့ပါသည်။

          အမျိုးသားရုပ်မြင်သံကြားမှ ဝန်ကြီးချုပ်အဘီဆစ်က မိန့်ခွန်းပြောကြားခဲ့ခြင်းမှာ အစိုးရဆန့် ကျင်သူများက ပါလီမန်ကိုရက်(၃၀)အတွင်း ဖျက်သိမ်းရန် တောင်းဆိုမှုအား ၎င်းက ပယ်ချခဲ့အပြီး တစ်ရက်ကျော်အကြာတွင် ဖြစ်ပါသည်။ အဘီဆစ်ကပြောကြားရာတွင် တစ်ခုခုမပြုလုပ်မီအခြားနိုင်ငံ ရေးအဖွဲ့များ၏ နိုင်ငံရေးအမြင်များကိုလည်း ထည့်သွင်းစဉ်စားသွားမည်ဖြစ်ကြောင်းဆိုခဲ့ပါသည်။

          ဆန္ဒပြသူများသည် ဘန်ကောက်မြို့၏ အဓိကကမ္ဘာလှည့်ခရီးသည်များ၏ ဧရိယာနှင့် ဈေး ဝယ်ရာဧရိယာမျာကို ဝင်ရောက်နေရာယူပြီးနောက်ပိုင်း အရပ်သားများနှင့်စစ်သားများ နှစ်ဒါဇင်ကျော် ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါသည်။

          သောကြာနေ့က ရှပ်နီခေါင်းဆောင်များသည် ဆွေးနွေးပွဲ၊ စားပွဲသို့ပြန်လာရန် အဆိုပြုခဲ့ပါ သည်။ သို့သော် အရေးပေါ်အခြေအနေကို ရုပ်သိမ်းပေးရန်နှင့် ယခုအစောပိုင်းက သေဆုံးခဲ့သော ဆန္ဒ ပြသူများအတွက် အစိုးရက တာဝန်ရှိသည်ဟု လက်ခံရန် စသည့် တောင်းဆိုချက်များကို အစိုးရက လက်ခံမှသာ ဆွေးနွေးမည်ဟု ရှပ်နီတွဲဖက်ခေါင်းဆောင် Weng Tojirakarn ကပြောပါသည်။

          အစိုးရပြောခွင့်ရပုဂ္ဂိုလ် Panitan Wattanayagorn က CNN သို့ စနေနေ့က ပြောကြားရာတွင် အစိုးရဖက်မှ ဆွေးနွေးမှု ပြန်လည်ဖြစ်ပေါ်ရေးအတွက် အပြန်အလှန်အဆိုပြုချက်များ မရှိပါဟု ဆိုပါသည်။

          "ကျွန်တော်တို့ဟာ တွေ့ဆုံညှိနှိုင်းဖို့ သေချာဖြစ်နိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေတွေကို သေချာ အောင်လုပ်ဖို့လိုအပ်ပါတယ်"ဟု Panitan က ပြောပါသည်။ ယခင်တစ်ခေါက် အတိုက်အခံ ခေါင်းဆောင်များနှင့် စကားပြောရန် ကြိုးစားစဉ်က အစိုးရတာဝန်ရှိသူများကို ခြိမ်းခြောက်မှုများကြောင့် ပျက်ပြားသွားရကြောင်း ပြောခဲ့ပါသည်။

          နောက်တစ်ကြိမ် ညှိနှိုင်းမှုများ မပြုလုပ်မီ ဆန္ဒပြခေါင်းဆောင်များအနေဖြင့် အခြားနေရာများ တွင် ဆန္ဒပြမှုများ တိုးချဲ့ခြင်းမပြုရန်နှင့် အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များအား ခြိမ်းခြောက်ခြင်းများ မပြုလုပ်ရန် လိုအပ်ကြောင်း Panitan က ပြောပါသည်။

          "အဲဒီအခြေအနေတွေဟာ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးဖို့အတွက် အရေးကြီးပါတယ်။ ညှိနှိုင်း ဆွေးနွေးခြင်းကပဲ အဖြေထွက်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ အခြေအနေကို တည်ငြိမ်အောင် ပထမဆုံးလုပ်ဖို့တော့ လိုပါတယ်"ဟု Panitan က ရှင်းပြပါသည်။

          အချို့ရှပ်အင်္ကျံမျိုးစုံဝတ်ပြီး ဆန္ဒပြမှုများကိုလည်းတွေ့နေရကြောင်း၊ ဆန္ဒပြသူများအားလုံး သည် ဥပဒေကိုလိုက်နာပြီး၊ ငြိမ်းချမ်းရေးနှင့် မြို့ကြီးသား ပီသကြဖို့လိုကြောင်း ၎င်းကပြောပါသည်။

          ရှပ်နီများသည် ဘန်ကောက်မြို့၏ ငွေရှာဖွေကောင်းသော ဧရိယာတွင် စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်ပြဿနာ ဖြစ်လျက်ရှိပါသည်။ ရှပ်နီတွဲဖက်ခေါင်းဆောင်တစ်ဦးဖြစ်သူ Veera Muskapong က သောကြာနေ့တွင် နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံရာ၌ အခြေအနေအချို့ သဘော တူညီမှု ရရှိခဲ့လျှင် အစိုးရနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          ဝန်ကြီးချုပ် အဘီဆစ်သည် ဗုံးပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံးပြီး၊ ဒါဇင်များစွာ ဒဏ်ရာရခဲ့မှုအပြီးတွင် သောကြာနေ့ အစောပိုင်းက စစ်တပ်ဦးစီးချုပ်များနှင့် တွေ့ဆုံခဲ့ပါသည်။

          ဒုတိယဝန်ကြီးချုပ် Suthep Thaugsuban က ရုပ်မြင်သံကြားမှ ပြောကြားရာတွင် ဗုံးများသည် ရှပ်နီများ နေရာယူထားသော နေရာမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း၊ ဆန္ဒပြသူများကမူ အဆိုပါတိုက်ခိုက်မှုများအတွက် တာဝန်မရှိကြောင်း ငြင်းဆိုခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press , By Robert Wielaard, 26 April 2010

          ဥရောပသမဂ္ဂ(EU)သည် မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို တနင်္လာနေ့က သက်တမ်းတိုးခဲ့ပါသည်။ သို့သော် မြန်မာအစိုးရနှင့် ဆက်ဆံရေး တိုးတက်ရန်လည်း စိတ်အား ထက်သန်သည်ဟု ဆိုပါသည်။

          EU နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံသည် ဒီမိုကရေစီနည်းလမ်းများ အရ လှုပ်ရှား နေသည်ကို မတွေ့ရကြောင်း နှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် ပြောကြားခဲ့ပါသည်။

          EU သည် ပုံမှန်လုပ်နေကျအတိုင်း မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူမှုများကို နောက်ထပ် တစ်နှစ် ထပ်တိုးခဲ့ပါသည်။

          စီးပွားရေးပိတ်ဆို့မှုများတွင် ခရီးသွားလာမှု ပိတ်ပင်ခြင်း၊ မြန်မာအစိုးရ ခေါင်းဆောင်များနှင့်  နီးစပ်သူများ၊ တရားသူကြီးများ၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းထားခြင်းများ ပါဝင်ပါသည်။

          သို့သော် ကြေညာချက်တွင် နိုင်ငံခြားရေးဝန်ကြီးများက ၎င်းတို့သည် မြန်မာနိုင်ငံတွင် စစ်မှန်သော တိုးတက်မှုများ ရှိခဲ့ပါက အပေါင်းလက္ခဏာဆောင်သော တုန့်ပြန်မှုများ ပြုလုပ်ရန် အဆင်သင့်ရှိ ကြောင်း ပြောဆိုခဲ့ပါသည်။

          EU သည် မြန်မာအာဏာပိုင်များနှင့် ဆက်လက် စကားပြောသွားရန်၊ အခြားသက်ဆိုင်သော ပြင်ပပုဂ္ဂိုလ်များကိုလည်း စကားပြောရန် အဆင်သင့်ရှိကြောင်း ကြေညာချက်တွင် ဖြည့်စွက်ဖော်ပြ ထားပါသည်။

          EU နိုင်ငံခြားရေး ဝန်ကြီးများက ပြောကြားရာတွင် ၎င်းတို့သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားလာရေးအတွက် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အကူအညီပေးရန်နှင့် ယုံကြည်မှုတည် ဆောက်နိုင်ရေးအတွက် အဆင့်မြင့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် စူးစမ်းရှာဖွေရေး မစ်ရှင်တစ်ခု စေလွှတ်ရန် ပြင်ဆင်လျက် ရှိသည်ဟု ဆိုပါသည်။

          သို့သော် မြန်မာနိုင်ငံဖက်တွင် အဆိုပါ EU သံတမန်မစ်ရှင်အား လိုလိုလားလား လက်ခံလိုခြင်း ရှိမရှိကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.