Transparency Myanmar

transparency.myanmar@gmail.com

From The Irrawaddy,28th- Oct - 2009

          ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD စတင်တည် ထောင်စဉ်ကတည်းက ပါဝင်သော အဖွဲ့ဝင်တစ်ဦးဖြစ်ပါသည်။ သူသည် ထင်ရှားသော သတင်းစာဆရာ တစ်ဦးလည်း ဖြစ်ပါသည်။ သူသည် ၁၉၈၈ ခုနှစ်တွင် အဖမ်းခံခဲ့ရပြီး ထောင်ထဲတွင် ၁၉ နှစ်ကြာခဲ့ပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ပြန်လည် လွတ်မြောက်လာခဲ့ပါသည်။ ယခု သူသည် ဧရာဝတီသို့ နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုများ၊ ၂၀၁၀ ရွေးကောက်ပွဲ၊ စစ်အစိုးရ၏ ၂၀၀၈ အခြေခံဥပဒေနှင့် NLD လက်ရှိ အနေအထားတို့ကို ပြောကြားသွားခဲ့ပါသည်။

မေး           အနောက်နိုင်ငံများရဲ့ စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းရေးဟာ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်ပေါင်းစည်းရေးနှင့် ဘယ်လို့ ဆက်စပ် ပတ်သက်နေပါသလဲ။

ဖြေ။           ကျွန်တော်တို့ နိုင်ငံရေးမှာ အဲဒီနှစ်ခုဟာ ဆက်စပ်နေပါတယ်။ အမေရိကန်တို့နဲ့ ဆွေးနွေးမှုတွေရှိခဲ့ရင်တော့ စစ်အစိုးရလည်း ဒီဖြစ်စဉ်ထဲမှာ ပါလာပြီပေါ့။ အရေးယူ ပိတ်ဆို့မှုတွေဟာ သူတို့ကို အတိုင်းအတာတစ်ခုအထိ ချုပ်ကိုင်မှုရှိပါတယ်။ အရေးယူမှုတွေဟာ ကျွန်တော်တို့ NLD ကို အားကောင်းလာစေဖို့ အထောက်အကူ မဖြစ်ဘူးဆိုရင်တောင်မှ စစ်အစိုးရအပေါ်မှာတော့ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်အောင် ထိန်းချုပ်နိုင်ပါတယ်။ အလွန်ဆိုးတဲ့ ဘီလူးကြီးကို ကြိုးတွေနဲ့ တုတ်ထားတော့ ကျွန်တော်တို့  အသက်ရှင်ဖို့ အခွင့်အလမ်းပိုရတာပေါ့။

          ကျွန်တော်အထင်တော့ အရေးယူပိတ်ဆို့မှု သုံးမျိုးသုံးစား ရှိတယ် ထင်ပါတယ်။ ပထမ အမျိုးအစားက သာမန်ပြည်သူတွေကို ထိခိုက်စေတဲ့ အမျိုးအစားများ ဖြစ်ပါ တယ်။ ဥပမာအားဖြင့် အမေရိကန်ရဲ့ Sanction ကြောင့် အထည်ချုပ်စက်ရုံလိုဟာမျိုးတွေ ပိတ်လိုက်ရတော့ စက်ရုံက လူတွေ အလုပ်ပြုတ်ကုန်တာပေါ့။ ဒုတိယ အမျိုးအစား ကတော့ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့နဲ့ပေါင်းတဲ့ အခွင့်ထူးခံ လူတန်းစားကို တိုက်ရိုက် ထိခိုက်ပါတယ်။ တတိယကတော့ မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု ပိတ်ဆို့ရေးဖြစ်ပါတယ်။ ဒီသုံးမျိုးအနက်မှာ စစ်အစိုးရနဲ့ ဗိုလ်ချုပ်များကို  ထိခိုက်တဲ့ Sanction များကို ဘာမှ မပြောလိုပေမယ့် သာမန်ပြည်သူတွေကို ထိခိုက်တဲ့ Sanction တွေကိုတော့  ဖြေလျှော့ပေးဖို့ ပြောလိုပါတယ်။

          ကျွန်တော်ထင်တယ် အဲဒီ Sanction ကို လျှော့ပေးမယ်ဆိုရင် အမျိုးသားပြန်လည် ပေါင်းစည်းရေးအတွက် အများကြီး ကောင်းသွားမယ်လို့ ထင်ပါတယ်။ အမေရိကန် ရဲ့ မူဝါဒအသစ်က ရှိရင်းစွဲ Sanction တွေကို ဆက်ထားမယ်လို့ ဆိုထားတာကိုး။ ပြဇာတ်တစ်ပုဒ်လိုပါပဲ။ ၀မ်းနည်းစရာရော၊ ပျော်စရာရော နှစ်ပါးသွားရော ပါတာပေါ့။ နောက်ဆုံး ဇာတ်ပေါင်းခန်းတော့ မျှော်ရတာပေါ့။ ဒါကြောင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ၊ အမျိုးသား ပေါင်းစည်းညီညွှတ်ရေးကိစ္စတွေမှာ Sanction ရဲ့ အခန်းကဏ္ဍကို ကျွန်တော်တို့ ခန့်မှန်းပြောဆိုလို့ မရသေးပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီတော့ အတော်များများပေါ်ထွက်လာပါလိမ့်မယ်။

မေး။           စစ်အစိုးရရဲ့ အစီအစဉ်အတိုင်း ရွေးကောက်ပွဲကို ကျင်းပပေးမယ်ဆိုတာရယ်၊ သူတို့ရဲ့ ပြင်ဆင်မှုတွေနဲ့ ပတ်သက်လို့ ထင်မြင်ချက်ပေးပါဦး။

ဖြေ။           ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အခြေခံဥပဒေကို ပြန်လည်သုံးသပ်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ မကြာခင်က ထပ်ပြောတာက အခြေခံဥပဒေကို လူအများဆန္ဒအရ အတည်ပြုပြီးဖြစ်လို့ ရွေးကောက်ပွဲကို စနစ်တကျ ကျင်းပပြုလုပ်ပေးမှာဖြစ်တယ်လို့ ပြောသွားပါတယ်။ နိုင်ငံရေးပါတီများဟာ အခြေခံဥပေဒကို လေးစားလိုက်နာရမှာဖြစ်ပြီး စည်းကမ်းလိုက်နာတဲ့ ပါတီတွေကို အစိုးရက အကာကွယ်ပေးသွားမယ်လို့ သူကပြောပါတယ်။ ဆိုလိုတာက စည်းကမ်း မလိုက်နာတဲ့ ပါတီတွေကို အရေးယူမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒီနှစ်ချက်က အရေးကြီးပါ တယ်။

          သူ့ရဲ့ပြောဆိုချက်တွေကို အဓိပ္ပါယ်ကောက်ရမယ်ဆိုရင်တော့ ဒီလိုပြောရပါလိမ့်မယ်။ နိုင်ငံရေးပါတီတွေဟာ ငြိမ်ငြိမ်လေးနေရပါမယ်။ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်မှုများ အတွက် စည်းမျဉ်းများ ချမှတ်ထားပြီး ဖြစ်လို့ NLD ရဲ့ရွှေဂုံတိုင် ကြေညာစာတမ်းကလို တောင်းဆိုမှုတွေ မလုပ်ရဘူးလို့ ဆိုရပါတယ်။ ကျွန်တော်ထင်ပါတယ်။ အခြားနိုင်ငံရေးပါတီက နိုင်ငံရေး သမားတွေကိုလည်း သတိပေးချင်တယ် ထင်တယ်။ ဥပမာ မဆလအသွင်ပြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက အနာဂတ်မှာ အခြေခံဥပဒေကို ပြင်ရလိမ့်မယ်လို့ ဆိုလာတာကိုး။ ကြည့်ရတာ သူတို့ပြောတဲ့အတိုင်းပဲ လုပ်ရမယ်လို့ ပြောလိုက်တာပေါ့။

မေး။           ဒီမိုကရက်တစ် အင်အားစုတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘာလုပ်သင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။           ထွက်ပေါက် ရှိသေးတယ်လို့တော့ ထင်ပါတယ်။ သူတို့က အခြေခံဥပေဒ ကို သုံးသပ်ပြီးပြင်ဖို့ ငြင်းဆန်နေပေမယ့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေကို မျှော်လင့်နိုင်ပါတယ်။ ကျွန်တော်တို့ တညီတညွတ်တည်း တောင်းဆိုနေမယ်ဆိုရင်တော့ နည်းလမ်းတော့ရှိလာမှာပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စကားလုံးတွေဟာ အမေရိကန်နဲ့ မြန်မာတို့ရဲ့ မူဝါဒအသစ်နဲ့ ဆက်စပ်ပတ်သက်နေလိမ့်မယ် လို့ထင်ပါတယ်။ အမေရိကန်ရဲ့ ရွေးကောက်ပွဲအပေါ်မှာ တောင်းဆိုမှုက အတိုက်အခံတွေနဲ့ ပတ်သက်တာတွေကို ရည်ရွယ်ပြီး ပြောခဲ့တာဖြစ်မှာပါ။ ဗိုလ်ချုပ်မှူးကြီးဟာ သူရဲ့စကားကို ပြတ်ပြတ်သားသား ပြောခဲ့တယ်ဆိုပေမယ့် နိုင်ငံရေးဆိုတာ မပြီးနိုင်တဲ့ ခရီးရှည်ကြီးပါပဲ။ အခြေအနေတွေက အမြဲတမ်းပြောင်းနေတာပါပဲ။ ဒေါ်အောင်ဆန်း စုကြည်ကတော့ အမေရိကန်ကို နှစ်ဘက်စလုံးနဲ့ ဆက်ဆံပါလို့ ပြောခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးက ဘာပဲပြောပြော အမေရိကန်ရဲ့ မူဝါဒဟာ စစ်အစိုးရနဲ့ ဆက်ဆံရေးကို လမ်းဖွင့်ပေးလိမ့်မယ်လို့ ထင်ပါ တယ်။

မေး။           ရွေးကောက်ပွဲမှာ ပါဝင်မယ့် အချို့နိုင်ငံရေး သမားများအပေါ် အမြင်လေး ပြောပါဦး။

ဖြေ။           ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျွန်တော့်ရပ်တည်ချက်က NLD နဲ့နည်းနည်း ကွဲပါတယ်။ NLD ရဲ့ ရွှေဂုံတိုင်ကြေညာချက်ကို လက်ခံပါတယ်။ ကြေညာချက်မှာ နိုင်ငံရေး၊ အကျဉ်းသား အားလုံးလတ်ပေးရေး၊ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ရေးနဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာရဲ့ ကြီးကြပ်မှုနဲ့ ကျင်းပဖို့ တောင်းဆိုထားပါတယ်။ အဓိက ကျွန်တော်တို့လိုချင်တာက တွေ့ဆုံဆွေးနွေးမှုပါပဲ။

          ဦးသုဝေနဲ့ ညက ဦးခင်မောင်ကြီးတို့ကတော့ နောင် ၁ဝ နှစ် ၁၅ နှစ်ကြာရင် အခြေအနေတွေ ပြောင်းသွားလိမ့်မယ်လို့ ဆိုထားပါတယ်။ သူတို့ကတော့ ရွေးကောက်ပွဲ ဝင်ကြပါလိမ့်မယ်။ သူတို့က ကျွန်တော်တို့နဲ့ မတိုင်ပင်ခဲ့ပါဘူး။ ကျွန်တော်ကတော့ ရွေးကောက်ပွဲဝင်ဖို့ သဘောမတူပါဘူး။

          ပါတီတွေအားလုံးပါဝင်နိုင်တဲ့ အနေအထားမျိုးရောက်အောင် ကျွန်တော်တို့ ဖန်တီး ရပါမယ်။ ပါတီအားလုံးဟာ ပြုပြင်ပြောင်းလဲ၍ ရနိုင်သော အခြေခံဥပဒေမျိုးဖြစ်ဖို့ တောင်းဆိုသင့်ပါတယ်။ အခြေခံဥပဒေကို ပြင်ပေးမှသာ ပါလီမန်မှာ ကျွန်တော်တို့ ဒီမိုကရက်တစ် အခွင့်အရေးတွေရမှာဖြစ်ပြီး၊ ပြောဆိုခွင့် လုပ်ကိုင်ခွင့် ရမှာဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့ ယခုအခြေအနေကို လက်ခံခဲ့မယ်ဆိုရင်၊ အခြေခံ ဥပဒေကိုလည်း ပြင်ဆင်ဖို့ မလုပ်နိုင်ပါဘူး။ ဒီမိုကရက်တစ် အင်အားစုတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေလည်း ဘာအခွင့်အရေးမှ ရမှာမဟုတ်ပါဘူး။

          အခြေခံဥပဒေအရ ပါလီမန်ဟာ နိုင်ငံရေးနဲ့ ပတ်သက်လို့ ပြောရေးဆိုခွင့်ရမယ့် ပလက်ဖောင်းတစ်ခုလို့ ဆိုပါတယ်။ ဒါပေမဲ့ အခု ၂၀၀၈ အခြေခံဥပဒေ အောက်မှာ ကျွန်တော်တို့ ဘာဆုံးဖြတ်ချက်မှ ချနိုင်မှာမဟုတ်ဘူး။ ရှေ့လည်း ဆက်တိုးနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေကို ပြန်ပြင်ဖို့ ကျွန်တော်တောင်းဆို နေရတာပါ။

မေး။           ဒီ ၂၀၀၈ အခြေခံဥပဒေမှာ ခင်ဗျားဘာတွေကို ပြင်ချင်တာလဲ။

ဖြေ။           ပြင်ဖို့အချက် ၁၂ ချက်လောက်ရှိပါတယ်။ အခြေခံမူရဲ့ နံပါတ် ချက်ကို လက်မခံနိုင်ပါဘူး။ စစ်တပ်ရဲ့"အမျိုးသားနိုင်ငံရေး ခေါင်းဆောင်မှုအခန်းကဏ္ဍ"ကို လက်မခံနိုင်ပါဘူး။ ပါလီမန်မှာ အခြေခံဥပဒေကို ပြင်ဖို့ဆိုရင် ပါလီမန်ရဲ့ ၇၅% အထက် ထောက်ခံမဲရမှ ပြင်လို့ရမယ်ဆိုတဲ့ အချက်ကို ပြင်သင့်ပါတယ်။ တိုင်းရင်းသား လူမျိုးစုများရဲ့ရပိုင်ခွင့်ကို လေးစားသောအားဖြင့် ပြည်နယ်နှင့်တိုင်း လွှတ်တော်တွေမှာ ဥက္ကဋ္ဌများကို သမ္မတက ခန့်အပ်ပိုင်ခွင့်ရှိသည်လို့ဆိုတဲ့ အချက်ကိုပြင်သင့်ပါတယ်။ အဲဒါဟာ တိုင်းရင်းသား လူမျိုးများအတွက် အရေးကြီးပါတယ်။

မေး။           ရွေးကောက်ပွဲဝင်သင့် မဝင်သင့် NLD ပါတီတွင်းမှာ အခြေအတင်ဖြစ် တာနဲ့ပတ်သက်လို့ ဘယ်လိုတွေးထင်ထားပါသလဲ။

ဖြေ။           "ကျွန်တော်တို့ရဲ့ NLD ခေါင်းဆောင်များဟာ ဒီမိုကရေစီအရေးနှင့် ပတ်သက်ရောင် အခြေခံကောင်းများရှိပါတယ်။ ကျွန်တော်ဟာ မြန်မာ့မီဒီယာယူနီယံကို ဦးဆောင်ခဲ့ပြီး ထောင်ထဲမှာ နှစ်နှစ်ဆယ်လောက် နေခဲ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်များနှင့် ချိန်ပြီး အခြေအနေကို တန်ဖိုးဖြတ်တတ်ပါတယ်။ ဒီနည်းလမ်းအတိုင်းပဲ စဉ်းစားပါတယ်" ဟုပြောပါတယ်။

          အကြောင်းအရာရဲ့ ဗဟိုချက်တော့ ၁၉၉၀ ရွေးကောက်ပွဲပါပဲ။ အဲဒီတုန်းက NLD က ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒီရလဒ်ကို စက္ကူစုတ်ကလေး လို လွှင့်ပစ်လို့မရပါဘူး။ NLD ပါတီထဲမှာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကတည်းက ပါတီကို စောင့်ရှောက်လာခဲ့တဲ့လူတွေ ရှိပါတယ်။ ကျွန်တော်အနေနဲ့ကတော့ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ ရေးတုန်းက စိတ်ဓာတ်ကိုပဲ အခုထိ အခြေခံပါတယ်။ အချို့ပါတီ ခေါင်းဆောင်များက ခွဲခြမ်းစိတ်ဖြာပြီး စဉ်းစားပါတယ်။ အဲဒီတော့ ကျွန်တော်တို့ စဉ်းစားပုံ လုပ်ပုံကိုင်ပုံတော့ ကွဲပြားပါလိမ့်မယ်။

          ပါတီထဲမှာ အချို့က ထင်တာက စစ်အစိုးရဟာ ပြောင်းလဲလာနိုင်တယ် လို့ထင်တယ်။ ကျွန်တော်ကတော့ မထင်ပါဘူး။ ဒီကိစ္စမှာ ကျွန်တော်တို့ အမြင်အမျိုးမျိုးရှိပါ တယ်။ သူတို့ထင်တာက စစ်အစိုးရဟာ ပျော့ပြောင်းလာပြီး အကောင်းဖက်ကို ဦးတည်ပြီး၊ ညှိနှိုင်းမှုတွေ လုပ်လိမ့်မယ်လို့ ထင်နေတယ်။ ဒါပေမဲ့ စစ်အစိုးရဟာ ခေါင်းမာတယ်။ အာဏာတည်မြဲဖို့ဆိုရင် ဘာမဆို လုပ်လိမ့်မယ်။

          လူငယ်အဖွဲ့အစည်းတွေ၊ ရဟန်းတွေ၊ ဒီမိုကရက်တစ် အင်အားစုတွေနဲ့ ပြည်ပရောက် တိုင်းရင်းသားများက ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ပြောနေကြပါတယ်။ ပြည်တွင်းမှာတော့ အချို့ နိုင်ငံရေး အဖွဲ့များဟာ ရွေးကောက်ပွဲဝင်ဖို့ ပြောနေကြပေမယ့် သူတို့ဟာ ခေါင်းဆောင်ရှိပေမယ့် အားကောင်းတဲ့ အဖွဲ့တွေ မဟုတ်ကြပါဘူး။

          ပြည်တွင်းပြည်ပမှာရှိတဲ့ ဒီမိုကရက်တစ်နဲ့ တိုင်းရင်းသား အင်အားစုများကတော့ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ငြင်းဆိုကြပါတယ်။ ဒါပေမဲ့ တခြားတဖက်မှာ တတိယအုပ်စုလို့ခေါ်တဲ့ အဖွဲ့နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အချို့ကတော့ ရွေးကောက်ပွဲဝင်ဖို့ စိတ်အား ထက်သန်နေကြပါတယ်။ NLD ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမခံရပါဘူး။ အဲဒီတော့ NLD အနေနဲ့ ဒီ ၁၉၉၀ ရွေးကောက်ပွဲမှာ နိုင်ပြီး အခုရွေးကောက်ပွဲအသစ်မှာ ပါဝင်ဖို့ဆိုတာ ရှက်စရာ မကောင်းပေဘူးလား၊ အနာဂတ်မှာတော့ NLD က ရွေးကောက်ပွဲမှာ ဝင်ဖို့ ဆုံးဖြတ်ပြီးခဲ့နောက်မှာ နိုင်ငံရေးမြင်ကွင်းဟာ ပိုပြီး ရှင်းလင်းလာပါလိမ့်မယ်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

0 comments:

Post a Comment