IPS, By - Marwaan Macan-Markar, 30 Nov 2009
မြန်မာနိုင်ငံသို့ တပ်မတော်အစိုးရနှင့် ဆက်ဆံရေး ပြုလုပ်ရန်လည်းကောင်း၊ အကြံပေးရန် သော်လည်းကောင်း၊ သွားရောက်ကြသော နာမည်ကြီး နိုင်ငံခြားသားများ အတွက် လုပ်ငန်းစဉ်များမှာ အချိန်ယူရလိမ့်မည် ဖြစ်ပါသည်။ ထိုလုပ်ငန်းစဉ်တွင် နောက်ဆုံး ဝင်လာသူမှာ နိုဘယ်ဆုရရှိထားသော စီးပွားရေးပညာရှင် ဂျိုးဇက် စတစ်ဂလစ် Joseph Stiglitz ဖြစ်ပါသည်။
စတစ်ဂလစ်သည် ကမ္ဘာ့ဘဏ်၏ စီးပွားရေးနှင့်ဆိုင်သော အရာရှိချုပ်ဟောင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် သွားရောက်လိမ့်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာရန် ရည်ရွယ် သွားရောက်မည် ဖြစ်ကြောင်း ဘန်ကောက်ရှိ ကုလသမဂ္ဂ ဒေသဆိုင်ရာအဖွဲ့မှ Noeleen Heyzer က ပြောပါသည်။
၎င်းသည် ကျေးလက်ဒေသ စီးပွားရေးနှင့်ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက် မည်သည့် စီးပွားရေး ဆုံးဖြတ်ချက်များ အရေးကြီးကြောင်းနှင့် ပတ်သက်၍ ၎င်း၏ အကြံဥာဏ်များကို မျှဝေလိမ့်မည်ဟု အာရှနှင့် ပစိဖိတ် စီးပွားရေးနှင့် လူမှုရေးရာ (ESCAP) အမှုဆောင် အတွင်းရေးမှူးက ဖြည့်စွက် ပြောပါ သည်။ စတစ်ဂလစ်သည် မြန်မာနိုင်ငံတွင် ၂ ရက် နေထိုင်မည် ဖြစ်ပါသည်။
ယခု မစ်ရှင်သည် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် မူဝါဒရေးရာ ဖွဲ့စည်းမှုများတွင် ကဏ္ဍသစ်များ ဖွင့်လှစ်ပေးနိုင်လိမ့်မည်ဟု မိမိတို့ မျှော်လင့်ကြောင်း Heyzer က IPS သို့ ပြောပါသည်။ မိမိတို့သည် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးသူများကို လက်လှမ်းမီနိုင်ရန် ပစ်မှတ်ထား ဆောင်ရွက်မည် ဖြစ်သည်ဟု ပြောပါသည်။
စတစ်ဂလစ်သည် Initiative for Policy Dialogue ဟု ခေါ်သော ဥာဏ်ကြီးရှင်အဖွဲ့ကို ဖွဲ့ထားပြီး ၎င်းအဖွဲ့မှ တစ်ဆင့် ဆင်းရဲသော နိုင်ငံများသို့ ဖွံ့ဖြိုးမှု အစီအစဉ်ပုံစံများ ရေးဆွဲ အဆိုပြုခဲ့ပါသည်။
၎င်းသည် မြန်မာနိုင်ငံတွင် ဆည်မြောင်းနှင့် စိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ်ဌေးဦးနှင့် အမျိုးသား စီးပွားရေး ဖွံ့ဖြိုးရေးဝန်ကြီး၊ ဦးစိုးသာတို့နှင့် တွေ့ဆုံလိမ့်မည် ဖြစ်ပါသည်။
အဆိုပါ ဝန်ကြီး နှစ်ဦး စလုံးသည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ရင်းနှီးပါသည်။
စတစ်ဂလစ်သည် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် "Economic Policies and Decision Making for Poverty Reduction : Reaching the Bottom Half " အမည်ဖြင့် ဟောပြောပွဲ ပြုလုပ်မည် ဖြစ်ပါသည်။ ဝန်ကြီးနှစ်ဦးနှင့် Heyzer တို့ကလည်း "Policies for Poverty Reduction-Effecting Change in Myanmar's Rural Economy" ခေါင်းစဉ်အောက်တွင် ဝင်ရောက် ဆွေးနွေးကြမည် ဖြစ်ပါသည်။ နေပြည်တော်တွင် ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲသည် စတစ်ဂလစ်၏ ဟောပြောပွဲ အစီအစဉ်များထဲမှ တစ်ခု ဖြစ်ပါသည်။ အခြားသူများကလည်း အကြံဥာဏ်များ ဝင်ရောက် ဖလှယ်ကြမည် ဖြစ်ရာ၊ မြန်မာနိုင်ငံ၏ စီးပွားရေးပညာရှင်များ၊ ကုလသမဂ္ဂ ကျွမ်းကျင်သူများ၊ သံတမန်များနှင့် ပြည်တွင်းပြည်ပမှ NGO အဖွဲ့များမှ ပုဂ္ဂိုလ်များ ပါဝင်ကြမည် ဖြစ်ပါသည်။
ကွင်းဆင်းလေ့လာရေးအစီအစဉ်အရ မြန်မာပြည်အလယ်ပိုင်းပူပြင်းခြောက်သွေ့ဒေသသို့ သွားရောက်မည်ဖြစ်ကြောင်း စီစဉ်သူ Heyzer က အတည်ပြုပါသည်။ ကျေးလက်စီးပွားရေး၊ ကူးသန်း ရောင်းဝယ်ရေး ပြဿနာများ၊ ဘဏ်စနစ်နှင့် ကုန်ပစ္စည်း ဈေးနှုန်းများနှင့် ပတ်သက်၍ Stigliz အား ထိ တွေ့ပေးရေး အတွက် သုံးရက်ခန့် အချိန်ယူသင့်ပါသည်။
ESCAP သည် ၎င်း၏ အဖွဲ့ဝင်နိုင်ငံ ၅၀ အနက်မှ အထူး အကူအညီများ လိုအပ်သော တိုင်းပြည်များသို့ အစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိရေး စီမံချက်အရ မြန်မာနိုင်ငံသို့ ကြိုးစား ကြည့်ခြင်း ဖြစ်ပါသည်။ ယခုကဲ့သို့ မြန်မာ့ ကျေးလက်ဒေသ စီးပွားရေးနှင့် ပတ်သက်၍ ဆောင်ရွက်မှုများ အစီအစဉ်ကို ပြီးခဲ့သည့် သြဂုတ်လ Heyzer ၏ မြန်မာနိုင်ငံခရီးစဉ်တွင် ချမှတ် နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုစဉ်က သူမသည် လယ်သမားများ၊ ကျေးလက်ချေးငွေပိုမိုရရှိရေးနှင့် နိုင်ငံတော်မှ စပါးဈေးသတ်မှတ်ထားမှု ကြောင့် လယ်သမားများ ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင်မှု ကိစ္စများကို စတင်ဆွေးနွေးနိုင်ခဲ့ပါသည်။
FAO ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် လက်ရှိစပါးစိုက်ဧရိယာ သန်းပေါင်း ၇.၈ ဟက်တာရှိ ပြီး ၂၀၀၈ - ၂၀၀၉ တွင် ဆန်တန်ချိန် ၃၀.၅ သန်းထွက်ရှိခဲ့သည်ဟုခန့်မှန်းခဲ့ပါသည်။
အထက်ပါဆန်ထုတ်လုပ်မှုအတွက် လယ်သမားများမှာ အရင်အနှီးကြီးမားလှပါသည်။ လယ် သမားအများစုသည် ဆင်းရဲကြပြီး ကျေးလက်ချေးငွေရရှိရန် ခက်ခဲသည်ကို တွေ့ရသည်ဟု သြစတြေး လျ ပညာရှင် Sean Turnell က IPS ကို ပြောပါသည်။ Turnell သည် Burma Economics Watch စာအုပ်ကို ရေးသားခဲ့သူဖြစ်ပါသည်။
မြန်မာအစိုးရ၏ မူဝါဒများသည် တစ်စုံတစ်ရာ ဖြစ်မလာသော်လည်း အသုံးဝင်သည့် အချက်များ ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကျေးလက်ချေးငွေ စီမံကိန်း မရှိတော့ကြောင်းကို အခြေခံအားဖြင့် ၎င်း တို့လက်ခံကြကြောင်း Turnell က ပြောပါသည်။
မြန်မာ့စီးပွားရေးပညာရှင်များကမူ ယခု Stiglitz ၏ အကြံပေးမှုများကို စစ်အစိုးရက မည်မျှ လို လိုလားလား လက်ခံမည်ကို စောင့်ကြည်နေကြပါသည်။ ယခင်ကလည်း တိုင်းပြည်၏ ယို့ယွင်းနေသော စီးပွားရေးနှင့် ပတ်သက်၍ နိုင်ငံခြားမှ ကြိုးစားမှုများကို ပထမ လိုလားဟန်ပြခဲ့သော်လည်း နောက်ပိုင်း တွင် စစ်အစိုးရက လျစ်လျူပြုခဲ့သည် ချည်းသာဖြစ်ပါသည်။
၂၀၀၂ ခုနှစ်က ဂျပန်တို့၏ အစပြုခဲ့မှုသည် ဥပမာပင်ဖြစ်ပါသည်။ တိုကျိုသည် မက်ခရိုစီးပွားရေးနှင့် ပြုပြင်တည်ဆောက်ရေး လေ့လာချက်များဖြင့် စစ်အစိုးရကို အဆိုပြုခဲ့ပါသည်။ အဆိုပါ ပရောဂျက်အတွက် သုတေသနပြုသူများသည် အသေးစိတ်တိကျသော စီးပွားရေး အချက်အ လက်များကို အခြေခံခဲ့ပါသည်။ သို့သော် ဂျပန်အစိုးရ၏ ရလဒ်များကို အကောင်အထည်ဖော်ရေး အတွက် ကူညီရန် ကိစ္စတွင် စစ်အစိုးရတွင်း၌ လက်ခံသူအနည်းငယ်သာရှိခဲ့ပါသည်။
အဆိုပါ သုတေသနပြုချက်ကို ဂျပန်နှင့် မြန်မာစီးပွားရေးပညာရှင်များက ရေးဆွဲကြပြီး စစ်အစိုးရက ပယ်ချခဲ့ကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်းအခြေစိုက်မြန်မာစီးပွားရေး ပညာရှင်ကပြောပါ သည်။
အခြားကြိုးပမ်းအားထုတ်မှုများသည်လည်း အဆိုပါကံကြမ္မာမျိုးကြုံတွေ့ရနိုင်ကြောင်း ၎င်းက ပြောပါသည်။ အားလုံးသည် နားပိတ်ထားသူများနှင့်တွေ့သွားကြခြင်းသာဖြစ်ပါသည်။
၁၉၉၀ နောက်ပိုင်း မြန်မာနိုင်ငံတွင် ကမ်းလွန်ပင်လယ်မှ များစွာသော သဘာဝဓာတ်ငွေ့များ ကြောင့် စစ်အစိုးရကို အကြီးအကျယ်ချမ်းသာသွားစေပြီး၊ အထက်ပါအတိုင်းပြောင်းလဲမှုများကို တုံ့ဆိုင်းနေခြင်းဖြစ်ပါသည်။ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ရောင်းချရငွေသည် မြန်မာ၏ နိုင်ငံခြားငွေ အရန်ကို စံချိန်တင် အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ သို့ရောက်ရှိစေခဲ့ပါသည်။
ယခုနောက်ဆုံး သဘာဝဓာတ်ငွေ့ စီမံကိန်းသစ်အရ တရုတ်၏ ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်လာပါက အထက်ပါ ကိန်းဂဏန်းများသည် ပိုမိုတိုးတက် လာရန်သာ ရှိပါသည်။
သို့သော် မြန်မာနိုင်ငံ၏ လူဦးရေး ၅၇ သန်းအနက်မှ ၇၅%သော သူများသည် ကျေးလက် ဒေသများတွင် နေထိုင်ကြရာ အထက်ပါဝင်ငွေများမှ အကျိုးခံစားမှု မရကြရရှာပါ။ တိုင်းပြည် ကလေးဦးရေ၏ သုံးပုံတစ်ပုံသည် အာဟာရ ချို့တဲ့မှု ဒဏ်ကို ခံစားနေရပါသည်။ ကုလသမဂ္ဂ၏ ကမ္ဘာပေါ်တွင် အငတ်ဘေး ဆိုက်သော နိုင်ငံများတွင် တစ်နိုင်ငံအဖြစ် အဆင့်သတ်မှတ်ထားပါသည်။
စစ်အစိုးရ၏ ပြည်သူလူထုအတွက်အသုံးပြုသည့် ငွေပမာဏသည် အငတ်ပြဿနာအတွက် သက်သေပင် ဖြစ်ပါသည်။ ပြည်တွင်းတွင် အသုံးပြုသော ငွေ၏ ၄၀%သည် အင်အား လေးသိန်းရှိ စစ် တပ်အတွက် သုံးပြီးကျန်းမာရေးကဏ္ဍအတွက် ၀.၃% သာ အသုံးပြုရာ မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်း မာရေး အဖွဲ့၏ စာရင်းတွင် အောက်ဆုံးမှ Sierra Leone ၏ အထက် ၁၉၁ နေရာတွင် ရှိနေပါသည်။
မြန်မာနိုင်ငံကျေးလက်ဆင်းရဲ မွဲတေမှုများအတွက် အဖြေရှာမှုတွင် အခြားကိန်းဂဏန်းများကို အခြေခံရလိမ့်ဦးမည်ဖြစ်ပါသည်။ ငွေကြေးဖောင်းပွမှုမှာ ၃၀%ရှိပြီး၊ နှစ်စဉ်တိုးတက်မှုမှာ ၄%မှ ၅% သာရှိကြောင်း၊ အစိုးရ၏ ၁၀%တိုးတက်မှုကိန်းဂဏန်းနှင့် များစွာခြားနားကြောင်း သုံးသပ်သူတစ်ဦး က ပြောပါသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.